← Chapters

နောင်တ

Vol. 8 Ch. 77

နောင်တ

Vol. 8 Ch. 77

ဝူယွဲ့သည် ရှီရှောင်ထျန်းအား ကယ်တင်မည့် ဤကိစ္စရပ်အပေါ် အလေးအနက်ထားသည်မှာ သိသာထင်ရှားသည်။

သူသည် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ရုပ်သေးနှစ်ရုပ်ကိုပင် ဖြန့်ကျက်ထားခဲ့ပေ၏။

သို့သော် ကျုံးချင် မည်မျှထိ ငယ်ရွယ်သည်ကို မြင်တွေ့လိုက်ရပြီးနောက် သူ အလွန်အမင်း သတိထားခဲ့မိသည်ဟု ခံစားလိုက်ရသည်။

လူအိုကြီးဝူသည်လည်း အလွန်အမင်း ပေါ့ဆခဲ့သည်။ သူသည် မြောင်းထဲတွင် သင်္ဘောမှောက်သွားခဲ့ပြီး ကျုံးချင်ကဲ့သို့ အတွေ့အကြုံမရှိသေးသူတစ်ဦး၏ သားကောင်ဖြစ်သွားခဲ့ရကာ ဤကဲ့သို့ အခြေအနေဆိုးသို့ ရောက်ရှိသွားခဲ့ရခြင်းဖြစ်သည်။

ကျုံးချင်၏ ၁၈ နှစ်အရွယ် အရိုးသက်တမ်းကို ထောက်ရှုလျှင် ထိပ်တိုက်ရင်ဆိုင်မှုတစ်ခု၌ သူသည် လူအိုကြီးရှီ၏ ပြိုင်ဘက်ဖြစ်လိမ့်မည်ဟု ဝူယွဲ့ မယုံကြည်ချေ။

ကျုံးချင်အား ချေမှုန်းခြင်းသည် သူ လက်ညှိုးတစ်ချောင်းဖြင့် တောက်လိုက်သကဲ့သို့ လွယ်ကူလိမ့်မည်ဟု တွေးထင်ထားသည်။

ထို့ကြောင့် သူသည် ချက်ချင်းပင် လက်ညှိုးတစ်ချောင်း ထုတ်လိုက်ပြီး အထက်စီးဆန်သော အနေအထားဖြင့် ကျုံးချင်အား ချေမှုန်းရန် ကြိုးစားလိုက်သည်။

နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦး၏ လက်ညှိုးတစ်ချောင်းတည်းဖြင့်ပင် တောင်များကို ထိုးဖောက်နိုင်ပြီး မြစ်များကို ဆုတ်ဖြဲနိုင်စွမ်း ရှိပေ၏။

ဤသည်က အလွန်ကြောက်မက်ဖွယ် ကောင်းသည်။

ပြိုင်ဘက်၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ကျုံးချင်သည် ပေါ့ပေါ့ပါးပါး လက်ဝါးတစ်ချက်ကို ရိုက်ထုတ်လိုက်သည်။

ထို့နောက် အလွန်ခမ်းနားထည်ဝါပြီး ဆရာကြီးတစ်ဦး၏ အမူအယာကို ပြသခဲ့သော ဝူယွဲ့သည် ချက်ချင်းပင် မြေကြီးပေါ်သို့ ပြားပြားမှောက် လဲကျသွားတော့သည်။

ဤမြင်ကွင်းသည် ရှီရှောင်ထျန်း၏နှလုံးသားထဲတွင် အကန့်အသတ်မဲ့သော လှိုင်းလုံးများကို လှုပ်ခတ်သွားစေခဲ့သည်။

"သူ... သူက ဘယ်လိုလုပ်ပြီး ဒီလောက်ထိ သန်မာအားကောင်းရတာလဲ"

လွန်ခဲ့သောတစ်ကြိမ်က သူ ကျုံးချင်နှင့် ရင်ဆိုင်ခဲ့ရစဉ်တွင် မူးမေ့မလဲခင် မည်သည့်အရာများ ဖြစ်သွားမှန်းပင် သူ မသိလိုက်ရချေ။

ဤတစ်ကြိမ်တွင်မူ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေပြီ။

သူတို့နှစ်ဦးလုံးသည် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူများ ဖြစ်ကြသော်လည်း သူ့ထက် စွမ်းအားများစွာ ပို၍သာလွန်သော လူအိုကြီးဝူသည် ကျုံးချင်၏ လက်ထဲတွင် ခုခံနိုင်စွမ်း လုံးဝမရှိခဲ့ချေ။

လှုပ်ရှားမှု တစ်ခုတည်းဖြင့်...

