အပြစ်သားကျွန်း
Vol. 48 Ch. 667
အချိန်က တတိတိ ကုန်ဆုံးသွားပြီး ကျန်းရီက မျက်လုံးမှိတ်ထားကာ မိုးကြိုးတောင်တန်းနောက်ရှိ မိုင်ပေါင်းများစွာ ကွာဝေးသော ကန္တာရထဲ၌ မတ်တတ်ရပ်နေလေ၏။ မိုးကြိုးမီးက ရံဖန်ရံခါ မျောလွင့်နေရာ သူက ရှောင်တိမ်းပြီးနောက် နောက်ထပ်ဘေးကင်းသည့် နေရာ၌ ဆက်ရပ်နေကာ ဘာမှမလုပ်ပေ။
နှစ်နာရီ၊ လေးနာရီ.. ဆယ်နာရီ..
သူသည် မိုးနှင့်မြေ တစ်သားတည်း အခြေအနေထဲတွင် ရှိနေသေး၏။ အရှေ့ဘက်ကောင်းကင်က ရောင်နီပေါ်လာပြီး နေထွက်လာ၏။ သို့သော်ငြား သူက ထိုနေရာတွင် ရပ်နေသေးဆဲ ဖြစ်သည်။
နောက်ဆုံးတွင် မိုးကြိုးမီးက စတင်ပြိုပျက်လာပြီးနောက် အများစုက မိုးကြိုးတောင်တန်းအတွင်း ဝင်ရောက်သွားကာ တောင်တန်းများနှင့် ထိမိပြီးနောက် ကြာခွက်များသဏ္ဌာန် ပျောက်ကွယ်သွားတော့သည်။ မိုးကြိုးမီး အရေအတွက် လျော့သွားသည်နှင့် မိုးကြိုးကျောက်တုံး စုဆောင်းနိုင်သည့် နေရာက ပိုများလာသည်။ သို့သော် ကျန်းရီကမူ မနိုးထသေးပေ။
ဝှစ်..
ထိုစဉ် ကောင်းကင်မိုးကြိုးမြို့ဘက်ခြမ်းမှ လေကို ခွင်းသည့်အသံတစ်သံ ပေါ်ထွက်လာ၏။ အစွမ်းထက်သော အရှိန်အဝါ တည်ရှိမှု ရောက်လာသော်ငြား ကျန်းရီက ထိုနေရာတွင် ရပ်မြဲတိုင်း ရပ်နေပြီး မလှုပ်ပေ။ အယောက်ငါးဆယ်ကျော်က ကောင်းကင်ကို ဖြတ်ကျော်လျက် ထွက်ပေါ်လာသည်။ သူတို့က ကောင်းကင်ဧကရာဇ် အယောက်ငါးဆယ် ဖြစ်၏။ ကောင်းကင်ဧကရာဇ် အယောက်၅၀က အုပ်စုငါးစု ခွဲပြီးနောက် လျှပ်ပြတ်သည့် အရှိန်ဖြင့် တစ်ဟုန်ထိုး ထွက်လာကာ မိုးကြိုးတောင်တန်း၏ တောင်ခြေဆီသို့ တန်းတန်းမတ်မတ် ရောက်လာ၏။ သူတို့၏ တောက်လောင်နေသော မျက်ဝန်းများက အောက်ခြေရှိ မိုးကြိုးကျောက်တုံးကို ကြည့်မိသွားသည်။
ဝှစ်..
အားလုံးက ပျံသန်းလာပြီးနောက် သူတို့က မိုးကြိုးကျောက်တုံးများကို ဆောင်းလေပမာ သိမ်းလိုက်ပြီး နောက်ထပ် မိုးကြိုးကျောက်တုံးများ စုဆောင်းရန်အတွက် မိုးကြိုးတောင်တန်း၏ အနီးပတ်ဝန်းကျင်သို့ ဖြတ်ခနဲ သွားလိုက်သည်။
“အမ်..”
