ငွေမြို့တော်၏ အထူးဥပဒေစိုးမိုးရေးအဖွဲ့ (၁)
Vol. 2 Ch. 15
ည ၁၀ နာရီအချိန်။
ဝေါကနဲ မြည်ဟည်းသံများနှင့်အတူ အင်ဂျင်သံများသည် တိတ်ဆိတ်နေသော လမ်းကြားအိုလေးအတွင်းသို့ ပျံ့လွင့်ဝင်ရောက်လာကြ၏။ ဤလမ်းကြားလေးအတွင်း၌ ယခုကဲ့သို့ ဆူညံပွက်လောရိုက်မှုမျိုး မကြုံတွေ့ရသည်မှာ ကြာမြင့်လှပြီ ဖြစ်ပေသည်။ ကားမီးရောင်များသည် အရပ်မျက်နှာအနှံ့သို့ ထိုးဖြာသွားကြပြီး ငြိမ်သက်နေသော ပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း ရုတ်ချည်းပင် သက်ဝင်လှုပ်ရှားလာတော့သည်။
......
ကျန်းမိသားစုဝင်များ နေထိုင်ခဲ့သည့် အိမ်ကြီး၏ ရှေ့တွင်ဖြစ်သည်။
လီဟောင်သည် မိမိ၏ ရှေ့မှောက်၌ ဖြစ်ပျက်နေသော မြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေမိ၏။ အစပိုင်းတွင် သူသည် လူအများ၏ အာရုံစိုက်မှုကို မခံယူလိုခဲ့သော်လည်း ကြက်သွေးရောင်အရိပ်နှင့် ထိပ်တိုက်တွေ့ဆုံပြီးနောက်တွင်မူ သူ၏ အတွေးများက ပြောင်းလဲသွားခဲ့လေသည်။
တကယ့် အစွမ်းထက်သူများသည် ခက်ခဲသော ပတ်ဝန်းကျင်တွင်သာ ပုန်းကွယ်နေတတ်ကြသည်မဟုတ်ပါလော။ မိမိကိုယ်ကိုယ် အထင်အရှားဖြစ်အောင် ပြုမူနေထိုင်ခြင်းသည်လည်း တစ်ခါတစ်ရံတွင် လူမသိအောင် ပုန်းကွယ်နေထိုင်ခြင်း၏ နည်းလမ်းတစ်ခုပင် ဖြစ်နိုင်ပေသည်။
ယနေ့မှစ၍ သူသည် ကျန်းယွမ်အတွက် လက်စားချေလိုသူတစ်ဦးအဖြစ် လူသိရှင်ကြား ဖြစ်သွားတော့မည် ဖြစ်၏။ သူ၏ နောက်ကွယ်တွင် အခြားသော ရည်ရွယ်ချက်များ သို့မဟုတ် ရှာဖွေတွေ့ရှိမှုများ ရှိနေသည်ဟု မည်သူမျှ သံသယဝင်ကြမည်မဟုတ်ပေ။ သူသည် အခြားသူများ၏ အကူအညီကို မရရအောင် တောင်းခံတတ်သူ၊ မိမိအပေါ် ကျရောက်လာတော့မည့် အန္တရာယ်ကိုလည်း သတိမထားမိဘဲ မိုက်ရူးရဲဆန်သူတစ်ဦးအဖြစ်သာ အများက မြင်ကြပေလိမ့်မည်။
တစ်နည်းအားဖြင့် ဆိုရသော် သူသည် ကြွေထည်ပစ္စည်းဆိုင်ထဲသို့ ရမ်းသန်းဝင်ရောက်လာသည့် နွားသိုးတစ်ကောင်ကဲ့သို့ပင် ဖြစ်၏။
ဤကဲ့သို့သော လီဟောင်မျိုးကိုသာ ရန်သူများက မြင်တွေ့လိုကြခြင်း ဖြစ်ပေသည်။ ငယ်ရွယ်သည်၊ စိတ်လိုက်မာန်ပါ ရှိသည်၊ မိုက်ရူးရဲဆန်သော်လည်း သစ္စာရှိသည်၊ ထက်မြက်သော်လည်း ပါးနပ်မှုမရှိ၊ အသိဉာဏ်အနည်းငယ် ရှိသော်လည်း ပညာသတိ မရှိသူဟူသော ပုံရိပ်ကို သူက တည်ဆောက်လိုခြင်း ဖြစ်၏။
