ဆက်နွှယ်နေသော ကွင်းဆက်များ (အပိုင်း ၁)
Vol. 1 Ch. 6
ညနေ ၆ နာရီ။
စုံစမ်းစစ်ဆေးရေးဌာန၏ ရုံးပိတ်ချိန်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ လီဟောင်သည် ရှေ့တန်းထွက်ရသည့် အဖွဲ့ဝင်မဟုတ်သောကြောင့် ပုံမှန်အားဖြင့် ရုံးဆင်းချိန်ရောက်သည်နှင့် အချိန်မှန် ပြန်လေ့ရှိသည်။ တခြားနေ့များသာဆိုလျှင် သူ ရုံးကနေ ထွက်သွားလောက်ပြီဖြစ်သော်လည်း ယနေ့တွင်မူ သူ မလောနိုင်သေးပေ။
သူသည် ဌာနမှူးရုံးခန်းအတွင်းသို့ ရောက်ရှိနေသည်။
“မင်းက ကျန်းယွမ်ရဲ့ အိမ်ကို သွားကြည့်ချင်တယ် ဟုတ်လား”
ဝမ်ကျဲက လီဟောင်ကို တစ်ချက်ကြည့်ရင်း ခပ်အစ်အစ်အသံဖြင့် မေးလိုက်သည်။
“ဟုတ်ကဲ့”
လီဟောင်က ပြန်ဖြေလိုက်၏။
“မင်းတို့နှစ်ယောက်က တစ်ချိန်က အတန်းဖော်တွေ ဖြစ်ခဲ့ကြသလို… အခုအမှုကလည်း လူသတ်မှု ဖြစ်နေနိုင်တာဆိုတော့ မင်းသွားကြည့်ချင်တာက ပြဿနာမရှိပါဘူး။ ဒါပေမဲ့... လျှို့ဝှက်ရေးရာဌာနက လူတစ်ယောက်က လက်နက်ကို အိမ်အထိ ယူဆောင်ခွင့်တောင်းဖို့ဆိုတာ နည်းနည်းတော့ အလုပ်ရှုပ်တယ်ကွ”
အမှန်ပင်... လီဟောင်သည် ဤနေရာသို့ သေနတ်တစ်လက် တောင်းခံရန် ရောက်ရှိနေခြင်း ဖြစ်သည်။ ဝမ်ကျဲကသာ ခွင့်ပြုချက်လက်မှတ် ထိုးပေးမည်ဆိုပါက သူသည် သေနတ်ကို အိမ်သို့ ယူဆောင်သွားနိုင်မည် ဖြစ်သည်။ ကြက်သွေးရောင်အရိပ်ကို ရင်ဆိုင်ရာတွင် သေနတ်က အသုံးမဝင်နိုင်သော်လည်း ထိုအရာက ပေါ်လာမည်ဟု အသေအချာ မပြောနိုင်သေးပေ။ ထိုသို့ဆိုလျှင် လီဟောင်အနေဖြင့် မိမိနှင့် မျိုးနွယ်တူ လူသားရန်သူကိုသာ ပို၍ သတိထားရမည် ဖြစ်သည်။
အကယ်၍ သူ့ရန်သူက လူသားသာ ဖြစ်ခဲ့လျှင် သေနတ်သည် အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်မည့် အရေးကြီးဆုံး လက်နက်ဖြစ်လာပေလိမ့်မည်။
“ဆရာ... ကျွန်တော်က သေနတ်ကို အိမ်ယူသွားဖို့ တောင်းတာမဟုတ်ပါဘူး၊ အမှုစုံစမ်းဖို့အတွက် တောင်းတာပါ”
လီဟောင်က ချက်ချင်းပင် စကားအမှားကို ပြင်လိုက်သည်။
ဝမ်ကျဲက သဘောကျစွာ ရယ်မောလိုက်သည်။ သေနတ်ကို အိမ်ယူသွားခြင်းနှင့် အမှုစုံစမ်းရန် တောင်းခံခြင်းမှာ သဘောသဘာဝချင်း လုံးဝကွာခြားလှသည်။ ဒီကောင်လေးကတော့ တကယ်ကို ဗက်ထရစ်အကယ်ဒမီက ကျောင်းသားပီသပါပေတယ်…။ စကားတစ်ခွန်းတည်းနှင့် သူတောင်းဆိုသည့်အချက်၏ သဘောသဘာဝကို ပြောင်းလဲပစ်လိုက်သည်။
“ငါတို့က လျှို့ဝှက်ရေးရာဌာနလေကွာ... တရားဥပဒေစိုးမိုးရေး အဖွဲ့ဝင်တွေမှ မဟုတ်တာ”
ဝမ်ကျဲက ခေါင်းခါပြလိုက်သဖြင့် လီဟောင် စိတ်ပျက်သွားခဲ့ရသည်။
သူသည် ကြက်သွေးရောင်အရိပ်အကြောင်းကို ကောင်းကောင်းမသိသေးသဖြင့် ၎င်းကို မည်သို့ကိုင်တွယ်ရမည်ကို မဆုံးဖြတ်နိုင်သေးပေ။ ထိုအတောအတွင်း သေနတ်တစ်လက် ရှိနေခြင်းက သူ့ကို စိတ်ပိုင်းဆိုင်ရာအရ လုံခြုံမှု အများကြီး ပေးနိုင်မည်ဖြစ်သည်။
