ဆုံးဖြတ်ချက် (၂)
Vol. 2 Ch. 20
သူမ၏ မြန်ဆန်လွန်းသော အရှိန်နှင့် အသံတိတ် လှုပ်ရှားမှုကြောင့် လီဟောင်၏ မျက်လုံးများ ပြူးကျယ်သွားရ၏။ ဒီအဖွဲ့ငယ်လေးထဲက လူတိုင်းဟာ သာမန်လူတွေလို ထင်ရပေမဲ့ တကယ်တမ်းမှာတော့ အားလုံးဟာ အလွန်သန်မာကြသည်။ သူတို့နဲ့ အနီးကပ် ရှိနေချိန်မှာတော့ သူတို့ရဲ့ ခန္ဓာကိုယ် အပြင်ဘက်မှာ ဖျော့တော့တဲ့ ကြယ်တာရာ အလင်းတန်းလေးတွေ ရှိနေတာကို လီဟောင် စတင် မြင်တွေ့လာရပြီ ဖြစ်၏။
အလွန်ဖျော့တော့လွန်းသဖြင့် အနီးကပ်ရှိနေမှသာ လီဟောင် မြင်နိုင်ခြင်း ဖြစ်သော်လည်း ၎င်းမှာ သူအပြည့်အဝ စုပ်ယူနိုင်ခြင်း မရှိသေးသည့် ဓားထဲက ကြယ်တာရာ စွမ်းအင်များနှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။
သူတို့က... တစ်ပိုင်းတစ်စ စွမ်းအားရှင်တွေလား။
ဒီအဖွဲ့တစ်ခုလုံးဟာ အရင်က လျှို့ဝှက်စွမ်းအားတွေကို ခန္ဓာကိုယ်ထဲ သွင်းဖို့ ကြိုးစားခဲ့ဖူးပုံရသော်လည်း တရားဝင် စွမ်းအားရှင်အဖြစ် ကူးပြောင်းဖို့တော့ ရှုံးနိမ့်ခဲ့ကြပုံရသည်။ လျူလုံသည် ဥပဒေစိုးမိုးရေးအဖွဲ့ထဲမှနေ၍ အစွမ်းထက်သည့် လက်ထောက်အချို့ကို ကောင်းကောင်း ပျိုးထောင်ထားနိုင်ခဲ့ခြင်း ဖြစ်၏။
"ဒါဆိုရင်တော့ သေချာသွားပြီ၊ ကျောက်စိမ်းဓား က ရတဲ့ရေက လျှို့ဝှက်စွမ်းအားတွေပဲ... လျူလုံတို့ကတော့ စွမ်းအားရှင်တွေကို သတ်ပြီး အဲဒီနယ်ပယ်ထဲ ခြေချချင်နေကြတာ၊ ဒါပေမဲ့ ငါကတော့ အဲဒီလို လုပ်စရာ မလိုဘူး... ငါ့ရဲ့ ကျောက်စိမ်းဓား က ငါ့ကို စွမ်းအင်တွေ ပေးနိုင်တယ်၊ အခုဆို ငါ့ဆီမှာ ကျန်းမိသားစုရဲ့ ဓားမြှောင်လည်း ရှိနေပြီ... ဒီဓားကရော အဲဒီလိုပဲ စွမ်းအင်ပေးနိုင်မလားဆိုတာ သိချင်မိတယ်"
ညအမှောင်ထဲတွင် မီးတောက်များ ကခုန်နေပြီး အဆောက်အအုံ ပြိုကျသံများက ပို၍ ကျယ်လောင်လာ၏။ မီးလျှံများက ကျန်းမိသားစု အိမ်ဟောင်းကြီးကို လျင်မြန်စွာ ဝါးမြိုသွားသည်ကို လီဟောင် ကြည့်နေမိသည်။ ဒီည သူချခဲ့တဲ့ ဆုံးဖြတ်ချက်တွေအတွက် သူ နောင်တမရပေ။ သူ မျှော်လင့်ထားတာထက် ပိုတဲ့ သတင်းအချက်အလက်တွေကို သူ ရရှိခဲ့သည်။ သူ့ရဲ့ လျှို့ဝှက်ချက်တချို့ကို ထုတ်ပြလိုက်ရပေမဲ့ ဒါက အရေးမကြီးပါဘူး။ ကြက်သွေးရောင်အရိပ်တို့အဖွဲ့ က သူဟာ လီမိသားစုရဲ့ ဓားကို ပိုင်ဆိုင်ထားသူမှန်း တကယ်ပဲ မသိကြဘူးလို့ ထင်နေတာလား။
