မင်းရဲ့ဆေးကို စားလိုက်
Vol. 40 Ch. 600
အကြီးအကဲထန်၏ သားဖြစ်သူသည် နူးညံ့သိမ်မွေ့ပြီး အလိုက်သိတတ်သူ ဖြစ်သည်။ သူသည် တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီးနောက် ပို၍ပင် ကျက်သရေရှိနေသည်။ အကယ်၍ သူ၏ခန္ဓာကိုယ်မှ ပေါက်ထွက်နေသော လူသားဦးခေါင်းများကိုသာ လျစ်လျူရှုထားနိုင်ပါက သူသည် ချောမောခန့်ညားသော ပညာရှိတစ်ဦးဟုပင် ဆိုနိုင်သည်။
“မင်းရဲ့ နတ်ဘုရားကံကြမ္မာက...”
ကောင်းမင် ဘာပြောရမည်ကို မစဉ်းစားနိုင်သေးခင် လူငယ်က ပခုံးတွန့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“သေမျိုးအရေခွံဆိုတာ အခွံသက်သက်ပါပဲ ၊ လက်တစ်ဖျစ်စာအတွင်းမှာပဲ ဖုန်မှုန့်အဖြစ် ပျော်ဝင်သွားနိုင်တယ်၊ တာအိုနှလုံးသားကသာ စိန်တစ်လုံးလို ခိုင်မာတာပါ၊ ဝိညာဉ်က နတ်ဘုရားနန်းတော်ထဲ ရောက်သွားတဲ့အခါ ထာဝရရှင်သန်ခြင်းကို ရရှိမှာပါ”
အကြီးအကဲထန်၏ သားဖြစ်သူသည် ဉာဏ်အလင်းရထားပြီး ဖြစ်သည်။ သူ၏ တာအိုအပေါ် နားလည်မှုသည် ပထမထပ်ရှိ ရွာသားများနှင့် စက္ကူရုပ်များထက် များစွာနက်ရှိုင်းလှသည်။
“ဒီကလေးကတော့ ကယ်လို့မရတော့ဘူး၊ သူ လုံးဝ ဝါးမြိုခံလိုက်ရပြီ”
ဖူရှုက ကောင်းမင်၏ နားထဲသို့ ညည်းတွားလိုက်သည်။
“သူနဲ့ အချိန်မဖြုန်းနဲ့တော့၊ ငါတို့ တတိယထပ်ကို သွားရမယ်”
ကောင်းမင် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ တာအိုဝတ်ရုံဝတ်ထားသူများသည် ဆေးလုံးအိုးများအနားတွင် ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။ ထို့ထက် ပိုဝေးသော နေရာတွင်မူ လူအချို့သည် မတူညီသော ဆေးလုံးဆောင်များကြားတွင် သွားလာလှုပ်ရှားနေကြသည်။ သူတို့သည် ပေးထားသော ဆေးညွှန်းများအတိုင်း ဆေးဖော်စပ်ရန် ပါဝင်ပစ္စည်းများကို သွားရောက်ယူဆောင်ကြခြင်း ဖြစ်သော်လည်း အခန်းထဲမှ ပြန်ထွက်လာတိုင်း သူတို့၏ ခန္ဓာကိုယ်မှ တစ်စုံတစ်ခုက ပျောက်ဆုံးသွားသည်။
“မိတ်ဆွေ... တတိယထပ်သွားမယ့်လမ်းကို ရှာနေတာလား”
ထိုလူငယ်သည် အလွန်ပင် ဖော်ရွေလှသည်။ သူသည် အခန်းအလယ်ရှိ ဧရာမ ဆေးအိုးကြီးကို ညွှန်ပြလိုက်သည်။