ဤပုံရိပ်က ရန်သူများကို သတိလက်လွတ် ဖြစ်သွားစေမည်မှာ အမှန်ပင်။ သို့သော် သူသည် ငတုံးတစ်ယောက်အဖြစ်တော့ ဟန်ဆောင်၍ မရပေ။ အကယ်၍ သူသာ ငတုံးတစ်ယောက် ဖြစ်နေပါက ပါမောက္ခ ယွမ်ရွှော့၏ အာရုံစိုက်မှုကို မည်သို့ ရရှိနိုင်ပါမည်နည်း။ ထိုသို့ဆိုလျှင် ပို၍ပင် သံသယဖြစ်စရာ ကောင်းနေပေလိမ့်မည်။
သူသည် ခြေလှမ်းတိုင်းကို မလှမ်းခင်ကတည်းက အကျိုးအမြတ်နှင့် ဆုံးရှုံးမှုကို သေချာစွာ တွက်ချက်တတ်သူ ဖြစ်၏။ အမှန်စင်စစ် သူသည် ကျောက်တုံးသေးသေးလေးတစ်တုံးကိုသာ ထုတ်ယူလိုခြင်း ဖြစ်သော်လည်း လူအများ သိရှိအောင် အကြီးအကျယ် ပြုလုပ်နေခြင်းသာ ဖြစ်ပေသည်။
ထိုကျောက်တုံးလေးတစ်တုံးကို ခြေရာဖျောက်ရန်အတွက် ယခုကဲ့သို့ အားထုတ်မှုမျိုး ပြုလုပ်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားကြမည် မဟုတ်ပေ။ ဤသည်မှာ လီဟောင် လိုလားသည့် အတွေးအခေါ်ပင် ဖြစ်၏။ အရာရာက မယုံကြည်နိုင်စရာ ကောင်းလေလေ၊ လူတို့၏ အတွေးသည် ထိုလမ်းကြောင်းပေါ်သို့ ရောက်ရှိရန် ခဲယဉ်းလေလေ ဖြစ်ပေသည်။
ဝေါ...
ဖိနပ်သံများက ကျောက်စရစ်ခဲများအပေါ်တွင် တဒုန်းဒုန်း မြည်ဟည်းသွားပြီးနောက် သံချပ်ကာ ဝတ်ဆင်ထားသည့် စုံစမ်းစစ်ဆေးရေးမှူးများသည် ကားပေါ်မှ ဆင်းလာကြ၏။ ၎င်းတို့သည် လမ်းကို အမြန်ဆုံး ပိတ်ဆို့လိုက်ကြပြီး ကျန်းမိသားစု၏ အိမ်ဆီသို့ ချဉ်းကပ်လာကြတော့သည်။
စုံစမ်းစစ်ဆေးရေးမှူးချုပ်ကိုယ်တိုင် ရောက်မလာသော်လည်း ရှေ့ဆုံးမှ ဦးဆောင်လာသည့် ခန့်ညားထည်ဝါသော လူကြီးကို လီဟောင်က ချက်ချင်း မှတ်မိလိုက်၏။ ထိုသူမှာ ဥပဒေစိုးမိုးရေးအဖွဲ့၏ ဒုတိယအကြီးအကဲဖြစ်ပြီး စုံစမ်းစစ်ဆေးရေးဌာန၏ ဒုတိယအာဏာအရှိဆုံးသူလည်း ဖြစ်ပေသည်။ သူသည် လျှို့ဝှက်ရေးရာဌာနမှ ဝမ်ကျဲနှင့် ရာထူးတူသော်လည်း သူ၏ လက်ကိုင်အာဏာမှာမူ လွန်စွာ ကွာခြားလှပေသည်။
ဒုတိယအဖွဲ့မှူး လျူလုံသည် အရပ်ရှည်၍ ကြံ့ခိုင်တောင့်တင်းသော သူတစ်ဦး ဖြစ်၏။ သူသည် အထူးစုံစမ်းစစ်ဆေးရေးမှူး ဝတ်စုံကို ဝတ်ဆင်မထားဘဲ ခပ်ပွပွ အပေါ်အင်္ကျီရှည်ကြီးတစ်ထည်ကိုသာ ဝတ်ဆင်ထားသည်။ ထိုအင်္ကျီအောက်တွင်မူ လက်နက်မျိုးစုံကို ဖုံးကွယ်ထားသည်မှာ သေချာလှပေသည်။
လျူလုံ၏ ပုံစံမှာ တင်းမာခက်ထန်ပြီး အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသူဖြစ်ကြောင်း လီဟောင် သိထား၏။ သူသည် လူပေါင်းများစွာကို ကွပ်ကဲနေသူဖြစ်ပြီး ငွေမြို့တော်၏ စုံစမ်းစစ်ဆေးရေးဌာနတွင် အရှိန်အဝါ ကြီးမားသူတစ်ဦးပင် ဖြစ်ပေသည်။
"ဘယ်သူက လီဟောင်လဲ..."
