ဟန်ဆောင်တတ်ခြင်းသည်လည်း စွမ်းအားတစ်ခုပင် (၂)
Vol. 2 Ch. 12
လီဟောင်သည် ကျောက်တုံးပုံကို လျင်မြန်စွာ ကြည့်ရှုနေသော်လည်း သူမှတ်မိနေသည့် ကျောက်တုံးကို ရှာမတွေ့သေးပေ။ ထိုကျောက်တုံးသည် ဓားသွားပုံစံနှင့် အနည်းငယ် ဆင်တူသည်ဟုသာ သူမှတ်မိသည်။
"တစ်ယောက်ယောက်က အမှောင်ထဲကနေ စောင့်ကြည့်နေလောက်တယ်ဆိုတော့… ငါ ဒါကို ပေါ်တင်ရှာလို့ မရဘူး"
သူ ဘာဆက်လုပ်ရမည်ကို စဉ်းစားနေစဉ်မှာပင် ပန်သာက တိုးတိုးလေး ဟောင်လိုက်သည်။ ၎င်းမှာ အစာလုသည့် အသံမျိုး မဟုတ်ဘဲ သတိပေးသည့် အသံမျိုး ဖြစ်သည်။ လီဟောင်လည်း ထိတ်လန့်သွားပြီး ခေါင်းနားပန်းကြီးသွားရသည်။
သူသည် ခွေး၏ အကြည့်အတိုင်း အိမ်မကြီးဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ နှလုံးခုန်သံမှာ ရုတ်တရက် ရပ်တန့်သွားမတတ် ဖြစ်သွားရသည်။ အစက ပိတ်ထားသည့် အိမ်ရှေ့တံခါးမှာ အခုတော့ အနည်းငယ် ပွင့်ဟနေပြီး ထိုအက်ကွဲကြောင်းကြားမှ အနီရောင် အရိပ်တစ်ခုကို မြင်လိုက်ရသည်။
‘ကြက်သွေးရောင်အရိပ်လား’
လီဟောင်၏ ရင်ဘတ်ထဲမှာ တုန်လှုပ်နေသည်။
‘ဒီအရိပ်က အပြင်ကို ထွက်လာပြီလား’
သူသည် ထိုအရိပ်ကို အရင်က မြင်ဖူးသော်လည်း သူ၏ တွက်ချက်မှုအရ ထိုအရိပ်သည် မိုးရွာသည့် ညများမှာသာ ပေါ်လာရမည် ဖြစ်သည်။ အခုလို အချိန်မှာ ဘာလို့ ဒီကို ရောက်နေရသနည်း။
"ဒီအရိပ်က အခုထိ အိမ်ထဲမှာ ကျောက်ဓားမြှောင်ကို လိုက်ရှာနေတာများလား"
လီဟောင်၏ နဖူးမှာ အေးစက်စက် ချွေးများ ထွက်လာသည်။
သူတို့ တွေ့ဆုံရတာ စောလွန်းနေပြီ ဖြစ်သည်။ သူသည် အပြည့်အဝ အဆင်သင့် မဖြစ်သေးပေ။ အကယ်၍ ထိုအရိပ်က သူ့ကို တိုက်ခိုက်ပြီး မီးရှို့မည်ဆိုပါက သူ့မှာ ခုခံရန် မည်သည့် နည်းလမ်းမှ မရှိပေ။
"ဒီအရိပ်က ဘာလို့ ဒီကို ရောက်နေတာလဲ… တောက်... ဒါက မြန်လွန်းတယ်.. ငါ ညစောင့်တပ်ဖွဲ့ဝင်တွေနဲ့တောင် မတွေ့ရသေးဘူး"
သူသည် ကိုယ်ခန္ဓာတစ်ခုလုံး တောင့်တင်းသွားပြီး အနည်းငယ် တုန်ယင်လာသည်။ သူသည် ချက်ချင်းပင် လှည့်ပြေးချင်စိတ် ပေါက်သွားသော်လည်း စိတ်ကို ပြန်ထိန်းလိုက်သည်။
