← Chapters

ကျုံးချင်၏ စမ်းသပ်ကြွက်ဖြူလေး

Vol. 8 Ch. 74

ကျုံးချင်၏ စမ်းသပ်ကြွက်ဖြူလေး

Vol. 8 Ch. 74

ရှီရှောင်ထျန်း နိုးလာချိန်၌ ခေါင်းကိုက်ဝေဒနာကို ပြင်းထန်စွာ ခံစားလိုက်ရသည်။

သူသည် ဥက္ကာခဲနှင့် ဝင်တိုက်မိသည့်လား သူ၏ခေါင်းတစ်ခုလုံး နာကျင်နေသည်။

အချိန်အတော်ကြာပြီးမှ သူသည် ဇဝေဇဝါမေးခွန်းများကို မေးမြန်းလိုက်မိသည်။

"ငါက ဘယ်သူလဲ"

"ငါ ဘယ်ရောက်နေတာလဲ"

"ငါ ဘာလုပ်ရမှာလဲ"

...

နောက်ထပ် နာရီဝက်ခန့် ကုန်ဆုံးသွားခဲ့သည်။

နောက်ဆုံးတွင် သူ၏အတွေးများကို ရှင်းလင်းနိုင်ခဲ့သည်။

"ငါက မြင့်မြတ်နယ်မြေရဲ့ အဋ္ဌမအကြီးအကဲပဲ"

"ငါ ဒီကိုလာတာ ရှန်ကျန်းဂိုဏ်းမှာ ကောင်းကင်စိတ်ဝိညာဉ်မြက် လာရှာတာလေ"

"ဒီလူအိုကြီးကို လူယုတ်မာတွေက ခြုံခိုတိုက်ခိုက်လိုက်တာပဲ ဖြစ်မယ်"

ကျုံးချင်၏လှုပ်ရှားမှုသည် မြန်ဆန်လွန်းသောကြောင့် ရှီရှောင်ထျန်းသည် မည်သို့ဖြစ်သွားမှန်းကိုပင် မမြင်လိုက်ရဘဲ သတိလစ်သွားခဲ့ရခြင်းဖြစ်သည်။

သူ မော့ကြည့်လိုက်ပြီး ပတ်ဝန်းကျင်ကို လေ့လာလိုက်၏။

ဤသည်က ခြံဝန်းငယ်လေးတစ်ခုပင်။

ခြံဝန်းလေးသည် အလွန်သေသပ်လှပကာ အလယ်တည့်တည့်တွင် ဆေးမီးဖိုတစ်လုံး ရှိနေသည်။

ဆေးမီးဖို၏ရှေ့တွင် ရေတွင်းတစ်တွင်း ရှိပြီး ရေတွင်း၏လက်ယာဘက်အရှေ့တွင် သစ်ပင်နှစ်ပင် ရှိသည်။

ထိုသစ်ပင်နှစ်ပင်လုံးသည် ဇီးပင်များပင်။

ခြံဝန်းငယ်လေး၏ဘေးတွင် ခြံစည်းရိုးခတ်ထားသော နေရာတစ်ခုလည်း ရှိနေပေ၏။

ထိုနေရာတွင် ဝက်တစ်ကောင်ကို မွေးထားသည်။

ဤသည်က တောသူတောင်သားတစ်ယောက်၏ ခြံဝန်းငယ်လေးကဲ့သို့ အလွန်ရိုးရှင်းပြီး သဘာဝကျသည်။

"အော်... ခင်ဗျား နိုးလာပြီကိုး"

ထိုအချိန်တွင် ကျုံးချင်သည် စိတ်ဝိညာဉ်ဆေးပင်များကို ပွေ့ပိုက်ပြီး ခြံဝန်းထဲမှ ထွက်လာခဲ့သည်။

သစ်ပင်တွင် ကြိုးတုပ်ခံထားရသော ရှီရှောင်ထျန်းကို မြင်မိချိန်၌ သူ ပြုံးလိုက်သည်။

အကျဉ်းသားတစ်ဦး ဖြစ်နေသည့်တိုင် ရှီရှောင်ထျန်း၏အရိုးထဲတွင် အကန့်အသတ်မဲ့သော မောက်မာမှုများ ရှိနေဆဲပင်။

