အိပ်မက်ဘုန်းတော်ကြီး
Vol. 40 Ch. 588
“ကျန်းမင်လီဆီက အိပ်မက်နဲ့ သက်ဆိုင်တဲ့ စွမ်းအားတွေကို မသေဆေးကုမ္ပဏီက သိမ်းယူသွားပြီးပြီ၊ သူ့ရဲ့ မှတ်ဉာဏ်တွေကိုလည်း ဖော်ထုတ်ပြီးသွားပြီ၊ မသေဆေးကုမ္ပဏီအတွက် အခက်တွေ့စေတာဆိုလို့ သူ့အပေါ်မှာ ကပ်ညှိနေတဲ့ နက်ရှိုင်းတဲ့ကမ္ဘာက ကျိန်စာတွေပဲ ၊ အဲ့ဒီကျိန်စာတွေက သူ့ဝိညာဉ်မှာ စွဲကပ်နေတာ၊ သူသာ အသတ်ခံရရင် အဲ့ဒီကျိန်စာတွေကို နိုးဆွမိလိမ့်မယ် ၊ ဒါကြောင့်လည်း ကုမ္ပဏီက ကျန်းမင်လီကို မသတ်ရဲတာပေါ့”
ဖူရှုက အလေးအနက် ပြောလိုက်သည်။ သူသည် အိပ်မက်ချိုးဖျက်မြို့ ပတ်ပတ်လည်ရှိ မြွေပါအရေခွံများ ဝတ်ဆင်ထားသည့် မိစ္ဆာဝိညာဉ်များကို ကြည့်လိုက်သည်။
“ဒီကျိန်စာတွေ ပေါ်လာတယ်ဆိုတာ ကမ္ဘာ့ကယ်တင်ရှင်တွေထဲမှာ ကျိန်စာအတတ်ကို ကျွမ်းကျင်တဲ့ မပြောသင့်သူတစ်ယောက် ပါဝင်နေခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”
“အဲ့ဒီကိစ္စကို နောက်မှ စဉ်းစားကြတာပေါ့ ၊ ကျုပ်တို့က ကျန်းမင်လီနဲ့ရည်မှန်းချက်နဲ့ တိုက်ရိုက် ပဋိပက္ခမရှိဘူး”
ကောင်းမင်သည် ဘယ်တုန်းကမှ မသေဆေးကုမ္ပဏီ၏ စမ်းသပ်သူတစ်ယောက် မဟုတ်ခဲ့ပေ။သူသည် ကျန်းမင်လီကို ကယ်တင်ရန် ရောက်လာခြင်းဖြစ်သည်။ ဤအခြေအနေကို မြင်ရသည်ကပင် ပျော်ရွှင်စရာ ဖြစ်သည်။
“မင်းက ဘာသိလို့လဲ ၊ ကျန်းမင်လီက တစ်မြို့လုံးကို ပစ်မှတ်ထားပြီဆိုရင် ဘယ်နေရာမှ မလုံခြုံတော့ဘူး”
ဖူရှုက ပြောရင်း ပို၍ အိုမင်းသွားပုံ ရသည်။
“ဒီမြို့ကို တည်ဆောက်ခဲ့တုန်းက ငါ အကြောက်ဆုံးဖြစ်ရပ်က အခုတော့ တကယ်ဖြစ်လာခဲ့ပြီ ၊ မသေဆေးကုမ္ပဏီက ကျန်းမင်လီကို အတင်းအကျပ် တွန်းအားပေးနေခဲ့တာ ၊ ငါ့သူငယ်ချင်းဟောင်းတွေလည်း အစားထိုးခံလိုက်ရပြီ ၊ အခုရှိနေတဲ့ မသေဆေးကုမ္ပဏီက အရင်ကမသေဆေးကုမ္ပဏီ မဟုတ်တော့ဘူး”
“လူအိုတွေက အတိတ်ကို ပြန်ကြည့်ရတာ ကြိုက်ကြတယ် ၊ ခင်ဗျားပြောတာတွေက အချိန်ကြာလာရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတွေပါပဲ”
ကောင်းမင်က ပြန်ပြောလိုက်သည်။
