မင်းက ငါ့ရဲ့ဆေးပင်ကို ကြားဖြတ်လုယူရဲတယ်ပေါ့
Vol. 8 Ch. 72
နေမင်းကြီးသည် ကောင်းကင်ယံထက်တွင် တွဲခိုနေသည်။
မိုင်ထောင်ချီကျယ်ပြန့်သော ကောင်းကင်ပြာကြီးသည် မိုးကုတ်စက်ဝိုင်းတလျှောက် ဆန့်တန်းနေပေ၏။
လေပြေလေညှင်းများ တိုက်ခတ်နေပြီး တောင်ပေါ်ရှိ သစ်ပင်များနှင့် အပင်များကို ယိမ်းနွဲ့စေသည်။
ကျယ်ပြန့်သော တောင်တန်းကြီးထဲတွင် ခမ်းနားထည်ဝါသည့် ခန်းမဆောင်ကြီးတစ်ခု တည်ရှိနေသည်။ ဤခန်းမဆောင်ကြီးကို တောင်များကြားတွင် တည်ဆောက်ထားကာ ခမ်းနားပြီး ရှေးကျသော အရှိန်အဝါများ ရှိနေသည်။
ဤသည်မှာ ဝူကျီဂိုဏ်းပင်။
အရှေ့ပိုင်းဒေသတွင် ထိပ်သီးကျင့်ကြံသူများသည် တိမ်တိုက်များပမာ များပြားပြီး အင်အားစုများသည် မိုးစက်များပမာ ပေါများလှသည်။
သို့သော် စစ်မှန်သော ထိပ်တန်းအင်အားစုများမှာမူ သံသယဖြစ်ဖွယ်မရှိဘဲ မြင့်မြတ်နယ်မြေငါးခုပင်။
ချောင်ရှားတောင်ကြားသည် မြင့်မြတ်နယ်မြေတစ်ခုဖြစ်ပြီး ဝူကျီဂိုဏ်းသည် နောက်ထပ်တစ်ခု ဖြစ်သည်။
ခြံဝန်းတစ်ခုထဲတွင်....
အနက်ရောင်နှင့် အဖြူရောင် ဝတ်ဆင်ထားသော အဘိုးအိုနှစ်ဦးသည် လက်ဖက်ရည်သောက်ရင်း စကားစမြည် ပြောဆိုနေကြ၏။
ဤအဘိုးအိုနှစ်ဦးသည် အတော်လေး ထူးခြားကြသည်။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ နာမည်မှာ ရှီရှောင်ထျန်း ဖြစ်ပြီး အနက်ရောင်ဆံပင်နှင့် မုတ်ဆိတ်မွှေးအဖြူများရှိသည်။
အဖြူရောင်ဝတ်စုံဝတ် အဘိုးအို၏နာမည်မှာ ဝူယွဲ့ ဖြစ်ပြီး မုတ်ဆိတ်မွှေးအနက်များနှင့် ဆံပင်ဖြူများရှိပေ၏။
သူတို့သည် ဝူကျီဂိုဏ်း၏ အဋ္ဌမအကြီးအကဲနှင့် သတ္တမအကြီးအကဲတို့ ဖြစ်ကြသည်။
သူတို့ကို 'အဖြူအမည်းအကြီးအကဲများ' ဟုလည်း ရိုသေလေးစားစွာ ခေါ်ဝေါ်ကြသည်။
"လူအိုကြီးပိုင်... ငါတို့ရဲ့ ဆေးပညာစွမ်းရည်တွေက အရှေ့ပိုင်းဒေသတစ်ခုလုံးမှာ အကောင်းဆုံးတွေထဲ ပါဝင်နေတယ်"
"ငါက 'ကောင်းကင်ဖာထေးဆေးလုံး' တစ်သုတ်စာကို သန့်စင်ဖို့ စီစဉ်နေတယ်"
"ငါကိုယ်တိုင် အဆင့်တက်ဖို့နဲ့ 'ဆေးဘုရင်အရှင်' ဘွဲ့ကို ရရှိဖို့အတွက်လေ"
"မင်း ငါ့ကို ကူညီပေးနိုင်မလား"
ရှီရှောင်ထျန်း၏မျက်လုံးများ တောက်ပသွားပြီးရည်မှန်းချက်ကြီးစွာဖြင့် ပြောဆိုလိုက်သည်။
