← Chapters

ရူးသွပ်သွားသော လျူလုံ (၁)

Vol. 2 Ch. 17

ရူးသွပ်သွားသော လျူလုံ (၁)

Vol. 2 Ch. 17

​ဥပဒေစိုးမိုးရေးအဖွဲ့သည် ကျန်းမိသားစုနေအိမ်ကို ရှာဖွေပြီးနောက် ဘာတစ်ခုမှ ရှာမတွေ့ဘဲ လက်ချည်းဗလာဖြင့်သာ ပြန်လာခဲ့ကြရ၏။

​ဤနေရာ၌ တန်ဖိုးရှိသော အရာတစ်ခုမှ မရှိတော့ပေ။

​သို့သော်လည်း လျူလုံကမူ တစ်စုံတစ်ယောက်သည် ဤအိမ်ကို အချိန်အတော်ကြာအောင် စောင့်ကြည့်နေခဲ့သည်ဆိုလျှင် အဖိုးတန်သည့်အရာ တစ်ခုခုတော့ ရှိနေရမည်ဟု သိထားလေသည်။

​သို့မဟုတ်လျှင်လည်း ထိုသူများသည် တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေကြခြင်းလော။

​ဒီအိမ်ကို ဘယ်သူလာမလဲဆိုတာကို သူတို့ စောင့်ကြည့်နေကြတာလား။

​ဒါပေမဲ့ ကျန်းမိသားစုဝင်တွေ တစ်ယောက်မှ မရှိတော့တဲ့အချိန်မှာ ဘယ်သူကများ ဒီအိမ်ကို လာဦးမှာလဲ။

​ပြီးခဲ့သည့် တစ်နှစ်ပတ်လုံးတွင် ဤအမှုအပေါ် စိတ်ဝင်တစားရှိသည့် လီဟောင်တစ်ယောက်သာ ဤအိမ်သို့ လာခဲ့ခြင်း ဖြစ်သည်။

​ထွားကျိုင်းမြင့်မားလှသော ဒုတိယအဖွဲ့မှူးကြီးသည် လက်နှစ်ဖက်ကို အနောက်ပစ်ကာ ခြံဝင်းအတွင်း လျှောက်လှမ်းနေ၏။

​လီဟောင်နှင့် ကျန်သည့်သူများကလည်း သူ့နောက်မှ လိုက်ပါလာကြလေသည်။

​ပန်သာသည်လည်း နောက်ကနေ လိုက်လာသော်လည်း လျူလုံကိုမူ ကြောက်ရွံ့နေသည့်အလား အနားသို့ မကပ်ရဲပေ။

​ဒုတိယအဖွဲ့မှူးကြီးသည် မီးဖိုချောင်ရှိရာသို့ လျင်မြန်စွာ ရောက်ရှိသွား၏။

​မီးဖိုချောင်တံခါးများမှာ ပွင့်နေပြီး လူအချို့က အတွင်း၌ ရှာဖွေနေကြသည်။

​၎င်းတို့သည် ဘာတစ်ခုမှ ရှာမတွေ့ခဲ့ကြသည်မှာ အမှန်ပင် ဖြစ်၏။

​လီဟောင်သည် သူ ကျောက်တုံးတစ်တုံး အစားထိုးလဲလှယ်ထားခဲ့သည့် မီးခိုးခေါင်းတိုင်ရှိရာဆီသို့ လှည့်မကြည့်မိအောင် ထိန်းထားလိုက်သည်။

​သူသည် ၎င်းကို မူလအခြေအနေအတိုင်း ဖြစ်အောင် အစွမ်းကုန် ပြန်ပြင်ခဲ့သော်လည်း သူ အားစိုက်လုပ်ကိုင်ခဲ့ရသဖြင့် အင်္ဂတေအချို့မှာ ကွာကျနေခဲ့၏။

​ထိုကွာကျနေသည့် အင်္ဂတေများကို ပြန်ကပ်ရန်မှာ သူ မတတ်နိုင်သည့် အရာပင် ဖြစ်သည်။

​သို့သော်လည်း ကြာရှည်စွာ ပစ်ထားခဲ့သည့် မီးဖိုချောင်တစ်ခုတွင် အင်္ဂတေအချို့ ကွာကျနေခြင်းမှာ သာမန်အခြေအနေတစ်ခုလိုသာ မြင်နိုင်ပေသည်။

