လီမျိုးနွယ်၏ ဓား (၁)
Vol. 1 Ch. 3
ဌာနမှူးရုံးခန်းထဲမှ ထွက်လာပြီးနောက် လီဟောင်သည် မိမိခုံသို့ပြန်ထိုင်ကာ စားပွဲပေါ်ရှိ ပြက္ခဒိန်ကို တစ်ချက်ကြည့်လိုက်သည်။
၁၇၃၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၂ ရက်။
“တစ်နှစ်ပြည့်တော့မယ်...”
သူက အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
“ဘာက တစ်နှစ်ပြည့်တော့မှာလဲ”
ချန်န က နားမလည်နိုင်သလို စူးစမ်းမေးမြန်းလာသည်။
“ကျွန်တော် စုံစမ်းစစ်ဆေးရေးဌာနကို စဝင်ခဲ့တာ တစ်နှစ်ပြည့်တော့မယ်လို့ ပြောတာပါ”
လူငယ်လေးက အပြုံးဖြင့် ရှင်းပြလိုက်၏။
“ဪ... အဲဒါကို နင်က မှတ်ထားသေးတာလား”
ချန်နက အရေးမစိုက်သလို ပြန်ပြောသည်။ စုံစမ်းစစ်ဆေးရေးဌာနကို ဘယ်နေ့ဝင်သလဲဆိုသည်ကို မှတ်ထားခြင်းက ဘာများ ထူးခြားနေလို့လဲ။
လီဟောင် ဘာမှပြန်မပြောတော့ပေ။ သူ မှတ်မိသည်၊ အလွန်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေခြင်း ဖြစ်သည်။
သူသည် ၁၇၂၉ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးဌာနသို့ စတင်ဝင်ရောက်ခဲ့သည်။ ကျောင်းမှ ထွက်ခဲ့သည်မှာ ထိုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ဖြစ်ပြီး၊ ဖြစ်ရပ်ဆိုး ဖြစ်ပွားပြီး နောက်တစ်ရက်တွင် ဖြစ်သည်။ ထို့နောက် မကြာမီမှာပင် ငွေရောင်မြို့တော်၏ ဥပဒေစိုးမိုးရေး အေဂျင်စီသို့ သူ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
၁၇၂၉ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် ဗက်ထရစ်အကယ်ဒမီ၌ မီးလောင်သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ဒုတိယနှစ်ကျောင်းသား ကျန်းယွမ် သည် သူ၏ အိပ်ဆောင်ခန်းအပြင်ဘက်တွင် မီးလောင်ကျွမ်းခဲ့ပြီး ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ရသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့က ဝင်ရောက်စစ်ဆေးပြီးနောက် ၎င်းမှာ မတော်တဆမှုတစ်ခုသာဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ကျောင်း၏ဂုဏ်သိက္ခာကို ထိခိုက်မည်စိုး၍ သတင်းများကို ပိတ်ပင်ထားခဲ့သည်။ ထို့ကြောင့် ဗက်ထရစ်ကျောင်းသားတစ်ဦး ကျောင်းဝန်းအတွင်း သေဆုံးခဲ့သည်ကို လူအနည်းငယ်သာ သိရှိခဲ့ကြသည်။