ဆေးပညာလမ်းစဉ်တွင် ဆေးဘုရင်ဆိုသည်မှာ အောင်မြင်မှု အတိုင်းအတာတစ်ခုအထိ ရောက်ရှိထားသော ဆေးပညာရှင်များကို ပေးအပ်သည့် ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုပင်။
ဤသည်က မရေမတွက်နိုင်သော ဆေးပညာရှင်များအတွက် ဘဝတသက်တာ လိုက်စားမှုတစ်ခု ဖြစ်ပေ၏။
အရှေ့ပိုင်းဒေသတစ်ခုလုံးကို ကြည့်လိုက်လျှင် နှစ်တစ်ထောင်အတွင်း မည်သည့် ဆေးဘုရင်မျှ ထွက်ပေါ်လာခြင်း မရှိသေးချေ။
ဆေးဘုရင်အဖြစ် အောင်မြင်ခြင်း၏ အထင်ရှားဆုံး လက္ခဏာမှာ ကောင်းကင်ဖာထေးဆေးလုံးကို သန့်စင်နိုင်ခြင်းပင်။
"ငါ မင်းကို ဘယ်လိုမျိုး ကူညီပေးစေချင်တာလဲ"
ဝူယွဲ့က မေးမြန်းလိုက်ပြီး သူ၏မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင်များ ထင်ဟပ်လာခဲ့သည်။
သူ၏မိတ်ဆွေကြီးသည် မာနကြီးပြီး အရှုံးမပေးချင်တတ်ကြောင်း သူ သိထားသည်။
သို့သော် ကောင်းကင်ဖာထေးဆေးလုံးကို သန့်စင်မည့် ရည်မှန်းချက်က သူ့ကို နက်နက်ရှိုင်းရှိုင်း ထိတ်လန့်တုန်လှုပ်သွားစေဆဲပင်။
"အဲ့ဒီဆေးလုံးကို သန့်စင်ဖို့အတွက် လိုအပ်တဲ့ စိတ်ဝိညာဉ်ဆေးပင်တွေအားလုံးကို စုဆောင်းရမယ်"
"ငါက ကောင်းကင်ဖာထေးဆေးလုံးအတွက် ပါဝင်ပစ္စည်း ဆယ်ပုံပုံရင် ရှစ်ပုံကိုးပုံလောက် ရှာတွေ့ထားပြီးပြီ... ဒါပေမယ့် အဓိကပါဝင်ပစ္စည်းတစ်ခုဖြစ်တဲ့ 'ကောင်းကင်စိတ်ဝိညာဉ်မြက်' တစ်ခု လိုနေသေးတယ်... အဲ့ဒါအတွက် ငါ ဘာမှမတတ်နိုင်သေးဘူး ဖြစ်နေတယ်"
"မင်းမှာ အဆက်အသွယ်တွေများပြီး ဆက်ဆံရေးနယ်ပယ် ကျယ်ပြန့်တယ်... ငါ့အတွက် အဲ့ဒါလေးကို စောင့်ကြည့်ပေးလို့ ရမလား"
ဤစကားများ ထွက်လာသည်နှင့် ဝူယွဲ့၏ မျက်နှာအမူအယာသည် အတော်လေး ထူးဆန်းသွားပေ၏။
သို့သော် သူက လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။
"မင်း တခြားရှားပါးတဲ့ စိတ်ဝိညာဉ်ဆေးပင်တွေအကြောင်း ပြောမယ်ဆိုရင်တော့ ငါ ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူး"
"ဒါပေမယ့် ဒီကောင်းကင်စိတ်ဝိညာဉ်မြက်နဲ့ ပတ်သက်လို့တော့ ငါ သတင်းအချက်အလက် တချို့ သိထားတာ ရှိတယ်"
"မြန်မြန် ပြောပြစမ်းပါ"
ရှီရှောင်ထျန်း၏မျက်နှာအမူအယာ ပြောင်းလဲသွားပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။