​ဥပဒေစိုးမိုးရေးတပ်သား တစ်ယောက်မှ ခေါင်းမော့မကြည့်သလို မီးခိုးခေါင်းတိုင်ကိုလည်း အာရုံမစိုက်မိကြပေ။

​လျူလုံတစ်ယောက်သာလျှင် စူးရှလှသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုနေ၏။

​သူသည် ဤအိမ်ကို အချိန်အတော်ကြာအောင် စောင့်ကြည့်ခံထားရပြီးမှ တစ်စုံတစ်ရာသော သဲလွန်စ သို့မဟုတ် ရတနာများ ရှာတွေ့လိမ့်မည်ဟု မျှော်လင့်မထားပေ။

​သို့သော် သူ၏ အကြည့်များက အင်္ဂတေကွာနေသော ကျောက်တုံးရှိရာသို့ ရောက်သွားချိန်တွင် သူ၏ အရှိန်မှာ အနည်းငယ်မျှ ရပ်တန့်သွားခဲ့၏။

​ဒုတိယအဖွဲ့မှူးကြီးသည် ချက်ချင်းပင် အကြည့်ကို လွှဲလိုက်ပြီး ဘာတစ်ခွန်းမှ မပြောဘဲ လှည့်ထွက်သွားလေသည်။

​သူက လီဟောင်ကို အကဲခတ်သလို ကြည့်လိုက်ပြီး ခပ်တိုးတိုး မေးမြန်းလိုက်၏။

​"လီဟောင်... မင်း ဒီကို ရောက်တဲ့အချိန်မှာ ဘာတစ်ခုခုများ ရှာတွေ့ခဲ့သေးလဲ"

​"မတွေ့ပါဘူး"

​လူငယ်လေးက ခေါင်းခါပြလိုက်ပြီး ဆက်ပြောလိုက်လေသည်။

​"ဒါပေမဲ့ အကုန်လုံးတော့ မဟုတ်ဘူးပေါ့ဗျာ... ကျွန်တော့်ရဲ့ အလေ့အလာအရ တစ်စုံတစ်ယောက်က ဒီဝင်းတစ်ခုလုံးကို မွှေနှောက်ရှာဖွေသွားခဲ့တယ်၊ ခြံထဲက သစ်ပင်အိုကြီးကိုတောင် တူးထုတ်သွားကြသေးတာ... သူတို့တွေ အတော်လေး ဆူဆူညံညံ လုပ်သွားခဲ့ကြမှာပဲ၊ ဒါပေမဲ့ ဘယ်သူမှ သိမနေကြဘူး... အဲဒီလူတွေက တကယ်ပဲ အစွမ်းထက်ကြတာ ဒါမှမဟုတ် သဲလွန်စ ဖျောက်တဲ့နေရာမှာ တကယ် ကျွမ်းကျင်ကြတာ ဖြစ်ရမယ်"

​လျူလုံက ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် မေးလိုက်၏။

​"တကယ်လို့ ငါတို့ ဒီအိမ်ကို ဖြိုချလိုက်မယ်ဆိုရင် အကွယ်အကာနောက်က လူတွေ ထွက်လာလိမ့်မယ်လို့ မင်း ထင်လား"

​"မထင်ပါဘူး"

​လီဟောင်က အမှန်အတိုင်းသာ ပြန်ဖြေလိုက်၏။

​"အိမ်ကို ဖြိုချလိုက်ရင်တောင် ဥပဒေစိုးမိုးရေးအဖွဲ့က ဒီမှာ ရှိနေဦးမှာပဲလေ... ရန်သူက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ သူတို့ လူလုံးပြရဲမှာ မဟုတ်ဘူး... ဘာလို့လဲဆိုတော့ လူလုံးပြလိုက်တာနဲ့ အမှောင်ထဲမှာ လှုပ်ရှားလို့ မရတော့ဘဲ ငွေမြို့တော်တစ်ခုလုံးနဲ့ ရင်ဆိုင်ရမှာမို့လို့ပဲ"