သူတို့ကို ပစ်မှတ်ထားနေတဲ့ အနေအထားအရဆိုရင်တော့ မဖြစ်နိုင်ပေ။ သူတို့မှာ တခြား အစီအစဉ်တွေ ရှိနေလို့သာ အခုထိ ဘာမှ မလုပ်သေးတာ ဖြစ်ရမည်။ တကယ်လို့ သူတို့သာ သူ့မိဘတွေကို သတ်ခဲ့တဲ့ လူသတ်သမားတွေ ဖြစ်မယ်ဆိုရင်၊ သူ့ရဲ့ မျိုးရိုးက အရပ်ကဗျာထဲက "လီ" ဖြစ်နေတာကို သူတို့ ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။
မသိဘူးလို့ ထင်နေတာကတော့ ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေတာပဲ ဖြစ်လိမ့်မည်။
"ဒီလောက် ဆူညံပွက်လောရိုက်နေတဲ့ အခြေအနေမျိုးမှာတော့ သူတို့ ထွက်လာကြမှာ မဟုတ်ဘူး"
လီဟောင်က သူ့အင်္ကျီကို ပြန်ပြင်ဝတ်လိုက်ပြီး ပန်သာ ကို ပုတ်လိုက်၏။
"လာ... အိမ်ပြန်ကြစို့"
သူသည် လောင်ကျွမ်းနေသော အိမ်ကြီးကို အကာအကွယ်ယူကာ လျူလုံကို ဘာမှမပြောတော့ဘဲ ထွက်ခွာလာခဲ့တော့သည်။
……
"အဖွဲ့မှူး"
လျူလုံ၏ ဘေးတွင် လူအချို့ စုရုံးရောက်ရှိလာကြ၏။ လျူယန်က သူမ၏ ခေါင်းဆောင်ကို သိချင်စိတ်ဖြင့် ကြည့်လိုက်ပြီးနောက် အမှောင်ထဲသို့ ထွက်ခွာသွားသော လီဟောင်ကို လှမ်းကြည့်လိုက်သည်။
"အဖွဲ့မှူး... သူ့ကို တကယ်ပဲ ကျွန်မတို့အဖွဲ့ထဲ ပေးဝင်မှာလား"
သူမက တိုးတိုးလေး မေးလိုက်၏။
"အဖွဲ့မှူးမှာ သူ့အစီအစဉ်နဲ့သူ ရှိမှာပေါ့"
အရိုးပေါ် အရေတင်သယောင် ပိန်လှီလှသော ဝူချောင်က ရယ်မောလျက် ပြောလိုက်လေသည်။
"လီဟောင်မှာက တကယ့် ကျောထောက်နောက်ခံ ရှိတယ်လေ... ယွမ်ရွှော့က စွမ်းအားရှင် မဟုတ်ပေမဲ့ သူ့ရဲ့ 'မူလငါသွယ်ကျမ်း’ ကတော့ အထင်သေးလို့ မရဘူး... ညစောင့်တပ်ဖွဲ့ကတောင် သူ့ကို အမြဲတမ်း အကူအညီ တောင်းနေရတာဆိုတော့ သူက တစ်ခုခုတော့ ရှိမှာပဲ... လီဟောင်ကို အဖွဲ့ထဲ သွင်းလိုက်တာက မကောင်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး"
"ဒါပေမဲ့ ကောင်းတဲ့ ကိစ္စလို့လည်း ပြောလို့မရဘူးလေ"
အဆီများကြားတွင် မျက်လုံးများ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော လူဝကြီးက ညည်းတွားလိုက်၏။
"ယွမ်ရွှော့ဆိုတာက မာနကြီးပြီး ခေါင်းမာတဲ့လူ... အဖွဲ့မှူးက သူ့ကို အရင်က ကမ်းလှမ်းခဲ့ဖူးတယ် မဟုတ်လား၊ ကျွန်တော်တို့ရဲ့ အမဲလိုက်ပွဲတွေမှာ ပါဖို့လေ... သူက ဂရုတောင် မစိုက်ခဲ့ဘူး... အခု လီဟောင်ကို အဖွဲ့ထဲ သွင်းလိုက်ရင် ညစောင့်တပ်ဖွဲ့ရဲ့ အာရုံစိုက်မှုကို ရလာနိုင်တယ်..."