"မင်း အခြေအနေကို နားလည်တယ်ဆိုရင် ငါ့ကို အမြန်လွှတ်ပေးစမ်း"

"ဒီလူအိုကြီးက မြင့်မြတ်နယ်မြေရဲ့ အကြီးအကဲတစ်ယောက်ပဲ"

"ဝူကျီဂိုဏ်းရဲ့ အမျက်ဒေါသကို မင်းတို့လို ရှန်ကျန်းဂိုဏ်းအသေးစားလေးက ခံနိုင်မှာ မဟုတ်ဘူး"

"မင်းတို့ဂိုဏ်းအပေါ် ကပ်ဘေးဆိုက်အောင် မလုပ်နဲ့"

သူက မျက်ခုံးများကိုတွန့်ချိုး၍ ကျုံးချင်ကို စိုက်ကြည့်နေပြီး လေသံသည် အလွန်မောက်မာကာ သူ့ကိုယ်သူ အလွန်အရေးကြီးသော ပုဂ္ဂိုလ်ဖြစ်သည့်အလား ပြုမူနေသည်။

ကျုံးချင်၏အပြုံးကမူ ပြောင်းလဲခြင်း မရှိပေ။

"လာ... ဒီဆေးလုံးကို စားလိုက်"

သူ သန့်စင်ထားသော အဖုအထစ်ဆေးလုံးကို ထုတ်ယူလိုက်သည်။

သူသည် နောက်ထပ်ဘာစကားမျှ မပြောတော့ဘဲ ရှီရှောင်ထျန်း၏ပါးစပ်ထဲသို့ ထိုးထည့်လိုက်၏။

ရှီရှောင်ထျန်း၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။

ကျုံးချင်၏လက်ထဲမှ အရာကိုကြည့်ပြီး သူ၏ ဗိုက်ထဲတွင် ပျို့အန်ချင်သကဲ့သို့ ခံစားလိုက်ရသည်။

သူ အံ့တင်းတင်းကြိတ်ပြီး ပြောဆိုလိုက်သည်။

"မင်းက ဒါကို ဆေးလုံးလို့ ခေါ်တာလား"

အစွမ်းထက်သော ဆေးပညာရှင်တစ်ဦးအနေဖြင့် သူသည် ဆေးလုံးပေါင်းများစွာကို မြင်ဖူးခဲ့သည်။

ထိုဆေးလုံးများ၏အရည်အသွေးသည် စင်ကြယ်ပြီး အပြစ်အနာအဆာ ကင်းမဲ့သည် ကြမ်းတမ်းပြီး ညံ့ဖျင်းသည်အထိ အမျိုးမျိုး ရှိကြသည်။

သို့သော် ပုံသဏ္ဍာန်မမှန်ဘဲ အဖုအထစ်များ ဖြစ်နေသော ဆေးလုံးမျိုးကို သူ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

အဓိကအချက်မှာ ပုံသဏ္ဍာန်အဖုအထစ်ဖြစ်နေခြင်းသည် ကိစ္စတစ်ပိုင်းသာဖြစ်ပြီး....

အညစ်အကြေးများဖြင့် အစက်အပြောက်ဖြစ်နေသော ထူးခြားသည့် အသွင်အပြင်နှင့် အဝါရောင်သန်းနေသော အရောင်က ထိုအရာကို မစင်တုံးတစ်တုံးနှင့် တူစေသည်။

လူအများသည် မစင်တုံးကဲ့သို့ အရည်အသွေးညံ့သော ဆေးလုံးဟု တင်စားပြောဆိုတတ်ကြသော်လည်း...

