← Chapters

ရူးသွပ်သွားသော လျူလုံ (၂)

Vol. 2 Ch. 18

ရူးသွပ်သွားသော လျူလုံ (၂)

Vol. 2 Ch. 18

​"သူတို့က လူတွေသေတာကို ဂရုမစိုက်တာမျိုးတော့ မဟုတ်ဘူး"

​လျူလုံက ခေါင်းခါရင်း ပြောလိုက်၏။

​"ညစောင့်တပ်ဖွဲ့ဝင်တွေက အရေအတွက် နည်းလွန်းသလို နေရာအနှံ့မှာလည်း ပြန့်ကျဲနေကြလို့ပဲ... ငွေမြို့တော်မှာ တာဝန်ကျတဲ့သူက အလွန်နည်းပြီး သူတို့မှာလည်း ကိုယ်စီ တာဝန်တွေ ရှိကြတယ်... အစုလိုက်အပြုံလိုက် သေဆုံးမှုမျိုး ဖြစ်မှသာ သူတို့က လှုပ်ရှားကြတာ... ထူးခြားဆန်းပြားတဲ့ အငွေ့အသက် နည်းနည်းပါရုံနဲ့ လူအနည်းငယ် သေတာလောက်ကတော့ သူတို့ရဲ့ အာရုံစိုက်မှုကို ရချင်မှ ရမှာ"

​ညစောင့်တပ်ဖွဲ့အကြောင်းကို တစ်စုံတစ်ယောက်က အလေးအနက် ပြောပြသည်ကို လီဟောင် ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်၏။

​သူသည် စပ်စုချင်စိတ်ကို မထိန်းနိုင်ဘဲ တိုးတိုးလေး မေးမြန်းလိုက်လေသည်။

​"ညစောင့်တပ်ဖွဲ့ဝင်တွေက တကယ်ပဲ အဲလောက်တောင် နည်းတာလားဗျ"

​"မှန်တယ်"

​လျူလုံက ခေါင်းညိတ်ပြ၏။

​"အရေအတွက်က အများကြီး မရှိဘူး... အများပြည်သူ လုံခြုံရေးကို ထိန်းသိမ်းနေတဲ့ ငါတို့တွေကတော့ ဥပဒေစိုးမိုးရေးဌာနက သာမန်လူတွေပဲလေ... ညစောင့်တပ်ဖွဲ့က တခြား ရွေးချယ်စရာ မရှိတော့တဲ့ အခြေအနေမျိုးကျမှသာ လှုပ်ရှားတာ... နောက်တစ်ချက်က ထူးခြားဆန်းပြားတဲ့ စွမ်းအားရှိသူတိုင်းက ညစောင့်တပ်ဖွဲ့ထဲ ဝင်ကြတာ မဟုတ်ဘူး... ညစောင့်တပ်ဖွဲ့ဆိုတာ သူတို့ကြားထဲက အဖွဲ့အစည်းကြီးတစ်ခု သက်သက်ပဲ"

​လီဟောင်က ခဏမျှ စဉ်းစားလိုက်၏။

​"အဖွဲ့မှူး... ဒီလို စွမ်းအားရှင်တွေဆိုတာ မွေးရာပါလား ဒါမှမဟုတ် နောက်မှ ဖြစ်လာကြတာလား"

​"နှစ်မျိုးလုံးပဲ"

​လျူလုံက အကဲခတ်သည့် အကြည့်ဖြင့် ပြန်ဖြေလိုက်လေသည်။

​"မင်းက ဒီနယ်ပယ်ကို စိတ်ဝင်စားလို့လား"

​"မဟုတ်ပါဘူး"

​"ဟမ့်… ညာပြန်ပြီ"

