ပြင်ပအကူအညီ တောင်းခံခြင်း
Vol. 8 Ch. 78
အချိန်သည် ကုန်ဆုံးလွယ်ပြီး နှစ်ကာလများသည် ရက်ကန်းလွန်းကဲ့သို့ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း လဝက်ခန့် ကုန်လွန်သွားခဲ့လေပြီ။
ဤအချိန်ကာလသည် ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့အတွက်မူ သူတို့ဘဝ၏အမှောင်မိုက်ဆုံး အချိန်ကာလဖြစ်သည်ဟု ဆိုနိုင်ပေ၏။
အိုး နတ်ဘုရားများ... ကယ်တော်မူပါ...
ဂုဏ်သရေရှိ ဆေးပညာရှင်ကြီးနှစ်ဦးသည် ဆေးလုံးအနည်းငယ်ကြောင့် သေလုမြောပါး နှိပ်စက်ခံရပြီး သည်းမခံနိုင်သော နာကျင်မှုများကို ခံစားခဲ့ရသည်။
ကျုံးချင် သန့်စင်ထားသော ဆေးလုံးများသည် တူညီသော ဆေးဖက်ဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သော်လည်း သန့်စင်လိုက်တိုင်း ထိုအရာများတွင် မတူညီသော ဆေးအာနိသင်များ ရှိနေခဲ့သည်။
ယနေ့တွင် အော့အန်ပြီး ဝမ်းလျှောခြင်း ဖြစ်ပေါ်ပါက နောက်တစ်နေ့တွင် ပြည်တည်ပြီး အနာစိမ်းများ ပေါက်လာတတ်သည်။
သို့သော် အကြိမ်တိုင်းတွင် ကျုံးချင်သည် စစ်မှန်ပြီး ကောင်းမွန်မြင့်မြတ်သော ဆေးဝါးကို ဖန်တီးနိုင်ရန် မျှော်လင့်ချက်ဖြင့် အလေးအနက်ထား၍ ဆေးလုံးသန့်စင်လေ့ ရှိပေ၏။
သောက်ကျိုးနည်း ကြောက်မက်ဖွယ်ကောင်းသည်မှာ သူ့ထံတွင် ပါရမီမရှိဟု ဆိုရအောင်လည်း သူသည် ဆေးလုံးဖြစ်အောင် လုပ်နိုင်ပေ၏။ ထို့ပြင် ဘေးထွက်ဆိုးကျိုးများသည်လည်း အဆိပ်ပြင်းများနှင့် ယှဉ်နိုင်ပြီး နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူများကိုပင် သတိလစ်သွားစေနိုင်သည်။
သူ့တွင် ပါရမီရှိသည်ဟု ဆိုရအောင်လည်း သူသန့်စင်လိုက်သော ဆေးလုံးတိုင်းသည် ထူးဆန်းနေပြီး အလွန်ကွဲပြားသော ဆေးအာနိသင်များ ရှိနေသည်။
"ဒီဘေးဆိုးကြီးက ဒီနေ့ ဘယ်လိုဆေးလုံးမျိုးကို သန့်စင်မလဲ မသိဘူး"
ပူပြင်းသော နေရောင်အောက်ရှိ သီးခြားခွဲထုတ်ထားသော ခြံဝန်းငယ်လေးထဲတွင် ဝူယွဲ့က ကြောက်ရွံ့မှု အကြွင်းအကျန်များနှင့်အတူ ပြောဆိုလိုက်သည်။
"အော့အန်ပြီး ဝမ်းလျှောစေတဲ့ ဆေးလုံး မဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်မိတယ်"
ရှီရှောင်ထျန်းက နာကျင်သော မျက်နှာထားဖြင့် တုံ့ပြန်လိုက်၏။
ဂုဏ်သိက္ခာရှိသော မြင့်မြတ်နယ်မြေ အကြီးအကဲတစ်ဦးဖြစ်ကာ နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦး ဖြစ်နေသဖြင့် သူသည် ထိုကိစ္စကို သူ၏စိတ်ထဲတွင် မြိုသိပ်ထားရသည်။
သူ၏အသက်သည် ရာနှင့်ချီနေပြီဖြစ်ရာ ဤကိစ္စသာ ပေါက်ကြားသွားပါက သူ၏ နောက်ဆုံးနှစ်ကာလများတွင် ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်တော့မည် မဟုတ်ချေ။
သူတို့နှစ်ဦး စိုးရိမ်ပူပန်နေသော်လည်း ကျုံးချင်၏ ပုံရိပ်ကို မည်သည့်နေရာတွင်မျှ မတွေ့ရပေ။
ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
သူတို့သည် မူဖူတောင်သို့ ရောက်ရှိကတည်းက မိုးရွာရွာ နေပူပူ သူသည် အရည်အသွေးမြင့် အဆိပ်ဆေးလုံးတချို့ကို အမြဲတစေ အတင်းအဓမ္မ ကျွေးလေ့ရှိခဲ့သည်။
ယနေ့ နေမင်းကြီးသည် အနောက်ဘက်မှ ထွက်လာသလော...