ဤကျုံးချင်ကမူ မစင်တုံးကို တိုက်ရိုက်သန့်စင်ထားခြင်းပင်။

"ပညာရှင်တစ်ယောက်ကို သတ်ရင်သတ်လိုက်... ဒါပေမယ့် အရှက်တော့ မခွဲနဲ့ကွ"

"ကောင်လေး... မင်း ငါ့ကို ဒီလို စော်ကားရဲတယ်ပေါ့"

ရှီရှောင်ထျန်းသည် လက်မလျော့ဘဲ ပြင်းပြင်းထန်ထန် ရုန်းကန်နေသည်။

သို့သော် ကျုံးချင်က သူ၏ဗိုက်ကို လက်သီးဖြင့် ထိုးလိုက်ချိန်တွင် သူ၏ပါးစပ် ပွင့်ဟသွားပြီး ချက်ချင်းဆိုသလိုပင် ပျော့ခွေသွားတော့သည်။

"ဘာလို့ အခက်အခဲတွေ ဖန်တီးနေရတာလဲ... ငါနဲ့ ပူးပေါင်းလိုက်ရင် ပိုပြီးလွယ်ကူမှာ မဟုတ်ဘူးလား"

ကျုံးချင်သည် လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ဆေးလုံးကို ရှီရှောင်ထျန်း၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။

ဆေးလုံး၏အာနိသင်သည် အတော်လေး ပေါက်ကွဲအားကောင်းပေ၏။

ထိုအရာကို ရှီရှောင်ထျန်း မျိုချပြီးသည်နှင့် ချက်ချင်းဆိုသလိုပင် တုံ့ပြန်မှု ဖြစ်ပေါ်လာခဲ့သည်။

ရှီရှောင်ထျန်း၏ခန္ဓာကိုယ် စတင်၍ တုန်ခါလာသည်။ ထို့နောက် သူ၏ပါးစပ်မှ အမြှုပ်များ ထွက်လာပြီး မျက်ဖြူလန်သွားသည်။

သူ၏ဗိုက်ထဲတွင် အော်ဂလီဆန်နေပြီး မျက်နှာတပြင်လုံးတွင် အနီရောင်အဖုအပိမ့်များ အလွှာလိုက် ထွက်ပေါ်လာသည်။

သူ ထုံလည်းထုံ ယားလည်းယားနေသည်။

"ဒါက... မဖြစ်သင့်ဘူး"

ကျုံးချင်က မျက်မှောင်ကြုတ်လိုက်သည်။

သဘောတရားအရဆိုလျှင် ဆေးဖက်ဝင်ပစ္စည်းများအားလုံးသည် လူတစ်ယောက်၏ခန္ဓာကိုယ်အတွက် အကျိုးပြုသော စိတ်ဝိညာဉ်ဆေးပင်များ ဖြစ်ကြသည်။

ထိုအရာအားလုံး ပေါင်းစပ်လိုက်ချိန်၌ တစ်အပေါင်းတစ် ညီမျှခြင်း နှစ် ထက် မကရမည့်အစား မည်သည်ကြောင့် အဆိုးဘက်ရောက်သော သက်ရောက်မှုများ ဖြစ်ပေါ်လာရသနည်း။

"ရိုးရိုးသားသား ပြောစမ်း... မင်းက ဆေးလုံးတွေနဲ့ ဓာတ်မတည့်တာလား"

ကျုံးချင်၏ နားလည်မှုအရဆိုလျှင်...

ဆေးလုံးများနှင့် ဓာတ်မတည့်ခြင်းကသာ ဤရောဂါလက္ခဏာများ ပေါ်ပေါက်လာခြင်းကို ရှင်းပြနိုင်ပုံရသည်။

"ငါ မင်းကို ဆဲမိမယ်နော်..."

ဤအချိန်တွင် ရှီရှောင်ထျန်းသည် ဒေါသထွက်လွန်း၍ ဆဲဆိုမိလုနီးပါး ဖြစ်နေလေပြီ။

သူသည် ဝါရင့်ဆေးပညာရှင်တစ်ဦးပင်။

သူ၏ဆေးပညာစွမ်းရည်သည် မိုးကောင်းကင်အောက်တွင် ပြိုင်ဘက်ကင်း မဟုတ်လျှင်ပင် အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် နေရာတစ်နေရာ ရရှိထားသူဖြစ်သည်။

ယခု၌မူ လူတစ်ယောက်က သူ့ကို ဆေးလုံးများနှင့် ဓာတ်မတည့်သလောဟု မေးမြန်းနေပေ၏။

ဤမေးခွန်းက ငါးတစ်ကောင်ကို ရေကူးတတ်သလောဟု မေးမြန်းသည့်အလား ရယ်စရာကောင်းနေသည်။

သူ မပူးပေါင်းသည်ကို တွေ့ရသဖြင့်...

