ဒီလူအိုကြီးက ဘယ်ကရောက်လာတာလဲ
Vol. 8 Ch. 73
ဝူကျီဂိုဏ်း၏အင်အားသည် အလွန်ကြီးမားပေ၏။
ထိုဂိုဏ်း၏ လွှမ်းမိုးမှုသည် ရေကန်ငါးသွယ် ပင်လယ်လေးစင်းမှသည် အရှေ့ပိုင်းဒေသ၏ နေရာအများစုအထိ ဖြန့်ကျက်ထားသည်။
ရှီရှောင်ထျန်းသည် ဝူကျီဂိုဏ်း၏ အဋ္ဌမအကြီးအကဲဖြစ်သည့်အပြင် ဆေးပညာရှင်တစ်ဦးအနေဖြင့် ထူးကဲသော အဆင့်အတန်းရှိသူဖြစ်ရာ ဂိုဏ်းအတွင်း၌ အလွန်မြင့်မားသော အာဏာကို ကိုင်စွဲထားသူပင်။
သူ၏ အမိန့်ပေးမှုကြောင့် မကြာမီမှာပင် ကျုံးချင်နှင့်ပတ်သက်သော သတင်းအချက်အလက်များသည် သူ၏စားပွဲပေါ်သို့ ရောက်ရှိလာခဲ့သည်။
ဤလောကကြီးတွင် ကျုံးချင်ဟူသည့် အမည်ရှိသောလူများ အမြောက်အများရှိပေ၏။
သို့သော် စုယဲ့ အမည်ရှိသော တပည့်တစ်ဦးပါရှိသော ကျုံးချင်ဆိုသည်မှာ ရှန်ကျန်းဂိုဏ်းမှသာ ဖြစ်နိုင်သည်။
ပင်မခန်းမဆောင်အတွင်း၌...
ကျုံးချင်သည် ရှန်ကျန်းဂိုဏ်းမှ ဖြစ်ကြောင်း ဖော်ပြထားသော သတင်းအချက်အလက်များကို ရှီရှောင်ထျန်းက ကြည့်ရှုလိုက်သည်။
ထို့နောက် သူသည် မထီမဲ့မြင် ပြုံးလိုက်၏။
"ဒုတိယတန်းစား ဂိုဏ်းငယ်လေးက သာမန်တောင်သခင်လေးတစ်ယောက်က ငါ့ရဲ့ အခွင့်အရေးကို လုယူရဲတယ်ပေါ့"
"သူက သေလမ်းရှာနေတာပဲ"
စုံစမ်းစစ်ဆေးချိန် အကန့်အသတ်ရှိသောကြောင့် ကျုံးချင်နှင့်ပတ်သက်သော သတင်းအချက်အလက်များတွင် သူ၏ နောက်ခံသမိုင်းကြောင်း စုယဲ့ကို တပည့်အဖြစ် လက်ခံခဲ့ပုံနှင့် သွေးနတ်ဆိုးကို လက်ညှိုးတစ်ချောင်းတည်းဖြင့် ချေမှုန်းခဲ့သည့် အကြောင်းအရာများသာ ပါဝင်သည်။
"အဋ္ဌမအကြီးအကဲ... စုံစမ်းစစ်ဆေးချက်တွေအရ ဒီလူက သာမန်မဟုတ်တဲ့ပုံပဲ"
"သူ့ရဲ့ လုပ်ဆောင်ချက် အများစုကို အပြည့်အစုံ မဖော်ထုတ်နိုင်သေးဘူး"
"ကျွန်တော်တို့ ဆက်ပြီး အသေးစိတ်စုံစမ်းစစ်ဆေးဖို့ လိုသေးလား...."