ကျန်းယွမ်၏ မိဘများမှာလည်း ကွယ်လွန်သွားပြီဖြစ်သလို နီးစပ်သည့် ဆွေမျိုးသားချင်းလည်း မရှိသောကြောင့် ဤကိစ္စမှာ ပို၍ပင် အေးအေးဆေးဆေး ငြိမ်သက်သွားခဲ့သည်။ ကျန်းယွမ်ကို လိုက်ရှာမည့်သူ မရှိသဖြင့် အမှုမှာလည်း လျင်မြန်စွာ ဖုံးကွယ်ခံလိုက်ရသည်။
လီဟောင်၏ ဆရာဖြစ်သူကတော့ လီဟောင်ကျောင်းထွက်ရခြင်းမှာ ကျန်းယွမ်နှင့် ပတ်သက်နေလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။ အကြောင်းမှာ သူတို့နှစ်ဦးမှာ အလွန်ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ကြသောကြောင့်ပင်။
ကျန်းယွမ်…။
ယွမ်လေး သေဆုံးခဲ့သည်မှာ တစ်နှစ်နီးပါး ရှိခဲ့ပြီ။ ထိုနေ့က ဖြစ်ရပ်များမှာ ယနေ့တိုင် လီဟောင်၏ ဦးနှောက်ထဲတွင် လတ်လတ်ဆတ်ဆတ် ရှိနေဆဲပင်။
ကျန်းယွမ်သည် ကြက်သွေးရောင်အရိပ်ကြီး၏ ဖမ်းစားခြင်းကို ခံခဲ့ရသည်။ သူ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း မီးလောင်ကျွမ်းနေစဉ်မှာ ကျန်းယွမ်၏ ဝိညာဉ်မှာ မည်မျှ ရုန်းကန်နေရသလဲ၊ သူ၏ စိတ်ဓာတ်တွေ မည်မျှ အော်ဟစ်နေသလဲ၊ နှလုံးသားကရော ဘယ်လောက်အထိ မျှော်လင့်ချက်မဲ့နေသလဲဆိုသည်ကို မည်သူမှ မသိနိုင်ခဲ့ကြပေ။
သို့သော် လီဟောင်ကတော့ သူ၏သူငယ်ချင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။ သူသည် သူငယ်ချင်းဖြစ်သူကို ကူညီရန် ရှေ့သို့တိုးသွားသော်လည်း ယွမ်လေးက လီဟောင်ကို မြင်သည့်အခါ ပါးစပ်ကို အကြိမ်ကြိမ် ဟလိုက်ပိတ်လိုက် လုပ်နေခဲ့သည်။ ခန္ဓာကိုယ်၏ နာကျင်မှုကြောင့် အသံတစ်သံမှ ထွက်မလာသော်လည်း ကျန်းယွမ်၏ ပါးစပ်မှာ အဆက်မပြတ် လှုပ်ရှားနေခဲ့သည်။ အခြားသူများကတော့ ထိုလှုပ်ရှားမှုကို နာကျင်လွန်း၍ အော်ဟစ်ညည်းတွားနေသည်ဟု ထင်ကောင်းထင်ကြလိမ့်မည်။ လီဟောင်တစ်ဦးတည်းသာ အမှန်တရားကို သိခဲ့သည်။
“ပြေးတော့…”
သူ့သူငယ်ချင်းက သူ့ကို ပြေးခိုင်းနေခြင်း ဖြစ်သည်။
လီဟောင်သည် ကျန်းယွမ်ကို အလွန်သိသည်။ ကျန်းယွမ်သည် လီဟောင်ကို သူငယ်ချင်းဖြစ်သူ၏ အနားသို့ တိုးမလာစေချင်ဘဲ အသက်လုပြီး ပြေးစေချင်နေခဲ့သည်။
ကျန်းယွမ် သေဆုံးချိန်တွင် အိပ်ဆောင်ခန်းအပြင်ဘက်၌ အတွင်းခံဘောင်းဘီတစ်ထည်သာ ဝတ်ဆင်ထားခဲ့သည်မှာ လူရယ်စရာကဲ့သို့ ဖြစ်နေသော်လည်း လီဟောင်အတွက်မူ လုံးဝမရယ်နိုင်စရာပင်။ သူ့သူငယ်ချင်းမှာ အိပ်ရာဝင်နေလောက်ပြီဖြစ်သော်လည်း ဖြစ်ရပ်ဆိုး ကြုံရချိန်တွင် အလွန်အမင်း နာကျင်နေသည့်ကြားမှ စင်္ကြံလမ်းထဲသို့ ခက်ခက်ခဲခဲ ထွက်လာခဲ့ခြင်း ဖြစ်သည်။ သူသည် လီဟောင်၏ အခန်းရှိရာဘက်သို့ ဦးတည်ပြီး ထွက်လာခဲ့ခြင်း မဟုတ်ပါလား။