​လျူလုံက နှာခေါင်းရှုံ့လိုက်၏။

​"စွမ်းအားရှင်တွေအကြောင်း စကြားဖူးတဲ့လူတိုင်းဟာ ဒီလို နက်နဲတဲ့ စွမ်းအားတွေကို မက်မောကြတာချည်းပဲ... ဘာလို့လဲဆိုတော့ သူတို့က အဲဒီနောက်ကွယ်က အန္တရာယ်တွေနဲ့ လျှို့ဝှက်ချက်တွေကို မသိကြလို့လေ... စွမ်းအားရှင်တွေက ခန့်မှန်းလို့မရအောင် အစွမ်းထက်ပြီး အနိုင်မတိုက်နိုင်ဘူးလို့ပဲ သူတို့က သိထားကြတာ... သူတို့ရဲ့ အသိုင်းအဝိုင်းထဲကို နက်နက်ရှိုင်းရှိုင်း ရောက်သွားတော့မှပဲ အန္တရာယ်တွေကို နားလည်လာကြတာပေါ့... အဲဒီကျမှ ကိုယ့်ဆုံးဖြတ်ချက်ကို နောင်တရချင် ရလာလိမ့်မယ်၊ ဒါပေမဲ့ အစပိုင်းမှာတော့ လူတိုင်းရဲ့ မျက်လုံးတွေက တောက်ပနေကြတာပဲ"

​လီဟောင်သည်လည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ရုံမှတစ်ပါး အခြားမရှိပေ။

​မည်သူမဆို ထူးခြားသည့် စွမ်းအားများကို ရချင်ကြသည်မှာ အမှန်ပင် ဖြစ်၏။ သူကိုယ်တိုင်လည်း ရချင်သည်။

​"ဒါပေမဲ့ ဘာမှမသိဘဲ ဇွတ်တိုးမယ်ဆိုရင်တော့ မင်း သေဖို့ပဲ ရှိလိမ့်မယ်... တကယ်လို့ မင်းရဲ့ စိတ်လိုက်မာန်ပါ လုပ်ရပ်တွေကြားက အသက်ရှင်ခဲ့မယ် ဆိုရင်တောင် မင်းရဲ့ ဘဝက ပိုပြီး ခက်ခဲသွားလိမ့်မယ်"

​လျူလုံက ခပ်တိုးတိုး ရယ်လိုက်လေသည်။

​"တကယ်တော့... ငါက ညစောင့်တပ်ဖွဲ့အကြောင်း နည်းနည်းပါးပါး သိထားတယ်... မင်းသာ ဥပဒေစိုးမိုးရေးအဖွဲ့ထဲ ဝင်မယ်ဆိုရင် ငါ မင်းကို လမ်းညွှန်ချက်တချို့ ပေးနိုင်တယ်"

​"အဖွဲ့မှူးက ကျွန်တော့်ကို ဥပဒေစိုးမိုးရေးအဖွဲ့ထဲ ဝင်ဖို့ ဆွဲဆောင်ချင်ရုံသက်သက်နဲ့ပဲ ဒါတွေအကုန်လုံး ပြောပြနေတာလား"

​လီဟောင်က မျက်ခုံးပင့်ကာ မေးလိုက်၏။

​"ကျွန်တော်က အတွေ့အကြုံ တစ်နှစ်ပဲရှိသေးတဲ့ တတိယအဆင့် စုံစမ်းစစ်ဆေးရေးမှူး တစ်ယောက်ပါ... ဒီလောက်အထိ လျှို့ဝှက်ချက်တွေ ပြောပြရလောက်အောင် ကျွန်တော်က တန်ဖိုးရှိမယ်လို့ မထင်ဘူး... ကျွန်တော့်ကို အဖွဲ့ထဲဝင်ဖို့အတွက် လူ့အဖွဲ့အစည်းရဲ့ ကွယ်ဝှက်ထားတဲ့ အမှောင်ဘက်ခြမ်းအကြောင်းတွေကိုတောင် ဗြောင်ကျကျ ပြောပြနေတာဆိုတော့လေ"

​"ကိုယ့်ကိုယ်ကိုယ် အထင်မသေးစမ်းပါနဲ့"

​လျူလုံ၏ အကြည့်များက နက်ရှိုင်းသွား၏။

​"အဲဒါက မင်းထင်သလောက် မရိုးရှင်းဘူး... ဒါမှမဟုတ် တခြားလူရဲ့ လက်ကို ငှားပြီး သတ်တာလို့လည်း မင်း မြင်နိုင်တယ်... မင်းရဲ့ ဆရာ ပရော်ဖက်ဆာ ယွမ်ရွှော့ဆိုတာ ကြီးမားတဲ့ ကျောထောက်နောက်ခံပဲ... ဥပဒေစိုးမိုးရေးအဖွဲ့မှာ မကောင်းတဲ့ အလေ့အထတွေ အများကြီး ရှိနေပြီ၊ အဲဒါတွေကို ဖြိုဖျက်ဖို့အတွက် ပြင်ပက အင်အားတစ်ခုကို ငှားဖို့ အချိန်တန်ပြီ"

