← Chapters

ထင်မြင်ချက်

Vol. 40 Ch. 596

ထင်မြင်ချက်

Vol. 40 Ch. 596

သားသတ်သမားသည် အကြီးအကဲထန် မြောက်ဘက်တံခါးသို့ ဝင်သွားသည်ကို မြင်သောအခါ အသံတစ်သံက တိရစ္ဆာန်များ မြောက်ဘက်သို့ ရွေ့လျားရန် အမိန့်ပေးလိုက်သည်။ အခြားအသံတစ်ခုက အကြီးအကဲထန်နှင့် ထိပ်တိုက်မတွေ့လိုပေ။ ၎င်းတို့နှစ်ဦးသည် အပြင်းအထန် ငြင်းခုံ၍ တစ်ဦးကိုတစ်ဦး ဆဲဆိုကြတော့သည်။

“အရူးတစ်သိုက်ပဲ...”

ညကင်းစောင့်က သူ့ဘာသာ ရေရွတ်လိုက်သည်။ သူ့နှလုံးသားရှိ မသက်မသာဖြစ်မှုမှာ ပိုမိုကြီးထွားလာလေသည်။ ညကောင်းကင်သည် ဖြည်းညင်းစွာ အေးခဲလာသည်။ အေးစိမ့်မှုက မြေပြင်ပေါ်သို့ ပျံ့နှံ့လာသည်။ ကြုံတွေ့ရတော့မည့် ကပ်ဆိုးကြီးကို ရှောင်ရှားရန် များစွာ‌သော မြို့သူမြို့သားများသည် ဝိညာဉ်ဘုရားကျောင်းအတွင်းသို့ အလုအယက် တိုးဝင်နေကြသည်။ ညကင်းစောင့်က တားဆီးရန် ကြိုးစားသော်လည်း မည်သူမျှ နားမထောင်ကြပေ။ လူများသည် နောက်ဆုံးတွင် ကယ်တင်ခံရမည့် လမ်းကြောင်းကို ရှာဖွေတွေ့ရှိသွားကြပြီဟု ထင်မှတ်ကာ ဝိညာဉ်ဘုရားကျောင်းဆီသို့ အလျင်စလို သွားနေကြသည်။ အကယ်၍ ထိုအတိုင်း ဆက်ဖြစ်နေပါက အိပ်မက်ချိုးဖျက်မြို့သည် လူသူကင်းမဲ့သော မြို့ပျက်ကြီး ဖြစ်သွားပေတော့မည်။ ညကင်းစောင့်သည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး တစ်စုံတစ်ယောက်ကို ရှာဖွေနေသကဲ့သို့ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ကံမကောင်းစွာဖြင့် သူရှာနေသူကို မတွေ့ရပေ။ သူသည် နောင်တရစွာဖြင့် ဝိညာဉ်ဘုရားကျောင်း၏ တောင်ဘက်တံခါးထဲ ဝင်သွားသည်။

“သူက ငါ့ကို ရှာနေတာလား”

ကောင်းမင်သည် ညကင်းစောင့်၏ ကိုင်းနေသော ကျောပြင်ကို ကြည့်လိုက်သည်။ သူသည် အမွှေးတိုင်နံ့ကိုပင် ရရှိလိုက်သေးသည်။

“ငါတို့လည်း ဝိညာဉ်ဘုရားကျောင်းထဲ ဝင်ကြမှာလား”

ဖူရှုက စိုးရိမ်တကြီး မေးလိုက်သည်။

“ခဏ စောင့်ကြည့်ရအောင်”

ကောင်းမင်က အသက်ပြင်းပြင်း ရှူထုတ်ရင်း သူ့လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။

ကျိနတ်ဘုရားသုံးပါးသည်လည်း စတင်လှုပ်ရှားလာကြပြီဖြစ်သည်။ လူစက္ကူရုပ်များက အဖြူရောင် ဝေါယာဉ်များကို ထမ်းပိုးကာ အနောက်ဘက်သစ်သားတံခါးမှ ဝင်သွားကြသည်။ ထို့နောက်တွင် သားသတ်သမားသည်လည်း ငြင်းခုံခြင်းကို အဆုံးသတ်လိုက်သည်။ ကြီးမားလှသော တိရစ္ဆာန်အုပ်စုကြီးသည် အကြီးအကဲထန်၏ ဧည့်သည်များနောက်မှ လိုက်ပါ၍ မြောက်ဘက်တံခါးမှ တစ်ဆင့် အတင်းအကျပ်တိုးဝင်သွားကြသည်။