ရှီရှောင်ထျန်း၏ရှေ့တွင် ရှိနေသည့် အနက်ရောင်ဝတ်ရုံ လွှမ်းခြုံထားသော အမျိုးသားတစ်ဦးက မေးမြန်းလိုက်သည်။
ဤလူသည် ဝူကျီဂိုဏ်း၏ သတင်းအချက်အလက် စုဆောင်းခြင်းနှင့် ထောက်လှမ်းရေးလုပ်ငန်းများကို တာဝန်ယူရသော အမှောင်အစောင့်ခေါင်းဆောင်ပင်။
"မလိုဘူး...."
ရှီရှောင်ထျန်းက လက်ကာပြလိုက်သည်။
"ရှန်ကျန်းဂိုဏ်းက သာမန်တောင်သခင်လေးတစ်ယောက်ပဲ... သူ့ရဲ့အထောက်အထားကို သိရရင် လုံလောက်ပြီ"
"သူက ထူးခြားတယ်ဆိုရင်တောင်မှ ဘယ်လောက်များ ထူးခြားနိုင်မှာမလို့လဲ"
"မင်း ထွက်သွားလို့ရပြီ"
"ဟုတ်ကဲ့ပါ အဋ္ဌမအကြီးအကဲ"
အမှောင်အစောင့်ခေါင်းဆောင်က ကျုံးချင်သည် ရိုးရှင်းသူ မဟုတ်ကြောင်း ဝိုးတဝါး ခံစားမိနေခဲ့သည်။
သူသည် အဋ္ဌမအကြီးအကဲကို သတိပေးရန် ရည်ရွယ်ခဲ့သော်လည်း တစ်ဖက်လူ၏ ဂရုမစိုက်သော သဘောထားကို မြင်လိုက်ရသဖြင့် သသ ပြောမည့်စကားများအားလုံးကို မျိုသိပ်လိုက်ရတော့သည်။
သူ ဦးညွှတ်ပြီး ပြင်ပသို့ ထွက်ခွာသွားခဲ့သည်။
အမှောင်အစောင့်ခေါင်းဆောင် ထွက်ခွာသွားသည်နှင့် ရှီရှောင်ထျန်းသည် ဝူကျီဂိုဏ်းမှ ထပ်မံ၍ ထွက်ခွာသွားခဲ့သည်။
ဤတစ်ကြိမ်တွင် သူ၏ပစ်မှတ်သည် ရှင်းလင်းပြတ်သားပေ၏။ သူသည် ရှန်ကျန်းဂိုဏ်း၏ မူဖူတောင်သို့ တန်းတန်းမတ်မတ် ဦးတည်သွားခြင်း ဖြစ်ပေသည်။
သူ၏စိတ်ထဲတွင် ဒုတိယတန်းစား ဂိုဏ်းတစ်ဂိုဏ်းမှ တောင်သခင်တစ်ဦးကို သူ၏အဆင့်အတန်းဖြင့်ဆိုလျှင် စိတ်တိုင်းကျ ပုံသွင်းနိုင်မည်ဟု တွေးထင်ထားခဲ့သည်။
...
မူဖူတောင်ပေါ်တွင်....
"ဝုန်း..."
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံနှင့်အတူ ခြံဝန်း၏အထက်တွင် မီးခိုးမည်းများ တလိမ့်လိမ့်မြင့်တက်လာခဲ့သည်။
"အဟွတ်... အဟွတ်..."
