နတ်ဘုရားများနှင့် သရဲများ
Vol. 40 Ch. 595
“ညကင်းစောင့်”
“သူလည်း ဒီရောက်နေတာလား”
ဖူရှုနှင့် ကောင်းမင်တို့ တစ်ပြိုင်နက်တည်း ရေရွတ်လိုက်ကြသည်။ ထိုအဘိုးအိုသည် သူတို့နှစ်ဦးအပေါ် နက်ရှိုင်းသော အထင်အမြင်တစ်ခု ထားခဲ့သူဖြစ်သည်။
“လောလောဆယ် သူ့ကို ရှောင်သင့်တယ် ၊ သူက မြို့ရဲ့ နောက်ဆုံးကျန်တဲ့ ညကင်းစောင့်ပဲ ၊ သူက အရမ်းသန်မာတယ် ၊ အရေးကြီးတဲ့ အချိန်ကျရင် သူက သူ့ရဲ့ ဘိုးဘေးဝိညာဉ်တွေကိုတောင် ဆင့်ခေါ်နိုင်တယ်”
ဖူရှုသည် သူရှာတွေ့ခံရမည်ကို စိုးရိမ်သောကြောင့် အဘိုးအို၏ လည်ပင်းမှ အမွှေးတိုင်ကို အကြာကြီး စိုက်မကြည့်ရဲဘဲ ခေါင်းငုံ့ထားလိုက်သည်။
“ဟမ်...”
ညကင်းစောင့်သည် အခြား ယုံနတ်ဘုရားများနှင့် ကွဲပြားသည်ဟု ကောင်းမင် ခံစားမိသည်။ သူ ဝိညာဉ်ဘုရားကျောင်းသို့ သွားရသည့် ရည်ရွယ်ချက်သည် အခြားသူများနှင့် တူလိမ့်မည်မဟုတ်ပေ။
“တကယ်လို့ တခြားရွေးချယ်စရာ မရှိတော့ဘူးဆိုရင် ညကင်းစောင့်က မပြောသင့်သူ ဖြစ်လာတာလည်း မဆိုးတဲ့ ဖြေရှင်းချက်တစ်ခုပါပဲ”
“မရူးစမ်းနဲ့ ၊ ဒီလိုအချိန်မှာ ဘေးကင်းအောင် မပြောသင့်သူရဲ့ စွမ်းအားကို ကိုယ့်လက်ထဲမှာပဲ ရှိနေအောင် လုပ်ထားရမယ် ၊ တခြားဘယ်သူ့ကိုမှ ယုံလို့မရဘူး”
ဖူရှုသည် ကောင်းမင်အပေါ်တွင်သာ ပုံအောထားခြင်းဖြစ်သည်။ ကောင်းမင်က သူ့ကို မြို့မှ ခေါ်ထုတ်သွားပေးလိမ့်မည်ဟု သူမျှော်လင့်ထားသည်။ ဝိညာဉ်ဘုရားကျောင်း ပတ်ဝန်းကျင်သို့ သရဲများ ပိုမို ရောက်ရှိလာသည်နှင့်အမျှ ရှောင်လွှဲမရသော ပဋိပက္ခများ စတင်လာတော့သည်။ ဘယ်သူက အရင် စလှုပ်ရှားသည်ကို မသိရသော်လည်း ဧရာမကျောက်ခြင်္သေ့နှစ်ကောင်က အဖြူရောင်ဝေါယာဉ်ကို ထမ်းထားသည့် စက္ကူရုပ်များကို တိုက်မိသွားပြီး ကျိနတ်ဘုရား၏ ကမ္ပည်းပြားမှာ လှုပ်ခါသွားသည်ကို ကောင်းမင် မြင်လိုက်ရသည်။
ကျိနတ်ဘုရားများသည် သေခြင်းတရားနှင့် တားမြစ်ချက်များနှင့် သက်ဆိုင်သော စွမ်းအားများကို ထိန်းချုပ်ထားခြင်းဖြစ်သည်။သို့သော်လည်း လွင့်မြောနေသော အသုဘငွေစက္ကူများက သူတို့ကို ရှောင်ကွင်းသွားကြသည်။ အကြီးအကဲထန်သည် လူသေများအတွက် မြှုပ်နှံသည့် ငွေများကို သိမ်းယူလိုက်ခြင်း ဖြစ်သည်။ အကြီးအကဲထန်၏ လောဘသည် ကျန်ရှိနေသော ကျိနတ်ဘုရား သုံးပါးကို ပစ်မှတ်ထားနေလေသည်။