“လမ်းက ဆေးအိုးထဲမှာ ရှိတယ်၊ တကယ်လို့ မင်းက ဉာဏ်အလင်းပွင့်ဆေးလုံးကို ဖော်စပ်နိုင်ရင် မင်းအတွက် လမ်းပေါ်လာလိမ့်မယ်၊ ငါ့အဖေလည်း အဲ့ဒီနည်းလမ်းနဲ့ အပေါ်ထပ်ကို တက်သွားတာပဲ၊ ဒါမှမဟုတ် မြို့ထဲက သားသတ်သမားဆီကလည်း သင်ယူနိုင်ပါတယ်၊ သူက သူ့ခန္ဓာကိုယ်ကို ဆေးအိုးထဲ ယဇ်ပူဇော်ခဲ့ပြီး အဆုံးမဲ့တဲ့ ပြင်ပပစ္စည်းတွေသုံးပြီးတော့ သူ့ခန္ဓာကိုယ်ကို ကျင့်ကြံခဲ့တယ်၊ သူလည်း လမ်းကို ရှာတွေ့သွားတယ်”
ကောင်းမင်အတွက်မူ ထိုလမ်းနှစ်ခုလုံးမှာ ကောင်းမွန်သော လမ်းများမဟုတ်ပေ။ သူသည် အခြားနည်းလမ်းတစ်ခု ရှိရမည်ဟု ခံစားရသည်။
“တခြားသူတွေကရော... ညကင်းစောင့် ဘယ်မှာလဲ”
“တခြားသူတွေအကြောင်းတော့ ငါမသိပါဘူး”
ထိုလူငယ်က ကောင်းမင်ကို ဆေးလုံးဆောင်များဆီသို့ ကြင်နာစွာ လိုက်ပြပေးသည်။
“ဒါတွေက ဆေးလုံးဆောင်တွေပဲ၊ မင်းလိုအပ်တဲ့ ဘယ်ပါဝင်ပစ္စည်းကိုမဆို လွတ်လွတ်လပ်လပ် ရွေးချယ်လို့ရပါတယ်၊ ဒါပေမဲ့ ဆေးလုံးဆောင်ထဲက အမည်းရောင်အခန်းထဲကိုတော့ မဝင်ပါနဲ့ ၊ အဲ့ဒီအခန်းက အနံ့ဆိုးတွေ ထွက်နေတာ”
“ဘာဖြစ်လို့လဲ”
“အဲ့ဒီမှာ ငါတို့ စွန့်ပစ်ထားတဲ့ ဆေးလုံးတွေကို သိမ်းထားလို့ပါ၊ စွန့်ပစ်ဆေးလုံးတွေက အဆိပ်အတောက် ဖြစ်စေသလို ကံမကောင်းတာတွေလည်း ယူဆောင်လာတတ်တယ်၊ အဲ့ဒါတွေနဲ့ နီးကပ်သွားရင် မင်းရဲ့ ဝိညာဉ်ကို ထိခိုက်စေလိမ့်မယ်”
လူငယ် စကားပြောနေစဉ် သူ့ခန္ဓာကိုယ်ပေါ်တွင် နောက်ထပ် ဦးခေါင်းအချို့ ထပ်မံပေါ်ထွက်လာသည်။ ထိုဦးခေါင်းများသည် လူငယ်၏ အရေပြားကို ဝါးမြိုနေကြသော်လည်း သူကတော့ ဂရုမစိုက်သည့်ပုံပင်။
“ကျေးဇူးပဲ ၊ ငါတို့ဘာသာ လိုက်ပတ်ကြည့်လိုက်ပါ့မယ်”
ကောင်းမင်သည် ထိုလူငယ်က သူတို့ဆီသို့ တိတ်တဆိတ်နီးကပ်လာနေသည်ကို သတိပြုမိသည်။ သူသည် ကောင်းမင်၏ ခန္ဓာကိုယ်ကို ခိုးယူချင်နေပုံရသည်။ ကောင်းမင်သည် ပိုင်ဖုန်းနှင့်အတူ အလျင်အမြန် ထွက်ခွာလာခဲ့သည်။
“မိတ်ဆွေ... နေပါဦး၊ ငါ့မှာ ဆေးလုံးသန့်စင်တဲ့ သင်ခန်းစာအချို့ ရှိတယ် ၊ ငါ မင်းကို ဝေမျှပေးနိုင်ပါတယ်”