သို့သော် အပြင်ဘက်မှ တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေနိုင်သည်။
မှန်သည်။ သူသည် ထွက်ပြေးလို့မဖြစ်ပေ။ အဘယ်ကြောင့်ဆိုသော် သာမန်လူများသည် ကြက်သွေးရောင်အရိပ်ကို မမြင်နိုင်ကြသောကြောင့် ဖြစ်သည်။ အကယ်၍ သူသာ ပြေးလိုက်မည်ဆိုပါက သူသည် ထိုအရိပ်ကို မြင်နိုင်သည်ဟူသော အချက်ကို သူတို့ သိသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ့အတွက် ကြီးမားသော ဒုက္ခများ ရောက်လာနိုင်သည်။ သူသည် ထိုအရိပ်ကို မမြင်ရသကဲ့သို့ ဟန်ဆောင်နေနိုင်မှသာလျှင် ကြောက်စရာ အကြောင်းမရှိသလို ဖြစ်နေမည် ဖြစ်သည်။
သူ၏ အတွေးထဲတွင် အတွေးများစွာ လည်ပတ်နေပြီးနောက် သူက အော်လိုက်သည်။
"ဘာလို့ အော်နေတာလဲ… ငြိမ်ငြိမ်နေစမ်း"
သူသည် ပန်သာကို ဟောက်လိုက်ပြီးနောက် အိမ်မကြီးဘက်သို့ လှည့်ပြီး ထပ်အော်လိုက်သည်။
"ဘယ်သူရှိတာလဲ… ငါက ငွေမြို့တော် စုံစမ်းစစ်ဆေးရေးဌာနကပဲ… အထဲမှာ ဘယ်သူရှိလဲ"
လီဟောင်သည် သေနတ်ကို မြှောက်လိုက်ပြီး အိမ်ရှေ့တံခါးကို ချိန်လိုက်သည်။
"ဘယ်သူရှိလဲ… ထွက်လာစမ်း"
သူသည် အနီရောင် အရိပ်ကို မမြင်ရသလိုမျိုး ဟန်ဆောင်ပြီး အိမ်ရှေ့တံခါးကိုသာ စူးစိုက်ကြည့်ကာ အမိန့်ပေးနေခဲ့သည်။ ဘာမှ ပြန်မထူးသဖြင့် သူသည် အိမ်နားသို့ ချဉ်းကပ်သွားခဲ့သည်။
သူသည် အိမ်နားသို့ ရောက်သည့်အခါ ရုတ်တရက် အရှေ့သို့ တိုးသွားပြီး တံခါးကို ဆောင့်ကန်ဖွင့်လိုက်သည်။ တံခါးမှာ နံရံနှင့် ရိုက်မိပြီး အသံအကျယ်ကြီး ထွက်သွားသဖြင့် အိမ်နီးနားချင်းများပင် လန့်သွားကြသည်။ ဘေးပတ်ဝန်းကျင်က အိမ်များဆီမှ အသံအချို့ ထွက်ပေါ်လာသည်။
လီဟောင်သည် ထိုအသံများကို ဂရုမစိုက်ဘဲ အိမ်ထဲသို့ စူးစိုက်ကြည့်ရင်း ထပ်အော်လိုက်သည်။
"ဘယ်သူရှိလဲ… ငါ စုံစမ်းစစ်ဆေးရေးဌာနကပဲ… ထွက်လာစမ်း.. မဟုတ်ရင် ငါ ပစ်မှာနော်"
သူသည် အရှေ့သို့သာ စူးစိုက်ကြည့်နေသော်လည်း သူ၏ နဖူးမှာ ချွေးများဖြင့် စိုရွှဲနေပြီး လက်မောင်းများမှာလည်း အနည်းငယ် တုန်ယင်နေသည်။ ပန်သာမှာလည်း ကြောက်လန့်လွန်းသဖြင့် သူ၏ ခြေထောက်နားတွင် ကပ်ကာ ဝပ်နေသည်။ လီဟောင်သည် မျက်လုံးထောင့်မှနေ၍ ခွေး၏ မျက်လုံးကို လှမ်းကြည့်လိုက်သည်။ ခွေး၏ မျက်လုံးထဲမှ ပုံရိပ်ပြန်ဟပ်မှုတွင်တော့ သူ၏ ဘယ်ဘက်ဘေးတွင် ကပ်ရပ်နေသော ကြက်သွေးရောင်အရိပ်ကို မြင်လိုက်ရသည်။ ၎င်းမှာ သူနှင့် ပါးချင်းကပ်နေလုနီးပါးပင် ရှိနေသည်။
