ဟန်ဆောင်တတ်ခြင်းသည်လည်း စွမ်းအားတစ်ခုပင် (၁)
Vol. 2 Ch. 11
ညဉ့်နက်ခဲ့ပြီ ဖြစ်သည်။ ကျန်းယွမ်၏ အိမ်သည် Openlight အိမ်ရာဝင်းအပြင်ဘက်က လမ်းဟောင်းတစ်ခုပေါ်တွင် ရှိသည်။ လီဟောင်သည် ငယ်စဉ်က ထိုမြို့၏ လမ်းဟောင်းများပေါ်တွင် ဆော့ကစားရသည်ကို အလွန်နှစ်သက်ခဲ့သည်။ သို့သော် ငွေမြို့တော်တိုးတက်လာသည်နှင့်အမျှ သမိုင်းဝင် အဆောက်အအုံများမှာ ဖျက်ဆီးခံရပြီး ကုန်သည်များလည်း ထွက်ခွာသွားကြသည်။ ယခုအခါတွင်မူ ထိုနေရာမှာ လူသူအရောက်အပေါက် နည်းပါးပြီး ပစ်ပယ်ခြင်း ခံထားရသည်။
နေထိုင်သူအများစုမှာ ပြောင်းရွှေ့သွားကြပြီဖြစ်ရာ Openlight ထက်ပင် ပို၍ တိတ်ဆိတ်နေသည်။
လမ်းဘေးရှိ အဆောက်အအုံအချို့တွင် အိမ်မီးရောင်များကို မြင်တွေ့နေရသေးသော်လည်း ပတ်ဝန်းကျင်၏ တိတ်ဆိတ်မှုက ထိုနေရာကို ပို၍ပင် ထူးဆန်းခြောက်ခြားဖွယ် ဖြစ်နေစေသည်။ အကယ်၍ အချိန်သာ ရမည်ဆိုပါက လီဟောင်သည် တစ်နေ့လျှင် ဓားရေအနည်းငယ်စီ သောက်ရင်း တဖြည်းဖြည်း အားကောင်းလာအောင် အရင်လုပ်မည် ဖြစ်သည်။
ကံမကောင်းစွာဖြင့် သူ၏ဘက်တွင် အချိန်က သိပ်မရှိတော့ပေ။
တစ်ရက်မျှ နောက်ကျခြင်းသည်ပင် အန္တရာယ်ကို ပို၍ မြင့်တက်လာစေနိုင်သည်။ သူ၏ အစီအစဉ်အတိုင်းဆိုလျှင် သူသည် ပို၍ သန်မာလာမည် ဖြစ်သော်လည်း ဓားရေသည် ခန္ဓာကိုယ် ကြံ့ခိုင်မှုကိုသာ မြှင့်တင်ပေးနိုင်ခြင်း ဖြစ်သည်။ ထိုအရာက ထူးဆန်းသော အရိပ်ဆိုးကို ရင်ဆိုင်နိုင်သည့် မှော်ဆန်သော အစွမ်းမျိုးကို ပေးနိုင်မည် မဟုတ်ပေ။
ဤခရီး၏ ရည်ရွယ်ချက်မှာ တစ်ခုတည်းသာ ရှိပြီး ၎င်းမှာ ကျောက်ဓားမြှောင် ရှိနေသေးသလားဆိုသည်ကို ကြည့်ရန်ဖြစ်သည်။
အကယ်၍ ရှိနေသေးလျှင် လီဟောင်အတွက် သတင်းကောင်းပင် ဖြစ်သည်။ မဟုတ်ဘဲ မရှိတော့ဘူးဆိုလျှင်မူ ကြက်သွေးရောင်အရိပ်၏ နောက်ကွယ်က အဖွဲ့အစည်းက ၎င်းကို ယူဆောင်သွားပြီ ဖြစ်နိုင်သည်။ ထိုသို့ဆိုလျှင် သူ၏ ကျောက်စိမ်းဓားအကြောင်းမှာလည်း ပေါက်ကြားသွားနိုင်ပြီး တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေပြီဟု ဆိုလိုခြင်း ဖြစ်သည်။
ပန်သာသည် လီဟောင်၏ ဘေးမှ အသံမထွက်ဘဲ လိုက်ပါလာသည်။ ခွေးနက်လေးသည် မှောင်မိုက်နေသည့် အမှောင်ထုထဲတွင် သိပ်ပြီး သတိမထားမိနိုင်ပေ။ သူတို့၏ ခြေသံများသည် လမ်းတစ်လျှောက် တိုးတိုးလေး ထွက်ပေါ်နေပြီး လီဟောင်သည် အိမ်တစ်လုံးရှေ့ရောက်သောအခါ မျက်နှာအမူအရာ မပျက်ဘဲ ကြည့်လိုက်သည်။ အိမ်ရှေ့တံခါးတွင် တရားဝင် ပိတ်သိမ်းထားကြောင်း ချိပ်ပိတ်စာကပ်ထားသည်။
