မင်္ဂလာဖယောင်းတိုင်
Vol. 40 Ch. 591
“အိပ်မက်ဘုန်းတော်ကြီးက ငါ့နာမည်ကို ငါမမှတ်မိတော့ဘူးတဲ့၊ ငါက အစားထိုးခံထားရတာလို့ ပြောခဲ့တယ်... ဒါပေမဲ့ ငါ ဘယ်သူလဲဆိုတာ ငါသိပါတယ် ၊ ငါ့နာမည်နဲ့ ပတ်သက်ရင်တော့...”
သူ့ခေါင်းအနက်ပိုင်းထဲတွင် အသံတစ်သံ ပဲ့တင်ထပ်နေသည်။ ထိုအသံသည် မည်သူ့အသံမှန်း ကောင်းမင် မသိပေ။သို့သော်လည်း ထိုအသံက ‘ကောင်းမင်’ ဆိုသည်မှာ သူ့နာမည်မဟုတ်ကြောင်း ပြောပြနေခဲ့သည်။
“အဲ့ဒီလူက ငါ့ကို တမင်သက်သက် လိမ်သွားတာတော့ မဟုတ်လောက်ဘူး”
ကောင်းမင်သည် သူ၏ နာမည်အစစ်နှင့် ပတ်သက်၍ မည်သည့်အမှတ်သညာမှ မရှိပေ။ ‘ကောင်းမင်’ဟူသည့် နာမည်ကသာ သူ့အတွက် သဘာဝကျသလို ခံစားနေရသည်။
“ဆေးရုံက ဒေါက်တာရွှမ်က ငါ့ကို မိဘမဲ့တစ်ယောက်လို့ ပြောခဲ့တယ် ၊ ဒါပေမဲ့ ငါ့အိပ်မက်ဆိုးတွေထဲမှာတော့ ငါ့မှာ မိဘတွေရှိခဲ့တာကို မှတ်မိတယ်၊ သူတို့ကပဲ ငါ့ကို ‘ကောင်းမင်’ လို့ နာမည်ပေးခဲ့တာလား၊ ဒါမှမဟုတ် ဒီနာမည်က တခြားတစ်ယောက်ယောက်ရဲ့ နာမည်များလား”
သံသယဆိုသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော အဆိပ်အတောက် ဖြစ်သည်။ အကယ်၍ သူသာ အမှန်တရားကို ရှာမတွေ့ခဲ့ပါက ရူးသွပ်သွားနိုင်သည်။
“ကောင်းမင်၊ ကောင်းမင်”
ဖူရှုက သူ့နားနားတွင် ကပ်၍ အော်ဟစ်နေသည်။
“အိပ်မက်ဘုန်းတော်ကြီးရဲ့ စကားတွေကို မယုံနဲ့ ၊ သူတို့က လှည့်စားတာနဲ့ လိမ်ညာတဲ့နေရာမှာ ကျွမ်းကျင်တဲ့ကောင်တွေပဲ”
“မအော်နဲ့တော့၊ ကျုပ် အခုထက်ပိုပြီး မနိုးနိုင်တော့ဘူး”
ကောင်းမင်က အိပ်မက်ဘုန်းတော်ကြီး၏ အဝတ်အစားများကို သူ့အိတ်ထဲသို့ ထိုးထည့်လိုက်သည်။
“ဘုန်းတော်ကြီးလည်း အိပ်မက်ချိုးဖျက်မြို့ကနေ ထွက်သွားလို့မရဘူး မဟုတ်လား”
“ဘာလို့ သိချင်ရတာလဲ”
“သူ့ကို ဖမ်းပြီး စစ်ဆေးချင်လို့လေ”
ကောင်းမင်သည် တဲအတွင်း ကျန်ရှိနေသော ဖယောင်းတိုင်များကို မှုတ်လိုက်ပြီး ရုပ်တုဆီသို့ တည့်တည့်မတ်မတ် သွားလိုက်သည်။ အနီရောင် အဝတ်ပေါ်တွင် ယဇ်ပစ္စည်းအမျိုးမျိုးကို တင်ထားသည်။ ရုပ်တုသည် ဝင်ပေါက်သို့ မျက်နှာမူထားပြီး ပိုင်ဖုန်းမှာ ထိုရုပ်တု၏ ကျောဘက်တွင် ချည်နှောင်ခံထားရသည်။ သူတို့ နှစ်ယောက်လုံးပေါ်တွင် တူညီသော နတ်ဘုရား ပုံစံကွက်များကို ရေးဆွဲထားသည်။
