← Chapters

ပန်သာ

Vol. 1 Ch. 8

ပန်သာ

Vol. 1 Ch. 8

​အခန်းနံပါတ် (၃၀၂)။

​လိုက်ကာများကို တင်းတင်းကျပ်ကျပ် ပိတ်ထားသဖြင့် အခန်းတွင်းမှာ မှောင်ရီပျိုးနေသည်။ လီဟောင်က ရှေ့တံခါးကို တွန်းဖွင့်ကာ စတုရန်းမီတာ ၆၀ ခန့်ရှိသော အခန်းကျဉ်းလေးထဲသို့ ဝင်လာခဲ့သည်။ ပန်သာကတော့ အထဲသို့ လိုက်မလာဘဲ တံခါးဝတွင်သာ ဝပ်နေပြီး အစာကျွေးမည့်အချိန်ကို စောင့်နေသည်။

​ယနေ့တွင် လီဟောင်မှာ ဟင်းချက်လိုစိတ် မရှိပေ။ သူသည် သက်တမ်းကုန်ဆုံးရက် မသေချာတော့သည့် ခွေးစာအိတ်ကို ရှာဖွေပြီးနောက် ပန်သာ၏ အစာခွက်ထဲသို့ အတော်အတန် ထည့်ပေးကာ တံခါးအပြင်ဘက်သို့ ထုတ်ပေးလိုက်သည်။

​ပန်သာက အမြီးကို တယမ်းယမ်းဖြင့် လီဟောင်ကို ကြည့်ကာ တစ်စုံတစ်ခုကို ပြောနေဟန်ရှိသည်။

​“အလုပ်ဆင်းတော့ ဈေးမဝင်ခဲ့မိဘူး… ဒါပဲ စားလိုက်တော့”

​လူငယ်လေးက ရှင်းပြလိုက်သည်။ သူသည် ခွေးဘာသာစကားကို နားမလည်သော်လည်း ဘာမှတော့ မဖြစ်ပေ။ ပန်သာသည် သက်တမ်းကုန်လုနီးပါး ဖြစ်နေသော ညစာအတွက် ညည်းတွားနေခြင်း ဖြစ်နိုင်ပေသည်။

​“စားစရာရှိနေတာကိုပဲ ကျေးဇူးတင်ရမယ်… နောက်ရက်တွေကျရင် ဒါတောင် ရှိချင်မှရှိတော့မှာ။ အဲဒီကျရင်တော့ မင်းဘာသာမင်း ရှာဖွေစားသောက်ရလိမ့်မယ်”

​လီဟောင်က ကုန်းလိုက်ကာ အစာကို မလိုတလားဖြင့် ကိုက်ခဲနေသော ခွေးနက်လေးကိုကြည့်ပြီး ရယ်မောမိသည်။ ထို့နောက် သူသည် အင်္ကျီအတွင်းမှ ဗော့တက်စ်သေနတ်ကို ထုတ်ယူလိုက်ပြီး ခဏမျှ စဉ်းစားကာ လည်ပင်းတွင် ဆွဲထားသည့် ကျောက်စိမ်းဓားလေးကိုပါ ချွတ်လိုက်သည်။

​သူသည် ကျောက်စိမ်းဓားလေးကို အလင်းရောင်တွင် မြှောက်ကြည့်ရင်း အတွေးနက်နေမိသည်။ ဤကျောက်စိမ်းဓားက ကြက်သွေးရောင်အရိပ်ဟုခေါ်သော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားနှင့် ပတ်သက်နေနိုင်သလို၊ ကဗျာထဲက မိသားစု ရှစ်စုမှာလည်း ထိုစွမ်းအားနှင့် ပတ်သက်မှု ရှိနေနိုင်ပေသည်။

​သို့သော် နှစ်ပေါင်းများစွာကြာသည့်တိုင် ဤကျောက်စိမ်းဓားထံမှ ထူးခြားမှုဟူ၍ ဘာမှမရှိခဲ့ပေ။ ရတနာများကို သွေးဖြင့် အသက်သွင်းရသည်ဟူသော ပုံပြင်များကို သူ ကြားဖူးသော်လည်း ငယ်စဉ်က မကြာခဏ ထိခိုက်ဒဏ်ရာရခဲ့စဉ်က ဓားပေါ်သို့ သွေးများ စွန်းထင်ခဲ့ဖူးသည်။ မည်သည့်အရာမှ ဖြစ်ပျက်မလာခဲ့ပေ။

​“စတဲလာရစ်”

(ကျောက်စိမ်းဓားရဲ့အမည်ပါ)

​သူက တိုးတိုးလေး ရေရွတ်လိုက်သည်။ ကြက်သွေးရောင်အရိပ်က လိုက်ရှာနေသည်မှာ ဤအရာ ဖြစ်နိုင်ပေသည်။

​ပန်သာသည် အစာစားနေခြင်းကို ရုတ်တရက် ရပ်တန့်လိုက်ပြီး ဓားကိုကြည့်ကာ ဟောင်လိုက်သည်။

​လီဟောင်က ဘေးသို့ စောင်းငဲ့ကြည့်လိုက်သည်။ ခွေးလေးသည် အမြီးကို တွန့်ဆုတ်စွာ ယမ်းနေပြီး ကျောက်စိမ်းဓားရှိရာသို့ ရှေ့တိုးလာချင်ပုံရသော်လည်း မဝံ့မရဲ ဖြစ်နေသည်။ ၎င်းက အနည်းငယ် လှမ်းသော နေရာမှနေ၍ ဓားကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေသည်။

