← Chapters

စစ်ကန်းအချိန်

Vol. 40 Ch. 594

စစ်ကန်းအချိန်

Vol. 40 Ch. 594

ကျန်းဟူဆိုသည်မှာ သတ်ဖြတ်ခြင်းသက်သက် မဟုတ်ဘဲ အဆက်အသွယ်များနှင့် စိတ်ခံစားချက်များလည်း ပါဝင်ပေသည်။ ကြမ်းတမ်းသော ကောင်းမင်နှင့် ယှဉ်လျှင် ကျန်းမင်လီသည် ပိုသတိကြီးပြီး အတွေ့အကြုံ ရှိသည်။ သူသည် အကျဉ်းသားတစ်ယောက်အဖြစ် ဖမ်းဆီးခံထားရစဉ်မှာပင် အလျော့ပေးခြင်းနှင့် အပေးအယူလုပ်ခြင်းတို့ကို နားလည်ခဲ့သည်။ ရည်မှန်းချက်ပန်းတိုင်ကို ရောက်နိုင်သရွေ့ လုပ်ငန်းစဉ်မှာ အရေးမကြီးဟု သူယူဆထားသည်။

“ကျန်းမင်လီက အကြီးအကဲထန်နဲ့သာ တကယ်အပေးအယူ လုပ်ထားတာဆိုရင် သူငါ့ကို မွေးနေ့လက်ဆောင် သွားပို့ခိုင်းတာက သေတွင်းထဲ ပို့တာတော့ မဟုတ်လောက်ဘူး”

ကျန်းမင်လီသည် ဆိုးယုတ်မှုအငွေ့အသက်တစ်ခုသာ ဖြစ်ကြောင်း ကောင်းမင် သိထားသည်။ သူသည် ကောင်းမင်ရှေ့တွင် မသေဆေးကုမ္ပဏီမှ စမ်းသပ်သူတစ်ယောက်အဖြစ် ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ကျန်းမင်လီသည် အဘယ်ကြောင့် အချို့သော ကိစ္စများကို လုပ်ဆောင်ခဲ့သည်ကို ကောင်းမင် နားလည်သွားသည်။

“သူ့အတွက် ဆင်ခြေတွေ ပေးမနေပါနဲ့ ၊ ကျန်းမင်လီက လူကောင်းမဟုတ်ဘူး၊ ဒီမြို့ထဲမှာ လူကောင်းဆိုတာ မကျန်တော့ဘူး ၊ လူကောင်းတွေအားလုံးက အစားခံလိုက်ရပြီ”

ဖူရှုသည် ကောင်းမင်က ကျန်းမင်လီအပေါ် နားလည်မှုလွှဲနေမည်စိုးသောကြောင့် ကြားဖြတ် ပြောလိုက်သည်။

“ဒါက ရှင်ကမ္ဘာကြီးကို မြင်တဲ့ အမြင်လား”

ပိုင်ဖုန်း၏ ဖူရှုအပေါ် အထင်အမြင်က မကောင်းလှပေ။

“ရှင် ကမ္ဘာကြီးကို ဘယ်လိုမြင်လဲဆိုတာက ရှင့်ကိုယ်ရှင် ဘယ်လိုလူဆိုတာ ထင်ဟပ်နေတာပဲ”

“မင်းပြောတာ မမှားဘူး ၊ ငါက လူယုတ်မာတစ်ယောက်ပဲ ၊ အိပ်မက်ချိုးဖျက်မြို့က ငါ့ရဲ့ ဖန်တီးမှုပဲလေ ၊ ငါ့ကိုသာ ဒုတိယအကြိမ် အခွင့်အရေးပေးမယ်ဆိုရင် ဒီနေရာကို ငါအပြတ်ရှင်းပစ်မှာပဲ”

ပိုင်ဖုန်းသည် ထိုစကားကို မည်သို့တုန့်ပြန်ရမည်မှန်း မသိတော့ပေ။

“အချင်းချင်း ရန်ဖြစ်မနေကြနဲ့တော့ ၊ ကျုပ်တို့ ကြည့်ရမယ့် ပြပွဲကြီး လာနေပြီ”