လျူလုံက ထိုလူ စကားမဆုံးခင်မှာပင် ဖြတ်ပြောလိုက်လေသည်။
"ညစောင့်တပ်ဖွဲ့ ဟုတ်လား... သူတို့က ငါတို့အကြောင်း မသိဘူးလို့ မင်း တကယ် ထင်နေတာလား... ဥပဒေစိုးမိုးရေးဌာနက စွမ်းအားရှင်တွေကို သတ်ခဲ့တာ တစ်ယောက်မကတော့ဘူးဆိုတာ သူတို့ မသိဘဲ နေမလား"
သူက အေးအေးဆေးဆေးပင် ဆက်ပြောလိုက်၏။
"သိတော့ကော ဘာဖြစ်လဲ... ငါတို့က ရာဇဝတ်သား စွမ်းအားရှင်တွေကိုပဲ သတ်တာလေ... နောက်ပြီး စွမ်းအားရှင်တွေကို သတ်ပြီး သူတို့ရဲ့ စွမ်းအားတွေကို ထုတ်ယူပြီး အဆင့်တက်တဲ့ နည်းလမ်းဆိုတာကလည်း ညစောင့်တပ်ဖွဲ့ဆီကပဲ လာတာလေ... ဟားဟား… ဟားဟား"
ဒုတိယအဖွဲ့မှူး၏ မျက်လုံးများထဲတွင် လှောင်ပြောင်မှုများနှင့် ဂရုမစိုက်မှုများ ပြည့်နှက်နေပြီး သူက အေးစက်စွာ ရယ်မောလိုက်လေသည်။
"သူတို့က ဒီနည်းလမ်းကို တမင်တကာ သတင်းလွှင့်ထားတာလေ... စွမ်းအားရှင် ဖြစ်ချင်နေတဲ့ အသေခံ အရန်အင်အားတွေကနေတစ်ဆင့် သူတို့ရဲ့ ဖိအားတွေကို လျှော့ချဖို့ပေါ့... သူတို့မှာ အမှုတွေက အများကြီး၊ အချိန်က မလုံလောက်ဘူး... သာမန်အဆင့်ထက် ကျော်လွန်တဲ့ ရာဇဝတ်မှုတွေကို မဖြေရှင်းနိုင်ရင် ပြဿနာက ကြီးသွားလိမ့်မယ်... ညစောင့်တပ်ဖွဲ့ဝင်တွေကလည်း နည်းသလို၊ သာမန်လူတွေကလည်း ရှေ့ထွက်ဖို့က အန္တရာယ် များလွန်းတယ်... အဲဒီတော့ သူတို့က ဖြစ်သလိုပဲ ကိုင်တွယ်နေကြရတာ... ဘယ်သူက စွမ်းအားရှင်တွေကို တကယ် ရန်စချင်မှာလဲ"
"ဒါပေမဲ့ သူတို့ရဲ့ စွမ်းအားတွေကို ထပ်ခါတလဲလဲ စုပ်ယူမယ်ဆိုရင် စွမ်းအားရှင် ဖြစ်လာနိုင်ခြေ ပိုများတယ်ဆိုတဲ့ သတင်းမျိုး ပျံ့လာတဲ့အခါမှာ ဘာဖြစ်လာမလဲဆိုတာ မင်းတို့ စဉ်းစားကြည့်ဖူးလား"
အဖွဲ့ဝင်အားလုံး တိတ်ဆိတ်သွားကြ၏။ ဘာဖြစ်လာမလဲ ဟုတ်လား။ သာမန်ဘဝမှာပဲ မနစ်မွန်းချင်တဲ့ လူတိုင်းဟာ ဒီအခွင့်အရေးအတွက် သူတို့ရဲ့ အသက်ကို ရင်းကြမှာပေါ့။
အဲဒါက သေခြင်းရှင်ခြင်း တိုက်ပွဲတွေကို ဖြစ်လာစေတာပေါ့။ နည်းဗျူဟာတွေ၊ လက်နက်တွေနဲ့ ဦးနှောက်ကိုသာ သေသေချာချာ သုံးမယ်ဆိုရင် သာမန်လူက စွမ်းအားရှင်ကို ပြန်တိုက်ဖို့ဆိုတာ ဖြစ်နိုင်တဲ့ ကိစ္စပဲ။ သူတို့အဖွဲ့ကပဲ အကောင်းဆုံး သက်သေ မဟုတ်လား။
ပြီးတော့ ဒီလို အခြေအနေမျိုးက ငွေမြို့တော်မှာတင် ရှိတာလား။
မဖြစ်နိုင်ပေ။