​လီဟောင်သည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ကာ စိတ်ကူးပေါက်သည်နှင့် ကျောက်စိမ်းဓားကို ပန်သာရှိရာသို့ ရုတ်တရက် ထိုးပြလိုက်သည်။ ခွေးလေးသည် အလွန်လျင်မြန်သော တုံ့ပြန်မှုဖြင့် အပေါ်သို့ ခုန်တက်ကာ ဘေးသို့ ရှောင်လိုက်သည်။

​ဒါက အတော်လေး အံ့ဩစရာပင်။ ပန်သာသည် ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းပြီးနောက် ထွက်မပြေးဘဲ လီဟောင်ကို ဝမ်းနည်းနေသည့် အကြည့်ဖြင့် ကြည့်ကာ ဟောင်လေသည်။

​“ဟင်”

​လီဟောင်၏ မျက်ခုံးနှစ်ဖက်စလုံး မြင့်တက်သွားရသည်။ ပန်သာက ဤအရာကို ကြောက်နေခြင်း ဖြစ်နိုင်ပေသည်။

​ဒါဟာ အတော်လေးကို စိတ်ဝင်စားစရာ ကောင်းလှသည်။

ရှေးဟောင်းပုံပြင်များတွင် ကြောင်ဖြူများနှင့် ခွေးနက်များသည် လူသားများ မမြင်နိုင်သောအရာများကို မြင်နိုင်စွမ်းရှိသည်ဟု ဆိုကြသည်။ ဤခွေးနက်လေးသည် ဓားထဲတွင် တစ်စုံတစ်ခုကို မြင်နေခြင်း ဖြစ်နိုင်ပေသည်။

​ပန်သာသည် အလွန်ထက်မြက်သည်ကို လီဟောင် ကောင်းကောင်းသိသည်။ ခွေးတိုင်းမှာ အထိုက်အလျောက် ဉာဏ်ရည်ရှိကြသည်သာ ဖြစ်သည်။ အကယ်၍ ပန်သာသာ မထက်မြက်လျှင် ဤနေရာတွင် အစာရှိမှန်းသိပြီး တွယ်ကပ်နေလိမ့်မည် မဟုတ်ပေ။

​“လာစမ်း… ပန်သာ”

​လီဟောင်က လှမ်းခေါ်လိုက်သည်။ ပန်သာသည် တွန့်ဆုတ်နေသော်လည်း လီဟောင်ရှိရာသို့ တဖြည်းဖြည်း တိုးကပ်လာသည်။ ၎င်း၏ မျက်လုံးများကတော့ ကျောက်စိမ်းဓားလေးဆီမှ မခွာပေ။

​“ဝုတ်”

​ခွေးလေးသည် အစပိုင်းတွင် အနည်းငယ် ကြောက်ရွံ့နေသော်လည်း လီဟောင် ရှိနေသဖြင့် တဖြည်းဖြည်းနှင့် ရဲတင်းလာသည်။ တစ်ဖက်တွင်လည်း လီဟောင်သည် ခွေးလေး၏ တုံ့ပြန်မှုကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ စဉ်းစားနေမိသည်။ ဤဓားတွင် တစ်ခုခု ထူးခြားနေသည်မှာတော့ အမှန်ပင် ဖြစ်သည်။

​သူ အတွေးနက်နေစဉ်မှာပင် မျက်စိရှေ့တွင် တစ်စုံတစ်ခု လက်ခနဲ ဖြစ်သွားသည်။ လီဟောင် တစ်စုံတစ်ရာ မတုံ့ပြန်နိုင်မီမှာပင် လက်ထဲမှ အလေးချိန်က ပေါ့ပါးသွားသည်။ သူ သေသေချာချာ ပြန်ကြည့်လိုက်ချိန်တွင် ပန်သာက ကျောက်စိမ်းဓားလေးကို ငုံထားသည်ကို တွေ့လိုက်ရသည်။

​“ဟေ့… ဘာလုပ်တာလဲ”

​လီဟောင် ကြောင်အသွားပြီးနောက် ချက်ချင်းပင် ရှေ့သို့ တိုးကာ ခွေး၏ ပါးစပ်ကို လှမ်းဖမ်းလိုက်သည်။

​“ပြန်ထွေးထုတ်စမ်း”

​တောက်... ဒီခွေး ဘာဖြစ်သွားတာလဲ။ ငါ အစာကျွေးတဲ့အခါ သူက အတင်းလုစားတတ်တဲ့ အမျိုးအစား မဟုတ်ပါဘူး။ ဒီနေ့တော့ အရိုက်ခံချင်နေပြီ ထင်တယ်။

​ပန်သာသည် အစပိုင်းတွင် ကြောက်နေဟန်ပြပြီး လီဟောင် အာရုံလွတ်သွားသည်နှင့် ရုတ်တရက် ခုန်အုပ်လိုက်ခြင်း ဖြစ်သည်။ ဒါဟာ ဘာသဘောပါလိမ့်။

​သူ့ကို အထာပေးပြီး အမှတ်တမဲ့ ဖြစ်အောင် လုပ်လိုက်တာလား။ အခုခေတ်မှာ ခွေးတွေတောင် ဒီလောက်အထိ ပရိယာယ် ကြွယ်ဝနေကြပြီလား။

​“အု... အု...”