“ကျန်းယွမ်ရဲ့ အမှုကို ငါက တရားဥပဒေစိုးမိုးရေးအဖွဲ့ကို အခုမှ အသိပေးထားတုန်းပဲ ရှိသေးတယ်၊ တရားဝင် အမှုဖွင့်ထားတာမျိုး မရှိသေးဘူး။ ဒါကြောင့် မင်းအနေနဲ့ အဲဒီအကြောင်းပြချက်ကိုသုံးပြီး သေနတ်တောင်းလို့ မရဘူး”
ဝမ်ကျဲက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဆက်ပြောသည်။
“ဒီလိုလုပ်မလား... အကယ်ဒမီက မကြာခင် ကွင်းဆင်းလေ့လာရေး ခရီးစဉ်တစ်ခု သွားဖို့ရှိတယ်… အဲဒီလူတွေကို ကာကွယ်ပေးဖို့ ငါတို့ဘက်က လူတချို့ လွှတ်ရလိမ့်မယ်။ မင်းလည်း အဲဒီအဖွဲ့ထဲမှာ ပါဝင်လိုက်ပါလား… အဲဒီတာဝန်ထဲမှာ မင်းပါသွားမယ်ဆိုရင်တော့ ကာကွယ်ရေးအဖွဲ့ဝင်အနေနဲ့ လက်နက်ကိုင်ဆောင်ခွင့် ရလိမ့်မယ်”
လီဟောင်သည် မျက်တောင်တခတ်ခတ် ဖြစ်သွားရပြီး သက်ပြင်းချလိုက်မိသည်။ ဘယ်လိုပင် ပတ်ချာလည်နေပါစေ ထိုတာဝန်က သူ့ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ မဟုတ်ပါလား။ ဒီနေ့မနက်ကပင် ချန်န ပြောစဉ်က သူ ငြင်းပယ်ခဲ့သေးသည်။ အဖွဲ့ကို ဦးဆောင်လာမည့်သူမှာ သူ၏ ဆရာဖြစ်သူ ဖြစ်နေသည်။ အကယ်၍ သူသာ ဤတာဝန်ကို လက်ခံလိုက်လျှင် မကြာခင်မှာပင် ရင်းနှီးကျွမ်းဝင်ခဲ့သည့် မျက်နှာဟောင်းများကို ပြန်တွေ့ရတော့မည်ဖြစ်သည်။
ဝမ်ကျဲက တိတ်ဆိတ်နေသော လူငယ်လေးကိုကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
“ဘာဖြစ်လို့လဲ… ဆရာကြီးယွမ်က မင်းကို ရိုက်နှက်ဆုံးမမှာ ကြောက်လို့လား… မင်း ကျောင်းက ထွက်ခဲ့တုန်းက မင်းတို့နှစ်ယောက်ကြားမှာ အဆင်မပြေမှုတွေ ရှိခဲ့တယ်လို့ ငါကြားထားတယ်။ ငါ့အနေနဲ့ အကြံပေးရရင်တော့ လီဟောင်... မင်း အခု ငါတို့ဆီမှာ အလုပ်လုပ်နေပြီဆိုတော့ အဲဒီဆက်ဆံရေးကို ပြန်ကောင်းအောင် လုပ်ဖို့ အခွင့်အရေး ရှာသင့်တယ်။ သူက တစ်ချိန်က မင်းရဲ့ ဆရာဖြစ်ခဲ့တာပဲလေ”
“အကယ်၍ ဆရာကြီးယွမ်က မင်းအတွက် စကားကောင်းတစ်ခွန်းလောက် ပါးပေးမယ်ဆိုရင် စုံစမ်းစစ်ဆေးရေးဌာနမှာ မင်းရဲ့အနာဂတ်က အများကြီး ပိုတောက်ပလာလိမ့်မယ်။ ဒါပေမဲ့ သူက မင်းကို စိတ်ပျက်နေတယ်လို့သာ လူတွေ သိသွားရင်တော့... တတိယအဆင့် စုံစမ်းစစ်ဆေးရေးမှူးလေးတစ်ယောက်အတွက်နဲ့ ဒီလို လေးစားရတဲ့ ပါမောက္ခကြီးတစ်ယောက်ကို အငြိုးထားခံရမှာမျိုး ဘယ်သူမှ အဖြစ်ခံမှာ မဟုတ်ဘူး။ သူက ဒီဌာနကို တိုက်ရိုက်အမိန့်မပေးနိုင်ဘူး ဆိုရင်တောင်မှပေါ့”
ဝမ်ကျဲသည် လီဟောင်အတွက် တကယ်ကို စေတနာထားပြီး ပြောပေးနေခြင်း ဖြစ်သည်။ သူသည် အကြောင်းစုံကို သေချာမသိသော်လည်း လီဟောင် ကျောင်းကထွက်စဉ်က သူ့ဆရာနှင့် စိတ်ဝမ်းကွဲခဲ့သည်ဟုသာ သိထားသည်။ ထိုကဲ့သို့ ထင်ရှားကျော်ကြားသော ပါမောက္ခကြီးတစ်ဦးသည် လူငယ်လေး၏ အသက်မွေးဝမ်းကြောင်းကို တိုက်ရိုက် မထိခိုက်စေနိုင်သော်လည်း စုံစမ်းစစ်ဆေးရေးဌာနသည်ပင် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုး၏ မျက်နှာကိုတော့ ထောက်ထားရမည် မဟုတ်ပါလား။