ကောင်းမင်က သူတို့ကို တားလိုက်သည်။ သူ၏မျက်လုံးထဲတွင် ရုပ်တုပုံရိပ်များ ပေါ်လာသည်။ သူသည် အဝေးမှနေ၍ ဝိညာဉ်ဘုရားကျောင်း ပတ်ဝန်းကျင်ကို စောင့်ကြည့်နေသည်။

ထန်အိမ်တော် ပတ်ဝန်းကျင်တွင် အသုဘငွေစက္ကူများ နေရာအနှံ့ ပျံဝဲနေကြသည်။ ဧည့်သည်များသည် မျက်နှာပေါ်တွင် အပြုံးတုများကို ကပ်ထားကြပြီး မွေးနေ့လက်ဆောင်များကို သယ်ဆောင်ကာ ဘုရားကျောင်းဆီသို့ ဦးတည်နေကြသည်။ လောဘတရား၏ အနက်ရောင် ကြိုးမျှင်များက သူတို့၏ ခန္ဓာကိုယ်များကို ရစ်ပတ်ထားသည်။ ထိုကြိုးများ၏ အစွန်းတစ်ဖက်သည် လူအုပ်ထဲရှိ နေရာတစ်ခုတွင် စုဆုံနေလေသည်။ အကြီးအကဲထန်သည် ထိုလူအုပ်ထဲတွင် ရှိနေသင့်သော်လည်း သူက ကိုယ်ယောင်ဖျောက်ထားသည်။

အကြီးအကဲထန် စတင်လှုပ်ရှားလိုက်သည်နှင့် အခြားနတ်ဘုရားများလည်း ငြိမ်မနေနိုင်ကြတော့ပေ။ ဘုံကိုးဆင့်ဘုရားကျောင်းသည် အလွန်ဆွဲဆောင်မှု ပြင်းလွန်းသည်။

ဂီတသံများ စတင်လာသည်။ ဆဲဆိုသံများကြားတွင် ရှီအိမ်တော် အပြင်ဘက်၌ ချိတ်ဆွဲထားသော အနီရောင် မီးအိမ်များထဲမှ တိရစ္ဆာန်များ တွားထွက်လာကြသည်။ ရှီနတ်ဘုရားငယ် နှစ်ပါးသည် ကျောပေါ်တွင် ကုန်းနှီးများတင်ထားပြီး တံခါးဝမှ တွားသွားထွက်လာကြသည်။ သူတို့နောက်တွင် ဝက်များ၊ ခွေးများ၊ နွားများနှင့် သိုးများ လိုက်ပါလာကြသည်။ ထိုတိရစ္ဆာန်များထဲတွင် မြည်းနက်တစ်ကောင်မှာ အခန့်ညားဆုံး ဖြစ်နေလေသည်။ ရှီအိမ်တော်ကို သားသတ်သမားက သိမ်းပိုက်လိုက်ပြီး တိရစ္ဆာန်ခြံအဖြစ် ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်။ မြို့သားများသည် တိရစ္ဆာန်များ ဖြစ်သွားကြပြီး ယခင်က ဖမ်းဆီးခံထားရသော တိရစ္ဆာန်များမှာ လူသားကဲ့သို့ ဂုဏ်သိက္ခာများ ရရှိလာကြသည်။ ထိုတိရစ္ဆာန်များကြားတွင် ဝက်ခေါင်းတစ်လုံးသာ ရှိသော ပုပ်သိုးနေသည့် အသားပုံကြီးတစ်ခု ပါသည်။ ထိုအသားပုံကြီး၏ ခန္ဓာကိုယ်သည် အဆက်မပြတ် ပြောင်းလဲနေသည်။ တစ်ခါတစ်ရံ သုံးမီတာကျော် မြင့်သော အမျိုးသားကြီး ဖြစ်သွားပြီး တစ်ခါတစ်ရံတွင်မူ သေးငယ်ကောက်ကျစ်သော ဆိုင်ရှင်တစ်ဦး ဖြစ်သွားတတ်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင်အမွေးအမှင်များ ဖုံးလွှမ်းနေပြီး ကြောက်မက်ဖွယ်စကားလုံးများကို ခတ်နှိပ်ထားသည်။ အမှောင်ထဲတွင် ပုန်းအောင်းရန် ရွေးချယ်ထားသည့် အကြီးအကဲထန်နှင့် မတူဘဲ ကျူးရန်က ပေါ်ပေါ်ထင်ထင် လှုပ်ရှားလာသည်။ သူသည် သူလှုပ်ရှားနေသည်ကို သူတစ်ပါး မသိမှာ စိုးရိမ်နေသည့်အလားပင်။

