← Chapters

ငါ ဒီမူဖူတောင်ကို မြေလှန်ပစ်ချင်တယ်

Vol. 8 Ch. 76

ငါ ဒီမူဖူတောင်ကို မြေလှန်ပစ်ချင်တယ်

Vol. 8 Ch. 76

ဝူကျီဂိုဏ်း...

ပိုင်ချန်ခန်းမ...

ဤသည်ကား သတ္တမအကြီးအကဲဝူယွဲ့ နေထိုင်သော နေရာပင်။

ပင်မခန်းမဆောင်အထက်တွင် ဝူယွဲ့သည် သူ၏လက်ထဲမှ စာကို စေ့စေ့စပ်စပ် စစ်ဆေးကြည့်ရှုလိုက်၏။

ဤသည်မှာ ရှီရှောင်ထျန်းက ဆက်သွယ်ရေးကတ်မှတစ်ဆင့် ပေးပို့လိုက်သော သတင်းအချက်အလက်ပင်။

ထိုအရာတွင် စာတစ်ကြောင်းတည်းသာ ပါဝင်သည်။

"ရှန်ကျန်းဂိုဏ်း... မူဖူတောင်... ငါ့ကို ကယ်ပါ....လူအိုကြီးရှီ"

ဝူယွဲ့၏မျက်ခုံးများ နက်ရှိုင်းစွာ တွန့်ချိုးသွားခဲ့သည်။

လူအိုကြီးရှီ၏စွမ်းအားနှင့်ဆိုလျှင် အရှေ့ပိုင်းဒေသတစ်ခုလုံးကို ကြည့်လိုက်ပါက မြင့်မြတ်နယ်မြေကြီး အနည်းငယ်မှလွဲ၍ သူသည် မည်သူ့ကိုမျှ ဂရုစိုက်ရန်မလိုသော တည်ရှိမှုတစ်ခုပင်။

ယခုချိန်၌ သူသည် အကူအညီတောင်းခံသည့် အချက်ပြမှုကို ပေးပို့လာခဲ့ပြီး စာလုံးများသည် ကြက်သွေးရောင်ဖြစ်ကာ သွေးစွန်းနေသဖြင့် သူ ကြီးမားသော အကြပ်အတည်းနှင့် ကြုံတွေ့နေရကြောင်း သိသာထင်ရှားသည်။

"ရှန်ကျန်းဂိုဏ်း... အဲ့ဒါက ဘယ်မှာလဲ"

ရှန်ကျန်းဂိုဏ်းသည် ဒေသတွင်း၌ အလွန်ကျော်ကြားကောင်း ကျော်ကြားနိုင်သည်ဟု ဆိုနိုင်သည်။

သို့သော် ဂိုဏ်း၏ဩဇာလွှမ်းမိုးမှုနယ်ပယ် အပြင်ဘက်တွင်မူ အမှန်တကယ်ကိုပင် အဆင့်အတန်း သိပ်မရှိချေ။

လူအများစုသည် ဤဂိုဏ်းနှင့်ပတ်သက်ပြီး အထင်အမြင် သို့မဟုတ် အယူအဆများ အခြေခံအားဖြင့် မရှိကြပေ။

ဝူယွဲ့က အမှောင်အစောင့်ခေါင်းဆောင်ကို ချက်ချင်းဆင့်ခေါ်လိုက်သည်။

"မင်း ရှန်ကျန်းဂိုဏ်းကို သိလား"

အမှောင်အစောင့်ခေါင်းဆောင် အနည်းငယ် အံ့အားသင့်သွားမိသည်။

အကြောင်းအရင်းမှာ မကြာသေးမီကပင် အဋ္ဌမအကြီးအကဲက သူ့အား ရှန်ကျန်းဂိုဏ်းအကြောင်း မေးမြန်းခဲ့သည် မဟုတ်လော....

