ခန်းမအတွင်းဝယ်
Vol. 40 Ch. 593
ဝိညာဉ်ဘုရားကျောင်းသည် ကောင်းကင်ယံအထိ ထိုးတက်နေသည်။ ၎င်းသည် ကြယ်တာရာများကြားတွင် မားမားမတ်မတ် ရှိနေလေသည်။၎င်းသည် အိပ်မက်ချိုးဖျက်မြို့မှ ထွက်ခွာနိုင်မည့် တစ်ခုတည်းသောလမ်းကြောင်းဟု ထင်မှတ်ရသည်။၎င်းက သက်ရှိအားလုံးကို ဆွဲဆောင်နေသလို များစွာသော ဆိုးယုတ်မှုများ၏ အကြည့်များကိုလည်း ဖမ်းစားထားသည်။
“ဘုံကိုးဆင့်ဝိညာဉ်ဘုရားကျောင်းဟာ ဒီနေရာမှာ တစ်ခါမှ မပေါ်လာဖူးဘူး ၊ ဘုရားကျောင်းက ဝိညာဉ်ပေါင်းများစွာကို ယဇ်ပူဇော်ပြီးနောက် အံ့ဩစရာကောင်းတဲ့ အရာတစ်ခုခုကို မွေးထုတ်ပေးတော့မှာပဲ”
ကောင်းမင်သည် လက်ကို မိုးရေထဲသို့ ဆန့်ထုတ်လိုက်ပြီး လက်ချောင်းများကြားမှ သွေးများ စီးကျလာသည်ကို ကြည့်လိုက်သည်။ သူသာ အိပ်မက်လွတ်ခြင်း နည်းလမ်းကို မရရှိခဲ့ပါက ယခုမြေပြင်ပေါ်တွင် ရှိနေမည့် သွေးမှာ သူ့သွေးပင် ဖြစ်ပေလိမ့်မည်။ကောင်းမင်သည် သူ့အိပ်မက်ဆိုးထဲမှ မှတ်ဉာဏ်အပိုင်းအစများကို မြင်တွေ့ရပြီးနောက် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ သို့သော်လည်း သူသည် သူ၏ အမှန်တကယ်ဖြစ်တည်မှုနှင့် ပိုမို နီးစပ်လာသလို ခံစားနေရသည်။
“ငါ့နှလုံးသားထဲက အိပ်မက်ဆိုးမြို့တော်ထဲမှာ ဟန်ဟိုင်းရဲ့ ကြောက်စရာအကောင်းဆုံးသရဲကို အိပ်မက်သရဲလို့ ခေါ်တယ် ၊ ငါ့နှလုံးသားထဲက နတ်ဘုရားက အဲ့ဒီအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ၊ ဒီအိပ်မက်ချိုးဖျက်မြို့မှာ သူအဲ့ဒီခြေလှမ်းကို လှမ်းနိုင်လိမ့်မယ်”
ကောင်းမင်၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုဟူသော ခံစားချက် မပေါ်ပေါက်လာသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ အိပ်မက်သရဲနှင့် ပတ်သက်သည့် သူ့မှတ်ဉာဏ်များနှင့် ဖူရှု၏ မပြောသင့်သူများအကြောင်း ရှင်းပြချက်အရ အိပ်မက်သရဲသည် မပြောသင့်သူများထက် အားနည်းသည်ဟု ကောင်းမင်ခံစားရသည်။ သို့သော်လည်း ဟန်ဟိုင်းရှိ အိပ်မက်သရဲများသည် သူတို့၏ စွမ်းအားအစစ်အမှန်ကို ထုတ်မပြရသေးကြောင်း သူ့ဗီဇက ပြောနေသည်။ အဘယ်ကြောင့်ဆိုသော် အိပ်မက်သရဲများသည် သေဆုံးနေသော မြို့တော်ကြီးတစ်ခုထဲတွင် နေထိုင်ကြသောကြောင့် ဖြစ်သည်။
မှတ်ဉာဏ်များ ပြန်ရလာသည်နှင့်အမျှ ကောင်းမင်သည် အတိတ်က အချက်အလက်များအပေါ် နားလည်မှုအသစ်တစ်ခု ရှိလာခဲ့သည်။