ထိုသို့မဟုတ်ပါက သူသည် နောက်ဆုံးတွင် စိတ်ပြောင်းသွားခဲ့သလော....
သူတို့နှစ်ဦး ပြောဆိုနေကြသော ကျုံးချင်သည် လက်ရှိတွင် အိမ်ထဲ၌ စာဖတ်နေသည်။
ဤသည်မှာ စနစ်က ဆုချထားသော 'သောင်းပြောင်းထွေလာ မူလဆေးလုံးကျမ်းစာ' ပင်။
ဤသည်မှာ ဧကရာဇ်အဆင့်ကျမ်းစာ ဖြစ်ပေ၏။
ထိုကျမ်းစာရှိ အကြောင်းအရာသည် အရာအားလုံးပါဝင်ပြီး နက်နဲသိမ်မွေ့ကာ ဆေးပညာ၏မူလအစကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။
ထိုအရာတွင် မရေမတွက်နိုင်သော နတ်ဘုရားဆေးညွှန်းများနှင့် လျှို့ဝှက်ဆေးဝါးများအပြင် အမျိုးမျိုးသော ဆေးပညာနည်းလမ်းများနှင့် ဆေးလုံးဖော်စပ်ခြင်း လမ်းကြောင်းများကို မှတ်တမ်းတင်ထားသည်။
သူ၏ ကိုယ်ပိုင် 'သောင်းပြောင်းထွေလာ စိတ်ဝိညာဉ်ဆေးလုံး'သည် အချိန်တိုအတွင်း၌ အောင်မြင်ရန် ဖြစ်နိုင်ချေ လုံးဝမရှိကြောင်း သိသာထင်ရှားနေသည်။
ဤလမ်းကြောင်းအတိုင်း မျက်ကန်းတိုးနေမည့်အစား ချဉ်းကပ်ပုံပြောင်းလိုက်ခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။
ထိုသို့စူးစမ်းလေ့လာခြင်းဖြင့် သူသည် ကောင်းကင်ဘုံကို အာခံနိုင်သော ဆေးညွှန်းတစ်ခုကို တွေ့ရှိခဲ့သည်။
"ဒြပ်စင်ငါးပါးကို မီးအဖြစ် အသုံးပြုကာ နေလ နှင့် ကြယ်တာရာတို့၏ စွမ်းအားကို လောင်စာအဖြစ် ရယူခြင်း....အရပ်မျက်နှာအသီးသီးမှ တောင်များနှင့်မြစ်များကို ဆေးမီးဖိုအဖြစ် စုစည်းခြင်းနှင့် ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်အရည်ကို သိမ်းပိုက်ရန် 'ကောင်းကင်ဖြည့်တင်း မြေကမ္ဘာစုစည်းခြင်း လျှို့ဝှက်နည်းစနစ်'ကို အသုံးပြုခြင်းဖြင့် 'ပြီးပြည့်စုံခြင်းအဆင့် အခြေခံတည်ဆောက်ခြင်းဆေးလုံးကို ဖော်စပ်နိုင်သည်"
"အသက် ၁၆ နှစ်မပြည့်မီ ဤဆေးလုံးကို သောက်သုံးသူများသည် ပြီးပြည့်စုံသော တာအိုအခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်သည်"