​"မင်းရဲ့ ဆရာက သာမန်လူ တစ်ယောက်ဖြစ်ပေမဲ့ လုံးဝကြီးတော့လည်း မဟုတ်ဘူး... ငွေမြို့တော်၊ ဗက်ထရစ်အကယ်ဒမီ နဲ့ ညစောင့်တပ်ဖွဲ့တွေကတောင် တချို့ပြဿနာတွေကို ဖြေရှင်းဖို့ သူ့ကို အားကိုးနေကြရတာ"

​လီဟောင်က ဘာမှ ကြားဖြတ်မပြောဘဲ တိတ်ဆိတ်စွာ နားထောင်နေလေသည်။

​"အဲဒါက အကြောင်းပြချက် တစ်ခုပေါ့... ဒုတိယအချက်ကတော့ ငါတို့ဆီမှာ သွေးသစ်လောင်းဖို့ လိုနေတာပဲ... မင်းက အကယ်ဒမီက လာတာဆိုတော့ ရွေးချယ်စရာကောင်း တစ်ခု ဖြစ်တယ်... တတိယအချက်က ငါ့အတွက် အရေးကြီးဆုံးပဲ၊ အဲဒါက မင်းဟာ သစ္စာရှိတဲ့လူ ဖြစ်တာပဲ... အနည်းဆုံးတော့ မင်းကို ငါ ယုံကြည်လို့ ရတယ်... စတုတ္ထအချက်ကတော့ မင်းမှာ ဦးနှောက်ရှိပြီး အသေးစိတ်ကို သတိထားမိတတ်တယ်... လေ့ကျင့်ပေးလိုက်မယ်ဆိုရင် မင်းဟာ တော်တဲ့ လက်ထောက်တစ်ယောက် ဖြစ်လာလိမ့်မယ်"

​လီဟောင်က ခေါင်းညိတ်ပြလိုက်၏။

​"မင်း ဘယ်လို ထင်လဲ"

​လျူလုံက ပြုံးလျက် မေးလိုက်လေသည်။

​"ဒီအကြောင်းပြချက်တွေက လုံလောက်ရဲ့လား"

​ဒီအကြောင်းပြချက်တွေက လုံလောက်ရဲ့လား။

​ဘယ်လိုမှ မဖြစ်နိုင်။

​၎င်းတို့မှာ လုံလောက်သယောင်ရှိသော်လည်း အားလုံးတော့ မဟုတ်ပေ။ လျူလုံကဲ့သို့သော လူတစ်ယောက်က သာမန်လူငယ်လေး တစ်ယောက်ကို အနီးကပ် စောင့်ကြည့်ပြီး သီးသန့်ခေါ်ကာ အချိန်အကြာကြီး စည်းရုံးနေရလောက်အောင် ဤအကြောင်းပြချက်များက မပြည့်စုံသေးပေ။

​လီဟောင်သည် လျူလုံကို သေသေချာချာ အကဲခတ်နေမိသည်။

​ဒုတိယအဖွဲ့မှူးကြီးကမူ အကြည့်လွှဲထားပြီး သူ၏ ထွားကျိုင်းသော ခန္ဓာကိုယ်ကြီးကို ကောင်းကင်ဘက်သို့ လှည့်ထား၏။ လီဟောင်က သူ့ကို စိုက်ကြည့်နေသည်ကို ခံစားမိသောအခါ သူက ပြုံးလိုက်လေသည်။

​"ကောင်လေး... အများကြီး သိထားတာက အမြဲတမ်း ကောင်းတာတော့ မဟုတ်ဘူး... ငါက မင်းကို အမှုဖြေရှင်းဖို့ ကူညီချင်တယ်၊ မင်းကလည်း ငါ့ကို ကူညီရမယ်... ဒါက မလုံလောက်ဘူးလား... ဘာလို့ အခြေအနေမှန်ကို သိချင်နေရတာလဲ"

​လီဟောင်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ တိတ်ဆိတ်နေပြီးမှ တိုးတိုးလေး ရေရွတ်လိုက်၏။