လျူလုံ လမ်းလျှောက်လာသည့်အခါ သူ၏ သားရေဖိနပ်များအောက်ရှိ ကျောက်စရစ်ခဲများသည် အမှုန့်ဖြစ်မတတ် ဖိခြေခြင်း ခံလိုက်ရ၏။ အဝေးက စောင့်ကြည့်နေသော လီဟောင်၏ မျက်လုံးများမှာ တောက်ပသွားတော့သည်။ 'ဟား... တကယ့်ကို အစွမ်းထက်တာပဲ… သူက တကယ့် ပညာရှင်တစ်ယောက်ပဲ' ဟု သူက အတွေးထဲတွင် မှတ်ချက်ချလိုက်မိ၏။
စုံစမ်းစစ်ဆေးရေးဌာနတွင် ထူးခြားဆန်းပြားသည့် စွမ်းအားရှင်များ မရှိသော်လည်း လက်ဝှေ့နှင့် တိုက်ခိုက်ရေး ကျွမ်းကျင်သူများစွာ ရှိနေကြသည်။ ၎င်းတို့ထဲမှ ကျွမ်းကျင်သူတစ်ဦးစီသည် ရန်သူ ဆယ်ယောက်ကိုပင် တစ်ယောက်တည်း ရင်ဆိုင်နိုင်စွမ်း ရှိကြ၏။ ဤဒုတိယအဖွဲ့မှူးသည်လည်း တိုက်ပွဲတွင် အလွန်ပင် အစွမ်းထက်မည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပေသည်။
"ဆရာ... ကျွန်တော်က လီဟောင်ပါခင်ဗျာ"
လူငယ်လေးသည် ရင်ကိုမတ်၊ ပခုံးကိုကားကာ ပြတ်သားသော အသံဖြင့် မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်၏။
"ငွေမြို့တော် စုံစမ်းစစ်ဆေးရေးဌာန၊ လျှို့ဝှက်ရေးရာဌာနက တတိယအဆင့် စုံစမ်းစစ်ဆေးရေးမှူး လီဟောင်က အဖွဲ့မှူးလျူကို နှုတ်ခွန်းဆက်သပါတယ်ခင်ဗျာ။ ကျွန်တော် ဒီအမှုကို စုံစမ်းဖို့ တာဝန်ပေးအပ်ခြင်း ခံထားရပါတယ်"
"ဟမ့်..."
လျူလုံက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် အကြည့်ဖြင့် လီဟောင်ကို ကြည့်လိုက်၏။ ထို့နောက် ဒေါသသံဖြင့် အော်ဟစ်လိုက်တော့သည်။
"စုံစမ်းစစ်ဆေးရေးဌာနရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ မင်းကို ငါ အတော်လေး အရှက်ရမိတယ် လီဟောင်"
လူငယ်လေးသည် မျက်မှောင်ကြုတ်လိုက်မိ၏။ ဒုတိယအဖွဲ့မှူးသည် ကျားတစ်ကောင်ကဲ့သို့ ဟိန်းဟောက်နေပြီး သူ၏ စကားလုံးများထဲတွင် မကျေနပ်မှုနှင့် ဒေါသများ အပြည့်ပါဝင်နေလေသည်။
"စုံစမ်းစစ်ဆေးရေးဌာနဆိုတာ ဘာလဲ… ဥပဒေစိုးမိုးရေး အဖွဲ့အစည်းကွ… ဒီမြို့ရဲ့ တစ်ခုတည်းသော အရေးအပါဆုံး အဖွဲ့အစည်းပဲ။ ဌာနရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ မင်းက တစ်ခုခု ရှာတွေ့တာပဲဖြစ်ဖြစ်၊ အန္တရာယ်နဲ့ ကြုံတာပဲဖြစ်ဖြစ် မင်းရဲ့ ဌာနဆီမှာပဲ အကူအညီတောင်းရမှာပေါ့"