"ပြီးပြည့်စုံသော တာအိုအခြေခံအုတ်မြစ် တည်ဆောက်ပြီးသည်နှင့် ကျင့်ကြံခြင်းအရှိန်နှုန်းသည် တစ်ဟုန်ထိုး တိုးတက်လာမည်ဖြစ်ပြီး ရှေးဟောင်း နတ်ဘုရားနှင့်သူတော်စင် ခန္ဓာကိုယ်များကို ယှဉ်ပြိုင်နိုင်စွမ်း ရှိလာပေမည်"
ဤဆေးညွှန်းသည် ကျုံးချင်၏စိတ်နှလုံးသားကို စိတ်လှုပ်ရှားမှုဖြင့် လောင်ကျွမ်းသွားစေခဲ့သည်။
ယခုချိန်၌ သူ၏ တပည့်နှစ်ဦးသည် အဆတစ်ရာ ကျင့်ကြံခြင်းမြှင့်တင်မှုကို ခံစားပြီးနောက် သူ့ထံသို့ ဆယ်ဆပြန်လည်ပေးအပ်ကြသည်။
သူတို့၏ ကျင့်ကြံခြင်းအရှိန်နှုန်းသည် မြန်ဆန်သည်ဟု မပြောလျှင် မည်သို့ ပြောရမည်နည်း....
သို့သော် ဤအချက်ကို အခြေခံ၍ တပည့်နှစ်ဦး၏ ကျင့်ကြံခြင်းအရှိန်နှုန်းသည် နောက်ထပ် ကြီးမားသော အတိုင်းအတာတစ်ခုအထိ မြင့်တက်လာပါက သူသည် ရပ်တန့်နေသောနေရာမှ ပျံတက်ရုံသာမက လေဟာနယ်ခုန်ကူးမှုကိုလည်း တိုက်ရိုက်ပြုလုပ်နိုင်ပေမည်။
ကျင့်ကြံခြင်းအရှိန်နှုန်းနှင့် ပတ်သက်လာလျှင် ပို၍လျှင်မြန်လေလေ ပို၍ကောင်းမွန်လေလေပင်။
သူတို့၏ကျင့်ကြံခြင်းသည် မြန်ဆန်လွန်းသည်ဟု မည်သူမျှ ညည်းညူကြမည် မဟုတ်ပေ။
သူတို့သည် ရှိပြီးသား ကျင့်ကြံခြင်းအရှိန်နှုန်းအပေါ်တွင် ပို၍မြန်ဆန်လာရန်သာ ဆန္ဒရှိကြသည်။
"ဒါပေမယ့် ငါ့အတွက် ကျန်တဲ့အချိန်က သိပ်မများတော့ဘူး"
ကျုံးချင်၏မျက်လုံးအကြည့် တည်ကြည်လေးနက်နေပြီး တီးတိုးရေရွတ်လိုက်သည်။
ဤဆေးညွှန်းတွင် ပြီးပြည့်စုံသော အခြေခံအုတ်မြစ်ကို တည်ဆောက်ရန် အသက် ၁၆ နှစ်အောက် လူတစ်ဦးက သောက်သုံးရမည်ဟု ဖော်ပြထားသည်။
ထိုသို့မဟုတ်လျှင် အကျိုးသက်ရောက်မှုသည် များစွာလျော့နည်းသွားပေလိမ့်မည်။
လင်းဖုန်း... သူ အမှတ်မမှားဘူးလျှင် ထိုကောင်လေးက ၁၆ နှစ် ပြည့်တော့မည် မဟုတ်လော...