​"ကျွန်တော် ကလဲ့စားချေချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘာထဲကို ခြေစုံပစ်ဝင်နေရတာလဲဆိုတာကိုလည်း သိချင်တယ်... မသိတာထက် သိနေတာက ပိုကောင်းတယ်လေ... အဖွဲ့မှူး ပြောတာတွေ အားလုံးကို ကျွန်တော် နားလည်တယ်၊ လက်ခံတယ်၊ ဒါပေမဲ့ အမှန်တရားကို သိချင်တယ်... အမှောင်ထဲမှာ ဘာမှမသိဘဲ လျှောက်သွားရင်း မမျှော်လင့်ဘဲ အနစ်နာခံရသူ တစ်ယောက် မဖြစ်ချင်ဘူး"

​"အာ... မင်းတို့ လူငယ်တွေက တကယ်ပဲ စိတ်မရှည်ကြပါလား"

​လျူလုံက ရယ်မောလိုက်လေသည်။

​"မင်း ကျန်းမိသားစု အိမ်ကနေ တစ်ခုခု ယူခဲ့သေးလား"

​"မယူပါဘူး... အဖွဲ့မှူး ဘာကို ဆိုလိုတာလဲ ကျွန်တော် နားမလည်ဘူး"

​"ဟက်"

​လျူလုံက နှာခေါင်းရှုံ့လိုက်၏။

​"မီးခိုးခေါင်းတိုင်မှာ တစ်စုံတစ်ယောက် လုပ်ထားတဲ့ အမှတ်အသားတွေ ရှိနေတယ်... လီဟောင်... ငါက အတွေ့အကြုံ အနှစ်နှစ်ဆယ်ရှိတဲ့ စုံစမ်းစစ်ဆေးရေးမှူးဟောင်း တစ်ယောက်ပါ... ဒုတိယအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့တာလည်း ဆယ်နှစ်ရှိပြီ၊ မင်း ငါ့ကို အရည်အချင်းမရှိသူလို့ ထင်နိုင်ပေမဲ့ မျက်စိကန်းနေသူလို့တော့ မထင်လိုက်နဲ့... အဲဒီ အမှတ်အသားတွေက အသစ်စက်စက်တွေပဲ... ဘာလဲ... တခြားလူ လုပ်သွားတာလို့ မင်း ပြောဦးမှာလား"

​လီဟောင်၏ ဦးရေပြားများ ထုံကျင်သွားရသော်လည်း သူက ခေါင်းမာစွာဖြင့်ပင် ငြင်းဆိုလိုက်လေသည်။

​"အဖွဲ့မှူး ဘာကို ပြောနေတာလဲ ကျွန်တော် တကယ် မသိဘူး... ကျွန်တော် ဘာမှ မလုပ်ခဲ့ပါဘူး"

​"ဒါက အရေးမကြီးပါဘူး"

​လျူလုံက ပြုံးပြလိုက်၏။

​"မင်း ထူးခြားတဲ့ စွမ်းအားရှိတဲ့ အရာတစ်ခုကို ယူခဲ့ရင်တောင် အရေးမကြီးဘူး... ငါ ဂရုမစိုက်ဘူး"

​ဟင်။ လျူလုံက ဘယ်လိုလူစားလဲဆိုတာကို ခန့်မှန်းရ ပိုပိုပြီး ခက်ခဲလာတော့သည်။ သူ ဘာကို ဆိုလိုတာပါလိမ့်။ ဇဝေဇဝါ ဖြစ်မှုများက စတင်လာ၏။

​"အရာအားလုံးကို ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်"

​လျူလုံက ဆက်ပြီး ပြုံးနေလေသည်။

​"ငါ မင်းကို ငါတို့အဖွဲ့ထဲ ဝင်စေချင်တယ်... ဒါပေမဲ့ မင်းမှာ ခိုင်မာတဲ့ ကျောထောက်နောက်ခံ ရှိနေတော့ ငါ မင်းကို အတင်းအကျပ် ပြောင်းခိုင်းလို့ မရဘူး... မဟုတ်ရင်တော့ မင်းက အခုလို ဖိတ်ခေါ်နေစရာ မလိုဘဲ အဖွဲ့ထဲ ရောက်နေလောက်ပြီ"

​လီဟောင်က မျက်မှောင်ကြုတ်လိုက်မိ၏။

​"မင်းရဲ့ ဆရာမှာ အရှိန်အဝါ ရှိတော့ ငါ မင်းကို ဘာမှ လုပ်လို့မရဘူး"