​ပန်သာက ပါးစပ်ကို လုံးဝ မဟဘဲ ငြင်းဆန်နေသည်။

​လီဟောင် စိတ်တိုသွားပြီး လက်တစ်ဖက်ဖြင့် ခွေး၏ ပါးစပ်ကို ပိတ်ကာ ကျန်လက်တစ်ဖက်ဖြင့် ခွေးမြီးကို ဆွဲထားလိုက်သည်။ သို့မှသာ ပန်သာ ထွက်မပြေးနိုင်သလို တစ်စုံတစ်ယောက်ကိုလည်း လိုက်မကိုက်နိုင်တော့ပေ။

​“မင်းလို ကျေးဇူးကန်းတဲ့ကောင်… မင်းကို အလကား ကျွေးခဲ့မိတာပဲ။ ဒါက ငါ့ရဲ့ မိသားစု အမွေအနှစ်ကွ,,, လျှောက်စားဖို့ မစဉ်းစားနဲ့… ပြန်ထွေးထုတ်စမ်း”

​လီဟောင်က အမြီးကို လွှတ်လိုက်ပြီး ခွေး၏ လည်ပင်းကို ချုပ်ကာ ကျန်လက်တစ်ဖက်ဖြင့် ပန်သာ၏ ပါးစပ်ကို အတင်း ဖြဲဟလိုက်သည်။

​“အု... အု...”

​ခွေးနက်လေးသည် သူရရှိထားသော ရတနာကို အရှုံးမပေးချင်သော်လည်း လူတစ်ယောက်၏ အားကိုတော့ မယှဉ်နိုင်ဘဲ ပါးစပ် ဟသွားရတော့သည်။

​ကျောက်စိမ်းဓားလေးသည် ပန်သာ၏ ပါးစပ်ထဲတွင် ရှိနေသည်။ လီဟောင်သည် တံတွေးများ ပေကျံနေသော ဆွဲသီးကို ကြည့်ကာ စိတ်ပျက်သွားသော်လည်း “စတဲလာရစ်" မှာ အလွန်အရေးကြီးလှသည်။ ညစ်ပတ်နေလျှင်တောင် သူ ပြန်ယူရမည်သာ ဖြစ်သည်။ သူသည် ခွေးပါးစပ်ထဲမှ ဓားလေးကို နှိုက်ယူလိုက်ပြီး စိတ်တိုတိုဖြင့် ပန်သာကို ခပ်ဖွဖွ တစ်ချက် ရိုက်လိုက်သည်။

​“မင်းကို ငါ ကျွေးမွေးထားတာလေ… အရေးကြီးတဲ့အချိန်ကျမှ ငါ့စကားကို နားမထောင်ဘူး။ ကျေးဇူးမသိတဲ့ ခွေးစုတ်”

​လီဟောင်က ခဏမျှ ဆဲဆိုနေမိသည်။ အမြဲတမ်း အေးဆေးသည့် ခွေးလေးက ဘာကြောင့် အခုလို ရုတ်တရက် သောင်းကျန်းရသလဲဆိုသည်ကို သူ စဉ်းစားမရပေ။ သူသည် ခွေးအပေါ် အယုံအကြည် လွန်သွားခဲ့ခြင်း ဖြစ်နိုင်ပြီး၊ အမှန်ဆိုလျှင် ဤခွေးက မိသားစု အမွေအနှစ်ကို အလွယ်တကူ ယူပြေးသွားနိုင်သည် မဟုတ်ပါလား။

​“ဟောင်တဲ့ခွေး လူမကိုက်ဘူးဆိုတဲ့ စကားက မင်းနဲ့ တကယ်ကို လိုက်ဖက်တာပဲ”

​လီဟောင်က တံတွေးများ ပေကျံနေသော ကျောက်စိမ်းဓားလေးကို ကြည့်ကာ မျက်လုံးလှန်ပြရင်း ထပ်မံ ရေရွတ်လိုက်သည်။

‘ရွံစရာကြီးပါလား’

​“ဝုတ်... ဝုတ်...”

​ပန်သာသည် ရုန်းကန်နေခြင်းကို ရပ်လိုက်ပြီး ကျောက်စိမ်းဓားလေးကိုသာ အာသီသတပြင်းပြင်းဖြင့် စိုက်ကြည့်နေတော့သည်။ စောစောက တွန့်ဆုတ်နေသည့် အမူအရာမျိုး လုံးဝမရှိတော့ပေ။ ၎င်းသည် ဓားကို နောက်တစ်ကြိမ် လျက်ချင်သည့်ဟန်ဖြင့် လျှာလေးထုတ်လိုက်သော်လည်း လီဟောင်က စိတ်ပျက်လက်ပျက်ဖြင့် နှာခေါင်းကို ခပ်ဖွဖွပုတ်လိုက်သဖြင့် လျှာကလေးမှာ ပါးစပ်ထဲ ပြန်ဝင်သွားရရှာသည်။

​“ဝုတ်... ဝုတ်...”

​ပန်သာသည် မည်သူက အမိန့်ပေးပိုင်ခွင့်ရှိသည်ကို သိသည့်အလား လီဟောင်ကို တောင်းပန်တိုးလျှိုးသည့် အကြည့်ဖြင့် ကြည့်လာသည်။ ထိုအကြည့်ထဲတွင် အလိုလိုက်ရန် တောင်းဆိုမှုနှင့် ဖားယားလိုသည့် ဆန္ဒများ ရောပြွမ်းနေပြီး ဓားကို နောက်တစ်ကြိမ်လောက် ထပ်လျက်ချင်နေပုံရသည်။

