ဒါက ဘယ်လိုကြောက်စရာကောင်းတဲ့ ဆေးညွှန်းကြီးလဲ
Vol. 8 Ch. 79
ခြံဝန်းအတွင်း၌...
သူတို့နှစ်ယောက်ထံ၌ မည်မျှထိ ယုံကြည်မှုရှိနေသည်ကို ကျုံးချင် မြင်တွေ့လိုက်ရ၏။
သူသည် စကားတစ်ခွန်းမျှ ဆက်မဆိုတော့ဘဲ သူတို့နှစ်ယောက်အား ချုပ်နှောင်ထားမှုမှ လွှတ်ပေးလိုက်သည်။
ထို့နောက် သူသည် အခန်းတွင်းသို့ ပြန်ဝင်သွားကာ 'သောင်းပြောင်းထွေလာ မူလဆေးလုံးကျမ်းစာ'ကို ယူဆောင်လာပြီး သူတို့နှစ်ယောက်၏လက်ထဲသို့ ပေးအပ်လိုက်သည်။
"မင်းတို့နှစ်ယောက် ဒီ 'ပြီးပြည့်စုံခြင်းအဆင့် အခြေခံတည်ဆောက်ခြင်းဆေးလုံး'ရဲ့ ဆေးညွှန်းကို အရင်ကြည့်လိုက်အုံး... မင်းတို့ ကြည့်ပြီးသွားရင် ငါ့ဆီ လာခဲ့စမ်း..."
ထိုသို့ပြောဆိုပြီးသည်နှင့် သူသည် အေးအေးဆေးဆေးဖြင့် သူ၏အခန်းသို့ ပြန်ဝင်သွားကာ လက်ဖက်ရည်တစ်ခွက် ဖျော်၍ သောက်သုံးနေလိုက်၏။
ဤလက်ဖက်ခြောက်များကို ချောင်ရှားတောင်ကြားမှ ပေးပို့ထားခြင်း ဖြစ်သည်။
အမှန်အတိုင်းဆိုရလျှင် ထိုလက်ဖက်ခြောက်၏အရသာမှာ အမှန်တကယ်ပင် ထူးကဲသည်။ အရသာသည် သူ၏ပါးစပ်ထဲတွင် စွဲကျန်နေပြီး မွှေးကြိုင်လန်းဆန်းစေသည်။
နေ့စဉ်နေ့တိုင်း လက်ဖက်ရည်တစ်ခွက်သောက်သုံးခြင်းက သူ၏စိတ်ကို လန်းဆန်းပြီး တက်ကြွစေသည်။
တခြားတစ်ဖက်တွင် ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့သည် အစပိုင်း၌ ဂရုမစိုက်ခဲ့ကြချေ။
မည်သို့ပင်ဆိုစေကာမူ သူတို့၏မျက်လုံးထဲတွင် ကျုံးချင်၏ ဆေးဖော်စပ်မှုနည်းလမ်းများသည် အလွန်ကြမ်းတမ်းပေ၏။
သူတို့၏လက်အောက်ရှိ မည်သည့်တပည့်မဆို ဆေးပညာနှင့် ပတ်သက်လာလျှင် ကျုံးချင်ထက် အဆတစ်ထောင်ခန့် သာလွန်ပေလိမ့်မည်။
ကျုံးချင်၏စွမ်းအားကြီးမားသည်ကို သူတို့ ငြင်းပယ်၍ မရနိုင်ချေ။
သို့သော် ဆေးပညာလမ်းစဉ်တွင်မူ သူတို့သည် စီနီယာအစ်ကိုများ ဖြစ်ကြပြီး ကျုံးချင်သည် ဂျူနီယာညီလေးသာ ဖြစ်ပေ၏။
သူတို့သည် အဆင့်တူ၌ လုံးဝမရှိကြချေ။
သူ့အား ဆေးပညာလောက၏လူသစ်ဟု ခေါ်ဆိုခြင်းပင်လျှင် လူသစ်များကို စော်ကားသကဲ့သို့ ဖြစ်နေမည်ဟု သူတို့နှစ်ဦး ခံစားကြရသည်။
ထိုကဲ့သို့ လူတစ်ဦးမှ ပေါ့ပေါ့ပါးပါး ထုတ်ပေးလိုက်သော ဆေးညွှန်းတစ်ခုသည် မည်မျှထိ တန်ဖိုးရှိနိုင်မည်နည်း။
သို့သော် တစ်ချက်ကြည့်လိုက်ရုံဖြင့်...