ယခု သတ္တမအကြီးအကဲကလည်း ဤဂိုဏ်းအကြောင်း စုံစမ်းမေးမြန်းနေသည်။

ဒုတိယတန်းစား ဂိုဏ်းငယ်လေးတစ်ဂိုဏ်းသည် မြင့်မြတ်နယ်မြေမှ အကြီးအကဲနှစ်ဦး၏ စုံစမ်းမေးမြန်းခြင်းကို ခံရလောက်အောင် မည်သို့ ထိုက်တန်နေသနည်း။

ဤသို့ တွေးတောနေသော်လည်း သူ မပေါ့ဆရဲဘဲ လျင်မြန်စွာဖြင့် လေးလေးစားစား ပြန်လည်ဖြေကြားလိုက်သည်။

"သတ္တမအကြီးအကဲကို ပြန်ဖြေရရင်... ဒီရှန်ကျန်းဂိုဏ်းက အရှေ့ပိုင်းဒေသက ဒုတိယတန်းစား ဂိုဏ်းတစ်ဂိုဏ်းပါ"

"ဒုတိယတန်းစားဂိုဏ်း....ဟုတ်လား"

ထိုစကားကို ကြားသောအခါ ဝူယွဲ့၏မျက်ခုံးများ ပို၍နက်ရှိုင်းစွာ တွန့်ချိုးသွားလေသည်။

လူအိုကြီးရှီ၏စွမ်းအားနှင့်ဆိုလျှင် သာမန် ဒုတိယတန်းစား ဂိုဏ်းတစ်ဂိုဏ်းကို မြေလှန်ပစ်နိုင်စွမ်းရှိသည်။

သူ့ကို အကူအညီတောင်းရမည့် အခြေအနေမျိုး မည်သို့ ရောက်ရှိသွားသနည်း...

ထိုအရာကို မြင်လိုက်ရသဖြင့် အမှောင်အစောင့် ခေါင်းဆောင်က တိတ်တဆိတ် မေးမြန်းလိုက်သည်။

"သတ္တမအကြီးအကဲ... ဒီဂိုဏ်းက သတ္တမအကြီးအကဲနဲ့ အဋ္ဌမအကြီးအကဲကို ပြစ်မှားမိလို့လား... ကျွန်တော် လူလွှတ်ပြီး သွားရှင်းခိုင်းလိုက်ရမလား"

"မလိုဘူး"

ဝူယွဲ့က လက်ကာပြလိုက်သည်။

လူအိုကြီးရှီသည် သူ၏အရှက်သိက္ခာကို တန်ဖိုးထားတတ်သူ ဖြစ်ပေ၏။

သူသည် ဒုတိယတန်းစား ဂိုဏ်းငယ်လေးတစ်ဂိုဏ်း၏ လက်ထဲသို့ ကျရောက်ခဲ့သည်ဟူသော သတင်း ပျံ့နှံ့သွားပါက သူ အမှန်တကယ် ကယ်တင်ခံရလျှင်တောင်မှ အနာဂတ်တွင် ဝူကျီဂိုဏ်း၌ ရယ်စရာတစ်ခု ဖြစ်လာမည်မှာ မလွဲဧကန်ပင်။ ဤသည်က သူ့ကို သတ်ပစ်လိုက်သည်ထက် ပို၍ခံစားရခက်စေလိမ့်မည်။

"ဒီလူအိုကြီးကို ရှန်ကျန်းဂိုဏ်းရဲ့ တိကျတဲ့ တည်နေရာမြေပုံတစ်ခု ပေးပါ... ပြီးရင် မင်း ထွက်သွားလို့ရပြီ"

အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ဝူယွဲ့သည် နောက်ဆုံးတွင် ရှီရှောင်ထျန်းကို ကယ်တင်ရန်အတွက် သူ တစ်ယောက်တည်း သွားရန် ဆုံးဖြတ်လိုက်သည်။

ထိုအရာကို မြင်လိုက်ရသဖြင့် အမှောင်အစောင့် ခေါင်းဆောင်သည် ဘာမှမပြောတော့ဘဲ မြေပုံကို ဝူယွဲ့၏လက်ထဲသို့ လေးလေးစားစား ထည့်ပေးပြီးနောက် ဦးညွှတ်၍ ထွက်ခွာသွားသည်။