​လီဟောင်သည် မသိစိတ်ဖြင့် မျက်နှာရှုံ့မဲ့လိုက်ပြီးမှ မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။ သူသည် ခွေးလေးကို အသစ်အဆန်းသဖွယ် ပြန်ကြည့်လိုက်သည်။ ပန်သာသည် ပုံမှန်ဆိုလျှင် ဤကဲ့သို့ ပြုမူတတ်သူမဟုတ်ပေ။ အကယ်၍ ဤခွေးလေးသာ အလွန်အေးဆေးသူမဟုတ်ပါက သူ အစာကျွေးလိမ့်မည်မဟုတ်ပါ။ တစ်ခါတရံတွင် သူကိုင်ထားသော အစားအစာများကို ကြည့်ပြီး သွားရည်ကျတတ်သော်လည်း လီဟောင်က ကမ်းမပေးလျှင် ပန်သာသည် ဘယ်သောအခါမှ အတင်းလုယူခြင်း မရှိခဲ့ဖူးပေ။

​“မင်း ဒါကို စားချင်လို့လား”

​လီဟောင်က ကျောက်စိမ်းဓားလေးကို ဟိုရွှေ့ဒီရွှေ့ လုပ်ပြလိုက်သည်။ ပန်သာသည် ဓားကို စိုက်ကြည့်နေပြီး စိတ်ထဲတွင် ဝေခွဲမရဖြစ်နေဟန်ရှိသည်။ တစ်စုံတစ်ခုကို ဆုံးဖြတ်လိုက်ဟန်ဖြင့် ၎င်းက... ခေါင်းခါပြလိုက်သည်။

​“ဟင်”

​လီဟောင် မျက်တောင်တခတ်ခတ် ဖြစ်သွားရသည်။ ဒီခွေးက သူ့စကားကို နားလည်နေတာလား။

​ခွေးများမှာ ကြာလာသည့်အခါ ၎င်းတို့သခင်၏ စကားကို နားလည်လာတတ်သဖြင့် အဓိကစကားလုံးအချို့ကို သိနေခြင်းမှာ ပုံမှန်ပင် ဖြစ်နိုင်သည်။ သို့သော် ပန်သာ ခေါင်းခါပြသည်မှာ ဘာကို ဆိုလိုခြင်းပါလိမ့်။ သူက ဒီဓားကို မစားချင်ဘူးဆိုသည့် သဘောလား။

​ဒါဆို ဘာလို့ အငမ်းမရ စိုက်ကြည့်နေရတာလဲ။ ခုနကလည်း အတင်းလုခဲ့သေးတယ် မဟုတ်လား။

​“ထူးဆန်းလိုက်တာ”

​လီဟောင် တိုးတိုးလေး ရေရွတ်လိုက်သည်။ "စတဲလာရစ်” တွင် ထူးခြားသည့် အရာတစ်ခုခု ရှိနေရမည်မှာ အမှန်ပင်။ ကဗျာကို ကြားလိုက်ရချိန်ကတည်းက ထိုဖြစ်နိုင်ခြေကို သူ တွေးမိခဲ့သည်။ သို့သော် လွန်ခဲ့သော နှစ်များစွာအတွင်းမှာတော့ ဤဓားလေးမှာ အလွန်ပင် သာမန်ဆန်နေခဲ့သည်။

​ယနေ့တွင်မှ ထိုဓားကို အနီးကပ်စစ်ဆေးလိုသည့် စိတ်ဆန္ဒ ရုတ်တရက် ပေါ်လာခဲ့ခြင်း ဖြစ်ပြီး၊ ပန်သာ၏ အနားတွင် ထုတ်ကြည့်မိရာမှ ဤဖြစ်ရပ်များ ဆက်တိုက် ဖြစ်ပွားလာတော့သည်။

​အကယ်၍ ထိုကဗျာကသာ ကျောက်စိမ်းဓားအပေါ် သူ၏ သိချင်စိတ်ကို မနှိုးဆော်ခဲ့ပါက လီဟောင်သည် ဤဓားကို တစ်သက်လုံး လည်ပင်းမှာ ဆွဲထားရုံသာ ဆွဲထားမိပေလိမ့်မည်။ သေသေချာချာ ချွတ်ကြည့်ဖြစ်ဖို့ပင် လွယ်ကူလိမ့်မည်မဟုတ်ပေ။

​ထိုသို့ဆိုလျှင် ပန်သာသည်လည်း ဤဓားကို မြည်းစမ်းကြည့်ရန် အခွင့်အရေး ရလိမ့်မည်မဟုတ်ပါ။

​ဒါဆို ပန်သာက ဒါကို တကယ်ပဲ လိုချင်နေတာပေါ့... ဘာကြောင့် ဒီလောက်အထိ ဆွဲဆောင်မှု ရှိနေရတာလဲ။ ဒါက ပန်သာတစ်ကောင်တည်းကိုပဲ သက်ရောက်တာလား၊ ဒါမှမဟုတ် ခွေးအားလုံးကိုလား။ "စတဲလာရစ်” မှာ ဘာတွေများ ထူးခြားနေလို့လဲ။

​လီဟောင်၏ အတွေးများ လွင့်ပျံနေစဉ်မှာပင် ခွေးလေးက အခွင့်ကောင်းယူလိုက်ပြန်သည်။

​ပန်သာသည် လျှာကို ထုတ်လိုက်ပြီး ကျောက်စိမ်းဓားလေးကို အားရပါးရ လျက်လိုက်တော့သည်။ လီဟောင်၏ လက်ပေါ်တွင်လည်း သွားရည်များ ပေကျံကုန်သည်။