“ကျူးရန်လည်း လှုပ်ရှားနေပြီ”

“သူက အကြီးအကဲထန်နဲ့ ဆိုးဝါးတဲ့သမိုင်းကြောင်းရှိတယ် ၊ သူက အိပ်မက်ထဲမှာတောင် ထန်အိမ်တော်ထဲဝင်ပြီး အကြီးအကဲထန် ပိုင်ဆိုင်သမျှ အားလုံးကို သိမ်းပိုက်ချင်နေတာ”

ဖူရှု၏မျက်နှာတွင် အပြုံးတစ်ခု ရှိနေသည်။

“အရင်တုန်းက ကျူးရန်က ဒီမြို့မှာ အကြင်နာတတ်ဆုံး လူတစ်ယောက်ပဲ ၊ သူက ရိုးသားပြီး ရူးပေါပေါနေတတ်တယ် ၊ ဒါပေမဲ့ အကြီးအကဲထန်နဲ့ ဆိုင်ရှင်ဝမ်တို့ရဲ့ လှည့်စားမှုကို ခံရပြီးနောက်တော့ သူ့မိသားစုနဲ့ ပိုင်ဆိုင်သမျှအားလုံးကို ဆုံးရှုံးခဲ့ရတယ် ၊ မြို့ထဲက တိရစ္ဆာန်တွေလိုပဲ နိမ့်ကျတဲ့ အဆင့်အတန်းမှာ ထားခံရတဲ့အတွက် သူ့ကိုယ်ပေါ်မှာ ကျွန်တံဆိပ်တွေ အများကြီး ရှိနေတာ ၊ ဒါကြောင့်လည်း သူက တိရစ္ဆာန်တွေကို သတ်တဲ့အခါမှာ အရမ်းကို လေးလေးစားစားနဲ့ သတ်နေတာပေါ့”

“အရင်က ခင်ဗျားပြောတာ ဒါမျိုး မဟုတ်ပါဘူး”

ကောင်းမင်က ဖူရှုကို တစ်ချက် လှမ်းကြည့်လိုက်သည်။

“အဲ့လိုလား... အဲ့ဒီတုန်းက ငါက လွတ်လာခါစဆိုတော့ တုန်လှုပ်နေလို့ နေမှာပေါ့ ၊ အခုမှ အချို့အချက်အလက်တွေကို သေသေချာချာ မှတ်မိလာတာ”

ဖူရှုက ပြုံးလိုက်သည်။

“မပြောသင့်သူတွေကို မွေးထုတ်ဖို့အတွက် မသေဆေးကုမ္ပဏီက နတ်ဘုရားတွေကို တမင်တကာ ရန်တိုက်ပေးထားတာ ၊ ငါအဲ့ဒါကို သဘောမတူခဲ့ပေမဲ့ အခုအခြေအနေအရ ကြည့်ရင်တော့ နတ်ဘုရားတွေအချင်းချင်း ပူးပေါင်းလို့မရအောင် တားဆီးထားနိုင်တဲ့အတွက် ငါတို့အတွက်တော့ ကောင်းတဲ့အရာပဲ”

ကျူးရန်သည် အကြီးအကဲထန်ထက် ပိုသတ္တိရှိကြောင်း သက်သေပြလိုသည့်အလား ဆူညံစွာ လှုပ်ရှားနေလေသည်။ သူ၏ ရှည်လျားသော ဝက်နှာခေါင်းထဲမှ သွေးများ ယိုစီးနေသည်။ သူ၏ မျက်လုံးနီကြီးများမှာလည်း ရူးသွပ်မှုများဖြင့် တောက်ပနေသည်။