ကျုံးချင်က မနေနိုင်တော့ဘဲ ပြောဆိုလိုက်သည်။

"ဆေးညွှန်းကို ငါ ပြုပြင်လို့ရအောင် မင်းရဲ့ခန္ဓာကိုယ်က တုံ့ပြန်မှုတွေကို တစ်ခုချင်းစီ သေချာပြောပြတာ အကောင်းဆုံးပဲ"

"မဟုတ်ရင် ငါက ဆေးလုံးတွေကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်ရလိမ့်မယ်"

သူ့ကို တုံ့ပြန်လိုက်သည်မှာ ရှီရှောင်ထျန်း၏ အက်ကွဲသောအသံဖြင့် အော်ဟစ်သံပင်။

"ဒီလူအိုကြီးကို လွတ်အောင် မလုပ်မိစေနဲ့"

"မဟုတ်ရင် ဒီလူအိုကြီးက မင်းရဲ့ မိသားစုတစ်ခုလုံးကို သတ်ပစ်ပြီးတော့ သက်ရှိမှန်သမျှကို ငြိမ်းချမ်းမှုမရှိအောင် လုပ်ပစ်မယ်"

သူ၏မျက်လုံးများ နီရဲနေပြီး နာကျည်းမှုများဖြင့် ပြည့်နှက်နေသည်။

သူ၏သတ်ဖြတ်လိုစိတ်သည် မီးတောင်ငယ်လေး ပေါက်ကွဲသည့်အလား ဒေါသလှိုင်းလုံးများ တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်လာခဲ့သည်။

ရှီရှောင်ထျန်းအတွက်မူ သူသည် မြင့်မြတ်နယ်မြေ၏ အကြီးအကဲတစ်ဦးပင်။

သူ့တွင် ထူးကဲသော နည်းလမ်းများ ကြီးမားသောစွမ်းအား နက်ရှိုင်းသော နောက်ခံများရှိပြီး သူ၏ ဆေးပညာစွမ်းရည်မှာလည်း အမှန်တကယ်ကို ထူးချွန်သည်။

သူ့ကဲ့သို့လူစားမျိုးသည် မည်သည့်နေရာသို့သွားသည်ဖြစ်စေ အမြဲတစေ ရိုသေလေးစားခံရပြီး မြင့်မြတ်သော တည်ရှိမှုတစ်ခုပင်။

သူသည် ဤမျှကြီးမားသော အရှက်ခွဲမှုကို မည်သည့်အချိန်က ခံစားခဲ့ရဖူးသနည်း...

ဤမျှထိ ကြီးမားသော ဆုံးရှုံးမှုကို မည်သည့်အချိန်က ကြုံတွေ့ခဲ့ရဖူးသနည်း...

သူ မသက်မသာ ခံစားရလေလေ ကျုံးချင်အပေါ်ထားရှိသော အမုန်းတရားများက ပို၍တိုးပွားလာလေလေပင်။

ကျုံးချင်သည် ရှီရှောင်ထျန်း၏ခြိမ်းခြောက်မှုများကို လုံးဝဂရုမစိုက်ပေ။

မြင့်မြတ်နယ်မြေဆိုသည်မှာ အလွန်ထူးဆန်း သော ဂိုဏ်းကြီးတစ်ဂိုဏ်း မဟုတ်ဘဲ သူ၏မျက်လုံးထဲတွင်မူ သာမန်ပင်။

တစ်ဖက်လူ၏လုပ်ရပ်များသည် အစွမ်းအစမဲ့သော ဒေါသထွက်မှုများသာ ဖြစ်သည်။

သူသည် ဆေးလုံးသန့်စင်ခြင်းကို ဆက်လက်၍ လုပ်ဆောင်ကာ စမ်းသပ်မှုများကိုလည်း ဆက်လက်လုပ်ဆောင်သည်။

တစ်ချိန်တည်းမှာပင် သူသည် အချက်အလက်များကို မှတ်တမ်းတင်ထားလေ၏။

ဆေးသန့်စင်ချိန် တစ်ကြိမ်စီတွင် ထည့်သွင်းသော စိတ်ဝိညာဉ်ဆေးပင် ပမာဏနှင့် အချိုးအစား မတူညီမှုကြောင့် ဖြစ်ပေါ်လာသော ကွာခြားချက်များ...