ကျန်းယွမ်က သေခါနီးအချိန်မှာတောင် လီဟောင်ကို ဘာကြောင့် သတိပေးဖို့ ကြိုးစားခဲ့တာလဲ။ လီဟောင် မြင်လိုက်ရတဲ့ ကြက်သွေးရောင်အရိပ်က တကယ်ပဲ ဘာကြီးလဲ။
ကျန်းယွမ်သည် အသံထွက်အောင် မစွမ်းဆောင်နိုင်တော့သည့်အဆုံး သူ၏ စိတ်ဓာတ်ခွန်အားအားလုံးကို စုစည်းပြီး ကြွေပြားတစ်ချပ်ကို ရိုက်ခွဲပစ်ခဲ့သည်။ ထိုအသံကြောင့် တိတ်ဆိတ်နေသော ညဉ့်နက်ပိုင်းတွင် ကျောင်းသားများစွာ နိုးလာပြီး အခန်းပြင်သို့ ခေါင်းပြူကြည့်ခဲ့ကြရာ ထိုအထဲတွင် လီဟောင်လည်း ပါဝင်ခဲ့သည်။
ကျန်းယွမ်က အကူအညီတောင်းနေခဲ့တာလား။
လူတိုင်းက ထိုသို့ပင် ထင်မြင်ခဲ့ကြသော်လည်း လီဟောင်ကတော့ ထိုသို့မယူဆပေ။ သူ၏သူငယ်ချင်းသည် သူ့ကို သတိပေးနေခဲ့ခြင်းသာ ဖြစ်သည်။ ကျန်းယွမ်သည် အသက်လုနေရသည့်ကြားမှ အခန်းထဲက ရုန်းထွက်လာပြီး လီဟောင် ထွက်လာအောင် ဆူညံသံပြုလုပ်ခဲ့ကာ နောက်ဆုံးအချိန်၌ ‘ပြေးတော့’ဟု စကားလုံးမဲ့ ပြောဆိုသွားခဲ့သည်။
သူသည် လီဟောင်ကို အကူအညီတောင်းနေခဲ့ခြင်းမဟုတ်ဘဲ အသက်ရှင်ဖို့အတွက် ထွက်ပြေးရန် သတိပေးနေခဲ့ခြင်း ဖြစ်သည်။
’၁၄ နှစ်တောင် ရှိခဲ့ပြီ’
လီဟောင်က သူ့ဘာသာ ရေရွတ်လိုက်မိသည်။
လူတိုင်းက သူတို့နှစ်ဦးကို ကျောင်းနေဖက် သူငယ်ချင်းအဖြစ် နှစ်နှစ်သာ သိထားကြသော်လည်း အမှန်စင်စစ် သူတို့ သိကျွမ်းခဲ့သည်မှာ တစ်ဆယ့်လေးနှစ်ပင် ရှိခဲ့ပြီ ဖြစ်သည်။ သူတို့သည် ငယ်သူငယ်ချင်းများဖြစ်သလို ညီအစ်ကိုအရင်းအချာကဲ့သို့ပင် ရင်းနှီးခဲ့ကြသူများ ဖြစ်သည်။
သူတို့နှစ်ဦးလုံးမှာ စကားနည်းသူများဖြစ်သော်လည်း ယောကျ်ားချင်း ခင်မင်မှုမှာ စကားလုံးများ မလိုအပ်ခဲ့ပေ။ ကျန်းယွမ်သည် သေလုမျောပါး ဖြစ်နေချိန်မှာတောင် လီဟောင်ထံ သတင်းစကားပါးရန် ကြိုးစားခဲ့သည့် ထိုခိုင်မာသော စိတ်ဓာတ်ကပင် သူတို့၏ သံယောဇဉ်ကို သက်သေပြနေခဲ့ပြီ ဖြစ်သည်။
ကျန်းယွမ်၏ အမှုမှာ နောက်ဆုံး၌ ဖုံးကွယ်ခြင်း ခံလိုက်ရပြီး မည်သည့် လှိုင်းတံပိုးမျှ မထွက်ပေါ်ဘဲ ပျောက်ကွယ်သွားခဲ့သည်။ လီဟောင်သည် ကျန်းယွမ်၏ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်နိုင်သဖြင့် အခြားမည်သူကမျှ သူငယ်ချင်းဖြစ်သူ၏ သေဆုံးမှုကို စိတ်ဝင်တစား စုံစမ်းခြင်း မရှိခဲ့ကြပေ။