“ဒါက မင်းအတွက် သေနတ်တစ်လက်ရဖို့ အကောင်းဆုံးနည်းလမ်းပဲ… ပြီးတော့ မင်းရဲ့ဆရာနဲ့ ဆက်ဆံရေးကိုလည်း ပြန်အဆင်ပြေစေလိမ့်မယ်… တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ကွာ”
ဝမ်ကျဲက လီဟောင်ကို တကယ်ပင် အထင်ကြီးသည့်အတွက် စည်းရုံးရန် ကြိုးစားနေခြင်းဖြစ်သည်။
သူ စကားအနည်းငယ် ထပ်ပြောဦးမည်အပြုတွင် လူငယ်လေးက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။ “ကောင်းပါပြီခင်ဗျာ”
ဝမ်ကျဲမှာ ပြောလက်စ စကားလုံးများပင် လည်ချောင်းထဲ ပြန်ဝင်သွားတော့မတတ် ဖြစ်သွားရသည်။ ဒီကောင်လေးက စိတ်ကောင်းရှိပေမဲ့ ခေါင်းမာတတ်တယ်လို့ အားလုံးက ပြောကြတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ ဒီလောက် အလွယ်တကူ သဘောတူလိုက်ရတာလဲ။
“ဆရာ... အပြင်က ပြောနေကြတဲ့ သတင်းတွေက အမှန်မဟုတ်ပါဘူး”
လီဟောင်က ရိုးသားသော်လည်း အောင့်သက်သက်နိုင်သော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ကျွန်တော်နဲ့ ဆရာ့ကြားက ဆက်ဆံရေးက အဲဒီလိုမျိုး မဟုတ်ပါဘူး။ အမှန်အတိုင်းပြောရရင် ကျွန်တော် ကျောင်းကထွက်တုန်းက သူ သိပ်မပျော်ခဲ့တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒါတွေက တစ်နှစ်ကျော်တောင် ကြာသွားပြီဆိုတော့ သူ စိတ်ထဲမထားတော့ပါဘူး။ ပြီးခဲ့တဲ့ရက်ကတောင် သူက ကျွန်တော့်ကို စုံစမ်းစစ်ဆေးရေးဌာနမှာ အလုပ်ကောင်းကောင်းလုပ်ဖို့ အားပေးခဲ့ပါသေးတယ်”
“အဲဒီလိုလား… အေး... ကောင်းတာပေါ့ တကယ်ကို ကောင်းတယ်”
ဝမ်ကျဲက အလွန်အမင်း ကျေနပ်သွားကာ ခေါင်းညိတ်လိုက်သည်။ ဤစကားက အမှန်လား၊ အမှားလား ဆိုသည်ကို မည်သူမှ မသိနိုင်သော်လည်း လူငယ်လေး၏ အပြုအမူကို ကြည့်ရသည်မှာ အလွန်ပင် ပွင့်လင်းမြင်သာမှုရှိသဖြင့် အမှန်ဖြစ်နိုင်ခြေ များပါသည်။
“ဒါဆိုရင် ဒီမှာ ဖြည့်စွက်လိုက်တော့… နောက်ရက်အနည်းငယ်အတွင်းမှာ မင်း ကွင်းဆင်းရတော့မယ်… အကယ်ဒမီအဖွဲ့ရဲ့ လုံခြုံရေးအဖြစ် လိုက်ပါပေးရမယ်”
လီဟောင်သည် သူ့လက်ထဲ ရောက်လာသော စာရွက်စာတမ်းများကို ဖတ်ကြည့်လိုက်သည်။ ဗက်ထရစ်အကယ်ဒမီသည် ယခုလကုန်တွင် အဖွဲ့တစ်ဖွဲ့ လွှတ်ရန် ပြင်ဆင်နေသည်။ အသေးစိတ် အချက်အလက်များ မပါရှိသော်လည်း လုံခြုံရေးအဖွဲ့ကတော့ အသင့်ရှိနေရန် လိုအပ်သည်ဟု ဆိုထားသည်။
ဤသို့ အထူးလျှို့ဝှက်ထားခြင်းမှာ အရေးကြီးသော သတင်းအချက်အလက်များ ပေါက်ကြားမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ဗက်ထရစ်အကယ်ဒမီဆိုသည်မှာ အလွန်တန်ဖိုးရှိသော ထင်ရှားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ အကယ်၍ သူ၏ ဆရာကိုယ်တိုင် လေ့လာရေးအဖွဲ့ကို ဦးဆောင်လာမည်ဆိုပါက ယခုတာဝန်မှာ မလွယ်ကူလှသည်မှာ သိသာနေသည်။