​လျူလုံက သူ၏ မူလ အာဏာရှိသော ပုံစံသို့ ပြန်ပြောင်းလိုက်လေသည်။

​"ဒါတွေအကုန်လုံး ပြောပြီးတဲ့နောက် ငါ ပြောချင်တာက မင်းဟာ အန္တရာယ် အများကြီးထဲမှာ ရှိနေတယ် ဆိုတာပဲ... မင်းဟာ နောက်ထပ် ကိုယ့်ကိုယ်ကိုယ် မီးရှို့သေဆုံးမယ့်သူ ဖြစ်လာနိုင်တယ်"

​ဒုတ်... ဒုတ်... ဒုတ်။

​လီဟောင်၏ ရင်ခုန်သံများ မြန်လာရသည်၊ ထိုအကြောင်းကို ရုတ်တရက် ပြောလိုက်ခြင်းက ထူးဆန်းနေ၏။ လျူလုံက ကြက်သွေးရောင်အရိပ်တို့အဖွဲ့ နဲ့ ပတ်သက်နေတာလား။

​"အများကြီး မတွေးနဲ့"

​လျူလုံက သူ၏ အတွေးကို ဖြတ်ပြောလိုက်လေသည်။

​"ကိုယ့်ကိုယ်ကိုယ် မီးရှို့သေဆုံးတဲ့ အမှုတွေက မပြီးသေးဘူး... အဲဒီမှာ စွမ်းအားရှင်တွေ ပါဝင်နေပြီး သူတို့က လူတစ်ယောက်ကို သတ်ပြီးတာနဲ့ ထွက်သွားသင့်တာ ကြာလှပြီ... ဒါပေမဲ့ သူတို့က ဒီမြို့မှာ အစီအစဉ်တွေ ဆွဲနေတာ ဆယ်နှစ်ရှိပြီ၊ အဲဒီထက်တောင် ပိုကောင်း ပိုနိုင်သေးတယ်... ဒါက မတော်တဆ သေတာမျိုး မဟုတ်သလို ကလဲ့စားချေဖို့ သတ်တာမျိုးလည်း မဟုတ်ဘူး... ဒါက ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေတာ"

​"သူတို့ရဲ့ မစ်ရှင်က အခုထိ ရှိနေသေးပြီး သူတို့မှာ ပစ်မှတ်လည်း ရှိနေတုန်းပဲ... နောက်ထပ် ပစ်မှတ်က ဘယ်သူဖြစ်မလဲလို့ ငါ စဉ်းစားနေတာ... ကြည့်ရတာတော့ အဲဒါ မင်း ဖြစ်ပုံရတယ်"

​လီဟောင်က သူ၏ တုန်လှုပ်မှုကို ထိန်းချုပ်လိုက်လေသည်။

​"ဘာလို့ ကျွန်တော် ဖြစ်ရတာလဲ"

​"ဘာလို့လဲ ဟုတ်လား"

​လျူလုံက ပြုံးလိုက်၏။

​"လီ ဆိုတဲ့ မျိုးရိုးအမည်နဲ့ လူတွေ အများကြီး ရှိပေမဲ့... အခုတလောမှာ အတက်ကြွဆုံး ဖြစ်နေတဲ့သူက မင်း ဖြစ်နေလို့ပဲ... ငါကတော့ မင်းကို အမြင့်ဆုံး အဆင့်အထိ သံသယရှိနေမှာပဲ"

​လီဟောင် မျက်တောင်ခတ်လိုက်မိပြန်သည်။ ဒုတိယအဖွဲ့မှူးကြီးက... အရပ်ကဗျာကို သိနေပုံရသည်လား။

​"သူတို့က ကျန်းမိသားစုရဲ့ ဓားမြှောင်ကို ရဖို့အတွက် ကျန်းမိသားစုအိမ်ကို စောင့်ကြည့်နေကြတာ မဟုတ်လား"

​အဖွဲ့မှူး၏ စကားကြောင့် လီဟောင် သူ၏ တည်ငြိမ်မှုကို ပျက်ပြားလုနီးပါး ဖြစ်သွားရ၏။

​"ပြီးတော့... မင်းမှာ ကျန်းမိသားစုရဲ့ ဓားမြှောင်နဲ့ လီမိသားစုရဲ့ ဓား ရှိနေတယ် မဟုတ်လား"

