← Chapters

ညီနောင်... ဆေးမဖော်ပါနဲ့တော့ကွာ... မင်းက တကယ် မဖြစ်လို့ပါ

Vol. 8 Ch. 75

ညီနောင်... ဆေးမဖော်ပါနဲ့တော့ကွာ... မင်းက တကယ် မဖြစ်လို့ပါ

Vol. 8 Ch. 75

ဤအရာအားလုံးသည် စိတ်ဝိညာဉ်ဆေးပင်များ ဖြစ်ကြသော်လည်း ဤမျှ ဆိုးရွားသော အခြေအနေအထိ သန့်စင်ခြင်းခံလိုက်ရသည်။

အကယ်၍ အဆိပ်သာ ထပ်ထည့်လိုက်ပါက တစ်ဖက်လူသည် သူ့အား ချက်ချင်း ကောင်းကင်ဘုံရောက်သွားစေပြီး ပွဲချင်းပြီး သေဆုံးစေမည့် အဆိပ်မျိုး သန့်စင်မိသွားမည် ဟုတ်မဟုတ်ကို နတ်ဘုရားများသာ သိရှိနိုင်ပေလိမ့်မည်။

သူ၏တသက်တာလုံး မည်သူ့ကိုမျှ အကူအညီ မတောင်းခံခဲ့ဖူးသော ရှီရှောင်ထျန်းသည် ဆေးမဖော်စပ်ပါရန် တစ်စုံတစ်ယောက်ကို ပထမဆုံးအကြိမ် ပါးစပ်ဟ၍ တောင်းပန်မိလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့မိချေ။

သို့သော် ကျုံးချင်သည် သူ၏တောင်းပန်မှုကို နားမထောင်ဘဲ လျစ်လျူရှုထားလိုက်၏။

သူသည် စိတ်ဝိညာဉ်ဆေးပင်များကို ကိုင်တွယ်အသုံးပြုပြီး ဆေးပမာဏကို ချိန်တွယ်နေသည်။

သူ အရာအားလုံးကို စံချိန်မီ ထိန်းချုပ်ထားသည်။

ထိုအာရုံစိုက်နေသော မျက်နှာထား သတိထားနေသော မျက်ဝန်းများ သွက်လက်သော ဆက်တိုက်လှုပ်ရှားမှုများ....

ရှီရှောင်ထျန်းသည် ထိုမြင်ကွင်းကို ကြည့်ရင်းဖြင့် ကြောက်လန့်ကာ တုန်ရီနေသည်။

အတိတ်က အတွေ့အကြုံများအရ ကျုံးချင် ဤကဲ့သို့ ဖြစ်လေလေ သူသန့်စင်လိုက်သော ဆေးလုံးများ၏အာနိသင်သည် ပို၍ပြင်းထန်လေလေ ဖြစ်တတ်စမြဲပင်။

"မင်းမှာ ဆေးပညာပါရမီ လုံးဝမရှိဘူးကွ..."

"တခြားဟာတွေ ထားလိုက်ဦး... မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်နဲ့ စိတ်ဝိညာဉ်ဆေးပင်အရည် ထုတ်ယူတဲ့ နည်းလမ်းတစ်ခုတည်းမှာတင် အမှားပေါင်း ၃၇ ခုတောင် ပါနေတယ်"

သူ ပြိုလဲလုနီးပါး ဖြစ်နေလေပြီ။

သူ၏အသံ အက်ကွဲနေပြီး လေသံသည် အရေးတကြီး ဖြစ်နေကာ သူ၏မျက်လုံးများ နီရဲနေသည်။

နောက်ဆုံးတွင် သူသည် ဆေးပညာရှင်ကြီးတစ်ဦး ဝင်စားသည့်အလား နံဘေးမှနေ၍ ကျုံးချင်အား ဆေးသန့်စင်နည်းများ လမ်းညွှန်ပေးလိုက်ရသည်အထိ ဖြစ်သွားခဲ့သည်။

" သွေးဝိညာဉ်ပန်းရဲ့ ဆေးဘက်ဝင်ဂုဏ်သတ္တိတွေမှာ လွှမ်းမိုးနိုင်စွမ်းရှိပြီးတော့ အရမ်းပူပြင်းတဲ့ နေမင်းကြီးရဲ့ စွမ်းအားတွေကို သယ်ဆောင်ထားတယ်... ဆောင်းရာသီမြက်ကတော့ နူးညံ့ပြီး အမဓာတ်ဆန်တယ်... ယင်ဓာတ်လွန်ကဲမှုနဲ့ အေးစက်မှုကို ပြသနေတယ်"