အကြီးအကဲထန်၏ သားက ကောင်းမင်နောက်သို့ ပြေးလိုက်လာသည်။ သူတို့ ဧရာမ ဆေးအိုးကြီးကို ဖြတ်ကျော်သွားသောအခါ ဆေးအိုးအတွင်းမှ သွေးနံ့ခပ်ပါးပါးတစ်ခု ထွက်ပေါ်လာလေသည်။ ထို့နောက် ဆေးအိုးအတွင်းမှ ခရမ်းရောင်မီးတောက်တစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ အော်ဟစ်သံတစ်ခု ဟိန်းထွက်လာသည်။
“ဒုန်း”
အသံသည် တစ်စုံတစ်ယောက်က ဆေးအိုးနံရံကို ဦးခေါင်းဖြင့် ဝင်တိုက်နေသည့်အသံ ဖြစ်သည်။ ထိုသူသည် အားကုန်သုံး၍ တိုက်နေခြင်းကြောင့် ဧရာမဆေးအိုးကြီးမှာ စတင်တုန်ခါလာတော့သည်။
“ငါ့ကို သတ်ပေးပါ၊ ဒါက အရမ်းနာတယ်၊ ငါ ဒါကို ဆက်မလုပ်ချင်တော့ဘူး၊ ကျေးဇူးပြုပြီး ငါ့ကို သတ်ပေးပါ”
ခရမ်းရောင်မီးတောက်များ လောင်ကျွမ်းနေသည်။ နောက်ဆုံးတွင် အော်ဟစ်သံသည် ရူးသွပ်သော ရယ်မောသံအဖြစ် ပြောင်းလဲသွားသည်။ ဖြည်းညင်းစွာဖြင့် ရယ်သံသည် သက်သောင့်သက်သာရှိလာပြီး နူးညံ့လာတော့သည်။ ဆေးအိုးကြီး၏ တုန်ခါမှုက ရပ်တန့်သွားသည်။ ရွှေရောင်ပုံစံကွက်များ ထွက်ပေါ်လာသည်။ အချိန်ကျပြီ ဖြစ်သည်။ ဆေးအိုးတံခါး ပွင့်သွားသည်။ ပြင်းထန်သော ဆေးနံ့များက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ ဒုတိယထပ်သည် ပိုမို နွေးထွေးလာခဲ့သည်။
“ဆေးလုံးသန့်စင်ပြီးနောက် ဒီလိုထူးခြားဖြစ်စဉ်မျိုး ဖြစ်လာတယ်၊ အဲ့ဒီမိတ်ဆွေ ဖော်စပ်လိုက်တဲ့ ဆေးလုံးက တကယ့်ကို အံ့ဩစရာ ကောင်းရမယ်”
အကြီးအကဲထန်၏ သားသည် ဆေးနံ့ကြောင့် စိတ်လွင့်သွားကာ ကောင်းမင်နောက်သို့ ဆက်မလိုက်တော့ပေ။ သူသည် နောက်လှည့်၍ ဆေးအိုးကို စိုက်ကြည့်နေတော့သည်။ သူကဲ့သို့ အခြားသူများစွာလည်း ရှိနေကြသည်။
“ငါ့ဘဝတစ်ခုလုံး မင်းတို့အတွက် ကမ္ပည်းပြားတွေကို စောင့်ရှောက်ပေးခဲ့တယ်၊ ငါ့ဘဝရဲ့ နောက်ဆုံးအချိန်မှာ ဒီလို မျက်စိပွင့်စရာ အတွေ့အကြုံမျိုး ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ဆေးအိုးထဲမှ ထွက်ပေါ်လာသော အသံသည် အိုမင်းသော်လည်း ကောက်ကျစ်စဉ်းလဲဟန်ရသည်။ ခရမ်းရောင် မီးလောင်ဒဏ်ရာ အမာရွတ်များ ဖုံးလွှမ်းနေသော အဘိုးအိုတစ်ဦးသည် ဆေးအိုးထဲမှ ဖြည်းညင်းစွာ ထွက်လာလေသည်။ သူသည် ကိုယ်တုံးလုံး ဖြစ်နေသည်။ သူ့အရေပြားပေါ်တွင် ခတ်နှိပ်ထားသော ဆေးလုံးပုံစံကွက်များသည် ဂလက်ဆီပုံရိပ်တစ်ခုအဖြစ် ရောယှက်နေကြသည်။