‘ဘာလို့ ယွမ်လေးက ငါ့ကို ပြေးခိုင်းရတာလဲ… သူ တစ်ခုခုကို မြင်လိုက်လို့လား၊ ဒါမှမဟုတ် ကြားလိုက်လို့လား… သူ ကြောက်နေလို့လား၊ ဒါမှမဟုတ် ကြက်သွေးရောင်အရိပ်က ငါ့ဆီ နောက်ထပ် ရောက်လာတော့မယ်ဆိုတာကို သူ သိနေလို့လား’
ဤမေးခွန်းများသည် လွန်ခဲ့သော တစ်နှစ်ပတ်လုံး လီဟောင်၏ စိတ်ကို ခြောက်လှန့်နေခဲ့သည်။ ကျန်းယွမ် မည်မျှ နာကျင်ခံစားခဲ့ရမည်ကို သူ မတွေးရဲပေ။ သို့သော် သူငယ်ချင်းဖြစ်သူသည် သူ၏ နောက်ဆုံးအချိန်ကို လီဟောင်အား သတိပေးရန်အတွက်သာ အသုံးပြုသွားခဲ့သည်။ ထိုကိစ္စ၏ နောက်ကွယ်တွင် ပုံမှန်ထက်ထူးခြားသော အကြောင်းရင်း ရှိနေနိုင်ပြီး ကြက်သွေးရောင်အရိပ်သည် သူ၏ နောက်ထပ် ပစ်မှတ်ဖြစ်နေနိုင်သည်မှာ သေချာလှသည်။
“သေဆုံးသူ ခြောက်ယောက်ရယ်၊ ငါပါဆိုရင် ခုနစ်ယောက်ပေါ့… ငါတို့ကြားမှာ ဘာတွေ တူညီနေလို့လဲ… အမှုတွေက ဆယ်နှစ်အတွင်း ပြန့်ကျဲနေပေမဲ့ အချိန်ကာလတွေကတော့ ပိုမြန်လာနေတယ်။ ငါ့ကိုပါ ပစ်မှတ်ထဲ ထည့်လိုက်ရင် ငါနဲ့ ကျန်းယွမ်ကလွဲလို့ ကျန်တဲ့သူတွေကြားမှာ ဘာပတ်သက်မှုမှ မရှိဘူး။ ဒါက ကျပန်းသတ်ဖြတ်မှုလား ဒါမှမဟုတ် ပစ်မှတ်ထားတဲ့ လူသတ်မှုလား”
လီဟောင်သည် နဖူးကို ပွတ်သပ်ရင်း ရှေ့က ဖိုင်တွဲများကို လှန်လှောကြည့်လိုက်သည်။ ထိုဖိုင်တွဲများထဲတွင် အခြား သေဆုံးသူ ခြောက်ဦး၏ အချက်အလက်များနှင့် လွန်ခဲ့သော တစ်နှစ်အတွင်း သူ နည်းမျိုးစုံဖြင့် စုဆောင်းထားသော သဲလွန်စများ ပါဝင်သည်။
ပထမဆုံးလူ သေဆုံးခဲ့သည်မှာ ဆယ်နှစ်ရှိပြီ ဖြစ်သည်။ ထိုမတိုင်ခင်ကလည်း အမှုတွေ ရှိကောင်းရှိနိုင်သော်လည်း လီဟောင်အနေဖြင့် မသိနိုင်ပေ။ ဆယ်နှစ်ဆိုသော ကာလမှာ ရှည်လျားလွန်းလှသဖြင့် ထိုမတိုင်ခင်က အကြောင်းအရာများကို စုံစမ်းရန် ခက်ခဲလှသည်။
“ကျား၊ မ လား… အသက်အရွယ်လား၊ အလုပ်အကိုင်လား၊ နောက်ခံလား… ဒါမှမဟုတ် အသိချင်း တူနေတာလား”
သူသည် ဖိုင်များကို အကြိမ်ကြိမ် ဖတ်ရှုခဲ့သော်လည်း တူညီသည့် အချက်အလက်များကို ရှာမတွေ့ခဲ့ပေ။ သေဆုံးသူများမှာ တစ်ဦးနှင့်တစ်ဦး ပတ်သက်မှုမရှိသည့် သူစိမ်းများသာ ဖြစ်ကြသည်။
ကြက်သွေးရောင်အရိပ်က ဘာကြောင့် သူတို့ကို သတ်ရတာလဲ။ သူတို့က အဲဒီအရိပ်ကို ခြိမ်းခြောက်နေလို့လား… ဒါမှမဟုတ် တခြား ရည်ရွယ်ချက် ရှိနေလို့လား။
