← Chapters

မူလငါးသွယ်ကျမ်း (၁)

Vol. 1 Ch. 9

မူလငါးသွယ်ကျမ်း (၁)

Vol. 1 Ch. 9

​ရေထဲတွင် စိမ်လိုက်ခြင်းက အဓိကသော့ချက် ဖြစ်နေနိုင်မလား။

​လီဟောင် ကိုယ်တိုင်လည်း သေချာမသိပေ။ သူသည် စတဲလာရစ်ကို ဆွဲထားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ရာ ဓားက ရေနှင့် မထိတွေ့ဖူးသည်တော့ မဟုတ်ပေ။ ရေချိုးသည့်အခါတွင်ပင် ချွတ်လေ့မရှိသော်လည်း ထူးခြားမှုဟူ၍ ဘာမှ မဖြစ်ပျက်ခဲ့ဖူးပေ။

​ငယ်စဉ်ကလည်း ၎င်းကို ပါးစပ်ထဲသို့ အကြိမ်ကြိမ် ထည့်ခဲ့ဖူးသော်လည်း ဘာမှ ထူးမခြားနားခဲ့ပါ။

​သို့သော် ယခုတစ်ကြိမ်တွင်မူ တစ်စုံတစ်ခုသော သက်ရောက်မှု ရှိနေပုံရသည်။ အနည်းဆုံးတော့ ပန်သာအပေါ်တွင် သက်ရောက်မှု ရှိခဲ့သည်။

​မီးဖိုချောင်အတွင်း၌…။

​လီဟောင်သည် ဟင်းရည်သောက်သည့် ပန်းကန်လုံးကြီး တစ်လုံးကို ထုတ်ယူလိုက်ပြီး စတဲလာရစ်ကို ထည့်လိုက်သည်။ ထို့နောက် သောက်ရေဘူးထဲမှ ရေများကို လောင်းထည့်လိုက်သည်။ သောက်ရေ ဖြစ်နေခြင်းက လျှို့ဝှက်ချက် ဖြစ်နေမလား။

​သူသည် သောက်ရေဖြင့် ရေချိုးလေ့မရှိသည်မှာ အမှန်ပင်။ ကျောက်စိမ်းဓား၏ လျှို့ဝှက်ဆန်းကြယ်သော ဂုဏ်သတ္တိများ ယခင်က အသက်မဝင်ခဲ့ခြင်းမှာ ရေ၏ အပူချိန်ကြောင့်လားဟုလည်း သူ တွေးနေမိသည်။

​ပန်သာသည် ဓားကို စတင်လျက်ခဲ့စဉ်ကလည်း ထူးခြားမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။ ခွေးလေးသည် ဓားကို ပိုးသတ်ထားသည့် ရေကို သောက်လိုက်ပြီးမှသာ ၎င်း၏ အမွှေးအမျှင်များမှာ လျင်မြန်စွာ ချောမွေ့လာခဲ့ခြင်း ဖြစ်သည်။

​“သောက်ရေနဲ့တင် မလုံလောက်ဘူးဆိုရင် မီးဖိုပေါ်မှာ ပြန်နွှေးကြည့်ရမယ်။ အဲဒါမှ မရသေးရင်တော့... ငါလည်း တခြားနည်းလမ်း မရှိတော့ဘူး။ ခွေးတွေပဲ ဒီလျှို့ဝှက်စွမ်းအားကို စုပ်ယူနိုင်တာမျိုးလား”

​လီဟောင်၏ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောပြွမ်းနေသည်။ စိုးရိမ်စိတ်၊ စိတ်လှုပ်ရှားမှု၊ ဂဏာမငြိမ်ဖြစ်မှုများနှင့်အတူ အရာအားလုံးက အလကား ဖြစ်သွားမည်ကိုလည်း ကြောက်ရွံ့နေမိသည်။ သူသည် သာမန်ထက်ထူးကဲသော နယ်ပယ်ထဲသို့ အမှန်တကယ် ဝင်ရောက်လိုလှပြီ။ ထိုသို့ဆိုလျှင် ကြက်သွေးရောင်အရိပ်ကို ရင်ဆိုင်ရန် နည်းလမ်းတစ်ခုခု ရှိလာနိုင်ပေလိမ့်မည်။

