← Chapters

ကျိနတ်ဘုရား ငါးပါး

Vol. 40 Ch. 586

ကျိနတ်ဘုရား ငါးပါး

Vol. 40 Ch. 586

“သေသွားတဲ့သူက ရှီနတ်ဘုရားလား”

ကောင်းမင်သည် ပျော်ရွှင်မှု၏အငွေ့အသက်ကို အာရုံခံမိနေဆဲ ဖြစ်သည်။

“ငါတော့ မထင်ဘူး”

ဖူရှုက ခေါင်းခါလိုက်သည်။

“အိပ်မက်ချိုးဖျက်မြို့မှာ ကိစ္စကြီးတစ်ခု ဖြစ်သွားပြီ ၊ ငါတို့ မြန်မြန်ပြန်သွားသင့်တယ် ၊ မဒမ်ရှီက မင်းမိတ်ဆွေကို ရှီအိမ်တော်ဆီ ပြန်ပို့ပြီးနေလောက်ပြီ”

“နဲနဲ စောင့်ပါဦးဗျာ”

ကောင်းမင်က ဝမ်းနည်းစွာ ပြုံးလိုက်သည်။သူ့ဒဏ်ရာသည် အလွန်ပြင်းထန်လှသည်။ သားစားကြူးနတ်ဘုရား၏ အားကောင်းသော ကုသစွမ်းရည်ရှိသော်ငြား သူသည် အနားယူရန် လိုအပ်နေဆဲဖြစ်သည်။

“ခုချိန်က စန်းကန်းအချိန်ပဲရှိသေးပေမယ့် နတ်ဘုရားတစ်ပါး သေသွားပြီ ၊ ဒီတစ်ကြိမ်တော့ ကိစ္စတွေက တကယ်ပြောင်းလဲနေပြီပဲ”

ဖူရှုသည် ကောင်းမင်၏ ကယ်တင်ခြင်းကို ခံခဲ့ရသဖြင့် ကျေးဇူးတင်နေမိသည်။မဟုတ်ပါက သူသည် တိုက်ပွဲထဲတွင် သေဆုံးသွားနိုင်သည်။ထို့ပြင် သူသည် လျှို့ဝှက်ချက်များစွာကို သိထားသူမဟုတ်ပါလား။ ဖူရှုသည် ကောင်းမင်ကို လှမ်းကြည့်လိုက်ပြီး နောက်ဆုံးတွင် တစ်ခုခုပြောရန် ဆုံးဖြတ်လိုက်သည်။

“ကောင်းမင် …မင်းတကယ်ကြီး မပြောသင့်သူတစ်ယောက် ဖြစ်လာချင်တယ်ဆိုရင် ဘိုးဘေးခန်းမမှာ မင်းသွားယူဖို့ လိုတာ တစ်ခုရှိတယ်”

“ဘာလဲ”

“အဲ့ဒါကို ပြောပြလို့ မရဘူး ၊ ငါသိတာတော့ အဲ့ဒါက ကိုးကွယ်မှုတွေ အများအပြားလက်ခံထားပြီး အသိစိတ်ရထားတယ်”

ဖူရှုက ရှင်းလင်းသည့် ဖော်ပြချက်မပေးပေ။ သူ့တွင် ခြေလက်များလည်း မရှိသောကြောင့် ၎င်း၏ပုံသဏ္ဌာန်ကို လက်ဟန်ခြေဟန်နှင့်လည်း ပြောမရပေ။

“ကောင်းပြီ ၊ ကျုပ်သွားကြည့်လိုက်ပါမယ်”

ကောင်းမင်သည် ဖူရှုအား ယခင်ကထက် ပိုမိုကောင်းမွန်စွာ ဆက်ဆံလာသည်။ သူ ရှီနတ်ဘုရား၏ အိပ်မက်ဆိုးထဲ ကျရောက်သွားပြီးနောက် ဖူရှုသည် သူ့အားဆက်တိုက် ခေါ်နေခဲ့သည်။ထို သစ္စာရှိမှုက ‌ကောင်းမင်ကို အံ့အားသင့်စေခဲ့သည်။