"သီးခြားစီဆိုရင် အဲ့ဒီနှစ်မျိုးလုံးက ရုပ်ခန္ဓာကိုယ်နဲ့ နတ်ဘုရားဝိညာဉ်ကို သန့်စင်ပေးရာမှာ ထူးခြားတဲ့ အာနိသင်ရှိကြတယ်... ဒါပေမယ့် အဲ့ဒီအရာနှစ်ခုရဲ့ ဂုဏ်သတ္တိတွေက ကွဲပြားနေပြီးတော့ ပေါင်းစပ်လိုက်တာနဲ့ ပြင်းထန်တဲ့ အဆိပ်တွေကို ထုတ်လွှတ်လိမ့်မယ်"

"မင်းက သတ္တု သစ်သား ရေ မီး မြေကြီး ဆိုတဲ့ ဒြပ်စင်ငါးပါး စိတ်ဝိညာဉ်ဆေးပင်တွေကို ထည့်ရမယ်"

"ဒြပ်စင်ငါးပါးကို မျှတအောင် လုပ်ပြီး ဒြပ်စင်ငါးပါး ပေါင်းစပ်မှုကို တည်ဆောက်နိုင်မှသာ ဒီစိတ်ဝိညာဉ်ဆေးပင်တွေရဲ့ ဆေးဘက်ဝင်ဂုဏ်သတ္တိတွေကို လှုံ့ဆော်ပေးနိုင်မယ်"

ရှီရှောင်ထျန်းသည် မြင့်မြတ်နယ်မြေ၏ အကြီးအကဲတစ်ဦးအပြင် အရှေ့ပိုင်းဒေသတွင် နာမည်ကျော်ကြားသော ဆေးပညာရှင်တစ်ဦးဖြစ်ရန် ထိုက်တန်သည်ဟု ဆိုရပေမည်။

ကျုံးချင်ကို လမ်းညွှန်ပေးချိန်၌ သူသည် ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်ပေ၏။

သူသည် ပြဿနာ၏ အဓိကဇာစ်မြစ်ကို တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းပေးသည်။

ဤသည်က ကျုံးချင်အား ရုတ်တရက် ဉာဏ်အလင်းပွင့်သွားစေပြီး ရှင်းလင်းသွားသကဲ့သို့ ခံစားရစေသည်။

သူသည် ရှီရှောင်ထျန်း၏လမ်းညွှန်မှုကို နှိမ့်ချစွာဖြင့် နားထောင်ခဲ့သည်။

ထို့နောက် သူသည် သူ၏ ကိုယ်ပိုင်ဖန်တီးထားသော သောင်းပြောင်းထွေလာ စိတ်ဝိညာဉ်ဆေးလုံးကို စနစ်တကျ သန့်စင်လိုက်သည်။

သို့သော် နောက်ဆုံးတွင် ပြီးစီးသွားသော ထုတ်ကုန်သည် သူ စိတ်ကူးထားသကဲ့သို့ ဖြစ်မလာသေးချေ။

အနည်းဆုံးအနေဖြင့် ထိုဆေးလုံး၏ပုံပန်းသဏ္ဍာန်သည် ယခင်ကနှင့် ဘာမှမကွာခြားပေ။

သို့သော် မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ဆေးပညာရှင်ကြီးတစ်ဦး၏ လမ်းညွှန်မှုအောက်တွင် သန့်စင်ထားသော ကုန်ချောပင် ဖြစ်သည်။

ထိုအရာ၏ဆေးဘက်ဝင် အာနိသင်အတွက်မူ မျှော်လင့်ချက် ကျန်ရှိနေပေ၏။

စာအုပ်တစ်အုပ်ကို မျက်နှာဖုံးကြည့်ပြီး ဆုံးဖြတ်၍မရဟူသောစကားသည် ဆေးလုံးများအတွက်လည်း အကျုံးဝင်သည် မဟုတ်လော....

"စားလိုက်..."