သူတို့နှစ်ဦးလုံးသည် ဆေးညွှန်းပါအကြောင်းအရာများကြောင့် ကြောင်အသွားကြ၏။
"ဒြပ်စင်ငါးပါးကို မီးအဖြစ် အသုံးပြုခြင်း....နေလ နှင့် ကြယ်တာရာတို့၏ စွမ်းအားကို လောင်စာအဖြစ် ရယူခြင်း... အရပ်မျက်နှာအသီးသီးမှ တောင်များနှင့်မြစ်များကို မီးပြင်းဖိုအဖြစ် စုစည်းခြင်းနှင့် 'ကောင်းကင်ဖြည့်တင်း မြေကမ္ဘာစုစည်းခြင်း လျှို့ဝှက်နည်းစနစ်'ကို အသုံးပြု၍ ကောင်းကင်စိတ်ဝိညာဉ် မြေကမ္ဘာအရည်ကို သိမ်းပိုက်ခြင်းဖြင့် 'ပြီးပြည့်စုံခြင်းအဆင့် အခြေခံတည်ဆောက်ခြင်းဆေးလုံး' ကို ဖော်စပ်နိုင်သည်"
...
"ဒါ... ဒါက ဘယ်လို ကောင်းကင်ဘုံကို အာခံနိုင်တဲ့ ဆေးညွှန်းကြီးလဲ"
အဖွင့်အကြမ်းဖျင်း ဖော်ပြချက်တစ်ခုတည်းကပင်...
ထိုအရာသည် သူတို့နှစ်ဦး၏စိတ်နှလုံးသားများကို အကြီးအကျယ် တုန်လှုပ်သွားစေပေ၏။
ထိုကဲ့သို့ ဆေးညွှန်းမျိုးကို သူတို့ ယခင်က မကြားဖူး မမြင်ဖူးခဲ့ကြချေ။
ထိုဆေးညွှန်း၏ အတွေးအခေါ်များ ဆန်းသစ်မှုနယ်ပယ်ကျယ်ပြန့်မှုတို့သည် လောကတွင် ပျံ့နှံ့နေသော ဆေးညွှန်းများနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။
လျှပ်စီးကြောင်းတစ်ခု သူတို့၏နှလုံးသားထဲသို့ ဖြတ်သန်းစီးဆင်းသွားသကဲ့သို့ ဖြစ်နေသည်။
ထိုအရာမှာ စိတ်လှုပ်ရှားမှုပင်။
သူတို့နှစ်ယောက်၏ ဆေးပညာလမ်းစဉ် အောင်မြင်မှုများနှင့်ဆိုလျှင်...