“အရှေ့ဘက်တံခါးပဲ ကျန်တော့တယ်”

အရှေ့ဘက်တံခါးကို ပစ်မှတ်ထားနေသော သရဲများစွာ ရှိနေသည်။ ၎င်းတို့သည် သူတို့နောက်ကျသွားပါက ကောင်းမွန်သောအရာများကို အခြားသူများ ယူဆောင်သွားမည်ကို စိုးရိမ်ကြသဖြင့် အရှေ့ဘက်နှင့် မြောက်ဘက်တံခါးများဆီသို့ အလုအယက် ပြေးလွှားလိုက်ကြသည်။

တစ်နာရီခန့်အကြာ နတ်ဘုရားများနှင့် သရဲများ ဘုရားကျောင်းဝန်းထဲသို့ ဝင်ရောက်သွားပြီးနောက် ဝိညာဉ်ဘုရားကျောင်းအနီးတွင် အေးစက်သော လေပြင်းတစ်ချက် တိုက်ခတ်လာသည်။ ဒဏ်ရာများဖြင့် ပြည့်နှက်နေသော ဧရာမမြွေနက်ကြီးတစ်ကောင်သည် တိတ်ဆိတ်စွာ ထွက်ပေါ်လာသည်။

“ရေနဂါးမင်း ရွာထဲဝင်လာပြီဟေ့၊ မြို့အဝင် ကျောက်စာတိုင်မှာ တစ်ခုခု မှားနေပြီ”

ထိုမြို့သားသည် စကားပင် ဆုံးအောင်မပြောလိုက်ရဘဲ ဝါးမြိုခံလိုက်ရသည်။

မြွေကြီး၏ ရည်မှန်းချက်က ရှင်းလင်းသည်။ ၎င်းသည် တံခါးပေါက်များကို အသုံးမပြုဘဲ ဘုရားကျောင်းနံရံပေါ်သို့ တွားတက်သွားသည်။ ၎င်းသည် ဘုရားကျောင်းကို ဝိုင်းပတ်၍ ဖြည်းညင်းစွာဖြင့် အပေါ်သို့ တွားတက်နေသည်။ ဝိညာဉ်ဘုရားကျောင်းအတွင်းမှ တရားဓမ္မသံစဉ်များမှာ ရပ်တန့်မသွားသော်လည်း ယင်းသည် မြွေနက်ကြီးအပေါ် သက်ရောက်မှု မရှိပေ။ ဤအချက်က လူအများစုကို အံ့အားသင့်စေသော်လည်း ပါးနပ်သော မြို့သားအချို့မှာမူ အကြောင်းရင်းကို သိရှိထားပြီးသားဖြစ်သည်။

“ဝိညာဉ်ဘုရားကျောင်းက ရွှေ့လို့မရဘူး၊ ဒါကို တည်ဆောက်ဖို့အတွက် ယဇ်ကောင်တွေနဲ့ ဝိညာဉ်တွေ အများကြီး လိုအပ်တယ် ၊ ရေနဂါးမင်းက မြေအောက်မြစ်ကနေတစ်ဆင့် ဒီဘုရားကျောင်းကို အစာကျွေးနေတာ ဖြစ်နိုင်တယ်”

မြို့ထဲရှိ သရဲများသည် အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြသော်လည်း တိရစ္ဆာန်တစ်ကောင်နှင့် အဆောက်အဦးတစ်ခုမှာမူ သဘောတူညီချက် ရရှိထားကြပုံပေါ်သည်။ ရွှံ့များ ပေကျံနေသော အကြေးခွံများကြားမှ အသားစများ ကွာကျလာသည်။ မြွေနက်ကြီးသည် နံရံများပေါ်တွင် ရှည်လျားသော အနီရောင် အမာရွတ်ကို ချန်ထားခဲ့သည်။ ၎င်းသည် ဘုရားကျောင်းပေါ်ရှိ နတ်ဘုရားပုံစံကွက်အဖြစ်သို့ အသွင်ပြောင်းနေပုံရသည်။

“ဒီအကောင်က နဂါးဖြစ်အောင်ပြောင်းဖို့ ကြိုးစားနေတာလား”