သူတို့ထဲမှ တစ်ယောက်က မိုးကြိုးတောင်တန်းထဲ၌ လှည့်လည်သွားနေစဉ် မလှမ်းမကမ်းရှိ ပုံရိပ်တစ်ခုကို ရုတ်တရက် တွေ့သွားသည်။ သူက မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ကာ ထိတ်လန့်သွားတော့၏။ သူက အော်လိုက်တော့သည်။
“အဲဒါ တစ်ကိုယ်တော်ဝံပုလွေပဲ သူ တကယ် အသက်ရှင်လျက် ရှိသေးတယ်”
“ဘာ..”
အကြည့်အားလုံးက အရပ်မျက်နှာတစ်ခုတည်းဆီသို့ ရောက်လာပြီး သူတို့၏ ကောင်းကင်စိတ်အာရုံများက အဆင်အခြင်မဲ့ ထွက်ပေါ်လာ၏။ လူတိုင်းက သူတို့မျက်နှာသူတို့ မယုံနိုင် ဖြစ်နေသည်။ ကျန်းရီသည် အပြင်မှာ တစ်ညလုံး နေနေပြီးသည့်တိုင် အသက်ရှင်လျက် ရှိနေသေး၏။
“သတ်..”
ပါ့တောက်နှင့် အဖွဲ့မှူးလုံအောက်ရှိ ကောင်းကင်ဧကရာဇ်ငါးယောက်စီက သတ်ဖြတ်ခြင်း အရှိန်အဝါများ ချက်ချင်း ပေါ်ထွက်လာ၏။ သူတို့က ကျန်းရီဆီသို့ ပျံသန်းသွားရန် ပြင်ဆင်နေစဉ် ကျန်းရီက ဒေါသများ ပြည့်နေသော မျက်လုံးကို ဖွင့်လိုက်လေ၏။
“ဘုရားရေ တာအိုပုံစံ တည်ရှိမှုကို ဖမ်းဆုပ်နိုင်ဖို့ ဒီလောက်နီးကပ်နေတာကို ဒီခွေးမသားတွေက ငါ့ကို ဝင်နှောင့်ယှက်လိုက်တာ..”
ကျန်းရီက ဒေါသတကြီး ကျိန်းဆဲလိုက်ပြီး သူ၏ခန္ဓာကိုယ်က အဖြူရောင်အလင်းဖြတ်ခနဲ ပေါ်လာလျက် ပျောက်ကွယ်သွားတော့သည်။ သူသည် နောက်ရှိ မိုးကြိုးတောင်ကြားအတွင်း၌ ပေါ်လာပြီး သူ့ခန္ဓာကိုယ်သည် ကြမ်းတမ်းသော နဂါးတစ်ကောင်ပမာ မိုးကြိုးတောင်ကြား၏ အတွင်းဆီသို့ တိုးဝင်သွားတော့၏။
တာအိုပုံစံများကို နားလည်သဘောပေါက်ရန်က အင်မတန် ခက်ခဲသည်။ ကျန်းရီက နောက်ဆုံးတွင် တာအိုပုံစံ တည်ရှိမှု၏ အရိပ်အယောင်ကို ဖမ်းဆုပ်မိပြီး တစ်ညလုံး အချိန်ကုန်ပြီးနောက် အခွင့်အရေး ရခဲ့၏။ သို့သော် ၎င်းကို အပြည့်အဝ မဖမ်းဆုပ်မိခင် လူတစ်စုက ရောက်လာရာ သူတို့၏ ကောင်းကင်စိတ်အာရုံများက သူ့ကို နှောင့်ယှက်ခဲ့သည်။
ဝှစ် ဝှစ်..