လူအိုကြီးဝူသည် လွှမ်းမိုးချုပ်ကိုင်နိုင်သော အင်အားဖြင့် ရိုက်ချခံလိုက်ရခြင်း ဖြစ်ပေ၏။

"ဖူး..."

ခြံဝန်းငယ်လေးထဲတွင် ဝူယွဲ့သည် သွေးများ အန်ထုတ်လိုက်ပြီး ကျုံးချင်ကို ကြည့်နေသော သူ၏အကြည့်များတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

သူသည် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးပင်။

အရှေ့ပိုင်းဒေသတစ်ခုလုံးတွင်ပင် သူသည် ထိပ်တန်းစာရင်းဝင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပေ၏။

သို့သော် ကျုံးချင်၏လက်ထဲတွင် သူသည် လှုပ်ရှားမှုတစ်ခုတည်းကိုပင် မခံနိုင်ခဲ့ချေ။

ဤအချိန်တွင် ဝူယွဲ့၏ရင်ထဲ၌ ဝမ်းနည်းပူဆွေးမှုများ ဒေါသများဖြင့် ပြည့်နှက်နေသည်။

ဤဝမ်းနည်းပူဆွေးမှုနှင့်ဒေါသများသည် ဝူကျီဂိုဏ်းရှိ အမှောင်အစောင့် ခေါင်းဆောင်ထံမှ မြစ်ဖျားခံလာခြင်းပင်။

ဤအမှောင်အစောင့်ဌာနမှ လူများသည် မည်သည့်အရာအား လုပ်နေကြသနည်း။

ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော ထိပ်သီးကျင့်ကြံသူတစ်ဦး အုပ်ချုပ်နေသည့် ဂိုဏ်းကို သူတို့၏ထောက်လှမ်းရေး အစီရင်ခံစာများထဲတွင် ဒုတိယတန်းစား ဂိုဏ်းတစ်ဂိုဏ်းအဖြစ်သာ စာရင်းသွင်းထားသည်။

ဤသည်မှာ အနည်းငယ်မျှ ယုတ္တိမရှိချေ။

တစ်ချိန်တည်းမှာပင်...

ဝူကျီဂိုဏ်းတွင် ထောက်လှမ်းရေးသတင်းများကို စီမံခန့်ခွဲနေသော အမှောင်အစောင့် ခေါင်းဆောင်သည် အကြောင်းပြချက်မရှိဘဲ ကျောချမ်းသွားခဲ့သည်။

"ဘယ်သူက ငါရဲ့အကြောင်းကို တွေးနေတာပါလိမ့်"

သူ၏မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်နေသော အရိပ်အယောင်များ ထင်ဟပ်လာပြီး တီးတိုးရေရွတ်လိုက်သည်။

အမှောင်အစောင့် ခေါင်းဆောင်တစ်ဦးအနေဖြင့် သူ၏အထောက်အထားသည် လျှို့ဝှက်ထားရမည့် ကံကြမ္မာပါလာပြီး သူ၏အလွန်အမင်း သိုသိပ်သော အကျင့်စရိုက်နှင့် ပေါင်းစပ်လိုက်ချိန်၌ သူ့ကို အမှန်တကယ် သိရှိသူ အရေအတွက်မှာ အလွန်နည်းပါးသည်။

မကြာသေးမီကဆိုလျှင် သူသည် သတ္တမအကြီးအကဲနှင့် အဋ္ဌမအကြီးအကဲတို့ဖြင့်သာ အဆက်အသွယ် ရှိခဲ့သည်။