ဆေးလုံးသန့်စင်နေသော ကျုံးချင်သည် လက်ကိုဝှေ့ယမ်းကာ အသက်ရှုမွန်းကြပ်စေသော မီးခိုးများကို ဖယ်ရှားလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ စိတ်ပျက်အားလျော့သကဲ့သို့ ခံစားလိုက်ရသည်။
"ငါက လုပ်ငန်းစဉ်အတိုင်း သေချာလုပ်ခဲ့တာပဲ... ဘာလို့ ဆေးမီးဖို ပေါက်ကွဲသွားတာလဲ"
အခန်းထောင့်တစ်နေရာတွင် စွန့်ပစ်ထားသော ဆေးမီးဖိုအပုံလိုက်ကို တွေ့မြင်နိုင်သည်။
ခြံဝန်းအလယ်ရှိ ဆေးမီးဖိုသည်လည်း တစ်ဝက်ခန့် ကြေမွှသွားလေပြီ။
တခြားလူများ ဆေးလုံးသန့်စင်လျှင် စိတ်ဝိညာဉ်ဆေးပင်များကိုသာ ကုန်ကျစေသည်။
ကျုံးချင် ဆေးလုံးသန့်စင်လျှင် စိတ်ဝိညာဉ်ဆေးပင်များအပြင် ဆေးမီးဖိုများကိုလည်း ကုန်ကျစေပေ၏။
"ဆေးမီးဖို အရည်အသွေး မကောင်းလို့များလား"
ထိုသို့စဉ်းစားနေရင်းနှင့် ကျုံးချင်သည် တံခါးအပြင်ဘက်ရှိ လင်းဖုန်းကိုကြည့်ကာ ပြောဆိုလိုက်၏။
"တပည့်... ဆေးသန့်စင်ခြင်းတောင်ကို သွားပြီးတော့ ငါ့အတွက် အရည်အသွေး ပိုကောင်းတဲ့ ဆေးမီးဖိုတစ်လုံးလောက် သွားတောင်းပေးစမ်းပါ"
ကျုံးချင်သည် သူ ကျရှုံးရသည့် အကြောင်းအရင်းများကို စာအုပ်တစ်အုပ်ထဲတွင် မှတ်တမ်းတင်ထားလိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် ကျရှုံးမှု အကြောင်းအရင်းများကို စဉ်ဆက်မပြတ် အနှစ်ချုပ်ပြီး အမျိုးအစား ခွဲခြားထားသည်။
တံခါးအပြင်ဘက်တွင် ကျင့်ကြံနေသော လင်းဖုန်းသည် ထိုစကားကို ကြားချိန်၌ အလျင်အမြန် မတ်တတ်ထရလိုက်သည်။
"ခဏလောက် စောင့်ပါအုံး ဆရာ..."
သူသည် တုံ့ပြန်ပြောဆိုလိုက်ပြီး ရှန်ကျန်းဂိုဏ်း၏ ဆေးသန့်စင်ခြင်းတောင်သို့ တန်းတန်းမတ်မတ် ထွက်ခွာသွားလေ၏။
မကြာမီ သူသည် ခန်းမဆောင်တစ်ခုသို့ ရောက်ရှိလာပြီး ဤသည်မှာ ဆေးသန့်စင်ခြင်းတောင်၏ တောင်သခင် ကောချန်ချင်း နေထိုင်သော နေရာပင်။
"လင်းဖုန်းပါလား... ရောက်လာပြီကိုး..."
"မြန်မြန် ဝင်လာခဲ့လေ..."
ကောချန်ချင်းသည် ဧည့်သည်ကို မြင်လိုက်ရချိန်၌ စိတ်အားထက်သန်မှုအပြည့်ဖြစ်သွားကာ သူ၏မျက်နှာတွင် အပြုံးများ ဝေဆာနေသည်။
"ငါ လက်ဖက်ခြောက်အသစ်တွေ ဝယ်ထားတယ်... လာပြီးမြည်းစမ်းကြည့်ပါအုံး"
"မင်း ကောင်းတယ်လို့ ထင်ရင်...အပြန်ကျ မင်းရဲ့ဆရာ မြည်းစမ်းကြည့်ဖို့ ယူသွားလိုက်အုံး...."
"တောင်သခင်ကော..."
လင်းဖုန်းက သူ၏လက်ကိုပူးဆုပ်ပြီး ဦးညွှတ်လိုက်သည်။
"ဒီနေ့ တပည့်လာတာက လက်ဖက်ရည်သောက်ဖို့ မဟုတ်ပါဘူး... ဆရာ့အတွက် အရည်အသွေးမြင့် ဆေးမီးဖိုတစ်လုံး တောင်းချင်လို့ပါ"
"တောင်သခင်ကောက ကူညီပေးနိုင်မလား..."