​"ဒါဆိုရင် ဒီအိမ်ကို ဆက်ဖြိုဖို့ လိုအပ်သေးတယ်လို့ မင်း ထင်လား... ဒါက မင်းရဲ့ သူငယ်ချင်းကောင်းရဲ့ ဘိုးဘွားပိုင်အိမ်ပဲ၊ သူ့အတွက် ကျန်ခဲ့တဲ့ နောက်ဆုံးအရာလည်း ဖြစ်တယ်"

​လီဟောင်၏ စိတ်ထဲတွင် သတိပေးခေါင်းလောင်းသံ မြည်သွားရသည်။

​လျူလုံ တစ်ခုခုကို ရှာတွေ့သွားတာလား။

​သူက ငါ့ကို သံသယဝင်နေတာလား ဒါမှမဟုတ် ကြက်သွေးရောင်အရိပ်တို့အဖွဲ့ က တစ်ခုခု ယူသွားတယ်လို့ ထင်နေတာလား။

​ငါ့ကို သံသယဝင်နေတာ ဖြစ်ဖို့ များသည်။

​အရိပ်တို့အဖွဲ့က ဒီနေ့အထိ ဒီအိမ်ကို စောင့်ကြည့်နေတုန်းပဲ... သူတို့ တစ်ခုခု ရသွားခဲ့ရင် ဒီမှာ ရှိနေစရာ အကြောင်းမရှိဘူး။

​ဒါဆိုရင် လီဟောင် တစ်ယောက်ပဲ ကျန်တော့သည်။

​ဒီလူက တကယ်ကို ခါချဖို့ မလွယ်သည့်လူပဲ။

​ဘာလို့ ငါက ဒီလို ခက်ခဲသည့်လူကို နုံအသည့် လူတစ်ယောက်လို့ ထင်ခဲ့မိပါလိမ့်။

​‘အော်... အဲဒါက ဥပဒေစိုးမိုးရေးအဖွဲ့က အမှုတော်တော်များများကို မဖြေရှင်းနိုင်ခဲ့လို့ပဲ... မဟုတ်ရင်တော့ သူတို့က ကိုယ့်ကိုယ်ကိုယ် မီးရှို့သေဆုံးမှုလောက်တောင် မကိုင်တွယ်နိုင်သည့် အရည်အချင်းမရှိသူတွေလို့ ငါ ထင်မှာ မဟုတ်ဘူး’

​လီဟောင်က ခဏမျှ စဉ်းစားပြီးမှ နှေးကွေးစွာ ပြောလိုက်လေသည်။

​"ဒါကို... ထိန်းသိမ်းထားနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ... ဒါပေမဲ့ မဖြစ်နိုင်ဘူးဆိုရင်တောင် ကျန်းယွမ်ကို သတ်တဲ့လူကိုသာ ဖမ်းမိမယ်ဆိုရင် သူ့အတွက် ကလဲ့စားချေပေးနိုင်မှာပဲ... အိမ်ဆိုတာ သေနေတဲ့ အရာပါ... ခင်ဗျားတို့ ဖြိုဖြို၊ မီးပဲရှို့ရှို့ ကျွန်တော် စိတ်မရှိပါဘူး"

​"ကောင်းပြီလေ"

​လျူလုံက ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် လက်သီးဖြင့် ထိုးလိုက်ရာ မီးဖိုချောင် နံရံကြီးမှာ အပေါက်ကြီး ဖြစ်သွားတော့သည်။

​လီဟောင်၏ နှလုံးသားမှာ ထိတ်လန့်သွားရ၏။

​မီးဖိုချောင်နံရာက သတ္တုနဲ့ လုပ်ထားတာ မဟုတ်ပေမဲ့ အုတ်နံရံကြီးလေ... ဒုတိယအဖွဲ့မှူးက လက်သီးတစ်ချက်တည်းနဲ့ အဲဒါကို ပြိုကျအောင် လုပ်နိုင်တာလား။

​ဒီလက်သီးချက်သာ ငါ့ကို ထိခဲ့ရင်တော့ အနည်းဆုံး ဒုက္ခိတ ဖြစ်သွားမှာ သေချာတယ်၊ သေတောင် သေသွားနိုင်သည်။