စက္ကူရုပ်များက သူတို့၏ မျက်လုံးများကို ဖွင့်လိုက်ကြသည်။သို့သော်လည်း အကြီးအကဲထန်က ထိုနိမိတ်ဆိုးကို ဂရုမစိုက်ပေ။ သူ့လောဘကို ကြီးမားသော စွမ်းအားဖြင့် ကျောထောက်နောက်ခံ ပြုပေးထားခြင်းဖြစ်သည်။ ကြားထဲတွင် ညပ်နေသည့် သနားစရာကောင်းသော ဧည့်သည်များမှာမူ အလွန်အမင်း တုန်ရင်နေကြတော့သည်။
အဖြူရောင်တံတားအနီးမှ အသုဘငိုသံများ ထွက်ပေါ်လာသည်။ သုံးမီတာခန့် ရှည်သော စက္ကူရုပ်ကြီးတစ်ရုပ်က ၎င်း၏အင်္ကျီလက်များကို ဝေ့ယမ်းလိုက်သည်။၎င်း၏မျက်နှာမှ ကြောက်မက်ဖွယ် ဆေးခြယ်ထားသော မျက်ရည်များ ကျဆင်းလာသည်။ ငိုကြွေးသံတစ်ချက် ထွက်လာတိုင်း မွေးနေ့ဧည့်သည်တစ်ဦးမှာ ရောဂါကူးစက်ခံရသည်။
“အကြီးအကဲထန် ၊ ကျုပ်ကို ကယ်ပါဦး၊ ကျုပ်ရဲ့ စည်းစိမ်တွေ အကုန်ပေးပါ့မယ်”
“အကြီးအကဲထန်... ခင်ဗျားမှာ ကိုယ်ပိုင်အစေခံမတွေ လိုနေတယ် မဟုတ်လား ၊ ကျုပ်သမီးကို ယူလိုက်ပါ ၊ခင်ဗျား ကျုပ်ကို ကယ်ပေးမှ ဖြစ်မယ်”
“အဘိုးကြီးထန်... ခင်ဗျားက လူလိမ်ပဲ ၊ ကျုပ်ပိုက်ဆံပေးရင် ကျုပ်မိသားစုကို ကာကွယ်ပေးမယ်လို့ ပြောခဲ့တယ်၊ ခင်ဗျားက လူလိမ်ပဲ”
ဧည့်သည်များသည် ရောဂါဝေဒနာများကို ခံစားနေရသည်။ အချို့သည် ပြည်ပုပ်များ ထွက်လာပြီး အချို့က အရိုးစုများအဖြစ် ပြောင်းလဲသွားကြသည်။ မွေးနေ့လက်ဆောင် ကိုင်ထားသော ဧည့်သည်များမှာမူ အသုဘငွေစက္ကူများ၏ ကာကွယ်ခြင်း ခံထားရသည်။သူတို့သည် ချောင်းဆိုးခြင်းနှင့် ခေါင်းကိုက်ခြင်းလောက်သာ ခံစားရသည်။
အကြီးအကဲထန်သည် ထိုလူများကို ကယ်တင်ရန် တစ်ခါမှ စိတ်ကူးမရှိဖူးပေ။ သူသည် ထိုလူများကို သူ့အား အလုပ်အကျွေးပြုနိုင်ရန်သာ ခေါ်ဆောင်လာခြင်း ဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် ကျိနတ်ဘုရား၏ စက္ကူရုပ်များအပေါ် ဆက်ဆံပုံသည် အကြီးအကဲထန်က သူ၏ဧည့်သည်များအပေါ် ဆက်ဆံပုံထက် ပိုကောင်းမွန်လေသည်။
“ချိုးရှစ် စစ်ကန်း”