"ဘာဖြစ်လို့ ပြင်ပလူကို သွားပြီး အကူအညီတောင်းပြီးတော့ ငါတို့ရဲ့ လုပ်ငန်းစဉ်တွေထဲကို ဝင်စွက်ဖက်ခိုင်းရတာလဲ"
လျူလုံက ဟိန်းဟောက်ရင်း ရှေ့သို့ တိုးလာ၏။ သူသည် ခြေလှမ်းတစ်လှမ်းသာ လှမ်းလိုက်သော်လည်း မီတာတစ်ရာခန့်အကွာအဝေးကို ရုတ်ချည်းပင် ကျော်ဖြတ်ကာ လီဟောင်၏ ရှေ့မှောက်သို့ ရောက်ရှိလာလေသည်။
လီဟောင်သည် ရင်ထဲတွင် တုန်လှုပ်သွားမိ၏။ 'တကယ့် ပညာရှင်ပဲ' ဟု သူက တွေးလိုက်မိသည်။ သူသည် လျူလုံနှင့် အရင်က တွေ့ဖူးသော်လည်း ယခုကဲ့သို့ အခြေအနေမျိုးတွင်မူ မတွေ့ခဲ့ဖူးပေ။ လီဟောင်တွင် ကိုယ်ခံပညာ အခြေခံအချို့ ရှိသော်လည်း ဤဒုတိယအဖွဲ့မှူး၏ ရှေ့တွင်မူ သူ၏ သေနတ်ကိုတောင် ဆွဲထုတ်နိုင်ရန် အခွင့်အရေး ရလိမ့်မည် မဟုတ်ပေ။
'သူကလည်း လျှို့ဝှက်ဆန်းပြားတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတာလား၊ ဒါမှမဟုတ် သာမန်လူတစ်ယောက်က ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည် အကန့်အသတ်ကို ရောက်အောင် လေ့ကျင့်ထားလို့ ဖြစ်ပေါ်လာတဲ့ စွမ်းရည်လား' သူက သိချင်စိတ် ပြင်းပြနေမိသည်။
လီဟောင်သည် ခေါင်းကို ငုံ့လိုက်ပြီး တုန်ယင်နေသော အသံဖြင့် ပြန်ပြောလိုက်၏။
"ကျွန်တော် အဲဒီလို မလုပ်သင့်ဘူးဆိုတာ သိပါတယ်ခင်ဗျာ။ ကျွန်တော်က ဆရာ့ကို အကူအညီ တောင်းလိုက်ရုံတင်ပါ… ဆရာက စုံစမ်းစစ်ဆေးရေးဌာနကို ဒီလောက်အထိ လှုပ်လှုပ်ရှားရှား ဖြစ်အောင် လုပ်လိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ပါဘူး။ ကျွန်တော့်မှာ သက်သေအထောက်အထား မရှိလို့ ဌာနကို အကူအညီ မတောင်းရဲခဲ့တာပါ..."
လျူလုံက နှာခေါင်းတစ်ချက် ရှုံ့လိုက်သော်လည်း ထိုအဖြေကို လက်ခံပုံရ၏။
"သက်သေမရှိရင် ရှာရမှာပေါ့ကွ"
သူက အေးစက်စက် တုံ့ပြန်လိုက်သည်။
"ဒါက မင်းကို တားဆီးနိုင်တဲ့ အကြောင်းပြချက် မဟုတ်ဘူး။ ကဲ... ပြောစမ်း… ဒီမှာ ဘာတွေ ဖြစ်ခဲ့တာလဲ"
လီဟောင်သည် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် တိုးညှင်းသော အသံဖြင့် ဆက်ပြောလိုက်၏။