"ကူညီဖို့လား...ဘာများ အဆင်မပြေစရာ ရှိလို့လဲ....ငါတို့အားလုံးက တစ်ဂိုဏ်းတည်းသားတွေပဲ... မင်းတို့တွေကို ကူညီတာက ကိုယ့်ကိုယ်ကိုယ် ကူညီတာပဲလေ..."
ကောချန်ချင်းသည် ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းလိုက်ပြီး အဆင့်နိမ့်တပည့်တစ်ဦးကို ဆင့်ခေါ်လိုက်သည်။
"ငါ့ရဲ့ 'ခရမ်းစိမ်းစိတ်ဝိညာဉ်ဆေးမီးဖို'ကို ယူခဲ့စမ်း... ဂျူနီယာတူလေးလင်းကို ပြန်ယူသွားခိုင်းလိုက်မယ်"
တပည့်ဖြစ်သူသည် သိသိသာသာ ထိတ်လန့်သွားပေ၏။
"ဆရာ... ဆရာ... အဲ့ဒီ ခရမ်းစိမ်းစိတ်ဝိညာဉ်ဆေးမီးဖိုက ဆရာ့ရဲ့ အမြတ်နိုးဆုံး ရတနာလေ... ဆေးသန့်စင်ခြင်းတောင်ရဲ့ ရတနာပါ... ဆရာက တကယ်ကြီး ပေးလိုက်တော့မလို့လား"
"မင်း ဘာတွေ ပေါက်ကရ ပြောနေတာလဲ... ငါ ယူခိုင်းရင် သွားယူလိုက်စမ်း"
"ရတနာက ဘယ်လောက်ပဲ တန်ဖိုးရှိရှိ သက်မဲ့ပစ္စည်းပဲ"
"ငါနဲ့ မူဖူတောင်သခင်ကြားက သံယောဇဉ်နဲ့ ညီအစ်ကိုရင်းချာ စိတ်ဓာတ်ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ"
ထိုစကားကိုပြောဆိုရင်းနှင့် သူက လင်းဖုန်းဘက်သို့လှည့်ပြီး ပြောဆိုလိုက်၏။
"မိသားစုအချင်းချင်း ယဉ်ကျေးနေဖို့ မလိုပါဘူး...မင်းရဲ့ဆရာက ဆေးမီးဖို လိုချင်ရင် ငါ့ကို ပြောလိုက်ရုံပဲ....လဲလှယ်တာတွေ ဘာတွေ လုပ်နေစရာ မလိုဘူး... အဲ့ဒါက သိပ်ပြီးသူစိမ်းဆန်လွန်းတယ်"
မကြာမီ တပည့်နှစ်ဦးသည် လူတစ်ယောက်၏ အရပ်တစ်ဝက်ခန့် မြင့်မားပြီး ခရမ်းရောင်နှင့် အစိမ်းရောင် ရောယှက်နေသော ပိဿာတစ်သောင်းကျော် အလေးချိန်ရှိသည့် ဆေးမီးဖိုကြီးတစ်လုံးကို သယ်ဆောင်လာကြသည်အား တွေ့မြင်လိုက်ရသည်။
ကောချန်ချင်းက ထိုဆေးမီးဖိုကို လက်ညှိုးညွှန်ပြပြီး ပြောဆိုလိုက်သည်။
"ဒါကို မူဖူတောင်က မင်းနဲ့စုယဲ့လို ထူးချွန်တဲ့ တပည့်နှစ်ယောက်ကို လက်ခံရရှိတဲ့အတွက် ငါ့ရဲ့ ဂုဏ်ပြုလက်ဆောင်လို့ပဲ သဘောထားလိုက်ပါ"