ညစောင့်တပ်ဖွဲ့က ဒီသတင်းအချက်အလက်တွေကို မျှဝေလိုက်တာက ပျင်းစရာကောင်းတဲ့ သာမန်ဘဝမှာ မနေချင်တဲ့လူတွေကို အသုံးချပြီး သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းခိုင်းတာ ဖြစ်ရမည်။ အဲဒီလူတွေကတော့ အဖွဲ့အစည်းရဲ့ ပြဿနာတွေကို လျှော့ချပေးမယ့် အသေခံ အရန်အင်အားတွေပဲပေါ့။
"ညစောင့်တပ်ဖွဲ့က ဒါတွေကို အကွက်ကျကျ စီစဉ်ထားတာ... မင်းတို့ စဉ်းစားကြည့်စမ်း၊ တကယ်လို့ ငါတို့သာ စွမ်းအားရှင် တကယ် ဖြစ်လာခဲ့ရင် ဘယ်ကို သွားကြမလဲ"
"သူတို့ဆီကိုပေါ့"
လျူယန်က ပြုံးလျက် ပြောလိုက်၏။ အားလုံးကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ကြသည်။ သူတို့က ဥပဒေစိုးမိုးရေးဌာနက လူတွေလေ၊ တကယ်လို့ အဆင့်တက်သွားရင် သူတို့နဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းထဲပဲ ဝင်ကြမှာပေါ့။
"တကယ်ကို ပါးနပ်တဲ့ အစီအစဉ်ပဲ"
လူဝကြီးက အသက်ပြင်းပြင်း ရှူလိုက်၏။
"သူတို့ဘက်က ဘာစွမ်းအားမှ အကုန်အကျ မခံရဘဲနဲ့ တခြားလူတွေရဲ့ ကြိုးစားအားထုတ်မှုကနေ သွေးသစ်လောင်းသလို ဖြစ်သွားတာပေါ့... ပြီးတော့ ပြဿနာရှာတဲ့ စွမ်းအားရှင်တွေကိုလည်း ရှင်းပြီးသား ဖြစ်သွားတယ်"
တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ။
ညစောင့်တပ်ဖွဲ့က သတင်းအချက်အလက်တချို့ကို ထုတ်ပေးရုံနဲ့ အဆင့်တက်သွားတဲ့ စုံစမ်းစစ်ဆေးရေးမှူးတိုင်းဟာ သူတို့ဆီကိုပဲ ရောက်လာမှာ သေချာသည်။ သူတို့က တရားဝင် လမ်းကြောင်း မဟုတ်လား။ အလင်းထဲမှာ နေသားကျနေတဲ့ လူတိုင်းဟာ အမှောင်ထဲကိုတော့ သွားချင်ကြမှာ မဟုတ်ပေ။
"ဒါက ပေါ်တင်လုပ်တဲ့ လှည့်ကွက်ပဲ"
လျူလုံက တည်ငြိမ်စွာ ပြန်ပြောလိုက်၏။
"တခြားလူတွေကိုတော့ ငါမသိဘူး၊ ဒါပေမဲ့ စွမ်းအားရှင် ဖြစ်ဖို့အတွက် ရွေးချယ်မှုမှာ ရှုံးနိမ့်ခဲ့တဲ့ လူတွေကတော့ သာမန်လူအဖြစ်နဲ့ ဘယ်တော့မှ ကျေနပ်မှာ မဟုတ်ဘူး... ငါတို့က အဲဒီနယ်ပယ်ထဲကို ခြေတစ်ဖက် လှမ်းခဲ့ဖူးပြီးမှ ပြန်ကန်ထုတ်ခံခဲ့ရတာ... အဲဒါကို ငါတို့ထဲက ဘယ်သူမှ လက်မခံနိုင်ဘူး... ငါတို့လို လူတွေက ဥပဒေစိုးမိုးရေးဌာန အသီးသီးရဲ့ အမာခံ အင်အားစုတွေပဲလေ... ငါတို့မှာ အာဏာရှိတယ်၊ လုပ်ပိုင်ခွင့်ရှိတယ်၊ အခွင့်အရေးအတွက် တိုက်ပွဲဝင်ဖို့ ယုံကြည်ချက်လည်း ရှိတယ်"
"ညစောင့်တပ်ဖွဲ့က ဘာရင်းနှီးမှုမှ မရှိဘဲ ငါတို့ကို သူတို့အတွက် တိုက်ခိုက်ခိုင်းလို့ ရသလို၊ တော်တဲ့လူတွေကိုလည်း သူတို့ လိုချင်သလို ရွေးလို့ရတယ်... အဲဒါကြောင့် သူတို့က ဘာလို့ ဒါကို မလုပ်ဘဲ နေမှာလဲ"