ကောင်းကင်ဧကရာဇ်ဆယ်ယောက်သည် မိုးကြိုးကျောက်တုံးများကို စုဆောင်းရန် စိတ်ထဲ မထားတော့ဘဲ ကျန်းရီနောက်သို့ တစ်ဟုန်ထိုး လိုက်ကြတော့၏။ သူတို့က ကျန်းရီကို သတ်နိုင်ခဲ့လျှင် သူတို့၏ အဖွဲ့မှူးများက သူတို့ကို ရက်ရက်ရောရော ဆုချီးမြှင့်မှာ သေချာ၏။ မိုးကြိုးကျောက်တုံးပမာဏ အနည်းအကျဉ်းက စာမဖွဲ့သာပေ။
နှမြောစရာက သူတို့က ကျန်းရီနှင့် ၁၂မိုင်ခန့် ဝေးကွာလွန်းနေသည်။ သူတို့က ကျန်းရီနောက်လိုက်ပြီး မိုးကြိုးတောင်ကြားထဲသို့ ဝင်သွားသည့် အချိန်တွင် သူက ပျောက်သွားပြီ ဖြစ်သည်။ သူတို့က မိုးကြိုးတောင်ကြားထံ၌ ကောင်းကင်စိတ်အာရုံကို မဖြန့်ကျက်ရဲချေ။
“ဒီနေရာမှာ အပူချိန် အရမ်းမြင့်တယ် အရှေ့မှာ မိုးကြိုးမီးတစ်ခု ရှိတာပဲ ဖြစ်ရမယ် ဒါပေမဲ့ အဲဒီကောင်က တိုးဝင်သွားတာ သူ အပူဒဏ်ကို မကြောက်ဘူးလား”
ကောင်းကင်ဧကရာဇ်များထဲမှ တစ်ယောက်က စိတ်ရှုပ်ထွေးစွာ အော်လိုက်ပြီး ကျန်သည့်ကိုးယောက်ကလည်း သံသယများဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ကျန်းရီက အပြင်ဘက်တွင် တစ်ညလုံး အသက်ရှင်နိုင်နေသည်ကပင် အံ့ဩစရာကောင်းနေပြီဖြစ်၏။ သို့သော် သူသည် အကြောက်အရွံ့မရှိ မိုးကြိုးတောင်ကြားအတွင်း အမှန်တကယ် ပြေးဝင်ရဲသည်လော။
ကောင်းကင်ဧကရာဇ်များထဲမှ တစ်ယောက်၏ မျက်လုံးက လက်သွားပြီး ထုတ်ဖော်ပြောလိုက်သည်။
“ဟုတ်တယ် သူ အပူကို မကြောက်တာပဲ ဖြစ်ရမယ် မီးဒဏ်ခံနိုင်တဲ့ သာလွန်သူတော်စင် အသုံးအဆောင်တစ်ခုခု ရှိတာပဲ ဖြစ်ရမယ် အဲဒါက အတုအယောင် နတ်ဘုရားလက်နက်တောင် ဖြစ်နိုင်တယ်၊ မဟုတ်ရင် မိုးကြိုးမီးတွေ မျောလွင့်နေတဲ့အချိန် အပြင်ဘက်မှာ တစ်ညလုံး ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ”
ထိုသို့ ပြောလိုက်သည်နှင့် အားလုံးက မျက်လုံးလက်သွားတော့သည်။ သတိအနေအထားကို လျင်မြန်စွာ ထိန်းလိုက်ပြီး ကောင်းကင်ဧကရာဇ်နှစ်ဦးရှိသည့် မြို့ထဲသို့ သူတို့က အမြန်ပြေးသွားသည်။ ထိုကဲ့သို့ အရေးပါသည့် အချက်ကို သူတို့ အဖွဲ့မှူးများဆီ ချက်ချင်း သတင်းပို့ရမည် ဖြစ်ကာ သူတို့ကို ဆုံးဖြတ်ခိုင်းရမည်။