“ရှီနတ်ဘုရား... ငါ မင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးမယ် ၊ မင်းမှာ အခြေအနေကို ပြောင်းပြန်လှန်ဖို့ အခွင့်အရေးမရှိတော့ဘူးနော်”
ကိုယ်တွင်းအင်္ဂါထည့်သွင်းခြင်း အခမ်းအနားသည် အနှောင့်အယှက် ခံလိုက်ရပြီ ဖြစ်သည်။ ကောင်းမင်သည် သူတော်စင်နှင့် အပြစ်သား နှစ်မျိုးလုံးနှင့်တူနေသော ပိုင်ဖုန်း၏ရှေ့တွင် ရပ်လိုက်သည်။ ပိုင်ဖုန်းသည် အမူအရာနှစ်မျိုးကို ပြသနေသည်။ သူမသည် အလွန်တရာ ဝမ်းနည်းမှုများ ပါဝင်နေသည့် ပျော်ရွှင်ကြည်နူးဖွယ် အပြုံးတစ်ခုကို သယ်ဆောင်ထားသည်။ သူမ၏ နှုတ်ခမ်းများ ဖြည်းဖြည်းချင်း ပွင့်ဟလာသည်။
“မင်း ငါ့ကို သတ်မှာ မဟုတ်ဘူး၊ ငါ သေရင် သူလည်း သေသွားလိမ့်မယ်”
“ခေါင်းမာတဲ့ကောင်ပဲ”
ကောင်းမင်သည် ပိုင်ဖုန်း၏ပုခုံးကို ကိုင်၍ သူ့နဖူးနှင့် သူမ၏နဖူးကို နဖူးချင်းအပ်လိုက်သည်။
“ငါ့ရဲ့ ငရဲကို မင်းကို လိုက်ပြပါ့မယ်”
အိပ်မက်လွတ်ခြင်းကို သုံးရသည်မှာ နာကျင်လှသော်လည်း ကောင်းမင်တွင် အခြားရွေးချယ်စရာ မရှိပေ။ ရှီနတ်ဘုရားကသာ သူ၏နာကျင်မှုကို ဖြေဖျောက်ပေးနိုင်ခြင်းဖြစ်သည်။
အိပ်မက်ဘုန်းတော်ကြီးနှင့် တွေ့ဆုံခဲ့ရခြင်းက ကောင်းမင်အား အမှန်တရားအပေါ် ပိုမိုစိတ်ဝင်စားစေခဲ့သည်။ ထို့ကြောင့် သူသည် သူ့နှလုံးသားထဲမှ အမာရွတ်ကို ပိုမို ပြင်းထန်စွာ ဆွဲဖြဲလိုက်သည်။ ယဇ်ပလ္လင်က ပွင့်ဟလာသည်။ စိတ်ပျက်အားငယ်မှု ပင်လယ်ကြီးက အဖြူရောင်တဲကို ဝါးမြိုသွားတော့သည်။ တဲအတွင်းရှိ ရုပ်တုသာလျှင် ဖျော့တော့စွာ လင်းလက်နေခြင်း ဖြစ်သည်။ ရုပ်တုကို အခမ်းအနားမှူးနှင့် အိပ်မက်ဘုန်းတော်ကြီးတို့က ပြင်ဆင်ထားခြင်း ဖြစ်ပြီး ၎င်းအတွင်းတွင် နတ်ဘုရားကိုယ်တွင်းအင်္ဂါများစွာ ပါရှိသည်။ သူတို့သည် ရှီနတ်ဘုရားနှင့် မည်သို့သော အလဲအလှယ်များ လုပ်ထားသည်ကို မသိရသော်လည်း သူတို့က ရှီနတ်ဘုရားကို အကြီးအကျယ် ကူညီခဲ့ကြသည်။ သို့သော်လည်း ရုပ်တုပေါ်တွင် အက်ကွဲကြောင်းများ ပိုမို ပေါ်ပေါက်လာသည်။ အတွင်းရှိ ကိုယ်တွင်းအင်္ဂါများသည် လျင်မြန်စွာ ပုပ်သိုးဆွေးမြေ့လာတော့သည်။ ဆန့်ကျင်ဘက်အနေဖြင့် ကောင်းမင်၏ ယဇ်ပလ္လင်အတွင်းရှိ သားစားကြူးနတ်ဘုရားမှာမူ ပိုမို ခိုင်မာတောင့်တင်းလာလေသည်။