‘ဒီတာဝန်က ကြက်သွေးရောင်အရိပ်နဲ့ ပတ်သက်တဲ့ကိစ္စတွေနဲ့များ ထပ်တူကျနေမလားပဲ’
လီဟောင် တွေးတောနေမိတော့သည်။
ဆရာဖြစ်သူရဲ့ ကွင်းဆင်းလေ့လာရေး ခရီးစဉ်နောက်ကို ‘ညစောင့်တပ်ဖွဲ့’ တွေလည်း လိုက်ပါလာနိုင်ခြေ ရှိသည်။ အကယ်၍ ထိုအချိန်ကျမှ ကြက်သွေးရောင်အရိပ်က တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် ဒါဟာ တကယ်တော့ ကောင်းတဲ့အချက် ဖြစ်သွားနိုင်ပါတယ်။ အတွေးပေါင်းစုံ ခေါင်းထဲမှာ လှည့်ပတ်နေရင်း လီဟောင်က လျှောက်လွှာကို အမြန်ဆုံး ဖြည့်စွက်လိုက်သည်။
“လက်နက်တိုက်မှာ မင်းရဲ့ လက်နက်တွေကို သွားထုတ်လို့ရပြီ”
ဝမ်ကျဲက လျှောက်လွှာပုံစံကို သိမ်းဆည်းရင်း ပြောလိုက်သည်။
သို့သော် လီဟောင်သည် ရုံးခန်းထဲမှ ချက်ချင်းထွက်မသွားဘဲ တွန့်ဆုတ်နေမိသည်။
“ဆရာ...”
သူက စကားကို ခပ်ဆိုင်းဆိုင်းဖြင့် စတင်လိုက်သည်။
“ကျန်းယွမ်ရဲ့အမှုက နည်းနည်းတော့... ထူးဆန်းနေသလိုပဲ… အဲဒါက သဘာဝလွန်စွမ်းအားတွေနဲ့ ပတ်သက်နေတယ်လို့ ထင်ပါသလား… ကျွန်တော်တို့ စုံစမ်းစစ်ဆေးရေးဌာနက တကယ်ပဲ အဲဒါကို ကိုင်တွယ်နိုင်ပါ့မလား”
“ဟမ်…”
ဝမ်ကျဲက လူငယ်လေးကို စူးရှသောအကြည့်ဖြင့် တစ်ချက်ဝေ့ကြည့်လိုက်ပြီး ပြောလိုက်၏။
“မင်း ဘာကို ဆိုလိုတာလဲ”
“ဘာ... ဘာမှမဟုတ်ပါဘူး”
လီဟောင်က အိုးတိုးအောင့်တောင့် ပြန်ဖြေလိုက်သော်လည်း စိတ်ထဲကရှိသည်ကို ထိမ်ချန်မထားနိုင်သကဲ့သို့ ဆက်ပြောလိုက်သည်။
“ကျွန်တော် စိုးရိမ်တာက တရားဥပဒေစိုးမိုးရေးအဖွဲ့က... အိပ်ပျော်နေတဲ့ခြင်္သေ့ကို သွားနှိုးသလို ဖြစ်သွားမှာလား ဒါမှမဟုတ် မမျှော်လင့်ထားတာတွေ ဖြစ်လာမလားလို့ပါ။ ကျွန်တော် ကြားဖူးတာကတော့ ကျွန်တော်တို့မှာ တခြား အေဂျင်စီတစ်ခု ရှိသေးတယ်ဆို”
“တော်တော့”
ဝမ်ကျဲ၏ မျက်မှောင်ကြုတ်မှုက ပို၍ နက်ရှိုင်းသွားသည်။
“စကားကို ဆင်ခြင်ပြောစမ်း… လူတိုင်းက ကောလာဟလတွေ ပြောနေကြတာ ငါသိပေမဲ့ ဒါတွေက ငါတို့ ဆွေးနွေးရမယ့်ကိစ္စတွေ မဟုတ်ဘူး။ အဲဒီအကြောင်းတွေကို စိတ်ထဲက ထုတ်ပစ်လိုက်… အမှန်အတိုင်းပြောရရင် အခြေအနေတွေက အဲဒီအဆင့်အထိ ရောက်သွားရင် တကယ်ကို အလုပ်ရှုပ်သွားလိမ့်မယ်။ သူတို့လူတွေကို လွှတ်လိုက်တိုင်း ဒုက္ခပေါင်းစုံက နောက်ကနေ အမြဲပါလာတတ်တာ”
သူသည် ညစောင့်တပ်ဖွဲ့အကြောင်းကို ထပ်မံဆွေးနွေးရန် သို့မဟုတ် ဘာမှပြောရန် ဆန္ဒမရှိပေ။ သူတို့သာ ပါဝင်ပတ်သက်လာခဲ့လျှင် မည်သည့်အခါမှ ကောင်းကျိုးမရှိခဲ့ဖူးပေ။ အခြေအနေများမှာ ရှုပ်ထွေးသွားလေ့ရှိပြီး သူတို့ကိုယ်တိုင်ကပင် ကြီးမားသော ပြဿနာ၏ မြစ်ဖျားခံရာများ ဖြစ်နေတတ်သည်။
