← Chapters

ဘုံကိုးဆင့် ဝိညာဉ်ဘုရားကျောင်း

Vol. 40 Ch. 592

ဘုံကိုးဆင့် ဝိညာဉ်ဘုရားကျောင်း

Vol. 40 Ch. 592

“ကိုယ်တွင်းအင်္ဂါ အစားထိုးတာ ဟုတ်လား”

“အဲ့ဒါက အခြေခံအားဖြင့်တော့ ရုပ်တုအသစ်တစ်ခုရှာပြီး မင်းဆီကနေ သူဆုံးရှုံးသွားတဲ့ ပျော်ရွှင်မှု အငွေ့အသက်တွေကို ပြန်ခိုးယူတာပဲ”

ဖူရှု၏ မျက်နှာမှာ ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာသည်။

“ရှီနတ်ဘုရားက အသဲအသန်ဖြစ်နေတာ၊ မင်းနှလုံးသားထဲက အိပ်မက်ဆိုးက အိပ်မက်ချိုးဖျက်မြို့ထက်တောင် အားကောင်းတယ် ၊ သူ အောင်အောင်မြင်မြင် ပြန်နိုးထလာနိုင်ခဲ့ရင်တောင် မင်းဆီကနေ ပျော်ရွှင်မှုကို ပြန်ရဖို့ မလွယ်ဘူး”

“ဒါက ဘယ်သူလဲ”

ပိုင်ဖုန်းသည် ကောင်းမင်ကျောပေါ်က လူကို ကြည့်ပြီး မေးလိုက်သည်။

“ငါ့နာမည်က ဖူရှုပါ ၊ ငါက အိပ်မက်ချိုးဖျက်မြို့ကို တည်ထောင်ခဲ့...”

“ဒါဆိုရင် ကျွန်မကလေးတွေကို ရှင် မြင်ဖူးလား”

ပိုင်ဖုန်းက သူ့စကားကို ဖြတ်ပြောလိုက်သည်။

“သူတို့က ကောင်းမင်နဲ့ အသက်တူတူလောက်ပဲ ၊ မိန်းကလေးနာမည်က ပိုင်ချောင်၊ ယောက်ျားလေးနာမည်က ပိုင်ရှောင်တဲ့”

“ငါ သူတို့ကို မမှတ်မိဘူး ၊ တကယ်လို့ သူတို့က ဒီမြို့ထဲမှာ တကယ်ပျောက်ဆုံးသွားတာဆိုရင် သူတို့ ယဇ်ပူဇော်ခံလိုက်ရတာ ဖြစ်နိုင်တယ်...”

ဖူရှု၏ အသံမှာ တိုးဝင်သွားသည်။ ပိုင်ဖုန်းထံမှ ထွက်ပေါ်လာသော လူသတ်လိုသည့် အငွေ့အသက်ကို သူအာရုံခံမိလိုက်သောကြောင့် ဖြစ်သည်။

“မသေဆေးကုမ္ပဏီရဲ့ ပြုပြင်မွမ်းမံခြင်း နည်းလမ်း ၁၃ခုဆိုတာ အလိမ်အညာတစ်ခုပဲ မင်းတို့အားလုံးက အစာတွေပဲ”

“မဟုတ်ဘူး ၊ သူတို့ အသက်ရှင်နေဦးမှာ”

ပိုင်ဖုန်းသည် သူမ၏ ဒဏ်ရာများကို လျစ်လျူရှုထားသည်။သူမက ကောင်းမင်ကို တောင်းပန်တိုးလျှိုးလိုက်သည်။

“ငါ့ကို ပြောပြပါဦး... ပိုင်ချောင်နဲ့ ပိုင်ရှောင်တို့လည်း ဒါမျိုးတွေ ကြုံခဲ့ရတာလား”

“အိပ်မက်ချိုးဖျက်မြို့အပြင် မသေဆေးကုမ္ပဏီမှာ ဟန်ဟိုင်းလို့ခေါ်တဲ့ နောက်ထပ် နက်ရှိုင်းတဲ့ အိပ်မက်ဆိုးတစ်ခု ရှိသေးတယ် ၊ ခင်ဗျားရဲ့ ကလေးတွေနဲ့ ကျွန်တော်က အဲ့ဒီမှာ ပိတ်မိနေခဲ့တာ”