ဤသဘောထားသည် ဆေးသန့်စင်ခြင်းတောင်မှ တပည့်များကို ကြောင်အသွားစေခဲ့သည်။
ဆေးသန့်စင်ခြင်းတောင်သခင်၏ စိတ်အားထက်သန်မှုက လင်းဖုန်းကိုလည်း အတော်လေး နေရခက်စေခဲ့သည်။
ရတနာများကို အလကား ပေးရုံသာမက သူ့ကို မိုးနှင့်မြေကြားတွင် ထူးချွန်သူ ဖြစ်ကြောင်း ချီးကျူးကာ သွယ်ဝိုက်သောနည်းဖြင့် ဆရာထံသို့ သတင်းရောက်စေရန်ပင် ကြိုးစားနေပေ၏။
သို့သော် လင်းဖုန်းသည် မည်သည်ကြောင့် ဤသို့ဖြစ်ရသည်ကို နားလည်လိုက်သည်။
ကျုံးချင်၏တပည့်ဖြစ်ခွင့် ရရှိခြင်းသည် အမှန်တကယ်ကို သူ့ဘဝ၏ အထွတ်အထိပ်သို့ ရောက်ရှိခြင်းပင်။
လင်းဖုန်း ထွက်ခွာသွားပြီးနောက် တပည့်များသည် ကောချန်ချင်းကို နားမလည်နိုင်စွာ ကြည့်နေကြသည်။
"တောင်သခင်... အဲ့ဒါက ကျွန်တော်တို့ ဆေးသန့်စင်ခြင်းတောင်ရဲ့ ရတနာလေ... ဆရာက ဒီအတိုင်း ပေးလိုက်တာလား... အရမ်းအလျင်လိုလွန်း မနေဘူးလား"
"ဟမ့်..."
"ငါ ဘာလုပ်ရမယ်ဆိုတာ မင်းတို့က သင်ပေးစရာ လိုလို့လား"
ကောချန်ချင်းက အော်ငေါက်လိုက်သည်။
"တပည့်တို့ မဝံ့ရဲပါဘူး"
တပည့်များအားလုံး ခေါင်းငုံ့သွားကြပြီး မျက်နှာငယ်လေးများဖြင့် ဖြစ်သွားကြသည်။
ကောချန်ချင်းသည် သူတို့ မည်သည့်အရာအားတွေးတောနေသည်ကို ဂရုမစိုက်ချေ။
သူသည် အနည်းငယ် စိတ်လှုပ်ရှားနေရုံသာ ဖြစ်ပေ၏။
သာမန်တပည့်များသည် ကျုံးချင်၏အထောက်အထားကို မသိကြပေ။
တောင်သခင်တစ်ဦးဖြစ်သော သူကမူ မည်သည်ကြောင့် မသိဘဲ နေမည်နည်း...
ဤသည်မှာ အင်မော်တယ်ဧကရာဇ် ဝင်စားသူဖြစ်ပြီး တိမ်တိုက်များ၏အထက်တွင် ရပ်တည်နိုင်သော ပုဂ္ဂိုလ်ပဲပင်။
ယခုချိန်၌ ကျုံးချင် နာမည်မကြီးသေးခင်မှာတွင် သူသည် ဂိုဏ်းစောင့်ရတနာကို ပေးပို့ပြီး ကောင်းမွန်သော အထင်အမြင်ကို ချန်ထားခဲ့ရပေမည်။
နောင်တစ်ချိန် ကျုံးချင် ကြီးမြတ်သူဖြစ်လာချိန်၌ သူ့ကို အနည်းငယ်သတိရပြီး လက်သည်းကြားကနေ တစ်ခုခု စွန့်ကြဲပေးလိုက်ရင်လျှင် ဤသည်က အဆရာထောင်ချီ၍ ပြန်ရခြင်း မဟုတ်လော....