ဤဆေးညွှန်းသည် အလွန်အမင်း ကောင်းကင်ဘုံကို အာခံနိုင်ကြောင်း သူတို့ ပြောနိုင်ပေ၏။
ဤသည်မှာ သူတို့အတွက် ကမ္ဘာသစ်တစ်ခုဆီသို့ တံခါးတစ်ချပ် ဖွင့်ပေးလိုက်သည့်အလားပင်။
သူ အောက်သို့ဆက်၍ဖတ်ရှုလေလေ သူတို့နှစ်ယောက်သား ထိန်းချုပ်မရနိုင်အောင် စိတ်လှုပ်ရှားလေလေပင်။
ဤဆေးညွှန်း၏အံ့အားသင့်ဖွယ်ကောင်းမှုသည် မကြုံစဖူး ကြောက်မက်ဖွယ်ကောင်းသော ဆေးဘက်ဝင်အာနိသင်များတွင်သာ ရှိနေခြင်း မဟုတ်ချေ။
ထိုအရာ၏ ထူးခြားသော ဆေးသန့်စင်နည်း ဆေးလုံးဖော်စပ်ခြင်းတာအိုတွင်လည်း တည်ရှိနေသည်။
ဆေးပညာရှင်အများစုသည် စိတ်ဝိညာဉ်ဆေးပင်များ၏ ဆေးဘက်ဝင်ဂုဏ်သတ္တိများကို ထုတ်ယူရန်အတွက် 'မြေကမ္ဘာမီး'ကို အသုံးပြုလိုကြသည်။
ဤသည်မှာလည်း အသုံးအများဆုံးနှင့် အကျယ်ပြန့်ဆုံး ဆေးဖော်စပ်မှုနည်းလမ်းပင်။
မီးအပူချိန်ထိန်းချုပ်မှုသည် ဆေးလုံးဖော်စပ်ခြင်း၏ အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပေ၏။
ထို့ပြင် မီးဖြင့် ဆေးဖော်စပ်နည်း အပြင် နက်နဲသိမ်မွေ့သော ဆေးပညာရှင်များသာလျှင် 'ရေဖြင့် ဆေးဖော်စပ်နည်း' ဟုခေါ်သော ဆေးပညာနည်းလမ်းတစ်ခု ရှိကြောင်း သိရှိထားကြသည်။
သူတို့နှစ်ယောက်သည် မြင့်မြတ်နယ်မြေ၏ အကြီးအကဲများအနေဖြင့် အရှေ့ပိုင်းဒေသရှိ အသန်မာဆုံး ဆေးပညာရှင်များအတွင်း၌ သူတို့ ပါဝင်သည်ဟု ယူဆထားကြ၏။
မီးဖြင့် ဆေးဖော်စပ်နည်းနှင့် ရေဖြင့် ဆေးဖော်စပ်နည်းတို့ကို ကျွမ်းကျင်ပိုင်နိုင်သည့်အပြင် သူတို့သည် ရေနှင့်မီး ဆေးဖော်စပ်နည်းများကို တစ်ခုတည်းအဖြစ် ပေါင်းစပ်နိုင်ကြသည်။
ဤသည်မှာ သူတို့၏ မောက်မာမှုနှင့် တခြားသူများအားလုံးကို အထင်သေးနိုင်ခြင်း၏ အရင်းအမြစ်ပင်။
ယခု၌မူ ဤဆေးညွှန်းတွင်ပါဝင်သော ဆေးသန့်စင်ခြင်းနည်းလမ်းတွင် ရေနှင့်မီး ဆေးဖော်စပ်နည်းများအပြင် ရွှေ သစ်သား နှင့် မြေကြီး ဆေးဖော်စပ်နည်းများကိုလည်း ဖော်ပြထားပြီး ထိုအရာများကိုစုပေါင်းကာ 'ဒြပ်စင်ငါးပါး ဆေးဖော်စပ်နည်း'ဟု ခေါ်ဆိုသည်။
ထိုဆေးသန့်စင်ခြင်းနည်းလမ်း တစ်ခုချင်းစီသည် အဖိုးဖြတ်၍မရနိုင်အောင် တန်ဖိုးရှိပေ၏။