ဤအိမ်သည် ကျန်းယွမ်၏ အိမ်ပင် ဖြစ်သည်။
ဤနေရာတွင် လူမရှိကြောင်း သူ သိနိုင်သလို ပန်သာကလည်း ဘာသတိပေးချက်မှ မပေးပေ။ သို့သော်လည်း သူသည် ခွေးကိုချည်းပဲ အားမကိုးချင်ပါ။ လီဟောင်သည် အိမ်ရှေ့တံခါးနှင့် မီတာတစ်ရာခန့် အကွာသို့ ရောက်သောအခါ ဆက်သွယ်ရေးစက်ကို ထုတ်ယူပြီး နံပါတ်တစ်ခုသို့ ဆက်လိုက်သည်။
ဆက်သွယ်ရေးစက်မှ ထွက်ပေါ်လာသော အလင်းဖျော့ဖျော့က မှောင်မိုက်နေသော လူငယ်လေး၏ မျက်နှာကို လင်းထိန်သွားစေသည်။
"တီ... တီ... တီ"
ခဏအကြာတွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"အချိန်ကိုလည်း ကြည့်ဦး… မင်း စုံစမ်းစစ်ဆေးရေးဌာနမှာ အလုပ်မလုပ်နိုင်တော့လို့ ငါ့ဆီ ပြန်လာဖို့ ဆုံးဖြတ်လိုက်ပြီလား"
လီဟောင်က စပီကာဖွင့်ထားသဖြင့် တစ်ဖက်က အော်ပြောသံမှာ မှောင်မိုက်နေသော လမ်းထဲတွင် ပဲ့တင်ထပ်သွားသည်။ သူသည် ရှေ့တွင် ကြုံတွေ့ရမည့် အခြေအနေများအတွက် အနည်းငယ် စိုးရိမ်နေသော်လည်း ထိုအသံကို ကြားရသောအခါ ရုတ်တရက် စိတ်သက်သာရာ ရသွားသည်။
လူငယ်လေးက ရိုရိုသေသေဖြင့်ပင် ပြန်ပြောလိုက်၏။
"အဲဒီကိစ္စကိုတော့ အခုလောလောဆယ် မစဉ်းစားသေးပါဘူး ဆရာ"
"ဒါဆိုရင် ဘာကိစ္စရှိလို့ ငါ့ဆီ ဖုန်းဆက်တာလဲ"
တစ်ဖက်မှ အသံမှာ စိတ်တိုသွားသည့် ပုံစံမျိုး ပြောင်းသွားသည်။
"ဆရာ... ကျွန်တော် လွန်ခဲ့တဲ့ တစ်နှစ်က ကျန်းယွမ်ရဲ့ ကိုယ့်ကိုယ်ကိုယ် မီးရှို့သေဆုံးတဲ့ အမှုကို စုံစမ်းကြည့်တော့ ထူးဆန်းတာတစ်ခု တွေ့ခဲ့တယ်။ ကျန်းယွမ် သေတာက မတော်တဆ မဟုတ်နိုင်ဘူး"
"ဟင်"
မှောင်မိုက်နေသော ညထဲတွင် လီဟောင်၏ မျက်နှာက တည်ငြိမ်နေသော်လည်း သူ၏ အမူအရာက အနည်းငယ် ရှုံ့မဲ့သွားသည်။
"ဒီနှစ်တွေထဲမှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့သေဆုံးသူ တစ်ယောက်ထက်မက ရှိခဲ့တယ်။ သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် မပတ်သက်သလို ထင်ရပေမဲ့ တကယ်တမ်းတော့ သိမ်မွေ့တဲ့ ဆက်နွှယ်မှုတွေ ရှိနေတယ်… ဒါပေမဲ့ ခိုင်မာတဲ့ သဲလွန်စကိုတော့ ကျွန်တော် မတွေ့သေးဘူး"
တစ်ဖက်မှ အသံမှာ တိတ်ဆိတ်သွားသည်။ လီဟောင်သည် ကျန်းယွမ်၏ အိမ်ရှေ့သို့ ရောက်နေပြီဖြစ်ပြီး ဟောင်းနွမ်းနေသော ချိပ်ပိတ်စများကို ကြည့်ကာ တိုးတိုးလေး ဆက်ပြောလိုက်သည်။