‘ဘာမှမတုံ့ပြန်နဲ့၊ စိတ်ကို ထိန်းထားစမ်း’
သူသည် ဘာမှမမြင်ရသလိုမျိုး အိမ်အတွင်းကိုသာ ဆက်လက် စစ်ဆေးနေခဲ့သည်။
"ဘယ်သူမှ မရှိဘူးလား"
သူ၏ အသံမှာ တုန်ရီနေပြီးနောက် အသံကို နှိမ့်ကာ ဆဲဆိုလိုက်သည်။
"တောက်… တော်သေးတာပေါ့ ငါ့လုပ်ဖော်ကိုင်ဖက်တွေ တစ်ယောက်မှ ပါမလာလို့။ မဟုတ်ရင်တော့ ငါ့ကို လှောင်ကြတော့မှာပဲ… ညကြီးမင်းကြီး ဒီလိုဖြစ်နေတာက တရားခံ ပုန်းနေတယ်လို့တောင် ထင်မိသွားတယ်"
သူသည် လေကို ပြင်းပြင်းထန်ထန် မှုတ်ထုတ်လိုက်ပြီး ထိုအရိပ်ဘက်သို့ အကြည့်ကို လုံးဝ မလွှဲဘဲ နေခဲ့သည်။ ချွေးများကို သုတ်လိုက်ပြီးနောက် အောက်သို့ ငုံ့ကြည့်ကာ ပန်သာ၏ ခေါင်းကို ရိုက်လိုက်သည်။
"ဒီခွေးငတုံး… ဘာလို့ အော်နေတာလဲ.. ဒီမှာ ဘာမှမရှိတာကို,,, ငါ့ကို တော်တော်လန့်အောင် လုပ်တာပဲ"
ခွေး၏ ခေါင်းကို သူ ရိုက်လိုက်သည်။
ကြောက်လန့်နေသော ခွေး၏ မျက်လုံးထဲတွင်တော့ ဝမ်းနည်းသည့် ပုံစံမျိုး ရှိနေသည်။ သူက ဒီအရိပ်ကြီးကို မမြင်ဘူးလားဟု မေးနေသလိုပင်။ ခွေးသည် ခေါင်းကို မဖော်ရဲပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရိပ်မှာ သူ၏ အပေါ်တည့်တည့်တွင် လွင့်မျောနေသောကြောင့် ဖြစ်သည်။
လီဟောင်သည် ဘာမှမသိသလို ဟန်ဆောင်နေသော်လည်း ပန်သာကို ရိုက်ရန် သူ၏လက်ကို လွှဲလိုက်စဉ် ထိုအရိပ်ကို ဖြတ်ကျော်သွားခဲ့သည်။ အေးစက်စက် ခံစားချက်တစ်ခုကိုသာ သူ ခံစားလိုက်ရသည်။
ဒါက ထိတွေ့လို့ မရတဲ့ အရာမျိုးလား။ သူသည် ပန်သာကို ရိုက်ခြင်းဖြင့် ကြက်သွေးရောင်အရိပ်ကို တကယ်ပဲ ထိတွေ့၍ ရ မရ စမ်းသပ်လိုက်ခြင်း ဖြစ်သည်။ ပန်သာကို ရိုက်ခြင်းမှာ ထိုအရိပ်ကို ထိတွေ့ရန်အတွက် အကောင်းဆုံး အကြောင်းပြချက်ပင် ဖြစ်သည်။
သူ၏ စမ်းသပ်မှုအရ ထိုအရိပ်ကို ထိတွေ့၍ မရကြောင်း သူ သဘောပေါက်သွားခဲ့သည်။
