နယ်ပယ်များကို ထပ်မံ၍ချိုးဖျက်ခြင်း
Vol. 8 Ch. 80
ထိုနေ့မှစ၍ မူဖူတောင်ထက်တွင် လှုပ်ရှားမှုများ အဆက်မပြတ် ရှိနေခဲ့သည်။
ညတိုင်း မိုးကောင်းကင်ယံမှ ကြယ်ရောင်များ စီးဆင်းလာသည်ကို ဖြစ်စေ မြေပြင်တုန်ခါသံများကို ဖြစ်စေ ကြားနေရသည်။
အလင်းတန်းများ ပွင့်အံ့ထွက်လာသည်ကို မြင်တွေ့နိုင်ပြီး နတ်ဘုရားအလင်းရောင်များ လင်းလက်ကာ မြေပြင်၏ နက်ရှိုင်းသောနေရာမှ စိတ်ဝိညာဉ်စွမ်းအားများ ပန်းထွက်လာကြသည်။
'ပြီးပြည့်စုံခြင်းအဆင့် အခြေခံတည်ဆောက်ခြင်းဆေးလုံး' ကို သန့်စင်ရန်အတွက် ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့သည် အမှန်တကယ်ကို သူတို့၏ အစွမ်းကုန် ကြိုးစားအားထုတ်ကြပြီး ခွန်အားတစိုးတစိမျှမချန် အသုံးပြုခဲ့ကြသည်။
ဤလှုပ်ရှားမှုသည် ရှန်ကျန်းဂိုဏ်းမှ တပည့်များကို ထိတ်လန့်သွားစေခဲ့သည်။
သို့သော် ဂိုဏ်းချုပ် ရွှမ်ယွမ်ဟုန်သည် ထူးဆန်းသော အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့သည်။
ဤသည်မှာ မည်သည့်တပည့်ကိုမျှ မူဖူတောင်အနီးသို့ ချဉ်းကပ်ခွင့် မပြုခြင်းပင်။
အချိန်အတိုင်းအတာတစ်ခုအထိ မူဖူတောင်တစ်ခုလုံးသည် အဆုံးမဲ့သော ထင်ကြေးပေးမှုများ၏ရင်းမြစ် ဖြစ်လာခဲ့သည်။
ဤသည်ကြောင့် မူဖူတောင် အတိုင်းအတာတစ်ခုအထိ ထူးခြားဆန်းကြယ်သော ထင်ကြေးပေးမှုများကို ရရှိလာခဲ့သည်။
အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပေ၏။
ရုတ်ချည်းဆိုသလိုပင် အချိန်ဆယ်ရက် ကုန်လွန်သွားခဲ့လေပြီ။
ဆေးလုံးလေးလုံးသည် လေဟာနယ်ထဲတွင် ဖြည်းညှင်းစွာ သိပ်သည်းပြီး စုစည်းလာသည်ကို တွေ့မြင်နိုင်သည်။
ပဲပုပ်စေ့အရွယ်အစားရှိသော ဤဆေးလုံးလေးလုံးသည် ပြီးပြည့်စုံစွာ လုံးဝန်းချောမွေ့ပြီး တောက်ပသော စိတ်ဝိညာဉ်အလင်းတန်းများကို ထုတ်လွှတ်ထားသည်။ ဆေးရနံ့များ လျှံကျလာပြီး လေဟာနယ်တွင် ပျံ့နှံ့သွားကာ အရည်အသွေးမှာ ထူးကဲလှပေ၏။
အချိန်အတော်ကြာပြီးနောက် ပုံမှန်မဟုတ်သော အခြေအနေရပ်များ ပျောက်ကွယ်သွားကာ ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့သည် ထိုဆေးလုံးလေးလုံးကို သူတို့ ကြိုတင်ပြင်ဆင်ထားသော ကျောက်စိမ်းသေတ္တာများထဲသို့ ထည့်လိုက်ကြသည်။
အချိန်တခဏအတွင်းတွင် သူတို့နှစ်ယောက်သည် သက်ပြင်းချနိုင်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းတို့ ရောပြွမ်းနေသော ခံစားချက်ကို ခံစားလိုက်ရပြီး ပြောပြမပြတတ်အောင် စိတ်လှုပ်ရှားကာ တုန်လှုပ်နေမိသည်။ ဤအရာများသည် သူတို့ဘဝတွင် သန့်စင်ခဲ့ဖူးသမျှအနက် အမြင့်မားဆုံး အရည်အသွေးရှိသော ဆေးလုံးများပင်။
သူတို့ဘဝ၏လက်ရာများအနက် အထွတ်အထိပ်ဟုပင် ခေါ်ဆိုနိုင်ပေ၏။
ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့သည် အချိန်သိပ်မဆွဲကြချေ။ သူတို့သည် ချက်ချင်းဆိုသလိုပင် ကျုံးချင်ကို သွားရောက်တွေ့ဆုံကြသည်။
"စီနီယာ... ကျွန်တော်တို့က စီနီယာရဲ့ မျှော်လင့်ချက်တွေကို မပျက်စီးစေခဲ့ပါဘူး... ဆေးလုံးတွေကို အောင်အောင်မြင်မြင် သန့်စင်ပြီးပါပြီ"
ခြံဝန်းငယ်လေးထဲတွင်....