ဖူရှုက မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ ကောင်းမင်သည်လည်း တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိသည်။ မြွေနက်ကြီး ချန်ခဲ့သော အမာရွတ်များထဲတွင် လက်သည်းရာများ ပါဝင်နေသည်။ ရေနဂါးမင်း၏ တက်လှမ်းမှုသည် နှေးကွေးပြီး ခက်ခဲသည်။ ၎င်းသည် ကောင်းမင်၏ တိုက်ခိုက်မှုကြောင့် မတော်တဆ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် နတ်ဘုရားပုံစံကွက် ရေးဆွဲသည့်နှုန်းမှာ များစွာနှေးကွေးနေခဲ့သည်။

“မဟုတ်ဘူး၊ ငါတို့ သူ့ကို တားရမယ်၊ အဲ့ဒီအကောင် နဂါးဖြစ်သွားရင် ငါတို့အားလုံးကို စားပစ်လိမ့်မယ်”

ဖူရှု၏ အသံသည် မြွေကြီးကို သူကိုယ်တိုင် ဆွဲချတော့မည့်ပုံစံ ဖြစ်နေသည်။

မကောင်းဆိုးဝါးများက နေရာအနှံ့ ရှိနေကြသည်။ မြို့သားများနှင့် အခြားယုံနတ်ဘုရားများသည် ဝိညာဉ်ဘုရားကျောင်းထဲသို့ ဝင်သွားကြပြီဖြစ်သည်။ ကောင်းမင် တွန့်ဆုတ်မနေတော့ပေ။သူ ကျေးရွာအပြင်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ ရှီနတ်ဘုရားကျောင်းသည် စိမ်းလန်းစိုပြေနေသော သစ်ပင်များ၏ ဖုံးလွှမ်းခြင်း ခံသွားပြီဖြစ်သည်။ ၎င်းသည် အိပ်မက်ဆိုး၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို လျင်မြန်စွာ စုပ်ယူနေသည်။ သို့သော်လည်း ၎င်းတွင် အကန့်အသတ် ရှိနေဆဲဖြစ်သည်။ အလယ်အလတ်အဆင့် အိပ်မက်ဆိုးထဲကကဲ့သို့ လျင်မြန်စွာ မကြီးထွားသေးပေ။

“ဒါက ဧရာမသစ်ပင်ကြီး ဖြစ်မလာသေးဘူး ၊ အချိန်ပိုရအောင် ငါလူတွေ လိုအပ်တယ်”

ကောင်းမင် စဉ်းစားနေစဉ် ထူးဆန်းသောအသံတစ်ခုကို ကြားလိုက်ရသည်။

ရေများစိုရွှဲနေသော ကလေးနှစ်ယောက်သည် အနီးရှိ ရေတွင်းထဲမှ တွားထွက်လာကြသည်။ သူတို့သည် မီးခတ်ကျောက်တစ်ခုကို ကိုင်ထားပြီး ဘိုးဘေးခန်းမဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာကြသည်။ သို့သော်လည်း ကလေးများသည် တစ်စုံတစ်ယောက်နှင့် တိုးမိလိမ့်မည်ဟု မထင်ထားကြပေ။ ကောင်းမင်က သူတို့ကို ဖမ်းမိလိုက်သောအခါ သူတို့သည် ကြောက်လန့်တကြား အေးခဲသွားကြသည်။

“ညဘက်ကြီး အန္တရာယ်များတယ်၊ အိမ်ပြန်ကြတော့”

ကောင်းမင်က သူတို့အား လက်ယမ်း၍ နှင်ထုတ်လိုက်သည်။ ကလေးနှစ်ယောက်သည် လျှင်မြန်စွာ ခေါင်းငြိမ့်လိုက်သည်။သူတို့သည် အခြားတစ်ဖက်သို့ လျှောက်သွားလိုက်ပြီး စိုစွတ်နေသော မီးခတ်ကျောက်ကို ထုတ်ယူလိုက်သည်။ သူတို့သည် ဘိုးဘေးခန်းမကို မီးရှို့ရန် မိုက်မဲစွာ ကြိုးစားနေကြခြင်းဖြစ်သည်။

“ဒီကလေးနှစ်ယောက် ရူးနေကြတာလား”

ဖူရှုက ကောင်းမင်ကို သတိပေးလိုက်သည်။

“တကယ်လို့ ဘိုးဘေးခန်းမ ပျက်စီးသွားရင် ငါတို့အားလုံး အပြစ်သားတွေ ဖြစ်ကုန်လိမ့်မယ်နော်”