"ကျွန်တော် အခု ကျန်းယွမ်ရဲ့ အိမ်ရှေ့မှာ ရောက်နေတာ… သူက အသတ်ခံရတာလား ဒါမှမဟုတ် သူ့သေဆုံးမှုက မတော်တဆ မဟုတ်ဘူးလားဆိုတာကို သိနိုင်မယ့် သဲလွန်စတစ်ခုခု ရှိမလားဆိုတာ ကျွန်တော် ကြည့်ချင်တယ်"
တစ်ဖက်မှ ဟိန်းဟောက်သံကြီးက ဆက်လက်ထွက်ပေါ်လာသည်။
"အဲဒီမှာ ခဏစောင့်နေ… ငါ အခုချက်ချင်း စုံစမ်းစစ်ဆေးရေးဌာနနဲ့ အကယ်ဒမီကို အကြောင်းကြားလိုက်မယ်… မင်းအကူအညီလိုရင် လူတွေ ချက်ချင်းရောက်လာလိမ့်မယ်"
ယွမ်ရွှော့သည် သူ၏တပည့်ဟောင်း ဘာကိုဆိုလိုသည်ဆိုသည်ကို အသေးစိတ် ရှင်းပြနေစရာ မလိုဘဲ နားလည်လိုက်သည်။
လီဟောင်က ကျန်းယွမ်၏ သေဆုံးမှုမှာ မတော်တဆမဟုတ်ဘဲ လူသတ်မှုဖြစ်နိုင်ကြောင်းနှင့် သူကိုယ်တိုင် ကျန်းယွမ်၏ အိမ်ရှေ့သို့ ရောက်နေကြောင်း ပြောလိုက်ကတည်းက၊ ပါမောက္ခကြီးသည် ဤအခြေအနေမှာ အန္တရာယ်ရှိနိုင်ကြောင်း ချက်ချင်းသဘောပေါက်သွားခြင်း ဖြစ်သည်။
ယခုအချိန်တွင် လီဟောင်သည် အမှောင်ထဲတွင် ပုန်းအောင်းနေနိုင်သည့် အန္တရာယ်များကို ခြိမ်းခြောက်နိုင်ရန် ခိုင်မာသည့် အကာအကွယ်တစ်ခု လိုအပ်နေသည်။
သူသည် ဆရာဖြစ်သူကို တစ်ခုခုလုပ်ပေးရန် သို့မဟုတ် တစ်ခုခုပြောပေးရန် မတောင်းဆိုခဲ့သော်လည်း၊ ပါမောက္ခကြီးက သူဘယ်မှာရှိနေသည်နှင့် ကျန်းယွမ်၏အမှုကို စုံစမ်းနေသည်ကို သိရှိသွားခြင်းကပင် လုံလောက်နေပြီဖြစ်သည်။
အဆင့်မြင့်အကယ်ဒမီရှိ သြဇာရှိသူတစ်ဦးက ဤကိစ္စကို သိရှိသွားခြင်းသည်ပင် လုံလောက်သော အကာအကွယ်ဖြစ်သည်။
မည်သူမျှ မဆင်မခြင် လှုပ်ရှားရဲတော့မည် မဟုတ်ပေ။
မဟုတ်ပါက လီဟောင်သာ တစ်ခုခုဖြစ်သွားလျှင် အကယ်ဒမီမှ ထိုအဖိုးကြီး၏ ဒေါသကို ရင်ဆိုင်ရမည်ဖြစ်ရာ ပို၍ ကြီးမားသော ပြဿနာများ တက်လာနိုင်သည်။
လီဟောင်နှင့် ယွမ်ရွှော့တို့သည် ဆက်ဆံရေး လုံးဝပြတ်တောက်သွားပြီဟု ကောလာဟလများ ထွက်နေသော်လည်း အမှန်တရားမှာ ထိုအရာနှင့် ဆန့်ကျင်ဘက်ပင်ဖြစ်သည်။
ယွမ်ရွှော့၏ အော်ပြောသံမှာ တိတ်ဆိတ်နေသော လမ်းထဲတွင် အတော်လှမ်းလှမ်းအထိ ကြားနေရသည်။
အကယ်၍ တစ်စုံတစ်ယောက်က ထိုနေရာကို စောင့်ကြည့်နေမည်ဆိုပါက အဆင့်မြင့်အကယ်ဒမီနှင့် စုံစမ်းစစ်ဆေးရေးဌာနမှ လူများ ရောက်လာနိုင်သည်ဟူသော အဖိုးကြီး၏ စကားကို ဧကန်မုချ ကြားသွားပေလိမ့်မည်။
......