သားစားကြူးနတ်ဘုရား၏ စွမ်းအားများကြောင့် ဒဏ်ရာများက လျင်မြန်စွာ သက်သာလာလေသည်။ နာရီဝက်ခန့် ကြာသောအခါ ကောင်းမင်က မြေပြင်ပေါ်မှ ကုန်းထလိုက်သည်။သွေးနီရောင်မြို့တော် တက်တူးသည် သူ့အရေပြားအောက်တွင် ပုန်းကွယ်မနေတော့ပေ။ယင်းသည် သူ့အရေပြားပေါ်တွင် ရှင်းလင်းစွာ ခတ်နှိပ်ထားသကဲ့သို့ ဖြစ်သည်။ကောင်းမင်သည် မြို့ကြီးတစ်မြို့လုံး၏ အလေးချိန်ကို ထမ်းထားရပုံ‌ ပေါ်လေသည်။သူ့အား နာကျင်မှုနှင့် စိတ်ပျက်အားငယ်မှုများ ဝန်းရံထားသော်လည်း သူ့မျက်လုံးထဲတွင် သနားကရုဏာအငွေ့အသက်များ ယှက်သန်းနေလေသည်။

ဖူရှု၏ အကြံပြုချက်ကြောင့် ကောင်းမင် ဘုရားကျောင်းကို ရှာဖွေလိုက်သည်။သူသည် စွန့်ပစ်ခံထားရသည့် အိပ်မက်ဆိုးများကို အသားသစ်ပင်ကို ကျွေးလိုက်သည်။ကောင်းမင် သစ်ပင်ကို အစာကျွေးသည့် နည်းလမ်းက ဖူရှုကို အထင်ကြီးသွားစေသည်။သူ့ဗိုက်ပေါ်မှ ဒဏ်ရာများ မပိတ်သေးသော်လည်း ကောင်းမင်က မင်္ဂလာဖိတ်စာများကို သူ၏ခန္ဓာကိုယ်အတွင်းသို့ အတင်းအကျပ် ထိုးထည့်လိုက်ခြင်းဖြစ်သည်။ သူ၏အတွင်းကလီစာများကိုပါ ထိုစားသောက်ပွဲတော်တွင် ပါဝင်ခိုင်းသည့်အလားဖြစ်သည်။ အသားသစ်ပင်သည် အိပ်မက်ဆိုးများကို ခြေဖျက်ရန် အချိန်လိုအပ်သည်။ မခြေဖျက်ရသေးသော ဖိတ်စာများကို အကိုင်းအခက်များက ရစ်ပတ်ထားပြီး ကောင်းမင်၏ ခန္ဓာကိုယ်အတွင်း ဝှက်ထားလိုက်သည်။

“မင်းက ရူးနေတာပဲ”

ဖူရှုသည် ကောင်းမင်၏ အမူအကျင့်များဖြင့် တဖြည်းဖြည်း အသားကျလာပြီ ဖြစ်သည်။ နှစ်ယောက်သားသည် ရှီနတ်ဘုရား ရှင်သန်နိုင်မည့် မည်သည့်အခွင့်အရေးကိုမှ မပေးခဲ့ချေ။ အိပ်မက်ဆိုးအားလုံးကို ရှင်းလင်းလိုက်ပြီးနောက် ဘုရားကျောင်းထဲမှ ထွက်လာကြသည်။

“မဒမ်ရှီက ဒဏ်ရာရသွားတယ် ၊ ခြေရာတွေအရ သူတို့ အိပ်မက်ချိုးဖျက်မြို့ကို ထွက်ပြေးသွားပြီ”

ကောင်းမင်က ဖူရှုကို ကျောပိုးထားသည်။သူသည် တုတ်တစ်ချောင်းကို အားပြု၍ ရွေ့လျားနေရသည်။ သူ့ရင်ဘတ်နှင့် ဝမ်းဗိုက်ရှိ ဒဏ်ရာများမှ သွေးများ စိမ့်ထွက်နေလေသည်။

သူတို့ တောအုပ်ဝင်လာပြီးနောက် မဒမ်ရှီ၏ ခြေရာများ မှေးမှိန်လာသည်။ကောင်းမင်က သားစားကြူးနတ်ဘုရားကို ဦးတည်ချက်မေးမည် ပြုလိုက်စဉ် သူတို့ရှေ့တွင် ခြုံလွှာခြုံထားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။သစ်ပင်သစ်ကိုင်းများက သူမအား အမြင်အာရုံမှ ကာကွယ်ထားသည်။ ကောင်းမင်၏ စူးရှသော အာရုံခံစားမှုကြောင့်သာ မဟုတ်ပါက သူမကို ရှာတွေ့လိမ့်မည် မဟုတ်ပေ။