ဝူယွဲ့၏ မျက်နှာအမူအယာသည် အတိတ်ကို ပြန်ပြောင်းသတိရနေသကဲ့သို့ ငေးမောနေပြီး အချိန်အတော်ကြာမှ သူက ပြောဆိုလိုက်၏။
"လွန်ခဲ့တဲ့ နှစ်သုံးရာတုန်းက... ငါ 'ကူမြို့' လို့ခေါ်တဲ့ နေရာတစ်ခုကို ခရီးထွက်ဖူးတယ်"
"အဲဒီမှာ ကူမိသားစု ဆိုတာ ရှိတယ်... သူတို့ဆီမှာ ကောင်းကင်စိတ်ဝိညာဉ်မြက် ရှိတယ်လို့ ဆိုကြတယ်... အဲ့ဒါက သူတို့ရဲ့ ဘိုးဘေးတွေဆီကနေ လက်ဆင့်ကမ်းလာခဲ့တာပဲ"
"ကံဆိုးစွာနဲ့ပဲ အဲ့ဒီတုန်းက ငါ့မှာ အရေးကြီးကိစ္စတွေ ရှိနေလို့ အစစ်အမှန် ဟုတ်မဟုတ် စုံစမ်းဖို့ အခွင့်အရေး မရခဲ့ဘူး"
"နောက်ပိုင်းကျတော့ ငါ မေ့သွားခဲ့တယ်"
ရှီရှောင်ထျန်းက အလျင်အမြန် မေးမြန်းလိုက်သည်။
"အဲဒီ ကူမြို့က ဘယ်မှာလဲ"
"လူအိုကြီးရှီ... လောကကြီးက အကြီးအကျယ် ပြောင်းလဲတတ်တယ် ဆိုတာ မင်း သိထားရမယ်... ပြီးတော့ ဒီကောင်းကင်စိတ်ဝိညာဉ်မြက် ရှိတယ်ဆိုတဲ့ ပြောဆိုချက်ကလည်း အတည်ပြုလို့ မရသေးဘူး"
"ခြေတစ်လှမ်းဆုတ်ပြီး တွေးကြည့်ရင်... ကူမိသားစုမှာ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ စိတ်ဝိညာဉ်ဆေးပင် တကယ်ရှိခဲ့ရင်တောင်.... နှစ်ရာပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ အဲ့ဒါက ရှိနေသေးလားဆိုတာ မသိနိုင်ဘူး... ဒါကြောင့် မျှော်လင့်ချက် သိပ်မထားတာ အကောင်းဆုံးပဲ"
ရှီရှောင်ထျန်းက လက်ကာပြပြီး ပြောဆိုသည်။
"ဒါက ငါ့ရဲ့ ဆေးဘုရင်ဂုဏ်ထူးဆောင်ဘွဲ့ ရရှိမှုနဲ့ သက်ဆိုင်နေတယ်... မှန်တာမှားတာ အသာထား ငါ အဲဒီကို သွားရမယ်"
"လူအိုကြီးဝူ... ပေါက်ကရတွေ ပြောမနေနဲ့... မင်းက ငါ့ရဲ့မိတ်ဆွေဆိုရင် တိကျတဲ့ တည်နေရာကို မြန်မြန်ပြောစမ်းပါ"
ဝူယွဲ့သည် သူ့မိတ်ဆွေ၏ စိတ်မရှည်သော ပုံစံကို မြင်တွေ့ချိန်၌ ခေါင်းခါယမ်းလိုက်ပြီး နောက်ဆုံးတွင် တိကျသော တည်နေရာကို ပြောပြလိုက်၏။
လိပ်စာရသည်နှင့် ရှီရှောင်ထျန်းသည် နောက်ထပ်တခဏမျှပင် မစောင့်နိုင်တော့ပေ။
"လူအိုကြီးဝူ... မင်း ဖြည်းဖြည်းချင်း ဆက်သောက်နေလိုက်တော့... ငါ အရင်သွားနှင့်ပြီ"
ထိုသို့ပြောဆိုပြီးသည်နှင့် သူသည် အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲကာ ကူမြို့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်တော့သည်။
...