“မပြောသင့်သူတစ်ယောက်ဖြစ်လာဖို့ နည်းလမ်း ၁၃မျိုး... မသေဆေးကုမ္ပဏီက သူတို့ရဲ့ အရင်းအမြစ် ထက်ဝက်လောက်သုံးပြီး အိပ်မက်ချိုးဖျက်မြို့ကို တည်ဆောက်ခဲ့တယ် ၊ ဒီနေရာက ကျန်းမင်လီအတွက်တော့ လှောင်အိမ်တစ်ခုဖြစ်ပေမဲ့ ငါ့အတွက်တော့ အကြီးစား အပန်းဖြေ ဥယျာဉ်ကြီးတစ်ခုပဲ”
ကောင်းမင်က ခပ်တိုးတိုး ရေရွတ်လိုက်သော်လည်း သူ့မိတ်ဆွေများကိုမူ တမင်တကာ ဖုံးကွယ်ထားခြင်း မရှိပေ။
“ဒီနေရာကို အပန်းဖြေ ဥယျာဉ်လို့ သတ်မှတ်တဲ့ ပထမဆုံးလူက မင်းပဲ ၊ မင်းနဲ့ ဆုံတွေ့ရတာ ငါအရမ်း ကံကောင်းတာပဲ”
ဖူရှုက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
“အိပ်မက်သရဲ... အိပ်မက်... ကျန်းမင်လီက နောက်ထပ် ‘အိပ်မက်’တစ်ခု ဖြစ်သွားမှာ စိုးရိမ်နေတယ်ဆိုမှတော့ ကျုပ်ကပဲ သူ့နေရာကို ဝင်ယူလိုက်မယ်”
“မင်းပြောတာ မမှားဘူး ၊ ကံကြမ္မာကို ပိုင်ဆိုင်ဖို့ဆိုရင် စွမ်းအားရှိဖို့ လိုတယ်”
ဖူရှုက သူ့နှာခေါင်းဖြင့် ကောင်းမင်၏ ပုခုံးကို ထိလိုက်သည်။
“ဘိုးဘေးခန်းမထဲမှာ တစ်ခုခုဝှက်ထားတယ်လို့ ငါပြောခဲ့တာ မှတ်မိလား ၊ အိပ်မက်ဘုန်းတော်ကြီး ဒဏ်ရာရနေတုန်း ငါတို့ အဲ့ဒါကို သွားခိုးသင့်တယ်”
လူအများစုသည် ဘုံကိုးဆင့်ဝိညာဉ်ဘုရားကျောင်းဆီသို့ အာရုံရောက်နေသဖြင့် ဘိုးဘေးခန်းမမှာ လူသူကင်းမဲ့နေလေသည်။ ဖူရှုက သူကိုယ်တိုင် ကောင်းမင်အတွက် လမ်းပြပေးခဲ့သည်။ သူတို့သည် ဘိုးဘေးခန်းမ၏ နောက်ဘက်သို့ သွား၍ အိပ်မက်ဘုန်းတော်ကြီးအတွက်သာ သီးသန့်ထားသော လျှို့ဝှက်တံခါးမှ ဝင်ခဲ့ကြသည်။
“ဒီနေရာမှာ ပစ္စည်းတွေ အများကြီး ရှိတယ် ၊ ပစ္စည်းတိုင်းမှာ ကိုယ်ပိုင်ကမ္မအနှောင်အဖွဲ့တွေ ရှိနေတာမို့ လျှောက်မကိုင်နဲ့ ၊ ဖူမျိုးရိုးနာမည် ရေးထားတဲ့ အနက်ရောင် ကမ္ပည်းပြားကိုပဲ ရှာပါ”
ဖူရှု၏ အသံက တဖြည်းဖြည်း တိုးဝင်သွားသည်။ သူ မော့ကြည့်လိုက်သောအခါ စကားပင် မပြောနိုင်တော့ပေ။
ဘိုးဘေးခန်းမသည် အိပ်မက်ချိုးဖျက်မြို့တွင် အလေးအမြတ်ထားရဆုံး နေရာဖြစ်သည်။ ပုံမှန်အားဖြင့် ထိုနေရာသို့ ယုံနတ်ဘုရားများပင် ဝင်ခွင့်မရှိပေ။ အရာအားလုံး၏ ထားသိုမှုသည် အသေးစိတ်ကျသည်။ သစ်သားပန်းပုတိုင်းမှာ အရွယ်အစား အတိအကျ ရှိရပြီး ဖဲကြိုးတိုင်းကိုလည်း အကြိမ်ကြိမ် စစ်ဆေးရသည်။ သို့သော်လည်း ယခုအခါတွင်မူ ယဇ်ပလ္လင်သည် မှောက်လျက်သား ဖြစ်နေပြီး ပုပ်သိုးနေသော ယဇ်ပစ္စည်းများမှာလည်း နေရာအနှံ့ ပြန့်ကျဲနေလေသည်။ အနက်ရောင် ကမ္ပည်းပြားများသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျနေကြသည်။အချို့သည် အက်ကွဲနေပြီး အချို့မှာ အစိတ်စိတ်အမွှာမွှာ ဖြစ်နေကြသည်။ အများစုမှာမူ အမည်များ အဖျက်ခံထားရသည်။