“မင်း ထွက်မလာဘူးဆိုရင် ငါတို့ အတူတူ သေကြတာပေါ့”
ကောင်းမင်သည် ပိုင်ဖုန်းဆီသို့ စိတ်ပျက်အားငယ်မှုများကို လောင်းထည့်နေရင်း ခြိမ်းခြောက်လိုက်သည်။ သူသည် ပျော်ရွှင်မှု အထူထပ်ဆုံး နေရာများကို ရွေးချယ်တိုက်ခိုက်လိုက်သည်။ ဤအရာက ပိုင်ဖုန်းကို ထိခိုက်စေမည်မှန်း သူသိသော်လည်း ရှီနတ်ဘုရားကို ဖယ်ထုတ်ရန်အတွက် သူတစ်ခုခုလုပ်ရန် လိုအပ်ပေသည်။ အဆုံးမဲ့သော စိတ်ပျက်အားငယ်မှုများက အကြိမ်ပေါင်းများစွာသော သေဆုံးခြင်းများအဖြစ် ပြောင်းလဲသွားသည်။ ထိုအဆုံးမဲ့ သံသရာစက်ဝန်းအတွင်း၌ အကြိမ်ပေါင်း သုံးဆယ်ကျော်ပြီးနောက် ပိုင်ဖုန်းမှာ လဲပြိုသွားတော့သည်။ သို့သော် ထိုအချိန်အတွင်း ကောင်းမင်သည် ရှီနတ်ဘုရား ပုန်းနေသည့် နေရာကို ရှာတွေ့သွားသည်။ သားစားကြူးနတ်ဘုရား၏ မျက်နှာလေးခုနှင့် လက်ရှစ်ဖက်တို့က သွေးကြောမျှင်များအဖြစ် ပြောင်းလဲသွားပြီး ပိုင်ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားကြသည်။ ထူးဆန်းသော သွေးပန်းပွင့်များ ပွင့်လန်းလာလေသည်။ ၎င်းတို့သည် ပိုင်ဖုန်း၏နှလုံးသားတွင် စုစည်းသွားကြသည်။
လင်းလက်နေသော အနီရောင် ဖယောင်းတိုင်တစ်တိုင်တွင် ရှီနတ်ဘုရားငယ်များစွာ၏ ပုံရိပ်များ ထင်ဟပ်နေသည်။ ၎င်းသည် ပိုင်ဖုန်း၏ နှလုံးသားအတွင်း၌ တိတ်ဆိတ်စွာ လောင်ကျွမ်းနေခြင်း ဖြစ်သည်။
“ဒါက ရှီနတ်ဘုရားအစစ်လား ၊ မင်္ဂလာဖယောင်းတိုင်တစ်တိုင်လား”
သားစားကြူးနတ်ဘုရားပင်လျှင် ထိုဖယောင်းတိုင်ကို အလွယ်တကူ ငြိမ်းသတ်နိုင်ခြင်း မရှိပေ။ စိတ်ပျက်အားငယ်မှုများကို အဆက်မပြတ် သွန်းလောင်းခြင်းဖြင့်မှတဆင့် မီးတောက်သည် အားနည်းလာတော့သည်။ ရှီအိမ်တော် ပြိုလဲသွားပြီးနောက် မင်္ဂလာဖိတ်စာများထဲမှ အိပ်မက်များကို သစ်ပင်ကြီးက ဝါးမြိုပစ်ခဲ့သည်။ ဖယောင်းတိုင်မှာ သူ့ဘာသာသူ ပြန်လည် အားဖြည့်နိုင်ခြင်း မရှိတော့ပေ။ အလင်းရောင်မှာ ပိုမို မှိန်ဖျော့သွားတော့သည်။