"ဒါက မီးရှို့သတ်သေတဲ့ အမှုတစ်ခုပါ,,, ကျွန်တော် အထက်လူကြီးဆီကို အစီရင်ခံထားပါတယ်၊ အဖွဲ့မှူးလျူရော သိပြီးပြီလားခင်ဗျာ"
"သိတယ်"
"ကျန်းယွမ်နဲ့ ကျွန်တော်က သူငယ်ချင်းအရင်းတွေပါ။ ဒီည ကျွန်တော် သဲလွန်စ လာရှာတာပါ… သူက မတော်တဆ သေဆုံးသွားတာမဟုတ်ဘဲ အသတ်ခံရတာလို့ ကျွန်တော် အခိုင်အမာ ယုံကြည်ပါတယ်"
သူက စကားကို ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်၏။
"ဒါပေမဲ့ ဒီကိုလာတဲ့လမ်းမှာ တစ်ယောက်ယောက်က ကျွန်တော့်နောက်ကို လိုက်နေတယ်ဆိုတာ သတိထားမိခဲ့တယ်။ ပြီးတော့ ချိပ်ပိတ်ထားတဲ့ သူ့အိမ်ထဲမှာလည်း တစ်ယောက်ယောက်က ဝင်မွှေထားသေးတယ်။ အရင်က ကျွန်တော် ဒီကို မကြာမကြာ လာတတ်တော့ သိနေတာပါ… ပြီးတော့ အိမ်တံတိုင်းအပြင်ဘက်မှာလည်း သံသယဖြစ်ဖွယ် ခြေရာတွေကို တွေ့ခဲ့ရပါတယ်"
"ဒီအိမ်က လူမနေတာ ကြာလှပြီ… လမ်းတစ်ဝက်လောက်က လူတွေကလည်း ပြောင်းကုန်ကြပြီ။ ကျန်းမိသားစုအိမ်က လမ်းရဲ့ အဆုံးမှာ ရှိတာ။ ဒါကြောင့် တစ်ယောက်ယောက်က ဒီအိမ်ဆီကို လာစရာ အကြောင်းရင်း မရှိပါဘူး"
"အဲဒီခြေရာတွေရှိတဲ့နေရာကို ငါ့ကို ခေါ်သွား"
လျူလုံက ပြတ်သားစွာ အမိန့်ပေးလိုက်၏။ ထို့နောက် နောက်ကလိုက်ပါလာသော အဖွဲ့ဝင်များဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"လမ်းကို ပိတ်လိုက်ကြ,,, အိမ်တိုင်းကို ရှာဖွေစစ်ဆေးပြီး ဒီနားမှာ သူစိမ်းတွေ တွေ့သလားဆိုတာ မေးမြန်းကြ။ ဘယ်သူ့ကိုမှ လွှတ်မပေးနဲ့… အာခံတဲ့သူရှိရင် သတ်ပစ်လိုက်"
"နားလည်ပါပြီ"
အဖွဲ့ဝင်များသည် ချက်ချင်းပင် လူစုခွဲသွားကြပြီး လမ်းတစ်ခုလုံးသည်လည်း ဆူညံပွက်လောရိုက်သွားတော့သည်။
......
လီဟောင်သည် ဆူညံသံများကို ဂရုမစိုက်ဘဲ လျူလုံကို ခေါ်ဆောင်ကာ အမှောင်ရိပ်ကျနေသော တံတိုင်းနံရံတစ်ခုဆီသို့ ခေါ်သွား၏။ သူ ဘာမှ ပြောစရာ မလိုလိုက်ပေ။ ဒုတိယအဖွဲ့မှူးသည် တိမ်ဝင်နေသော ခြေရာများကို မြင်သည်နှင့် ကိုင်းညွတ်ကြည့်ကာ သေသေချာချာ စစ်ဆေးလိုက်တော့သည်။ သူ၏ မျက်ဝန်းများမှာလည်း အနည်းငယ် ပြောင်းလဲသွား၏။
"ဟမ့်..."