သူတို့နှစ်ယောက်သည် ကျောက်စိမ်းသေတ္တာများကို လက်ထဲတွင် လေးလေးစားစား ကိုင်ဆောင်ထားပြီး ဆေးလုံးများကို ပေးအပ်လိုက်ကြသည်။
ခြံဝန်းထဲတွင် အနားယူနေသော ကျုံးချင်သည် ထိုစကားကို ကြားချိန်၌ အလွန်ဝမ်းသာသွားသည်။
"အရမ်းကောင်းတယ်"
သူက ကျောက်စိမ်းသေတ္တာတစ်လုံးကို ယူလိုက်သည်။
ထို့နောက် သူသည် သေတ္တာအတွင်း၌ ပါရှိသော ဆေးလုံးနှစ်လုံးကို သေချာစွာ စစ်ဆေးကြည့်ရှုလိုက်၏။
ပြောရမည်ဆိုလျှင် သူတို့နှစ်ဦး၌ စွမ်းရည်တချို့ ရှိနေသည်မှာ အမှန်ပင်။
ဤဆေးလုံးများမှ ထွက်ပေါ်လာသော အရောင်အဆင်းနှင့်အရည်အသွေးသည် သူကိုယ်တိုင် သန့်စင်ထားသော ဆေးလုံးများကို မိုင်ပေါင်းများစွာအကွာအဝေးထိ အရှက်ရစေရန် လုံလောက်သည်။
သို့သော် စိတ်ချရစေရန်အတွက် ကျန်ရှိနေသော ဆေးလုံးနှစ်လုံးထဲမှ တစ်လုံးစီကို သူတို့နှစ်ယောက်အား စားခိုင်းလိုက်သည်။
ဤသည်က ဆေးလုံးများ၏ဂုဏ်သတ္တိကို စမ်းသပ်ရန်ပင်။
ထိုစကားများကို ကြားချိန်၌ သူတို့နှစ်ယောက်သည် တုံ့ဆိုင်းမနေဘဲ ဆေးလုံးများကို တိုက်ရိုက်မျိုချလိုက်ကြသည်။
ကျုံးချင် သန့်စင်ထားသော ကြောက်မက်ဖွယ် ဘေးထွက်ဆိုးကျိုးများပါရှိသည့် အဆိပ်ဆေးလုံးများနှင့် ယှဉ်လျှင် သူတို့ကိုယ်တိုင် သန့်စင်ထားသော ဆေးလုံးများအပေါ် အကန့်အသတ်မဲ့ ယုံကြည်မှု ရှိကြသည်။
ဆေးလုံးသည် သူတို့၏ခန္ဓာကိုယ်များထဲသို့ ဝင်ရောက်သွားသည်နှင့် အရည်ပျော်သွားပြီး ခြေလက်များနှင့် အရိုးများထဲသို့ ပေါင်းစပ်သွားသော စွမ်းအားကြီးသည့် စွမ်းအားလှိုင်းတစ်ရပ်ကို သယ်ဆောင်လာသည်။
အသက် ၁၆ နှစ်အထက် လူများအတွက် ဤဆေးလုံး၏အာနိသင်သည် များစွာလျော့နည်းသွားမည် ဖြစ်သော်လည်း ယခုအချိန်တွင် သူတို့နှစ်ဦးသည် သူတို့၏ခန္ဓာကိုယ်များ၌ ထူးဆန်းသောပြောင်းလဲမှုတချို့ကို ကြုံတွေ့နေရသည်ဟု ခံစားနေရသည်။
"ကောင်းလိုက်တာ... တကယ့်ကို ကြောက်စရာကောင်းတဲ့ ဆေးလုံးပဲ"
"ငါ့ရဲ့ကျင့်ကြံခြင်းအမြန်နှုန်းက နှစ်ဆကျော် တိုးလာတယ်လို့ ငါ ခံစားရတယ်"