အမှန်အတိုင်းဆိုလျှင် ဝမ်ကျဲသည် ဖြစ်နိုင်ပါက ညစောင့်တပ်ဖွဲ့နှင့် ဘာမှမပတ်သက်ချင်ပါ။ သူတစ်ဦးတည်းကသာ ဤသို့ခံစားရခြင်း မဟုတ်ဘဲ တရားဥပဒေစိုးမိုးရေးအဖွဲ့ကလည်း သူတို့ကို ပါဝင်ပတ်သက်စေချင်မည် မဟုတ်ပေ။
ညစောင့်တပ်ဖွဲ့ဆိုသည်မှာ တခြားရွေးချယ်စရာ လမ်းစမရှိတော့မှသာ ဝင်ရောက်စွက်ဖက်တတ်ကြသူများ ဖြစ်သည်။ အကယ်၍ အခြေအနေများက ထိုအဆင့်အထိ ဆိုးရွားသွားခဲ့လျှင် စုံစမ်းစစ်ဆေးရေးဌာန၏ သဘောထားမှာ အရေးမပါတော့ပေ။
လီဟောင်က ခေါင်းညိတ်လိုက်ပြီး နောက်ဆုံးအချက်တစ်ခုကို တင်ပြလိုက်သည်။
“ဆရာ... ကိုယ့်ကိုယ်ကိုယ် မီးရှို့သေဆုံးတဲ့ အမှုတိုင်းဟာ မိုးအုံ့တဲ့နေ့ ဒါမှမဟုတ် မိုးရွာတဲ့နေ့တွေမှာပဲ ဖြစ်ပွားခဲ့တာကို ကျွန်တော် သတိထားမိပါတယ်။ အခုဆိုရင် ကျွန်တော်တို့က မိုးရာသီထဲကို ဝင်တော့မယ်၊ ပြီးတော့ နောက်ဆုံးအမှုဖြစ်ခဲ့တာလည်း တစ်နှစ်နီးပါး ရှိသွားပြီ။ အကယ်၍ အရင်ပုံစံအတိုင်းသာ မှန်နေမယ်ဆိုရင်... ဒီအမှုတွေရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ယောက် ရှိနေခဲ့ရင်... သူက မကြာခင်မှာ ထပ်ပြီး လှုပ်ရှားလာနိုင်ပါတယ်”
ဝမ်ကျဲက ဤအသေးစိတ်အချက်အလက်ကို သေချာမှတ်သားလိုက်သည်။ သူသည် အမှုများကို လွှဲပြောင်းယူထားသည်မှာ မကြာသေးသဖြင့် လီဟောင်နှင့် နှိုင်းယှဉ်လျှင် အမှုအကြောင်းကို ကောင်းကောင်း မကျွမ်းကျင်သေးပေ။
“ဒါကို ငါ တရားဥပဒေစိုးမိုးရေးအဖွဲ့ကို အသိပေးလိုက်မယ်”
ဝမ်ကျဲက ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
“မင်းလည်း သတိထားဦး… ကျန်းယွမ်ရဲ့ အိမ်ကို သွားစုံစမ်းတဲ့အခါ မျက်စိရှင်ရှင်ထားပါ။ မင်းနဲ့အတူ လိုက်ဖို့ လူအပိုတွေ လွှတ်ပေးရမလား”
“မလိုပါဘူးခင်ဗျာ”
လီဟောင်က ခေါင်းခါလိုက်သည်။ သူက အသက်ကို မနှမြော၍ မဟုတ်ပေ။ သို့သော် သာမန်လူများကို ခေါ်သွားခြင်းမှာ အဓိပ္ပာယ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကြက်သွေးရောင်အရိပ်ကို မြင်နိုင်စွမ်း ရှိကြမည်မဟုတ်သောကြောင့် ဖြစ်သည်။
သူ့မှာ အခု သေနတ်တစ်လက် ရှိနေပြီ ဖြစ်သလို တခြားစီစဉ်စရာ ရှိတာတွေကိုလည်း စီစဉ်ပြီးပြီ ဖြစ်သည်။ အကယ်၍ ကြက်သွေးရောင်အရိပ်နှင့်သာ ထိပ်တိုက်မတိုးခဲ့လျှင် အရာအားလုံး အဆင်ပြေသွားလိမ့်မည်။ ထို့အပြင် လျှို့ဝှက်ရေးရာဌာနရှိ လူအများစုမှာ ရုံးစာရေးအလုပ်နှင့်သာ ယဉ်ပါးနေကြသူများ ဖြစ်သည်။ အကယ်၍ တကယ်တမ်း အရေးကြုံလာလျှင် မည်သူက မည်သူ့ကို ကာကွယ်ပေးရမည်နည်းဆိုသည်မှာ ပြောရခက်လှသည်။
“ဒါဆိုလည်း သတိထားသွားပေါ့,,, ဒါပေမဲ့ အဲဒီကောင်လေး သေတာ တစ်နှစ်တောင် ရှိနေပြီဆိုတော့ အန္တရာယ်တော့ မရှိနိုင်ပါဘူးလို့ ငါထင်ပါတယ်”
ဝမ်ကျဲက လက်ကာပြရင်း လီဟောင်ကို ရုံးခန်းထဲမှ ထွက်ခွာခွင့် ပြုလိုက်သည်။
......