လီဟောင်က သူ၏ဆရာဟောင်းနှင့် စကားပြောနေစဉ် လိမ္မာသော ပန်သာက ရုတ်တရက် သူ၏ ဘောင်းဘီနားကို ကိုက်လိုက်သည်။
လူငယ်လေးမှာ ထူးခြားမှုကို မသတိထားမိသေးသော်လည်း ခွေး၏ အာရုံခံနိုင်စွမ်းမှာ သူ့ထက် ပို၍ ထက်မြက်သည်။
ပန်သာသည် တစ်စုံတစ်ခုကို အာရုံရသွားခြင်း ဖြစ်နိုင်သလို၊ သူ၏ဆရာ ပြောလိုက်သော စကားများကြောင့် အမှောင်ထဲတွင် ပုန်းနေသူများ လှုပ်လှုပ်ရှားရှား ဖြစ်သွားခြင်းလည်း ဖြစ်နိုင်သည်။
ထိုနေရာတွင် စောင့်ကြည့်နေသူ တကယ်ရှိနေခြင်းပင်။
သို့သော် ထိုအရာသည် မကောင်းသည့်အချက်တော့ မဟုတ်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ကျန်းယွမ်၏ ကျောက်ဓားမြှောင်မှာ အိမ်ထဲတွင် ရှိနေသေးသည်ဟု ဆိုလိုခြင်းလည်း ဖြစ်နိုင်သည်။
ယွမ်ရွှော့သည် ဆက်သွယ်ရေးစက်ထဲမှ ဆက်လက်၍ ဆူပူအော်ဟစ်နေဆဲ ဖြစ်သော်လည်း လီဟောင်က ပြုံးလျက် တားလိုက်သည်။
"အခြေအနေက အဲဒီလောက် မဆိုးပါဘူး ဆရာ… ကျွန်တော်က ဆရာ့ကို အခြေအနေလေး သိရအောင် ဖုန်းဆက်လိုက်တာပါ။ ပိုအရေးကြီးတာက နောက်ရက်ပိုင်းမှာလုပ်မယ့် ကွင်းဆင်းလေ့လာရေးအတွက် လုံခြုံရေးတာဝန်ယူဖို့ ကျွန်တော် လျှောက်ထားလိုက်တယ်… ဆရာနဲ့အတူ ကွင်းဆင်းခရီး လိုက်ခဲ့ရနိုင်ပါတယ်"
"မင်းလား…"
ယွမ်ရွှော့က အံ့သြသလိုဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ကောင်းတာပေါ့… ငါ မင်းကို စောင့်နေမယ်… ဒီတစ်ခေါက် ကွင်းဆင်းလေ့လာရေးက နည်းနည်း ရှုပ်ထွေးတယ်။ မင်း ငါ့နားမှာ နှစ်နှစ်လောက် သင်ယူခဲ့ပေမဲ့ လက်တွေ့တော့ တစ်ခါမှ မလုပ်ဖူးသေးဘူး"
"လီဟောင်... ဒီခရီးစဉ်ကို မင်းရဲ့ လက်တွေ့သင်ခန်းစာလို့ပဲ သဘောထားလိုက်ရအောင်။ မင်းသာ ကောင်းကောင်း လုပ်နိုင်ရင် မင်းကို အထူးကျောင်းသားအဖြစ် ငါ သတ်မှတ်ပေးမယ်။ အကယ်ဒမီမှာ စည်းကမ်းတွေ အများကြီး ရှိပေမဲ့ မင်းသာ ကွင်းဆင်းလေ့လာရေးမှာ တစ်ခုခု စွမ်းဆောင်နိုင်ရင် မင်းကို ဘွဲ့ရအောင် ငါ လုပ်ပေးနိုင်တယ်"
"အကယ်၍ မင်းက စုံစမ်းစစ်ဆေးရေးဌာနမှာပဲ ဆက်နေမယ်ဆိုရင်တောင် ဘွဲ့လက်မှတ်ရှိရင် ရာထူးနှစ်ဆင့် ချက်ချင်းတက်မယ်။ ပထမအဆင့် စုံစမ်းစစ်ဆေးရေးမှူး ရာထူးကို အာမခံချက်ရမှာ ဖြစ်သလို ရှေ့အလားအလာလည်း ပိုတောက်ပြောင်လာလိမ့်မယ်"
လီဟောင်က ပြုံးလိုက်သည်။