"အချိန်က လူကို မစောင့်ဘူး"
ကျုံးချင်သည် မူလဆေးလုံးကျမ်းစာကို ပေါ့ပေါ့ပါးပါး ဘေးသို့ပစ်ချလိုက်ပြီး လင်းဖုန်း ၁၆ နှစ် မပြည့်မီ ဆေးလုံးကို မည်သို့ သန့်စင်ရမည်အား အလျင်အမြန် စဉ်းစားလိုက်သည်။
ထို့နောက် သူသည် ထိုအချိန်ဘောင်အတွင်း ဆေးလုံးကို သူကိုယ်တိုင် ဖော်စပ်နိုင်စွမ်း လုံးဝမရှိကြောင်း နားလည်သဘောပေါက်လိုက်သည်။
တခြားအရာများကို ဘေးဖယ်ထားလျှင်ပင် 'ကောင်းကင်ဖြည့်တင်း မြေကမ္ဘာစုစည်းခြင်း လျှို့ဝှက်နည်းစနစ်' တစ်ခုတည်းကပင် ကြီးမားကျယ်ပြန့်သော ဆေးပညာဗဟုသုတများ ပါဝင်နေသည်။
ဆေးပညာတွင် အတော်အသင့် နက်ရှိုင်းသော အခြေခံအုတ်မြစ် မရှိပါက ဤလျှို့ဝှက်နည်းစနစ်ကို အချိန်တိုအတွင်း သေချာစွာ နားလည်သဘောပေါက်ရန်မှာ မဖြစ်နိုင်ပေ။
ကျုံးချင်သည် ဤကာလအတွင်း ဆေးပညာအပေါ် လုံလောက်သော စိတ်အားထက်သန်မှုကို ပြသခဲ့သော်လည်း...
နောက်ဆုံးတွင် ဆေးပညာနယ်ပယ်၌ သူသည် လူသစ်တစ်ဦးသာ ဖြစ်နေပေ၏။
သူ့တပည့်များ၏ အနာဂတ် တာအိုလမ်းစဉ်နှင့် သက်ဆိုင်နေသဖြင့် ကျုံးချင်သည် ဆေးလုံးများကို ပေါ့ပေါ့ပါးပါး သန့်စင်ရန် ကြိုးစားရင်း အချိန်ဖြုန်းမနေနိုင်တော့ချေ။
"ပြင်ပအကူအညီ တောင်းမှပဲ ရတော့မယ် ထင်တယ်"
သူ၏အကြည့်သည် ပြတင်းပေါက်ဆီသို့ ရောက်ရှိသွားပြီး ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့၏ ပုံရိပ်များကို မြင်တွေ့မိချိန်၌ သူ၏မျက်လုံးများ အနည်းငယ်တောက်ပသွားသည်။
"ဒီနေရာမှာ ပြီးပြည့်စုံတဲ့ ကိုယ်စားလှယ်လောင်းတွေ ရှိနေတာပဲ"
သူ ချက်ချင်း မတ်တတ်ထရပ်လိုက်ပြီး အိမ်ပြင်သို့ ထွက်ခွာလာခဲ့သည်။
ခြံဝန်းထဲတွင် ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့သည် ဇီးပင်အောက်၌ ကြိုးများဖြင့် တုပ်နှောင်ခံထားရလေ၏။
ကျုံးချင်၏ ပုံရိပ်ကို မြင်တွေ့ချိန်၌ သူတို့နှစ်ဦးလုံး၏မျက်နှာများ ချက်ချင်းရှုံမဲ့သွားကြသည်။
"ဒီနေ့ ငါတို့ ဘေးအန္တရာယ်ကနေ မလွတ်မြောက်နိုင်ဘူးလား"
"ထားလိုက်တော့... ထားလိုက်ပါတော့... ခေါင်းထောင်လည်း တစ်ချက်ပဲ ခေါင်းပုလည်း တစ်ချက်ပဲ... စိတ်ပိုင်းဖြတ်ထားလိုက်တာ ပိုကောင်းပါတယ်"
သူတို့နှစ်ဦးသည် စစ်မြေပြင်သို့ ထွက်ခွာမည့် စစ်သည်တော်များအလား အမှုမဲ့အမှတ်မဲ့ဖြင့် ရင်ကော့လိုက်ကြသည်။
ရက်စက်ကြမ်းကြုတ်သော စစ်မြေပြင် ကျရောက်လာမည့်အထိ သူတို့ စောင့်ဆိုင်းနေလိုက်ကြ၏။
ထိုအချိန်တွင် ကျုံးချင်က သူတို့၏ရှေ့သို့ ရောက်ရှိလာခဲ့သည်။
သူက ရှင်းလင်းပြတ်သားစွာ မေးမြန်းလိုက်သည်။
"မင်းတို့နှစ်ယောက်က ဆေးပညာရှင်တွေဆိုတာ ငါ မှတ်မိတယ်... ဟုတ်တယ်မလား"
သူတို့နှစ်ယောက်သား အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြသည်။
ကျုံးချင်သည် မည်သည့်လှည့်ကွက်များကို အသုံးပြုအုံးမည်ကို သူတို့ မသိရှိကြချေ။
ဆေးပညာရှင်များသည် သူသန့်စင်ထားသော အဆိပ်ဆေးလုံးများအောက်တွင် ရုန်းကန်ပြီး အော်ဟစ်ငိုယိုနေသည်ကို ကြည့်ရှုကာ ပို၍ကြီးမားသော အောင်မြင်မှု ခံစားချက်ကို ရယူလိုခြင်း ဖြစ်သလော....