ထိုအရာအားလုံးသည် ဆေးပညာရှင်များအား ဆေးတာအို၍ ပို၍မြင့်မားပြီး ပို၍ဝေးကွာသော နေရာသို့ ရောက်ရှိစေရန် ကူညီပေးနိုင်သော အရင်းအမြစ်များ ဖြစ်ကြသည်။
ဤသည်က သူတို့၏ရပ်တည်မှုအတွက် အခြေခံအုတ်မြစ်များဖြစ်ကာ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းပေးထိုက်သော ရတနာများ ဖြစ်ပေ၏။
ဒြပ်စင်ငါးပါး ဆေးဖော်စပ်နည်းနှင့် ပတ်သက်၍ သူတို့နှစ်ဦးသည် ရှေးဟောင်းစာပေများတွင်သာ ကြားဖူးခဲ့သည်။
ဤဆေးသန့်စင်ခြင်းနည်းလမ်းသည် သမိုင်းမြစ်ရေစီးကြောင်းထဲတွင် ပျောက်ဆုံးသွားခဲ့ပြီဟု ကောလာဟလများ ရှိခဲ့သည်။
ယခုချိန်၌ သူတို့သည် ထိုနည်းလမ်း၏ စစ်မှန်သော အသွင်အပြင်ကို မျက်မြင်တွေ့ရှိခွင့် ရရှိလိမ့်မည်ဟု လုံးဝမျှော်လင့်မထားမိခဲ့ကြချေ။
ဤဒြပ်စင်ငါးပါး ဆေးဖော်စပ်နည်းသာ ပျံ့နှံ့သွားပါက မရေမတွက်နိုင်သော ဆေးပညာရှင်များကို ရူးသွပ်သွားစေလိမ့်မည်ဟု ဆိုလျှင်လည်း လွန်မည်မထင်ပေ။
သို့သော် ဤသည်မှာ ဆေးညွှန်းထဲတွင် အဖိုးတန်ဆုံးအရာ မဟုတ်သေးချေ။
ဆေးညွှန်းထဲတွင် မှတ်တမ်းတင်ထားသော 'ကောင်းကင်နှင့်မြေကြီး ဖြည့်တင်းခြင်း လျှို့ဝှက်နည်းစနစ်' နှင့် 'ဆေးလုံးဖော်စပ်ခြင်းတာအို'တို့ ကျန်ရှိနေသေးသည်။
ထိုအရာများသည် ဤဆေးညွှန်းထဲတွင် တန်ဖိုးအရှိဆုံးအရာများ ဖြစ်ကြ၏။
ဤဆေးညွှန်းတွင် မှတ်တမ်းတင်ထားသည်များကို သေချာစွာ နားလည်သဘောပေါက်ပြီး သူတို့၏အသိပညာများအဖြစ် ပြောင်းလဲနိုင်သရွေ့ ဆေးပညာလမ်းစဉ်တွင် သူတို့၏ အောင်မြင်မှုများသည် အဆင့်တစ်ဆင့်ထက်မက သေချာပေါက် ခုန်တက်သွားလိမ့်မည်ဟု ဆိုနိုင်သည်။
မူလက သူတို့သည် ကျုံးချင်၏ ဖမ်းဆီးခြင်းခံရပြီး နေ့စဉ် နှိပ်စက်ခံနေရခြင်းသည် သူတို့ဘဝ၏ အမှောင်မိုက်ဆုံး အချိန်ကာလဟု ထင်မှတ်ခဲ့ကြသည်။
ယခု၌မူ သူတို့ နားလည်သဘောပေါက်သွားကြလေပြီ။
ကောင်းကင်ဘုံက လူတစ်ဦးကို ကြီးမားသော တာဝန်တစ်ခု ပေးအပ်ရန်အတွက်ဆိုလျှင် ပထမဆုံး သူ၏စိတ်ဆန္ဒကို ခါးသီးစေပေမည် သူ၏ အရိုးနှင့်ကြွက်သားများကို ပင်ပန်းနွမ်းနယ်စေပေမည် သူ၏ခန္ဓာကိုယ်ကို ငတ်မွတ်စေပေမည် သူ၏ ပိုင်ဆိုင်မှုများကို ဗလာဖြစ်စေပေမည် သူ၏ လုပ်ဆောင်ချက်များကို အနှောင့်အယှက်ပေးပေမည်...