ကြေးမောင်းသံက ပဲ့တင်ထပ်သွားသည်။ ကျဆင်းနေသော အသုဘငွေစက္ကူများက နှေးကွေးသွားသည်။ ညကင်းစောင့်သည် တိုက်ခိုက်နေကြသော ဧည့်သည်များနှင့် စက္ကူရုပ်များကြားမှ ဖြတ်လျှောက်သွားပြီး အုပ်စုနှစ်ခုကို အတင်းအကျပ် ခွဲထုတ်လိုက်သည်။
“စစ်ကန်းအချိန် ရောက်ပြီ ၊ တစ်ဦးနဲ့တစ်ဦး အတူတူရှိနေတာက ရှည်လျားလှတဲ့ ညတာမှာ ရှင်သန်နိုင်ဖို့ အကောင်းဆုံးအခွင့်အရေးပဲ”
ထိုအဘိုးအိုသည် တစ်ယောက်တည်း ဖြစ်သော်လည်း ကြီးမားသော စစ်တပ်ကြီးတစ်ခုကို တားဆီးထားနိုင်သည့်အလားပင်။ အကြီးအကဲထန်ရော ကျိနတ်ဘုရားပါ သူ့ကို မတိုက်ခိုက်ရဲကြပေ။
“အဘိုးကြီး... ခင်ဗျားဆီမှာ ငါ့သားသတ်ဓားအနံ့တွေ ရနေတယ်”
သားသတ်သမား၏ ကြမ်းတမ်းသောအသံက ဝက်ခေါင်းကြီးနောက်မှ ထွက်လာသည်။
“ခင်ဗျား ခိုးထားတာလား”
“နောက်ကျရင် အဲ့ဒီဓားကို မင်း သေသေချာချာ စောင့်ကြည့်ထားသင့်တယ်”
ညကင်းစောင့်က နောက်လှည့်မကြည့်ချေ။သူသည် ဝိညာဉ်ဘုရားကျောင်းဆီသို့သာ မျက်နှာမူထားသည်။
“သောက်အဘိုးကြီး… ခင်ဗျားအသက်မရှင်ချင်တော့ဘူး ထင်တယ် ၊ ခင်ဗျားကို အသားပြားဖြစ်အောင် နုပ်နုပ်စင်းပစ်ပြီး ခင်ဗျားရဲ့ ဘိုးဘေးတွေကိုပါ တူးထုတ်ပြီး အရက်ချက်ပစ်မယ်”
“အဘိုးကြီး... သူ့ကို လျစ်လျူရှုထားလိုက်ပါ ၊ သူက ဒီလိုပဲ ပါးစပ်သရမ်းရတာ ကြိုက်တယ်၊ ဒီမြို့ရဲ့ လုံခြုံရေးအတွက် ခင်ဗျားဘယ်လောက်တောင် အနစ်နာခံခဲ့ရတာကို ဘယ်သူမသိဘဲ နေမလဲ ၊ ခင်ဗျား အဲ့ဓားကို မခိုးဘူးဆိုတာ ကျုပ်သိပါတယ်”
အသံနှစ်သံက စတင် ငြင်းခုံကြတော့သည်။ ညကင်းစောင့်က သူတို့ကို လျစ်လျူရှုလိုက်သည်။သူသည် ဘုံကိုးဆင့် ဝိညာဉ်ဘုရားကျောင်းပေါ် အာရုံစိုက်လိုက်သည်။
“နတ်ဘုရား ဘုရားကျောင်းလား၊ ထွက်ပေါက်လား၊ အိပ်မက်ချိုးဖျက်မြို့မှာ ဒါမျိုးတွေ တစ်ခုမှ ပေါ်လာမှာ မဟုတ်ဘူး၊ ဒါက အလိမ်အညာဆိုတာ ရှင်းနေတာပဲ”
“အလိမ်အညာ ဖြစ်နေရင်ရော ဘာဖြစ်လဲ ၊ ငါဒီမှာ နေလာတာ လုံလောက်ပြီ”
သားသတ်သမားက သူ့အသားထဲမှ အရိုးဓားကို ဆွဲထုတ်လိုက်သည်။
“တိရစ္ဆာန်အုပ်စု ၊ ငါ့ကို သွားခွင့်မပေးရင် မင်းတို့ အားလုံးကို ငါသတ်ပစ်မယ်”
“ညကင်းစောင့်...”