မိုးကြိုးတောင်ကြားအတွင်း မိုးကြိုးမီး များလွန်းနေပြီး အပူချိန်က မြင့်လွန်းသည်။ လူတိုင်းက အနီးပတ်ဝန်းကျင်ကို ရှာဖွေပြီးနောက် ကျန်းရီ မိုးကြိုးတောင်ကြားထဲ ဝင်သွားတာ အတည်ပြုပြီးချိန်တွင် ရွေးချယ်စရာ မရှိဘဲ ပြန်လှည့်လာရ၏။ သူတို့ ပြန်လာသည့် အချိန်တွင် မြေပြင်ပေါ်ရှိ မိုးကြိုးကျောက်တုံးများအားလုံး အယူခံလိုက်ရပြီ ဖြစ်သည်။ မလှမ်းမကမ်းရှိ ကန္တာရထဲတွင် သိုင်းပညာရှင်များစွာ ရှိ၏။ မိုးကြိုးကျောက်တုံးအတွက် တိုက်ခိုက်ရန် ထွက်လာကြသည့် ကောင်းကင်မိုးကြိုးမြို့မှ သိုင်းပညာရှင်များ ဖြစ်သည်။
ယင်းက ကောင်းကင်မိုးကြိုးကျွန်း၏ နေ့စဉ်တာဝန် ဖြစ်နေသည်။
မိုးမလင်းခင်၌ အမျိုးမျိုးသော အင်အားစုများမှ သိုင်းပညာရှင်များက ရင်ပြင်၌ စုဝေးသည်။ မိုးကြိုးတောင်တန်းဆီသို့ သွားရန် ကောင်းကင်ဧကရာဇ်ငါးဦးက သူတို့ကို ဦးဆောင်၏။ အားနည်းသည့် သိုင်းပညာရှင်များက ညအချိန်တွင် ပေါ်ထွက်လာသည့် မိုးကြိုးကျောက်တုံးများကို စုဆောင်းရန် အရည်အချင်း မမီပေ။ သူတို့က ကောင်းကင်ဧကရာဇ်အယောက်ငါးဆယ်သည် မိုးကြိုးကျောက်တုံးများကို စုဆောင်းပြီးသည့် အချိန်၌ မိုးကြိုးတောင်ဆယ်လုံး၏ တောင်ခြေ၌သာ ဝိုင်းပြီး မိုးကြိုးတောင်ထဲမှ ပေါ်ထွက်လာသည့် မိုးကြိုးကျောက်တုံးများကို စိတ်ပူပန်စွာ စောင့်ဆိုင်းရ၏။
အရေအတွက်က တစ်သောင်းကျော်နေလေရာ တစ်ရက်လျှင် မိုးကြိုးကျောက်တုံး သုံးတုံးကနေ ငါးတုံးရလျှင် ကံကောင်းနေတာပဲ ဖြစ်သည်။ ကံမကောင်းသည့်သူများက သုံးရက်ကနေ ငါးရက်အတွင်း မိုးကြိုးကျောက်တုံး တစ်တုံးတောင် မရပေ။ ထို့အပြင် စုဆောင်းရသမျှ မိုးကြိုးကျောက်တုံးများကို မြို့အရှင်အိမ်တော် သို့မဟုတ် အဖွဲ့မှူး ဆယ်ယောက်ဆီသို့ပေးရ၏။
ထို့ကြောင့် သူတို့သည် မိုးကြိုးကျောက်တုံးများအားလုံးက တစ်စုံတစ်ယောက်အပိုင် ဖြစ်နေ၏။ အချိန်အများစု၌ သူတို့ကိုယ်တိုင်တောင် မရှာနိုင်ကြပေ။ နောက်ဆုံးတွင် သူတို့ အဖွဲ့မှူးများဆီမှ မိုးကြိုးကျောက်တုံးများကို ချေးငှားရပေမည်။ ချေးငှားလေလေ ပေးရသည့် အတိုးနှုန်းက ပိုများလေလေ ဖြစ်သည်။ ဤနေရာ၌ တစ်ကိုယ်တည်းသမားများ များလေရာ နှစ်ပေါင်းများစွာ ရှိနေကြပြီး ကုသိုလ်မှတ်တစ်မှတ်မှ မရနိုင်ကြချေ။ ထိုအစား ပါ့တောက်နှင့် ကျန်သည့် အဖွဲ့မှူးများအပေါ် အကြွေးတင်နေလေ၏။ အချိန်ကုန်လာသည်နှင့်အမျှ သူတို့၏ အကြွေးက ပိုတောင်များလာသည်။