မြင့်မြတ်နယ်မြေ၏ သတင်းအချက်အလက် ထောက်လှမ်းရေးအဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးအတွက် အရှေ့ပိုင်းဒေသ၏ အင်အားစုများ ဖြန့်ကျက်ထားသော မြေပုံကို ကိုယ်နှင့်မကွာ ဆောင်ထားခြင်းသည် အလွန်ကျိုးကြောင်းဆီလျော်သောကိစ္စဖြစ်သည်။

မြေပုံရရှိပြီးနောက် ဝူယွဲ့သည် ရှီရှောင်ထျန်းကို ကယ်တင်ရန် နည်းလမ်းများကို စတင်၍စဉ်းစားလိုက်တော့သည်။

မြင့်မြတ်နယ်မြေ၏ နာမည်အောက်တွင် မောက်မာပြီး သြဇာအာဏာပြတတ်သော အဋ္ဌမအကြီးအကဲ ရှီရှောင်ထျန်း၏ ပုံစံနှင့် ယှဉ်လျှင် သူ၏ချဉ်းကပ်ပုံသည် ပို၍သတိကြီးစွာ ထားတတ်ပေ၏။

ရှန်ကျန်းဂိုဏ်းသည် ဒုတိယတန်းစား ဂိုဏ်းတစ်ဂိုဏ်းသာ ဖြစ်သော်လည်း အဋ္ဌမအကြီးအကဲကို အကူအညီတောင်းခံသည့် အချက်ပြမှု ပေးပို့စေနိုင်သည်ကို ထောက်ရှုလျှင် ထိုဂိုဏ်းတွင် ထူးခြားသောအရာ တစ်ခုခု ရှိကိုရှိရပေမည်။

သူ အပြည့်အဝ ပြင်ဆင်ထားရပေမည်။

ထိုသို့မဟုတ်လျှင် မြင့်မြတ်နယ်မြေဂိုဏ်းတစ်ဂိုဏ်းမှ အကြီးအကဲနှစ်ဦး တစ်နေရာတည်းတွင် ကျဆုံးသွားပါက အမှန်တကယ်ကို ကြီးမားသော ဟာသတစ်ခု ဖြစ်လာပေလိမ့်မည်။

ပင်မခန်းမဆောင်ထဲတွင် ဝူယွဲ့သည် လက်နောက်ပစ်ပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပေ၏။

နောက်ဆုံးတွင် သူ၏အကြည့်က သူ့သီးသန့် ရတနာသိုလှောင်ခန်းဆီသို့ ရောက်ရှိသွားလေသည်။

ရတနာသိုလှောင်ခန်းအတွင်း၌ နေမင်းနက်နဲသိမ်မွေ့နယ်ပယ်အဆင့်ရှိသော အစောင့်ရုပ်သေးနှစ်ရုပ် ရှိပြီး ထိုအရာများသည် သူ၏ တန်ဖိုးထားရသော ဝှက်ဖဲများပင်။

သူသည် ပုံမှန်အားဖြင့် ထိုရုပ်သေးများကို တခြားလူများရှေ့တွင် လွယ်လင့်တကူ ထုတ်ပြလေ့မရှိပေ။

သို့သော် ယခု အဋ္ဌမအကြီးအကဲကို ကယ်တင်ရန်အတွက် အရန်အနေဖြင့် ဤရုပ်သေးနှစ်ရုပ်ကို ယူဆောင်သွားရန် သူ ဆုံးဖြတ်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ပုံရိပ်သုံးခုသည် ဝူကျီဂိုဏ်းမှ ခမ်းနားထည်ဝါစွာ ထွက်ခွာသွားကြသည်။

သတ္တမအကြီးအကဲသည် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်​ကြံသူတစ်ဦး ဖြစ်ပြီး ယခုချိန်၌ နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ရုပ်သေးနှစ်ရုပ်နှင့် ပေါင်းစပ်လိုက်ချိန်တွင်...