ကောင်းမင်က ထိုကလေးနှစ်ယောက်၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။ သူသည် မျက်မှောင်ကြုတ်၍ သူတို့ကို စိုက်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူတို့အရေပြားအောက်တွင် ပုန်းကွယ်နေသော အကြေးခွံများကို သူ သတိပြုမိသွားသည်။ သူတို့၏ အသားအရေသည် ပုံမှန်မဟုတ်ဘဲ ဖြူဖျော့နေသည်။သူတို့၏ ဝတ်စားဆင်ယင်မှုမှာလည်း အခြားဒေသခံများနှင့် ကွာခြားနေသည်။

“မင်းတို့က ရေသရဲတွေလား၊ လူသားတွေလား”

သားစားကြူးနတ်ဘုရားသည် ရှီနတ်ဘုရား၏ စွမ်းအားကို ရရှိခဲ့ကတည်းက ကောင်းမင်တွင် ရှီနတ်ဘုရား၏ အငွေ့အသက်များ ရှိနေခဲ့သည်။

ကလေးနှစ်ယောက်သည် စကားမပြောဝံ့ဘဲ ရှိနေကြစဉ် ကလေးတစ်ယောက်က ကောင်းမင် ကိုင်ထားသော ချွင်နန်၏အဝတ်အစားများကို မြင်လိုက်သည်။သူက ဂရုတစိုက် ပြောလိုက်သည်။

“ကျွန်တော်တို့က ရေနဂါးမင်းဆီကို ယဇ်ပူဇော်ခံရမယ့် ကလေးတွေပါ ၊ ချွင်နန်က ကျွန်တော်တို့ကို ကယ်တင်ခဲ့တာ ၊ သူက ကျွန်တော်တို့ကို ဘိုးဘေးခန်းမကို မီးရှို့ခိုင်းလိုက်တာပါ”

သူ့မိတ်ဆွေအကြောင်း သတင်းကြားလိုက်ရသဖြင့် ကောင်းမင်၏ မျက်ခုံးများ ပြေလျော့သွားသည်။

“မြို့သူမြို့သားတွေ ဝိညာဉ်ဘုရားကျောင်းထဲ ဝင်သွားပြီဆိုတော့ မင်းတို့ရောက်လာတာ အချိန်ကိုက်ပဲ၊ အခု ချွင်နန်က ဘယ်မှာ ပုန်းနေတာလဲ”

“ကျွန်တော်တို့ ပြောလို့မရဘူး”

ကလေးနှစ်ယောက်က ခေါင်းခါပြလိုက်သည်။

“ရေနဂါးမင်းက နဂါးဘုရားကျောင်းကနေ ထွက်သွားပြီ ၊ ကျန်းမင်လီရဲ့ ဒေါသကို စောင့်ကြပ်နေမယ့်သူ မရှိတော့ဘူး ၊ မင်းတို့ ချွင်နန်ကို တွေ့ရင် ကျန်းမင်လီ လိုချင်နေတဲ့အရာကို ရှာဖို့ မြစ်အောက်ခြေကို အမြန်သွားဖို့ ပြောလိုက်ပါ”

ကောင်းမင်သည် ကလေးနှစ်ယောက်ကို တွန်းအားမပေးတော့ပေ။ ကောင်းမင်၏ စကားများကို ကြားလိုက်ရသောအခါ ကလေးနှစ်ယောက်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ပေါ်လာလေသည်။ သူတို့သည် သူတို့၏ လျှို့ဝှက်ချက်မှာ ဖော်ထုတ်ခံလိုက်ရသကဲ့သို့ အချင်းချင်း တိုးတိုးတိုးတိုး ပြောလိုက်ကြသည်။

“ဒါမှမဟုတ် သူက အဲ့ဒီကို သွားနေပြီလား”

ကောင်းမင်က ကလေးများရှေ့တွင် ဒူးထောက်လိုက်သည်။ သူတို့၏ တုန်လှုပ်နေသော အမူအရာကို ကြည့်ခြင်းဖြင့် သူ့ခန့်မှန်းချက် မှန်နေကြောင်း သိလိုက်ရသည်။

“ဟုတ်ပါပြီ... သူက ဒီမြို့က လူတိုင်းကို မုန်းတာပဲ ၊ ကျန်းမင်လီဘက်က ရပ်တည်တာကတော့ သဘာဝကျပါတယ်”