အဖွဲ့ဝင်အားလုံး အခုမှပဲ အပြည့်အဝ နားလည်သွားကြတော့သည်။ လျူလုံ အခုလို ရှင်းပြလိုက်တော့မှသာ သူတို့ သိချင်နေတာတွေ ရှင်းသွားခြင်း ဖြစ်၏။ လူဝကြီးဆိုလျှင် ညစောင့်တပ်ဖွဲ့က သူတို့ လျှို့ဝှက်ပြီး စွမ်းအားတွေ စုဆောင်းနေတာကို သိသွားမှာ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ အခုတော့ အဖွဲ့မှူး ရှင်းပြချက်ကြောင့် အရာအားလုံး ရှင်းလင်းသွားပြီ။
"အဖွဲ့မှူး... လီဟောင် ကျွန်တော်တို့ဆီ ဝင်လာတာက တကယ်ပဲ အကူအညီ ဖြစ်မှာလား"
လူဝကြီးက မေးလိုက်၏။
"ဖြစ်မှာပေါ့"
လျူလုံက ဘာမှ ထပ်ရှင်းမပြတော့ပေ။
အဖွဲ့ဝင်များအားလုံး အတွေးကိုယ်စီဖြင့် ငြိမ်သက်သွားကြသည်။ လီဟောင် အဖွဲ့ထဲ ဝင်လာမလား ဆိုတာကတော့ မေးနေစရာတောင် မလိုပေ။
သူ သေချာပေါက် ဝင်လာမှာပဲ။
စွမ်းအားရှင်တွေရဲ့ နယ်ပယ်အကြောင်း သိသွားပြီးတဲ့နောက်မှာတော့ ဘယ်သူမှ အဖွဲ့မှူးရဲ့ ဖိတ်ခေါ်မှုကို ငြင်းမှာ မဟုတ်ဘူး။ ညစောင့်တပ်ဖွဲ့ဆီမှာ အောင်မြင်ဖို့ တစ်ရာခိုင်နှုန်းပဲ အခွင့်အရေး ရှိတာကို ထားဦး၊ အဓိက အချက်က လီဟောင်ဟာ အဲဒီလို ရွေးချယ်စရာ လမ်းကြောင်းထဲတောင် ဝင်ဖို့ အရည်အချင်း မပြည့်မီတာပဲ။
ငွေမြို့တော်မှာ စွမ်းအားရှင်တွေအကြောင်း သိတဲ့လူတွေ အများကြီး ရှိပြီး သူတို့က အထက်တန်းလွှာတွေချည်းပဲ။ သူတို့ ဒါမှမဟုတ် သူတို့ရဲ့ သားသမီးတွေ စွမ်းအားရှင် ဖြစ်လာဖို့ သူတို့က အရမ်းကို မျှော်လင့်နေကြတာ။ လီဟောင်အတွက်ကတော့ အခွင့်အရေးက မရှိသလောက်ပဲ။ သူ့ဆရာက ကူပြောပေးရင်တောင် သူက ရွေးချယ်ခံဖို့အတွက် ထည့်သွင်းစဉ်းစားခံရမှာ မဟုတ်ဘူး။
အဲဒီ လုပ်ငန်းစဉ်က ဘယ်လောက် ခက်ခဲတယ်ဆိုတာကို သူ သိသွားတာနဲ့ ဥပဒေစိုးမိုးရေးအဖွဲ့ထဲ ဝင်တာကသာ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာ လမ်းကြောင်းဆိုတာ သူ သိလာမှာပဲ။
……
ညအချိန်ဆိုတာကတော့ အမြဲတမ်း ဆွဲဆောင်မှု ရှိနေဆဲပင်။ လီဟောင်သည် အရင်လိုပဲ သတိဝီရိယရှိစွာဖြင့် အိမ်သို့ တိတ်ဆိတ်စွာ လျှောက်လာခဲ့သည်။ ကျန်းယွမ်၏ အိမ်က သူ့အိမ်နဲ့ သိပ်မဝေးသဖြင့် လမ်းတစ်လျှောက်တွင် သူ အများကြီး စဉ်းစားခဲ့မိ၏။ နောက်ဆုံးတော့ သူ့ဆရာဆီ ဖုန်းဆက်ဖို့ သူ ဆုံးဖြတ်လိုက်လေသည်။
ဝေါ... ဝေါ... ဝေါ...