"သတ္တမအကြီးအကဲက ရှန်ကျန်းဂိုဏ်းကို အောင်အောင်မြင်မြင် ရောက်သွားပြီးတော့ သူ့ရဲ့ကိစ္စတွေ ပြီးသွားလို့ ငါ ကောင်းကောင်းလုပ်ခဲ့တယ်ဆိုပြီး ဆုချဖို့ ပြန်လာနေတာများလား"

အမှောင်အစောင့် ခေါင်းဆောင်က စဉ်းစားလိုက်ပြီး သူ့အကြောင်း တွေးနေမည့်သူမှာ သတ္တမအကြီးအကဲသာ ဖြစ်နိုင်ကြောင်း ကောက်ချက်ချလိုက်သည်။

သူ၏ အလိုလိုသိစိတ်သည် အလွန်တိကျသည်ဟု ဆိုရပေမည်။

သို့သော် လက်တွေ့အခြေအနေကမူ သူ၏ စိတ်ကူးနှင့် လုံးလုံးလျားလျား ကွဲပြားနေသည်။

သတ္တမအကြီးအကဲသည် သူ့အား ဆုချရန် တွေးတောနေခြင်း မဟုတ်ဘဲ သူ့အား သတ်ပစ်ရန် တွေးတောနေခြင်း ဖြစ်ပေ၏။

မူဖူတောင်...

ခြံဝန်းငယ်လေးထဲတွင်...

လှုပ်ရှားမှု တစ်ခုတည်းဖြင့် ကျုံးချင်သည် ဝူယွဲ့ကို လုံးဝမလှုပ်ရှားနိုင်အောင် ပြုလုပ်လိုက်သည်။

သူသည် ဝူယွဲ့၏ဂုဏ်ယူမှုကိုလုံးဝ ရိုက်ချိုးလိုက်ပြီး သူ၏ မောက်မာမှုကို ချေမှုန်းလိုက်၏။

ဝူယွဲ့သည် ထိတ်လန့်သွားသော်လည်း သူသည် ခုခံရန် မျှော်လင့်ချက်ကို လုံးဝလက်မလျှော့သေးချေ။

သူ့တွင် ဝှက်ဖဲများနှင့် နေမင်းနက်နဲသိမ်မွေ့နယ်ပယ်ရုပ်သေးနှစ်ရုပ် ကျန်ရှိနေသေးသည်။

ယခုအချိန်တွင် သူသည် ရှန်ကျန်းဂိုဏ်းကို ချေမှုန်းပြီး မူဖူတောင်ကို မြေလှန်မည့် အကြံအစည်ကို လုံးလုံးလျားလျား စွန့်လွှတ်လိုက်လေပြီ။

သူ မျှော်လင့်သည်မှာ ရုပ်သေးနှစ်ရုပ်က ကျုံးချင်ကို ခဏတာ ထိန်းထားနိုင်ပြီး သူနှင့်ရှီရှောင်ထျန်းတို့ ထွက်ပြေးရန် အခွင့်အရေးအား ဖန်တီးပေးနိုင်ရန်သာ ဖြစ်သည်။

သူသည် အတွေးတစ်ချက်ဖြင့် ကျုံးချင်ကို တိုက်ခိုက်ရန် ရုပ်သေးနှစ်ရုပ်အား အမိန့်ပေးလိုက်သည်နှင့် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ရုပ်သေးနှစ်ရုပ်သည် ချက်ချင်းလှုပ်ရှားလိုက်ကြ၏။

သို့သော် ထိုရုပ်သေးနှစ်ရုပ်သည် နေမင်းနက်နဲသိမ်မွေ့နယ်ပယ်နှင့် ထိုက်တန်သော စွမ်းအားကို မထုတ်ဖော်နိုင်မီမှာပင်...