ထိုသို့ဖြစ်လာမှသာ ထိုလူ၏စိတ်ဓာတ်ကို လှုံ့ဆော်ပေးနိုင်ပြီး သူ၏စရိုက်လက္ခဏာကို ခိုင်မာစေကာ သူ မလုပ်နိုင်သည့်အရာများကို လုပ်ဆောင်နိုင်စေပေမည်။
မုန်တိုင်းပြီးလျှင် သက်တန့်ဟူသည်မှာ အစဥ်အမြဲရှိတတ်စမြဲပင်။
ဤသည်က ကောင်းကင်ဘုံကို အာခံနိုင်သော အခွင့်အရေးကြီးတစ်ခုဖြစ်ကြောင်း သိသာထင်ရှားသည်။
"လူအိုကြီးဝူ... ဒီစာအုပ်က အထူကြီးပဲ... နောက်ကအကြောင်းအရာတွေ အကုန်လုံးကလည်း ဆေးညွှန်းတွေပဲ ဖြစ်နေမလား"
ရှီရှောင်ထျန်း၏လက်များ တုန်ယင်နေသည်။ ဖြစ်နိုင်သည်မှာ သူ စိတ်လှုပ်ရှားလွန်း၍ ဖြစ်ကောင်းဖြစ်နိုင်ပြီး သူ၏မုတ်ဆိတ်မွှေးများပင် တုန်ခါနေပေ၏။
ဝူယွဲ့သည် ထိုစကားကိုကြားချိန်၌ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားခဲ့သည်။
ဤစာအုပ်သည် တစ်ပေခန့်ထူပြီး အနောက်တွင်ရှိနေသော အရာအားလုံး ဆေးညွှန်းများသာ ဖြစ်နေပါက စာအုပ်တစ်အုပ်လုံးသည် မည်မျှထိ တန်ဖိုးရှိနေမည်နည်း....
သိချင်စိတ်တစ်ခုက ကြောင်ပေါက်လေးတစ်ကောင် ကုတ်နေသည့်အလား သူ၏နှလုံးသားကို ယားယံစေသည်။
သူ အချိန်တခဏကြာခန့် အကဲခတ်ကြည့်လိုက်ရာ ကျုံးချင်သည် အိမ်ထဲတွင် လက်ဖက်ရည် အေးအေးလူလူ သောက်နေပြီး သူတို့ကို အာရုံစိုက်မနေသည်အား တွေ့မြင်လိုက်ရသည်။
ထို့နောက် ဝူယွဲ့က တီးတိုးပြောဆိုလိုက်သည်။
"ငါတို့ အနောက်ကိုလှန်ပြီး ကြည့်လိုက်ကြမလား"
"နည်းနည်းလေးပဲလေ"
ဤအကြံပြုချက်သည် သဘာဝကျစွာပင် ရှီရှောင်ထျန်းနှင့် ထပ်တူကျနေပေ၏။
ထို့နောက် သူတို့နှစ်ဦးသည် နောက်ပိုင်းစာရွက်များကို စိတ်အားထက်သန်စွာဖြင့် စတင်၍ လှန်လှောကြည့်လိုက်ကြသည်။
"နုပျိုခြင်းဆေးလုံး...."
"ဖန်ဆင်းခြင်းဆေးရည်...."
"တက်လှမ်းခြင်းဆေးလုံး"
သူတို့နှစ်ဦးသည် အခန်းသုံးခန်းမျှသာ လှန်ကြည့်လိုက်ရသေးသော်လည်း သူတို့၏ မျက်လုံးများ ချက်ချင်းနီမြန်းလာကြသည်။
"ဟူး..."