​သူ့အတွက် ဤအင်အားကို အပူတပြင်း လိုအပ်နေသည်။ သူ့ကို တစ်စုံတစ်ယောက်က စောင့်ကြည့်နေသလို၊ ကြက်သွေးရောင်အရိပ်ကလည်း အချိန်မရွေး ရောက်လာနိုင်သည်။ ညစောင့်တပ်ဖွဲ့ကလည်း ထိုအရိပ်ကို မြင်နိုင်သူမှန်သမျှကို လိုက်လံရှာဖွေနေနိုင်ပြီး စုံစမ်းစစ်ဆေးရေးဌာနအတွင်းမှာလည်း သစ္စာဖောက် ရှိနေနိုင်ခြေ ရှိသည်။

​အတွေးများစွာ ဖြတ်သန်းသွားပြီးနောက် လီဟောင်၏ အကြည့်များက ခိုင်မာပြတ်သားလာသည်။ ယခုတစ်ကြိမ်တွင်မူ ကျရှုံးခဲ့လျှင်တောင် သူ အရှုံးပေးမည်မဟုတ်ပေ။

​စတဲလာရစ်ကို စိမ်ထားသည်မှာ မိနစ်အနည်းငယ် ကြာသွားသော်လည်း ပန်းကန်လုံးထဲက ရေများမှာ တစ်စုံတစ်ရာ ပြောင်းလဲခြင်း မရှိသေးပေ။ မူးနောက်နောက် ဖြစ်နေသော ပန်သာမှာ ကြမ်းပြင်ပေါ်တွင် ဝပ်နေသည်။ ၎င်းက ခေါင်းမော့ကာ ပန်းကန်လုံးကို ကြည့်နေသော်လည်း ဗိုက်ပြည့်နေသဖြင့် ထပ်သောက်ချင်ပုံ မရတော့ပေ။ စောစောကကဲ့သို့လည်း အငမ်းမရ ဖြစ်မနေတော့ပါ။

​“ဟူး...”

​လီဟောင်က အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ပြီး ပန်းကန်လုံးကို ဂရုတစိုက် မယူကာ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။

​ရှေ့တံခါး ဂျက်ထိုးထားသည်ကို ထပ်မံစစ်ဆေးပြီးနောက် လိုက်ကာများကိုလည်း လုံအောင် ပိတ်လိုက်သည်။ အပြင်ကလူများ သူ့ကို မမြင်နိုင်စေရန်နှင့် တစ်စုံတစ်ယောက်က အတင်းဝင်ရောက်ရန် ကြိုးစားပါကလည်း ကြိုတင်သိရှိနိုင်ရန် သူ ပြင်ဆင်ထားရမည် ဖြစ်သည်။

​အားလုံး အသင့်ဖြစ်ပြီဆိုမှ သူသည် ဆိုဖာပေါ်တွင် ပြန်ထိုင်လိုက်သည်။ ပန်းကန်လုံးထဲက ကျောက်စိမ်းဓားလေးမှာ အရင်ကထက် ပိုမိုကြည်လင် တောက်ပနေသကဲ့သို့ ရှိသည်။

​ဒါဟာ သူ့ရဲ့ စိတ်အထင်လည်း ဖြစ်နိုင်ပေသည်။

​“လီမိသားစုရဲ့ ဓားက ကဗျာတစ်ပုဒ်နဲ့အတူ နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာတယ်ဆိုရင်... အဲဒါမှာ ထူးခြားချက်တစ်ခုခုတော့ ရှိရမှာပဲ မဟုတ်လား”

​လီဟောင်သည် ပန်းကန်လုံးကို မျက်လုံးနှင့် တစ်တန်းတည်း မြှောက်ကြည့်လိုက်သည်။ သူသည် မေးကြောကို တင်းထားရင်း အလွယ်တကူ ထုတ်သုံးနိုင်ရန် သေနတ်ကိုလည်း ဘေးနားတွင် ချထားလိုက်သည်။ ထို့နောက် သူသည် ရေကို အနည်းငယ်မျှ စမ်းသောက်ကြည့်လိုက်သည်။ ရေက အနည်းငယ် ပူနေသော်လည်း သူ ဂရုမစိုက်နိုင်ပေ။