ထိုအချိန်ကျလျှင် လူအများသည် ရှားပါးပြီး တန်ဖိုးရှိသော ရတနာများ ကျုံးချင်ကို ပေးချင်သော်လည်း နည်းလမ်းရှာမတွေ့ ဖြစ်နေမည်မှာ သေချာပေါက်ပင်။
ကောချန်ချင်း အနည်းငယ် စိတ်ကျေနပ်အားရသွားသည်။
ဤအကွက်နှင့်ဆိုရင် တပည့်များသည် အောက်ဆုံးအလွှာ၌ ရှိနေပြီး သူကမူ အနည်းဆုံး တတိယအလွှာလောက် ရောက်နေလေပြီ။
သူသည် သူတို့ထက် အဆင့်နှစ်ဆင့်လောက် သာနေသည့် သဘောပင်။
သူ တောင်သခင် ဖြစ်လာရသည်မှာ အကြောင်းအရင်းများ ရှိနေပေ၏။
'သူ့ရဲ့ အမြင်က မတူဘူး... သူ့ရဲ့ မဟာဗျူဟာအမြင်က မတူဘူး... ပြီးတော့ သူ စဉ်းစားတဲ့ ပြဿနာတွေရဲ့ အဆင့်အတန်းကလည်း မတူဘူး'
အခြားတစ်ဖက်တွင်....
လင်းဖုန်းသည် ခရမ်းစိမ်းစိတ်ဝိညာဉ်ဆေးမီးဖိုကို မူဖူတောင်သို့ သယ်ဆောင်လာချိန်၌ ကျုံးချင် အလွန်ဝမ်းသာသွားသည်။
သူ ဤဆေးမီးဖိုကို မြင်မြင်ချင်း သဘောကျသွားသည်။
ကြီးမားတယ်... ခမ်းနားထည်ဝါတယ်... ပြီးတော့ အဆင့်အတန်းရှိတယ်... ရှေးဆန်တယ်... လှပတယ်... နက်နဲသိမ်မွေ့တယ်...
"ကဲ... မင်း သွားပြီးကျင့်ကြံတော့... ငါ ဆေးသန့်စင်လိုက်အုံးမယ်"
ကျုံးချင်သည် သူ၏ဆေးမီးဖိုအသစ်ဖြင့် ဆေးသန့်စင်ခြင်း ခရီးစဉ်အသစ်ကို စတင်ရန် စိတ်အားထက်သန်နေလေပြီ။
"ဟုတ်ကဲ့ပါ ဆရာ"
လင်းဖုန်းက လေးလေးစားစား ဦးညွှတ်ပြီး ထွက်ခွာသွားသည်။
ကျုံးချင်သည် ခရမ်းစိမ်းဆေးမီးဖိုကို မီးပုံပေါ်၌ တင်လိုက်သည်။
သူသည် ကျွမ်းကျင်စွာ မီးမွှေးလိုက်ပြီး အပူပေးကာ စိတ်ဝိညာဉ်ဆေးပင်များကို ခွဲခြားလိုက်၏။
သူ ကံကောင်း၍လော သို့မဟုတ် ဆေးမီးဖိုအသစ်က စွမ်းအားကြီး၍လောဟု မသိရသော်လည်း...
ဤတစ်ကြိမ်မူ ဆေးမီးဖို မပေါက်ကွဲတော့ပေ။
ဆေးလုံးများကိုလည်း သူ အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။
သို့သော် ကျုံးချင်သည် ခရမ်းစိမ်းစိတ်ဝိညာဉ်ဆေးမီးဖိုထဲမှ ပြီးစီးသွားသော ဆေးလုံးကို ထုတ်ယူလိုက်ချိန်၌ သူ၏ဘဝအပေါ် သံသယဝင်သွားမိသည်။
"ဒါက ဆေးလုံး ဟုတ်ရဲ့လား"
လူအများသည် ဝက်သတ်ခြင်းအား မမြင်ဖူးသော်လည်း ဝက်သားကိုမူ စားဖူးသည် မဟုတ်လော...
ဆေးပညာရှင်အများစု သန့်စင်လိုက်သော ဆေးလုံးများသည် မွှေးကြိုင်ပြီး ဆွဲဆောင်မှုရှိကာ အရောင်အသွေး စိုပြေဝင်းလက်နေသည်။ ထိုဆေးလုံးများမှ စိတ်ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်ထားကာ မြင်လိုက်သည်နှင့် စားချင်စဖွယ် ဖြစ်နေသည်ဟု သူ ကြားဖူးပေ၏။
သို့ရာတွင် သူ သန့်စင်လိုက်သော ဆေးလုံးများကမူ....