ကောင်းမင်က ပိုင်ဖုန်းကို မြေပြင်မှ ထူမပေးလိုက်သည်။

“အနည်းဆုံးတော့ ကျွန်တော်နိုးမလာခင်အထိ သူတို့ ဘေးကင်းကင်းရှိနေခဲ့ပါတယ်”

“တော်သေးတာပေါ့”

ပိုင်ဖုန်းသည် တကယ်တမ်းတွင် အဖြေကို လိုချင်သည်ထက် စိတ်သက်သာရာရမှုကိုသာ လိုလားနေခြင်း ဖြစ်သည်။

တဲကြီးမှာ ပြိုလဲသွားပြီး မိုးက ပိုမိုသည်းထန်လာသည်။ ကောင်းမင်အတွက် ဘေးအကင်းဆုံးနည်းလမ်းမှာ အိပ်မက်ချိုးဖျက်မြို့မှ ထွက်ခွာပြီး ရှီနတ်ဘုရားကျောင်းသို့ သွား၍ အသားသစ်ပင်ကြီးကို လမ်းညွှန်ရန် ဖြစ်သည်။

“ကျွန်တော့်နောက် လိုက်ခဲ့ပါ ၊ ကျွန်တော်တို့ သွားမယ့်နေရာက အတူတူပဲ”

ကောင်းမင်က သူ့နှလုံးသားကို ထိတွေ့လိုက်သည်။သူသည် ပိုင်ဖုန်း၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ခံစားချက် အတက်အကျများနှင့် သွေးစီးဆင်းမှု အာရုံခံနိုင်နေသည်။ ပိုင်ဖုန်း၏ ခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲပေးခဲ့သည်မှာ သားစားကြူးနတ်ဘုရား ဖြစ်သည်။ ကောင်းမင်သာ အလိုရှိပါက ပိုင်ဖုန်းကို သူ၏ကိုယ်ပွားတစ်ခုအဖြစ်ပင် ပြောင်းလဲပစ်နိုင်သည်။

ပုန်းကွယ်နေသော မကောင်းဆိုးဝါးများက ပိုမိုရဲတင်းလာကြသည်။ အာဏာလုပွဲများမှာလည်း ပိုမိုပြင်းထန်လာသည်။ ကောင်းမင်က ရှီနတ်ဘုရားကို သတ်လိုက်သည်နှင့် မြို့သည် ထပ်မံတုန်ခါလာတော့သည်။ အုတ်ခဲလမ်းများမှာ သိမ့်သိမ့်တုန်နေကြသည်။ မြေဆီလွှာများကလည်း အသက်ဝင်လာသကဲ့သို့ ဖြစ်နေသည်။ ကျောက်စရစ်ခဲလေးများသည် မြေအောက်မှ မြေနဂါးကြီးတစ်ကောင်၏ အကြေးခွံများ ထောင်မတ်လာသကဲ့သို့ လှုပ်ရှားနေကြသည်။

“ဘာတွေဖြစ်နေတာလဲ”

လမ်းပေါ်ရှိ အုတ်ခဲများပေါ်တွင် အဆောင်လက်ဖွဲ့များနှင့် သွေးများ ပေါ်လျိုးလာသည်။ ၎င်းတို့သည် မြေနဂါး၏ ကျောရိုးကို ချုပ်နှောင်ထားသည့် သော့များနှင့် တူလှသည်။ တုန်ခါမှုသည် မိနစ်အနည်းငယ်ကြာခဲ့ပြီး လမ်းမှာ ကောက်ကွေးသွားသည်။ ထို့နောက် မြေစောင့်နတ်မင်းဘုရားကျောင်းရှိရာ လမ်းမပေါ်တွင် ကိုးထပ်မြင့်သော ဝိညာဉ်ဘုရားကျောင်းကြီးတစ်ခု ထွက်ပေါ်လာတော့သည်။

အထပ်တစ်ထပ်စီတိုင်းတွင် နတ်ဘုရားများကို ကိုးကွယ်ရန် ဆုတောင်းခြင်း၊ ယဇ်ပူဇော်ခြင်းနှင့် ဂါထာရွတ်ခြင်းစသည့် ဝတ်ပြုဓလေ့အခမ်းအနားများ ဖြစ်ပေါ်နေလေသည်။ အပေါ်ထပ်သို့ ရောက်လေလေ မြင်ကွင်းမှာ ပိုမိုဝေဝါးလေလေ ဖြစ်သည်။ အပေါ်ဆုံးထပ်သည် ကောင်းကင်ဘုံသို့ တက်လှမ်းသည့် လှေကားထစ်တစ်ခုနှင့် တူသည်။ ကြယ်စုံနေသော ကောင်းကင်ယံသည် ထိုဘုရားကျောင်းကြီးအတွက် အလှဆင်ထားသည့်အလား ထင်မှတ်ရသည်။ ကမ္ဘာကြီး၏ လျှို့ဝှက်ချက်သည် ထိုတံခါးနောက်ကွယ်တွင် ရှိနေသည်။