ကျုံးချင်က သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ လေပြင်းတစ်ချက် ထွက်ပေါ်လာပြီး ရုပ်သေးနှစ်ရုပ်ကို ဖုန်မှုန့်များအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲလိုက်သည်။

ဤအခြေအနေသည် ဝူယွဲ့ကို လုံးလုံးလျားလျား ကြောင်အသွားစေခဲ့သည်။

ဤသည်မှာ နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ရုပ်သေးနှစ်ရုပ်ပင်။

ဝက်တစ်ကောင်ကို သတ်လျှင်ပင် ထို့ထက်ပို၍ အချိန်အနည်းငယ် ကြာပေအုံးမည်။

ကျုံးချင်၏ စွမ်းအားအပေါ် သူ၏နားလည်မှုသည် နောက်ထပ်အဆင့်တစ်ခုသို့ ထပ်မံ၍ မြင့်တက်သွားခဲ့သည်။

နေဝင်ချိန်အောက်တွင် ကျုံးချင်သည် ဝူယွဲ့၏ ရှေ့သို့ အေးအေးဆေးဆေး လမ်းလျှောက်သွားပြီး ကြက်ပေါက်လေးတစ်ကောင်အလား သူ့ကို မလိုက်သည်။

"နောက်ထပ် စမ်းသပ်ခံကြွက်တစ်ကောင် ဘယ်ကရှာရမလဲလို့ ငါ စဉ်းစားနေတာ... မင်းက အချိန်ကိုက် ရောက်လာတာပဲ"

စကားပြောဆိုရင်းနှင့် သူက ရှီရှောင်ထျန်းဘက်သို့ လှည့်ကြည့်ပြီး ပြောဆိုလိုက်၏။

"ရှောင်ထျန်း... မင်း ကောင်းကောင်း လုပ်ခဲ့တယ်... မင်းမှာ တခြား ဆွေမျိုးတွေ သူငယ်ချင်းတွေ ရှိသေးရင် သူတို့အားလုံးကို ခေါ်လိုက်ပါအုံး"

ထိုစကားကို ကြားချိန်၌ ဝူယွဲ့၏မျက်လုံးများ ချက်ချင်းပြူးကျယ်သွားသည်။

ရှီရှောင်ထျန်းနှင့် ကျုံးချင်တို့ ပူးပေါင်းပြီး သူ့ကို ထောင်ချောက်ဆင်ကာ ဤနေရာသို့ မျှားခေါ်လာသည်ဟု မတွေးဘဲနေနိုင်ရန် ခက်ခဲလှသည်။

ရှီရှောင်ထျန်းအတွက်မူ လုံးလုံးလျားလျား ပြိုလဲလုနီးပါး ဖြစ်သွားခဲ့သည်။

ထိုသို့ဆိုလျှင် သူခေါ်လိုက်သော ကယ်တင်ရှင်သည် ကျုံးချင်၏မျက်လုံးတွင်မူ သူကဲ့သို့ပင် ဆေးလုံးစမ်းသပ်ခံမည့် နောက်ထပ် စမ်းသပ်ခံကြွက်တစ်ကောင် သက်သက်သာ ဖြစ်နေသည်။

အချိန်တခဏအတွင်း၌ သူ၏ လက်ရှိခံစားချက်ကို ဖော်ပြရန် မည်သည့်စကားလုံးမျှ ရှာမတွေ့တော့ချေ။

...

ထို့ကြောင့် ဝူယွဲ့သည် မူဖူတောင်တွင် ကျုံးချင်၏ ဆေးလုံးစမ်းသပ်မှုအတွက် ဒုတိယမြောက် စမ်းသပ်ခံပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

သူ သန့်စင်ထားသော ဆေးလုံးများတွင် ပြဿနာရှိနေသလော သို့မဟုတ် ရှီရှောင်ထျန်းက ဆေးလုံးများနှင့် ဓာတ်မတည့်သလောကို အတည်ပြုရန်အတွက် ကျုံးချင်သည် သူတို့ကို တစ်ညလုံးမအိပ်ဘဲ စောင့်ကြည့်ခဲ့သည်။