ဝူယွဲ့ ပြောပြခဲ့သော ကူမြို့သည် နှစ်သုံးရာကြာ အချိန်ကာလ ပြောင်းလဲမှုများပြီးနောက် ယခုအချိန်၌ မြို့ကြီးတစ်မြို့ ဖြစ်နေခဲ့လေပြီ။
ဤနေရာသည် လူဦးရေ တစ်သန်းကျော်ရှိသော မြို့တော်တစ်ခုပင် ဖြစ်နေခဲ့သည်။
ရှေးဟောင်းမြို့တော်အတွင်းတွင် ကူမိသားစုဟုခေါ်သော အင်အားစုတစ်ခု ရှိသည်။
ကူမိသားစုတစ်စုလုံးသည် ရှေးဟောင်းမြို့တော်အတွင်း၌ အလွန်မြင့်မားသော အဆင့်အတန်းနှင့် ဂုဏ်သတင်းကျော်ဇောမှုကို ရရှိထားသည်။
ကူမိသားစုခေါင်းဆောင်သည် ချန်ရွှမ်နယ်ပယ် ကျင့်ကြံသူတစ်ဦးပင်။
သူသည် ကူမြို့တွင် အသန်မာဆုံး ကျင့်ကြံသူဟူသော ဂုဏ်ပုဒ်ကို အမြဲတစေ ရရှိခဲ့ပေ၏။
ထိုချန်ရွှမ်နယ်ပယ် ကျွမ်းကျင်သူမှာ ကျုံးချင် ပေါ့ပေါ့ပါးပါး ကယ်တင်ခဲ့သော ကူဝမ်ပင် ဖြစ်သည်။
ယခုအချိန်တွင် ကူမိသားစု၏ပင်မအိမ်တော်၌ သုံးရက်ကြာ ကျင်းပမည့် ကြီးကျယ်ခမ်းနားသော စားသောက်ပွဲကြီးကို ပြုလုပ်နေသည်။
ကူဝမ်နှင့် သူ၏သမီး သေဘေးမှ လွတ်မြောက်လာခြင်းသည် သေချာပေါက် အောင်ပွဲခံထိုက်သော ကိစ္စပင်။
သူတို့ စားသောက်ရင်း စကားစမြည် ပြောဆိုနေကြကာ အခြေအနေသည် ပျော်ရွှင်ကြည်နူးဖွယ် ကောင်းနေပေ၏။
ထိုအချိန်မှာပင်....
မိုးကောင်းကင်ယံတွင် အလင်းတန်းတစ်တန်း ပျံသန်းလာသည်။
ထို့နောက် အလင်းတန်းသည် လူရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ကူမိသားစု၏ ပင်မခန်းမဆောင်အထက်တွင် ရုတ်တရက် ရပ်တန့်လိုက်သည်။
ဤပုဂ္ဂိုလ်သည် ဝူကျီဂိုဏ်းမှ အလျင်အမြန် ရောက်ရှိလာသော ရှီရှောင်ထျန်းပင်။
သာမန်လောကီမြို့များအတွက်မူ ဂိုဏ်းများမှ လူများသည် ထူးကဲသော အဆင့်အတန်းရှိကြသည်။
မြင့်မြတ်နယ်မြေဂိုဏ်းတစ်ဂိုဏ်းမှ အကြီးအကဲတစ်ဦးဆိုလျှင် ပြောစရာပင် မလိုတော့ချေ။
ရှီရှောင်ထျန်းထံမှ ထွက်ပေါ်လာသော အရှိန်အဝါသည် လက်ရှိနေရာတွင် ရှိနေသူများအားလုံးအတွက် အလွန်နက်နဲသိမ်မွေ့ပြီး ကြီးမားလွန်းသည်။
သူ၏အသွင်အပြင်သည် မူလက သက်ဝင်လှုပ်ရှားနေသော အခြေအနေကို ရပ်တန့်သွားစေခဲ့သည်။
ရှီရှောင်ထျန်းသည် အလွန်မောက်မာထောင်လွှားသော ကိုယ်နေဟန်ထားဖြင့် လေထဲတွင် လက်နောက်ပစ်ကာ မတ်တတ်ရပ်နေပြီး အောက်ဘက်ရှိ လူအုပ်ကြီးကို ငုံ့ကြည့်လိုက်သည်။
သူ၏မျက်လုံးများသည် စူးရှတောက်ပနေပြီး ပြောဆိုလိုက်၏။