ရုံးခန်းထဲမှ ထွက်လာသည့်အခါတွင်မှ လီဟောင် အသက်ဝဝ ရှူနိုင်တော့သည်။
ဌာနမှူးကတော့ ငါ့ကို တကယ်ပဲ ကြည့်ရှုစောင့်ရှောက်ပေးတာပဲ။
သူသည် ခွင့်ပြုချက်စာရွက်များကို ကိုင်ဆောင်ကာ လက်နက်တိုက်သို့ ဦးတည်သွားခဲ့ပြီး မကြာမီမှာပင် အနက်ရောင် လက်ကိုင်သေနတ်တစ်လက်ကို လက်ခံရရှိခဲ့သည်။ သတ္တုသား အထိအတွေ့နှင့် ထိုသေနတ်မှာ တတိယမျိုးဆက် 'ဗော့တက်စ်' သေနတ်ဖြစ်ပြီး မီတာ ၅၀ အကွာအဝေးအထိ ထိရောက်စွာ ပစ်ခတ်နိုင်သည်။ ထိုအကွာအဝေးထက် ကျော်လွန်သွားပါက တိကျမှုမှာ အာမခံချက် မရှိတော့ပေ။
အချို့သော မြို့ကြီးများတွင် မီတာ ၁၀၀ အထိ ပစ်ခတ်နိုင်သည့် စတုတ္ထမျိုးဆက် သေနတ်များကို အသုံးပြုနေကြပြီ ဖြစ်သည်။ ငွေရောင်မြို့တော်မှာ မြို့ကြီးစာရင်းထဲ မပါဝင်သေးသဖြင့် ထိုသေနတ်များကို အမြောက်အမြား ထုတ်ပေးခြင်း မရှိသေးပေ။ သူတို့၏ တရားဥပဒေစိုးမိုးရေးအဖွဲ့ပင်လျှင် တတိယမျိုးဆက်ကိုသာ အသုံးပြုနေရဆဲ ဖြစ်သည်။
လီဟောင်သည် ကျည်ဆန် ၁၈ တောင့် ထုတ်ပေးခြင်း ခံရသည်။ တစ်ကြိမ်လျှင် ကျည် ၆ တောင့် ထည့်သွင်းနိုင်ပြီး ဆက်တိုက် ပစ်ခတ်နိုင်သည်။ ၎င်းမှာ အတော်ပင် ကြောက်စရာကောင်းသော လက်နက်တစ်ခု ဖြစ်သည်။
လီဟောင်သည် စုံစမ်းစစ်ဆေးရေးဌာနသို့ ဝင်ရောက်ပြီးနောက် လျှို့ဝှက်ရေးရာဌာနတွင် ရုံးစာရေးအလုပ်သာ တာဝန်ပေးခြင်း ခံရသော်လည်း တစ်လကြာ လေ့ကျင့်ရေး သင်တန်းကိုတော့ တက်ရောက်ခဲ့ဖူးသည်။ ထိုသင်တန်းတွင် လက်နက်ကိုင်တွယ်မှု အပိုင်းလည်း ပါဝင်သဖြင့် သူသည် သေနတ်တစ်လက်ကို မည်သို့အသုံးပြုရမည်ကို သိရှိထားသည်။
သူ့အနေဖြင့် အနည်းငယ် လက်ကြောတင်းနေရုံသာ ရှိတော့သည်။
လက်ထဲတွင် လက်နက်ရှိလာပြီဖြစ်၍ ယုံကြည်မှုများ အတိုင်းအတာတစ်ခုအထိ မြင့်တက်လာပြီးနောက်... သေနတ်ကျည်ဆန်များက ကြက်သွေးရောင်အရိပ်ကို နာကျင်အောင် လုပ်နိုင်ပါ့မလားဟု လီဟောင် တွေးတောနေမိသည်။ သူသည် တခြားလူများ မမြင်နိုင်သောအရာကို မြင်နိုင်စွမ်း ရှိသည်ဆိုလျှင်... သူပစ်လိုက်သည့် ကျည်ဆန်များကရော ထိုအရာအပေါ် သက်ရောက်မှု ရှိနိုင်မည်လား သူသေချာမသိပေ။
ဌာနမှူးဝမ် ပြောပုံအရဆိုရင် တရားဥပဒေစိုးမိုးရေးအဖွဲ့က ညစောင့်တပ်ဖွဲ့တွေကို ပါဝင်ပတ်သက်စေချင်ပုံမရဘူး။ ဒါပေမဲ့ အချိန်က တဖြည်းဖြည်း နီးကပ်လာပြီ... အကယ်၍ ညစောင့်တပ်ဖွဲ့တွေသာ ဝင်မပါရင် သူတို့တွေ ကြက်သွေးရောင်အရိပ်ကို ကိုင်တွယ်နိုင်ပါ့မလား။
‘ငါသာ ကြက်သွေးရောင်အရိပ်ကို မြင်နိုင်တယ်လို့ သူတို့ကို ပြောပြလိုက်ရင်ကော’