"ဆရာ... အဲဒီအကြောင်းကိုတော့ နောက်မှ ဆွေးနွေးကြတာပေါ့… အခုတော့ သဲလွန်စရှိမလားဆိုတာ အိမ်ထဲကို အရင်ဝင်ကြည့်လိုက်ဦးမယ်။ ကျန်းယွမ်ရဲ့ အမှုကို အခြေအမြစ် သိရပြီး တရားခံကို ဖမ်းမိပြီဆိုတာနဲ့ အကယ်ဒမီကို ပြန်ဝင်ဖို့ နည်းလမ်းရှာမှာကတော့ ပြောနေစရာတောင် မလိုပါဘူး"
"အေး... အဲဒါလည်း အဆင်ပြေပါတယ်… ဒုက္ခတစ်ခုခုကြုံရင် ငါ့ဆီ အချိန်မရွေး ဖုန်းဆက်လိုက်"
ယွမ်ရွှော့က သတိပေးသည်။
"ငါ ဖြေရှင်းမပေးနိုင်တာ ဘာမှမရှိဘူး… အကယ်၍ စုံစမ်းစစ်ဆေးရေးဌာနနဲ့ အကယ်ဒမီက ဘာမှမတတ်နိုင်ရင်တောင် မင်းရဲ့ဆရာ ရှိသေးတယ်။ မင်းသာ နောင်တစ်ချိန်မှာ ဂုဏ်ဆောင်နိုင်မယ်ဆိုရင် လိုအပ်လာတဲ့အခါ ငါ့အစွမ်းကုန် ကြိုးစားပြီး အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေကိုတောင် မင်းကို ကယ်ဖို့ လွှတ်ပေးမယ်"
လီဟောင်၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး စကားလုံးဖြင့် ဖော်ပြမရနိုင်သော ကျေးဇူးတင်စိတ်များ ပြည့်လျှံသွားသည်။
သူ၏ဆရာ ပြောလိုသည့် အဓိပ္ပာယ်ကို သူ သိသည်။
အကယ်၍ လိုအပ်လာပါက ဆရာလွှတ်ပေးမည့် အစွမ်းထက်သူများမှာ ညစောင့်တပ်ဖွဲ့မှလူများ ဖြစ်နိုင်ချေ များသည်။
သူသည် ဤကိစ္စကြီးထွားလာပါက ဆရာ့ကိုပါ ပတ်သက်မိမည် စိုးသောကြောင့် ကြိုတင်၍ ဘာမှ မပြောခဲ့ခြင်းဖြစ်သည်။
သို့သော် ပါမောက္ခကြီး၏ ထက်မြက်သော ဉာဏ်ရည်ဖြင့် ကျန်းယွမ်၏ ကိုယ့်ကိုယ်ကိုယ် မီးရှို့သေဆုံးမှုမှာ မတော်တဆ မဟုတ်ကြောင်း ကြားလိုက်ရသည်နှင့် ထူးခြားဆန်းပြားသော အကြောင်းရင်းများ ပါဝင်နေသည်ကို ချက်ချင်း ရိပ်မိသွားခြင်း ဖြစ်သည်။
ဒါကြောင့်လည်း သူက အစွမ်းထက်တဲ့ ပုဂ္ဂိုလ်အချို့အကြောင်းကို ပြောခဲ့ခြင်း ဖြစ်သည်။
ယွမ်ရွှော့သည် ထင်ပေါ်ကျော်ကြားသော ပါမောက္ခတစ်ဦး ဖြစ်သော်လည်း ညစောင့်တပ်ဖွဲ့များသည် မည်သူခိုင်းခိုင်း ကူညီမည့်အဖွဲ့မျိုး မဟုတ်ပေ။
လီဟောင်သည် ယခုကိစ္စကို ရုံးလုပ်ငန်းအဖြစ် မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ ကိုင်တွယ်နေခြင်း ဖြစ်သောကြောင့် သူတို့၏ အကူအညီကို ရယူရန်မှာ အဖိုးအခ အမြောက်အမြား ပေးရပေလိမ့်မည်။
"ကျွန်တော် နားလည်ပါပြီ… ကျေးဇူးအများကြီးတင်ပါတယ် ဆရာ"
လီဟောင်သည် ဖုန်းချလိုက်ပြီး တံခါးဘောင်ပေါ်မှ ချိပ်ပိတ်စများကို ဆွဲခွာကာ တစ်နှစ်ကြာ ပိတ်ထားခဲ့သည့် တံခါးကို ဖွင့်လိုက်သည်။
......