​မျိုချလိုက်သည့် ပထမဆုံး အခိုက်အတန့်တွင် ရေပူပူ၏ ခံစားချက်မှအပ ဘာမှမထူးခြားသေးပေ။ သို့သော် တဖြည်းဖြည်းနှင့် သူ တစ်စုံတစ်ခုကို စတင်ခံစားလာရသည်။ နွေးထွေးသော စီးကြောင်းတစ်ခုက သူ့ရင်ဘတ်ထဲတွင် လှည့်ပတ်သွားသကဲ့သို့ ရှိသော်လည်း ချက်ချင်းပင် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။

​လီဟောင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး စူးရှသော အလင်းရောင်များ တောက်ပလာသည်။ ခုနက တစ်ခုခု ဖြစ်သွားတာလား။ ဒါမှမဟုတ် သူ့ရဲ့ စိတ်ကူးယဉ်မှုပဲလား။

​ဒါဟာ ဝေဝေဝါးဝါး ခံစားချက်တစ်ခုလား၊ ဒါမှမဟုတ် သူကပဲ လျှောက်တွေးနေတာလား။ ထိုနွေးထွေးသော စီးကြောင်းက တကယ်ရော ဟုတ်ရဲ့လား။

​“ဒါကို သောက်လို့ မသေဘူးဆိုရင် သိပြီ”

​လီဟောင်သည် သတ္တိကို မွေးမြူကာ ရေကို တစ်ငုံကြီးကြီး ထပ်သောက်လိုက်သည်။ ယခုတစ်ကြိမ်တွင်မူ ခံစားချက်က ပိုမိုထင်ရှားလာသည်။ နွေးထွေးသော စီးကြောင်းတစ်ခုက သူ့ဝမ်းဗိုက်အတွင်းသို့ အမှန်တကယ် စီးဝင်သွားခြင်း ဖြစ်သည်။

​သူ ငုံ့ကြည့်လိုက်သည့်အခါတွင်မူ သူ့ဝမ်းဗိုက်ပတ်လည်တွင် ကြယ်ရောင်ကဲ့သို့သော အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်ကို မြင်လိုက်ရတော့သည်။

သူသည် ငုံ့ကြည့်လိုက်သည့်အခါတွင်မူ သူ့ဝမ်းဗိုက်ပတ်လည်တွင် ကြယ်ရောင်ကဲ့သို့သော အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်ကို မြင်လိုက်ရတော့သည်။

​“ဒါက လျှို့ဝှက်စွမ်းအားလား”

​သူ့ရင်ထဲ တုန်လှုပ်သွားရသည်။ ဒါဟာ လူ့အဖွဲ့အစည်းရဲ့ အနားသတ်တွေမှာ ဝဲပျံနေတတ်တဲ့ လျှို့ဝှက်စွမ်းအားဆိုတာမျိုးလား။ ရေကို သောက်လိုက်ပြီးတဲ့နောက်မှာ ကြယ်ရောင်တွေလို တောက်ပနေတဲ့ အလင်းတန်းတွေကို သူ မြင်နေရပြီ ဖြစ်သည်။

​ထိုကြယ်ရောင်အလင်းတန်းများ စတင်ငြိမ်းသတ်သွားချိန်တွင် လီဟောင်၏ မျက်နှာရိပ်မျက်နှာကဲမှာလည်း ရုတ်ချည်း ပြောင်းလဲသွားသည်။ အလင်းတန်းများသည် လီဟောင်၏ ပတ်ဝန်းကျင်တွင် လွင့်စင်ပျံ့နှံ့သွားပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။

​မှေးစက်နေသော ပန်သာသည် ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး လီဟောင်ရှိရာသို့ တိုးကပ်လာသည်။ ၎င်းသည် လျှာကို ထုတ်ကာ လေထဲသို့ လျက်နေသော်လည်း ဘာကိုမျှ ရှာမတွေ့ခဲ့ပေ။

​“ဟင်…”

​လီဟောင်သည် မျက်မှောင်ကြုတ်ကာ အမြန်ဆုံး တွေးတောဆင်ခြင်လိုက်သည်။

​“ဒီကြယ်ရောင်တွေက လျှို့ဝှက်စွမ်းအားတွေလား,,, အဲဒါက ဝမ်းဗိုက်ထဲမှာ အရင်ပေါ်လာပြီးမှ အပြင်ကို လျှံထွက်သွားပြီး ပျောက်ကွယ်သွားတာပဲ။ ဒါဟာ ငါက ဒီစွမ်းအားကို ထိန်းမထားနိုင်လို့လား”