ကောင်းမင်က ထိန်းမထားတော့ပေ။ သူသည် ထိုဖယောင်းတိုင်အလင်းကို အသုံးပြု၍ စိတ်ပျက်အားငယ်မှုများကို လောင်ကျွမ်းစေလိုက်သည်။သူသည် မျက်လုံးများကို ပြူးကျယ်ထားပြီး အိပ်မက်ဆိုးကို စူးစမ်းနေခဲ့သည်။ အိပ်မက်ဆိုး ပြန့်ကားလာသည်နှင့်အမျှ သူသည် ရေကြီးမှုအတွင်းမှ သရဲတစ်ကောင်၊ လူသားအုတ်ခဲများကို နင်းဖြတ်နေသည့် ကျောင်းအုပ်ဆရာမကြီးနှင့် ကြောက်မက်ဖွယ်ကောင်းသော သရဲတစ္ဆေများစွာကို မြင်တွေ့လိုက်ရသည်။ ထို့ပြင် သူသည် သူ့ဘဝ၏ ဗားရှင်းအမျိုးမျိုးကိုလည်း မြင်တွေ့လိုက်ရသည်။ သူသည် တစ်ချိန်က စုံစမ်းစစ်ဆေးရေးဌာန၏ ခေါင်းဆောင်၊ ထောင်တစ်ခုရှိ စိတ်ဆရာဝန်၊ ဂိမ်းဒီဇိုင်နာ စသည်ဖြင့်...
ဘဝတစ်ခုချင်းစီသည် ရွေးချယ်မှု အမျိုးမျိုးကို ကိုယ်စားပြုသော်လည်း အားလုံးမှာ သေဆုံးခြင်းဆီသို့သာ ဦးတည်နေကြလေသည်။
သူသည် နာကျင်မှုနှင့် မခံမရပ်နိုင်သော မကျေနပ်မှုများကြောင့် ဟိန်းဟောက်အော်ဟစ်လိုက်သည်။ သူ့လက်များကို ထပ်ခါထပ်ခါ ဝေ့ယမ်းလိုက်သည်။ သူသည် ကံကြမ္မာ၏ ကောက်ရိတ်တံစဉ်နှင့် လျှို့ဝှက်ချက်များစွာ ရှိနေသော စုံစမ်းစစ်ဆေးရေးဌာနကို မြင်လိုက်ရသည်။ စီတုအန်းနှင့် ရှရန်တို့၏ မှတ်ဉာဏ်များကို သူ ရှာဖွေတွေ့ရှိလိုက်သည်။ နောက်ဆုံးတွင်တော့ သူသည် အိပ်မက်ဆိုးအတွင်းရှိ ကြီးမားလှသော သင်္ချိုင်းဂူကြီးတစ်ခုကို မြင်လိုက်ရတော့သည်။ ၎င်းသည် သေဆုံးနေသော မြို့ကြီးတစ်မြို့နှင့် အလွန်တူလှသည်။
“ဟန်ဟိုင်း...”
မင်္ဂလာဖယောင်းတိုင်က ငြိမ်းသေသွားသည်။ သွေးမိုးများ ရွာသွန်းလာလေသည်။ ကောင်းမင်၏ ပတ်ဝန်းကျင်တစ်ခုလုံးကို အိပ်မက်ဆိုးက ဝါးမြိုသိမ်းပိုက်သွားပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်သည် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ နတ်ဘုရား၏ ခြေလက်အင်္ဂါများမှာ ထိုဒဏ်ရာများအတွင်း လှုပ်ရှားနေကြသည်။ ပိုင်ဖုန်း၏ ရင်ဘတ်ကား သွေးအိုင်ကြီး ဖြစ်နေသည်။ သူမ၏ ရင်ဘတ်အတွင်းမှ လက်ရှစ်ဖက် ထွက်ပေါ်လာပြီး တစ်ဝက်ခန့်လောင်ကျွမ်းနေသော အနီရောင်ဖယောင်းတိုင်ကို ကိုင်ဆောင်ထားသည်။
“ရှီနတ်ဘုရား ကျဆုံးသွားပြီလား”