"ငါ ခွံ့ကျွေးစရာ မလိုဘူးမလား"

ကျုံးချင်က ဆေးလုံးကို ရှီရှောင်ထျန်း၏ ရှေ့တွင် ချပေးလိုက်သည်။

ရှီရှောင်ထျန်း၏မျက်နှာအမူအယာ မပြတ်တမ်း ပြောင်းလဲနေသည်။

ဆေးလုံးသန့်စင်သည့် လုပ်ငန်းစဉ်တစ်ခုလုံးကို သူ လမ်းညွှန်ပေးခဲ့သော်လည်း ကျုံးချင်၏ ပါရမီသည် ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ညံ့ဖျင်းသည်ကိုမူ ဝန်ခံရပေမည်။

သူ၏ အပြည့်အဝ လမ်းညွှန်မှုအောက်၌ပင် တစ်ဖက်လူသည် ဆေးပညာဆိုင်ရာ တားမြစ်ချက်ပေါင်း ရာနှင့်ချီ၍ ချိုးဖောက်ခဲ့ပေ၏။

ဤဆေးပညာပါရမီနှင့်ဆိုလျှင် ခွေးတစ်ကောင်ကပင် သူ့ထက် သာလွန်လိမ့်မည်ဟု ဆိုလျှင်လည်း လွန်မည်မထင်ပေ။

ထို့ပြင် ဆေးပညာရပ်၌ အမှားသေးသေးလေးတစ်ခုက ဆေးလုံး၏ အာနိသင်ကို သိသိသာသာ လျော့ကျစေနိုင်သည် သို့တည်းမဟုတ် ဆေးအာနိသင်များကို ပြောင်းပြန်ဖြစ်သွားစေနိုင်သည်။

ကျုံးချင် သန့်စင်ထားသော ဆေးလုံးကို သူ မည်သို့ စားရဲမည်နည်း။

အတင်းအကြပ် ကျွေးခံရတော့မည်ကို မြင်လိုက်ရသဖြင့် ရှီရှောင်ထျန်း လုံးဝစိတ်မထိန်းနိုင်တော့ပေ။

"ငါ မှားပါတယ်ကွာ..."

"ငါ မင်းကို ဒုက္ခမပေးသင့်ပါဘူး"

"မင်း ဘာဆေးလုံး လိုချင်လဲပြော... ငါ မင်းကို ပေးပါ့မယ် ဟုတ်ပြီလား"

"မင်း ဆေးလုံးသန့်စင်တာကို ငါ ကူညီပေးမယ်... အိုးတစ်ရာ...အိုးတစ်ထောင်...အိုးတစ်သောင်း... အဆင်ပြေလား"

ကျုံးချင် သန့်စင်လိုက်သော ဆေးလုံးများသည် အစွမ်းသတ္တိတွင် အလွန်ကြောက်မက်ဖွယ် ကောင်းသည်မှာ သိသာထင်ရှားသည်။

ဤသည်က ရှီရှောင်ထျန်းအား သူ၏ဆံပင်များကို ထောင်ထသွားစေလောက်အောင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်စေခဲ့သည်။

ကျုံးချင်က ခေါင်းခါယမ်းလိုက်သည်။

"မင်း နားမလည်ပါဘူး... ငါ သန့်စင်နေတာက ဆေးလုံး မဟုတ်ဘူး"

"ငါ သန့်စင်နေတာက ဆေးလုံးတွေအပေါ်ထားတဲ့ ငါ့ရဲ့ စိတ်အားထက်သန်မှုပဲ"

ဘာ စိတ်အားထက်သန်မှုလဲ....

ဆေးလုံးပဲ သန့်စင်စမ်းပါ... ဒီအကြောင်းတွေ ပြောနေလို့ ဘာထူးမှာလဲ....

ရှီရှောင်ထျန်းသည် သူ၏စိတ်ထဲတွင် အကြီးအကျယ် ညည်းညူနေမိလေသည်။

သို့သော် နောက်ထပ်အချိန်တခဏတွင် သူ၏ မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားခဲ့သည်။

အကြောင်းအရင်းမှာ သူသည် ကျုံးချင်၏ အတင်းအဓမ္မ ဆေးလုံးတိုက်ကျွေးခြင်းကို ထပ်မံ၍ ခံလိုက်ရသောကြောင့်ပင်။

ဤတစ်ကြိမ်တွင် သူ၏ခန္ဓာကိုယ်အတွင်းပိုင်း၌ ဆေးအာနိသင်များ မွှေနှောက်နေသကဲ့သို့သာ ခံစားလိုက်ရသည်။

ခေါင်းမူးခြင်းနှင့် အမြင်အာရုံဝေဝါးခြင်းတို့ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာကာ...