ထိုသည်က အဆိုးဆုံး မဟုတ်သေးပေ။ ထုတ်တန်းတွင် ကြိုးကွင်းများ ချိတ်ဆွဲထားပြီး ယခင် အိပ်မက်ဘုန်းတော်ကြီးများ၏ အလောင်းများမှာ ထိုကြိုးကွင်းများတွင် တွဲလောင်းကျနေကြသည်။ သူတို့၏ ခန္ဓာကိုယ်များသည် အင်အားမဲ့စွာ လှုပ်ယမ်းနေကြပြီး အရေခွံများမှာလည်း ခွာချခံထားရသည်။ ဤကြောက်မက်ဖွယ် မြင်ကွင်းက ကောင်းမင်ကို မြို့ဝင်ပေါက်ရှိ မြွေပါများကို သတိရသွားစေသည်။ ထိုနတ်ဘုရားများ၏ မျက်လုံးထဲတွင် လူသားနှင့် မြွေပါတို့မှာ အတူတူပင် ဖြစ်သည်။
“နာမည်တွေ... အရင် အိပ်မက်ဘုန်းတော်ကြီးတွေရဲ့ နာမည်တွေ ပျောက်ကုန်ပြီ”
ဖူရှု၏ အသံမှာ တုန်ယင်နေလေသည်။
“ဒါ ငါတို့တွေ့ခဲ့တဲ့ အိပ်မက်ဘုန်းတော်ကြီးရဲ့ လက်ချက်ပဲ ၊ သူက နာမည်တိုင်းကို ခိုးယူသွားတာပဲ ၊ အဲ့ဒီ အိပ်မက်ဆရာက လူမဟုတ်ဘူး ၊ သူက ဘာကောင်လဲကွ”
“စိတ်အေးအေးထားပါဦး”
ကောင်းမင်က ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။သို့သော်သော်လည်း ဖူမျိုးရိုးအမည်ပါသည့် အနက်ရောင် ကမ္ပည်းပြား သို့မဟုတ် ကျန်းမင်လီ၏ စိတ်ပျက်အားငယ်မှုများကို ရှာမတွေ့ပေ။
“ခင်ဗျားရှာနေတဲ့ အရာက ညကင်းစောင့်ဆီ ရောက်နေတာများ ဖြစ်နိုင်မလား”
ကောင်းမင်က မေးလိုက်သည်။
“သူ့ဆီမှာလည်း ဒါမျိုး ပြင်ဆင်ထားတာ ကျုပ်တွေ့ခဲ့တယ် ၊ အဲ့ဒါက ညကင်းစောင့်ရဲ့ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းလာတဲ့အရာလို့ သူပြောခဲ့တယ် ၊ ကျုပ် ညကင်းစောင့်ဖြစ်လာမှပဲ အဲ့ဒီလျှို့ဝှက်ချက်တွေကို သူပြောပြမှာတဲ့”
တကယ်တမ်း ပြောရလျှင် ညကင်းစောင့်၏ အိမ်သည် ဘိုးဘေးခန်းမထက်ပင် ပို၍ ဘိုးဘေးခန်းမနှင့် တူသည်ဟု ခံစားရသည်။ အနည်းဆုံးတော့ ညကင်းစောင့်သည် လူသေများကို ကိုးကွယ်ရာတွင် စိတ်ရင်းမှန်လေသည်။
“ဖြစ်နိုင်တယ် ၊ ညကင်းစောင့်က အိပ်မက်ချိုးဖျက်မြို့ရဲ့ အမိန့်နဲ့ အချိန်ကို ကိုယ်စားပြုတဲ့အတွက် သူတို့မှာ အမြဲတမ်း ပူဇော်စရာတွေ ရှိနေတာ ၊ ညကင်းစောင့်က တစ်ခုခုကို ကြိုအာရုံခံမိလို့ အဲ့ဒီပစ္စည်းကို ရွှေ့ပြောင်းလိုက်တာ ဖြစ်နိုင်တယ်”
ဖူရှုက ထိုသို့ ဖြစ်နိုင်သည်ဟု အမှန်တကယ် ယူဆလိုက်သည်။
“ဒါဆို သူ့ကို သွားရှာကြမလား”
“မလုပ်နဲ့၊ သူ့ကို လူကောင်းလို့ မထင်နဲ့ ၊ စည်းမျဉ်းတွေကို ကိုယ်စားပြုတဲ့သူတွေက အမြဲတမ်း နှလုံးသားမဲ့တဲ့ လူတွေပဲ ၊ မင်း သူ့ကို အတင်းအကျပ်သွားလုပ်ရင် သူက မင်းခေါင်းကို ဖြတ်ပြီး သူ့ခြေရာနင်းခိုင်းလိမ့်မယ်”