လီဟောင်၏ စိတ်ထဲတွင် ဝေခွဲမရသည့် ရှုပ်ထွေးမှုများ စုပြုံနေသည်။ သို့သော်လည်း သူ ဇွဲမလျှော့ဘဲ စုံစမ်းနေရသည့် အခြား အကြောင်းရင်းတစ်ခု ရှိနေသေးသည်။ ထိုအရာမှာ ကလဲ့စားချေခြင်းပင်။
ကျန်းယွမ်၏ သေဆုံးမှုကို မည်သူကမျှ ဂရုမစိုက်ခဲ့ကြသော်လည်း လီဟောင်ကတော့ မေ့မရနိုင်ခဲ့ပေ။ ညစောင့်တပ်ဖွဲ့နှင့် ပတ်သက်လျှင်လည်း မရေရာမှုများစွာ ရှိနေသည်။
အကယ်၍သာ မိမိဘာသာ ပိုမိုအသုံးဝင်သည့် သတင်းအချက်အလက်များကို ရှာမတွေ့ခဲ့လျှင်သော်လည်းကောင်း၊ မည်သူမျှ မမြင်နိုင်သည့် ထိုအရိပ်ဆိုးကို ကိုင်တွယ်ရန် နည်းလမ်းမရှိခဲ့လျှင်သော်လည်းကောင်း သူသည် ထိုလျှို့ဝှက်ဆန်းကြယ်သည့် အဖွဲ့အစည်းအပေါ် မျှော်လင့်ချက် ထားနေမည် မဟုတ်ပေ။ ထိုတရားခံကို သူကိုယ်တိုင်သာ လက်စဖျောက်ချင်မိသည်။
“အဲဒီ အချက်အလက်တွေကိုပဲ ပြန်ဖတ်နေပြန်ပြီလား လီဟောင်”
လီဟောင်က ရင်းနှီးနေသည့် စာရွက်စာတမ်းအထပ်လိုက်ကို လှမ်းယူလိုက်သည်ကို မြင်သောအခါ ချန်န က မနေနိုင်ဘဲ မေးလိုက်သည်။ တစ်နှစ်ပတ်လုံး ထိုအမှုတွဲများကို လီဟောင် အကြိမ်ကြိမ် လေ့လာနေသည်ကို သူမ မြင်တွေ့ခဲ့ရသည်။ အမှုတွဲများမှာလည်း တဖြည်းဖြည်း ပို၍ ထူလာသလို၊ လီဟောင်က အခါခါ ဖတ်ရှုနေသောကြောင့် ဖိုင်တွဲများပင် နွမ်းဖတ်နေပြီ ဖြစ်သည်။
သို့သော်လည်း သူမက အနားတိုးပြီး ကြည့်ချင်တိုင်း လီဟောင်က ဖိုင်တွဲကို ပိတ်ပစ်လေ့ရှိသည်။ ထိုဖိုင်များသည် လူအချို့၏ ကိုယ်ရေးမှတ်တမ်းများ ဖြစ်သည်ဆိုသည်ကိုသာ သူမ ဝေဝေဝါးဝါး သိထားခြင်း ဖြစ်သည်။
လီဟောင်က ခေါင်းမော့ကာ သူမကို အပြစ်ကင်းစင်သော အပြုံးဖြင့် ပြုံးပြလိုက်သည်။
“ဒီအတိုင်း ကြည့်နေတာပါ အစ်မကြီး”
“ဟွန်း…”
ချန်နက နှာခေါင်းရှုံ့လိုက်သည်။ တစ်နှစ်ပတ်လုံး ဒီအတိုင်း ကြည့်နေရအောင် ဒီကလေးက တခါတလေကျရင် သိပ်ပြီး မရိုးသားလှပေ။
“မင်း ဒီလောက်ကြာအောင် ကြည့်နေတာ ဘာကို ရှာနေတာလဲ… ဝါရင့်စုံစမ်းစစ်ဆေးရေးမှူးတွေ အများကြီးရှိတာကို သူတို့ကို မမေးဘဲ မင်းတစ်ယောက်တည်း လုပ်နေတာ… မင်းလို အတွေ့အကြုံမရှိတဲ့သူက ဘာရှာတွေ့မှာမို့လို့လဲ… ငါ့ကို ပေးကြည့်ပါဦး ငါ တစ်ခုခု တွေ့ချင်တွေ့မှာပေါ့… စိတ်မပူပါနဲ့၊ ငါ ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး”
ချန်နက ရယ်မောရင်း ပြောလိုက်သည်။