“အခမ်းအနားမှူးလား”
ကောင်းမင်သည် ထိုလူကို အလွယ်တကူ မှတ်မိလိုက်သည်။ သူ အိပ်မက်ဘုန်းတော်ကြီးကို တားဆီးခဲ့စဉ်က ထိုလူနှင့် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။
“အိပ်မက်ဘုန်းတော်ကြီးလည်း ဒီမှာ ရှိနေတာလား”
“သခင်ကြီး... အသင့်ရဲ့ ကျင့်ကြံမှုက အောင်မြင်သွားပြီလား”
အကြီးအကဲထန်၏ သားမှာ မရိုးမရွဖြင့် ပြေးသွားလိုက်ပြီး ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။
“ငါဟာ အိမ်ထောင်မပြုခဲ့ဘူး၊ ငါ့ဘဝရဲ့ အချိန်အများစုကို ဘိုးဘေးခန်းမမှာပဲ ကုန်ဆုံးခဲ့တယ်၊ နေ့ရောညပါ နေ့ရက်တွေကို အဖော်ပြုခဲ့ရတယ်၊ ငါ့ဘဝဟာ ပျင်းစရာကောင်းပေမဲ့ ငါ့မှာ စင်ကြယ်တဲ့ နှလုံးသားတစ်ခု ရှိခဲ့တယ်”
အဘိုးအိုက သူ၏မုတ်ဆိတ်မွေးကို သပ်လိုက်သည်။ သူသည် မူလက သေခါနီး ဖြစ်နေသော်လည်း ယခုတွင် ပြန်လည်နုပျိုလာခဲ့သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသည် လူငယ်များထက်ပင် ပိုမိုကောင်းမွန်နေလေသည်။
“ငါ့မှာ ဘာတွယ်တာစရာမှ မရှိဘူး၊ ငါ့ရဲ့ တာအိုနှလုံးသားကို သုံးပြီး ဆေးလုံးဖော်စပ်ခဲ့တာ အောင်မြင်ခဲ့ပြီ”
“မင်း လိမ်နေတာ၊ မင်းဆီမှာ ထန်မိသားစုရဲ့ သွေးမျိုးဆက်ကို ငါ အာရုံခံမိနေတယ်”
အကြီးအကဲထန်၏ သားဖြစ်သူ၏ ပခုံးပေါ်ရှိ လူသားဦးခေါင်းတစ်ခုက ရုတ်တရက် အော်ဟစ်လိုက်သည်။
“ဟုတ်တယ်၊ သူက လူယုတ်မာပဲ ၊ သူက ငါတို့ဘိုးဘေးတွေကို မိသားစုဝင်တွေ ပူဇော်ထားတဲ့ အရာတွေကို သုံးပြီး သူ့ရဲ့ ဆေးလုံးကို ဖော်စပ်ခဲ့တာပဲ၊ သူ ဘိုးဘေးခန်းမမှာ ဘဝကို ကုန်ဆုံးခဲ့တာက ငါတို့ပူဇော်ထားတဲ့ ပူဇော်သက္ကာတွေကို ခိုးယူဖို့ပဲ”
ဆေးအိုးတံခါးနောက်မှ တစ်ဝက်အရည်ပျော်နေသော မျက်နှာတစ်ခု ပေါ်လာသည်။ သူသည် အပြင်သို့ တွားထွက်ရန် ကြိုးစားနေသော်လည်း သူ၏ ခန္ဓာကိုယ်မှာ လုံးဝပျက်စီးသွားပြီ ဖြစ်သည်။ ၎င်းသည် တွန့်လိမ်နေသည့် အမည်းရောင် ရေကန်တစ်ခု ဖြစ်သွားခြင်းဖြစ်သည်။ ဤ ‘ဆေးဝါး’ အသုတ်ထဲတွင် အခမ်းအနားမှူး တစ်ဦးတည်းသာ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