ဖူရှုက သက်ပြင်းချလိုက်သည်။
“မပြောသင့်သူ ဖြစ်လာနိုင်တဲ့ ဇာတ်ကောင် ၁၃ယောက်ထဲမှာ ဘယ်သူမှ ကိုင်တွယ်ရမလွယ်ဘူး”
သွေးမိုးများက ပြတင်းပေါက်ပေါ်သို့ ရွာကျလာပြီး ဘိုးဘေးခန်းမ၏ အဖြူရောင် စက္ကူပြတင်းပေါက်များကို စိုရွှဲသွားစေသည်။ အမှောင်ထုက ပိုမိုနက်ရှိုင်းလာပြီး အပူချိန်မှာလည်း ကျဆင်းလာသည်။ ဖယောင်းတိုင်မီးများက အနွေးဓာတ် မပေးနိုင်တော့ပေ။ အိပ်မက်ချိုးဖျက်မြို့သည် အမှောင်တွင်းထဲသို့ ဆက်လက်နစ်မြုပ်နေခဲ့သည်။
အပြင်ဘက် လမ်းမများသည် ပို၍ ဆူညံလာလေသည်။ ကောင်းမင်သည် နောက်ဖေးတံခါးကို ဖွင့်၍ အပြင်သို့ လှမ်းကြည့်လိုက်သည်။
မြို့သားများသည် ဘုံကိုးဆင့်ဝိညာဉ်ဘုရားကျောင်းကြီးဆီသို့ ဦးတည်သွားနေကြသည်။ သူတို့သည် သူတို့၏ မှောင်မိုက်နေသော အိမ်များထဲမှ လျှောက်ထွက်လာကြသည်။သူတို့သည် လမ်းတစ်လျှောက်ရှိ အန္တရာယ်များကို လျစ်လျူရှု၍ ဘုရားကျောင်းဆီသို့သာ သွားနေကြသည်။ ထိုနေရာသည် နိဗ္ဗာန်ဘုံဟု သူတို့ ယုံကြည်နေကြသော်လည်း အမှန်တကယ်တွင်မူ ဘုရားကျောင်းမှာ နတ်ဆိုးသားရဲတွင်းတစ်ခုသာ ဖြစ်နေသည်။ မြို့သားများမှာ အစာများသာ ဖြစ်ကြသည်။
“ငါတို့ သူတို့ကို တားသင့်လား”
ပိုင်ဖုန်း ထိုသို့ပြောလိုက်သည်နှင့် ဖူရှုက သတိပေးသည့်အကြည့်ဖြင့် သူမကို စိုက်ကြည့်လိုက်သည်။
ထိုအချိန်တွင် ထန်အိမ်တော်၏ ဂိတ်တံခါး ပွင့်လာပြီး အတွင်းမှ အသုဘငွေစက္ကူများစွာ ပျံထွက်လာတော့သည်။
“အသုဘငွေစက္ကူတွေ ပြန်ပေါ်လာတာလား”
ငွေစက္ကူမိုးများကြားတွင် လူပုံရိပ်များသည် ရုပ်သေးရုပ်များကဲ့သို့ လှုပ်ရှားနေကြသည်။ သူတို့သည် အနက်ရောင် ကြိုးမျှင်များဖြင့် ထိန်းချုပ်ခံထားရပြီး ဘုံကိုးဆင့်ဝိညာဉ်ဘုရားကျောင်းဆီသို့ ဦးတည်သွားနေကြသည်။
“အကြီးအကဲထန်က သက်ရှိတွေရဲ့ ငွေကို စီမံတာ၊ ပြီးတော့ ကျိနတ်ဘုရား ချိုင်ရှင်းက လူသေတွေရဲ့ ငွေကို စီမံတာ ၊ အကြီးအကဲထန်က ဘာလို့ ချိုင်ရှင်းရဲ့ စွမ်းအားကို သုံးနေရတာလဲ”
“ချိုင်ရှင်းက အရမ်း ကပ်စေးနှဲပြီး လောဘကြီးတယ်”
ဖူရှုက မျက်လုံးပြူးသွားသည်။
“ကျန်းမင်လီက အကြီးအကဲထန်နဲ့ သဘောတူညီမှု ရသွားတာလား ၊ မဟုတ်ဘူး... သူတို့က တစ်ယောက်ကိုတစ်ယောက် အရိုးထဲထိ မုန်းနေကြတာ ၊ ကျန်းမင်လီက အကြီးအကဲထန်ကို အပြင်ထွက်လာအောင် ချိုင်ရှင်းရဲ့ စွမ်းအားကို သုံးပြီး မြှူဆွယ်နေတာပဲ ၊ သူက လောဘကို သုံးပြီး လောဘကို နှိုးဆွနေတာ ၊ သူ့ရဲ့ အသိစိတ်ပြန်ရအောင် အကြီးအကဲထန်ရဲ့ လက်တွေကို သုံးချင်နေတာပဲ”