လီဟောင်၏ စိတ်ထဲတွင် အတွေးသစ်တစ်ခု ပေါ်လာသည်။ သို့သော် ထိုအတွေးနှင့်အတူ ကြက်သွေးရောင်အရိပ်ကို မြင်ဖူးခဲ့သူများ အစပျောက်သွားသည် သို့မဟုတ် သေဆုံးသွားသည်ဟူသော အမှုတွဲများမှာလည်း ချက်ချင်းပင် ခေါင်းထဲသို့ ရောက်ရှိလာသည်။
ထိုလူတွေက တကယ်ပဲ သေကုန်ကြတာလား၊ ဒါမှမဟုတ်...။
ယခင်က ဖြစ်ပွားခဲ့သော အမှုများတွင် ညစောင့်တပ်ဖွဲ့များ ပါဝင်ပတ်သက်ခဲ့ကောင်း ပတ်သက်ခဲ့ပေလိမ့်မည်။ သို့သော် ထိုအရိပ်ကို မြင်နိုင်စွမ်းရှိသူများမှာ ပျောက်ဆုံးသွားခြင်း သို့မဟုတ် သေဆုံးသွားခြင်းသာ ရှိခဲ့သည်။ သို့မဟုတ်လျှင်လည်း... ထိုလူများမှာ ညစောင့်တပ်ဖွဲ့ဝင်အဖြစ် စုဆောင်းခြင်း ခံလိုက်ရလေသလား။
မိမိ၏ စွမ်းရည်ကို ထုတ်ဖော်ပြောဆိုလိုက်ပါက မည်သို့သော နောက်ဆက်တွဲရလဒ်များ ဖြစ်လာမည်ကို မသေချာသဖြင့် လီဟောင် ဝေခွဲမရ ဖြစ်နေမိသည်။ အကယ်၍ ညစောင့်တပ်ဖွဲ့ဝင်များသည် ကြက်သွေးရောင်အရိပ်ကို ရှင်းလင်းဖယ်ရှားနိုင်စွမ်းရှိပြီး အမှန်တကယ် လုပ်ဆောင်မည်ဆိုပါက သူသိထားသည်များကို ပြောပြခြင်းမှာ အဓိပ္ပာယ်ရှိပေလိမ့်မည်။ ဒါပေမဲ့... ညစောင့်တပ်ဖွဲ့ဝင်တွေက ကြက်သွေးရောင်အရိပ်နဲ့ ပူးပေါင်းနေကြတာဆိုရင်ကော။
အကယ်၍ သူသာ မိမိကိုယ်မိမိ ထုတ်ဖော်ပြလိုက်လျှင် ညစောင့်တပ်ဖွဲ့ဝင်တွေက ကြက်သွေးရောင်အရိပ်ကို သွားဖမ်းကြမှာလား၊ ဒါမှမဟုတ် သူ့ကိုပဲ အဖျောက်ဖျက် ပစ်ကြမှာလားဆိုတာကို သူမသိတော့ပေ။
“လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်ခု... ညစောင့်တပ်ဖွဲ့ဆိုတာလည်း အဲဒီလိုပဲ၊ ကြက်သွေးရောင်အရိပ်ဆိုတာကလည်း အဲဒီလိုပဲ။ သူတို့တွေက ပူးပေါင်းနေကြတာလား၊ ဒါမှမဟုတ် ရန်သူတွေလား”
လီဟောင်တွင် ထိုသို့သော အချက်အလက်များကို စုံစမ်းရန် လုံလောက်သော လမ်းစမရှိသဖြင့် အဖြေကို မသိနိုင်ပေ။
အကယ်၍ အဆိုးဆုံးအခြေအနေသာဆိုလျှင်... ထိုအဖွဲ့အစည်းနှစ်ခုမှာ ပူးပေါင်းနေကြပြီး ကြက်သွေးရောင်အရိပ်ကို မြင်တွေ့သွားသူများကို အမြဲတမ်း နှုတ်ပိတ်ဖျောက်ဖျက် ပစ်ကြသည်ဆိုလျှင်တော့ မတွေးရဲစရာပင်။
စိတ်ထဲတွင် အကြီးအကျယ် ပဋိပက္ခဖြစ်နေရသဖြင့် ခေါင်းထဲမှပင် ကိုက်ခဲလာတော့သည်။ သူသည် ညစောင့်တပ်ဖွဲ့ဝင်များက ကြက်သွေးရောင်အရိပ်ကို ဖယ်ရှားပစ်ပြီး ကျန်းယွမ်နှင့် သူ့မိဘများအတွက် ကလဲ့စားချေပေးစေလိုသည့် ဆန္ဒကတော့ အပြည့်ရှိနေသည်။ သို့သော် အကယ်၍ လက်တွေ့အခြေအနေက သူမျှော်လင့်ထားသလို မဟုတ်ဘဲ ပြောင်းပြန်ကြီး ဖြစ်နေခဲ့လျှင် သူသည် မိမိကိုယ်မိမိ မလိုအပ်ဘဲ ထုတ်ဖော်ပြလိုက်မိရာရောက်ပြီး မိမိကိုယ်တိုင်သာ သေတွင်းထဲ ဆင်းသွားရပေလိမ့်မည်။