သူတို့၏ ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်လာပြီး သွေးများဆူပွက်လာကြ၏။
အခန်းသုံးခန်းတွင် ဆေးညွှန်းသုံးမျိုးကို မှတ်တမ်းတင်ထားသည်။
ထိုဆေးညွှန်းတစ်မျိုးချင်းစီသည် အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေသော ရှေးဟောင်းဆေးညွှန်းများ ဖြစ်ကြပြီး တစ်ခုချင်းစီတွင် မတူညီသော အံ့ဖွယ်အာနိသင်များ ရှိကြသည်။
ကြီးမားသောတန်ဖိုးအရ ကြည့်လျှင် ထိုအရာများသည် 'ပြီးပြည့်စုံခြင်းအဆင့် အခြေခံတည်ဆောက်ခြင်းဆေးလုံး' နှင့် နှိုင်းယှဉ်ပါက လုံးဝနိမ့်ကျခြင်းမရှိဘဲ သာလွန်ကောင်း သာလွန်နိုင်သည်။
သူတို့နှစ်ယောက်သား စာအုပ်ကို ဆက်မလှန်ရဲတော့ချေ။
ဤဆေးညွှန်းတစ်ခုချင်းစီသည် တန်ဖိုးဖြတ်မရနိုင်သော တည်ရှိမှုများပင်။
ထို့ပြင် အခန်းနှစ်ခန်း သုံးခန်း လှန်ကြည့်ခြင်းသည်ပင် တားမြစ်ချက်တစ်ခု ဖြစ်နေလေပြီ။
အကယ်၍ သူတို့သာ ဆေးညွှန်းများအားလုံးကို ကြည့်လိုက်မိလျှင် နှုတ်ပိတ်ခံရနိုင်သည်။
သူတို့နှစ်ဦးသည် မူလဆေးလုံးကျမ်းစာထံမှ အကြည့်ကို မလိုလားစွာဖြင့် လွှဲဖယ်လိုက်ကြရသည်။
သူတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်ကာ အိမ်ငယ်လေးဆီသို့ အတူတကွ လျှောက်လှမ်းသွားကြသည်။
မကြာမီ သူတို့သည် ကျုံးချင်၏ရှေ့သို့ ရောက်ရှိလာကြ၏။
ကျုံးချင်က မွှေးကြိုင်သော လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီး မေးမြန်းလိုက်သည်။
"ဘယ်လိုလဲ... မင်းတို့ သန့်စင်နိုင်လား မသန့်စင်နိုင်ဘူးလား"
ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့ အသက်ပြင်းပြင်း ရှိုက်လိုက်ကြသည်။
ဤအချိန်တွင် သူတို့ ကျုံးချင်ကို ပြန်ကြည့်လိုက်ချိန်၌ သူတို့၏အကြည့်များတွင် ရိုငေလေးစားမှုများ ရှိနေလေပြီ။
သူ၏စွမ်းအားမှာ သူတို့ မော့ကြည့်ရလောက်အောင် ကြီးမားရုံသာမက...
သူ ပိုင်ဆိုင်ထားသော ဆေးညွှန်းများသည် ပို၍ပင် ထူးကဲနေသည်။ ဤအချက်က သူတို့၏ ရိုသေလေးစားမှုကို သူ ရရှိသွားစေသည်။
ဤကဲ့သို့ ဆေးညွှန်းမျိုးသည် အရှေ့ပိုင်းဒေသတွင်မဆိုထားနှင့် လောကကြီးတခွင်လုံးတွင်ပင် ထိပ်တန်းဆေးပညာရှင် အမြောက်အများကို မနာလိုဖြစ်စေပြီး လှုပ်ရှားလာအောင် တွန်းအားပေးပေလိမ့်မည်။
မူလက သူတို့နှစ်ဦးသည် ကျုံးချင်၏ရှေ့တွင် အနည်းငယ် ကြွားဝါချင်ခဲ့ကြ၏။