ကောင်းမင်သည် ကျူးရန်ကို ကျော်ကြည့်လိုက်သည်။ အခြားလမ်းကြားတစ်ခုထဲမှ လူသားအရေခွံ တစ်ခု လွင့်မြောထွက်လာသည်။ ၎င်း၏ ဟောင်းလောင်းပွင့်နေသော ဝမ်းဗိုက်ထဲတွင် မြက်ခြောက်များနှင့် ကျောက်စရစ်ခဲများ ပြည့်နှက်နေသည်။ မတူညီသောလူများ၏ သွေးများကို အသုံးပြု၍ ယုံနတ်ဘုရားများစွာကို ထိုအရေခွံပေါ်တွင် ရေးဆွဲထားသည်။ ထိုလူသားအရေခွံသည် ကျူးရန်ထက်ပင် သွေးနံ့ပြင်းနေသည်။ ၎င်းသည် မည်သည့် ပြုပြင်မွမ်းမံခြင်း နည်းလမ်းအား အသုံးပြုထားသည်ကို မသဲကွဲပေ။ ကောင်းမင်သည် ထိုအရေခွံက ဂူအဘွားအိုအား သတ်ပစ်ခဲ့သည်ကိုပင် မြင်တွေ့ခဲ့ရသည်။

လူသားအရေခွံ ပေါ်လာပြီး မကြာမီမှာပင် ရှီအိမ်တော် နောက်ဘက်ရှိ အိမ်အချို့ ပြိုကျသွားသည်။ အနက်ရောင် ခေါင်းတလားများ ပွင့်ထွက်လာသည်။ ဧယဉ်ကျူးသည့် အဝတ်အစားများ ဝတ်ဆင်ထားသော စက္ကူရုပ်အုပ်စုတစ်စုသည် အဖြူရောင်ဝေါယာဉ်သုံးစင်းကို ထမ်း၍ ထွက်လာကြသည်။ သူတို့သည် နတ်ဘုရား ရွှံ့ရုပ်တုများနှင့် မီးရှို့ထားသော စက္ကူအိမ်များကို သယ်ဆောင်လာကြသည်။ သူတို့၏ အမူအရာများကို ရေးဆွဲထားသော်လည်း လူသားများထက်ပင် ပို၍ ခံစားချက် ပါနေသယောင် ရှိသည်။

“ကျိနတ်ဘုရား သုံးပါးပဲ ကျန်တော့တယ်”

ဖူရှုက ဝမ်းသာအားရ ပြောလိုက်သည်။

“ကြည့်ရတာ မပြောသင့်သူက ယုံနတ်ဘုရားတွေထဲကပဲ ရွေးချယ်ခံရတော့မယ် ထင်တယ်”

ကျိနတ်ဘုရားများ ထွက်ခွာသွားပြီးနောက် မြို့ထဲရှိ အရိပ်များက အနှောင်အဖွဲ့ ကင်းလွတ်သွားသည်။ ၎င်းတို့သည် မြွေကြီးတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ကြီးထွားလာသည်။ အိမ်တိုင်းရှိ မီးအလင်းရောင်များမှာ မှိန်ဖျော့သွားပြီး အပူချိန်မှာလည်း ရုတ်တရက် ကျဆင်းသွားသည်။ မကောင်းဆိုးဝါး အမျိုးမျိုးတို့က လူနေအိမ်များအတွင်းသို့ ကျူးကျော်ဝင်ရောက်လာကြသဖြင့် နေရာအနှံ့မှ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

သွေးမိုးများ ဆက်လက် ရွာသွန်းနေစဉ် မြို့ပြင်ရှိ တံတားကြီးသည် အလယ်မှ ကျိုးကျသွားသည်။ ရေမျက်နှာပြင်က မြင့်တက်လာလေသည်။ ပုပ်ပွနေသော အလောင်းများသည် ကမ်းစပ်တွင် လာတင်နေကြသည်။ဧရာမ အရိပ်ကြီးတစ်ခုက ဖြည်းညင်းစွာ ချဉ်းကပ်လာနေသည်။ ဘုံကိုးဆင့်ဝိညာဉ်ဘုရားကျောင်း ပေါ်လာမှုကြောင့် မြို့သည် ပို၍ ‘သက်ဝင်လှုပ်ရှား’ လာနေလေသည်။သို့သော်လည်း ကောင်းမင်ကား ကျန်းမင်လီကို ရှာမတွေ့သေးပေ။