အိုမင်းသော အသံတစ်သံက အသုဘငွေစက္ကူများကြားမှ ထွက်ပေါ်လာသည်။
“ကျုပ်က အိပ်မက်ချိုးဖျက်မြို့မှာ စည်းကမ်းအရှိဆုံး မြို့သားတစ်ယောက်ပါ ၊ ကျုပ် ဘယ်တော့မှ စည်းကျော်တဲ့ကိစ္စ မလုပ်ဖူးဘူး ၊ ဒီဘုရားကျောင်းက မြို့အတွက် ကံကောင်းခြင်းတွေပဲ ယူဆောင်လာမှာပါ ၊ ကျုပ်က ထန်အိမ်တော်ကို ကိုယ်စားပြုပြီး ရွာသားတွေအတွက် ဒီဘုရားကျောင်းထဲကို ဝင်ပြီး စုံစမ်းစစ်ဆေးပေးပါ့မယ်”
“လူလိမ်ကောင် မင်းက ဒီမြို့မှာ လောဘအကြီးဆုံးလူဆိုတာ ဘယ်သူမသိဘဲ နေမလဲ ၊မင်းက မင်းအတွက် အကျိုးရှိမယ့် စည်းကမ်းတွေကိုပဲ လိုက်နာတာလေ ၊ မြို့ကြီး ဒီလို အခြေအနေ ရောက်နေတာ မင်းအမှားပဲ”
သားသတ်သမားက သူ့မျက်နှာကို သွေးထွက်သည်အထိ ကုတ်ခြစ်လိုက်သည်။
“ဖယ်စမ်း ၊ ငါ့လမ်းကို လာမပိတ်နဲ့”
ထန်အိမ်တော်၏ ဧည့်သည်ထံမှ ထွက်လာသော အသံတွင် ရယ်မောသံ ပါဝင်နေသည်။
“ဝိညာဉ်ဘုရားကျောင်းက ကောင်းကင်ယံအထိ မြင့်တက်နေပြီ ၊ အပေါ်ဆုံး တံခါးကလည်း ပွင့်သွားပြီ ၊ ညကင်းစောင့်အဘိုးကြီး... ခင်ဗျား ရွာသားတွေကို တားလို့မရဘူး၊ ကျုပ်က လူသားတွေရဲ့ နှလုံးသားကို ခင်ဗျားထက် ပိုနားလည်တယ် ၊ ခင်ဗျား တကယ်ပဲ အိပ်မက်ချိုးဖျက်မြို့ကို ကာကွယ်ချင်တယ်ဆိုရင် ကျုပ်နဲ့ ပူးပေါင်းပါ ၊ ဆန့်ကျင်ဘက်တွေကို အကုန်ရှင်းပြီး ဒီဝိညာဉ်ဘုရားကျောင်းကို မြို့ရဲ့ နောက်ထပ် အဆောက်အဦးတစ်ခုအဖြစ် ပြောင်းလဲပစ်ရအောင်”
စကားပြောဆို၍ ရသော ယုံနတ်ဘုရားများနှင့် မတူဘဲ ကျိနတ်ဘုရားများသည် စတင်လှုပ်ရှားနေကြပြီ ဖြစ်သည်။ လူသားနှင့် တူသော စက္ကူရုပ်အချို့သည် ဂါထာများ ရွတ်ဆိုရင်း ဝိညာဉ်ဘုရားကျောင်း၏ အနောက်ဘက်တံခါးဆီသို့ ဦးတည်သွားနေကြသည်။
ဘုရားကျောင်းတွင် တံခါးခုံမရှိပေ။ မည်သူမဆို ဝင်ရောက်နိုင်သည်။ သို့သော် စက္ကူရုပ်များ ဘုရားကျောင်းထဲသို့ ဝင်လိုက်သည်နှင့် အစိမ်းရောင်မီးတောက်များဖြင့် စတင် လောင်ကျွမ်းတော့သည်။ အများစုသည် ပြာဖြစ်သွားကြသော်လည်း အနည်းငယ်မျှသော အစိတ်အပိုင်းမှာမူ ပို၍ ခန့်ညားထည်ဝါလာကြသည်။ သူတို့၏ ကိုယ်ပေါ်မှ တံဆိပ်များ ပျောက်ကွယ်သွားကြပြီး စက္ကူကိုယ်ထည်ပေါ်တွင် အရေပြားအသစ်များ ကြီးထွားလာကာ လူသားအစစ်များကဲ့သို့ ဖြစ်လာကြသည်။