အပူချိန်က ဆေးလုံးများအပေါ် မည်သည့်သက်ရောက်မှုများ ရှိသနည်း...

မတူညီသော ဆေးသန့်စင်ခြင်း နည်းစနစ်များကို အသုံးပြု၍ သန့်စင်ထားသော တူညီသော ဆေးလုံးများအကြား ကွာခြားချက်များသည် မည်သည့်အရာများ ဖြစ်သနည်း....

ဆေးလုံးသောက်ပြီးနောက် တွေ့ရှိရသော ကုသမှုဆိုင်ရာ လက္ခဏာများ...

မည်သည့်နေရာတွင် တိုးတက်ရန် လိုသနည်း...

မည်သည့်နေရာ၌ ဂရုစိုက်ရန် လိုသနည်း....

ကျုံးချင် မှတ်စုစာအုပ်လေးထဲတွင် အချက်အလက်များ သူ၏ ဆေးပညာဆိုင်ရာ ထိုးထွင်းသိမြင်မှုများဖြင့် ပြည့်နှက်နေသည်။

ဤ ခရမ်းစိမ်းစိတ်ဝိညာဉ်ဆေးမီးဖိုကြောင့်...

ကျုံးချင်၏ ဆေးသန့်စင်မှု အောင်မြင်နှုန်း များစွာ တိုးတက်လာသည်ဟု ပြောနိုင်သည်။

ယခင်က သူ့ဆေးသန့်စင်ရာတွင် အောင်မြင်နှုန်း ၂၀% ရှိခဲ့လျှင် ယခုအချိန်၌ ၃၀% နီးပါး ရှိလာလေပြီ။

သေချာသည်မှာမူ ထိုအရာများအနက်မှ အများစုသည် အဖုအထစ် ပုံသဏ္ဍာန်များအဖြစ် သန့်စင်ခံလိုက်ရခြင်း ဖြစ်သည်။

ဆေးလုံးပုံသဏ္ဍာန်များသည် အလွန်ထူးဆန်းကာ အရောင်များကလည်း အတော်လေး စိတ်ပျက်စရာ ကောင်းသည်။

နှမ်းနက်စေ့လို အရောင် သို့မဟုတ် အဝါရောင် ရင့်ရင့်များ ဖြစ်နေသည်။ ထို့ပြင် ထိုအရာများမှ တူးနံ့ သို့မဟုတ် စူးရှသော အနံ့ဆိုးများ ထွက်ပေါ်နေသည်။

ဤဆေးလုံးများအားလုံးသည် နောက်ဆုံးတွင် ရှီရှောင်ထျန်း၏ဗိုက်ထဲသို့ ရောက်ရှိသွားကြသည်။

ဆေးလုံးဆိုင်ရာ တုံ့ပြန်မှုများကလည်း ယခင်ကအတိုင်း ပြင်းထန်နေဆဲပင်။

သူ၏ဗိုက်ထဲတွင် မွှေနှောက်ပြီး မရပ်မနား လေလည်စေသည်။

ထိုသို့မဟုတ်ပါက သူ၏ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်သွားပြီး ခန္ဓာကိုယ်တစ်ခြမ်း လေဖြတ်သွားသကဲ့သို့ ဖြစ်စေသည်။

နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြည်တည်လာပြီး ပြည်ဖုများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