​လျူလုံ၏ အပြုံးက ပိုကျယ်လာသော်လည်း လီဟောင်မှာမူ မပြုံးနိုင်တော့ပေ။ အေးစက်သော လက်တစ်ဖက်က သူ၏ နှလုံးသားကို ဆုပ်ညှစ်လိုက်သကဲ့သို့ ခံစားလိုက်ရ၏။ ဒီလူက အရာအားလုံးကို သူ့ဘာသာသူ တွေးဆမိသွားတာလား။ သူ အကုန်လုံးကို သိနေတာပဲ။

​လီဟောင်၏ တင်ပြချက်က လမ်းစတစ်ခု ပေးခဲ့သည်မှာ မှန်သော်လည်း လျူလုံက ဤမျှ တိုတောင်းသော အချိန်အတွင်း အရာအားလုံးကို ခန့်မှန်းနိုင်ခြင်းက အလွန်ပင် ကြောက်စရာကောင်းလှပေသည်။

​"အဲဒါက ထူးခြားတဲ့ စွမ်းအားရှိတဲ့ ရတနာတစ်ခုလား"

​လျူလုံက သူ့ဘာသာသူ ရေရွတ်လိုက်ပြီးမှ ခေါင်းကို အမြန်ခါလိုက်လေသည်။

​"အရေးမကြီးပါဘူး... အရေးမပါဘူး... လျှို့ဝှက်ဆန်းပြားတဲ့ ပစ္စည်းတွေက သာမန်လူတွေအတွက် အသုံးမဝင်ဘူး... သူတို့ရဲ့ ရတနာတွေက ငါတို့အတွက်တော့ အမှိုက်တွေပဲ၊ အဲဒါကြောင့် မင်း ယူထားတာလား မယူထားတာလားဆိုတာက အဓိပ္ပာယ် မရှိဘူး"

​သူက ခပ်တိုးတိုး ရယ်လိုက်ပြန်၏။

​"ဆန့်ကျင်ဘက်အနေနဲ့ မင်းမှာ အဲဒီပစ္စည်း ရှိနေတာက အကောင်းဆုံးပဲ... အဲဒါက မင်းကို သူတို့ရဲ့ နောက်ထပ် ပစ်မှတ်ဖြစ်ဖို့ ရာနှုန်းပြည့် သေချာစေမှာပဲ... ဒီလောက်ကြာအောင် စောင့်ခဲ့ပြီးမှ သူတို့က ဘယ်လိုလုပ် လက်လျှော့မှာလဲ... သူတို့က လူတွေရဲ့ အာရုံစိုက်မှုကို ရနေရင်တောင် လက်လျှော့မှာ မဟုတ်ဘူး... အဲဒါကြောင့် မင်း ငါတို့ဆီ ဝင်တာက ငါ့ကို ကူညီဖို့တင် မဟုတ်ဘဲ မင်းကိုယ်မင်း ကယ်တင်ဖို့လည်း ပါတယ်... စွမ်းအားရှင်တွေကို မင်း တစ်ယောက်တည်းနဲ့ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး"

​လီဟောင်က ဒါတွေကို ဝန်မခံချင်သော်လည်း သူ၏ အတွေးများမှာ အနည်းငယ် ရှုပ်ထွေးနေပြီ ဖြစ်၏။ သူက စိတ်ပျက်မှုကို ထိန်းချုပ်ကာ မေးလိုက်လေသည်။

​"အဖွဲ့မှူး... ဥပဒေစိုးမိုးရေးအဖွဲ့ထဲမှာ သူတို့ရဲ့ သူလျှိုတွေ ရှိနေပုံရတယ်... ခင်ဗျား အများကြီး သိနေတာဆိုတော့... ခင်ဗျားကကော..."

​"ဟက်"

​လျူလုံက ရယ်မောလိုက်၏။

​"မင်း ငါ့ကို သံသယဝင်နေတာလား... မင်း သံသယဝင်သင့်တာပေါ့၊ ဒါပေမဲ့ မလိုပါဘူး... ငါ လုပ်သမျှကို မင်း အကုန်နားမလည်နိုင်ပေမဲ့ နောက်ပိုင်းမှာတော့ သိလာလိမ့်မယ်"

​"အဖွဲ့မှူး... ကျေးဇူးပြုပြီး ပွင့်ပွင့်လင်းလင်းပဲ ပြောပေးပါ"