​သူသည် ဤကဲ့သို့သော ထူးကဲစွမ်းအားများနှင့် ပတ်သက်၍ ဘာမှမသိသော်လည်း၊ သိုင်းပညာ လေ့ကျင့်စဉ်ကဲ့သို့ပင် အရာအားလုံးတွင် စည်းမျဉ်းစည်းကမ်းနှင့် ကျွမ်းကျင်မှုများ ရှိရမည်ကိုတော့ နားလည်ထားသည်။ စနစ်တကျ မဟုတ်ဘဲ လျှောက်လုပ်ခြင်းက ခန္ဓာကိုယ်ကို သန်မာအောင် မလုပ်နိုင်ရုံသာမက မိမိကိုယ်ကိုပါ ဒုက္ခပေးမိတတ်သည်။ သူ့ဆရာက ထိုအကြောင်းကို တစ်ခါက ပြောပြဖူးသော်လည်း ယခုအချိန်တွင်မူ သူသည် ဘာဆက်လုပ်ရမည်ကို လုံးဝ မသိနားမလည် ဖြစ်နေရသည်။

​ဤကြယ်ရောင်အလင်းတန်းများသည် သူ အလွန်တောင့်တနေသော လျှို့ဝှက်စွမ်းအားများ ဖြစ်နိုင်သော်လည်း သူသည် ၎င်းကို ထိန်းသိမ်းထားနိုင်စွမ်း မရှိဘဲ ပျံ့လွင့်သွားသည်ကိုသာ အကူအညီမဲ့စွာ ကြည့်နေခဲ့ရသည်။

​“ဒီစွမ်းအားကို သုံးနိုင်ဖို့အတွက် လျှို့ဝှက်ကျင့်စဉ် ဒါမှမဟုတ် အဲဒီလိုမျိုး တစ်ခုခု လိုအပ်နေတာလား”

​လီဟောင်သည် သူ့ခြေရင်းက ခွေးနက်လေးကို ငုံ့ကြည့်လိုက်သည်။ ပန်သာသည် မည်သည့် ကျင့်စဉ်ကိုမျှ မသိသလို ကျင့်ကြံသူတစ်ယောက်လည်း မဟုတ်ပေ။ သို့သော် ကြယ်ရောင်အလင်းတန်းများသည် ထိုတိရစ္ဆာန်လေး၏ ခန္ဓာကိုယ်အတွင်း စီးဝင်သွားပြီးနောက် အချိန်တိုအတွင်းမှာပင် ၎င်းကို ပိုမိုသန်မာလာစေခဲ့သည်။

​လီဟောင်သည် ပန်းကန်လုံးထဲတွင် ကျန်ရှိနေသော ရေကို ကြည့်ရင်း ကောက်ချက်အချို့ကို လျင်မြန်စွာ ချလိုက်သည်။

​ပထမအချက်မှာ စတဲလာရစ် ကျောက်စိမ်းဓားတွင် ကြယ်ရောင်နှင့်တူသော စွမ်းအင်တစ်မျိုး အမှန်တကယ် ကိန်းအောင်းနေခြင်း ဖြစ်သည်။ ထိုစွမ်းအင်များ ပျော်ဝင်သွားစေရန်အတွက် ရေကို ကြားခံနယ်အဖြစ် အသုံးပြုရန် လိုအပ်ပေသည်။

​ဒုတိယအချက်မှာ ထိုစွမ်းအင်သည် ခန္ဓာကိုယ်ကို သန်မာစေသော်လည်း ၎င်းကို ထိန်းသိမ်းထား၍ မရခြင်း ဖြစ်သည်။

​တတိယအချက်မှာ ဤလျှို့ဝှက်စွမ်းအားကို မိမိပိုင်ဆိုင်အောင် ပြုလုပ်ရန်အတွက် လျှို့ဝှက်ကျင့်စဉ်များ သို့မဟုတ် အခြားသော ကျင့်စဉ်စနစ်များကို ကိုးကားရန် လိုအပ်ပေလိမ့်မည်။ ၎င်းသည် စွမ်းအားကို စုပ်ယူလိုက်ရုံ၊ စားသုံးလိုက်ရုံဖြင့် ရရှိနိုင်သောအရာ မဟုတ်ပေ။