“ဘယ်လိုလဲ... ငါ့ကို ပေးကြည့်မလား”
သူမ တကယ်ကို စပ်စုချင်နေပြီ ဖြစ်သည်။
လီဟောင်သည် ကြက်သွေးရောင်အရိပ်၏ အာရုံစိုက်မှုကို ခံရမည်စိုးသဖြင့် သူ၏စုံစမ်းမှုများကို အခြားသူများအား မသိစေချင်ခဲ့ပေ။ သို့သော်လည်း သူကိုယ်တိုင်က ဘာမှရှာမတွေ့ဖြစ်နေသလို၊ ဌာနမှူး ဝမ်ကျဲကိုလည်း အစီရင်ခံပြီးသားဖြစ်ရာ ချန်နကို ပေးကြည့်ခြင်းက ပြဿနာမရှိနိုင်တော့ပေ။
သူ အနည်းငယ် တွန့်ဆုတ်နေပြီးမှ ပြောလိုက်၏။
“ဒါဆိုလည်း ရပါတယ်… ဒါပေမဲ့ တခြားသူတွေကိုတော့ ဒီအကြောင်း သွားမပြောနဲ့ဦးနော်”
သူ ဤအမှုများကို အာရုံစိုက်နေသည်ကို လူအများကြီး မသိစေချင်ပေ။
ချန်နသည်လည်း ဝန်ထမ်းအသစ်တစ်ဦးသာ ဖြစ်သဖြင့် အကဲခတ်မှုနှင့် ပါးနပ်မှုအပိုင်းတွင် အနည်းငယ် လိုအပ်ချက် ရှိနေနိုင်သည်။ အကယ်၍ အခြားသူသာဆိုလျှင် ဤကိုယ်ရေးမှတ်တမ်းများကို ဖတ်ရုံဖြင့် လီဟောင်သည် မီးလောင်သေဆုံးမှုများနှင့် ချိတ်ဆက်နေသည်ကို ရိပ်မိသွားနိုင်သည်။
သူမကို ပေးကြည့်လိုက်ခြင်းမှာလည်း သူကိုယ်တိုင်က စာရွက်တွေကို အကြည့်လွန်ပြီး မြင်သင့်တာကို မမြင်တော့ဘဲ အမှားအယွင်း တစ်ခုခု ဖြစ်နေမလားဟု တွေးမိသောကြောင့် ဖြစ်သည်။
ပြင်ပလူတစ်ယောက်အနေနှင့် ချန်နက တစ်ခုခုကို မြင်နိုင်မလား။
ကောင်းပြီလေ... လီဟောင်ကတော့ အလွန်အမင်း မျှော်လင့်မထားပေ။ အချိန်အတော်ကြာ ကြိုးစားခဲ့ပါလျက် တိုးတက်မှုမရှိသည်ကို လက်မခံနိုင်ရုံသာ ဖြစ်သည်။
“စိတ်ချပါ”
ချန်နက ပါးစပ်နားရွက်ချိတ်မတတ် ပြုံးလိုက်သည်။ လီဟောင်၏ လျှို့ဝှက်ချက်လေးကို ချောင်းကြည့်ခွင့် ရပြီ မဟုတ်ပါလား။
လီဟောင် စိတ်ပြောင်းသွားမည်စိုးသဖြင့် သူမက စားပွဲပေါ်သို့ လှမ်းကာ ဖိုင်တွဲကို လျင်မြန်စွာ ဆွဲယူလိုက်သည်။ ဖိုင်တွဲကို အမြန်လှန်လှောကြည့်ပြီးနောက် သူမက မေးလိုက်၏။
“လီဟောင်... မင်း ဒီစာရွက်တွေထဲမှာ ဘာကို ရှာချင်နေတာလဲ… ဒီမှာ ရေးထားတာတွေက အသေးစိတ်လွန်းလို့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွေတောင် ကျနေတာပဲ… မင်း ဘာလုပ်မလို့လဲ”
“တူညီတဲ့ အချက်တွေပေါ့”
လီဟောင်က ခဏစဉ်းစားပြီး ပြန်ဖြေလိုက်သည်။
“သူတို့အားလုံးကြားမှာ ဘာတွေ တူညီနေသလဲဆိုတာကို သိချင်လို့ပါ”