‘ဒုက္ခပဲ… သေနတ်နဲ့ ပစ်ရင်လည်း ထိမှာ မဟုတ်ဘူး’
လီဟောင်သည် ထိတ်လန့်သွားသော်လည်း သူ၏ စိတ်ကို အပြင်းအထန် ထိန်းချုပ်ထားသည်။ အပြင်လူများ အမြင်တွင်တော့ သူသည် ထိုအရိပ်ကို မမြင်ရသဖြင့် သူ၏ အပြုအမူများမှာ ပုံမှန်အတိုင်းပင် ဖြစ်နေသည်။
"ဒီခွေးငတုံး… မင်း ဒီလို ထပ်အော်နေရင် ငါ မင်းကို သတ်ပစ်မှာနော်… မင်းကြောင့် ယွမ်လေးရဲ့ အိမ်တံခါးတောင် ပျက်သွားပြီ။ ငါ… ဆရာ့ကို ဖုန်းဆက်ပြီး လူတွေ လွှတ်ခိုင်းတော့မလို့"
သူသည် ဒေါသထွက်နေသည့် ပုံစံဖြင့် ခွေးကို ထပ်ကန်လိုက်သည်။ သူ၏ ခြေထောက်မှာလည်း ထိုအရိပ်ကို ထပ်မံ ဖြတ်ကျော်သွားခဲ့ပြန်သည်။
လီဟောင်မှာ ထင်ထားသည်ထက် ပို၍ ရဲရင့်သူပင် ဖြစ်သည်။ ကြက်သွေးရောင်အရိပ်မှာ သူ့ကို ချက်ချင်း တိုက်ခိုက်ခြင်း မပြုဘဲ တစ်စုံတစ်ခုကို စောင့်ကြည့်နေသလိုပင်။ ထိုသို့ဆိုလျှင် သူသည် သူ၏ သရုပ်ဆောင်မှုကို ဆက်လက် လုပ်ဆောင်နေရမည် ဖြစ်သည်။
သူသည် မှောင်မည်းနေသော အိမ်အတွင်းကို ထပ်မံ ကြည့်ရှုရင်း လေကို မှုတ်ထုတ်လိုက်သည်။
"ညကြီးမင်းကြီး ဒီမှာနေရတာ တကယ်တော့ တော်တော်ကြောက်ဖို့ကောင်းတာပဲ… ငါ့ဆရာ့ကိုပဲ ဖုန်းဆက်လိုက်ရင် ကောင်းမလား။ စုံစမ်းစစ်ဆေးရေးဌာနက လူတွေကလည်း သိပ်အားကိုးလို့ မရဘူး။ သူတို့က ယွမ်လေးရဲ့ အမှုကိုတောင် သာမန်အမှုလို့ ထင်ပြီး ပိတ်လိုက်ကြတာ။ အဆိုးဆုံး ဖြစ်လာရင်တော့ ငါ့ဆရာ့ကို အဝတ်အမည်းဝတ်တဲ့ လူတွေကို လွှတ်ပေးဖို့ ပြောရမယ်"
ထိုအဝတ်အမည်းဝတ်ထားသူများမှာ ညစောင့်တပ်ဖွဲ့ဝင်များပင် ဖြစ်သည်။ လီဟောင်သည် သူတို့ကို အဝေးမှ တစ်ချက်မျှသာ မြင်ဖူးခဲ့သော်လည်း သူတို့၏ ယူနီဖောင်းကိုတော့ ကောင်းကောင်း မှတ်မိနေသည်။ ယခု သူ တိုးတိုးလေး ရေရွတ်နေခြင်းမှာ သူ့ကို စောင့်ကြည့်နေသူများကို ခြိမ်းခြောက်ရန်ပင် ဖြစ်သည်။ အကယ်၍ ဤအရိပ်မှာ အသိစိတ် ရှိမည်ဆိုပါက သူပြောနေသည့် ညစောင့်တပ်ဖွဲ့အကြောင်းကို သိပေလိမ့်မည်။
ဤအရေးကြီးသော အချိန်တွင် လီဟောင်သည် အလွန်အမင်း တည်ငြိမ်အောင် ကြိုးစားရင်း တစ်ဖက်နှင့်တစ်ဖက် ပူးပေါင်းနေခြင်း ရှိ မရှိကိုလည်း အတည်ပြုချင်နေသည်။ သူသည် ကြောက်လန့်ပြီး ထွက်မပြေးရုံတင်မကဘဲ သူ၏ တွေးခေါ်ချက်များကိုပါ လက်တွေ့ စမ်းသပ်နေခြင်း ဖြစ်သည်။