အရှေ့ပိုင်းဒေသ၏ ထိပ်တန်းဆေးပညာရှင်တစ်ဦး၏ အမူအယာသည် မည်သို့ဖြစ်သည်ကို သူ့အား သိရှိစေချင်ခဲ့ကြသည်။
သို့သော် ယခုမှသာ သူတို့ သဘောပေါက်လိုက်သည်မှာ လူပြက်များသည် သူတို့ကိုယ်တိုင် ဖြစ်နေခဲ့ခြင်းပင်။
"စီနီယာ... ဒီဆေးညွှန်းက နက်နဲသိမ်မွေ့ပြီး ကျယ်ပြန့်တယ်... ကျွန်တော်တို့အတွက်တော့ စိန်ခေါ်မှုကြီးပါပဲ"
"ဒါပေမယ့် ကျေးဇူးပြုပြီး စီနီယာ... ကျွန်တော်တို့ကို ကြိုးစားခွင့်ပြုပါ"
ဝူယွဲ့က နှိမ့်ချသောလေသံဖြင့် တောင်းဆိုလိုက်သည်။
ဆေးပညာရှင်များအတွက် ဤကဲ့သို့ ထိပ်သီးဆေးညွှန်းမျိုးကို တွေ့မြင်ရပြီးနောက် သန့်စင်ကြည့်ရန် အခွင့်အရေး မရရှိပါက အမှန်တကယ်ကို အလွန်နာကျင်ဖွယ်ကောင်းသော ကိစ္စတစ်ရပ် ဖြစ်သွားပေလိမ့်မည်။
ထို့ပြင် သူ၏စကားများထဲတွင် ယခင်က ယုံကြည်မှုများ မရှိတော့ချေ။
သူ၏သဘောထားက ပို၍လေးစားမှုရှိလာပြီး 'စီနီယာ' ဟု တိုက်ရိုက်ခေါ်ဝေါ်ကာ ခေါင်းငုံ့၍ နှိမ့်ချစွာ ပြုမူနေသည်။
ကျုံးချင်က ဤအပြောင်းအလဲကို သဘာဝကျစွာ မြင်တွေ့လိုက်ရသည်။
"မင်းတို့နှစ်ယောက် ရိုးရိုးသားသား ပြောစမ်း... ဆယ်ရက်အတွင်း မင်းတို့ ဒီဆေးလုံးကို သန့်စင်နိုင်မလား... ပြီးတော့ အောင်မြင်ဖို့ ရာခိုင်နှုန်း ဘယ်လောက်ရှိလဲ"
"ဆယ်ရက်လား..."
ဤအချိန်ကန့်သတ်ချက်က ဝူယွဲ့နှင့် ရှီရှောင်ထျန်းအပေါ် ကြီးမားသော ဖိအားများ သက်ရောက်စေခဲ့သည်။
သို့သော် သူတို့သည် အံ့တင်းတင်းကြိတ်ပြီး အဖြေပေးလိုက်ကြ၏။
"ခုနစ်ဆယ် ရာခိုင်နှုန်း"
ဤသည်မှာ ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့ ထပ်ခါတလဲလဲ တွက်ချက်ပြီးနောက် ရရှိလာသော ရလဒ်ပင်။
"ခုနစ်ဆယ် ရာခိုင်နှုန်း ဟုတ်လား"
ကျုံးချင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး စိတ်မကျေနပ်သလို ဖြစ်သွားသည်။
သူ လိုချင်သည်မှာ ရာနှုန်းပြည့် ဖြစ်ပေ၏။
သို့သော် ဆေးပညာရပ်တွင် ဆေးလုံးသည် တန်ဖိုးရှိလေလေ မှန်ကန်သော အချိန် နေရာနှင့် လူပုဂ္ဂိုလ်တို့အပေါ် မူတည်လေလေ ဖြစ်ကြောင်း သူ သိရှိထားသည်။
ထို့ပြင် သူသည် ဆေးပညာရှင်များကို များများစားစား မသိရှိချေ။