​လူငယ်လေးမှာ ရွံရှာလွန်းသဖြင့် မျက်နှာကြီး ရှုံ့မဲ့သွားပြီး ခွေး၏ခေါင်းကို နောက်တစ်ကြိမ် ခပ်ဖွဖွပုတ်ကာ သူ့လက်ရှိ သွားရည်များကို ခွေး၏ အမွေးများပေါ်တွင် ပြန်သုတ်လိုက်တော့သည်။

“နောက်တစ်ခါ ထပ်လုဖို့ ကြိုးစားရင်တော့ မင်းကို အစာကျွေးမှာ မဟုတ်ဘူး”

​“ဝုတ်… ဝုတ်…”

​ပန်သာက ခေါင်းခါပြပြန်သည်။ အမြီးကိုလည်း အဆက်မပြတ် ယမ်းပြနေသည်မှာ သူသည် ကျောက်စိမ်းဓားကို လုယူရန် ကြိုးစားနေခြင်း မဟုတ်ဘဲ လျက်ရုံသာ လျက်ခြင်းဖြစ်ကြောင်း ပြောနေသည့်အလားပင် ဖြစ်သည်။

​အခြေအနေများက တစ်ခုခု ထူးခြားနေသည်ဟု လီဟောင် ခံစားလိုက်ရသည်။ သူသည် ခွေးကို တစ်ချက်ကြည့်ပြီးနောက် ကျောက်စိမ်းဓားလေးကို ပြန်ကြည့်လိုက်သည်။ ဓားလေးမှာ အတော်ပင် ညစ်ပတ်နေပြီဖြစ်သဖြင့် ရေဖြင့် ဆေးကြောရန် လိုအပ်နေပေသည်။ သူသည် ဓားကို မြှောက်ပြလိုက်ပြီး တစ်ခါထပ်မေးလိုက်သည်။

​“မင်း ဒါကို ထပ်လျက်ချင်သေးတာလား”

​ပန်သာက ခေါင်းညိတ်ပြသည်။

​“ဒီခွေးက နတ်ဝင်နေတာလား”

​လီဟောင်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ ပန်သာသည် အရင်ကတည်းက ထက်မြက်သော်လည်း ဤမျှအထိတော့ မဟုတ်ခဲ့ပေ။ ယနေ့တွင်မူ သူပြောသမျှ အရာအားလုံးကို ကောင်းကောင်း နားလည်နေသည့်အလား ရှိနေသည်။

​သူသည် အတန်ကြာအောင် စဉ်းစားပြီးနောက် ဓားလေးကို အသာအယာ ကမ်းပေးလိုက်သည်။ ခွေးလေးသည် လူငယ်လေးကို သေသေချာချာ အကဲခတ်ပြီးမှ လျှာကိုထုတ်ကာ ဓားကို လျက်လိုက်တော့သည်။ ၎င်း၏ မျက်လုံးများထဲတွင် အားရကျေနပ်မှုများ အထိုင်းသား မြင်တွေ့နေရပြီး အစားကောင်း တစ်ခုခုကို ဝဝလင်လင် စားလိုက်ရသကဲ့သို့ ရှိနေသည်။

​“ပန်သာက ဒါကို ဘာလို့ လျက်ချင်နေရတာလဲ... အရသာ ရှိလို့များလား”

​အဓိပ္ပာယ်မရှိလိုက်တာ။

​လီဟောင်သည် ငယ်စဉ်က ဤဓားကို အကြိမ်ပေါင်းများစွာ လျက်ခဲ့ဖူးသည်။ သူသည် အတိတ်ကို ပြန်လည် အမှတ်ရရင်း အတွေးများ လွင့်ပျံသွားပြန်သည်။

​အဖေက ဒါကို ငါ့ကို ပေးတုန်းက ဆေးကြောပြီးမှ ပေးတာရော ဟုတ်ရဲ့လား။ ငါလည်း... ဒါကို အတော်များများ လျက်ခဲ့ဖူးတာပဲ။

​သူ့အဖေ လက်ထက်မှာရော၊ ဒါမှမဟုတ် မိသားစု အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ အချိန်တွေမှာရော ခွေးတစ်ကောင်ကောင်က ဒါကို လျက်ခဲ့ဖူးမလား။

​တကယ်လို့ လျက်ခဲ့ဖူးသည်ဖြစ်စေ၊ မလျက်ခဲ့ဖူးသည်ဖြစ်စေ ဒါက ညစ်ပတ်နေပြီး ပိုးမွှားတွေ အပြည့်ရှိနေမှာတော့ အမှန်ပဲ။ အရင်က လူဘယ်နှစ်ယောက် ဆွဲခဲ့သလဲ မသိသလို၊ သူကိုယ်တိုင်လည်း ငယ်ငယ်က ဒါကို ပါးစပ်ထဲ မကြာခဏ ထည့်ခဲ့ဖူးသည်။

​“တော်ပြီ... ဒါတွေကို ဆက်မတွေးတာ အကောင်းဆုံးပဲ”

​လီဟောင်သည် ခေါင်းကိုခါယမ်းကာ ထိုအတွေးများကို ဖျောက်ဖျက်လိုက်သည်။ လူသားတွေဆိုသည်မှာ ရွံစရာကောင်းသည့် အရာများကိုပင် စားသုံးနေကြသည်ဖြစ်ရာ အလွန်အကျွံ တွေးမနေခြင်းကသာ စိတ်ချမ်းသာဖို့ ကောင်းပေလိမ့်မည်။

​“ပန်သာက ဒီနေ့ ထူးထူးခြားခြား ဖြစ်နေတယ်... ဒါဟာ "စတဲလာရစ်” မှာ တစ်ခုခု ထူးခြားနေတယ်ဆိုတဲ့ သဘောပဲ”

​ဖြစ်နိုင်ခြေ အမျိုးမျိုးကို လီဟောင် တွေးတောနေမိသည်။ ထို့နောက် သူသည် လက်နှင့် ကျောက်စိမ်းဓားကို ဆေးကြောရန် မတ်တတ်ရပ်လိုက်သည်။

​......