ထွက်ပြေးခြင်းမှာ အမိုက်မဲဆုံး အလုပ်ပင် ဖြစ်ပေလိမ့်မည်။ အကယ်၍ သူ ပြေးလိုက်ပါက သူသည် အရိပ်ကို မြင်နိုင်သည်ဟူသော အချက်မှာ ချက်ချင်း ပေါ်သွားပေလိမ့်မည်။ လီဟောင်၏ ခွဲခြမ်းစိတ်ဖြာချက်အရ သူသည် မိုးရွာသည့်နေ့မှသာ သေဆုံးနိုင်မည် ဖြစ်သဖြင့် ယခုအချိန်တွင် သေမည်မဟုတ်သည်မှာ သေချာသလောက် ရှိသည်။ ထို့ကြောင့် သူသည် ရသမျှ အခွင့်အရေးကို အသုံးချရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"အဲဒီ အဝတ်အမည်းဝတ်တဲ့ လူတွေက ကြည့်ရတာ အရမ်းကြောက်ဖို့ကောင်းတယ်"
သူသည် တွေဝေနေသည့် ပုံစံဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဆရာက သူတို့ကို တကယ်ပဲ လွှတ်ပေးနိုင်ပါ့မလားတော့ မသိဘူး… ဘာပဲဖြစ်ဖြစ် စုံစမ်းစစ်ဆေးရေးဌာနမှာ ဘာသဲလွန်စမှ မရှိတော့တာဆိုတော့ သူတို့ကိုပဲ အားကိုးရတော့မှာပဲ"
"ငါကလည်း သိပ်ပြီး ရဲရင့်တဲ့သူ မဟုတ်ဘူး… ဘာလုပ်ရမှန်းလည်း မသိဘူး။ ညကြီးမင်းကြီး ဒီမှာရှိနေရတာက တကယ်ကို ကလေးတစ်ယောက်လို ဖြစ်နေပြီ… ဒါကို တစ်ယောက်တည်း ဆက်လုပ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးထင်တယ်"
သူသည် စိတ်ပျက်အားငယ်နေသည့် ပုံစံဖြင့် ဆက်သွယ်ရေးကိရိယာကို ထုတ်ယူလိုက်သည်။
"ဆရာ့ဆီက အကူအညီ တောင်းမှ ဖြစ်တော့မယ်"
သူသည် ပါမောက္ခ ယွမ်ရွှော့၏ ဖုန်းနံပါတ်ကို စတင် နှိပ်လိုက်သည့်အခါ သူ၏ နှလုံးခုန်သံမှာ ပြင်းထန်လာသည်။ ထိုစဉ်မှာပင် ကြက်သွေးရောင်အရိပ်မှာ တုန်ခါသွားခဲ့သည်။ အိမ်နံရံ၏ အပြင်ဘက်မှနေ၍ ပါးလွှာသော အနီရောင်ချည်မျှင်တစ်ခုမှာ အရိပ်ဆီသို့ ဆန့်ထွက်လာပြီး ချိတ်ဆက်သွားခဲ့သည်။ နောက်တစ်စက္ကန့်မှာပင် ထိုအရိပ်သည် အမိန့်တစ်ခု ရလိုက်သည့်အလား ခြံဝင်းအတွင်းမှ ချက်ချင်း လွင့်မျော ပျောက်ကွယ်သွားတော့သည်။ ခဏအကြာတွင် ပန်သာမှာလည်း ပြန်လည် နိုးကြားလာပြီး အရင်အတိုင်း အမြီးနန့်ကာ လီဟောင်ကို ကြည့်လိုက်သည်။