ဘုရားကျောင်းကြီးကို မြင်လိုက်ရသူတိုင်း ဒူးထောက်လိုစိတ်များ ပေါ်လာကြသည်။ ထိုနန်းတော်ထဲသို့ ဝင်ရောက်နိုင်ပါက ထာဝရ ကောင်းချီးပေးခံရမည်ဟု ခံစားရစေသည်။

ဘုရားကျောင်းမှ ဆွဲဆောင်မှုအရှိန်အဝါများ ပြင်းထန်စွာ ထွက်ပေါ်နေ၏။ နံရံများပေါ်တွင် နတ်ဘုရားရုပ်ပုံများကို ထွင်းထုထားသော်လည်း မည်သည့်နတ်ဘုရားမှ လူသိများသော နတ်ဘုရားမျိုး မဟုတ်ပေ။ဘုရားကျောင်းအတွင်း၌ ယောက်ယက်ခတ် သွားလာနေသူများမှာလည်း လေးစားကြည်ညိုဖွယ် အရှိန်အဝါများ ရှိနေကြသည်။ သူတို့နှင့် ခဏမျှ စကားပြောလိုက်ရရုံဖြင့် ဉာဏ်အလင်းရသွားနိုင်သကဲ့သို့ ထင်ရသည်။

သွေးမိုးများသည် ရှိသမျှ အိမ်တိုင်းပေါ်သို့ ကျနေသော်လည်း ထိုဘုရားကျောင်းမှာ မိုးမစိုဘဲ ကင်းလွတ်နေသည်။ ဘုရားကျောင်းအနီးရှိ အိမ်များမှ လူများသည် ပူးကပ်ခံထားရသူများကဲ့သို့ ဘုရားကျောင်းဆီသို့ လျှောက်သွားလိုက်ကြသည်။ သူတို့သည် ဘုရားကျောင်းဂိတ်တံခါးကို ကျော်ဖြတ်ပြီးနောက် လှေကားထစ်များအတိုင်း ဖြည်းဖြည်းချင်း တက်သွားကြသည်။ သူတို့သည် နတ်ဘုရား၏ ထိတွေ့မှုကို ခံစားရသကဲ့သို့ ဖြစ်လာပြီးနောက် ဓမ္မတေးသံများနှင့်အတူ မြင့်မြတ်သော မြူများကြားတွင် ပျောက်ကွယ်သွားကြတော့သည်။

“အဲ့ဒီ သရဲအဆောက်အဦးကို မကြည့်နဲ့”

ဖူရှုသည် သူ့မှာ လက်မရှိသဖြင့် မုန်းတီးမိသွားသည်။သူ နားကို မပိတ်နိုင်သဖြင့် မျက်လုံးများကိုသာ မှိတ်ထားလိုက်သည်။

“ဒီအိပ်မက်ဆိုးထဲမှာ တစ်ယောက်ယောက်က ‘ဘုရားကျောင်းတည်ဆောက်ခြင်း’ ကို အထွတ်အထိပ် ရောက်အောင် သုံးလိုက်ပြီ ၊ ဒါက ကောင်းကင်ဘုံတံခါးကို ဖွင့်လိုက်တာပဲ”

“ရှင် ဘာတွေပြောနေတာလဲ၊ ဘယ်က သရဲအဆောက်အဦးလဲ ၊ အဲ့ဒါက အနီရောင်ဘုရားကျောင်းကြီး မဟုတ်လား”

ပိုင်ဖုန်း မြင်နေရသောအရာသည် ဖူရှုနှင့် ကောင်းမင်တို့ မြင်နေရသောအရာနှင့် ကွဲပြားနေသည်။

“ဘာပဲမြင်မြင် လုံးဝမကြည့်နဲ့”