အဖုအထစ်များဖြစ်နေကာ အရောင်သည်လည်း မှိုင်းညို့ညို့ အဝါရောင်ဖြစ်နေပြီး ဆေးလုံးရနံ့ မွှေးရန်မဆိုထားနှင့် တူးနံ့ပင် ရနေသည်။
ကျုံးချင်သည် ထိုအရာများကို ၁၅ မိနစ်ခန့် စိုက်ကြည့်နေမိပြီး အမှိုက်ပုံးထဲ လွှင့်ပစ်ချင်စိတ် ပေါက်လာသည်။
သို့ရာတွင် သူ ပြန်စဉ်းစားကြည့်ချိန်၌ အနည်းငယ် နှမြောနေမိသည်။
သူ ဤဆေးလုံးများကို ပင်ပင်ပန်းပန်း သန့်စင်ထားရသည် မဟုတ်လော...
ဆေးအာနိသင်ကိုပင် မသိရဘဲ လွှင့်ပစ်လိုက်ရသည်က အနည်းငယ် နောင်တရစရာ ကောင်းပြီး ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။
သူ၏ဆေးသန့်စင်နည်းသည် ပင်မရေစီးကြောင်းနဲ့ ကွဲပြားနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
သူသည် ဆေးပညာလမ်းကြောင်းသစ်တစ်ခုကို ဖွင့်လှစ်လိုက်ခြင်းပင် ဖြစ်ကောင်းဖြစ်နိုင်ပေ၏။
ထိုသို့တွေးတောပြီးနောက် ကျုံးချင်က ထိုဆေးလုံးများကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။
ထို့နောက် သူသည် ဆေးလုံးများ၏ပုံပန်းသဏ္ဍာန်ကို အခြေခံပြီး 'အဖုအထစ်ဆေးလုံးများ'ဟု အလွန်လိုက်ဖက်သော နာမည်ဆန်းတစ်ခု ပေးလိုက်သည်။
သို့သော် ဆေးလုံးများ ရရှိလာပြီဖြစ်သော်လည်း အာနိသင်ကို မသိရသေးသဖြင့် ကျုံးချင် အတော်လေး သိချင်နေမိသည်။
ထိုအချိန်တွင်...
တိမ်တိုက်များအထက်၌...
အလင်းတန်းတစ်တန်း ပျံသန်းရောက်ရှိလာပြီး သက်တန့်တစ်ခုအလား အရှိန်အဟုန် ပြင်းထန်သည်။
ထို့နောက်နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါများ ထွက်ပေါ်လာပြီး လေနှင့်တိမ်တိုက်များကို တုန်ခါသွားစေသည်။
ထိုအလင်းတန်းသည် အလွန်မြန်ဆန်ပြီး ခြံဝန်းငယ်လေးအထက်သို့ ချက်ချင်း ရောက်ရှိလာကာ လူရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပေ၏။
ဤပုဂ္ဂိုလ်သည် ရှီရှောင်ထျန်းပင်။
သူသည် ခြံဝန်းငယ်လေး၏ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ ကြည့်ရှုလိုက်ပြီး နောက်ဆုံးတွင် ကျုံးချင်အပေါ်သို့ သူ၏အကြည့် ကျရောက်သွားသည်။
"မင်းက မူဖူတောင်သခင် ကျုံးချင် လား"
သူသည် လက်နောက်ပစ်၍ မတ်တတ်ရပ်နေပြီး ကောင်းကင်ဘုံကိုးထပ်မှ နတ်ဘုရားတစ်ပါးက လူ့လောကမှ ပုရွက်ဆိတ်များကို ငုံ့ကြည့်နေသည့်အလား မောက်မာသော ကိုယ်နေဟန်ထား ရှိနေသည်။
ထိုအကြည့်က ကျုံးချင်ကို အလွန်နေရခက်စေခဲ့သည်။
"ခင်ဗျားက ဘယ်သူလဲ"
သူက ရှီရှောင်ထျန်းကို မော့ကြည့်ပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
"ငါ မေးနေတယ်... မင်းက မူဖူတောင်သခင် ကျုံးချင်လား...."