ရှန်ကျန်းဂိုဏ်းတွင် အနည်းငယ် ရှိသော်လည်း ဒုတိယတန်းစား ဂိုဏ်းတစ်ဂိုဏ်းမှ ဆေးပညာရှင်များနှင့် မြင့်မြတ်နယ်မြေမှ ဆေးပညာရှင်များကြားမှ စွမ်းရည်ကွာခြားချက်သည် သိသာထင်ရှားနေဆဲ ဖြစ်ကြောင်း သူ ဝန်ခံရပေမည်။
အချိန်က တိုတောင်းပြီး တာဝန်က ကြီးလေးသဖြင့် ဤလူနှစ်ဦးမှလွဲ၍ သင့်တော်သော ကိုယ်စားလှယ်လောင်းများကို ရှာဖွေရန်မှာ အမှန်တကယ်ကို ခက်ခဲပေလိမ့်မည်။
"ခုနစ်ဆယ် ရာခိုင်နှုန်းပဲ ထားလိုက်ပါတော့"
"တကယ်လို့ မအောင်မြင်ခဲ့ရင်လည်း... အဆိုးဆုံးအနေနဲ့ လင်းဖုန်းရဲ့ ပါရမီကို မြှင့်တင်ဖို့ တခြားနည်းလမ်းတွေ နောက်မှ ရှာရတာပေါ့"
ဤသို့ တွေးတောပြီးနောက် ကျုံးချင်က သူတို့နှစ်ယောက်အား ပြောဆိုလိုက်သည်။
"အဲ့ဒီလိုဆိုရင် 'ပြီးပြည့်စုံခြင်းအဆင့် အခြေခံတည်ဆောက်ခြင်းဆေးလုံး' သန့်စင်တဲ့ကိစ္စကို မင်းတို့နှစ်ယောက်ဆီ အပ်လိုက်မယ်..."
"ဘာလိုအပ်လဲဆိုတာ ပြောကြတော့..."
ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့သည် ကျုံးချင်နှင့် ယဉ်ကျေးမနေတော့ဘဲ အရင်းအမြစ် အမြောက်အများကို တိုက်ရိုက် တောင်းဆိုလိုက်ကြသည်။
'ပြီးပြည့်စုံခြင်းအဆင့် အခြေခံတည်ဆောက်ခြင်းဆေးလုံး' ဆေးနည်းတွင် တန်ဖိုးကြီးသော စိတ်ဝိညာဉ်ဆေးပင်များကို ဖော်ပြထားခြင်း မရှိသော်လည်း ကုန်ကြမ်းပစ္စည်းအများစုသည် ကောင်းကင်နှင့်မြေပြင်ကြားမှ လာခြင်းဖြစ်သည်။
နေ လ ကောင်းကင် မြေကြီး တောင်များ ကြယ်တာရာများ....
သို့ရာတွင် ထိုစွမ်းအားများကို ထုတ်ယူလိုပါက သာမန်နည်းလမ်းများဖြင့် လုပ်ဆောင်၍ရသော အရာမျိုး မဟုတ်ပေ။
ထိုကိစ္စအတွက် ပြင်ဆင်မှုများစွာ လိုအပ်ပေ၏။
သေချာသည်မှာ... အရင်းအမြစ်များစွာ ကုန်ကျမည် ဖြစ်သော်လည်း ထိုအရာအားလုံးသည် သာမန်ပစ္စည်းများ ဖြစ်ပြီး ရှန်ကျန်းဂိုဏ်း၏ အတိုင်းအတာနှင့်ဆိုလျှင် အပြည့်အဝ ထောက်ပံ့ပေးနိုင်သည်။
ကျုံးချင်သည် စုယဲ့ကို ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန် ထံသို့ စေလွှတ်ကာ ပစ္စည်းတစ်သုတ် တောင်းခံလိုက်သည်။
ဂိုဏ်းချုပ်သည် တွေဝေတုံ့ဆိုင်းမနေဘဲ သဘောတူလိုက်၏။
သူသည် လက်တစ်ဖက် ဝှေ့ယမ်းပြီး တိုက်ရိုက် အတည်ပြုပေးလိုက်သည်။
ပစ္စည်းများကို အပြည့်အစုံ ပြင်ဆင်ပြီးနောက် ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့သည် သူတို့၏စိတ်အားထက်သန်သော ဆေးသန့်စင်ခြင်း ခရီးစဉ်ကို စတင်လိုက်ကြတော့သည်။