"ငါက ဝူကျီဂိုဏ်းရဲ့ အဋ္ဌမအကြီးအကဲပဲ... ကူမိသားစုမှာ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ကောင်းကင်စိတ်ဝိညာဉ်မြက် ရှိတယ်လို့ ငါ ကြားတယ်... အဲ့ဒါက အမှန်လား အမှားလား"
သူ၏အသံသည် ကြီးမားသော ခေါင်းလောင်းသံအလား ခန်းမဆောင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေပြီး လူတိုင်း၏စိတ်နှလုံးသားများကိုလည်း တုန်ခါသွားစေသည်။
ကူမိသားစုခေါင်းဆောင် ကူဝမ်သည် သူ၏စိတ်ထဲမှ ကြီးမားသော ထိတ်လန့်တုန်လှုပ်မှုကို ဖိနှိပ်ထားပြီး သတိထား၍ နှုတ်ဆက်လိုက်၏။
"စီနီယာ... ခရီးဝေးက လာရတာ ပင်ပန်းနေမှာပေါ့... အောက်ဆင်းပြီး တစ်ခွက်လောက် သောက်ပါအုံးလား... ဒါမှ ကျွန်တော်တို့က အိမ်ရှင်ဝတ္တရား ကျေမှာမလို့ပါ"
ဝူကျီဂိုဏ်းသည် သူတို့အတွက် ဧရာမအင်အားစုကြီးတစ်ခုပင်။
ထို့ပြင် ဝူကျီဂိုဏ်း၏ အဋ္ဌမအကြီးအကဲသည် ပြင်ပတွင်လည်း အတော်အသင့် နာမည်ကြီးသည်။
ကောလာဟလများအရ သူသည် အလွန်မောက်မာပြီး ခန့်မှန်းရခက်သူဟု ဆိုကြသည်။
သူသည် အနည်းငယ် မကျေနပ်သည်နှင့် လူသတ်တတ်သူ ဖြစ်ပေ၏။
ကူဝမ်၏ဖိတ်ခေါ်မှုကို ရင်ဆိုင်ချိန်၌ ရှီရှောင်ထျန်းက လက်ကာပြလိုက်သည်။
ထို့နောက် သူက မောက်မာထောင်လွှားစွာ ပြောဆိုလိုက်သည်။
"သောက်နေစရာ မလိုပါဘူး....ဒီလူအိုကြီး သိချင်တာက... မင်းတို့ ကူမိသားစုမှာ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ကောင်းကင်စိတ်ဝိညာဉ်မြက် ရှိသလား ဆိုတာပဲ"
တစ်ဖက်လူသည် ကောင်းကင်စိတ်ဝိညာဉ်မြက်နှင့် ပတ်သက်ပြီး စိတ်ပိုင်းဖြတ်ထားပုံကို မြင်လိုက်ရသဖြင့် ကူဝမ် တိတ်တဆိတ် စိတ်ဆင်းရဲသွားသည်။
သူသည် စိုးရိမ်မှုများကို ဖိနှိပ်ထားပြီး ပြောဆိုလိုက်၏။
"စီနီယာကို အဖြေပေးရရင်... ကူမိသားစု ဘိုးဘေးတွေက အဲ့ဒီလို စိတ်ဝိညာဉ်ဆေးပင်မျိုးကို တကယ်ပဲ လက်ဆင့်ကမ်းပေးခဲ့ပါတယ်"
ဤစကားများသည် ရှီရှောင်ထျန်း၏မျက်လုံးများကို တောက်ပသွားစေခဲ့သည်။
သူ၏အသက်ရှူသံများပင် အနည်းငယ် မြန်ဆန်လာသည်။
"ဒီလူအိုကြီးကို မျက်နှာသာပေးတဲ့အနေနဲ့ ကောင်းကင်စိတ်ဝိညာဉ်မြက်ကို ခဏလောက် ငှားပေးဖို့ ဆန္ဒရှိကြရဲ့လား"
ဤသဘောထားသည် အမှန်တကယ်ကို ယုတ်မာလွန်းပေ၏။
စိတ်ဝိညာဉ်ဆေးပင်ကို မည်သို့ ငှားရမ်း၍ ရနိုင်မည်နည်း....