​မီးဖိုချောင် နံရံဟောင်းကြီး အထိုးခံလိုက်ရသဖြင့် အင်္ဂတေမှုန့်များ အရပ်မျက်နှာအနှံ့ လွင့်စင်ကုန်၏။

​လျူလုံက ပတ်ဝန်းကျင်ကို အေးစက်စွာ ကြည့်လိုက်ပြီး အမိန့်ပေးလိုက်လေသည်။

​"ဘာမှ ရှာမတွေ့တော့မှတော့ အချိန်မဖြုန်းကြနဲ့တော့... ဖြိုချလိုက်စမ်း... မြေအောက် သုံးပေအထိ တူးဆွပြီး ရှာကြည့်... ဘာမှ ရှာမတွေ့ရင် အကုန်လုံး မီးရှို့ပစ်လိုက်... အဲဒါမှ ဘာမှ ထပ်မတွေ့ရင်တော့... သိမ်းကြတော့"

​"ဟုတ်ကဲ့ပါ"

​တပ်သားများ၏ အော်ဟစ်သံနှင့်အတူ အဆောက်အဦး ပြိုကျသံများ ထွက်ပေါ်လာတော့သည်။

​လျူလုံက လီဟောင်ကို ပြန်ကြည့်လိုက်၏။

​"မင်း တစ်ခုခုကို အမှတ်တရအနေနဲ့ သိမ်းထားချင်သေးလား"

​"မလိုပါဘူးဗျာ... အဲဒါက အဓိပ္ပာယ် မရှိတော့ပါဘူး"

​လီဟောင်က စိတ်ပျက်လက်ပျက် သက်ပြင်းချရင်း ခေါင်းခါပြလိုက်လေသည်။

​"လူသတ်သမားရဲ့ ခေါင်းကို ကျန်းယွမ်ရဲ့ ဂူရှေ့ကို ယူသွားပေးနိုင်တာကမှ ပိုပြီး အဓိပ္ပာယ်ရှိလိမ့်မယ်"

​ငါ့ရှေ့မှာ မီးတွေ တောက်နေတာကို ငါ့ကိုယ်ငါ ဆီနဲ့ လောင်းစရာ အကြောင်းမရှိဘူး။

​ငါ တစ်ခုခု ယူလိုက်တာနဲ့ အဲဒါက ကျန်းမိသားစုရဲ့ နောက်ဆုံးလက်ကျန် ဖြစ်သွားမှာပဲ... အဲဒီအခါကျရင် ငါ ဘယ်လိုမှ ရှင်းပြလို့ ရမှာ မဟုတ်တော့ဘူး။

​ကြက်သွေးရောင်အရိပ် ကလည်း ဒီဓားမြှောင်ကို အမြဲ ရှာနေတာ... ငါ ဘာပဲ ယူယူ သူတို့က အမှတ်တရ ပစ္စည်းလို့ ထင်ကြမှာပဲ။

​တကယ်တမ်းမှာလည်း ငါ့ဆီမှာ ဓားမြှောင်က ရှိနေတာပဲလေ။

​လျူလုံကလည်း စိတ်စေတနာကောင်းနဲ့ ပြောနေတာ မဟုတ်လောက်ဘူး... သူက ငါ့ကို စမ်းသပ်နေတာ ဒါမှမဟုတ် တခြားလူရဲ့ လက်နဲ့ ငါ့ကို သတ်ချင်နေတာလည်း ဖြစ်နိုင်တယ်... ဘာပဲဖြစ်ဖြစ် ငါတော့ အဲဒီ အစာကို မဟပ်ဘူး။

​လျူလုံ၏ မျက်လုံးအိမ်ထဲတွင် ခန့်မှန်းရခက်သော အပြုံးတစ်ခု လျှပ်ခနဲ ပေါ်သွားပြီး သူက လှမ်းအော်လိုက်၏။

​"အကုန်လုံးကိုတော့ မဖျက်ဆီးပစ်နဲ့ဦး... သက်သေအထောက်အထားအဖြစ် တချို့အရာတွေကိုတော့ သိမ်းခဲ့ကြဦး"