လီဟောင်နှင့် ခွေးနက်လေး အိမ်ထဲသို့ ဝင်သွားပြီးနောက် အပြင်ဘက် လမ်းမပေါ်တွင် တိတ်ဆိတ်မှုက ပြန်လည် စိုးမိုးသွားသည်။
အချိန်အတော်ကြာသည်အထိ ဘာအသံမှ ထပ်မထွက်လာတော့ပေ။
ထူးဆန်းသော အပြာရောင် အလင်းတန်းများ တောက်ပနေသည့် မျက်လုံးတစ်စုံသည် လေဟာနယ်ထဲတွင် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်။
ညဉ့်အမှောင်ထု၏ အစိတ်အပိုင်းတစ်ခုအနှယ် ဖြစ်နေသော လူရိပ်မည်းတစ်ခုသည် အမှောင်ထဲတွင် လှုပ်ရှားနေသည်။
ထိုလူရိပ်မှာ အမှောင်ထဲတွင် လွင့်မျောနေသည့် အပြာရောင် မျက်လုံးများမှလွဲ၍ ခြေဆုံးခေါင်းဆုံး အနက်ရောင် ဝတ်ဆင်ထားသည်။
၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော သရဲမျက်နှာဖုံးကို တပ်ဆင်ထားသဖြင့် ရုပ်ရည်ကို လုံးဝဖုံးကွယ်ထားပြီး ကျား၊ မ ခွဲခြားရန်ပင် မဖြစ်နိုင်ပေ။
"လီဟောင်... ကျန်းယွမ်ရဲ့ အတန်းဖော်၊ အရင်းနှီးဆုံး သူငယ်ချင်း၊ အဆင့်မြင့်အကယ်ဒမီရဲ့ ဒုတိယနှစ် ကျောင်းသားဟောင်း"
"ကျန်းယွမ် သေဆုံးပြီးနောက်မှာ သူက ကျောင်းက ထွက်ခဲ့ပြီး စုံစမ်းစစ်ဆေးရေးဌာနကို ဝင်ခဲ့တယ်… အဲဒီအချိန်ကစပြီး ဖြစ်ရပ်ကို သူ စုံစမ်းနေခဲ့တာ"
"ဒီနေ့ အစောပိုင်းမှာပဲ သူက လျှို့ဝှက်ရေးရာဌာနခွဲမှူး ဝမ်ကျဲဆီကို အစီရင်ခံစာ တင်ခဲ့တယ်… သူက ကိုယ့်ကိုယ်ကိုယ် မီးရှို့သေဆုံးမှု ခြောက်ခုကို ဆက်စပ်ကြည့်ပြီး အမှုတစ်ခုတည်းအဖြစ် ပူးတွဲကိုင်တွယ်ချင်နေတာ"
လီဟောင်နှင့် ပတ်သက်သည့် အချက်အလက်များသည် ထိုလူရိပ်မည်း၏ ခေါင်းထဲတွင် ဖျတ်ခနဲ ပေါ်လာသည်။
ထိုလူငယ်လေးသည် မနှစ်က ကျောင်းထုတ်လိုက်သည့် အချိန်မှစ၍ စောင့်ကြည့်ခြင်း ခံခဲ့ရပြီး သူကိုယ်တိုင်ကလည်း အဓိကဇာတ်ကောင်တစ်ဦး ဖြစ်ပုံရသည်။
သို့သော် ထိုကိစ္စမှာ ဤလူရိပ်မည်း၏ တာဝန်ဝတ္တရားထဲတွင် မပါဝင်သဖြင့် သူ ဘာမှ ပိုမသိပေ။
သူ့တွင် ရရှိထားသော အမိန့်မှာ ဖြစ်နိုင်လျှင် လီဟောင်ကို ဘာမှမလုပ်ဘဲ လွှတ်ထားရန် ဖြစ်သည်။
ထိုကောင်လေးက နောင်တွင် အသုံးဝင်လာပေလိမ့်မည်။
သူ့ကို တစ်ခုခုမလုပ်ခင် သေချာစဉ်းစားဖို့ လိုမယ်။
လီဟောင်က ခုနက သူ့ဆရာ ယွမ်ရွှော့နဲ့ စကားပြောနေတာလား။
ယွမ်ရွှော့သည် အဆင့်မြင့်အကယ်ဒမီ၏ ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်သည်။