ဤသည်က ခွေးကို အသားပေါင်းကျွေးသလိုမျိုး ပြန်မရနိုင်သောကိစ္စ မဟုတ်လော....
ထို့ပြင် ဂုဏ်သရေရှိ မြင့်မြတ်နယ်မြေ အကြီးအကဲတစ်ဦးအနေဖြင့် သူ ပေါ့ပေါ့ပါးပါး ထုတ်ပေးလိုက်သော အရာလေးတစ်ခုသည်ပင် ကူမိသားစုကဲ့သို့ မိသားစုငယ်လေးတစ်ခုကို အကန့်အသတ်မရှိ အကျိုးပြုနိုင်ပြီး ချက်ချင်းကြီးပွားသွားစေနိုင်သည်။
သူသည် ပစ္စည်းချင်း မလဲလှယ်ချင်သည့်အပြင် ကျေးဇူးတင်ရှိမှုကိုလည်း မလိုချင်ဘဲ မျက်နှာသာပေးရန်ဟုသာ ပြောဆိုနေသည်။
ဤလုပ်ရပ်သည် အတင်းအဓမ္မ လုယက်ခြင်းထက် ပို၍ရွံရှာဖွယ် ကောင်းပေ၏။
မည်သို့ပင်ဆိုစေကာမူ အတင်းအဓမ္မ လုယက်ခြင်းဆိုသည်မှာ ပေါ်ပေါ်ထင်ထင် ယူဆောင်သွားခြင်းမျှသာ ဖြစ်သည်။
သို့သော် သူ၏သဘောထားမူ လုယက်ပြီးနောက် သူ့ကို ကျေးဇူးတင်ရပေမည်။ ဤသည်က သူ၏လုယက်ခြင်းကို ခံရသည်မှာ ကူမိသားစုအတွက် ဂုဏ်ယူစရာတစ်ခု ဖြစ်နေသည့်အလားပင်။
ဤှလုပ်ရပ်သည် အလွန်အမင်း ရွံရှာဖွယ် ကောင်းပေ၏။
သို့သော် တစ်ဖက်လူသည် အင်အားအရဖြစ်စေ နောက်ခံအရဖြစ်စေ ကူမိသားစုကဲ့သို့ မိသားစုငယ်လေးမှ ရန်စနိုင်သူမျိုး မဟုတ်ချေ။
ကူဝမ်သည် ဒေါသထွက်နေသော်လည်း အနည်းငယ်မျှ ထုတ်ဖော်မပြသရဲပေ။
ထိုအစား သူက ထိတ်လန့်တုန်လှုပ်စွာ ပြောဆိုလိုက်သည်။
"စီနီယာ... မကြာသေးခင်က ဒီဂျူနီယာက သေဘေးနဲ့ ကြုံခဲ့ရပါတယ်... ကံကောင်းထောက်မစွာနဲ့ စီနီယာတစ်ယောက်က ကျွန်တော့်ကို ကယ်တင်ခဲ့တယ်... သူ့ရဲ့ကျေးဇူးကို ဆပ်တဲ့အနေနဲ့ အဲ့ဒီကောင်းကင်စိတ်ဝိညာဉ်မြက်ကို သူ့ဆီ ပေးလိုက်ပါပြီ"
"ဘာ..."