သူတို့၏မျက်နှာများသည် ဆိုးရွာသော မြင်ကွင်းအချို့ကို မြင်ယောင်မိသည့်အလား အနည်းငယ် အမူအယာပျက်ယွင်းနေကြသည်။
ကျုံးချင်သည် သူတို့၏အတွေးများကို မသိဘဲ ဆက်လက်၍ ပြောဆိုလိုက်၏။
"မင်းတို့ ငါ့ကို ဆေးလုံးနှစ်လုံးလောက် ကူညီပြီး သန့်စင်ပေးနိုင်မလား"
"မင်းတို့ အောင်မြင်ရင် ငါ မင်းတို့ကို လွှတ်ပေးမယ်... ပြီးတော့ အတိတ်က ကိစ္စတွေကိုလည်း ထပ်ပြီး အပြစ်မတင်တော့ဘူး"
"မင်းတို့နှစ်ယောက် စဉ်းစားကြည့်ပြီးတော့ ဆုံးဖြတ်ပြီးရင် ငါ့ကို အဖြေပေးပါ"
ကျုံးချင် ပြောဆိုပြီးသည်နှင့် သူတို့နှစ်ဦး တပြိုင်နက်တည်း ပြောလိုက်သည်ကို ကြားလိုက်ရသည်။
"စဉ်းစားနေစရာ မလိုဘူး... ငါတို့ သဘောတူတယ်"
ဘုရားရေ...
ကမ္ဘာမြေကြီးရေ...
နောက်ဆုံးတွင် သူတို့သည် ဆေးပညာရှင်များ ရသင့်ရထိုက်သော ဆက်ဆံမှုကို ရရှိခဲ့လေပြီ။
သူတို့၏အထောက်အထားဖြင့်ဆိုလျှင် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ အာရုံစိုက်ခံရပြီး မရေမတွက်နိုင်သော လူများ၏ မြှောက်ပင့်ဖားယားမှုကို ခံရသူများ ဖြစ်ကြသည်။
လူ မည်မျှထိများများ သူတို့ကို ဆေးလုံးတစ်သုတ်လောက် ကူညီသန့်စင်ပေးရန် ငိုယိုပြီး တောင်းပန်ခဲ့ရသနည်း...