​စတုတ္ထအချက်မှာ... သူသည် ကျင့်ကြံခြင်းနှင့် မကိုက်ညီသော ပါရမီမရှိသောလူ ဖြစ်နေခြင်းများလား။

​ဤစတုတ္ထအချက်မှာ အဓိပ္ပာယ်မရှိသော တွေးတောမှုမျိုး မဟုတ်ပေ။ လီဟောင်သည် လျှို့ဝှက်စွမ်းအားကို လေ့ကျင့်ရန် မည်သည့်အရာများ လိုအပ်သနည်း။ ထိုအရည်အချင်းများက သူ့တွင် ရှိနေသလားဆိုသည်ကို စဉ်းစားနေမိခြင်း ဖြစ်သည်။

​အကယ်၍ အခြားသူတစ်ယောက်သာဆိုလျှင် ထိုနွေးထွေးသော စီးကြောင်းကို ထိန်းသိမ်းထားနိုင်ပြီး၊ သူတစ်ယောက်တည်းသာ မစွမ်းဆောင်နိုင်ခြင်းများ ဖြစ်နေမလား။ ဒါဟာ ဖြစ်နိုင်ခြေရှိသော အရာတစ်ခုပင်။

​အကယ်၍ ငွေရောင်မြို့တော်ရှိ လူတိုင်းသာ ဤစွမ်းအားကို ကိုင်တွယ်နိုင်မည်ဆိုပါက လျှို့ဝှက်စွမ်းအားဟု ခေါ်ဆိုနေကြလိမ့်မည် မဟုတ်ပေ။ ညစောင့်တပ်ဖွဲ့ဝင်များသည် လူသားထက်သာလွန်သော စွမ်းဆောင်ရည်များ ရှိကြသည်ဟူသော ဝေဝေဝါးဝါး ကောလာဟလများမှာ လူအများ သိထားသမျှထဲတွင် အနီးစပ်ဆုံး ဖြစ်ပြီး၊ ထိုအဖွဲ့အစည်းသည်လည်း အလွန်အမင်း ကြီးမားပုံ မရပေ။

​ဤအချက်များကို ခေါင်းထဲထည့်ထားရင်း လီဟောင်သည် မိမိ၏ အခြေအနေကို စိတ်ထဲမှ ဆန်းစစ်ကြည့်မိသည်။ ထူးထူးခြားခြား ပြောင်းလဲသွားခြင်းမျိုးတော့ မရှိပေ။ သူသည် ရုတ်တရက် အင်အားများ ပြည့်လျှံလာခြင်း မရှိသလို၊ ပန်သာကဲ့သို့ အမွေးအမျှင်များ တောက်ပလာခြင်း သို့မဟုတ် အသားအရေ နုနယ်ချောမွေ့လာခြင်းမျိုးလည်း မရှိခဲ့ပါ။

​“ရေပူစမ်းထဲမှာ ထိုင်နေရသလိုပဲ… ဝမ်းဗိုက်ထဲမှာ ပူနွေးနေပေမဲ့ တခြားဘာမှတော့ မခံစားရဘူး”

​လီဟောင်သည် စိတ်ပျက်လက်ပျက်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။ သူ၏ ပြောင်းလဲမှုက ဘာကြောင့် ခွေးတစ်ကောင်ထက်တောင် နည်းနေရသနည်း။

​ပန်သာသည် ထိုရေကို သောက်ပြီးနောက် ၎င်း၏ အမွေးအမျှင်များမှာ သိသိသာသာ လင်းလက်လာခဲ့သော်လည်း သူကတော့ ဘာမှ ထူးမခြားနားဘဲ ရှိနေသည်။

​“ငါက ပန်သာ့လောက်တောင် မစွမ်းတာလား”

​လူငယ်လေးသည် ဝမ်းနည်းသလိုလိုဖြင့် ရယ်မောမိသည်။ သို့မဟုတ်လျှင်လည်း ဓားကို ပထမဆုံးအကြိမ် စိမ်ထားသည့် ရေက ပိုပြီး အာနိသင် ထက်မြက်ခဲ့ခြင်းလား။ ဘယ်သူသိနိုင်မည်နည်း၊ သူသည် ထိုခွေးနက်လေးလောက်ပင် ပါရမီမပါခြင်းလည်း ဖြစ်နိုင်ပေသည်။