ဤစကားများသည် ရှီရှောင်ထျန်းကို ဒေါသထွက်သွားစေခဲ့သည်။
သူ၏ခန္ဓာကိုယ် ချက်ချင်း လှုပ်ရှားလိုက်ပြီး မိုးကောင်းကင်မှ ဆင်းသက်လာကာ သံညှပ်ကဲ့သို့ သူ၏လက်ကြီးဖြင့် ကူဝမ်၏လည်ပင်းကို တိုက်ရိုက်ဖမ်းဆုပ်လိုက်သည်။
"မင်းက ဒီလောက်အဖိုးတန်တဲ့ ပစ္စည်းကိုဘယ်လိုလုပ်ပြီး ပေးလိုက်နိုင်ရတာလဲ"
"ဘယ်သူ့ကို ပေးလိုက်တာလဲ"
ကူဝမ် ပေးလိုက်သော ပစ္စည်းသည် သူပိုင်ဆိုင်သောပစ္စည်း ဖြစ်နေသည့်အလား သူ၏မျက်လုံးများ နီမြန်းနေသည်။
ဤရုတ်တရက် အပြောင်းအလဲသည် လက်ရှိနေတွင် ရှိနေကြသူအားလုံး၏ စိတ်နှလုံးသားများ ကို တင်းကြပ်သွားစေသည်။
ကူဝမ်၏မျက်နှာသည် လည်ပင်းညှစ်ခံရသဖြင့် ပြာနှမ်းနေပြီး သူ၏မျက်လုံးများ ပြူးကျယ်လာသည်။
ကူလင်းအာထံတွင် ဒေါသနှင့်စိုးရိမ်စိတ်များ ရောယှက်နေသော်လည်း ကူကယ်ရာမဲ့စွာဖြင့် အော်ဟစ်လိုက်ရုံသာ တတ်နိုင်တော့သည်။
"စီနီယာ... ဒီကောင်းကင်စိတ်ဝိညာဉ်မြက်ကို ပေးလိုက်တာက စီနီယာကျုံးချင်ကိုပါ"
"ကျုံးချင်က ဘယ်သူလဲ... သူ အခု ဘယ်မှာနေလဲ... သူ့ရဲ့အဆင့်အတန်းက ဘာလဲ... သူက ဒီလူအိုကြီးရဲ့ စိတ်ဝိညာဉ်ဆေးပင်ကို ကြားဖြတ်လုယူရဲတယ်ပေါ့"
ရှီရှောင်ထျန်းသည် ကူလင်းအာကို စူးရှသော မျက်လုံးများဖြင့် ကြည့်လိုက်၏။
ထိုအကြည့်ကို ရင်ဆိုင်ရချိန်၌ ကူလင်းအာသည် မြင့်မြတ်နယ်မြေ အကြီးအကဲတစ်ဦးနှင့် ရင်ဆိုင်နေရသည်မဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာကြီးတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။
သူမ၏စိတ်နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး တစ်ချိန်တည်းမှာပင် သူမ၏ ဖခင်အိုကြီး ဘေးကင်းရေးအတွက် စိုးရိမ်နေသဖြင့် အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။
"စီနီယာကျုံးချင်ရဲ့ အထောက်အထားကို ကျွန်မလည်း မသိပါဘူး... သူ့မှာ စုယဲ့ဆိုတဲ့ တပည့်တစ်ယောက် ရှိတယ်ဆိုတာပဲ သိတယ်"
"ကျွန်မ သိသမျှ အကုန်ပြောပြပြီးပါပြီ... စီနီယာအနေနဲ့ ကျွန်မအဖေရဲ့အသက်ကို ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်"
"ဟမ့်.."