ကောင်းမင်သည် ကလေးများ၏ မီးခတ်ကျောက်ကို သိမ်းယူပြီးနောက် ဝိညာဉ်ဘုရားကျောင်းဆီသို့ ဦးတည်လိုက်သည်။ သူက မည်မျှပင် နှင်ထုတ်ပါသော်လည်း ကလေးနှစ်ယောက်မှာမူ သူနှင့်အတူ လိုက်ပါရန်သာ ဇွတ်အတင်း လုပ်နေကြလေသည်။

“ဝိညာဉ်ဘုရားကျောင်းက မလုံခြုံဘူး၊ ရွာထဲမှာလည်း မကောင်းဆိုးဝါးတွေ အပြည့်ပဲ၊ ဒီကလေးနှစ်ယောက်က သန်မာတဲ့လူကို ရှာတတ်အောင် တော်တော်လေး ပါးနပ်တာပဲ”

ဖူရှုက ကောင်းမင်၏ ကျောပေါ်တွင် လဲလျောင်းနေသည်။သူက ကလေးများကို အပိုပစ္စည်းများဖြစ်သည်ဟု တွေးထင်နေသည်။

“တခြားသူဆီက အမြတ်ထုတ်ဖို့ ပြောမယ်ဆိုရင် ရှင့်ထက်သာတဲ့သူ ရှိပါ့ဦးမလား”

ပိုင်ဖုန်းက လှောင်ပြောင်လိုက်သည်။ ဖူရှုသည် အိပ်မက်ချိုးဖျက်မြို့ကို ဖန်တီးသူမှန်း သိသွားပြီးနောက်ပိုင်း သူမသည် သူ့အပေါ် လုံးဝယဉ်ကျေးခြင်း မရှိတော့ပေ။

သူတို့ ဝိညာဉ်ဘုရားကျောင်းသို့ ချဉ်းကပ်လာသောအခါ မြွေနက်ကြီးမှာ တတိယထပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းသည် သေဆုံးတော့မည့်အလား ပို၍ ပို၍ နှေးကွေးလာလေသည်။ အကယ်၍ ထိုမြွေကြီးကို လျစ်လျူရှုထားပါက ဝိညာဉ်ဘုရားကျောင်းသည် ထာဝရရှင်သန်ခြင်း အငွေ့အသက်များ ဖုံးလွှမ်းနေလေသည်။ ၎င်းနှင့် ပိုနီးလာလေလေ ခံစားချက် ပိုမိုကောင်းမွန်လာလေလေ ဖြစ်သည်။ လူတစ်ယောက်သည် နတ်သမီး၊ နတ်သားများအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသကဲ့သို့ပင်။

ကောင်းမင်က တောင်ဘက်တံခါးကို တွန်းဖွင့်ကာ အတွင်းသို့ လှမ်းကြည့်လိုက်သည်။ ဘုရားကျောင်းဝန်းမှာ သူထင်ထားသည်ထက် ပိုကျယ်ဝန်းသည်။ မြို့သားများသည် ဟိုဟိုဒီဒီ သွားလာနေကြပြီး ထူးခြားမှု တစ်စုံတစ်ရာ မရှိပေ။ သူတို့ထဲမှ အများစုသည် ဒုတိယထပ်သို့ မတက်မီ နံရံပေါ်တွင် ရေးဆွဲထားသော ရုပ်ပုံများကို ဦးညွှတ်အရိုအသေပြုနေကြလေသည်။

ဘုရားကျောင်းအတွင်း ကိုးကွယ်ခံထားသော နတ်ဘုရားမျက်နှာသည် သန့်ရှင်းမြင့်မြတ်သော မြူများဖြင့် ဖုံးလွှမ်းနေလေသည်။ သူသည် အရပ်ရှည်ပြီး တောင့်တင်းသန်မာသည်။ သူသည် ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားပြီး ကျမ်းစာအုပ်များကို ကိုင်ဆောင်ထားသည်။

အိပ်မက်ချိုးဖျက်မြို့နှင့် နှိုင်းယှဉ်ပါက ထိုနတ်ဘုရားရုပ်ပုံသည် စိတ်သက်သာရာရမှုနှင့် တည်ငြိမ်မှု အငွေ့အသက်များကို ထုတ်လွှတ်နေလေသည်။ သူသည် ကမ္ဘာကြီး၏ ဝန်ထုပ်ဝန်ပိုးများကို သူတစ်ကိုယ်တည်း ထမ်းပိုးထားသည့်နှယ် ရှိနေလေသည်။

All Chapters