“ငါ့မိတ်ဆွေတွေက စွန့်ပစ်ဆေးလုံးတစ်ခုရဲ့ စကားကို ယုံမှာမဟုတ်ဘူးဆိုတာ ငါသိတယ်”
အခမ်းအနားမှူးသည် သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး ဆေးလုံးဆောင်ဆီသို့ အပြေးအလွှား သွားလိုက်သည်။
“တတိယထပ်ကို သွားမယ့်လမ်းက ဆေးအိုးထဲမှာ ရှိတာလေ၊ ခင်ဗျား ဘယ်ကို သွားနေတာလဲ”
ဝတ်ရုံဝတ် ရွာသားတစ်ဦးက သူ့ကို တားလိုက်သည်။
“အပေါ်ထပ်ကို ခေါ်သွားမယ့်လမ်းကို ခင်ဗျားတကယ်မတွေ့သေးလို့ မဟုတ်လား”
အကြီးအကဲထန်၏ သားဖြစ်သူ၏ ခြေသလုံးပေါ်ရှိ လူသားဦးခေါင်းက စွပ်စွဲလိုက်သည်။
“စွန့်ပစ်ဆေးလုံး ပြောတာ မှန်လောက်တယ်၊ ခင်ဗျားက ရွာသားတွေ ကျုပ်တို့ဘိုးဘေးတွေကို ပူဇော်ထားတဲ့ အရာတွေကို ခိုးယူနေတာပဲ၊ ခင်ဗျားက လူတိုင်းရဲ့ ယုံကြည်မှုကို စော်ကားလိုက်တာပဲ”
အခမ်းအနားမှူးသည် မျက်ရည်များ ထွက်လာသည်အထိ ရယ်မောလိုက်သည်။
“ငါက ရွာသားတွေအတွက် ဘိုးဘေးခန်းမကို တစ်သက်လုံး စောင့်ရှောက်ပေးခဲ့တာကို မင်းတို့က ငါ့ကို သူခိုးလို့ ခေါ်နေတာလား”
“ခင်ဗျားက ခိုးရပိုလွယ်အောင်လို့ အဲ့ဒီမှာ စောင့်နေတာဖြစ်မယ်”
“မင်းတို့မှာ သက်သေရှိလား”
အခမ်းအနားမှူးက လက်ယမ်းပြလိုက်သည်။ ဆေးလုံးအမာရွတ်များက ထာဝရရှင်သန်ခြင်း အငွေ့အသက်များကို နိူးဆွပေးလိုက်သည်။
“အကြီးအကဲထန်က ကျုပ်တို့ရဲ့ သွေးမျိုးဆက်ကို ကျိန်စာတိုက်ထားတာ၊ ခင်ဗျားရဲ့ သွေးတစ်ငုံကို သောက်ကြည့်လိုက်တာနဲ့ ခင်ဗျားက ကျုပ်တို့ထန်မိသားစုရဲ့ ကမ္ပည်းပြားတွေကို ဆေးဖော်ဖို့ သုံးခဲ့သလားဆိုတာ ကျုပ်ပြောနိုင်တယ်”
ကောင်းမင်သည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။ ထန်မိသားစုမှ ကလေးများသည် သူတို့၏ ဘိုးဘေးများကို အမှန်တကယ် ဂရုစိုက်ကြခြင်း မဟုတ်ဘဲ အဘိုးအို၏ သွေးကိုသာ သောက်ချင်နေကြခြင်း ဖြစ်သည်။ လူအများအပြားသည် အခမ်းအနားမှူးကို ဝိုင်းလိုက်ကြသည်။