“ငါ... နောက်ထပ် ရက်အနည်းငယ်လောက် စောင့်ကြည့်ဦးမယ်”
သူ့ကိုယ်သူ အန္တရာယ်ကြီးမားသော အခြေအနေထဲ ရောက်နေသည်ဟု သိသော်လည်း လီဟောင်အနေဖြင့် နောက်ထပ် ရက်အနည်းငယ်လောက် စောင့်ကြည့်ကာ တရားဥပဒေစိုးမိုးရေးအဖွဲ့ဘက်မှ မည်သို့သော အဖြေထွက်လာမည်ကို သိချင်နေသေးသည်။ အနည်းဆုံးတော့ သူတို့၏ သဘောထားကို သူ ခန့်မှန်းကြည့်ချင်နေသည်။
လောလောဆယ်တွင်မူ သူသည် ကိုယ့်ကိုယ်ကိုယ် မီးရှို့သေဆုံးမှုများထဲမှ ထူးဆန်းသော အချက်အလက်များကို ရှာဖွေတွေ့ရှိထားသည့် လူတစ်ယောက်သာ ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးအဖွဲ့အနေဖြင့်လည်း ဤကိစ္စကို အလေးအနက်ထား စုံစမ်းမည်ဆိုပါက အစအနများကို မကြာမီ ချိတ်ဆက်မိသွားကြမည်သာ ဖြစ်သည်။ အကယ်၍ ထိုအဖွဲ့ထဲတွင် ထက်မြက်သောလူများ ပါဝင်မည်ဆိုလျှင် ညစောင့်တပ်ဖွဲ့များကို ကြိုတင်ဆက်သွယ်ထားကြလိမ့်မည်ဟု လီဟောင် ခံစားနေမိသည်။
သူသည် တရားဥပဒေစိုးမိုးရေးအဖွဲ့အပေါ် ဖိအားပေးနိုင်ရန်အတွက် နောက်ထပ် ဖြစ်ရပ်တစ်ခု ဖြစ်လာနိုင်ခြေရှိသည်ဟု ထည့်ပြောခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူတို့၏ လက်ကို ငှားကာ ညစောင့်တပ်ဖွဲ့များကို ခေါ်ယူနိုင်ခဲ့လျှင် သူသည် ကြက်သွေးရောင်အရိပ်ကို မြင်နိုင်သည်ဟူသော အချက်ကို ထုတ်ဖော်ပြောစရာ လိုတော့မည်မဟုတ်ပေ။
“ဘာပဲဖြစ်ဖြစ်... ဆရာက မကြာခင်မှာ ကွင်းဆင်းလေ့လာရေးအဖွဲ့ကို ဦးဆောင်တော့မယ်ဆိုတော့ ညစောင့်တပ်ဖွဲ့တွေကတော့ အဲဒီနေရာကို ပါဝင်လာကြမှာပဲ။ သူတို့အဖွဲ့တွေက ဒီမြို့မှာ အမြဲတမ်း တပ်စွဲမထားရင်တောင်မှ နောက်ရက်အနည်းငယ်အတွင်း ငွေမြို့တော်ကို ရောက်လာကြတော့မှာ”
လီဟောင်သည် အခြေအနေအရပ်ရပ်ကို သေချာစွာ စဉ်းစားသုံးသပ်ပြီးနောက် မိမိကိုယ်မိမိ ထုတ်ဖော်ပြရန်ဟူသော အတွေးကို ခေတ္တဘေးဖယ်ထားလိုက်သည်။ ထိုလျှို့ဝှက်အဖွဲ့အစည်းကြီးသည် ၎င်းတို့ဘာသာ ပေါ်လာနိုင်ခြေ များနေသောကြောင့် ဖြစ်သည်။
ထိုအဖွဲ့အစည်းနှစ်ခုမှာ ပူးပေါင်းနေကြခြင်း ရှိ၊ မရှိကို မကြာခင်မှာပင် သူ သိရပေလိမ့်မည်။ ထို့အပြင် မိုးရာသီ မစတင်မီအထိ ညစောင့်တပ်ဖွဲ့ဝင်များက သူ့ထံသို့ ရောက်ရှိမလာခဲ့လျှင်လည်း ထိုအချိန်ကျမှသာ သူ့ကိုယ်သူ ထုတ်ဖော်ပြရန် ရွေးချယ်နိုင်ပါသေးသည်။