​လီဟောင်က ဘာမှ ပြန်မပြောဘဲ လျူလုံ၏ ရည်ရွယ်ချက်ကို အကဲခတ်နေမိသည်။

​သူက ကြက်သွေးရောင်အရိပ်တို့အဖွဲ့ ကို အပြင်ထွက်လာအောင် မျှားခေါ်နေတာလား။

​သူသည် ဥပဒေစိုးမိုးရေးအဖွဲ့ သို့မဟုတ် လျူလုံကို အထင်သေး၍ မရတော့ကြောင်း သိလိုက်ရသည်။

​ဒုတိယအဖွဲ့မှူး ပြောလိုက်သည့် စကားလုံးတိုင်းမှာ နက်နဲသော အဓိပ္ပာယ်များ ရှိနေနိုင်၏။

​"အကုန်လုံး လူစုခွဲလိုက်ကြ... လီဟောင်... မင်း ငါ့နောက် လိုက်ခဲ့"

​လျူလုံက ဘေးက လူတွေကို ဖယ်ခိုင်းလိုက်လေသည်။

​လီဟောင်သည်လည်း ဘာမှ ပြန်မမေးဘဲ အမိန့်ကို နာခံလိုက်၏။

​လျူလုံက ဘာမှ ရှင်းမပြဘဲ အပြင်သို့ လျှောက်ထွက်သွားရာ လီဟောင်ကလည်း အမီလိုက်နိုင်ရန် ပြေးလွှားလိုက်ပါသွားရတော့သည်။

​……

​ကျန်းမိသားစု အိမ်ရှေ့တွင် ဖြစ်၏။

​လမ်းမပေါ်၌ လူအများအပြား ရှိနေပြီး ဥပဒေစိုးမိုးရေး တပ်သားများနှင့် ထိတ်လန့်နေသော ဒေသခံများ ရောနှောနေကြသည်။

​လူအတော်များများ ပြောင်းရွှေ့သွားကြပြီ ဖြစ်သော်လည်း ကျန်ရှိနေသူ ဦးရေမှာ မနည်းလှပေ။

​လျူလုံသည် ဘာမှ မပြောဘဲ ရှေ့သို့ လျှောက်သွားကာ လမ်းလယ်ရှိ ရေစင်ကြီးတစ်ခုရှေ့တွင် ရပ်လိုက်၏။

​သူသည် ရေစင်၏ လှေကားထစ်များကို နင်းကာ အပေါ်သို့ တက်သွားလေသည်။

​လီဟောင်သည်လည်း ဒုတိယအဖွဲ့မှူး၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွား၏။

​ဒီလူ ဘာလုပ်ချင်နေတာလဲ၊ ဘာလို့ ဒီကို လာတာလဲဆိုတာ သူ နားမလည်နိုင်ပေ။

​အပေါ်ကနေ စောင့်ကြည့်ချင်လို့လား။

​ဒါက ဒီလမ်းမှာ အမြင့်ဆုံး အဆောက်အဦးပဲလေ၊ အရပ်မျက်နှာ အားလုံးကို အလွယ်တကူ မြင်နိုင်သည်။

​ရန်သူ ဘယ်မှာ ရှိနေမလဲဆိုတာကို သူ စောင့်ကြည့်ချင်လို့လား။

​သစ်သားလှေကားထစ်များမှာ နင်းလိုက်တိုင်း တကျွိကျွိ အော်မြည်နေပြီး ခဏအကြာတွင် အပေါ်ဆုံးသို့ ရောက်ရှိသွားကြ၏။

​လမ်းဟောင်းကြီးမှာ သူတို့ရှေ့တွင် ဖြန့်ခင်းထားသလို ရှိနေပြီး လျူလုံ၏ ဝတ်စုံနက်ကြီးမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်နေလေသည်။

​ဝတ်စုံအတွင်း၌ ဖုံးကွယ်ထားသော လက်နက်များစွာကို မြင်တွေ့လိုက်ရ၏။

​လီဟောင် မျှော်လင့်ထားသလို သေနတ်များ မဟုတ်ဘဲ သတ္တုလက်နက်များ၏ အရောင်အဝါကို မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

​ဓားမြှောင်တစ်လက်၊ အနုစိတ် ပြုလုပ်ထားသော ငွေရောင်ပုဆိန်တစ်လက်နှင့် ပစ်ဓားအချို့ ရှိနေ၏။