သူသည် အရာအားလုံး အဆင်ပြေသွားပြီ၊ ထိုလူလည်း ထွက်သွားပြီဖြစ်သလို တစ္ဆေအရိပ်ကြီးလည်း မရှိတော့ဘူးဟု ပြောနေသလိုပင်။
လီဟောင်သည်တော့ ထိုဖြစ်ရပ်ကို အလွန်ပင် အလေးအနက် ထားနေမိသည်။ ထိုကြက်သွေးရောင်အရိပ်သည် အိမ်အပြင်ဘက်က လူနှင့်အတူ ရှိနေခြင်းပင် ဖြစ်သည်။ ထိုအရိပ်မှာ သီးခြားလွတ်လပ်သည့် အရာတစ်ခုမဟုတ်ဘဲ အဖွဲ့အစည်းတစ်ခုခု၏ လက်အောက်ခံဖြစ်မည်ဟု သူ ကြိုတင် တွေးထားခဲ့ပြီးသား ဖြစ်သည်။
အဓိက အချက်မှာ အပြင်ဘက်က လူသည် ကြက်သွေးရောင်အရိပ်ကို မြင်နိုင်ရုံတင်မကဘဲ ဆက်သွယ်နိုင်ခြင်း သို့မဟုတ် ထိန်းချုပ်နိုင်ခြင်းပင် ဖြစ်သည်။ လီဟောင်က သူ၏ဆရာကို ဖုန်းဆက်ပြီး ညစောင့်တပ်ဖွဲ့၏ အကူအညီကို တောင်းမည်ဟု ပြောလိုက်သည့်အခါ ထိုသူများမှာ စိုးရိမ်သွားပုံရပြီး ဆုတ်ခွာရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။
သူ၏ ခြိမ်းခြောက်မှုမှာ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။
သို့သော် လီဟောင်မှာတော့ လုံးဝ ပျော်ရွှင်မနေပေ။ အိမ်အတွင်းသို့ ဆန့်ထွက်လာသည့် ထိုအနီရောင် ချည်မျှင်မှာ သူ၏ ဓားစိမ်ရည်မှ ထွက်ပေါ်လာသည့် ကြယ်စင်အလင်းတန်းနှင့် ဆင်တူနေသည်။ ၎င်းမှာ လျှို့ဝှက်ဆန်းပြားသည့် စွမ်းအားတစ်ခုပင် ဖြစ်သည်။
"အပြင်မှာ ရှိနေတဲ့လူက ထူးခြားတဲ့ စွမ်းအားတွေကို အသုံးချနိုင်တာပဲ။ သူတို့က ဒီအရိပ်ရဲ့ သခင်လား ဒါမှမဟုတ် အတူတူ အလုပ်လုပ်နေကြတာလား။ ငါ့ကို စမ်းသပ်ဖို့အတွက် ဒီအရိပ်ကို လွှတ်လိုက်တာလား"
"ငါ ဒီအရိပ်ကို သေနတ်နဲ့ သတ်လို့မရပေမဲ့ အပြင်ကလူကို သတ်လိုက်ရင်ကော… အဲဒီလူ သေသွားရင် ကြက်သွေးရောင်အရိပ်က ဘာဖြစ်သွားမလဲ"
သူသည် အလွန်အရေးကြီးသည့် အချက်တစ်ခုကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ ကြက်သွေးရောင်အရိပ်က ကြောက်စရာကောင်းသော်လည်း ၎င်းကို ထိန်းချုပ်နေသူမှာ လူသားတစ်ဦးသာ ဖြစ်လျှင် ထိုသူသည်လည်း သွေးသားဖြင့် တည်ဆောက်ထားခြင်း ဖြစ်သဖြင့် မသေနိုင်သည့်အရာ မဟုတ်ပေ။
ကြက်သွေးရောင်အရိပ်... အမည်မသိလူသား... ကြက်သွေးရောင်အရိပ်... အမည်မသိလူသား...။