သူ့ရုပ်ခန္ဓာအတွင်း၌ ပုရွက်ဆိတ် ထောင်ပေါင်းများစွာက သူ့ကို ကိုက်ဖြတ်နေသကဲ့သို့ ခံစားရပေ၏။

သူ၏နတ်ဘုရားဝိညာဉ်အတွင်း၌ ပြင်းထန်သော မီးတောက်များ လောင်ကျွမ်းနေသည့်အလားပင်။

ဤဆေးလုံး၏အာနိသင်မှာ ကြောက်စရာ ကောင်းလွန်းလှသည်။

ရှီရှောင်ထျန်းသည် ကမ္ဘာပေါ်တွင် ကြောက်မက်ဖွယ်အကောင်းဆုံး နှိပ်စက်ညှဉ်းပန်းမှုကို ခံစားနေရသကဲ့သို့သာ ခံစားနေရ၏။

သူ၏စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာကိုယ်နှစ်ခုလုံး နှစ်ဆတိုးပြီး ဒဏ်ခတ်ခံရသည်။

ပူလောင်ပြီး စုတ်ပြဲနေသကဲ့သို့ နာကျင်မှုကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး မရပ်မနား တုန်ခါနေပြီး သွေးကြောများ ဖောင်းကြွလာခဲ့သည်။

ဤအချိန်တွင် ကျုံးချင်သည် သူ၏ခန္ဓာကိုယ် အပြောင်းအလဲများကို မှတ်စုစာအုပ်လေးထဲတွင် စေ့စေ့စပ်စပ် မှတ်တမ်းတင်နေသည်။

ဤဆေးလုံးသည် သူ လိုချင်သော အာနိသင် မရရှိခဲ့ခြင်းက သူ့အား အနည်းငယ် စိတ်ပျက်စေခဲ့သည်။

သို့သော် ဇွဲရှိလျှင် ဘာမဆို ဖြစ်နိုင်သည်ဟု သူ အခိုင်အမာ ယုံကြည်ထားပေ၏။

တစ်ကြိမ်နှစ်ကြိမ် ကျရှုံးခြင်းက မည်သို့မျှ အရေးမကြီးပေ။

ဇွဲမလျှော့သရွေ့ သူ အမြဲတမ်း အောင်မြင်နိုင်ပေလိမ့်မည်။

ကျုံးချင်သည် ဆေးပညာကို အမှန်တကယ် နှစ်သက်မြတ်နိုးပေ၏။

မတူညီသော ဆေးဘက်ဝင်ဂုဏ်သတ္တိများ ရောယှက်ပြီး ထွက်ပေါ်လာသော အံ့အားသင့်ဖွယ် မီးပွားလေးများက သူ့အား စွဲလမ်းစေသည်။

ထို့ပြင် ဆေးလုံးတစ်လုံး သူ၏လက်ထဲ၌ ပုံပေါ်လာသည့်အချိန်၌ ပြောမပြတတ်သော အောင်မြင်မှု ခံစားချက်တစ်ခုကို အစဥ်အမြဲရရှိလေ့ရှိသည်။

ဤပုံဖော်မှုရလဒ်သည် ကျေနပ်ဖွယ် မကောင်းသော်လည်း သူ၏ဇွဲရှိမှုသည် အကျိုးကျေးဇူးကို ပေးစွမ်းပေလိမ့်မည်။

ဇွဲရှိရှိ ကြိုးစားလျှင် ကျေနပ်စရာကောင်းသော ရလဒ်တစ်ခုကမူ ထွက်လာမည် မဟုတ်လော....