ဤသည်က သူ့ကို ဖားပြုတ်တစ်ကောင်ကဲ့သို့ ဖြစ်သွားစေပေ၏။

ဤအချိန်တွင် ရှီရှောင်ထျန်းသည် သူ၏ယခင် မောက်မာမှုများကို ဆုံးရှုံးသွားလေပြီ။

သူသည် ခွေးသေတစ်ကောင်အလား ကြမ်းပြင်ပေါ်တွင် ပုံရက်သား လဲကျနေသည်။

သူသည် ရုန့်ရင်းကြမ်းတမ်းသော စကားများကို မပြောနိုင်တော့ချေ။

သူ၏ အနှစ်သာရ ချီစွမ်းအားနှင့် စိတ်ဝိညာဉ်တို့သည် အလွန်အမင်း အားနည်းနေလေပြီ။

သူသည် ငရဲပြည်မှ ပြန်ရောက်လာသူတစ်ဦးအလား ဖြစ်နေပေ၏။

ကျုံးချင်က သူ၏မေးကို ပွတ်သပ်ကာ တည်ကြည်လေးနက်သော အမူအယာဖြင့် စဉ်းစားလိုက်သည်။

သူ မည်သည့်နေရာ၌ အမှားပါသွားသနည်း.....

သဘောတရားအရဆိုလျှင် သူသည် လူတစ်ယောက်၏ခန္ဓာကိုယ်ကို တိုးတက်ကောင်းမွန်စေနိုင်သော ဒဏ်ရာများကို ပြုပြင်ပေးနိုင်သော စိတ်ကို တည်ငြိမ်စေသောစသည့် လုပ်ဆောင်ချက်များစွာကို ပေါင်းစပ်ထားသော 'သောင်းပြောင်းထွေလာ စိတ်ဝိညာဉ်ရတနာဆေးလုံး'ကို သန့်စင်နေခြင်း ဖြစ်သည်။

သို့သော် အာနိသင်က သူ မျှော်မှန်းထားသည်နှင့် မိုင်ပေါင်းများစွာ ကွာခြားနေသည်။

သူ မှတ်တမ်းတင်ထားသော အချက်အလက်များကို ကြည့်လိုက်သည်။

သူ သေချာခွဲခြမ်းစိတ်ဖြာပြီး လိုအပ်ချက်များကို စစ်ဆေးကာ ပြုပြင်မှုများ ပြုလုပ်လိုက်၏။

နောက်ဆုံးတွင် ကျုံးချင်က သူ ခေါင်းကို သူ ပြန်ရိုက်လိုက်မိသည်။

သူ နားလည်သွားလေပြီ။

အရာရာသည် အထွတ်အထိပ်သို့ ရောက်လျှင် ပြန်ကျရစမြဲဖြစ်ပြီး လွန်ကဲလျှင် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု ဖြစ်ပေါ်တတ်သည်။

ပြီးပြည့်စုံမှုကို အလွန်အမင်း လိုက်စားခြင်းက မကြာခဏဆိုသလို စိတ်ကျေနပ်မှုမရှိသော ရလဒ်များကို ဖြစ်ပေါ်စေတတ်သည်။

"ဒါကြောင့်... စိတ်ဝိညာဉ်ဆေးပင်ရဲ့ ဆေးဘက်ဝင်ဂုဏ်သတ္တိတွေကို ဓာတ်ပြယ်စေဖို့အတွက် အဆိပ်ရှိတဲ့ ဆေးပင်တစ်ပင်ကို ငါ ရှာဖို့ လိုအပ်ပုံပဲ"

ကျုံးချင်သည် ပြဿနာ၏ အဓိကသော့ချက်ကို တွေ့ရှိပြီဟု ယုံကြည်ကာ ဆေးသန့်စင်ခြင်း လုပ်ငန်းကြီးထဲသို့ စိတ်အားထက်သန်စွာဖြင့် ချက်ချင်း ပြန်လည်ဝင်ရောက်သွားတော့သည်။

"ငါ... ငါ တောင်းပန်ပါတယ်... ဆေးမဖော်စပ်ပါနဲ့တော့ကွာ..."

နံဘေးနားရှိ ရှီရှောင်ထျန်းက ကျုံးချင်သည် အဆိပ်ထည့်တော့မည်ဟု ကြားလိုက်ချိန်၌ သူ၏မျက်နှာ ချက်ချင်းပြာနှမ်းသွားတော့သည်။

All Chapters