သူ အရိပ်ကို ထိတွေ့လိုက်စဉ်က ငြိမ်သက်နေသည့် ကျောက်စိမ်းဓားလေးမှာ လှုပ်ခတ်သွားသလို သူ ခံစားလိုက်ရသည်။ ကြယ်စင်စွမ်းအားက ထိုအရိပ်ကို နာကျင်အောင် လုပ်နိုင်မလား။
"ကျောက်ဓားမြှောင်ကို ရှာမတွေ့ရင်တောင် ဒီတစ်ခေါက် လာရတာ တန်ပါတယ်"
လီဟောင်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာသည်။ အကယ်၍ ထိုလူက သူ့ကို သတိမထားမိဘဲ နေမည်ဆိုလျှင် သူ ထိုလူကို ကိုင်တွယ်နိုင်ပေလိမ့်မည်။ သို့သော် ထိုလူက သတိရှိနေမည်ဆိုပါက ကြက်သွေးရောင်အရိပ် တစ်ခုတည်းနှင့်တင် သူ့ကို အလွယ်တကူ သတ်ပစ်နိုင်ပေသည်။
"ငါသာ သူ့ကို အငိုက်မိအောင် လုပ်ပြီး ပစ်သတ်နိုင်မယ်၊ ပြီးတော့ ကြယ်စင်စွမ်းအားကလည်း အရိပ်ကို ထိခိုက်စေနိုင်မယ်ဆိုရင်... သေချာ စီစဉ်ပြီး သူတို့နှစ်ယောက်လုံးကို တစ်ခါတည်း အပြတ်ရှင်းပစ်လို့ ရနိုင်တယ်"
သူ၏ မျက်လုံးများမှာ တောက်ပလာခဲ့သည်။ မသိနားမလည်ခြင်းကသာ ကြောက်ရွံ့မှုကို ဖြစ်စေခြင်း ဖြစ်သည်။ သူသည် ဤထူးခြားဆန်းပြားသည့် ဖြစ်ရပ်များနှင့် ၎င်းတို့နောက်ကွယ်က အဖွဲ့အစည်းအကြောင်းကို စတင် နားလည်လာသည့်အခါ သူ၏ ကြောက်ရွံ့မှုများမှာ လျော့ပါးသွားခဲ့သည်။ သူ၏ စိတ်ထဲတွင် လက်စားချေလိုစိတ်တစ်ခုသာ ပြင်းပြနေတော့သည်။
"ဒါပေမဲ့ ဒီအရိပ်က ငါအရင်က မြင်ဖူးတဲ့ အရိပ်ပဲလား… အရိပ်တွေ ဘယ်နှခုတောင် ရှိနေတာလဲ။ အခု ငါ့ကို စောင့်ကြည့်နေတဲ့လူက အဲဒီအဖွဲ့ရဲ့ အကြီးအကဲထဲက တစ်ယောက်လား"
လီဟောင်သည် ထိုအဖွဲ့အစည်းတွင် လူမည်မျှ၊ အရိပ်မည်မျှနှင့် စွမ်းအားမည်မျှ ရှိနေမည်ကို တွေးတောရင်း စိုးရိမ်နေမိသည်။ ၎င်းတို့မှာ တစ်ဦးတစ်ယောက်တည်း မဟုတ်သည်မှာတော့ သေချာလှသည်။
"ဒါက တကယ်ကို ခက်ခဲတဲ့ ကိစ္စပဲ… ငါက သာမန်လူတစ်ယောက်ပဲ ရှိသေးတာ"
သူသည် သက်ပြင်းချလိုက်ပြီး ရန်သူများ ဆုတ်ခွာသွားသည့် အချိန်ကို အမိအရ အသုံးချရန် ဆုံးဖြတ်လိုက်သည်။ ညစောင့်တပ်ဖွဲ့ဝင်များနှင့် မဆုံချင်သဖြင့် သူတို့ ခဏတာ ပြန်လာမည်မဟုတ်ပေ။ ထို့ကြောင့် ကျန်းမိသားစု၏ ကျောက်ဓားမြှောင်ကို ရှာဖွေရန် သူ အချိန်ကောင်း ရလိုက်ပြီ ဖြစ်သည်။
လမ်း၏ အဆုံးတွင်တော့...