“ဟိုမှာ…”

ကောင်းမင်သည် လမ်းကို ပိတ်ဆို့နေ‌သော သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်လိုက်သည်။ခြုံလွှာခြုံထားသော ပုံရိပ်က လှည့်၍ ထွက်ပြေးသွားသည်။ ကောင်းမင်သည် ဒဏ်ရာများရထားသော်လည်း နောက်မှ လိုက်လံဖမ်းဆီးသည်။ ထိုပုံရိပ်က သူမ လွတ်မြောက်နိုင်တော့မည် မဟုတ်ကြောင်း သိသွားသဖြင့် အရှိန်လျှော့လိုက်သည်။

ကောင်းမင်က သစ်ပင်ခြောက်ကြီးတစ်ပင်ကို တွန်းလှဲလိုက်သည်။ သူ့အမြင်အာရုံထဲသို့ ဝင်လာသော ပုံရိပ်သည် အားနည်းသော သတို့သမီးတစ်ယောက် မဟုတ်ဘဲ အညိုရောင် အမွေးအမှင်များ ဖုံးလွှမ်းနေသည့် အမြင့် ၁၀ ပေကျော်ရှိသော ပုံရိပ်ကြီးတစ်ခု ဖြစ်နေလေသည်။

ထိုပုံရိပ်က လူသားတို့၏ အပြုအမူများကို အတုခိုးနေခြင်းဖြစ်သည်။ ၎င်း၏ ခေါင်းပေါ်တွင် စုတ်ပြတ်နေသော အနီရောင် ခြုံလွှာတစ်ခု ရှိနေသည်။ ၎င်းက ကောင်းမင်ကို စောင့်ဆိုင်းနေပုံရသည်။

“ယောက်ျားရေ ၊ နောက်ဆုံးတော့ ရှင်ရောက်လာပြီပဲ”

ထိုအမွေးအမှင်များ ပြည့်နှက်နေသော ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ် အသံတစ်ခု ထွက်ပေါ်လာသည်။ သစ်ရွက်များ တဖွဲဖွဲ ကြွေကျလာ၏။ ထိုမကောင်းဆိုးဝါးက လှည့်ကြည့်လိုက်သည်။လူတစ်ဝက် ဝက်ဝံတစ်ဝက်မျက်နှာ ဖြစ်နေသော အရုပ်ဆိုးလှသည့် မျက်နှာကြီးကို တွေ့လိုက်ရသည်။ ၎င်း၏မေးရိုးများတွင် သွေးစိုနေသော အသားစများနှင့် အဝတ်စများ ချိတ်ဆွဲနေလေသည်။

“လူဝက်ဝံကြီးဟ”

ဖူရှုက ပင့်သက်ရှိုက်လိုက်သည်။

“သူက မဒမ်ရှီကို စားလိုက်တာလား”

ကောင်းမင်က အနီရောင် ခြုံလွှာကို လှမ်းကြည့်လိုက်သည်။

“အဲ့လို မဟုတ်လောက်ဘူး”

“ကောင်းတယ်”

ကောင်းမင်က သားသတ်သမား၏ ဓားကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူသည် နောက်ဆုတ်မည့် အရိပ်အယောင် လုံးဝမရှိပေ။ သူ့မျက်လုံးထဲမှ သွေးရောင်များက ခန္ဓာကိုယ်ပေါ်ရှိ သွေးနီရောင်မြို့တော်တက်တူးနှင့် ပဲ့တင်ထပ်သွားသည်။ စိတ်ပျက်အားငယ်မှု အငွေ့အသက်များက လျှံထွက်တော့မည့်အလားပင်။

“ကြည့်ရတာ မင်းက ... ငါ့ယောက်ျား မဟုတ်ဘူးပဲ”

ဝက်ဝံကြီးက ကောင်းမင်ကို ကြည့်လိုက်သည်။ ၎င်းက ကြီးမားလှသော သူ့လက်ဝါးကြီးကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ ၎င်းက ကောင်းမင်ကို တိုက်ခိုက်ခြင်း မပြုဘဲ တောအုပ်၏ အခြားတစ်ဖက်ကို ညွှန်ပြလိုက်သည်။

“သူ ဘာလုပ်နေတာလဲ”