​လီဟောင်က တိုးတိုးလေး ဆိုလိုက်လေသည်။

​လျူလုံသည် အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ချလိုက်၏။ သူသည် ပုံမှန်အတိုင်း အမြန်ပြန်ဖြစ်သွားပြီး တည်ငြိမ်သော အသံဖြင့် ပြောလိုက်သော်လည်း သူ၏ စကားများက လီဟောင်ကို တုန်လှုပ်သွားစေခဲ့သည်။

​"စွမ်းအားရှင်တွေဆိုတာ မင်းထင်သလိုပဲ... မင်းက စွမ်းအားရှင် ဖြစ်ချင်နေသလို ငါလည်း ဖြစ်ချင်တာပေါ့... ငါက ဖြစ်ချင်ရုံတင် မဟုတ်ဘူး၊ အဲဒီနယ်ပယ်ထဲကို ခြေတစ်ဖက်တောင် လှမ်းခဲ့ဖူးတယ်... ဝမ်းနည်းစရာ ကောင်းတာကတော့ အကူးအပြောင်း မပြီးခင်မှာပဲ ငါ ပြန်ပို့ခံလိုက်ရတာပဲ"

​"ငါကတော့ ဒါကို လက်မခံနိုင်ဘူး... ငါ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ... သူတို့က ငါ့ကို တခြားကမ္ဘာတစ်ခုရှိတယ်ဆိုတာ မြင်အောင် ပြပြီးမှ ငြင်းပယ်လိုက်ကြတာလေ"

​"ဥပဒေစိုးမိုးရေးအဖွဲ့က ပရမ်းပတာ ဖြစ်နေတာက ငါ့ကြောင့်လည်း အပိုင်းတစ်ပိုင်း ပါတယ်... ငါ ဒီအဖွဲ့မှာ အမြစ်တွယ်နေတုန်းကတော့ ငါက တက်ကြွပြီး ကြိုးစားခဲ့တာပေါ့... ဒါပေမဲ့ ငြင်းပယ်ခံရပြီးကတည်းက ငါ့ရဲ့ ဘဝလက်ကျန်ကို သာမန်လူတစ်ယောက်လို ပျင်းစရာကောင်းတဲ့ ဘဝနဲ့ မကုန်ဆုံးချင်တော့ဘူး"

​"အဲဒါကြောင့် ငါက ဥပဒေစိုးမိုးရေးအဖွဲ့ကို စိတ်မပါတော့တာ... အဲဒီမှာ လူအမျိုးမျိုး ဝင်လာကြပြီး အဖွဲ့က ပျက်စီးလာရတာပေါ့"

​ဤစကားများက လီဟောင်ကို မတုန်လှုပ်စေခဲ့သော်လည်း နောက်ထပ် စကားများကမူ တုန်လှုပ်သွားစေခဲ့၏။

​"ငါ့ဘဝကို သာမန်လူတစ်ယောက်လိုပဲ မနေချင်ဘူး... အဲဒီ လျှို့ဝှက်ဆန်းပြားတဲ့ နယ်ပယ်ကို အဝေးကနေပဲ ကြည့်မနေချင်ဘူး... စွမ်းအားရှင် ကမ္ဘာထဲကို ခြေလှမ်းနိုင်မယ့် နည်းလမ်းတစ်ခုကို ငါ သိထားတယ်... အဲဒါက စွမ်းအားရှင်တွေကို သတ်ပစ်ဖို့ပဲ"

​လျူလုံ၏ မျက်လုံးများက စူးရှသွားပြီး သူ၏ ခန္ဓာကိုယ်မှ လူသတ်ငွေ့များ ထွက်ပေါ်လာလေသည်။

​"ငါတို့နဲ့ ကိုက်ညီတဲ့ စွမ်းအား ဒါမှမဟုတ် အရည်အချင်းရှိတဲ့ စွမ်းအားရှင်ကို သတ်ရမယ်... သူတို့ သေသွားပြီးတဲ့နောက် သူတို့ရဲ့ စွမ်းအားတွေကို ထုတ်ယူပြီး ငါတို့ ခန္ဓာကိုယ်ထဲကို သွင်းရမယ်... တစ်ကြိမ်တည်းနဲ့ မအောင်မြင်ရင် နောက်တစ်ကြိမ် ထပ်လုပ်ရမယ်... ထပ်ခါထပ်ခါ လုပ်ရမယ်... အဲဒီ စွမ်းအားတွေက ငါတို့ရဲ့ ကိုယ်ပိုင် စွမ်းအားတွေကို နိုးထလာစေတဲ့အထိပေါ့၊ အဲဒီကျရင် ငါတို့လည်း စွမ်းအားရှင်တွေ ဖြစ်လာလိမ့်မယ်"