ချန်နသည် မျက်တောင်တခတ်ခတ်ဖြင့် ဘာပြောရမှန်း မသိဖြစ်သွားသည်။ သူမက သေဆုံးသူ ခြောက်ဦးကို သေသေချာချာ ကြည့်လိုက်သည်။ အသက်တွေလည်း မတူ၊ အလုပ်အကိုင်၊ နောက်ခံ၊ ကျားမ နှင့် လူမှုပတ်ဝန်းကျင်တွေကလည်း တခြားစီပင်။ ပထမဆုံးလူက ဆယ်နှစ်က သေတာဖြစ်ပြီး နောက်ဆုံးလူက မနှစ်က ဖြစ်သည်။ သူတို့ကြားမှာ ဘာတွေ တူနိုင်မှာလဲ။
လီဟောင်က ဒါတွေကို တစ်နှစ်ပတ်လုံး ဖတ်နေတာလား။ သူ... တကယ်ကို အားနေတာပဲ။
သို့သော် နောက်ဆုံးဖိုင်တွဲကတော့ သူမကို သဲလွန်စအချို့ ပေးလိုက်သည်။ ဗက်ထရစ်ကျောင်းသား ကျန်းယွမ်။ ဒါဟာ လီဟောင်က ဒီဖိုင်တွေကို စူးစူးစိုက်စိုက် ကြည့်နေရတဲ့ အဓိက အကြောင်းရင်းပဲ မဟုတ်လား။
ကျန်းယွမ်၊ ၁၇၂၉ ခုနှစ် ဇူလိုင်လ ၂၂ ရက်မှာ သေဆုံးခဲ့သည်။ လီဟောင်က အဲဒီနောက် မကြာခင်မှာပဲ ကျောင်းထွက်ခဲ့တာ မဟုတ်လား။ ဒါမှမဟုတ် အဲဒီအချိန်မှာပဲ ကျောင်းထွက်ခဲ့တာလား။
လီဟောင် ဗက်ထရစ်အကယ်ဒမီကနေ ဘာကြောင့် ထွက်ခဲ့သလဲဆိုသည့် အကြောင်းပြချက်ကို ချန်န အနည်းငယ် ရိပ်မိသွားသည်။ လုပ်ဖော်ကိုင်ဖက်တချို့ကတော့ ဗက်ထရစ်ကျောင်းသားတစ်ယောက်က ဘာကြောင့် အနာဂတ်ကောင်းတွေကို စွန့်လွှတ်ပြီး ကျောင်းထွက်ခဲ့ရတာလဲဆိုတာကို နားမလည်နိုင် ဖြစ်နေကြတုန်းပင်။ ယနေ့ လီဟောင်က သူမကို ဤဖိုင်တွဲများ ပြလိုက်မှသာ သူမ အောက်ခြေက အကြောင်းရင်းအချို့ကို သဘောပေါက်သွားတော့သည်။
အရင်ကတော့ ပြုံးစိစိဖြင့် ကြည့်နေခဲ့သော်လည်း ယခုမူ သူမ၏ မျက်လုံးများက တည်ကြည်သွားသည်။
လီဟောင်က ကျန်းယွမ်ရဲ့ သေဆုံးမှုကို မတော်တဆမှုမဟုတ်ဘဲ လူသတ်မှုလို့ သံသယဝင်နေတာလား။
ဒီ ခြောက်ယောက်လုံးက ဆက်တိုက် လူသတ်မှုတွေ ဖြစ်နေတာလား။
……
ချန်နက ဖိုင်တွဲများကို သေသေချာချာ ဖတ်ရှုနေစဉ် လီဟောင်က ခဏစောင့်ဆိုင်းနေခဲ့သည်။ သူမထံမှ ချက်ချင်း အဖြေမရသည်ကိုလည်း သူ စိတ်မရှိပေ။ သူ၏ စိတ်ထဲတွင်မူ နောက်ထပ် ဘာဆက်လုပ်ရမည်နည်းဆိုသည်ကိုသာ စဉ်းစားနေမိသည်။
သူ အစီရင်ခံစာ တင်ပြပြီးနောက် စုံစမ်းစစ်ဆေးရေးဌာနက စုံစမ်းမှုတွေ စတင်နိုင်သော်လည်း ထိုလုပ်ဆောင်ချက်အပေါ် သူ အများကြီး မျှော်လင့်မထားပေ။ ညစောင့်တပ်ဖွဲ့ကသာ လျင်လျင်မြန်မြန် ပါဝင်ပတ်သက်လာမှသာ အဓိပ္ပာယ်ရှိပေလိမ့်မည်။