​ထိုသို့သာဆိုလျှင်တော့ တကယ့်ကို စိတ်ပျက်စရာပင်။

​“ဒီအတိုင်းတော့ မဖြစ်သေးဘူး… ဒီကြယ်ရောင်စွမ်းအင်တွေကို ငါ ဖြုန်းတီးနေသလိုပဲ။ ခန္ဓာကိုယ်ထဲကနေ ပြန်ထွက်သွားပြီးတာနဲ့ ချက်ချင်း ပျောက်ကွယ်သွားတာပဲ”

​လီဟောင်သည် ပန်းကန်လုံးထဲတွင် ကျန်နေသော ရေကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူ ထပ်မသောက်ရဲတော့ပေ။ သူသည် စွမ်းအင်တွေကို ဖြုန်းတီးနေမိပြီ မဟုတ်ပါလား။

​ရေသည် စွမ်းအင်များကို သိုလှောင်ထားပြီး သောက်လိုက်သည့်အခါ ဝမ်းဗိုက်အတွင်းသို့ ရောက်ရှိသွားသော်လည်း ဝမ်းဗိုက်အတွင်းမှတစ်ဆင့် ပြန်လည်စိမ့်ထွက်သွားသည်နှင့် တစ်ပြိုင်နက် ပျောက်ကွယ်သွားခဲ့သည်။

​“စတဲလာရစ်ကို ရေထဲမှာ အမြဲတမ်း စိမ်ထားလို့ ရနိုင်မလား၊ ဒါမှမဟုတ် ဒီလို အသုံးပြုမှုက ကန့်သတ်ချက် ရှိနေမလား”

​မသေချာသော အချက်များစွာ ရှိနေသဖြင့် လီဟောင်သည် နောက်ထပ်တစ်ငုံကို အလွယ်တကူ မသောက်ရဲပေ။

​“ငါ့မှာ ဒီကြယ်ရောင်တွေကို ထိန်းထားနိုင်မယ့် နည်းလမ်းမရှိဘူး။ အကယ်၍ ငါ့ခန္ဓာကိုယ်ထဲမှာ အကုန်လုံးကို စုပ်ယူထားနိုင်မယ်ဆိုရင်တော့ ပြောင်းလဲမှုတစ်ခုခု ဖြစ်လာနိုင်တယ်...”

​“နေဦး…”

​သူ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားသည်။

​“အဓိကအချက်က ငါ့မှာ ဘာအခြေခံမှ မရှိတာပဲ။ အဲဒါကြောင့် စွမ်းအင်တွေက စုပ်ယူခြင်းမခံရဘဲ မြန်မြန် ပျောက်ကွယ်သွားတာ ဖြစ်မယ်။ ငါ့ခန္ဓာကိုယ်ထဲမှာ လျှို့ဝှက်စွမ်းအားတွေ အမြစ်တွယ်နိုင်ဖို့အတွက် အခြေခံအုတ်မြစ် မရှိလို့များလား”

​ဒါတွေကတော့ သူ သိပ်မသိသေးသဖြင့် ခန့်မှန်းနေခြင်းသာ ဖြစ်သည်။

​“ငါ ဒါတွေကို အလဟဿ မဖြစ်စေချင်ဘူး… ဒီရေက စွမ်းအင်တွေကို ဘယ်လောက်အထိ ထိန်းထားနိုင်မလဲဆိုတာလည်း မသိဘူး”

​သူသည် အတွေးသစ်တစ်ခု ရလာပြီးနောက် မတ်တတ်ရပ်လိုက်သည်။ သူသည် "မူလငါးသွယ်ကျမ်း" ကို စမ်းကြည့်လျှင် ကောင်းနိုင်ပေသည်။