အေးစက်စွာ နှာမှုတ်လိုက်ပြီး ရှီရှောင်ထျန်းသည် ကူဝမ်ကို အမှိုက်သရိုက်အလား ပစ်ချလိုက်သည်။
သူ လိုချင်သော သတင်းအချက်အလက် ရရှိသွားပြီဖြစ်၍ အချိန်ဖြုန်းမနေတော့ဘဲ အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲကာ ပျံသန်း၍ ထွက်ခွာသွားတော့သည်။
ကူမိသားစုအတွက်မူ သူ၏မျက်လုံးထဲတွင် ပုရွက်ဆိတ်များအလားပင်။ ကောင်းကင်စိတ်ဝိညာဉ်မြက်မှလွဲ၍ သူတို့သည် သူ နှစ်ကြိမ်ပြန်ကြည့်ရန်ပင် မထိုက်တန်ချေ။
ရှီရှောင်ထျန်း၏ နှောင့်ယှက်မှုကြောင့် မူလက စည်ကားသိုက်မြိုက်နေသော စားသောက်ပွဲကြီးသည် ဆက်လက်၍ မကျင်းပနိုင်တော့ချေ။
ဧည့်သည်များ လူစုခွဲသွားကြပြီးနောက် ကူဝမ်၏အခြေအနေလည်း အတော်လေး သက်သာလာခဲ့သည်။
သူက ကူလင်းအာကို ကြည့်ပြီး ဝမ်းနည်းပူဆွေးစွာ ပြောဆိုလိုက်သည်။
"လင်းအာ... စီနီယာကျုံးချင်က အဖေတို့ရဲ့ ကျေးဇူးရှင်လေ... သမီးက ဘယ်လိုလုပ်ပြီးတော့ သူ့အထောက်အထားကို ဘာမှမချန်ဘဲ ထုတ်ပြောလိုက်ရတာလဲ"
"အဖေတို့... အဖေတို့က ကျေးဇူးကန်းတဲ့ လူယုတ်မာတွေ ဖြစ်မသွားဘူးလား"
"အဖေ... အဲ့ဒီ ဝူကျီဂိုဏ်း အဋ္ဌမအကြီးအကဲက ရန်လိုတဲ့ပုံစံနဲ့ ရောက်လာတာ... သူ့ရည်မှန်းချက် မအောင်မြင်မချင်း ရပ်တန့်မယ့်ပုံ မပေါ်ဘူး"
"တကယ်လို့ သမီးသာ သူ့ကို အာရုံမလွှဲလိုက်ရင် ကူမိသားစု မျိုးတုံးမယ့်ကပ်ဘေးက မျက်စိတစ်မှိတ်အတွင်း ကျရောက်လာမှာကို စိုးရိမ်လို့ပါ"
"သမီးက... အဖေ အန္တရာယ်ကြုံနေတာကို ဘာမှမလုပ်ဘဲ ဘယ်လိုလုပ်ပြီးတော့လက်ပိုက်ကြည့်နေနိုင်မှာလဲ"
ကူလင်းအာက ပြောဆိုသည်။
ကူဝမ်က စိတ်ရှုပ်ထွေးသော မျက်နှာထားဖြင့် တုံ့ပြန်လိုက်၏။
"သဘောတရားအနေနဲ့တော့ အဲ့ဒါက မှန်ပါတယ်... ဒါပေမယ့် အဲ့ဒါက ဟိုစီနီယာဆီကို ကပ်ဘေးကြီး သယ်ဆောင်သွားသလို ဖြစ်မယ်ဆိုရင် အဖေတို့ အကြိမ်တစ်သောင်း သေရင်တောင် တာဝန်ကနေ ရှောင်လွှဲလို့မရတော့ဘူး"
ကူလင်းအာ၏မျက်နှာထား ညှိုးငယ်နေသည်။
သူမ၏ လုပ်ရပ်များက ကျုံးချင်ထံသို့ ကပ်ဘေးကြီး သယ်ဆောင်သွားနိုင်ကြောင်း သူမ မသိဘဲ နေမည်လော...
သို့သော် သူမ၏ဖခင် အသတ်ခံရမည်ကိုလည်း လက်ပိုက်ကြည့်မနေနိုင်ခဲ့ပေ။
ယခုချိန်၌ သူမ တတ်နိုင်သည်မှာ ကျုံးချင် ကံကောင်းပါစေကြောင်း ဆုတောင်းပေးရန်သာ ရှိတော့သည်။
အကယ်၍ တစ်ဖက်လူက စာရင်းလာရှင်းလျှင် သူ၏အမျက်ဒေါသပြေစေရန် သူမ၏အသက်ကို စွန့်လွှတ်ရုံသာ ရှိတော့သည်။
တစ်ချိန်တည်းမှာပင် သူမ၏ နှလုံးသားထဲ၌ မျှော်လင့်ချက်ရောင်ခြည်တစ်ခုလည်း ပေါက်ဖွားလာခဲ့သည်။
ကျုံးချင် ပြသခဲ့သော ထူးကဲသည့် စွမ်းအားများနှင့်ဆိုလျှင် သူ အနိုင်ရရန် မျှော်လင့်ချက် မမဲ့နိုင်ချေ။