‘အဓိကကတော့ အကယ်၍ ငါက နောက်ထပ်ပစ်မှတ်သာဆိုရင် ကြက်သွေးရောင်အရိပ်က မကြာခင် ငါ့ကို တိုက်ခိုက်လာနိုင်တယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက ဝေဝေဝါးဝါး အနီရောင်အရာတစ်ခုကို ငါ မြင်လိုက်သလိုပဲ... အဲဒါက ကြက်သွေးရောင်အရိပ်လား။ ငါ့ကို လိုက်ရှာနေတာလား ဒါမှမဟုတ် ငါ့ကို တွေ့သွားပြီလား၊ ငါ့ရဲ့ ရာထူးအဆင့်အတန်းကြောင့်ပဲ သူ အရေးမယူသေးတာလား’
ဘာပဲဖြစ်ဖြစ် စုံစမ်းစစ်ဆေးရေးဌာနဆိုသည်မှာ မြို့တော်၏ ဥပဒေစိုးမိုးရေး အေဂျင်စီ ဖြစ်သည်။ ကျောင်းသားတစ်ဦး သေဆုံးခြင်းမှာ လူသိများလှသော ဗက်ထရစ်အကယ်ဒမီက ဖြစ်နေစေကာမူ လူအများ၏ အာရုံကို သိပ်မရနိုင်ပေ။ သို့သော် တတိယအဆင့် စုံစမ်းစစ်ဆေးရေးမှူးတစ်ဦး သေဆုံးသွားခြင်းကမူ အသေးစိတ် စစ်ဆေးမှုများကို ဖြစ်ပေါ်စေလိမ့်မည်။ မိမိတို့အဖွဲ့ဝင်တစ်ဦး သေဆုံးခြင်းမှာ ကျောင်းသားတစ်ဦး သေဆုံးခြင်းထက် များစွာ ပိုမိုပြင်းထန်လှသည်။
ငါ သိထားသလောက်ဆိုရင် အဲဒီအရိပ် ပေါ်လာတိုင်းမှာ အချိန်ကန့်သတ်ချက် တစ်ခုရှိတယ်။ အရိပ်က အချိန်အကြာကြီး ပေါ်မနေဘူး၊ ဒါမှမဟုတ် အချို့သော အချိန်တွေမှာပဲ ပေါ်လာတတ်တာလို့ ပြောရင် ပိုမှန်လိမ့်မယ်။ သေဆုံးသူတွေကြားမှာ တူညီတဲ့အချက် တစ်ခုတော့ ရှိတယ်၊ ဒါပေမဲ့... အဲဒါက သိပ်တော့ မရှင်းလင်းလှဘူး။
တစ်နှစ်ပတ်လုံး စုံစမ်းခဲ့ပြီးနောက် လီဟောင်အနေဖြင့် လုံးဝ ဗဟုသုတမရှိသည်တော့ မဟုတ်ပေ။ အနည်းဆုံးတော့ သေဆုံးသူ ခြောက်ဦးလုံး သေဆုံးသည့်နေ့များတွင် ရာသီဥတုက ဘယ်သောအခါမှ မသာယာခဲ့ကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။ မိုးကြိုးမုန်တိုင်း ဖြစ်နေခြင်း၊ လျှပ်စီးလုံးများ ရှိနေခြင်း သို့မဟုတ် တိမ်ဖုံးနေခြင်း... ဖြစ်စဉ်တွေ ဖြစ်ပွားချိန်မှာ ရာသီဥတုကို မည်သူကမျှ ဂရုမစိုက်ခဲ့ကြသော်လည်း လီဟောင်မှာမူ အခြားသဲလွန်စ ရှာမတွေ့သည့်အဆုံး ရာသီဥတုကိုပါ မှတ်သားထားခဲ့ရသည်။
ကျန်းယွမ် သေဆုံးခဲ့သည့် ညကလည်း မိုးဖွဲဖွဲလေး ရွာနေခဲ့သည်ကို သူ ကောင်းကောင်း မှတ်မိနေသည်။
မိုးရွာတဲ့အခါ ဒါမှမဟုတ် ရာသီဥတု ဆိုးရွားတဲ့အခါမျိုးမှာမှ အဲဒီအရိပ်က ထွက်လာတတ်တာပဲ။
လီဟောင်သည် စက္ကူတစ်ရွက်ပေါ်တွင် တစ်စုံတစ်ခုကို အမြန်ရေးခြစ်လိုက်ပြီးနောက် ချက်ချင်းပင် ပြန်လည် ဆုတ်ဖြဲပစ်လိုက်သည်။ သူ ရေးထားသည်များကို အပိုင်းပိုင်း ဖြစ်သွားအောင် လုပ်ပြီးနောက် ဘောပင်ကို ချလိုက်ကာ အတွေးနက်နေမိပြန်သည်။
သူ အတွေးထဲ နစ်ဝင်နေစဉ်မှာပင် ချန်နက ရုတ်တရက် အော်ဟစ်လိုက်သည်။
“ငါ ရပြီ"