“သက်ရှိလူသားတွေ အရှင်လတ်လတ် စမ်းသပ်တဲ့ ကုမ္ပဏီမျိုးကတော့ ဖျက်ဆီးပစ်သင့်တယ် ၊ ကယ်တင်ရှင်တွေက သူတို့မထွက်သွားခင် ဘာလို့ ဒီအတိုင်း လွှတ်ထားခဲ့လဲဆိုတာ ကျုပ် နားမလည်ဘူး”
ကောင်းမင်၏ စကားသံအရ သူသည် ကယ်တင်ရှင်များနှင့် ခြားနားကြောင်း ဖူရှု သိလိုက်သည်။ သူ့အတိတ်အတွေ့အကြုံများအရ ကောင်းမင်သည် ပိုတိုက်ရိုက်ကျသူဖြစ်သည်။
“ကြီးမားတဲ့ ကပ်ဘေးကြီး ကျရောက်ခဲ့တုန်းက မသေဆေးကုမ္ပဏီရဲ့ အကျိုးပြုမှုတွေကိုတော့ ငြင်းလို့မရပါဘူး”
ဖူရှုက ခေါင်းမာစွာ ပြောလိုက်သော်လည်း ဆက်အငြင်းမပွားတော့ပေ။ ကောင်းမင်၏ စိတ်နေစိတ်ထားအရ နောင်တွင် ထိုကုမ္ပဏီကို သူမည်သို့ ကိုင်တွယ်မည်ကို ဖူရှု ခန့်မှန်းနိုင်သည်။
“အပြစ်တွေ များလိုက်တာ”
စန်းကန်း အချိန်ရှိ အိပ်မက်ချိုးဖျက်မြို့သည် အလွန်ပင် ပုပ်သိုးနေပြီး လေထဲတွင်ပင် သွေးညှီနံ့များ လှိုင်လှိုင်ထနေသည်။ ကောင်းမင်နှင့် ဖူရှုတို့သည် ရှီအိမ်တော်သို့ ရောက်သည်အထိ တိတ်တဆိတ် ချဉ်းကပ်လာခဲ့ကြသည်။ အိမ်ရှေ့မှ အနီရောင် မီးအိမ်နှစ်လုံးသည် သွေးမျက်လုံးကြီးနှစ်လုံးအဖြစ် ပြောင်းလဲနေသည်။ နံရံများနှင့် ကြမ်းပြင်များမှာ တိရစ္ဆာန်သွေးများ စိုရွှဲနေသည်။ မင်္ဂလာ စားသောက်ပွဲကြီး ပြီးဆုံးသွားပြီ ဖြစ်သော်လည်း ခြံဝင်းအတွင်းမှ ဓားသွေးသံများသာ ထွက်ပေါ်နေသည်။ သားသတ်သမား ကျူးရန်သည် နောက်ဆုံးတွင် သူ၏ဆန္ဒ ပြည့်ဝသွားပြီး မြို့၏ အကြီးဆုံးအိမ်သို့ ပြောင်းရွှေ့နေထိုင်ခွင့် ရခဲ့သည်။သို့သော်လည်း သူ့ဓားကိုတော့ ရှာမတွေ့သေးပေ။
“ရှီနတ်ဘုရား ပြန်မလာသေးဘူး ၊ ဒီနေရာက သားသတ်ရုံကြီး ဖြစ်နေပြီပဲ”
ဖူရှုက မျက်မှောင်ကြုတ်လိုက်သည်။
“ယုံနတ်ဘုရားက ရှီနတ်ဘုရားရဲ့ နေရာကို သိမ်းပိုက်ထားတာပဲ ၊ ဒါကြောင့်လည်း ဒီနေရာက ပရမ်းပတာဖြစ်နေတာ”
ထိုစဉ် ဓားသွေးသံက ရုတ်တရက် ရပ်တန့်သွားသည်။ ကောင်းမင်သည် ကျောရိုးတစ်လျှောက် အေးစက်သွားပြီး အမြန် နောက်ဆုတ်လိုက်သည်။ ရှီအိမ်တော်နှင့် ဆယ်မီတာကျော် အကွာသို့ ရောက်မှသာ အသံက ပြန်ထွက်လာသည်။
“သားသတ်သမားက ဘယ်တုန်းက ဒီလောက်ထိ စွမ်းအားကြီးသွားတာလဲ”