ဤယုံကြည်ချက်နှင့်အတူ ကျုံးချင်သည် ဆေးလုံးသန့်စင်ခြင်းကို ထပ်မံ၍ စတင်လိုက်သည်။

တုန်ခါနေသော ရှီရှောင်ထျန်းသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ နောင်တရသော မျက်ရည်များ သူ၏မျက်လုံးများမှ စီးကျလာသည်။

"ငါက အရမ်းမိုက်မဲတာပဲ"

"တကယ်ပါပဲ"

"ငါ ဘာလို့များ ဒီဘေးဆိုးကြီးကို သွားရန်စမိပါလိမ့်"

သူ့၏ ဂုဏ်ယူစရာကောင်းသော စွမ်းအားများသည် ဤအချိန်တွင် လုံးဝအသုံးမဝင်တော့ချေ။ ထို့ပြင် သူ၏ စွမ်းအားကြီးသော အထောက်အထားနှင့် နောက်ခံများကိုလည်း တစ်ဖက်လူက လုံးဝလျစ်လျူရှုထားသည်။

သူ့ကိုယ်သူ ရက်ရက်စက်စက် နှိပ်စက်ခံနေရသော သနားစဖွယ် ဇနီးသည်လေးတစ်ဦးကဲ့သို့ ခံစားနေရရှာသည်။

သူသည် တစ်ကြိမ်နှစ်ကြိမ်မဟုတ်ဘဲ တစ်သက်လုံး ချုပ်နှောင်ခံထားရပြီး နှိပ်စက်ခံရတော့မည့်အလားပင်။

စိတ်ပျက်အားငယ်မှု လှိုင်းလုံးတစ်ခုက သူ၏ရင်ထဲတွင် ပြည့်နှက်လာပြီး ရှီရှောင်ထျန်းသည် သူ၏အနာဂတ်ဘဝ လုံးဝမှောင်မိုက်သွားပြီဟု ခံစားလိုက်ရသည်။

"မဖြစ်ဘူး... ငါ ဒီအတိုင်း လက်လျော့လို့ မဖြစ်ဘူး"

နာကျင်မှုက သူ၏သတိကို ဖြတ်တောက်တော့မလို ဖြစ်နေပြီး စိတ်ပျက်အားငယ်မှုက သူ့အား ဝါးမြိုတော့မလို ဖြစ်နေချိန်တွင် အလင်းတန်းတစ်တန်းက ရှီရှောင်ထျန်း၏ စိတ်ထဲတွင် ဖြတ်ပြေးသွားခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက မိတ်ဆွေဟောင်းတစ်ဦးနှင့် စစ်တုရင်ကစားစဉ် ထိုလူထံမှ မှော်ရတနာတစ်ခု အနိုင်ရခဲ့သည်ကို သူ ရုတ်တရက် သတိရသွားခဲ့သည်။

ထိုမှော်ရတနာ၏အမည်မှာ 'နယ်မြေချိုးဖျက် ဆက်သွယ်ရေးကတ်'ပင်။

ဤဆက်သွယ်ရေးကတ်သည် သာမန်ဆက်သွယ်ရေးကတ်များနှင့် မတူပေ။ ထိုအရာသည် အတားအဆီးများအားလုံးကို ဖြတ်ကျော်ပြီး လေဟာနယ်ကိုဖြတ်သန်းကာ သတင်းစကားများ ပေးပို့နိုင်သည့်အပြင် တိတ်တဆိတ်လည်း လုပ်ဆောင်နိုင်သည်။

"ငါ ဒီနေရာမှာ အဖမ်းခံထားရတယ်ဆိုတဲ့ သတင်းကို ပြန်ပို့နိုင်သရွေ့... လူအိုကြီးဝူနဲ့ ငါ့ရဲ့ ခင်မင်ရင်းနှီးမှုအရ သူ ငါ့ကို ကယ်တင်ဖို့ နည်းလမ်းတစ်ခု သေချာပေါက် ရှာတွေ့လိမ့်မယ်"

"သူက ဂိုဏ်းရဲ့ အဆင့်မြင့်အကြီးအကဲတွေကို ခေါ်လာပြီးတော့ ငါ့ကို ကယ်တင်ဖို့တောင် ဖြစ်နိုင်ချေရှိတယ်"

"ဂိုဏ်းရဲ့ အဆင့်မြင့်အကြီးအကဲတွေ ရောက်လာပြီဆိုရင် ငါ ကယ်တင်ခံရရုံတင် မကဘူး... ငါ့ရဲ့အတိတ်က အရှက်ရမှုတွေကိုလည်း ဆေးကြောနိုင်တော့မယ်"

ဤအကြောင်းကို တွေးမိလိုက်သည်နှင့် ရှီရှောင်ထျန်း၏မျက်လုံးများ နီမြန်းလာသည်။

ကလဲ့စားချေခြင်း အစေ့အဆံသည် တောမြက်များကဲ့သို့ အာဟာရမျိုး ရရှိပြီး သူ၏နှလုံးသားထဲတွင် ရိုင်းစိုင်းစွာ ကြီးထွားလာခဲ့သည်။

...