ဖူရှုက ပြတ်ပြတ်သားသား သတိပေးလိုက်သည်။

“ဘုရာားကျောင်းတည်ဆောက်ခြင်းကို ‘သက်ရှိဘုရားကျောင်း’ လို့လည်း ခေါ်တယ် ၊ သက်ရှိလူသားတွေရဲ့ ကလီစာတွေ၊ သွေးနဲ့ အသားတွေကို အခြေခံအုတ်မြစ်အဖြစ် သုံးပြီး အိပ်မက်ဆိုးထဲက ထူးဆန်းတဲ့ ပစ္စည်းတွေကို စုစည်းပြီး ကိုယ့်ကိုယ်ကို သက်ရှိအဆောက်အဦးအဖြစ် တည်ဆောက်တာပဲ၊ အဲ့ဒါက သာမန်နတ်ဘုရားတစ်ပါးလိုပဲ ယဇ်ပူဇော်မှုနဲ့ ယုံကြည်မှုတွေကို ကြိုက်တယ်၊ တခြားနည်းနဲ့ ပြောရရင် ဒီအဆောက်အဦးက လူတွေကို စားတာပဲ၊ သူတို့က စားသောက်ပွဲကြီးကို ဆက်ကျင်းပနိုင်ဖို့ ဘာမဆိုလုပ်လိမ့်မယ်”

ဖူရှုသည် အသက်ပြင်းပြင်းရှူ၍ စိတ်တည်ငြိမ်စေလိုက်သည်။

“ဘုရားကျောင်းတစ်ထပ်စာအတွက် မင်းကိုယ်မင်း ယဇ်ပူဇော်ရမယ် ၊ နှစ်ထပ်စာအတွက်ဆိုရင် ယဇ်ပလ္လင်သုံးခု ဖွင့်ဖို့ လူသုံးယောက်ကို ယဇ်ပူဇော်ဖို့ လိုတယ်၊ သုံးထပ်စာအတွက်ဆိုရင် ယဇ်ပလ္လင်တစ်ခုစီကို လူသုံးယောက်စီ ထပ်ပူဇော်ရမယ် ၊ အဲ့ဒီလိုနဲ့ အဆင့်ဆင့် တက်သွားတာ ၊ ဒီမြို့ထဲမှာ ဘုံကိုးဆင့်ဘုရားကျောင်း ပေါ်လာလိမ့်မယ်လို့ ငါလုံးဝ ထင်မထားခဲ့ဘူး”

ဖူရှု၏ ရှင်းပြချက်သည် ကောင်းမင်ထင်ထားသည်ထက် ပိုရက်စက်လွန်းလှသည်။

“ခင်ဗျား ဒါကို ကောင်းကောင်းသိနေသလိုပဲ”

ကောင်းမင်က မိုးလွတ်ရန်အတွက် ဖူရှုနှင့် ပိုင်ဖုန်းတို့ကို ဘိုးဘေးခန်းမ ဘေးဘက်သို့ ခေါ်လာလိုက်သည်။

“ဘုရားကျောင်းတည်ဆောက်ခြင်း ဆိုတာ မသေဆေးကုမ္ပဏီက ‘အိပ်မက်’ ကို ခွဲစိတ်စမ်းသပ်ဖို့ ကြိုးစားတုန်းက မတော်တဆ ရှာတွေ့ခဲ့တဲ့အရာပဲ ၊ တာဝန်ခံပုဂ္ဂိုလ်က ‘အိပ်မက်’ ရဲ့ ယဇ်ပလ္လင်မှာ ပြင်းထန်တဲ့ အလိုအလျောက်ကုသနိုင်စွမ်း ရှိတယ်ဆိုတာ အတည်ပြုခဲ့တယ်၊ လူတွေမှာ အိပ်မက်ဆိုးတွေ ရှိနေသရွေ့ အဲ့ဒီယဇ်ပလ္လင်က ဘယ်တော့မှ ပျက်စီးမှာမဟုတ်ဘူး”

ဖူရှုသည် နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။ထိုပုဂ္ဂိုလ်သည် သူနှင့် နီးစပ်သူတစ်ယောက် ဖြစ်ပုံရသည်။

“အဲ့ဒီနောက်တော့ သူက အဲ့ဒီယဇ်ပလ္လင်အပိုင်းအစတွေကို စမ်းသပ်သူတချို့ရဲ့ ဦးနှောက်ထဲမှာ စိုက်ပျိုးလိုက်တယ်၊ အဲ့ဒီအပိုင်းအစတွေက စမ်းသပ်သူတွေရဲ့ အသိစိတ်နဲ့ မှတ်ဉာဏ်တွေကို စုပ်ယူပြီး သူတို့ကို ထူးဆန်းတဲ့ အဆောက်အဦးတွေအဖြစ် ပြောင်းလဲပစ်လိုက်တာပဲ”