သူ၏ အကြည့်များက ပို၍ပင် အေးစက်သွားပြန်သည်။ အဖွဲ့ထဲမှ ကျွမ်းကျင်သူအချို့သည် သူ၏အနားတွင် တိတ်ဆိတ်စွာ ရပ်နေရင်း အမိန့်ကို စောင့်နေကြ၏။
"ဝူချောင်... ဒါကို တစ်ချက်ကြည့်လိုက်ဦး"
လျူလုံက လက်ယှပ်ပြလိုက်သည်။
ဝူချောင်သည် ဖြူဖွေးသော လက်အိတ်များကို ဝတ်ဆင်ထားပြီး တကယ့် ပညာရှင်တစ်ဦး၏ ပုံစံရှိ၏။ သူကလည်း ငုံ့ကြည့်လိုက်သည်။ လီဟောင်၏ မျက်စိထဲတွင် သာမန်ခြေရာဟု ထင်ရသော်လည်း ဤပိန်ပိန်ပါးပါး အသက်လတ်ပိုင်း စုံစမ်းစစ်ဆေးရေးမှူး၏ မျက်လုံးထဲတွင်မူ အချက်အလက်များစွာ ရှိနေလေသည်။
"သံသယရှိသူက အမျိုးသား၊ အရပ် ၁၈၀ စင်တီမီတာခန့် ရှိမယ်၊ ကိုယ်အလေးချိန်ကိုတော့ အတိအကျ မသိရသေးဘူး၊ ခြေရာတွေက တိမ်တယ်။ အနက်ဆုံးခြေရာတွေက လွန်ခဲ့တဲ့ နှစ်နာရီက ဖြစ်ပြီး အဝါဆုံးခြေရာတွေကတော့ လွန်ခဲ့တဲ့ နှစ်ဝက်ကျော်က ဖြစ်နိုင်တယ်။ သူက တော်တော်လေး အစွမ်းထက်တယ်၊ အဆင့် (၂) ထက်မနည်းဘူး၊ ပိုပြီးတော့တောင် အစွမ်းထက်နိုင်သေးတယ်"
လီဟောင်သည် နောက်ဆုံးစကားကို ထူးဆန်းနေသော်လည်း ဘာမှဝင်မပြောခဲ့ပေ။ သို့သော် လျူလုံကမူ လျှို့ဝှက်ရေးရာဌာနက လူငယ်လေး နားမလည်မှာကို သိသဖြင့် ရှင်းပြလိုက်၏။
"ဥပဒေစိုးမိုးရေးအဖွဲ့က အန္တရာယ်ရှိတဲ့ လူတွေကို အဆင့် ၃ ဆင့် ခွဲခြားထားတယ်… လက်နက်တွေ ဒါမှမဟုတ် ပြင်ပပစ္စည်းတွေကို ထည့်မတွက်ဘဲ လူရဲ့ ကိုယ်ပိုင်အရည်အချင်းကိုပဲ ကြည့်တာ။ အဆင့် (၁) က အစွမ်းအထက်ဆုံးဖြစ်ပြီး အဆင့် (၃) ကတော့ အားအနည်းဆုံးပဲ"
သူက လီဟောင်ကို အော်ဟစ်ခဲ့သော်လည်း အခုတော့ သေသေချာချာ ရှင်းပြနေလေသည်။
"မင်းတို့ ဌာနက လူတစ်ယောက်ကို သတ်နိုင်တဲ့သူက အဆင့် (၃) ပဲ ရှိသေးတယ်"
"လျှို့ဝှက်ရေးရာဌာနမှာ လူ ၂၈ ယောက်ရှိပြီး တချို့က ဝါရင့် စုံစမ်းစစ်ဆေးရေးမှူးတွေပဲ..." လီဟောင်က ရှက်ကိုးရှက်ကန်း ပြုံးကာ ပြန်ပြောလိုက်၏။
'ခင်ဗျားကလည်း အရမ်း ချဲ့ပြောနေတာပဲ' ဟု သူက အတွေးထဲ၌ ဆိုလိုက်မိသည်။
ဒုတိယအဖွဲ့မှူးက နှာခေါင်းရှုံ့လိုက်ရင်း ပြောလိုက်၏။