​လူငယ်လေးသည် မီးဖိုချောင်သို့ သွားကာ လက်ကို အရင်ဆေးလိုက်သည်။ ထို့နောက် ရေခွက်တစ်ခုထဲသို့ ရေဖြည့်ကာ ကျောက်စိမ်းဓားလေးကို ထည့်လိုက်သည်။ တခြားအရာတွေ မလုပ်ခင် ပိုးသတ်ဖို့ အရင်လိုအပ်ပေသည်။ မကြာခင်မှာပင် သူသည် ကျန်းယွမ်၏ အိမ်သို့ သွားရမည်ဖြစ်ရာ ကျောက်စိမ်းဓားကို လည်ပင်းတွင် ပြန်လည် ဆွဲထားရမည် ဖြစ်သည်။

​အကယ်၍ ဤဓားကို အိမ်မှာ ထားခဲ့ပါက အခိုးခံရမည်ကို စိုးရိမ်စိတ်ဖြင့် ဂဏာမငြိမ် ဖြစ်နေပေလိမ့်မည်။ ထို့ပြင် ဤကျောက်စိမ်းဓားက အဆောင်လက်ဖွဲ့တစ်ခု ဖြစ်နေခဲ့လျှင်ရော။ ကြက်သွေးရောင်အရိပ်နှင့် ကြုံလာရပါက အသုံးဝင်နိုင်သဖြင့် လီဟောင်သည် ၎င်းကို မပါဘဲ မသွားရဲပေ။

​မနှစ်က ကျန်းယွမ်ကို သတ်ပြီးနောက် ကြက်သွေးရောင်အရိပ်က သူ့ကို ချက်ချင်း ရန်မပြုခဲ့ခြင်းမှာလည်း ဤကျောက်စိမ်းဓားကြောင့် ဖြစ်နိုင်ပေသည်။

​လီဟောင်သည် ဓားလေးကို ရေထဲတွင် ခဏမျှ စိမ်ထားပြီးနောက် ပြန်ထုတ်ကာ ဖွင့်ထားသော ရေအောက်တွင် ဆေးကြောလိုက်သည်။ သူသည် ခွက်ထဲက ရေများကို သွန်ပစ်ရန် ပြင်လိုက်စဉ် ခြေရင်းနားတွင် တစ်စုံတစ်ခု လှုပ်ရှားလာသည်ကို ခံစားလိုက်ရသည်။

​“ဝုတ် ဝုတ်”

​ပန်သာက သူ့နောက်ကို လိုက်လာခြင်း ဖြစ်သည်။

ခွေးအမွေးများ ကျွတ်မှာစိုးရိမ်သလို ပြန်ရှင်းရမှာကိုလည်း ပျင်းတတ်သဖြင့် လီဟောင်သည် ပုံမှန်ဆိုလျှင် ပန်သာကို အိမ်ထဲသို့ ပေးမဝင်ပေ။ ဤခွေးနက်လေးမှာလည်း စည်းကမ်းရှိလှပြီး တံခါးခုံကို ဘယ်သောအခါမှ ကျော်မတက်ခဲ့ဖူးသော်လည်း ယနေ့တွင်မူ မီးဖိုချောင်အထိ သူ့နောက်သို့ လိုက်လာခဲ့သည်။

​လီဟောင် ငုံ့ကြည့်လိုက်သည့်အခါ သူ့လက်ထဲက ရေခွက်ကို အငမ်းမရ စိုက်ကြည့်နေသော ခွေးလေး၏အကြည့်ကို မြင်လိုက်ရသည်။ ထိုခွက်ထဲတွင် ကျောက်စိမ်းဓားကို ဆေးကြောထားသည့် ရေများ ရှိနေသည်။

​သူသည် အတွေးတစ်ခုဖြင့် ခွက်ကို ကြမ်းပြင်ပေါ်တွင် ချပေးလိုက်သည်။ ပန်သာသည် ရေမှာ ပူနေသည်ကိုပင် ဂရုမစိုက်ဘဲ အားရပါးရ လျက်တော့သည်။ လျှာအပူလောင်သဖြင့် ညည်းညူနေရသော်လည်း သောက်ခြင်းကိုတော့ မရပ်တန့်ပေ။

​"ဟင်... ကျောက်စိမ်းဓား ဆေးထားတဲ့ ရေလား"

​လီဟောင်၏ စိတ်ထဲတွင် ခန့်မှန်းချက်အချို့ ပေါ်ပေါက်လာသည်။ ကျောက်စိမ်းဓားကို စိမ်ထားသည့် ရေထဲတွင် တစ်စုံတစ်ခု ထူးခြားနေခြင်း ဖြစ်နိုင်ပေသည်။ သို့သော် ဒါက အဓိပ္ပာယ်မရှိသလိုလည်း ဖြစ်နေသည်။ သူ ငယ်ငယ်က ဤဓားကို အကြိမ်ပေါင်းများစွာ လျက်ခဲ့ဖူးသော်လည်း ထူးခြားမှုဟူ၍ ဘာမှမရှိခဲ့ပေ။