လမင်းကြီးသည် ကောင်းကင်ယံထက်တွင် တွဲခိုနေပြီး ကြယ်တာရာများသည် ကျောက်မျက်ရတနာများကဲ့သို့ စီခြယ်ထားပေ၏။

တစ်နေ့လုံး 'အဆိပ်မိ'ခံထားရသော ရှီရှောင်ထျန်းသည် နောက်ဆုံးတွင် အသက်ရှူခွင့် ရရှိခဲ့သည်။

လရောင်အောက်တွင် သူသည် သူ၏သိုလှောင်အိတ်ထဲမှ ဆက်သွယ်ရေးကတ်တစ်ခုကို ထုတ်ယူလိုက်ပြီး အကူအညီတောင်းခံစာ ရေးလိုက်၏။

နံဘေးပတ်ဝန်းကျင်တွင် မည်သူမျှ မရှိသည်ကို တွေ့ရသဖြင့် သူသည် သူ၏ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသော အားနည်းသည့် စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ဆက်သွယ်ရေးကတ်ကို တိုက်ရိုက် အသက်သွင်းလိုက်သည်။

အလင်းတန်းတစ်တန်းက မိုးကောင်းကင်ယံကို ထိုးဖောက်ကာ မြင့်တက်သွားခဲ့သည်။

သတင်းစကား ပေးပို့ပြီး နောက်ဆုံးတွင် မိုးကုပ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ရှီရှောင်ထျန်းသည် ကြောက်မက်ဖွယ်ကောင်းသော ရူးသွပ်သည့် ရယ်မောသံကို ထုတ်လွှတ်လိုက်သည်။

"မင်း စောင့်နေလိုက်... ဒီနေ့ မင်း ငါ့ကိုပေးခဲ့တဲ့ အရှက်တရားနဲ့ နှိပ်စက်မှုတွေကို နောင်ကျရင် အဆတစ်ထောင် ပြန်ပေးဆပ်စေရမယ်"

သူ တီးတိုးရေရွတ်လိုက်ပြီး သူ၏မျက်နှာထားသည် ရက်စက်ကြမ်းကြုတ်နေကာ သူ၏ရယ်မောသံသည် ဘီလူး သို့မဟုတ် နတ်ဆိုးတစ်ကောင်၏ ရယ်သံကဲ့သို့ ဖြစ်နေသည်။

"ဘာသတင်းကောင်း ကြုံရလို့ ဒီလောက်ထိ ပျော်ပျော်ရွှင်ရွှင် ရယ်မောနေတာလဲ"

"လာ... ဒီဆေးလုံးကို အရင်စားလိုက်"

သို့သော် အသံတစ်သံ ထွက်ပေါ်လာခြင်းက ရှီရှောင်ထျန်း၏ ရယ်မောသံကို ရုတ်တရက် ရပ်တန့်သွားစေခဲ့သည်။

ကျုံးချင်သည် ဆေးလုံးတစ်လုံးကိုကိုင်ပြီးဟသူ့ဆီသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လာနေသည်ကို သူ တွေ့လိုက်ရသည်။

တစ်ဖက်လူသည် သူတော်စင်ဆန်ပြီး လောကီဆန်ခြင်းမရှိသော အသွင်အပြင် ရှိနေသော်လည်း ဤအချိန်တွင် ရှီရှောင်ထျန်း၏ မျက်လုံးထဲ၌ သူသည် ကြောက်မက်ဖွယ် ကောင်းနေပေ၏။

သူ၏မျက်နှာ ချက်ချင်းဖြူဖျော့သွားသည်။

အမှန်တကယ်ကို ဤလူသည် နတ်ဆိုး ဖြစ်နေသလော....

နေ့ဘက်တွင် သူ့အား နှိပ်စက်၍ အားမရဘဲ ညဘက်တွင်လည်း သူ့ကို အလွတ်မပေးတော့သလော....

"မလုပ်ပါနဲ့..."

ညကောင်းကင်ယံတွင် ရင်ကွဲပက်လက် အော်ဟစ်သံတစ်သံက မကြာမီမှာပင် ပဲ့တင်ထပ်သွားတော့သည်။

All Chapters