ဖူရှုသည် ဝိညာဉ်ဘုရားကျောင်းရှိရာ လမ်းမဆီသို့ လှမ်းကြည့်လိုက်သည်။သို့သော်လည်း လျှင်မြန်စွာ ခေါင်းပြန်လွှဲလိုက်သည်။

“အဲ့ဒီ အဆောက်အဦးတွေကို အိပ်မက်ချိုးဖျက်မြို့မှာ ထားခဲ့တာ ၊ အဲ့ဒါတွေက သရဲအဆောက်အဦးရှိတဲ့ လမ်းမှာ တည်ရှိနေတာ၊ ဒီမှာရှိတဲ့ နတ်ဘုရားအားလုံးက အဲ့ဒီ မပြောသင့်သူရဲ့ ကံကြမ္မာဇယားကနေ ဖြစ်လာတာပဲ ၊ ဒီမှာရှိတဲ့ အဆောက်အဦး တချို့က သူ့ရဲ့ ပင်မယဇ်ပလ္လင်ရဲ့ အစိတ်အပိုင်းတွေပဲ”

“ရှင်ဆိုလိုတာက ဒီမှာရှိတဲ့ အဆောက်အဦးအများစုက အရင်က သက်ရှိလူသားတွေပေါ့ ဟုတ်လား”

ပိုင်ဖုန်းသည် အလွန်တုန်လှုပ်သွားသဖြင့် သူမ၏လေသံက မြင့်တက်သွားသည်။

“ဒီမှာ လူအသက်ပေါင်း ဘယ်လောက်တောင် ဆုံးရှုံးခဲ့ရပြီလဲ”

“အများစုကတော့ ကုလို့မရတော့တဲ့ ဝေဒနာရှင်တွေပဲ ၊ ‘အိပ်မက်’က ရောဂါဝေဒနာ ခံစားနေရတဲ့ ဝိညာဉ်တွေကို ပိုနှစ်သက်တာလေ”

ထိုနေရာတွင် အပြစ်များ မည်မျှစုပုံနေသည်ကို ဖူရှုသာလျှင် အသိဆုံး ဖြစ်သည်။ အစပိုင်းတွင် သူသည် သူ့အဘိုးကဲ့သို့ပင် လူ့လောက၏ နာကျင်မှုများကို အသုံးပြု၍ အပန်းဖြေ ဥယျာဉ်တစ်ခုကို အမှန်တကယ် တည်ဆောက်ချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် သူ အကြီးအကျယ် ကျရှုံးခဲ့ရသည်။

“ဘုံကိုးဆင့် ဝိညာဉ်ဘုရားကျောင်းက ဘယ်လို နတ်ဘုရားသရဲနဲ့မဆို ယှဉ်နိုင်တဲ့အထိ စွမ်းအားကြီးတယ် ၊ သူက လှုပ်ရှားလို့မရတာကလွဲရင် ကျန်တဲ့နေရာမှာ အနှိုင်းမဲ့ပဲ ၊ သူ့ကို ဖျက်ဆီးဖို့ဆိုရင် တစ်ထပ်ကနေ ကိုးထပ်အထိ ချိုးဖျက်ဖောက်ထွက်ပြီး ကောင်းကင်ဘုံတံခါးကို တွန်းဖွင့်မှ ရမယ်”

ဖူရှုသည် ချီတုံချီချဖြင့်

“ဘုံကိုးဆင့် ဝိညာဉ်ဘုရားကျောင်းက အရင်က တစ်ခါမှ ပေါ်မလာဖူးဘူး ၊ ဒါကြောင့် ကိုးထပ်မြောက်မှာ ဘာရှိမလဲ ဘယ်သူမှ မသိဘူး ၊ ကောင်းကင်တံခါး နောက်ကွယ်မှာ ဘာရှိမလဲဆိုတာ ဘယ်သူမှ မသိကြဘူး ၊ အဲ့ဒါက တကယ့် လက်တွေ့ကမ္ဘာလား... ဒါမှမဟုတ် တခြားတစ်နေရာလား ဆိုတာကိုပေါ့”

All Chapters