ပါ့တောက်နှင့် အဖွဲ့မှူးများက ထိုင်နေပြီး ကျန်သည့်သူများ၏ အကျိုးအမြတ်ကို ထိုင်ရိတ်သိမ်းနေကြကာ ထိုလူများ၏ ဥစ္စာဓနကို အညှာအတာမရှိ လုယူကြသည်။ မူလက အသုံးအဆောင်အချို့ရှိသည့်သူများက အချိန်ကုန်လာသည်နှင့်အမျှ ပါ့တောက်နှင့် ကျန်သည့်သူများအား ပေးရတော့သည်။
ဤနေရာကား အပြစ်သားကျွန်း၊ ပြစ်မှုကျွန်း ဥပဒေ ကျင့်ဝတ် မရှိသည့်နေရာဖြစ်သည့် အပြစ်သားကျွန်းဟူသည့် သန်မာသည့်သူက အုပ်စိုးပြီး လူလူချင်း စားသောက်သည့်နေရာဖြစ်သည်။
တစ်နာရီခန့် ကြာပြီးနောက် ပင်မ လမ်းကြောင်းကနေ လူရိပ်တစ်ဒါဇင်ခန့် ပေါ်ထွက်လာ၏။ အုပ်စုနှစ်စု ရှိပြီး ရှေ့ကနေ သိုင်းပညာရှင်နှစ်ဦး ဦးဆောင်သည်။ သူတို့နောက်မှာ လူတစ်ဒါဇင်ခန့် လိုက်ပါလာသည်။ သူတို့က ခမ်းနားသည့် သွင်ပြင် ဝင့်ကြွားသော တည်ရှိမှုဖြင့် ရောက်လာတာပဲ ဖြစ်သည်။
“အစ်ကိုပါ့တောက်လား”
“အဖွဲ့မှူးလုံ”
မိုးကြိုးတောင်တန်းအောက်၌ လူတစ်သောင်းကျော်ရှိသည်။ ထိုလူနှစ်ယောက်ကို မြင်သောအခါ တလေးတစားဖြင့် အရိုအသေပေးလိုက်၏။ ကျန်သည့် အဖွဲ့မှူးများအောက်ရှိ လက်အောက်ငယ်သားများကတောင် လက်နှစ်ဖက် ဆုပ်လိုက်သည်။
အဖွဲ့မှူးဆယ်ဦးဟူသည် အဆင့်အတန်းကို ပြသရန် လေလုံးထွားဟန်များသည့်သူများ မဟုတ်။ သူတို့က အလောင်းပင်လယ် သွေးပင်လယ်ဖြစ်အောင် သတ်ဖြတ်နိုင်စွမ်း ရှိ၏။ ဆယ်ယောက်လုံးက သိုင်းပညာတတ်ကျွမ်းကြကာ သာမန်ကောင်းကင်ဧကရာဇ်ဆယ်ယောက်က သူတို့ကို ဝိုင်းထားလျှင်တောင် ထိုသူများက အသတ်ခံရမှာ သေချာ၏။ ထို့အပြင် ထိုအဖွဲ့မှူးများကို ခုခံနိုင်ရန် နည်းလမ်းမရှိချေ။
ပါ့တောက်နှင့် အဖွဲ့မှူးလုံကမူ သွင်ပြင်မတူညီချေ။ ပါ့တောက်က အရပ်နှစ်မီတာခန့် မြင့်ပြီးနောက် ကြမ်းတမ်းသည့် ဝက်ဝံတစ်ကောင်နှင့်တူညီသည်။ သူ၏ ဖောင်းကြွနေသော ကြွက်သားများ၌ ခွန်အားများစွာ ပါဝင်ပြီး လူအများစု၏ ပေါင်လုံးထက်တောင် တုတ်သည်။ အရှိန်အဝါ တည်ရှိမှုကို မကြည့်ဘဲ လူအများက သွင်ပြင်ကို မြင်ရုံဖြင့် ဖိအားကို ခံစားရမှာပဲ ဖြစ်သည်။ ပါ့တောက်နှင့် ယှဉ်လျှင် အဖွဲ့မှူးလုံသည် ဧရာမဝက်ဝံဘေးရှိ မျောက်တစ်ကောင်နှင့် တူသည်။ သူက အရပ်၁.