ရှန်ကျန်းဂိုဏ်း မည်မျှထိ ထူးခြားနေပါစေ နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူသုံးဦး၏စွမ်းအားသည် အရာအားလုံးကို ဖိနှိပ်ရန် လုံလောက်လိမ့်မည်ဟု သူ ယုံကြည်ထားသည်။

...

ရှန်ကျန်းဂိုဏ်း...

မူဖူတောင်....

ရှီရှောင်ထျန်းအတွက်မူ နောက်ထပ် လူမဆန်သော ဆေးလုံးစမ်းသပ်ခံရသည့် နေ့တစ်နေ့ ဖြစ်ပေ၏။ သူ၏မျက်လုံးများ ထုံကျင်နေပြီး မိုးကောင်းကင်ကို မော့ကြည့်ကာ သူ ငိုချင်သော်လည်း မျက်ရည်မထွက်နိုင် ဖြစ်နေသည်။

ဤကာလအတွင်း သူ မည်သို့အနိုင်ကျင့်ခံရသည် မည်မျှနှိပ်စက်ခံရသည်ကို မည်သူမျှ မသိရှိကြချေ။

သူသည် ကျုံးချင်၏ ဆေးပညာစွမ်းရည်နှင့် ပတ်သက်ပြီး ညည်းညူရန်ပင် အားမရှိတော့ချေ။

ဂိုဏ်းမှလူများ သူ့ကို လာကယ်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားပြီး သတင်းစကား ပေးပို့ခဲ့ခြင်း မရှိခဲ့ပါက သူသည် လွန်ခဲ့သော ရက်အနည်းငယ် အကြာကတည်းက အသက်ရှင်ရန် သတ္တိကို ဆုံးရှုံးခဲ့ပြီး ဖြစ်ပေမည်။

"အချိန်ကိုတွက်ကြည့်ရရင်...ငါ သတင်းပို့လိုက်တာကနေ ဂိုဏ်းကလူတွေ တုံ့ပြန်ပြီး ငါ့ကို ကယ်ဖို့ တောင်သခင်တွေ ထိပ်သီးကျင်သူတွေ အများကြီး စေလွှတ်လိုက်မယ့်အချိန်က ဒီရက်ပိုင်းအတွင်း ဖြစ်လောက်တယ်..."

"လူအိုကြီးဝူ... မင်း မြန်မြန်လာမှဖြစ်မယ်"

"မင်း မြန်မြန်မလာရင် ငါ တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး"

ရှီရှောင်ထျန်းက သူ၏စိတ်ထဲမှနေ၍ ဆုတောင်းနေမိသည်။

တစ်ချိန်တည်းမှာပင် ကျုံးချင်၏ဆေးလုံးများကို တွေးမိတိုင်း သူ၏ခန္ဓာကိုယ်နှင့်စိတ်အာရုံကို မထိန်းချုပ်နိုင်တော့ဘဲ တုန်လှုပ်သွားပေ၏။

သူ ဤသို့ တွေးတောနေစဉ်မှာပင် အထက်ကောင်းကင်ယံမှ လူရိပ်တချို့ ပျံသန်းဝင်ရောက်လာသည်ကို တွေ့မြင်လိုက်ရသည်။

"ဒါက..."

ရှီရှောင်ထျန်း အနည်းငယ် ကြက်သေသေသွားပြီးနောက် ဝမ်းသာအားရ ဖြစ်သွားသည်။

"လူအိုကြီးဝူ... လူအိုကြီးဝူ ရောက်လာပြီ"

ဤအချိန်တွင် သူ အလွန်စိတ်လှုပ်ရှားသွားသဖြင့် အော်ဟစ်လိုက်မိလုနီးပါး ဖြစ်သွားခဲ့သည်။

ညီအစ်ကိုဆိုတာ ဘာလဲ...

ဒါ ညီအစ်ကိုပဲ....