ဖုန်းက ချက်ချင်းပင် ပွင့်သွား၏။ ယွမ်ရွှော့သည် အိပ်မပျော်ဘဲ တစ်ညလုံး စောင့်နေခဲ့ပုံရသည်။
"ဆရာ"
"အရာအားလုံး အဆင်ပြေရဲ့လား"
"ဟုတ်ကဲ့... အဖွဲ့မှူး လျူလုံနဲ့ သူ့လူတွေ ရောက်လာပါတယ်... ကျွန်တော် အခု အိမ်ပြန်နေပါပြီ"
လီဟောင်က ခဏစဉ်းစားပြီးနောက် ပြောလိုက်၏။
"ဆရာ... အဖွဲ့မှူးက ပြောတယ်၊ ကျွန်တော် အန္တရာယ်ရှိနေတယ်တဲ့... ယွမ်လေးကို သတ်တဲ့လူက ကျွန်တော့်ဆီကိုလည်း လာနိုင်တယ်တဲ့"
"မစိုးရိမ်နဲ့"
ယွမ်ရှော့က ဒါကို ကြိုတင်ခန့်မှန်းထားသည့်ပုံစံဖြင့် တည်ငြိမ်စွာ ပြန်ပြောလိုက်လေသည်။
"မနက်ဖြန် မနက်ကျရင် မင်း ဗက်ထရစ်အကယ်ဒမီကို ပြောင်းလာခဲ့... အဆောင်မှာ မနေနဲ့၊ ငါ့အိမ်မှာပဲ နေ... ပြီးရင် အပြင်မထွက်နဲ့ဦး... တစ်နှစ်၊ နှစ်နှစ်လောက် အေးအေးဆေးဆေး နေလိုက်ရင် အရာအားလုံး အဆင်ပြေသွားမှာပါ"
သူ့ဆရာက အေးအေးဆေးဆေး ပြောနေသော်လည်း ယွမ်ရွှော့သည် သူကိုယ်တိုင်ကို ရင်းပြီး ကာကွယ်ပေးရန် ကြိုးစားနေခြင်း ဖြစ်သည်ကို လီဟောင် သိလိုက်ရသည်။ ညစောင့်တပ်ဖွဲ့က ဒီလို နာမည်ကြီး ပရော်ဖက်ဆာ တစ်ယောက်ကို အလကား အသေခံခိုင်းမှာ မဟုတ်ဘူးဆိုတာကို သူက အလောင်းအစား လုပ်နေခြင်း ဖြစ်၏။
ကြက်သွေးရောင်အရိပ် ဘက်က အလွန်အမင်း အစွမ်းမထက်ဘူးဆိုရင် သူတို့လည်း ညစောင့်တပ်ဖွဲ့ကို ရန်မစချင်ကြပေ။ ဒါပေမဲ့ လူငယ်လေးကတော့ သူတို့ ဒီအတိုင်း လက်လျှော့မှာ မဟုတ်ဘူးဆိုတာ သိနေသည်။ နောက်ပြီး သူကိုယ်တိုင်ကလည်း ဒီလောက် အကြာကြီး ပုန်းမနေချင်ပေ။
"ဆရာ... ကျွန်တော် ဥပဒေစိုးမိုးရေးဌာနမှာပဲ ဆက်နေချင်တယ်"
"မင်းက တကယ်ကို ခေါင်းမာတဲ့ ကောင်ပဲ"
ယွမ်ရွှော့က ငေါက်လိုက်လေသည်။
"အန္တရာယ် ရှိမှန်း သိရက်နဲ့ နေချင်သေးတာလား... ဒါက ရဲရင့်တာ မဟုတ်ဘူး၊ မိုက်မဲတာ"
"ဆရာ... ကျွန်တော် ဥပဒေစိုးမိုးရေးအဖွဲ့ထဲ ဝင်ချင်တယ်... အဖွဲ့မှူး လျူလုံက ဒီည ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့တယ်၊ သူက ကျွန်တော့်ရဲ့ လုံခြုံရေးကို အာမခံနိုင်တယ်လို့ ပြောတယ်"
"ဥပဒေစိုးမိုးရေးအဖွဲ့ ဟုတ်လား"
"ဟုတ်ကဲ့... သူ ပြောတာက အဲဒီအဖွဲ့ထဲ ဝင်ရင်... နောက်ထပ် နယ်ပယ်တစ်ခုကို ရောက်သွားနိုင်တယ်တဲ့"
"ဟမ့်"
ဖုန်းထဲကနေ လှောင်ပြောင်သည့် နှာခေါင်းရှုံ့သံ ထွက်ပေါ်လာ၏။
"လျူလုံကတော့ အခုထိ လက်မလျှော့သေးဘူးပေါ့... အဲဒါက အဲလောက် လွယ်မယ် ထင်လို့လား... လွယ်ရင် လူတိုင်း စွမ်းအားရှင် ဖြစ်ကုန်ကြမှာပေါ့... သူ ဘာလုပ်နေလဲဆိုတာ ငါသိပါတယ်၊ သူက တကယ်ပဲ ဇွဲရှိပြီး ရဲတင်းတဲ့ လူတစ်ယောက်ပါပဲ"