အဖြူရောင်ဝေါယာဉ်အတွင်းမှ ဝိညာဉ်ခေါင်းလောင်းသံများ မည်မျှပင် ပြင်းထန်စွာ မြည်နေပါစေ အရေပြားအသစ် ရရှိထားသော စက္ကူရုပ်များမှာ မလှုပ်မယှက် ရှိနေကြသည်။ သူတို့သည် ကျိနတ်ဘုရား၏ အမိန့်များကို နားမထောင်တော့ပေ။ သူတို့သည် လက်အုပ်ချီ၍ ဘုရားကျောင်းအပေါ်သို့ တက်သွားကြသည်။သို့သော် မကြာမီ သူတို့သည် လူတိုင်း၏ အမြင်မှ ပျောက်ကွယ်သွားကြတော့သည်။
“ဒီနေရာက ငရဲခန်းပဲ ၊ ဒါကို ဖျက်ဆီးပစ်ရမယ်”
ညကင်းစောင့်က ပြတ်ပြတ်သားသား ပြောလိုက်သည်။ သို့သော် အခြားယုံနတ်ဘုရားများတွင် ကိုယ်ပိုင် အစီအစဉ်များ ရှိနေကြသည်။
“ညကင်းစောင့်ပြောတာ မှန်တယ်”
အကြီးအကဲထန်သည် ပြုံးနေသော ကျားတစ်ကောင်ဖြစ်သည်။ သူသည် ညကင်းစောင့်ကို ထောက်ခံသယောင် ပြုရင်း အသုဘငွေစက္ကူများကို လွှင့်ပစ်လိုက်သည်။
“ဒီလမ်းရဲ့ ရှေ့ဆုံးမှာ မြေစောင့်နတ်မင်းကျောင်း ရှိခဲ့တယ်၊ အဲ့ဒီပတ်ဝန်းကျင်မှာ စွန့်ပစ်ထားတဲ့ ဝိညာဉ်ဘုရားကျောင်းလေးတွေ ပြန့်ကျဲနေခဲ့တယ်၊ တစ်ယောက်ယောက်က အဲ့ဒါတွေကို အကာအကွယ်ယူပြီး ကျုပ်တို့ မျက်စိအောက်မှာတင် ဒီလို မကောင်းဆိုးဝါးကို မွေးမြူခဲ့တာပဲ ၊ ကျုပ် သံသယရှိတာကတော့ ဒီဝိညာဉ်ဘုရားကျောင်းကို ကူညီနေတဲ့သူတစ်ယောက် ရှိနေတယ်ဆိုတာပဲ၊ အဲ့ဒီလူက ကျုပ်တို့ကြားထဲမှာပဲ ပုန်းနေတာ”
အသုဘငွေစက္ကူများက ဘုရားကျောင်း၏ မြောက်ဘက်တံခါးကို ဖုံးအုပ်သွားသည်။ အကြီးအကဲထန်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“ကျုပ် ခင်ဗျားတို့နဲ့ မတိုက်ခိုက်ချင်ဘူး ၊ ဝိညာဉ်ဘုရားကျောင်းမှာ ဝင်ပေါက်လေးခု ရှိတယ် ၊ ဒီမြောက်ဘက် အဝင်ပေါက်က ကျုပ်အပိုင်ပဲ ၊ ဘယ်သူမဆို ကျုပ်ကို လာစိန်ခေါ်ရဲရင် အဲ့ဒီလူကို ဝိညာဉ်ဘုရားကျောင်းရဲ့ နောက်လိုက်လို့ သတ်မှတ်မယ်”
သူသည် သူ့အင်္ကျီလက်များကို ဝေ့ယမ်းလိုက်ရာ ဧည့်သည်များသည် အနက်ရောင် ကြိုးမျှင်များ၏ ဆွဲခေါ်ခံလိုက်ရပြီး ဘုရားကျောင်းအတွင်းသို့ ပါသွားကြသည်။
ညကင်းစောင့်သည် အကြီးအကဲထန်က မိမိကိုယ်ကျိုးကိုသာ ကြည့်တတ်သူဖြစ်ကြောင်း သိသည်။ ထိုလူသည် သူ့သားအရင်းများကိုပင် သတ်ဝံ့သူ ဖြစ်သည်။