ဝူယွဲ့က ရေရွတ်လိုက်ပြီး ဆေးလုံးက ယူဆောင်လာသော အံ့အားသင့်ဖွယ်ရာများကို ဂရုတစိုက် ခံစားလိုက်သည်။
ရှီရှောင်ထျန်းသည်လည်း ထိုကဲ့သို့ ခံစားချက်မျိုးကို ခံစားနေရသည်။
ကျင့်ကြံခြင်းအမြန်နှုန်း တိုးလာခြင်းက သူတို့ကို ပျော်ရွှင်စေသည်မှာ သေချာသော်လည်း...
ဆေးလုံးများသည် သူတို့ကိုယ်တိုင် ဖန်တီးထားသော လက်ရာဖြစ်သည်ဟူသော အောင်မြင်မှုခံစားချက်က ပို၍ပင် ကြည်နူးဖွယ်ကောင်းလှသည်။
အချိန်အတော်ကြာပြီးနောက် သူတို့နှစ်ယောက်သည် ဆေးအာနိသင်များကို လုံးလုံးလျားလျား ချေဖျက်ပြီးသွားချိန်၌...
သူတို့နှစ်ယောက်လုံး မတ်တတ်ထရပ်လိုက်ပြီး ကျုံးချင်ကို ကျေးဇူးတင်စကား ပြောဆိုလိုက်ကြသည်။
"ဆေးလုံးချီးမြှင့်တဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ..."
ကျုံးချင်၏ ရည်ရွယ်ချက်မှာ မည်သို့ပင်ရှိစေကာမူ...
သူတို့သည် ကြီးမားသော အခွင့်အရေးနှင့် ကံကောင်းခြင်းကို အမှန်တကယ် ရရှိခဲ့ကြသည်။
ဤကျေးဇူးတင်စကားကို သူတို့နှစ်ယောက်သည် စစ်မှန်သော ရိုးသားမှုဖြင့် ပြောဆိုခဲ့ကြခြင်း ဖြစ်ပေ၏။
"ဘာလို့ ငါ့ကို ကျေးဇူးတင်နေတာလဲ"
"အဆိပ်မရှိဘူးဆိုတာ သေချာအောင် မင်းတို့ကို ဆေးစမ်းခိုင်းရုံ သက်သက်ပဲ"
သူတို့နှစ်ယောက်သည် ဆေးလုံးကို သောက်သုံးပြီးနောက် ပုံမှန်မဟုတ်သော လက္ခဏာရပ်များ မပြသသည်ကို ကျုံးချင် မြင်တွေ့လိုက်ရသည်။
သူက လက်ကာပြပြီး ပြောဆိုလိုက်သည်။
"မင်းတို့ သွားလို့ရပြီ"
"မှတ်ထား... နောက်ကျရင် ငါ့ကို လာမနှောင့်ယှက်နဲ့တော့"
မူဖူတောင်မှ ထွက်ခွာခြင်းသည် ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့ အိပ်မက်မက်ခဲ့သော အရာပင်။
သို့သော် ကျုံးချင်က သူတို့ကို အမှန်တကယ်လွှတ်ပေးရန် ဆန္ဒရှိလာချိန်၌ သူတို့နှစ်ယောက်လုံး တွေဝေတုံ့ဆိုင်းသွားကြသည်။
"စီနီယာ... ကျွန်တော်တို့... ကျွန်တော်တို့ မပြန်လို့ မရဘူးလား"
သူတို့နှစ်ယောက်သား တပြိုင်နက်တည်း ပြောဆိုလိုက်ကြပြီး ထွက်သွားရမည်ကို မလိုလားသောပုံစံမျိုး ဖြစ်နေကြသည်။