ခြောက်ခြားဖွယ်ကောင်းသည့် သရဲမျက်နှာဖုံးအောက်မှ ပြာလွင်သော မျက်လုံးတစ်စုံသည် တွေဝေစွာဖြင့် ရပ်တန့်နေခဲ့သည်။ သူတို့ တကယ်ပဲ ဒီအတိုင်း ထွက်သွားသင့်သလား။
သို့သော် လီဟောင်က ညစောင့်တပ်ဖွဲ့ဝင်များကို တကယ်ခေါ်လာမည်ဆိုလျှင် သူတို့အတွက် အလွန် ဒုက္ခရောက်နိုင်ပေသည်။ သူတို့၏ တည်ရှိမှု ပေါ်သွားမည်ဆိုပါက ပို၍ ကြီးမားသော ပြဿနာများ ဖြစ်လာနိုင်သည်။
"ထားလိုက်တော့… လောလောဆယ်တော့ ဘေးကင်းအောင် ထွက်သွားတာ ပိုကောင်းပါတယ်။ ပါမောက္ခ ယွမ်ရွှော့ ခေါ်ရုံနဲ့ ညစောင့်တပ်ဖွဲ့ဝင်တွေက ချက်ချင်း ရောက်လာမှာ မဟုတ်ပေမဲ့လည်း မတော်တဆ ဖြစ်လာမှာကို ကြိုကာထားတာ ပိုကောင်းတယ်"
မျက်နှာဖုံးစွပ်ထားသူသည် ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။
ကြက်သွေးရောင်အရိပ်သည် ထိုသူ၏နောက်မှ တိတ်ဆိတ်စွာ လိုက်ပါသွားခဲ့သည်။ လီဟောင် တစ်ခုခု ရှာတွေ့သွားမှာကိုတော့ ထိုသူက စိုးရိမ်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်တိုင် ဤအိမ်ကို အကြိမ်ကြိမ် ရှာဖွေခဲ့ပြီး ဖြစ်သောကြောင့် ဖြစ်သည်။ အိမ်၏ အုတ်မြစ်ကို တူးပြီး ရှာခဲ့တာတောင် ဘာမှ ရှာမတွေ့ခဲ့ပေ။ ၎င်းမှာ ပျောက်ဆုံးသွားပြီဟုသာ သူတို့ ယူဆထားသဖြင့် လီဟောင်က ရှာတွေ့သွားမည်ဆိုလျှင် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဟာသတစ်ခု ဖြစ်ပေလိမ့်မည်။
သို့သော် သူတို့တစ်ခုတော့ သေချာသွားခဲ့သည်။ လီဟောင်သည် တစ်စုံတစ်ခုကို မြင်ခဲ့ရသဖြင့် ကျောင်းက ထွက်လာခဲ့ခြင်း မဟုတ်ပေ။ သူသည် သူငယ်ချင်းဖြစ်သူ၏ မတော်တဆ သေဆုံးမှုကို လက်မခံနိုင်ရုံသာ ရှိသေးသည်။ အကယ်၍ သူက တစ်ခုခုကိုသာ မြင်ခဲ့မည်ဆိုပါက ယနေ့ညတွင် ကြောက်လန့်လွန်းသဖြင့် ဘောင်းဘီထဲတွင်ပင် ဆီးထွက်ကျသွားနိုင်ပေသည်။
ဤဖြစ်နိုင်ခြေကို ဖယ်ထုတ်နိုင်လိုက်ပြီး သူ၏ လုပ်ရပ်များအတွက် အဖြေတစ်ခု ရရှိသွားခြင်းမှာ သူတို့အတွက် ကောင်းမွန်သည့် အချက်ပင် ဖြစ်သည်။