၆မီတာသာ ရှိပြီး ဝါးလုံးတိုင်တဖွယ် ပိန်ပါးသည်။ မျက်လုံးချောင်ကျနေပြီး မျက်လုံးများက ချိုင့်နေကာ သူ့ကို ကြည့်ရသည်မှာ ကြောက်မက်ဖွယ် ကောင်းစေ၏။ ထိုမျောက်ကို အထင်သေးရဲသူ မည်သူမျှ မရှိ၊ အဖွဲ့မှူးလုံသည် မြို့ထဲ၌ အသန်မာဆုံး မဟုတ်သော်ငြား သူ့နည်းလမ်းက အရက်စက်ဆုံးဖြစ်သည်။ သူ့လက်အတွင်း ကျရောက်သွားသူများက ရှင်သည်ထက် သေသည်က ပိုကောင်းမည်။
ပါ့တောက်နှင့် အဖွဲ့မှူးလုံက ကျန်သူများကို မကြည့်ဘဲ ပုံရိပ်ယောင်သဖွယ် ပြောင်းလဲသွားပြီးနောက် မိုးကြိုးတောင်ဝန်းကျင်တစ်လျှောက် ကွေ့ဝိုက်သွားပြီး မိုးကြိုးတောင်ကြားထဲသို့ ဝင်လိုက်ကာ သူတို့နောက်မှ လူများက လျင်မြန်စွာ လိုက်ပါလာတော့သည်။ ကျန်သူများက အရှေ့အရပ်ဆီကို ကြည့်ပြီး လှောင်ပြောင်လိုက်တော့သည်။ ယခု ပါ့တောက်နှင့် အဖွဲ့မှူးလုံက ပါဝင်လာပြီ ဖြစ်ရာ ကျန်းရီက အသက်ရှင်နိုင်အုံးမည်လော။
“မင်းတို့အားလုံး ဒီမှာနေ အထဲမဝင်နဲ့ ပြီးတော့ မြို့ဂိတ်မှာ လူတွေအားလုံးကိုလည်း စောင့်ကြပ်ခိုင်းထား အဲဒီကောင်ကို မြို့ထဲ မဝင်ခိုင်းစေနဲ့”
အဖွဲ့မှူးလုံက သူတို့လူများကို အမိန့်ပေးပြီးနောက် မိုးကြိုးတောင်ကြားအတွင်း ဝင်သွားသည်။ သူတို့ခန္ဓာကိုယ်များက တောက်ပသည့် ရွှေရောင်အလင်းဖြတ်ခနဲ ပေါ်လာပြီးနောက် သူတို့က နတ်ဘုရားဒိုင်းကို ထုတ်ဖော်ကာ ကျန်းရီနောက် လိုက်သွားကြသည်။
“ဟီးဟီး အစ်ကိုကြီးပါ့တောက်မှာ ရေဓာတ်သာလွန်သူတော်စင် အသုံးအဆောင် ဖြစ်တဲ့ ရေနဂါးပုလဲ ရှိတယ် ပုလဲရဲ့ရေဒိုင်းက မြင့်မားတဲ့အပူချိန်ကို ခံနိုင်တယ် ဒါပေမဲ့ သူ့ခွန်အားနဲ့ဆို မိုးကြိုးတောင်ကြားထဲမှာ အနည်းဆုံး နေ့ဝက်လောက် နေနိုင်မှာ တစ်ကိုယ်တော်ဝံပုလွေက သေမှာ သေချာနေပြီ”
ပါ့တောက်၏ လက်အောက်ငယ်သားများထဲမှ တစ်ယောက်က အင်မတန်ယုံကြည်ချက် ပြင်းသည့် လေသံဖြင့် ပြောလိုက်သည်။
အဖွဲ့မှူးလုံ၏ လက်အောက်ငယ်သားများထဲမှ တစ်ယောက်က နှာခေါင်းရှုံ့ကာ ပြောလိုက်တော့သည်။
“အစ်ကိုကြီးပါ့တောက် ဖြစ်နေပြန်ပြီလား အဖွဲ့မှူးလုံရဲ့ အကန့်အသတ်မဲ့အတွင်းအားနဲ့ သူ့ရဲ့လေနတ်ဘုရားသံချပ်ကာက မိုးကြိုးတောင်ကြားထဲမှာ နေ့ဝက်လောက် နေနိုင်ဖို့ လုံလောက်ပြီးပြီ တစ်ကိုယ်တော်ဝံပုလွေကို အဖွဲ့မှူးလုံသတ်မယ်ဆိုတာ ကောင်းကင်ဘုံကျောက်တုံးတစ်ထောင် လောင်းတယ်..”
***