ကောင်းမင်သည် သေတဲ့အထိ တိုက်ခိုက်ရန် အသင့်ပြင်ထားသော်လည်း ထိုမကောင်းဆိုးဝါးက ထူးဆန်းသည့် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ခြင်းဖြစ်သည်။

“လူဝက်ဝံတွေက အရမ်း ပါးနပ်ကြတယ် ၊ သူတို့က သားကောင်ကို လှည့်စားဖို့ နည်းလမ်းမျိုးစုံ သုံးတတ်ကြတယ် ၊ သူတို့က သားကောင်ကို အရှင်လတ်လတ် စားရတာကိုလည်း ကြိုက်ကြတယ်”

ဖူရှုက ကောင်းမင်ကို သတိထားရန် သတိပေးလိုက်သည်။

ထိုစကားကို ကြားသောအခါ ဝက်ဝံကြီးက အနီရောင်ခြုံလွှာကို ပစ်ချလိုက်သည်။ ၎င်းက ကုတ်ကုတ်လေး ထိုင်လိုက်ပြီး ဘယ်ဘက်တောအုပ်အတွင်းဘက်သို့ ညွှန်ပြကာ ပါးစပ်ကို ဖွင့်လိုက်သည်။

“ဟိုမှာ ... သတို့သမီး ... ဟိုမှာ”

“သူ့ကို မယုံနဲ့ ၊ ထောင်ချောက် ဖြစ်နိုင်တယ်”

ဖူရှုနှင့် ကောင်းမင်တို့သည် သတိကြီးစွာ ထားနေကြသည်။ ဝက်ဝံကြီးက ဆက်တိုက် စကားပြောရန် ကြိုးစားနေသည်။ ၎င်းသည် သိထားသော စကားလုံးအနည်းငယ်ကို ထပ်ခါတလဲလဲ ပြောဆိုရင်း တဖြည်းဖြည်း နောက်ဆုတ်သွားသည်။

“သူ ငါ့ကို ကြောက်နေတာလား”

ကောင်းမင်သည် ရှီနတ်ဘုရားကျောင်းကို ဖျက်ဆီးခဲ့ပြီး ရေနဂါးမင်းကိုလည်း ဒဏ်ရာရစေခဲ့သူ ဖြစ်သည်။ သူသည် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသော်လည်း ထိုဒဏ်ရာများတွင် ရေနဂါးမင်းနှင့် ရှီနတ်ဘုရား၏ သွေးများ ပါဝင်နေသည်။ လူဝက်ဝံသည် သူ့ဆီမှ အန္တရာယ်ကို အာရုံခံမိနေခြင်း ဖြစ်သည်။

“သူတို့တွေက ကြောက်ရွံ့မှုကို ခံစားနိုင်လို့လား”

ဖူရှုက စိတ်ရှုပ်နေလေသည်။ လူဝက်ဝံသည် ဘာမှ ထပ်မပြောတော့ဘဲ ရှေ့မှ ဆက်လက် လမ်းပြနေသည်။ ကောင်းမင် သတိမထားမိခင် ၎င်းသည် တောအုပ်အတွင်းသို့ ပျောက်ကွယ်သွားတော့သည်။

“အိပ်မက်ချိုးဖျက်မြို့ကို ငါပထမဆုံး ရောက်လာတုန်းကနဲ့ ယှဉ်ရင် ငါအများကြီး ပြောင်းလဲသွားပြီပဲ”

ကောင်းမင်သည် ဖူရှုကို ချီပိုးကာ လူဝက်ဝံညွှန်ပြသော လမ်းအတိုင်း တောအုပ်ထဲမှ ထွက်လာခဲ့သည်။

ကောင်းမင်သည် အဝေးမှနေ၍ အိပ်မက်ချိုးဖျက်မြို့ကို လင်းထိန်နေစေသော မီးတောက်များနှင့် ကောင်းကင်ယံသို့တိုင် ပန်းထွက်နေသော သွေးအရှိန်အဝါများကို လှမ်းမြင်လိုက်ရသည်။

“မကောင်းတော့ဘူး ၊ မြို့ထဲက နတ်ဘုရား ၁၃ ပါးက လှုပ်ရှားနေကြပြီ”