“သူ ဘာတွေ ကြံစည်နေတာလဲ”

ကောင်းမင်သည် ဖြတ်လျှောက်တစ်ယောက်သာ ဖြစ်သည်။ ကောင်းမင် ပေါ်မလာခဲ့လျှင်ပင် ကျန်းမင်လီသည် ယနေ့ညတွင် သူ့အစီအစဉ်ကို စတင်မည်သာ ဖြစ်သည်။

ထန်အိမ်တော်မှ ဧည့်သည်များသည် ဘုရားကျောင်းရှိရာ လမ်းမပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကောင်းမင် မြင်တွေ့ခဲ့ဖူးသော မြေစောင့်နတ်မင်းဘုရားကျောင်းမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ဧည့်သည်များသည် မွေးနေ့ဖဲကြိုးများကို ဖြတ်တောက်လိုက်ကြပြီး ဝိညာဉ်ဘုရားကျောင်း၏ မြောက်ဘက်တွင် ရပ်တန့်လိုက်ကြသည်။ အခြားနတ်ဘုရားများ ပေါ်လာသည်နှင့်အမျှ အသုဘငွေစက္ကူများမှာလည်း နေရာအနှံ့ ပျံဝဲနေတော့သည်။

နတ်ဘုရားများနှင့် သရဲများသည် စိတ်ကြိုက် သတ်ဖြတ်နေကြသည်။ အိပ်မက်ချိုးဖျက်မြို့သည် ကြီးမားသော ယဇ်ပလ္လင်ကြီးတစ်ခု ဖြစ်သွားပြီဖြစ်သည်။ မြို့ထဲရှိ အရာအားလုံးသည် မပြောသင့်သူအတွက် ယဇ်ပစ္စည်းတစ်ခု ဖြစ်လာတော့သည်။

ညဉ့်အမှောင်ထုက ဝိညာဉ်ဘုရားကျောင်း အပြင်ဘက်ရှိ အလင်းရောင် အားလုံးကို ဖုံးကွယ်ထားသည်။

ကျယ်လောင်စွာ ထွက်ပေါ်လာသော မောင်းသံတစ်ခုနှင့်အတူ ရင်းနှီးနေသော အသက်ကြီးကြီး ပုံရိပ်တစ်ခု လမ်းပေါ်တွင် ပေါ်လာသည်။

ညကင်းစောင့်အိုကြီး၏ လည်ပင်းတွင် အမွှေးတိုင်တစ်တိုင် ရှိနေသည်။ သူ၏ အနက်ရောင် အဝတ်အစားများမှာ သွေးရေများထဲတွင် နစ်မြုပ်သလောက် ဖြစ်နေလေသည်။ သူက ထီးကို မကိုင်ထားတော့ပေ။ သူသည် အိပ်မက်ချိုးဖျက်မြို့၏ စည်းမျဉ်းများကို တစ်ကိုယ်တည်း ကာကွယ်ရင်း သူ့တာဝန်ကို တည်ငြိမ်စွာ ထမ်းဆောင်နေလေသည်။

သူ၏ ဝါဂွမ်းဖိနပ်များသည် ရွှံ့ထဲတွင် နစ်ဝင်သွားပြီး အနီရောင်ခြေရာများကို ချန်ထားခဲ့သည်။ သူသည် ကိုင်ထားသော မောင်းကို တီးခတ်ရင်း ဘုံကိုးဆင့်ဝိညာဉ်ဘုရားကျောင်းရှိရာ လမ်းမဆီသို့ တည်ငြိမ်စွာ လျှောက်လှမ်းလာသည်။

သူ လမ်းလျှောက်လာရင်း အော်ဟစ်လိုက်သည်။ သူ့အသံက မြို့သားများ၏ နှလုံးသားထဲသို့ လုံခြုံမှု အငွေ့အသက်များကို ဆောင်ကြဉ်းပေးနေသယောင် ရှိနေလေသည်။

“ချိုးရှစ် စစ်ကန်း။ ကောင်းကင်ကြီး အေးနေပြီ ၊ မြေပြင်က ခဲနေပြီ”

All Chapters