"မင်းတို့ ဌာနမှူးက အရင်ကတော့ အတော်လေး အစွမ်းထက်ပြီး အရည်အချင်းရှိခဲ့တာပဲ။ မဟုတ်ရင် သူ ဌာနမှူး ဖြစ်မလာဘူး။ ဒါပေမဲ့ လျှို့ဝှက်ရေးရာဌာနကို ပြောင်းသွားပြီးကတည်းက သူ လေ့ကျင့်ခန်းတွေ မလုပ်တော့ဘူး။ အခုဆိုရင် ငါ့အဖွဲ့ထဲက သာမန် အဖွဲ့ဝင်တစ်ယောက်ကတောင် သူ့ကို သတ်နိုင်တယ်။ ငါတို့ သတ်မှတ်ထားတဲ့ အန္တရာယ်ရှိတဲ့ ရာဇဝတ်သားတွေဆိုတာ ဝေးရောပေါ့"
"ငါတို့က လူတိုင်းကို အဆင့်သတ်မှတ်တာမဟုတ်ဘူးဆိုတာ မင်းသိဖို့လိုတယ်… နံပါတ်တစ်ခုခု သတ်မှတ်ခံရပြီဆိုရင် အဲဒီလူက အလွန် အန္တရာယ်ရှိတဲ့လူပဲ"
"လွန်ခဲ့တဲ့ သုံးနှစ်က ငွေမြို့တော်မှာ ဝမ်းနည်းစရာ ကိစ္စတစ်ခု ဖြစ်ခဲ့ဖူးတယ်… လူယုတ်မာတစ်ယောက်က ဟူမိသားစုဝင် ၃၂ ယောက်စလုံးကို သူ့ရဲ့ လက်ဗလာနဲ့ သတ်ဖြတ်ခဲ့တယ်။ အဲဒါက ငါတို့ သတ်မှတ်ထားတဲ့ အဆင့် (၃) ပဲ။ နှစ်တွေအကြာကြီးမှာ ငါတို့ အဆင့်သတ်မှတ်ခဲ့တဲ့ အမှုမျိုးက အနည်းအကျဉ်းပဲ ရှိခဲ့တယ်"
ထိုစကားကြောင့် လီဟောင်သည် အဆင့် (၃) ရာဇဝတ်သားများ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိရှိသွားတော့သည်။ ဤသည်မှာ ဥပဒေစိုးမိုးရေးအဖွဲ့၏ ကိုယ်ပိုင်စံနှုန်းဖြစ်သဖြင့် လျှို့ဝှက်ရေးရာဌာနက လူများကတော့ ထိုအကြောင်းကို ပြောလေ့မရှိကြပေ။
ဝူချောင်က ထိုခြေရာပိုင်ရှင်သည် အဆင့် (၂) သို့မဟုတ် အဆင့် (၁) တောင် ဖြစ်နိုင်သည်ဟု ပြောခဲ့သည်ကို လီဟောင် ပြန်စဉ်းစားလိုက်၏။ ထိုသူသည် လျှို့ဝှက်ဆန်းပြားသည့် စွမ်းအားရှင်တစ်ဦး ဖြစ်နိုင်သဖြင့် ထိုသို့ဖြစ်နေသည်မှာ မထူးဆန်းလှပေ။ ဥပဒေစိုးမိုးရေးအဖွဲ့၏ စံနှုန်းသည် သာမန်လူများအတွက်သာ ဖြစ်ပြီး သာမန်ထက် ထူးကဲသူများသည် အဆင့် (၂) သို့မဟုတ် (၁) သို့ ရောက်ရှိသွားကြမည်မှာ ဓမ္မတာပင် ဖြစ်လေသည်။
သို့သော် သာမန်လူများထဲမှ အဆင့် (၃) ကပင် ယခုမျှ ကြောက်စရာကောင်းနေပါက လျှို့ဝှက်စွမ်းအားရှင်များ၏ စွမ်းအားမှာမူ သူ၏ စိတ်ကူးထက်ပင် ကျော်လွန်နေပေလိမ့်မည်။ ပြီးတော့ ဝူချောင်က ခြေရာကို ကြည့်ရုံတင်နဲ့ ဒီလောက်အထိ ဘယ်လို ကောက်ချက်ချနိုင်တာလဲ။
ပိန်ပိန်ပါးပါး အသက်လတ်ပိုင်းလူကြီးသည် သူ၏ ခေါင်းကို စောင်းကာ လီဟောင်ကို ကြည့်လိုက်ပြီး ထူးဆန်းသော အပြုံးဖြင့် မေးလိုက်၏။
"ညီလေး လီ... ငါက လျှောက်ပြောနေတယ်လို့ မင်းထင်နေတာလား"
"မဟုတ်ပါဘူးခင်ဗျာ… ကိုကြီးဝူရဲ့ စွမ်းရည်တွေကို သိချင်လို့ပါ..."