ထိုသို့ဆိုသည့်တိုင် ထိုလူများသည် မည်သည့်အရာကိုမျှ မရခဲ့ကြချေ။
သို့သော် ဤနေရာ၌မူ ကျုံးချင်သည် သူတို့ကို ဖမ်းဆီးထားပြီး သူတို့၏အထောက်အထားများကြောင့် အထူးအခွင့်အရေး မပေးဘဲ စမ်းသပ်ခံကြွက်များအဖြစ် ဆက်ဆံခဲ့သည်။
ယခုအချိန်၌ နောက်ဆုံးတွင် သူတို့၏ စွမ်းရည်များကို ပြသရန် အချိန်ရောက်ရှိလာလေပြီ။
စစ်မှန်သော ဆေးပညာရှင်ဆိုသည်မှာ မည်သို့ဖြစ်သည်ကို ကျုံးချင်အား ကောင်းစွာသရုပ်ပြသရန်လည်း သူတို့ ပြင်ဆင်ထားကြသည်။
သူတို့နှစ်ယောက်သား လွယ်လင့်တကူ သဘောတူလိုက်သည်ကို မြင်တွေ့လိုက်ရသဖြင့် ကျုံးချင် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ဤကိစ္စသည် သူ့တပည့်၏ အနာဂတ် တာအိုလမ်းစဉ်နှင့် သက်ဆိုင်နေသော ကိစ္စကြီး ဖြစ်ပေ၏။
"မင်းတို့ သန့်စင်နိုင်မယ်ဆိုတာ သေချာရဲ့လား... ဆေးညွှန်းကို အရင်ကြည့်ချင်သေးလား"
ဤစကားများသာ တခြားလူတစ်ဦးထံမှ ထွက်ပေါ်လာပါက ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့သည် ချက်ချင်း ပါးဖြတ်ရိုက်မိမည်မှာ သေချာပေါက်ပင်။
ဤသည်က အမှန်တကယ်ကို အလွန်ရယ်ရွှင်ဖွယ်ကောင်းသော ဟာသပြက်လုံးတစ်ခု ဖြစ်သည်။
အရှေ့ပိုင်းဒေသတစ်ခုလုံးကို ကြည့်ရှုလိုက်ပါက ဆေးပညာလမ်းစဉ်တွင် သူတို့၏ အောင်မြင်မှုများသည် ထိပ်တန်းစာရင်းဝင် တည်ရှိမှုများ ဖြစ်ကြသည်။
သူတို့နှစ်ယောက် အတူပူးပေါင်းပြီး ဆေးလုံးတစ်လုံးကို မသန့်စင်နိုင်ဟုဆိုပါက အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် မည်သူမျှ သန့်စင်နိုင်သည်ဟု ပြောရဲမည် မဟုတ်ချေ။
ဤသည်မှာ အရှေ့ပိုင်းဒေသကုန်းမြေ၏ ထိပ်တန်းဆေးပညာရှင်များ ဖြစ်ရခြင်း၏ ယုံကြည်မှုနှင့် မောက်မာမှုပင်။
သေချာသည်မှာ... ကျုံးချင်နှင့် ဆက်ဆံသည့်အချိန်၌မူ ဤအရာသည် တခြားကိစ္စတစ်ခု ဖြစ်သွားလေပြီ။
သူတို့နှစ်ယောက်လုံး၏အသက်သည် လက်ရှိတွင် သူ၏လက်ထဲသို့ ရောက်ရှိနေသည် မဟုတ်လော။
ထို့ကြောင့် သူတို့သည် မကျေနပ်သော်လည်း ဝူယွဲ့က စိတ်ရှည်လက်ရှည် ပြောဆိုလိုက်၏။
"စိတ်မပူပါနဲ့...ဆေးညွှန်းကိုသာ ပေးကြည့်ပါ"
"အရှေ့ပိုင်းဒေသရဲ့ ထိပ်တန်းဆေးပညာရှင်တွေရဲ့အစွမ်းအစက တကယ်တမ်း ဘယ်လိုလဲဆိုတာ ငါတို့ မင်းကို ပြသပေးမယ်"
ဤအချိန်တွင် သူတို့သည် သူတို့၏ပင်မနယ်မြေကို ပြန်ရောက်သွားသည့်အလားပင်။
ဆေးပညာရှင်များသာ ပိုင်ဆိုင်သော ဂုဏ်ကျက်သရေကို သူတို့ တွေ့ရှိသွားကြသည်။
သူတို့နှစ်ယောက်သား ဆုံးဖြတ်ချက် ချလိုက်ကြသည်။
ကျုံးချင်အား ကောင်းမွန်စွာ သင်ခန်းစာ ပေးရမည်။
စစ်မှန်သော ဆေးပညာဆိုသည်မှာ မည်သည့်အရာ ဖြစ်သနည်း...
ထို့ပြင် သူ ယခင်က သန့်စင်ခဲ့သည်များမှာ မည်ကဲ့သို့ အမှိုက်မျိုးများ ဖြစ်သည်ကို သူ သိရှိအောင် လုပ်ပြရပေမည်။