ဤသည်က သွေးသောက်ညီအစ်ကိုကဲ့သို့ ဆက်ဆံမှုမျိုးပင်။

ထိုအချိန်တွင် ရုပ်သေးနှစ်ရုပ်ကို ခေါ်ဆောင်လာသော ဝူယွဲ့သည် ဝူကျီဂိုဏ်းမှ လမ်းညွှန်ချက်အတိုင်း ထွက်ခွာလာပြီး တောင်များနှင့် မြစ်များကို ကျော်ဖြတ်ကာ မိုင်သောင်းချီခရီးနှင်ပြီး နောက်ဆုံးတွင် မူဖူတောင်သို့ ရောက်ရှိလာခဲ့သည်။

နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦး၏အမြင်အာရုံသည် မယုံနိုင်လောက်အောင် ထက်မြက်သည်ကိုမူ ဝန်ခံရပေမည်။ သူသည် မီတာတစ်ထောင်အကွာရှိ ပုရွက်ဆိတ်တစ်ကောင်ကိုပင် ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။

အဝေးမှကြည့်လျှင်ပင် ဝူယွဲ့သည် ရှီရှောင်ထျန်းကို ချက်ချင်းရှာတွေ့မိပေ၏။

သို့သော် ယခုအချိန်တွင် ရှီရှောင်ထျန်းသည် အလွန်အမင်း သနားစရာ ကောင်းနေသည်။

သူ၏ခန္ဓာကိုယ်တွင် ပြည်ဖုများ ဖုံးလွှမ်းနေပြီး ဆံပင်များဖရိုဖရဲဖြစ်ကာ ရှုပ်ပွနေသည်။ သူ၏ခန္ဓာကိုယ်အလေးချိန် သိသိသာသာ ကျဆင်းသွားပြီး အရိုးနှင့်အရေသာ ကျန်တော့သည်။

သူတို့ ရင်းနှီးကျွမ်းဝင်မှု ကြာမြင့်ခဲ့ခြင်းနှင့် ရှီရှောင်ထျန်း၏ အရှိန်အဝါကို ဝူယွဲ့ အလွန်ရင်းနှီးနေခြင်းတို့ကြောင့်သာ မဟုတ်လျှင် သူ အမှန်တကယ် မှတ်မိချင်မှ မှတ်မိပေလိမ့်မည်။

"လူအိုကြီးရှီ .. ဘာတွေ ဖြစ်ကုန်တာလဲ..."

"မင်း ဘာတွေ ကြုံခဲ့ရတာလဲ... ဘာလို့ ဒီလိုပုံစံ ဖြစ်သွားရတာလဲ"

သူသည် ခြံဝန်းထဲသို့ ချက်ချင်းပြေးဝင်သွားပြီး ရှီရှောင်ထျန်းကိုချည်ထားသော ကြိုးများကို ဖြေပေးကာ အကြောင်းအရင်းကို မေးမြန်းလိုက်၏။

"လူအိုကြီးဝူ... ငါ့ရဲ့ညီအစ်ကို... မင်း ရောက်လာပြီပဲ"

သူ၏ညီအစ်ကိုကောင်းကို ပြန်တွေ့လိုက်ချိန်ဤ ရှီရှောင်ထျန်းသည် ထာဝရကာလတစ်ခုကြာပြီးမှ မိတ်ဆွေဟောင်းတစ်ဦးကို တွေ့ရသကဲ့သို့ ခံစားလိုက်ရသည်။

သူ အလွန်ခါးသီးနေပေ၏။

သူသည် ဤကာလအတွင်း ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများအားလုံးကို ဝူယွဲ့အား ချက်ချင်း ပြန်ပြောပြလိုက်သည်။

သူ၏ညီအစ်ကိုကောင်းသည် ဆေးလုံးစမ်းသပ်ခံ လူသားအဖြစ် ဆက်ဆံခံရပြီး သေချင်လောက်အောင် နှိပ်စက်ခံရသည်ကို ကြားလိုက်ရချိန်၌ ဝူယွဲ့ လုံးလုံးလျားလျား ဒေါသထွက်သွားခဲ့သည်။