အခမ်းအနားမှူးမှာ ချောင်ပိတ်မိသွားသည်။ သူသည် ရွေးချယ်စရာမရှိတော့သဖြင့် သူ၏လက်ကို ကမ်းပေးလိုက်ရသည်။
“အပြစ်မရှိတဲ့သူက ဘာကိုမှ ကြောက်စရာမလိုဘူး၊ ငါဟာ မင်းတို့ရဲ့ ဘိုးဘေးခန်းမကို တစ်သက်လုံး စောင့်ရှောက်ခဲ့ပြီး ဘာမှ မတောင်းဆိုခဲ့ဘူး၊ ငါ နတ်ဘုရားဖြစ်ဖို့ ပထမဆုံးခြေလှမ်းလှမ်းတဲ့ အချိန်မှာ မင်းတို့အားလုံးက ငါ့ကို တားဆီးကြလိမ့်မယ်လို့ မထင်ထားမိဘူး၊ မင်းတို့လို လူမျိုးတွေကများ တက်လှမ်းချင်သေးတယ်၊ ရယ်စရာကောင်းလိုက်တာ”
“ငါ စမ်းကြည့်မယ်”
အကြီးအကဲထန်၏ သားက ရှေ့သို့ လှမ်းလာသည်။ အခမ်းအနားမှူးက မလှုပ်မယှက် ရှိနေသည်။ သားဖြစ်သူက သူ့လက်ကို ဖမ်းဆုပ်လိုက်သည်။ ဆေးနံ့များ ထွက်ပေါ်နေသော လက်ဝါးကို မြင်လိုက်ရသောအခါ အကြီးအကဲထန်၏ သားသည် မှင်တက်သွားလေသည်။ သူသည် ဆေးလုံးပုံစံကွက်များကို စွဲမက်စွာ ကြည့်လိုက်သည်။ သူ့ပါးစပ်မှ တံတွေးများ စီးကျလာတော့သည်။
သူ၏ကြည်လင်နေသော မျက်လုံးများအတွင်းမှ လောဘစိတ်ကို ဖုံးကွယ် မထားနိုင်တော့ပေ။ သူသည် ပါးစပ်ကို ဟ၍ ကိုက်ချလိုက်တော့သည်။
အရသာရှိလှသော သွေးများသည် နေရာအနှံ့ စင်ထွက်သွားသည်။ အကြီးအကဲထန်၏ သားသည် သဲကန္တာရထဲတွင် ရေရှာတွေ့သွားသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေတော့သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ ဦးခေါင်းများမှာ ထိန်းချုပ်မရ ဖြစ်ကုန်ကြသည်။ ၎င်းတို့သည် အခမ်းအနားမှူးကို ဝိုင်းဝန်းကိုက်ခဲကြတော့သည်။
ကြောက်စရာအကောင်းဆုံးအချက်ကား အခြားသူများသည်လည်း ယင်းကို သွေးထွက်သံယိုကိစ္စဟု မထင်မှတ်ကြခြင်းပင်။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည် အခမ်းအနားမှူးဆီသို့ အလုအယက် ပြေးဝင်သွားကြလေသည်။
သူတို့၏ အမူအရာများသည် ယခင်အတိုင်းပင် တည်ငြိမ်အေးဆေးနေဆဲ ဖြစ်သည်။ သူတို့၏ ဝတ်ရုံများသည်လည်း အစွန်းအထင်းမရှိ စင်ကြယ်နေဆဲဖြစ်သည်။ သို့သော်လည်း သူတို့သည် အခမ်းအနားမှူးကို လူသားတစ်ယောက်ကဲ့သို့ မဟုတ်ဘဲ လမ်းလျှောက်နေသော ဆေးဝါးတစ်ခုကဲ့သို့ ဖမ်းဆွဲထားကြလေသည်။