​"လီဟောင်... မင်းက ထောက်လှမ်းရေးဌာနက စုံစမ်းစစ်ဆေးရေးမှူး တစ်ယောက်ပဲ"

​လျူလုံက အောက်က လူအုပ်ကို မကြည့်ဘဲ ကောင်းကင်ကို ကြည့်ကာ မေးလိုက်၏။

​"ဥပဒေစိုးမိုးရေးဌာနမှာ တစ်နှစ်ကြာအောင် နေခဲ့ပြီးတဲ့နောက် မင်းရဲ့ အထင်အမြင်က ဘယ်လိုရှိလဲ ပြောပြစမ်း"

​"အရည်အချင်း အပြည့်ရှိပါတယ်ဗျာ"

​လီဟောင်က မဆိုင်းမတွပင် ဖြေလိုက်၏။

​"ဟက်..."

​လျူလုံ၏ မျက်နှာတွင် လှောင်ပြောင်သော အမူအရာ ပေါ်လာပြီး နှာခေါင်းရှုံ့လိုက်လေသည်။

​"လူပိုတွေ... စာပေတတ်တဲ့လူတွေ အကုန်လုံးက ဟန်ဆောင်ကောင်းတဲ့ လူပိုတွေချည်းပဲ"

​...ကျွန်တော် ဘာမှ ပြန်ပြောစရာ မရှိတော့ပါဘူး။

​"မင်း ဆိုလိုတာက အရည်အချင်း လုံးဝ မရှိတာလို့ ပြောချင်တာ မဟုတ်လား"

​လျူလုံက အေးစက်စွာ ဆက်ပြောလေသည်။

​"ငါတို့က သေးငယ်ပြီး အရေးမပါတဲ့ အမှုတွေကိုပဲ ကိုင်တွယ်နိုင်တာ... အမှုကြီးတွေဆိုရင်တော့ ငါတို့ ရှုံးနိမ့်တာချည်းပဲ"

​"ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာမှ ငါတို့ ဒီလို ဖြစ်သွားတာ... အရင်ကတော့ ဥပဒေစိုးမိုးရေးဌာနဆိုတာ ငွေမြို့တော်ရဲ့ ပင်မကျောက်ဆူးကြီးပဲ... ဒီမြို့မှာ အကြာကြီး နေလာတဲ့လူဆိုတော့ မြို့ရဲ့ လုံခြုံရေးဟာ တခြားမြို့တွေထက် အများကြီး ပိုကောင်းခဲ့တာကို မင်း မှတ်မိမှာပေါ့... ညဘက်ဆိုရင် တံခါးတောင် ပိတ်စရာ မလိုခဲ့ဘူးလေ"

​လီဟောင်က ခဏမျှ စဉ်းစားပြီး ခေတ်းညိတ်လိုက်၏။

​သူ ငယ်ငယ်တုန်းက ငွေမြို့တော်ဟာ တကယ်ပဲ လုံခြုံခဲ့တာ ဖြစ်သည်။

​ဒါပေမဲ့ အဲဒါက သူ ငယ်သေးလို့ ဘာအန္တရာယ်မှ မရှိဘူးလို့ ထင်ခဲ့တာလည်း ဖြစ်နိုင်ပေသည်။

​လျူလုံက လီဟောင် ဘာတွေးနေသလဲဆိုတာကို ဂရုမစိုက်ပေ။

​"ငါ မင်းကို ဥပဒေစိုးမိုးရေးအဖွဲ့ထဲကို ဘာလို့ ဝင်စေချင်တာလဲ သိလား"

​"ကျွန်တော် မသိပါဘူး"

​"ကျန်းယွမ်ကြောင့်ပဲ"

​လီဟောင် မျက်မှောင်ကြုတ်လိုက်မိသည်။

​ဒါက ဘာကို ဆိုလိုတာလဲ။

​"ငါ ဒီအဖွဲ့ကို ဦးဆောင်လာတာ ဆယ်နှစ်ရှိပြီ"