သူသည် ညလုံးပေါက်နေကာ ဆေးလုံးတစ်သုတ်ကို အလျင်စလို သန့်စင်လိုက်၏။ အံ့အားသင့်စရာမရှိသည်မှာ ဤတစ်ကြိမ် သူ သန့်စင်လိုက်သော ဆေးလုံးများသည်လည်း အဖုအထစ်များ ဖြစ်နေခြင်းပင်။

ထို့ပြင် လက်တွေ့ဘဝသည် မျှော်လင့်ချက်များနှင့် ကွာခြားလေ့ရှိသည်။

ဆိုလိုသည်မှာ သူ သန့်စင်လိုက်သော ဆေးလုံးများသည် ရှီရှောင်ထျန်းအပေါ်တွင်သာမက ဝူယွဲ့အပေါ်တွင်လည်း ထူးခြားသော သက်ရောက်မှု ရှိနေခြင်းပင်။

ဤညသည် ငြိမ်သက်အေးဆေးသော ညတစ်ည ဖြစ်လာရန် ကံမပါခဲ့ချေ။

ပုံမှန် ကြားနေကျ တစ်ယောက်တည်း အော်ဟစ်သံသည် နှစ်ယောက်ဖြစ်လာခဲ့သည်။

အော်ဟစ်သံများသည် စူးရှလွန်းပြီး ငရဲပြည်မှ တွားသွားထွက်လာသော ကလဲ့စားချေလိုသည့် စိတ်ဝိညာဉ်များအလားပင်။

ဤအချိန်တွင် ဝူယွဲ့သည် ရှီရှောင်ထျန်း မည်သည်ကြောင့် ဤမျှတိုတောင်းသော အချိန်အတွင်း ဤမျှထိ ပိန်လှီသွားရသနည်းဆိုသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

ဤဆေးလုံးများ၏အဆိပ်ပြင်းပုံ ဆေးအာနိသင် ပြင်းထန်ပုံတို့သည် သူ တစ်ကြိမ် စမ်းသပ်ခံလိုက်ရုံဖြင့် မခံနိုင်တော့ဟု ချက်ချင်း အော်ဟစ်လိုက်ရသည့်အထိပင်။

သူ၏မိတ်ဆွေကောင်းကြီး အသက်ရှင်နေသေးသည်မှာ အမှန်တကယ့်ကို အံ့အားသင့်ဖွယ် ကိစ္စတစ်ရပ်ပင်။

မိုးလင်းခါနီးအချိန်တွင် ဆေးလုံး၏အာနိသင် အနည်းငယ် လျော့ပါးသွားခဲ့သည်။

သူတို့နှစ်ယောက်သား ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေပြီး အားအင်ကုန်ခမ်းသွားသကဲ့သို့ အသက်ပြင်းပြင်းရှိုက်နေကြသည်။

ရှီရှောင်ထျန်း၏အကြည့်က အနည်းငယ် မကျေမနပ် ဖြစ်နေပုံရသည်။

"လူအိုကြီးဝူ... ငါက ဒီနေရာမှာ ပိတ်မိနေပြီးသားလေ... မင်းက ထိပ်သီးကျင့်ကြံသူတွေ ပိုခေါ်လာလို့ မရဘူးလားကွာ"

ဝူယွဲ့ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။

"..."

'ဘုရားရေ... ငါ မင်းကို ရှင်းပြခိုင်းဖို့တောင် မပြောရသေးဘူး... မင်းက ငါ့ကို အရင် လာညည်းပြနေတယ်ပေါ့'

"ဒီကောင်က ဒီလောက်ထိ ကြောက်စရာကောင်းတာကို မင်းရဲ့စာထဲမှာ ဘာလို့ ထည့်မရေးခဲ့တာလဲ"

သူသည် လုံလောက်အောင် သတိထားမိခဲ့ခြင်းရှိမရှိ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်မိသည်။

ဒုတိယတန်းစား ဂိုဏ်းငယ်လေးတစ်ဂိုဏ်းသို့ လာခြင်းဖြစ်သည့်တိုင် သူသည် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ရုပ်သေးနှစ်ရုပ်ကို ယူဆောင်လာခဲ့သည်။

ဒါပေမယ့် ရလဒ်ကရော...