"တော်လိုက်တဲ့ ကျုံးချင်... တော်လိုက်တဲ့ မူဖူတောင်သခင်"

"မင်းက သူ့ကို ဒီလို အရှက်ခွဲရဲတယ်ပေါ့"

"ညီလေး... ဒီနေ့ မင်းရဲ့အစ်ကိုကြီး ငါက ဒီမူဖူတောင်ကို မြေလှန်ပစ်ပြီး ဒီရှန်ကျန်းဂိုဏ်းကို ဖျက်ဆီးပစ်မယ်... ဒါမှ မင်းရဲ့ဒေါသကို အကုန် ဖွင့်ထုတ်လို့ရမှာ"

သတ်ဖြတ်လိုစိတ်များ သူ၏စိတ်ထဲတွင် လှိုင်းထန်လာပြီး ဒေါသများက သူ၏မျက်လုံးထဲတွင် တောက်လောင်နေသည်။

ဝူကျီဂိုဏ်းမှ လူများသည် ဤကဲ့သို့ အရှက်ခွဲမှုကို တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ရဖူးချေ။

တစ်ချိန်တည်းမှာပင်....

ကျုံးချင်သည် လက်နောက်ပစ်ပြီး အိမ်ထဲမှ လျှောက်လှမ်းထွက်လာခဲ့သည်။

သူသည် ခြံဝန်းထဲသို့ ဝင်ရောက်သွားပြီး သူ၏အကြည့်က ဝူယွဲ့အပေါ်သို့ စူးစိုက်ပြီး ကျရောက်သွားသည်။

သူသည် အေးစက်တင်းမာသောအသံဖြင့် ပြောဆိုလိုက်၏။

"မင်းက ငါ့ရဲ့မူဖူတောင်ကို မြေလှန်ပြီး ငါ့ရဲ့ရှန်ကျန်းဂိုဏ်းကို ဖျက်ဆီးချင်တယ်ပေါ့"

"အမှန်ပဲ"

သူ့ကို တုံ့ပြန်လိုက်သည်မှာ ဝူယွဲ့၏ အားကောင်းပြီး ပဲ့တင်ထပ်နေသော ကြေညာချက်ပင်။

"ဒီနေ့ ငါ ဒီနေရာကို သွေးချောင်းစီးစေရမယ်... ဒါမှ မြင့်မြတ်နယ်မြေဆိုတာ စော်ကားလို့မရဘူးဆိုတာ လောကကြီးက သိလာမှာ"

"ကောင်လေး... နောက်ဘဝရှိရင် ပိုပြီးအကဲခတ်တတ်ပါစေ"

"တချို့လူတွေက မင်း ဘယ်တော့မှ ရန်စလို့မရတဲ့သူတွေပဲ"

ဝူယွဲ့က ကျယ်လောင်စွာ အော်ဟစ်ပြီး စတင်၍လှုပ်ရှားလိုက်သည်။

"လူအိုကြီးဝူ.. သတိထား... ဒီကောင်လေးက အရမ်းထူးဆန်းပြီး ယုတ်မာတယ်"

ရှီရှောင်ထျန်းက နောက်မှနေ၍ သတိပေးလိုက်သည်။

"သာမန် လူပြက်လေးတစ်ယောက်ပါ... ထည့်ပြောပြနေဖို့တောင် မလိုဘူး... မင်းရဲ့အစ်ကိုကြီးက သူ့ကို ဘယ်လို ဖိနှိပ်ပြီး သတ်ပစ်မလဲဆိုတာ စောင့်ကြည့်နေလိုက်စမ်း..."

ဝူယွဲ့၏ကိုယ်နေဟန်ထားသည် အလွန်မောက်မာထောင်လွှားပြီး သူ၏လှုပ်ရှားမှုတိုင်းသည် ဆရာကြီးတစ်ဦး၏အမူအယာကို ထုတ်ဖော်ပြသနေပေ၏။

All Chapters