​လျူလုံက တည်ငြိမ်စွာ ဆိုသည်။

​"ငါနဲ့ ဒီအဖွဲ့ရဲ့ သံယောဇဉ်က မင်းနဲ့ ကျန်းယွမ်ရဲ့ သူငယ်ချင်း သံယောဇဉ်လိုပဲ နက်ရှိုင်းတယ်... ဒီအဖွဲ့က ငါ့ရဲ့ ညီအစ်ကိုလိုပဲ၊ ငါ့ညီအစ်ကိုတွေ အခုလိုမျိုး တဖြည်းဖြည်း သေဆုံးသွားတာမျိုး ငါ မမြင်ချင်ဘူး"

​"ငါ တစ်ခါက ဒါကို ကယ်တင်ဖို့ ကြိုးစားခဲ့ဖူးတယ်... ဒါပေမဲ့ ငါက အပင်တွေကိုပဲ မြင်ပြီး တောအုပ်ကြီး တစ်ခုလုံးကို မမြင်နိုင်ခဲ့ဘူး... ငါ့ရဲ့ ခံစားချက်တွေကြောင့် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းတွေ ပျောက်ဆုံးကုန်ရတယ်... ငါက လူတိုင်းကို သိနေတယ်၊ အဲဒါကြောင့်ပဲ သူတို့ ငါ့အပေါ် သစ္စာဖောက်လိမ့်မယ်လို့ ငါ မယုံနိုင်ခဲ့တာပေါ့"

​"ငါ ဘယ်သူ့ကိုမှ သံသယ မဝင်ချင်ဘူး... ငါနဲ့အတူ သေဘေးကို ရင်ဆိုင်ခဲ့တဲ့ ညီအစ်ကိုတွေက ပိုက်ဆံ ဒါမှမဟုတ် တခြား အသေးအဖွဲ အရာတွေအတွက် ငါတို့ရဲ့ မူလစိတ်ဓာတ်ကို သစ္စာဖောက်လိမ့်မယ်လို့ ငါ မယုံကြည်ချင်ဘူး"

​"ငါတို့ ဥပဒေစိုးမိုးရေးအဖွဲ့ထဲကို စဝင်တုန်းက တရားမျှတမှုကို ဖော်ဆောင်ပါ့မယ်လို့ သစ္စာဆိုခဲ့ကြတယ်... မတရားမှုတွေ ရှိနေတဲ့နေရာမှာ ဥပဒေကို စိုးမိုးစေပါ့မယ်လို့ပေါ့... ဘယ်လို အာဏာကိုမှ မကြောက်ဘဲ စွန့်လွှတ်အနစ်နာခံမယ်လို့လည်း ဆိုခဲ့ကြတယ်"

​"တရားမျှတမှုက အမြဲတမ်း အောင်နိုင်ရမယ်... ဘယ်တော့မှ နောက်မဆုတ်ဘူး၊ ဘယ်တော့မှ အလျှော့မပေးဘူး"

​လျူလုံက လေးနက်စွာ ကြေညာလိုက်ပြီးမှ မိမိကိုယ်ကိုယ် လှောင်ပြောင်သည့်အလား ပြုံးလိုက်လေသည်။

​"အဲဒါက အဲဒီတုန်းက ငါတို့ရဲ့ သစ္စာဆိုချက်ပဲ... ဒါပေမဲ့ အခုတော့ အဲဒီစကားကို မှတ်မိနေတဲ့လူက အလွန်နည်းသွားပုံရတယ်"

​လီဟောင်က တိတ်ဆိတ်စွာ နားထောင်နေမိ၏။

​သူသည် ဤလူနှင့် ရင်းနှီးသူ မဟုတ်ပေ၊ သို့သော်လည်း မရင်းနှီးခြင်းကြောင့်ပင် လျူလုံသည် သူ့ကို ပွင့်ပွင့်လင်းလင်း ပြောနေခြင်းလည်း ဖြစ်နိုင်ပေသည်။

​"ကျန်းယွမ်ရဲ့ အမှုက ရိုးရိုးရှင်းရှင်း အမှုတစ်ခု မဟုတ်ဘူး... အဲဒီမှာ ထူးခြားဆန်းပြားတဲ့ စွမ်းအားရှင်တွေ ပါဝင်နေနိုင်တယ်"