ထိုသို့ ချီးကျူးပြီးနောက် ယွမ်ရွှော့က ဆက်ပြောလိုက်လေသည်။
"ဒါပေမဲ့ မင်း နားမလည်တဲ့ အချက်တွေ ရှိသေးတယ်... သူက မင်းကို အရမ်း လွယ်ကူသလိုမျိုး ပြောပြခဲ့တာ နေမှာပေါ့... တကယ်တမ်းမှာတော့ ပထမအချက်က အဲဒီလူတွေကို သတ်ဖို့ဆိုတာ အသက်နဲ့ ရင်းရတာပဲ... ဒုတိယအချက်က ညစောင့်တပ်ဖွဲ့ရဲ့ နည်းလမ်းနဲ့ စွမ်းအားသွင်းရင် ၉၀ ရာခိုင်နှုန်းက ဘေးကင်းတယ်... အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ မင်း မသေဘူး... ဒါပေမဲ့ လျူလုံရဲ့ နည်းလမ်းကတော့ ၅၀ ရာခိုင်နှုန်းက အသက်အန္တရာယ် ရှိတယ်"
လီဟောင်၏ မျက်လုံးများ ပြူးကျယ်သွားရ၏။ လျူလုံသည် ဤအချက်ကိုတော့ တမင်ချန်ထားခဲ့ခြင်း ဖြစ်သည်။
"ပြီးတော့ ဥပဒေစိုးမိုးရေးအဖွဲ့မှာ သူတို့ပဲ ရှိတာလို့ မင်း ထင်နေလား... ဟက်... လျူလုံက အစတုန်းက လူအယောက် ၄၀ ကျော်လောက်ကို စုဆောင်းခဲ့တာ၊ အခု သူ့ဘေးမှာ ဘယ်နှစ်ယောက် ကျန်သလဲ... တချို့က အမဲလိုက်ရင်း သေသွားကြတယ်၊ တချို့က စွမ်းအားတွေ သွင်းရင်းနဲ့ သေသွားကြတာပေါ့"
ယွမ်ရှော့က သက်ပြင်းတစ်ချက် ချလိုက်လေသည်။
"တကယ်လို့ မင်းက ဒီလမ်းကို တကယ် လျှောက်ချင်တယ်ဆိုရင်တော့ ငါ မင်းအတွက် အကူအညီ တောင်းပေးကြည့်လို့ ရနိုင်မလားလို့… စုံစမ်းကြည့်ဦးမယ်"
ပရော်ဖက်ဆာသည် အစပိုင်းတွင် ဝေခွဲမရ ဖြစ်နေသော်လည်း နောက်ပိုင်းတွင် ပြတ်သားသွားပုံရသည်။ ဒါပေမဲ့ ဒီကိစ္စက သူ့ဆရာအတွက် ဘယ်လောက် ခက်ခဲမလဲဆိုတာ လီဟောင် ခံစားမိ၏။ ညစောင့်တပ်ဖွဲ့က သူ့ဆရာကို ဘယ်တော့မှ အောင်မြင်ခွင့် ပေးမှာ မဟုတ်ဘူးဆိုတဲ့ လျူလုံရဲ့ စကားကို သူ ပြန်တွေးမိပြီး ကောက်ချက်ချလိုက်လေသည်။
"ရပါတယ် ဆရာ... အဲဒီလောက်အထိ လုပ်စရာ မလိုပါဘူး"
"ကောင်းပြီလေ"
ယွမ်ရွှော့ကလည်း ထပ်ပြီး အတင်းအကျပ် မတိုက်တွန်းတော့ပေ။ တကယ်လို့ လီဟောင်သာ သွားမယ်ဆိုရင် သူက အဲဒီ သေဆုံးနိုင်ခြေ ၁၀ ရာခိုင်နှုန်းထဲ ပါသွားနိုင်တယ် မဟုတ်လား။ သူကိုယ်တိုင်ကတော့ ရှုံးနိမ့်ပြီး အသက်ရှင်ခဲ့တဲ့ ၉၀ ရာခိုင်နှုန်းထဲမှာ ပါခဲ့ပေမဲ့၊ လူငယ်လေးကတော့ သူ့တပည့် ဖြစ်နေသည်။ သူ့မှာ တစ်ခုခု ဖြစ်သွားမှာကို သူ မလိုလားပေ။
အဲဒီလို တွေးမိတော့ သူက ဘာမှ ထပ်မပြောချင်တော့ပေ။
သူ့ဆရာက လျူလုံတို့ ဘာလုပ်နေလဲဆိုတာကို သိနေမှန်း သေချာသွားတော့ လီဟောင် ပိုပြီး စိတ်အေးသွားရ၏။
"ဆရာ... ဒါဆိုရင် ကျွန်တော် ဥပဒေစိုးမိုးရေးအဖွဲ့ထဲ ဝင်တော့မယ်... ကျွန်တော် အဲဒီနည်းလမ်းကို မကြိုးစားရင်တောင်မှ ကလဲ့စားတော့ ချေချင်တယ်"
"မင်းနဲ့ မင်းရဲ့ စိတ်ဓာတ်ကတော့လေ..."