ကောင်းမင်သည် စောစောက သူ့နှလုံးသားပေါ်တွင် ဓားတစ်လက် တင်ထားသကဲ့သို့ ခံစားခဲ့ရခြင်း ဖြစ်သည်။
“သားသတ်သမား စွမ်းအားကြီးလာတာထက် မင်းရဲ့ တည်ရှိမှုက သားသတ်သမားကို ခြိမ်းခြောက်နိုင်စွမ်း ရှိလာတယ်လို့ ပြောရမှာပဲ”
ဖူရှုသည် ကောင်းမင် တိုးတက်လာသည်ကို မျက်စိရှေ့မှောက်တွင် ကြည့်ရှုနေခဲ့ရသူ ဖြစ်သည်။ ကောင်းမင်သည် အိပ်မက်လွတ်ခြင်း စွမ်းအားကို မရခင်ကပင် ထူးချွန်သော စမ်းသပ်သူတစ်ဦး ဖြစ်သည်။သို့သော်လည်း ယခုအခါတွင် ရှီနတ်ဘုရားကိုပင် စိန်ခေါ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ ကောင်းမင်သည် သူ့အင်္ကျီလက်အတွင်းသို့ နှိုက်၍ သားစားကြူးနတ်ဘုရားနှင့် ဆက်သွယ်ရန် ယဇ်ပလ္လင်ကို ထိလိုက်သည်။ သွေးပုံစံကွက်များ ဆက်သွယ်သွားပြီးနောက် သားစားကြူးနတ်ဘုရားသည် ရှီနတ်ဘုရားငယ်၏ နှလုံးသားများကို အသုံးပြု၍ ရှီနတ်ဘုရား ရှိနိုင်မည့်နေရာကို ဖြည်းညင်းစွာ အတည်ပြုလိုက်သည်။
“သူက ဘိုးဘေးခန်းမမှာလား”
ကောင်းမင်သည် ညကင်းစောင့်နှင့် ကင်းလှည့်စဉ်က ထိုနေရာသို့ ရောက်ခဲ့ဖူးသည်။ ထိုနေရာသည် မြေစောင့်နတ်မင်းရှိသောလမ်းထက်ပင် သူ့ကို ပိုစိတ်မသက်မသာ ဖြစ်စေခဲ့သည်။ ကောင်းမင်သည် ဖူရှုကို ကျောပိုးထားသော်လည်း သူ၏သွက်လက်မှုက လျော့ကျမသွားပေ။မှန်ပေသည် ဖူရှု၏ ကိုယ်အလေးချိန်မှာ သာမန်လူတစ်ယောက်၏ တစ်ဝက်ခန့်သာ ရှိခြင်းသည်လည်း အကူအညီ ဖြစ်စေသည်။
လမ်းတစ်လျှောက်ရှိ အိမ်များသည် သစ်ပင်များကဲ့သို့ ကြီးထွားနေကြသည်။၎င်းတို့သည် ယခင်ကထက် ပိုမို မြင့်မားလာခြင်းဖြစ်သည်။၎င်းတို့၏ ဆိုးယုတ်သော အငွေ့အသက်များမှာလည်း ပို၍ ပြင်းထန်လာသည်။
“အရင်က စန်းကန်းအချိန်တွေက ဒီလောက် မကြောက်ဖို့ မကောင်းခဲ့ပါဘူး…”
ဖူရှုက သူ့ဘာသာ ရေရွတ်လိုက်သည်။ ဘိုးဘေးခန်းမသို့ ဦးတည်သော ကျောက်ခင်းလမ်းသည် ယခင်ကထက် ပိုကျယ်လာသည်ကို သူသတိပြုမိလိုက်သည်။ ကျောက်တုံးများကြားမှ အဝါရောင် ရွှံ့နွံများ ထွက်ပေါ်လာပြီး ငရဲပြည်သို့ ဦးတည်သော လမ်းတစ်ခုကဲ့သို့ ဖြစ်နေစေသည်။