ဖူရှု၏ ခန္ဓာကိုယ်က တုန်ယင်နေလေသည်။ ၎င်းသည် စိတ်လှုပ်ရှားမှုကြောင့်လား သို့မဟုတ် ကြောက်ရွံ့မှုကြောင့်လား ဆိုသည်မှာ မသဲကွဲပေ။

“ဒီညက ငါတို့အတွက် အခွင့်အရေးပဲ ၊ သူတို့က အလင်းထဲမှာ ရှိနေပြီး ငါတို့က အမှောင်ထဲမှာ ရှိနေတာ”

မြို့သို့ ပြန်သည့် လမ်းပေါ်တွင် ဖူရှုက ပတ်ဝန်းကျင်ကို ကြည့်ရှုနေသည်။ လက်ခုပ်တီးသံများနှင့် ငိုကြွေးသံများမှာ ပိုမို ကျယ်လောင်လာသည်။ သေခြင်းတရားနှင့် ပျော်ရွှင်ခြင်းတို့မှာ အပြင်းအထန် ဟန်ချက်ပျက်နေပြီ ဖြစ်သည်။

“ဘယ်နတ်ဘုရား သေသွားတာလဲဆိုတာ ငါသိပြီထင်တယ်”

“ဘယ်သူလဲ”

ကောင်းမင် စပ်စုလိုက်သည်။

“ကျန်းမင်လီရဲ့ အသိစိတ်က ကျိနတ်ဘုရားတွေနဲ့အတူ ရှိနေတာ ၊ ဒါကြောင့် သေသွားတာက ကျိနတ်ဘုရားတွေထဲက တစ်ပါးဖြစ်ရမယ် ၊ ငါထင်တာတော့ ချိုင်ရှင်းပဲ ဖြစ်လိမ့်မယ်”

ဖူရှုက ရှင်းပြသည်။

“လမ်းတစ်လျှောက်လုံး အသုဘငွေစက္ကူတွေ မရှိတော့တာကို မင်းသတိမပြုမိဘူးလား ၊ အသုဘငွေစက္ကူတွေက အိပ်မက်ချိုးဖျက်မြို့ကနေ ပျောက်ကွယ်သွားပုံပဲ”

“ကျိနတ်ဘုရား ချိုင်ရှင်းက အိပ်မက်ချိုးဖျက်မြို့ရဲ့ အသုဘငွေစက္ကူတွေကို ထိန်းချုပ်တာလား”

ကောင်းမင်က နားမလည်ပေ။

“အိပ်မက်ချိုးဖျက်မြို့ကို မပြောသင့်သူရဲ့ ကံကြမ္မာဇယားကို သုံးပြီး တည်ဆောက်ထားတာ ၊ မြို့ထဲက ကျိနတ်ဘုရားတွေက မပြောသင့်သူရဲ့ ကံကြမ္မာဘေးဒုက္ခတွေကို ကိုယ်စားပြုတယ် ၊ အားလုံး ငါးပါး ရှိတယ်”

ဖူရှုက ပြောသည်။

“ချိုင်ရှင်းက ကပ်စေးနည်းပြီး လောဘကြီးတယ် ၊ ယင်ရှင်းက နာမကျန်းဖြစ်နေပြီး သတိတစ်ဝက်ပဲ ရှိတယ် ၊ ကွမ်းရှာက သံသယစိတ်များတယ် ၊ ပိကျယ်က ရက်စက်ပြီး ဒေါသကြီးတယ် ၊ ရှီရှန်းကတော့ မာနကြီးပြီး ပုန်ကန်တတ်တယ် ၊ ကျိနတ်ဘုရား ငါးပါးဟာ ဘေးကပ်ဆိုးတွေကို ဖြစ်ပေါ်စေသလို ရှီနတ်ဘုရားကို တန်ပြန်ဖို့ ဟန်ချက်တစ်ခုအနေနဲ့လည်း တည်ရှိနေတာ ၊ ရှီနတ်ဘုရားရဲ့ အားနည်းချက်ကြောင့် ကျိနတ်ဘုရားတွေ ထိန်းချုပ်မှု လွတ်သွားမှာကို ငါစိုးရိမ်နေခဲ့တာ ၊ ဒါပေမဲ့ အခုတော့ ကျန်းမင်လီက ကျိနတ်ဘုရားတွေကို သူ့ရဲ့ ပထမဆုံး ပစ်မှတ်တွေအဖြစ် ရွေးချယ်လိုက်ပုံ ရတယ်”

All Chapters