ကျုံးချင်က ရယ်မောလိုက်သည်။
"ဘာလဲ... မင်းတို့က စမ်းသပ်ခံကြွက်လေးတွေ လုပ်ရတာကို စွဲလမ်းသွားကြပြီလား"
"မင်းတို့က ငါ့ရဲ့မူဖူတောင်က လူတွေမှ မဟုတ်တာ... ဒီမှာနေပြီး ဘာလုပ်ကြမလို့လဲ"
"မြန်မြန် ထွက်သွားကြစမ်း"
ဤသို့ဖြင့် ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့သည် ကျုံးချင်၏ ဆူပူကြိမ်းမောင်းခြင်းကို ခံရပြီး မောင်းထုတ်ခံလိုက်ရသည်။
မထွက်ခွာမီ သူတို့နှစ်ဦးသည် ခြေလှမ်းတိုင်းတွင် သုံးကြိမ်တိုင်တိုင် ပြန်လှည့်ကြည့်မိကြသည်။
သူတို့၏ မျက်လုံးများတွင် နက်ရှိုင်းသော မလိုလားမှုများ ပေါ်လွင်နေပေ၏။
ဤသည်မှာ ချစ်ခင်ရသူများကို သူတို့ နှုတ်ဆက်နေရသည့်အလားပင်။
ဤအမူအယာက ကျုံးချင်ကို စကားမပြောနိုင်အောင် ဖြစ်စေခဲ့သည်။
သို့ရာတွင် ဤကိစ္စကို သူ ဂရုမစိုက်တော့ချေ။
ထိုအစား သူသည် သူ၏တပည့်နှစ်ဦးကို ခေါ်လိုက်သည်။
"ဆရာ... ကျွန်တော်တို့ကို ခေါ်တာ ဘာအမိန့်ပေးစရာ ရှိလို့လဲ"
လင်းဖုန်းနှင့်စုယဲ့တို့သည် ကျုံးချင်ကို လေးလေးစားစား ဦးညွှတ်ပြီး မေးမြန်းလိုက်ကြသည်။
"ဘာကိစ္စကြီးမှ မဟုတ်ပါဘူး... မင်းတို့တစ်ယောက်စီအတွက် ဆေးလုံးတစ်လုံးစီ သန့်စင်ခိုင်းထားလို့ပါ"
ကျုံးချင်က သူ၏လက်ညှိုးကို တောက်လိုက်သည်။
သူသည် 'ပြီးပြည့်စုံခြင်းအဆင့် အခြေခံတည်ဆောက်ခြင်းဆေးလုံး' ကို သူတို့တစ်ယောက်စီ၏လက်ထဲသို့ ပစ်ပေးလိုက်၏။
"ဒီဆေးလုံးက မင်းတို့ရဲ့ ပါရမီကို မြှင့်တင်ပေးနိုင်တယ်"
"မြန်မြန်လေး ဆေးလုံးကိုသန့်စင်ပြီး ကျင့်ကြံလိုက်ကြတော့"
လင်းဖုန်းနှင့် စုယဲ့တို့သည် သူတို့၏လက်ထဲမှ ပြီးပြည့်စုံခြင်းအဆင့် အခြေခံတည်ဆောက်ခြင်းဆေးလုံးကို ကြည့်လိုက်ကြသည်။
ကြွယ်ဝသော ဆေးလုံးရနံ့က သူတို့ကို သတိမထားမိဘဲ တံတွေးမျိုချမိစေသည်။
ဤသည်မှာ ထိပ်တန်းအဆင့် ဆေးလုံးဖြစ်ကြောင်း သိသာထင်ရှားသည်။
"ဆေးလုံးချီးမြှင့်တဲ့အတွက် ဆရာ့ကိုကျေးဇူးတင်ပါတယ်..."