​လျူလုံက အကြောင်းအရာကို ပြောင်းလိုက်လေသည်။

​လီဟောင်က ခေါင်းညိတ်လိုက်ပြီး ဆို၏။

​"ကျွန်တော်လည်း အဲဒီလိုပဲ ထင်ပါတယ်... အမှု ခြောက်ခုစလုံးက သာမန်လိုပဲ မြင်ရပေမဲ့၊ ကျွန်တော် ကိုယ်တိုင် မြင်ခဲ့ရတဲ့ အမှုအပါအဝင်ပေါ့... သာမန်လူတွေ ကျူးလွန်ဖို့ဆိုတာ တကယ်ကို ခက်ခဲလွန်းပါတယ်"

​"ဒါတောင်မှ မင်းက ဒီအမှုကို ဆက်ပြီး စုံစမ်းချင်သေးတာလား"

​လျူလုံက ပြုံးလိုက်၏။

​၎င်းမှာ ဤညအတွက် သူ၏ ပထမဆုံး အပြုံးဖြစ်သော်လည်း လူတစ်ယောက်ကို နေရထိုင်ရ ခက်စေသည့် အပြုံးမျိုး ဖြစ်သည်။

​လီဟောင်သည် ဤလူက ကြက်သွေးရောင်အရိပ် နဲ့ ပတ်သက်နေမလားဆိုတာ မသိပေ၊ သို့သော်လည်း သူ့မှာ တခြား ရွေးချယ်စရာ မရှိတော့ပေ။

​"ကျန်းယွမ်က ကျွန်တော့်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းပါ"

​"ဒါဆို သူ့အတွက် မင်း အသက်ကိုတောင် စွန့်ဝံ့တာပေါ့လေ"

​လျူလုံက ခပ်တိုးတိုး မေးလိုက်၏။

​"ငါတို့ ငယ်ငယ်တုန်းကတော့ သွေးကြွပြီး စိတ်လိုက်မာန်ပါ လုပ်တတ်ကြတာပေါ့... ဒါပေမဲ့ အသက်ကြီးလာတဲ့အခါမှာတော့ ခံစားချက်တွေက ပြောင်းလဲကုန်ကြတာပဲ"

​"ဘာပဲဖြစ်ဖြစ် အဲဒါက အရေးမကြီးပါဘူး... အခု မင်းက အန္တရာယ်ထဲ ရောက်နေပြီ... ပထမအချက်က မင်းဟာ နောက်ဆုံးဖြစ်ခဲ့တဲ့ မီးရှို့သေဆုံးမှုမှာ ပါဝင်နေတယ်... ဒုတိယအချက်က မင်းက အမှုတွေကြားက ဆက်နွယ်မှုကို ရှာတွေ့ပြီး ငါတို့ဆီကို သတင်းလာပေးတယ်... တတိယအချက်က ဒီည မင်းရဲ့ လုပ်ရပ်တွေကြောင့် ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားတယ်... ဒါတွေက မင်းအတွက် အန္တရာယ်တွေပဲ"

​"ပရော်ဖက်ဆာယွမ်ကိုတော့ သိပ်ပြီး မျှော်လင့်မနေနဲ့... ငါတို့က ငါတို့ကိုယ်တိုင်ကိုပဲ အားကိုးရမယ်... တခြားလူကို အားကိုးတာက ဘယ်တော့မှ စိတ်မချရဘူး"

​"ပရော်ဖက်ဆာယွမ်ဆိုတာ သာမန်လူ တစ်ယောက်ပါပဲ... ညစောင့်တပ်ဖွဲ့က သူ့ကို မျက်နှာသာ ပေးကောင်း ပေးလိမ့်မယ်၊ ဒါမှမဟုတ်လည်း မပေးဘူးပေါ့... ထူးခြားဆန်းပြားတဲ့ ကိစ္စတွေ ဖြစ်လာတိုင်း သူတို့က အမြဲတမ်း ဝင်ပါလိမ့်မယ်လို့ မင်း လွဲမှားပြီး မတွေးလိုက်နဲ့"

​"ညစောင့်တပ်ဖွဲ့အတွက်တော့ လူခြောက်ယောက် သေတာက ဘာမှ မဟုတ်ဘူးလေ"

All Chapters