ရှီရှောင်ထျန်း၏လေသံသည် သုံးဆမျှ ပိုမိုနက်ရှိုင်းလာပြီး မိုးခြိမ်းသံအလား ခြံဝန်းငယ်လေးထဲတွင် ပေါက်ကွဲသွားသည်။
ကျုံးချင်၏မျက်နှာ မည်းမှောင်သွားသည်။
"လေကြီးမိုးကြီးနဲ့ ပြောနေပါလား...ဒီ မောက်မာတဲ့ လူအိုကြီးက ဘယ်ကရောက်လာတာလဲ"
ကျုံးချင်လည်း နားမလည်နိုင် ဖြစ်နေသည်။ သူ၏မူဖူတောင်သည် တိတ်ဆိတ်ငြိမ်သက်နေသည့်တိုင် မည်သည့်နေရာမှနေ၍ ဤကဲ့သို့ ရှေးဆန်သော လူအိုကြီးတစ်ယောက် ရုတ်တရက် ရောက်ရှိလာပါသနည်း....
"မင်း ဘယ်လိုတောင် သတ္တိကောင်းနေတာလဲ... ငါက မြင့်မြတ်နယ်မြေက အကြီးအကဲတစ်ယောက်ပဲ... မင်းက ငါ့ကို ဒီလိုပြောရဲတယ်ပေါ့"
"မင်း သေလမ်းရှာနေတာလား"
"မင်း အခြေအနေကို နားလည်တယ်ဆိုရင် ကောင်းကင်စိတ်ဝိညာဉ်မြက်ကို မြန်မြန် ထုတ်ပေးစမ်း"
"ဒါဆိုရင် မင်းရဲ့ ရိုင်းစိုင်းမှုတွေကို ငါ လျစ်လျူရှုပေးကောင်း ပေးနိုင်တယ်"
"မဟုတ်ရင်... မြင့်မြတ်နယ်မြေရဲ့အင်အားနဲ့ စွမ်းအားကြီးကျင့်ကြံသူတစ်ယောက်ရဲ့ အမျက်ဒေါသကို မင်း နားလည်သွားအောင် ငါ လုပ်ပြရလိမ့်မယ်"
ထိုစကားကိုပြောနေရင်း သူ၏ အရှိန်အဝါ မြင့်တက်လာပြီး ကျုံးချင်ကို ဖိနှိပ်ကာ သူ၏ခြေရင်းတွင် ဒူးထောက်ခိုင်းစေရန် ရည်ရွယ်ထားကြောင်း သိသာထင်ရှားပေ၏။
ဤအပြုအမူက ကျုံးချင်ကို လုံးလုံးလျားလျား ဒေါသထွက်သွားစေခဲ့သည်။
သူသည်မည်သည့်စကားမျှဆက်မပြောတော့ဘဲ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
ရှီရှောင်ထျန်းသည် တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ သတိလစ်မေ့မြောသွားခဲ့သည်။
သူ၏အသိစိတ် မကွယ်ပျောက်ခင်၌ ရေရွတ်သံတစ်သံကို ဝိုးတဝါး ကြားလိုက်ရပေ၏။
"ဆေးအာနိသင်ကို စမ်းသပ်ဖို့ စမ်းသပ်ခံကြွက်တစ်ကောင်ကို ဘယ်ကရှာရမလဲလို့ ငါ စဉ်းစားနေတုန်း... မင်းက ငါ့ရဲ့အိမ်ပေါက်ဝအထိ ရောက်လာပေးတာပဲ..."