​အရွယ်ရောက်လာသည့်အခါတွင်မူ ထိုကဲ့သို့သော အဓိပ္ပာယ်မဲ့သည့် လုပ်ရပ်များကို သူ ရပ်တန့်ခဲ့သည်။ ယခု မျက်စိရှေ့တွင် မြင်တွေ့နေရသည့် အခြေအနေများကြောင့် သူ အလွန်ပင် အံ့အားသင့်နေမိသည်။ ပန်သာ၏ ကြမ်းတမ်းညစ်ပတ်နေသော အမွှေးအမျှင်များသည် သာမန်မျက်စိဖြင့်ပင် မြင်နိုင်လောက်သည့် အရှိန်အဝါမျိုးဖြင့် နူးညံ့ချောမွေ့လာသဖြင့် ထူးဆန်းမှုတစ်ခုခု ဖြစ်ပျက်နေသည်မှာ အမှန်ပင်။ ၎င်း၏ အမြီးယမ်းနှုန်းကလည်း ပိုမိုမြန်ဆန်လာပုံရသည်။

​"ဓားဆေးထားတဲ့ ရေကြောင့်ပဲ... ဒီထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်ခုခု ရှိနေတာလား။ ထူးဆန်းလိုက်တာ... ဒါဟာ ကျောက်စိမ်းဓားကို အသုံးပြုရမယ့် နည်းလမ်းမှန်လား"

​လီဟောင်က ကုန်းလိုက်ကာ ခွေးလေးကို ပွတ်သပ်ပေးလိုက်သည်။ ၎င်း၏ အမွှေးအမျှင်များမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ။ အရင်ကထက် ပိုမိုချောမွေ့နေပြီး စူးရှကြမ်းတမ်းခြင်း မရှိတော့ပေ။

​သူသည် ကျောက်စိမ်းဓားလေးကို စိတ်အားထက်သန်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ဤဓားကို စိမ်ထားသည့် မည်သည့်ရေမဆို လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်များ ပါဝင်သွားမည့် သဘောလား။ သူ ရှာဖွေနေခဲ့သည့်၊ သူ အလိုရှိနေခဲ့သည့် ထိုစွမ်းအားများမှာ ဤခွက်ထဲတွင် ရှိနေခြင်း ဖြစ်နိုင်ပေသည်။

​"တကယ်လို့... ဒါသာ အမှန်ဆိုရင် ငါ့မိသားစု အမွေအနှစ်ကို ဘယ်လိုသုံးရမလဲဆိုတာ ခွေးတစ်ကောင်က ငါ့ကို လာသင်ပေးတာပေါ့လေ"

​အဓိကအချက်မှာ ပန်သာသည် စောစောက ဓားကို လျက်ခဲ့ခြင်းပင်။ ရေနွေးဖြင့် ဆေးကြောခဲ့သော်လည်း လီဟောင်အတွက်တော့ ဒါက သန့်ရှင်းမှုမရှိသလို ခံစားနေရဆဲ ဖြစ်သည်။ အကယ်၍ ဒါဟာ နည်းလမ်းမှန်သာ ဖြစ်ခဲ့လျှင်တော့... သူကိုယ်တိုင် အသုံးပြုသည့်အခါ ခွေးကို လျက်ခိုင်းတော့မည်မဟုတ်ပေ။

​ဒါဟာ ရွံစရာကောင်းသည်ဟု သူ ယူဆနေမိသော်လည်းပေါ့။

​"စတဲလာရစ်မှာ ရေကတစ်ဆင့်ပဲ ရယူနိုင်တဲ့ လျှို့ဝှက်စွမ်းအားတွေ ရှိနေတာလား။ တခြားသူတွေ စုပ်ယူနိုင်ဖို့အတွက် ဒီစွမ်းအားတွေက ရေထဲမှာ ပျော်ဝင်သွားရမှာလား"

​လီဟောင်၏ အတွေးများမှာ လျင်မြန်စွာ လည်ပတ်နေသည်။ ပန်သာ၏ အမွှေးအမျှင်များ ရုတ်တရက် နူးညံ့ချောမွေ့လာခြင်းမှာ သဘာဝအလျောက် ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ တစ်စုံတစ်ခုသော ထူးကဲသည့် စွမ်းအားကြောင့်သာ ဖြစ်ရမည်။

​သူသည် ရယ်ရခက်၊ ငိုရခက် ဖြစ်နေမိသည်။ စတဲလာရစ်ကို အသုံးပြုရမည့် နည်းလမ်းမှန်ကို ခွေးတစ်ကောင်က သူ့ကို ပြသနေခြင်း ဖြစ်နိုင်ပေသည်။ သူသည် ပန်သာကို စကားမဲ့စွာ ကြည့်နေမိသည်။

​ခွေးနက်လေးသည် ရေကို ကုန်အောင်သောက်ပြီးနောက် ကျေနပ်သည့်ဟန်ဖြင့် မော့ကြည့်လာသည်။ လီဟောင်၏ အကြည့်ကို မြင်သည့်အခါ ၎င်း၏အမြီးမှာ ပို၍မြန်မြန် ယမ်းလာပြီး မျက်လုံးများထဲတွင်လည်း ပိုမိုထက်မြက်သည့် အသိဉာဏ်အလင်းရောင်များ တောက်ပနေသည်။

​"ပန်သာက အခုတော့ အရာရာကို ကောင်းကောင်းသိသွားပြီလို့ ငါ ခံစားနေရတယ်"