ရှေးဟောင်းယဉ်ကျေးမှု ဘာသာရပ်၏ ဌာနမှူးဖြစ်သလို ညစောင့်တပ်ဖွဲ့များနှင့်လည်း အလုပ်တွဲလုပ်နေသူ ဖြစ်ရာ ငွေမြို့တော်တွင် ထိုလျှို့ဝှက်အဖွဲ့အစည်းနှင့် တိုက်ရိုက်စကားပြောနိုင်သည့် လူအနည်းငယ်ထဲက တစ်ဦးဖြစ်သည်။
"ဘယ်သူမှ ငါ့ကို မပြောရင်တောင် သူ့ကို ငါ သွားမထိဘူး"
လူရိပ်မည်းသည် ကျန်းမိသားစု၏ အိမ်အနီးသို့ တိုးကပ်သွားသည်။
လီဟောင်က ဘာလို့ အထဲကို ဝင်သွားတာလဲ။
သဲလွန်စ ရှာဖို့လား။
ကျန်းယွမ်က အကယ်ဒမီမှာ မီးလောင်သေဆုံးခဲ့တာ၊ သူ့အိမ်မှာ ဘာသဲလွန်စ ရှိနိုင်မှာမို့လို့လဲ။
ဒါမှမဟုတ် အဲဒီလူငယ်လေးက တစ်ခုခုကို ရှာနေတာလား။
ဘာကို ရှာနေသလဲဆိုတာကိုတော့ လူရိပ်မည်း မသိပေ။
သူ့၏ တာဝန်မှာ အိမ်သို့ ချဉ်းကပ်လာသူ မှန်သမျှကို စောင့်ကြည့်ရန်သာ ဖြစ်သည်။
......
"အူး... အူး..."
ပန်သာသည် လီဟောင်၏ ဘောင်းဘီနားကို အသည်းအသန် ကိုက်ဆွဲရင်း တိုးတိုးလေး ညည်းတွဲကာ လူငယ်လေးကို တစ်ခုခု ပြောပြရန် ကြိုးစားနေသည်။
လီဟောင်သည် တည်ငြိမ်နေသော်လည်း အတွင်းစိတ်တွင်မူ အလွန်သတိထားနေသည်။
တစ်စုံတစ်ယောက်က သူ့ဆီ ချဉ်းကပ်လာနေတာလား။
သူ့ဆရာနဲ့ ဖုန်းပြောခဲ့တာက သူတို့ကို ခြောက်လှန့်ဖို့ မလုံလောက်ခဲ့ဘူးလား။
သူ ဘာမှမပြောဘဲ ခွေးလေး၏ ခေါင်းကိုသာ အသာအယာ ပွတ်သပ်ပေးလိုက်သည်။
ပန်သာကို ခဏလောက် ချော့မြူပြီးနောက် ပျက်စီးယိုယွင်းနေသည့် အိမ်ဟောင်းကြီးကို လှည့်ကြည့်လိုက်သည်။
သူသည် ယခုအခါ အိမ်မကြီးရှေ့ရှိ အသင့်အတင့် အရွယ်အစားရှိသော ခြံဝန်းထဲတွင် ရပ်နေခြင်း ဖြစ်သည်။
ကျန်းယွမ်၏ အခန်းမှာ တစ်ဖက်တွင် ရှိပြီး မီးဖိုချောင်မှာ အခြားတစ်ဖက်တွင် ရှိသည်။
လီဟောင်သည် ငယ်စဉ်က ဤနေရာသို့ မကြာခဏ လာခဲ့ဖူးသဖြင့် အလွန်ရင်းနှီးနေသည်။
အရွယ်ရောက်လာသည့်အခါ ဤနေရာလေးမှာ အနည်းငယ် ကျဉ်းမြောင်းလွန်းသည်ဟု ထင်ရသော်လည်း သူ့မိဘများ မကွယ်လွန်မီအချိန်အထိ သူ မကြာခဏ လာရောက်လည်ပတ်ခဲ့ဖူးသည်။
ဒီတစ်ခေါက် သူ့ရဲ့ အဓိက ရည်မှန်းချက်ကတော့ ကျန်းမိသားစုရဲ့ ကျောက်ဓားမြှောင်ပဲ ဖြစ်သည်။
ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရုံနဲ့ အရာအားလုံးက နဂိုအတိုင်း ရှိနေသယောင် ထင်ရပေမဲ့ တစ်စုံတစ်ယောက် ရောက်လာခဲ့တယ်ဆိုတာ သူ သိလိုက်သည်။