​"စွမ်းအားရှင်တွေဆိုတာ အလွန်နည်းပါးတယ်... သူတို့ကို သတ်ဖို့ ကြိုးစားတိုင်း ငါတို့ရဲ့ အသက်ကိုလည်း ရင်းရတယ်... ဒါပေမဲ့ ငါက သာမန်လူတစ်ယောက်အဖြစ် မနေနိုင်ဘူး... ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ ငါတို့ စွမ်းအားရှင် အတော်များများကို သတ်ခဲ့ပေမဲ့ ငါတို့ထဲက ဘယ်သူမှတော့ စွမ်းအားရှင်အဖြစ် ကူးပြောင်းနိုင်ခြင်း မရှိသေးဘူး"

​ငါတို့…

​လီဟောင်၏ အတွေးများမှာ လုံးဝကို ရှုပ်ထွေးကုန်လေသည်။ စွမ်းအားရှင် ဖြစ်လာဖို့အတွက် စွမ်းအားရှင်တွေကို သတ်ဖြတ်ရမည်လား။ ဥပဒေစိုးမိုးရေးအဖွဲ့က ဒီလောက်အထိ ရဲတင်းလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ခဲ့သလို၊ မယုံနိုင်အောင်လည်း ဖြစ်နေရ၏။

​လီဟောင်၏ နဖူးတွင် ချွေးစေးများ ထွက်လာလေသည်။ လီဟောင် ယူလာနိုင်သည့် ပြဿနာတွေကို လျူလုံက ဘာလို့ ဂရုမစိုက်တာလဲဆိုတာကို သူ အခုမှ နားလည်သွားတော့၏။ တကယ်တမ်းတွင် ဒုတိယအဖွဲ့မှူးကြီးက လီဟောင်နောက်ကို လိုက်လာမည့် စွမ်းအားရှင်များကိုသာ မျှော်လင့်နေခြင်း ဖြစ်သည်။

​လီဟောင်သည် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိ၏။ သူကိုယ်တိုင်က ရဲတင်းသူဟု ထင်ခဲ့သော်လည်း ဒီနေ့မှာတော့ သူ့ထက် ပိုပြီး ရဲတင်းရူးသွပ်သူကို တွေ့လိုက်ရပြီ ဖြစ်သည်။

​လျူလုံ၏ ရယ်သံမှာ ရူးသွပ်မှုအငွေ့အသက် အနည်းငယ် ပါဝင်နေ၏။

​"ငါတို့က ဘာကို ကြောက်နေရမှာလဲ... အဲဒါကြောင့်ပဲ ညစောင့်တပ်ဖွဲ့ဝင်တွေကို ငါ ဝင်မပါစေချင်တာ... အန္တရာယ်ကတော့... ကြီးမားတဲ့ စွန့်စားမှုနောက်မှာ ကြီးမားတဲ့ ရလဒ် ရှိတာပဲလေ... ငါတို့ရဲ့ ကုန်ဆုံးနေတဲ့ သက်တမ်းတွေကို ဘာမှမဟုတ်တဲ့ သာမန်ဘဝနဲ့ပဲ ကုန်ဆုံးစေမှာလား"

​"မင်းလည်း အတူတူပဲ လီဟောင်... မင်း စွမ်းအားရှင် ဖြစ်ချင်တယ်ဆိုရင် ညစောင့်တပ်ဖွဲ့ထဲ ဝင်ရင်တောင် မင်း ငြင်းပယ်ခံရနိုင်သေးတယ်... သူတို့က မင်းရဲ့ ခန္ဓာကိုယ်ထဲကို စွမ်းအားသွင်းဖို့ အခွင့်အရေး တစ်ကြိမ်ပဲ ပေးလိမ့်မယ်... ပမာဏကလည်း ကန့်သတ်ထားတယ်၊ မင်း မအောင်မြင်ခဲ့ရင် သူတို့က ဒုတိယအကြိမ် ထပ်မပေးဘူး... ဒါပေမဲ့ မင်းက အဲဒီလို မှော်ဆန်တဲ့ တောင်ထိပ်ဖျားကို မြင်ဖူးပြီးမှ သာမန် ရွှံ့နွံထဲမှာပဲ ပြန်နေချင်လို့လား"

All Chapters