​၎င်းမှာ ကျန်းမာကြံ့ခိုင်စေရန်အတွက် ရိုးရှင်းသော သိုင်းနည်းလမ်းတစ်ခုဖြစ်ပြီး၊ သူ့ဆရာက ရှေးဟောင်းကျမ်းစာအချို့ကို ကိုးကား၍ တီထွင်ထားခြင်း ဖြစ်သည်။ ၎င်းသည် အမှန်တကယ် ထိရောက်ကြောင်းကို ယွမ်ရွှော့ က သက်သေပြနေသည်။ ယွမ်ရွှော့ သည် အသက် (၇၀) ကျော်နေပြီဖြစ်သော်လည်း လျင်မြန်ဖျတ်လတ်နေဆဲဖြစ်ပြီး လီဟောင်ကိုပင် အလဲထိုးနိုင်သူ ဖြစ်သည်။

​၎င်းသည် တိကျသော ကကွက်များ သို့မဟုတ် နည်းစနစ်များထက် တစ်ဦးတစ်ယောက်၏ ကြွက်သားနှင့် အရိုးအဆစ်များကို အမြင့်မားဆုံးအထိ ကြံ့ခိုင်အောင် လေ့ကျင့်ပေးသော နည်းလမ်းတစ်ခု ဖြစ်သည်။ မူလငါးသွယ်ကျမ်းသည် လျှို့ဝှက်စွမ်းအားနှင့်လည်း ဘာမှ မပတ်သက်ပေ။

​လီဟောင်သည် ဤအချိန်တွင် ထိုနည်းလမ်းကို သတိရသွားခြင်းမှာ ကိုယ်ကာယ လေ့ကျင့်ခန်းအချို့ ပြုလုပ်ခြင်းက ကြယ်ရောင်များကို ပိုမိုစုပ်ယူနိုင်ရန် ကူညီပေးနိုင်လိမ့်မည်ဟု ခံစားမိသောကြောင့် ဖြစ်သည်။ အမှန်တကယ် ထိရောက်ခြင်း ရှိ၊ မရှိကတော့ ကံတရားအပေါ်မှာသာ မူတည်ပေလိမ့်မည်။

( စာကြွင်းမှတ်ချက် -

​မူလငါးသွယ်ကျမ်း (New Book of Five Styles) ၏ နောက်ကွယ်မှ အယူအဆမှာ တရုတ်ရိုးရာသိုင်းပညာရှိ "တိရစ္ဆာန်ငါးမျိုး အမူအရာကျင့်စဉ်" (Wu Qin Xi - 五禽戲) ကို အခြေခံထားခြင်း ဖြစ်သည်။ ၎င်းကျင့်စဉ်ကို ဟန်မင်းဆက်ခေတ်တွင် စတင်ပေါ်ပေါက်ခဲ့ပြီး တိရစ္ဆာန်ငါးမျိုးဖြစ်သော ကျား၊ သမင်၊ ဝက်ဝံ၊ မျောက် နှင့် ကြိုးကြာ တို့၏ လှုပ်ရှားမှုများကို အတုယူကာ ဖန်တီးထားခြင်းဖြစ်သည်။

​အဆိုပါ ဟန်ငါးပါးကို လေ့ကျင့်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါအစိတ်အပိုင်းများနှင့် ဓာတ်ကြီးငါးပါးကို အောက်ပါအတိုင်း အကျိုးပြုစေသည်ဟု ယုံကြည်ကြသည် -

​ကျားဟန် (Tiger) - အသည်းနှင့် သည်းခြေကို အကျိုးပြုသည် (သစ်သားဓာတ်)။

​သမင်ဟန် (Deer) - ကျောက်ကပ်နှင့် ဆီးအိမ်ကို အကျိုးပြုသည် (ရေဓာတ်)။

​ဝက်ဝံဟန် (Bear) - သရက်ရွက်နှင့် အစာအိမ်ကို အကျိုးပြုသည် (မြေဓာတ်)။

​မျောက်ဟန် (Monkey) - နှလုံးနှင့် အူသိမ်ကို အကျိုးပြုသည် (မီးဓာတ်)။

​ကြိုးကြာဟန် (Crane) - အဆုတ်နှင့် အူမကြီးကို အကျိုးပြုသည် (သတ္တုဓာတ်)။

​ဤကျင့်စဉ်သည် ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေရုံသာမက အတွင်းစွမ်းအားများကို ညီညွတ်မျှတစေရန်အတွက် အခြေခံအုတ်မြစ်ကောင်းတစ်ခုလည်း ဖြစ်ပေသည်။)

All Chapters