ပစ္စည်းအချို့မှာ မူလနေရာတွေကနေ ရွေ့လျားနေသည်။
ဘာမှ ထူးထူးခြားခြား ဖြစ်မနေသော်လည်း ထိုပစ္စည်းတွေ ရွေ့ထားတယ်ဆိုတာကို လီဟောင်ကတော့ ရှင်းရှင်းလင်းလင်း သိနေသည်။
ကျန်းယွမ်ကလွဲရင် သူသည် ဤအိမ်အကြောင်းကို အသိဆုံးလူ ဖြစ်ပေလိမ့်မည်။
ခြံထဲက အပင်အိုကြီးတောင်မှ အထိအတွေ့ ခံထားရသည်။
အပင်ကို အမြစ်ကနေ တူးထုတ်ပြီးမှ မြေကြီးထဲ ပြန်စိုက်ထားသည့် ပုံစံမျိုး ပေါက်နေသည်။
"အကယ်၍ ကျောက်ဓားမြှောင်က ဒီမှာ ရှိနေသေးရင် အိပ်ခန်းမကြီး ဒါမှမဟုတ် ဒုတိယအိပ်ခန်းထဲမှာ မရှိတာတော့ သေချာတယ်"
လီဟောင်သည် ဤအိမ်သို့ အကြိမ်ကြိမ် လာခဲ့ဖူးသဖြင့် အကယ်၍ ထိုနေရာနှစ်ခုတွင်သာ ဝှက်ထားမည်ဆိုပါက သူ မြင်ဖူးပြီးသား ဖြစ်ပေလိမ့်မည်။
သူသည် ကျန်းယွမ်တို့အိမ်ကို သူ့အိမ်လို သဘောထားခဲ့ပြီး ဘီရိုတွေ၊ အံဆွဲတွေကိုလည်း အနှံ့မွှေနှောက်ဖူးခဲ့သည်။
"နောက်ဆုံးအကြိမ် ငါ အဲဒီဓားမြှောင်ကို မြင်ဖူးတာက ဦးလေးကျန်းက ယွမ်လေးကို ရိုက်တဲ့အချိန်တုန်းကပဲ"
"ဦးလေးက အဲဒီဓားကို မြေကြီးပေါ် ပစ်ချလိုက်တာ ငါမှတ်မိတယ်၊ ဒါပေမဲ့ နောက်မှ ပြန်ကောက်ထားသလားဆိုတာတော့ ငါမသိဘူး"
ကျန်းယွမ်က ထိုဓားမြှောင်ကို တစ်နေရာရာကနေ မတော်တဆ ရှာတွေ့ခဲ့ခြင်း ဖြစ်မည်ဟု လီဟောင် ထင်မိသည်။
ဖြစ်နိုင်သည်မှာ ဦးလေးကျန်းကိုယ်တိုင်ပင် ထိုအရာကို မမှတ်မိတော့ဘဲ၊ သူ့သားက ထိုအရာကို သွားကိုင်သည့်အခါမှ ရိုက်နှက်ရန် အကြောင်းပြချက်အဖြစ် သုံးခဲ့ခြင်း ဖြစ်နိုင်သည်။
သူက ထိုမိသားစုအမွေအနှစ်ကို သိပ်ပြီး အရေးကြီးလှသည်ဟု ထင်ပုံမရပေ။
ဘိုးဘွားပိုင် အမွေအနှစ်ဆိုတာ ဘာကြီးလဲ။
အမွေအနှစ် ဖြစ်နေရင်တောင်မှ အဲဒါက ဘာမှ တန်ဖိုးရှိတာ မဟုတ်ဘူး။
ဘယ်သူက အဲဒီ အမှိုက်တုံးကြီးကို လိုချင်မှာလဲ။
အကယ်၍ ကျန်းယွမ်သာ အဲဒီအရာကို ပြန်ရှာမတွေ့ခဲ့ရင် ဦးလေးကျန်းက သူ့ဆီမှာ ဒီလိုကျောက်တုံးရှိမှန်းတောင် ဘယ်တော့မှ မှတ်မိတော့မှာ မဟုတ်ဘူး။
လီဟောင်သည် ဝေဝါးနေသော သူ့ရဲ့ မှတ်ဉာဏ်ဟောင်းတွေကို ပြန်ဖော်ရင်း ခြံဝန်းရဲ့ ထောင့်တစ်နေရာဆီကို လျှောက်သွားလိုက်သည်။
ထိုနေရာတွင် နံရံပြင်ရန်အတွက် စုပုံထားသည့် ကျောက်တုံးများစွာ ရှိနေသည်။