လမ်းအဆုံးတွင် နက်မှောင်နေသော ဘိုးဘေးခန်းမကြီး ရှိနေလေသည်။ ခန်းမရှေ့တွင် လူအယောက် သုံးဆယ်ခန့် ဆန့်သော အဖြူရောင်တဲကြီးတစ်လုံးကို မြောက်ဘက်သို့ မျက်နှာမူ၍ ဆောက်ထားသည်။ တဲ၏ ထောင့်လေးထောင့်တွင် ရေနှင့် တိမ်တိုက်ပန်းချီများ ရှိသည်။ အလယ်တွင် လင်းနို့ငါးကောင်နှင့် သမင်တစ်ကောင်ပုံများပါသော အစများကို ကပ်ချုပ်ထားသည်။ တဲအပြင်ဘက်တွင် အရောင်မခြယ်ရသေးသော နတ်ရုပ်တုအများအပြားကို ကိုးကွယ်ထားကြသည်။ ၎င်းတို့ထဲတွင် နဂါးမင်း၊ မြေစောင့်နတ်သမီးနှင့် အကြီးအကဲဟေးချီ စသည့် နတ်ရုပ်များ ပါဝင်သည်။ လူအများက ယဇ်ပစ္စည်းများနှင့် အမွှေးတိုင်များကို ဆက်သနေကြသည်။
ပိုးထည်များ ဝတ်ဆင်ထားသည့် မြို့သားအချို့သည် တဲပတ်ပတ်လည်တွင် ယဇ်ပစ္စည်းများကို ကိုင်ဆောင်ကာ လမ်းလျှောက်နေကြသည်။
“သူတို့က နတ်ရုပ်တုတစ်ခုထဲကို ကိုယ်တွင်းအင်္ဂါတွေ ထည့်ပေးနေကြပုံရတယ်”
ဖူရှုက သူတို့ထဲမှ လူအချို့ကို မှတ်မိသည်။
“ဆံပင်ဖြူနဲ့ ပိန်ပိန်ပါးပါး အဘိုးကြီးက အခမ်းအနားမှူးပဲ ၊ သူက ဘိုးဘေးခန်းမနဲ့ အမွှေးတိုင်တွေကို စောင့်ရှောက်ရတဲ့သူပေါ့ ၊ သူက မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး သားသမီးလည်း မရှိဘူး ၊ သူကတော့ သာမန်လူမို့လို့ အန္တရာယ် သိပ်မရှိပါဘူး ၊ မင်း တကယ် သတိထားရမှာက တဲအလယ်မှာ ရှိနေတဲ့လူပဲ ၊ သူတို့မှာ မျက်နှာမရှိဘူး ၊ ဘာလို့လဲဆိုတော့ မျက်နှာတစ်ခုလုံးကို တက်တူးတွေနဲ့ ဖုံးအုပ်ထားလို့ပဲ ၊ သူတို့က ဘယ်သူဘယ်ဝါ အသက်ဘယ်လောက်ဆိုတာတောင် ခွဲခြားလို့ မရဘူး”
ကောင်းမင် လှမ်းကြည့်လိုက်သောအခါ ပိုးထည်တဘက်နှင့် လှပသော ဂါဝန်ကို ဝတ်ဆင်ထားကာ ပန်းထိုးဖိနပ် စီးထားသည့် လူတစ်ယောက်သည် ကခုန်သီဆိုနေသည်ကို တွေ့လိုက်ရသည်။ သူတို့၏ ဆံပင်တွင် အနီရောင် ဖဲကြိုးကြီးများနှင့် ပန်းများ ပန်ဆင်ထားသည်။သူတို့သည် နတ်ဘုရားများကို ဖျော်ဖြေရန် ကပြနေခြင်း ဖြစ်သည်။
“သူတို့က အိပ်မက်ချိုးဖျက်မြို့ရဲ့ အိပ်မက်ဘုန်းတော်ကြီးပဲ ၊ သူတို့ကို မြို့တော်ဝန်လို့တောင် သတ်မှတ်လို့ရတယ် ၊ မြို့ရဲ့ ဘာသာရေးဆိုင်ရာ ကိစ္စတွေနဲ့ လှုပ်ရှားမှုတွေကို သူတို့က ကိုင်တွယ်တာ၊ ပုံမှန်အားဖြင့် အကြည်ညိုခံရဆုံး လူအိုကြီးတွေကပဲ အဲ့ဒီရာထူးကို ယူရလေ့ရှိတယ်”