လီဟောင်က ခေါင်းကို အမြန်ခါကာ ပြန်ပြောလိုက်သည်။
"ကျောင်းသားဟောင်းတွေက ဒီလောက်အထိ နှိမ့်ချတတ်ကြတာလား"
ဝူချောင်က ရယ်မောလိုက်၏။
"သူတို့တွေက များသောအားဖြင့် မောက်မာတတ်ကြတာ… ဒါပေမဲ့ မင်းကတော့ ထူးခြားတယ်… မင်းက ကျောင်းကထွက်ပြီး ငါတို့နဲ့ တစ်ဖွဲ့တည်း ဖြစ်လာတာကိုး"
ဝူချောင်သည် လီဟောင်ကို ကြွားဝါချင်သည့်အလား မြေပြင်ပေါ်မှ အသာအယာ ခုန်တက်လိုက်ပြီး အဝေးတစ်နေရာသို့ ဆင်းသက်လိုက်၏။
"လူတွေက သူတို့ရဲ့ စွမ်းရည်အလိုက် မြေပြင်ပေါ်ကို ဆင်းသက်တဲ့ ပုံစံချင်း မတူကြဘူး… ဒါကြောင့် ခြေရာတွေကလည်း ကွဲပြားသွားတာပေါ့။ ငါဆိုရင် ခြေဖဝါးရဲ့ ဘယ်အပိုင်းက အရင် ကျသလဲဆိုတာကိုတောင် ပြောနိုင်တယ်"
"အဲဒီ ဆင်းသက်တဲ့ ပုံစံကို ကြည့်ပြီး အချက်အလက်တွေ အများကြီး ထပ်ယူလို့ရတယ်… အခု ဒီမှာတွေ့ရတဲ့ ခြေရာတွေက အနိမ့်အမြင့် မတူကြဘူး… သူက မီတာအတော်များများ အမြင့်ကနေ ခုန်ဆင်းလာတာ ဖြစ်နိုင်ပေမဲ့ ခြေရာအချို့ကတော့ အဲဒီအမြင့်ကနေ ကျလာတဲ့ပုံ မပေါက်ဘူး… ဆိုလိုတာက သူက သူ့ရဲ့ ကြွက်သားတွေကို အလွယ်တကူ ထိန်းချုပ်နိုင်စွမ်း ရှိတယ်"
ဝူချောင်သည် သာမန်ဆိုလျှင် ပြောပြနေစရာ မလိုသော်လည်း မိနစ်အနည်းငယ်ကြာအောင် လီဟောင်ကို ရှင်းပြနေလေသည်။
လီဟောင်သည် ယနေ့ည၏ အရေးပါသော သူတစ်ဦးဖြစ်သည့်အပြင် ကျောင်းသားဟောင်းတစ်ယောက်လည်း ဖြစ်နေသဖြင့် ဝူချောင်က အပိုစကားအချို့ ပြောပြနေခြင်း ဖြစ်၏။
လျူလုံသည် တိတ်ဆိတ်စွာ နားထောင်နေပြီး ဝူချောင် စကားဆုံးမှသာ ဝင်ပြောလိုက်သည်။
"တော်ပြီ… သူက ဥပဒေစိုးမိုးရေးအဖွဲ့ဝင် မဟုတ်ဘူး… ဒီလောက်အထိ အများကြီး ပြောမနေနဲ့"
လီဟောင်က ဘာမှဝင်မပြောဘဲ ပြုံးပြလိုက်၏။
ဒုတိယအဖွဲ့မှူးသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းမိသားစု၏ အိမ်ကို ကြည့်ကာ ပြောလိုက်လေသည်။
"လူသတ်ပြီးတာတောင် ဒီနေရာကို ဒီလောက်အထိ ကြာကြာ စောင့်ကြည့်ရဲတာ... သူတို့က တော်တော်လေး သတ္တိရှိတာပဲ"
"အဖွဲ့မှူး... ရာဇဝတ်သားတွေက မိုက်ရူးရဲဆန်တတ်ကြတာ ပုံမှန်ပါပဲ"
ဝူချောင်က ရယ်မောရင်း ပြောလိုက်၏။
"ကျွန်တော်တို့တောင် သူတို့ကို ဖမ်းနိုင်ပါ့မလား မသိဘူး"
"မဖမ်းနိုင်ဘူး ဟုတ်လား"
လျူလုံ၏ မျက်လုံးများက အေးစက်စက် အကြည့်ဖြင့် စူးရှသွားတော့သည်။
"အဲဒါကတော့ မသေချာဘူး… တချို့လူတွေက သူတို့ကိုယ်သူတို့ တခြားသူတွေထက် သာတယ်လို့ ထင်နေကြတာ၊ ဘယ်သူ့ကိုမှလည်း ဂရုမစိုက်ကြဘူး။ ဒါပေမဲ့ နှစ်တွေအကြာကြီးမှာ အဲဒီလို မောက်မာတဲ့ လူမိုက်ပေါင်းများစွာကို ငါတို့ သတ်ခဲ့ပြီးပြီ မဟုတ်လား"
ထိုစကားကို ကြားသောအခါ အခြားသော အဖွဲ့ဝင်များသည်လည်း အေးစက်စက် အပြုံးများဖြင့် ပြုံးလိုက်ကြလေတော့သည်။