​လီဟောင်မှာ အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဤဓားက ထိုမျှအထိ အစွမ်းထက်လှသလား။ သူသည် ဓားလေးကို ပြင်းပြသော အကြည့်ဖြင့် စိုက်ကြည့်နေမိသည်။ ပန်သာမှာ ထိုရေကို သောက်ပြီးနောက် ဘာမှမဖြစ်ဘဲ အကျိုးကျေးဇူးအချို့ ရရှိခဲ့သည်ဆိုလျှင် သူကိုယ်တိုင်ရော။

​ငါရော ဒီရေကို သောက်လို့ရမလား။

အကယ်၍ ငါသာ သောက်ကြည့်ရင် ထူးခြားတဲ့ စွမ်းအင်တစ်ခုခုကို ရရှိနိုင်မလား။

​ပတ်ဝန်းကျင်တွင် အန္တရာယ်များက ဝိုင်းရံနေပြီဖြစ်ရာ ကြက်သွေးရောင်အရိပ်နှင့် မရင်ဆိုင်မီ နက်နဲတဲ့ စွမ်းအားတစ်ခုခုကို မိမိဘာသာ ရရှိထားခြင်းက အသက်ကို ကယ်တင်နိုင်ပေလိမ့်မည်။

​“ဒါကို သောက်လိုက်ရင် ငါ သေမသွားနိုင်ဘူးမလား”

​သေစရာတော့ အကြောင်းမရှိပေ၊ အကြောင်းမှာ သူသည် ငယ်စဉ်က ဤဓားကို အကြိမ်ပေါင်းများစွာ လျက်ခဲ့ဖူးသောကြောင့် ဖြစ်သည်။ ပန်သာသည်လည်း သာမန်ခွေးတစ်ကောင်သာ ဖြစ်ပြီး ဓားကိုလျက်ကာ ရေကိုသောက်ပြီးနောက် ဘာမှမဖြစ်ဘဲ ကျန်းမာနေဆဲပင်။ ပန်သာအတွက် အန္တရာယ်မရှိသောအရာသည် သူ့အတွက်လည်း အန္တရာယ်မရှိနိုင်ဖို့ များပေသည်။

​“ငါ စမ်းကြည့်ရင် ကောင်းမလား”

​လီဟောင်သည် စိတ်ထဲတွင် ဖြစ်ပေါ်လာသော စေ့ဆော်မှုကို မထိန်းချုပ်နိုင်တော့ပေ။ သူသည် အင်အားကို လိုချင်နေမိသည်။

​ကျန်းယွမ်၏ သေဆုံးမှု၊ ယနေ့ နောက်ယောင်ခံလိုက်ခံရခြင်း၊ ကြက်သွေးရောင်အရိပ်နှင့် ညစောင့်တပ်ဖွဲ့...။

​ဤအကြောင်းအရာများကို တွေးတောနေရင်း သူသည် အင်အားကို ပိုမိုတောင့်တလာမိသည်။ သူသည် ညစောင့်တပ်ဖွဲ့နှင့် ထိတွေ့ခွင့်ရရန်နှင့် ကမ္ဘာကြီး၏ လျှို့ဝှက်ဆန်းကြယ်သော အမှောင်ဘက်ခြမ်းကို လှည့်ကြည့်နိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေးဌာနထဲသို့ အကွက်ချဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

​ယခုအခါ အခွင့်အရေးက သူ့ရှေ့မှောက်သို့ ရောက်ရှိနေပြီဖြစ်ရာ ၎င်းကို အရယူရမည်သာ ဖြစ်သည်။

​“ငါ စမ်းကြည့်မယ်... တစ်ခုခုဖြစ်မှ သေမှာပဲ... ကြက်သွေးရောင်အရိပ်ကလည်း မကြာခင် ရောက်လာတော့မယ်၊ ညစောင့်တပ်ဖွဲ့ကလည်း အားကိုးရပါ့မလား မသေချာဘူး။ စုံစမ်းစစ်ဆေးရေးဌာနဆိုတာကလည်း အသုံးမကျတဲ့လူတွေနဲ့ ပြည့်နေတာဆိုတော့ ငါ့မှာ အားကိုးရမယ့်သူ၊ ယုံကြည်ရမယ့်သူ တစ်ယောက်မှ မရှိဘူး။ စမ်းကြည့်လိုက်လို့ ငါ့မှာ ဘာဆုံးရှုံးစရာ ရှိမှာလဲ”

​“လုပ်လိုက်စို့”

​လီဟောင်သည် လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်ပြီး ပန်သာ၏ခေါင်းကို နောက်တစ်ကြိမ် ခပ်ဖွဖွပုတ်လိုက်ရာ ခွေးလေးမှာ ကြောင်အသွားရရှာသည်။

​“တကယ်လို့ ဒါက ထိရောက်တယ်ဆိုရင်တော့...”

လူငယ်လေးက တက်ကြွစွာ ရေရွတ်လိုက်သည်။

“ငါတို့အတွက် ကောင်းတဲ့နေ့ရက်တွေ ရောက်လာတော့မှာ ပန်သာ... ငါတို့တွေ ကောင်းကောင်းမွန်မွန် စားသောက်ကြရမယ်၊ တခြားဘာကိုမှ ပူစရာမလိုတော့ဘူး”

​“ဝုတ်”

​ပန်သာက မျှော်လင့်ချက်အပြည့်ဖြင့် ဟောင်လိုက်သည်။ ၎င်းသည် လူ့အလိုကို ကောင်းကောင်းနားလည်နေသည့်အလား လီဟောင်ပြောသော ကောင်းမွန်သည့် နေ့ရက်များကို စိတ်အားထက်သန်စွာ စောင့်ကြိုနေပုံရပေသည်။

All Chapters