ဖူရှုက ခက်ခက်ခဲခဲ ပြောလိုက်သည်။
“အနည်းဆုံးတော့ ငါ အဲ့လိုပဲ ဒီဇိုင်းထုတ်ခဲ့တာပေါ့ ၊ ဒါပေမဲ့ အိပ်မက်ဘုန်းတော်ကြီး ဖြစ်လာတဲ့သူတိုင်းက စိတ်ရူးပေါက်ကုန်ကြတယ် ၊ နောက်ဆုံးမှာတော့ မြို့သားတွေက နတ်ဘုရားတွေကိုပဲ ရွေးချယ်ခိုင်းဖို့ ဆုံးဖြတ်လိုက်ကြတယ်၊ ရွေးချယ်ခံရတဲ့ ဘုန်းတော်ကြီးက သူတို့ရဲ့ ရုပ်ရည်၊ မှတ်ဉာဏ်နဲ့ ကိုယ့်ကိုယ်ကို သိစိတ်တွေ အကုန်ဖျက်ပစ်ခံရတယ်၊ သူတို့က ရူးသွပ်နေတယ်လို့ ထင်ရပေမယ့် မြို့သားတွေထဲမှာတော့ နတ်ဘုရားတွေနဲ့ အနီးကပ်ဆုံး လူတွေပဲ”
သီချင်းသံ ပြီးဆုံးသွားသည်။ အိပ်မက်ဘုန်းတော်ကြီးက လက်ကို မြှောက်လိုက်ပြီး တဲအပြင်ဘက်ရှိ အရောင်မခြယ်ရသေးသော ရုပ်တုများကို ညွှန်ပြလိုက်သည်။ လက်နက်များ ကိုင်ဆောင်ထားသည့် လူငယ်အချို့ ထွက်လာကြသည်။သူတို့သည် ရုပ်တုများ၏ ဝမ်းဗိုက်ထဲမှ တစ်စုံတစ်ခုကို ထုတ်ယူရန် ဗိုက်ခွဲချင်နေကြပုံရသည်။
“ကောင်းမင် ၊ အခုက မင်းအတွက် အခွင့်အရေးကောင်းပဲ”
ဖူရှုက ပြောလိုက်သည်။ သူသည် ကောင်းမင်ကို အမှန်တကယ် ကူညီနေခြင်းလား သို့မဟုတ် အခြားရည်ရွယ်ချက် ရှိနေသလားကို မသဲကွဲပေ။
“မင်း သွားပြီး အဲ့ဒီရုပ်တုတွေ မဖျက်ဆီးအောင် ကာကွယ်ပေးမယ်ဆိုရင် ထူးဆန်းတဲ့ စွမ်းအားတစ်ခုက မင်းကို ကာကွယ်ပေးလိမ့်မယ် ၊ အိပ်မက်ချိုးဖျက်မြို့ကို ငါတို့ ဒီဇိုင်းဆွဲခဲ့တုန်းက အမည်မသိ နယ်မြေတွေက ရုပ်တုတော်တော်များများကို ဒီထဲမှာ ထည့်ထားခဲ့တာ ၊ တချို့ရုပ်တုတွေထဲမှာ တကယ်ပဲ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေ ရှိနေတယ်”
ကောင်းမင်သည် ယဇ်ပလ္လင်ဆီသို့ ချဉ်းကပ်သွားပြီး အနီးကပ် ကြည့်ရှုလိုက်သည်။
အဖြူရောင် တဲကြီး၏ အတွင်းပိုင်းတွင် ပိုင်ဖုန်းနှင့်ဆင်တူသော ပုံရိပ်တစ်ခုကို ရှီနတ်ဘုရား၏ ရွှံ့ရုပ်တုတွင် ချည်နှောင်ထားသည်။ လူတစ်စုသည် ပိုင်ဖုန်း၏ ခန္ဓာကိုယ်ကို ခွဲစိတ်၍ သူမ၏ အတွင်းအင်္ဂါများကို ရှီနတ်ဘုရားရုပ်တုအတွင်းသို့ ရွှေ့ပြောင်း ထည့်သွင်းနေကြသည်။