တစ်ဖက်လူသည် အကူအညီတောင်းခံစာထဲ၌ ရန်သူ၏စွမ်းအားအကြောင်း စကားတစ်လုံးမျှ မဟခဲ့ချေ။

မနေ့ညက သူတို့နှစ်ယောက်လုံး လူမဆန်သော နှိပ်စက်မှုကို အတူတူ ခံစားခဲ့ရခြင်းကြောင့်သာ မဟုတ်လျှင် သူ ထောင်ချောက်ဆင်ခံလိုက်ရပြီလို့ ပြင်းပြင်းထန်ထန် သံသယဝင်မိမည်မှာ သေချာပေါက်ပင်။

ကျုံးချင် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသည်ကိုသာ သူ ကြိုသိခဲ့လျှင် မည်သည်ကြောင့် ဤမျှထိ ပေါ့ပေါ့ဆဆနှင့် လူလာကယ်မည်နည်း...

ထိုစကားကို ကြားချိန်၌ ရှီရှောင်ထျန်း အနည်းငယ် နေရခက်သွားသည်။

သူ သတိမပေးချင်၍ မဟုတ်ချေ။ ကျုံးချင် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူ အမှန်တကယ်ကို မသိခဲ့သောကြောင့်ပင်။ ထိုစဉ်က သူသတိမလစ်ခင် မည်သို့ဖြစ်သွားသည်ကိုပင် မသိလိုက်ရပေ။

ထို့ပြင် သူ အကူအညီတောင်းခံစာ ရေးစဉ်က အချိန်လွန်စွာ ကပ်နေပြီး အရာအားလုံးကို အတိုချုံးရေးခဲ့ရတာကြောင့် ဤမျှလောက်ထိ ထည့်သွင်းမစဉ်းစားမိခဲ့ခြင်း ဖြစ်သည်။ သူ အန္တရာယ်ကြုံနေရသည်ကို သိလိုက်လျှင် ဝူယွဲ့က သေချာပေါက် အလေးအနက်ထားလိမ့်မည်ဟုသာ သူ တွေးခဲ့မိသည်။

သူ့ကြောင့် ဝူယွဲ့လည်း ဒုက္ခရောက်ရလိမ့်မည်ဟု သူ လုံးဝထင်မှတ်မထားခဲ့မိချေ။ ယခုကဲ့သို့ လူမဆန်သည့် နှိပ်စက်မှုကို သူနှင့်အတူ ခံစားရမည်ဟုလည်း မမျှော်လင့်ထားခဲ့မိပေ။

သူ့မိတ်ဆွေကြီး၏ ညှိုးငယ်သော မျက်နှာနှင့် အနည်းငယ် ဖြူဖျော့နေသော အသားအရေကို ကြည့်ရင်း...

ရှီရှောင်ထျန်း၏စိတ်နှလုံးသားထဲတွင် အကန့်အသတ်မဲ့သော နောင်တတရားများ ပြည့်နှက်လာတော့သည်။

'ငါသာ သိခဲ့ရင်... ငါသာ ကြိုသိခဲ့ရင်... ဝူကျီဂိုဏ်းမှာပဲ အကြီးအကဲတစ်ယောက်အနေနဲ့ ရိုးရိုးရှင်းရှင်း နေလိုက်တာက ပိုမကောင်းဘူးလား...ဘာကိစ္စနဲ့များ ဆေးဘုရင်ဂုဏ်ထူးဆောင်ဘွဲ့ကို ရဖို့ ကြိုးစားခဲ့ရတာလဲ... ဂုဏ်ဒြပ်နဲ့ စည်းစိမ်တွေကြောင့်သာ မျက်စိကွယ်မသွားခဲ့ရင် ကောင်းကင်စိတ်ဝိညာဉ်မြက်ကို ရှာဖွေဖို့ ငါက ထွက်လာမိပြီးတော့ အခုလို အကြပ်အတည်းမျိုးနဲ့ ကြုံတွေ့ရပါ့မလား..."

All Chapters