ပျော်ရွှင်ခြင်း အငွေ့အသက်များအားလုံး အနီရောင်သို့ ပြောင်းလဲသွားပြီး အသားနံ့များ ထုတ်လွှတ်လိုက်သည်။ မြို့ပြင်ရှိ တောအုပ်အတွင်းမှ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။ ရှီနတ်ဘုရားကျောင်းမှာ လုံးဝ ပြိုလဲသွားပြီ ဖြစ်သည်။ မင်္ဂလာဖိတ်စာများထဲမှ ထူးဆန်းသော အသားအကိုင်းအခက်များ တွားထွက်လာကြသည်။နောက်ဆုံးတွင် သစ်ပင်ကြီး၏ အစိတ်အပိုင်းတစ်ခုသည် အိပ်မက်ချိုးဖျက်မြို့ထဲသို့ ဝင်ရောက်လာလေတော့သည်။
ကောင်းမင်၏ အိပ်မက်ဆိုးအတွင်း၌ သားစားကြူးနတ်ဘုရားက ဟိန်းဟောက်လိုက်သည်။ ရှီနတ်ဘုရား၏ ကံကောင်းခြင်းများကို သားစားကြူးနတ်ဘုရားက သိမ်းပိုက်လိုက်တော့သည်။ သူ့ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်းသွားသည်။ နတ်ဘုရားသည် မင်္ဂလာဖယောင်းတိုင်ကို ကောင်းမင်၏ နှလုံးသားအတွင်း ထည့်သွင်းလိုက်သည်။ သူသည် ကျန်းမင်လီ၏ ဝိညာဉ်မီးတောက်ကို အသုံးပြု၍ ဖယောင်းတိုင်ကို ပြန်လည် ထွန်းညှိလိုက်သည်။ ထိုအားနည်းသော အလင်းရောင်သည် ညှဉ်းပန်းနှိပ်စက်ခန်းအတွင်းရှိ အအေးဓာတ်နှင့် ကြောက်ရွံ့မှုများကို မောင်းထုတ်ရန် တဖျတ်ဖျတ် လင်းလက်နေလေသည်။ ဤနည်းလမ်းဖြင့် ကောင်းမင်သည် အိပ်မက်လွတ်ခြင်း စွမ်းအားကို သုံးသည့်အခါ အလွန်အမင်းနာကျင်မှု ရှိတော့မည် မဟုတ်ပေ။
“မင်း ပြောင်းလဲသွားပုံရတယ်”
ကောင်းမင်သည် သားစားကြူးနတ်ဘုရား၏ ဝေဝါးနေသော မျက်နှာလေးခုကို ကြည့်လိုက်သည်။ သူ့ဘာသာ ရေရွတ်လိုက်သည်။
“မင်းက ပိုလူသားဆန်လာပြီပဲ”
အဖြူရောင်တဲကြီးမှာ ဆွဲဖြဲခံလိုက်ရသည်။ ပိုင်ဖုန်း၏ မျက်နှာသည် သွေးမရှိသလို ဖြူဆုတ်နေသည်။ သူမသည် ကောင်းမင်အနားမှ ကြာကြာထွက်ခွာသွား၍ မရတော့ပေ။ သူမ၏ ရှင်သန်မှုမှာ သားစားကြူးနတ်ဘုရား၏ စွမ်းအားပေါ်တွင်သာ မှီခိုသွားခြင်းဖြစ်သည်။ သူမ၏ နှလုံးခုန်သံသည် ကောင်းမင်၏ နှလုံးခုန်သံနှင့် ထပ်တူကျသွားသည်။
“ခင်ဗျား အဆင်ပြေရဲ့လား”
ကောင်းမင်က ပိုင်ဖုန်းကို ကြိုးဖြေပေးလိုက်သည်။
“မဒမ်ရှီရော ဘယ်မှာလဲ ၊ ဘာလို့ ဒီမှာ ခင်ဗျားတစ်ယောက်တည်း ရှိနေတာလဲ”
“မဒမ်ရှီ...”
ပိုင်ဖုန်းမှာ သတိပြန်ဝင်လာသည်။
“ငါ မသိဘူး ၊ ရှီနတ်ဘုရားက ကိုယ်တွင်းအင်္ဂါ အစားထိုးခွင့်ရဖို့ သူ့ကို အိပ်မက်ဘုန်းတော်ကြီးဆီ လွှဲပေးလိုက်တာ ထင်တယ်”