ယွမ်ရွှော့က ခေါင်းခါလိုက်၏။
"ကောင်းပြီ ကောင်းပြီ... မင်း သဘောအတိုင်းပဲပေါ့... မင်းရဲ့ စိတ်ဓာတ်က ငါနဲ့ တစ်ပုံစံတည်းပဲ... မင်း ဆုံးဖြတ်ပြီးပြီဆိုရင်တော့ လက်မလျှော့နဲ့တော့... ဒါပေမဲ့ အားတဲ့အခါ လာခဲ့ဦး... ငါ မင်းကို စွမ်းအားရှင်ဖြစ်အောင် မကူညီနိုင်ရင်တောင်မှ မင်း ဘာတွေ ရင်ဆိုင်ရမလဲဆိုတာကိုတော့ ငါ ပြောပြနိုင်တယ်... ဒါက လျှောက်ရလွယ်တဲ့ လမ်းတော့ မဟုတ်ဘူး"
ပရော်ဖက်ဆာက ရုတ်တရက် ရယ်မောလိုက်လေသည်။
"တကယ်လို့ မင်းသာ တကယ် အောင်မြင်သွားမယ်ဆိုရင်တော့ ဒါက ကောင်းတဲ့ ကိစ္စပဲ... အဲဒီကျရင် ငါတို့ နှစ်ယောက် ပေါင်းပြီး တစ်ခုခု လုပ်ကြတာပေါ့၊ တခြားလူတွေရဲ့ မျက်နှာကို ကြည့်နေစရာ မလိုတော့ဘူး... တချို့ကောင်တွေက ငါ ရှုံးနိမ့်မှာကိုပဲ ထိုင်စောင့်နေကြတာလေ... ဟဲဟဲ... နောက်မှ အကုန်လုံးကို အမှိုက်ပုံးထဲ လွှင့်ပစ်ပြမယ်"
လီဟောင်က ဒါကို နားလည်သလို ရှိသော်လည်း ထပ်ပြီးတော့တော့ မမေးတော့ပေ။ သူ့ဆရာက ပြောပြချင်တဲ့အခါ အသေးစိတ် ပြောပြလိမ့်မည်။ အခုတော့ သူ့မှာလည်း တခြား စိုးရိမ်ပူပန်စရာတွေ ရှိနေပုံရသည်။
ဒါဆိုရင်တော့ ဆုံးဖြတ်လိုက်ပြီ၊ သူ ဥပဒေစိုးမိုးရေးအဖွဲ့ထဲ ဝင်မည်။ သူ့ဆရာက အတင်းအကျပ် မတားတာကို ကြည့်ရင် သူလည်း တစ်ခုခုကို နားလည်ထားလို့ ဖြစ်မည်။ လျူလုံမှာ အစီအစဉ်တွေ ရှိကောင်းရှိနိုင်ပေမဲ့ အခုလောလောဆယ်မှာတော့ လီဟောင် ဘေးကင်းမှာ သေချာသည်။
"ကြက်သွေးရောင်အရိပ်... လျှို့ဝှက်စွမ်းအားတွေ... ငါ လာပြီ"
တစ်နှစ်တောင် ရှိသွားပြီ၊ မင်းတို့တွေ ဘယ်လောက်တောင် ခန့်မှန်းရခက်ပြီး အစွမ်းထက်သလဲဆိုတာ ငါ ကြည့်လိုက်ဦးမယ်။