သူတို့၏စိတ်နှလုံးသားများ လှုပ်ရှားသွားကြသည်။
မိဘများမှလွဲ၍ သူတို့ကို အမြဲတစေ တွေးတောပေးသောသူမှာ သူတို့၏လက်ရှိဆရာသာ ရှိပေလိမ့်မည်။
"ကဲ... မင်းတို့ဘာသာ ကျင့်ကြံဖို့ နေရာတစ်နေရာ သွားရှာကြတော့"
လင်းဖုန်းနှင့်စုယဲ့တို့သည် သူတို့၏ဆရာ သမ်းဝေနေသည်ကို မြင်လိုက်ရသဖြင့် အိပ်ချင်နေကြောင်း သိလိုက်ကြသည်။
သူတို့သည် ဆက်မနှောင့်ယှက်တော့ဘဲ လေးလေးစားစား ဦးညွှတ်ပြီးနောက် ခြံဝန်းငယ်လေးမှ ထွက်ခွာသွားကြကာ 'ပြီးပြည့်စုံခြင်းအဆင့် အခြေခံတည်ဆောက်ခြင်းဆေးလုံး' ကို စတင်၍သန့်စင်ရန် တိတ်ဆိတ်သော နေရာတစ်ခုစီ ရှာဖွေလိုက်ကြသည်။
ဤဆေးလုံးသည် အသက် ၁၆ နှစ်အောက် လူများအပေါ်တွင်သာ အံ့အားသင့်ဖွယ်အာနိသင်များ အမှန်တကယ်ကို ရှိနေပေ၏။
နှစ်ရာပေါင်းများစွာ သက်တမ်းရှိသော လူအိုကြီးများဖြစ်သည့် ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့တောင်မှ သူတို့၏မူလအခြေခံပေါ်တွင် ကျင့်ကြံခြင်းအရှိန်နှုန်းကို နှစ်ဆကျော် တိုးမြှင့်နိုင်ခဲ့သည်။
လင်းဖုန်းနှင့်စုယဲ့တို့ သောက်သုံးပြီးနောက် ဤဆေးလုံး၏ စစ်မှန်သော ကောင်းကင်ဘုံကို အာခံနိုင်သည့် သဘာဝ ချက်ချင်းပေါ်လွင်လာခဲ့သည်။
သူတို့၏ ကျင့်ကြံခြင်းအရှိန်နှုန်းသည် အနည်းဆုံး ဆယ်ဆခန့် တိုးတက်လာပေ၏။
မူလက လင်းဖုန်းသည် ချန်ရွှမ်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီးဖြစ်သည်။
ရက်အနည်းငယ် ကျင့်ကြံပြီးနောက် သူသည် ချန်ရွှမ်နယ်ပယ် မဟာပြီးပြည့်စုံခြင်းအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။
သူသည် ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည်။
မကြာမီ သူသည် ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်လာတော့မည်မှာ သိသာထင်ရှားသည်။
စုယဲ့သည်လည်း ထပ်တူထပ်မျှပင် ထူးချွန်ပေ၏။
သူသည်ချန်ရွှမ်နယ်ပယ် အစောပိုင်းအဆင့်မှ အလယ်အလတ်အဆင့်သို့ တိုက်ရိုက်ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။
သူတို့၏ ကျင့်ကြံခြင်းအရှိန်နှုန်းသာ ပျံ့နှံ့သွားပါက လူအမြောက်အများကို ထိတ်လန့်သွားစေမည်မှာ မလွဲဧကန်ပင်။
ထို့ပြင် သူတို့၏ ကျင့်ကြံခြင်းအရှိန်နှုန်း တိုးတက်လာခြင်းက သဘာဝကျစွာပင် ကျုံးချင်ကို အကျိုးအရှိဆုံး ဖြစ်စေသည်။
မူလက အဆတစ်သောင်း ပြန်လည်ရရှိပြီးနောက် သူတို့၏ကျင့်ကြံခြင်းသည် ကျုံးချင်အပေါ် သက်ရောက်လာချိန်၌ ချဲ့ကားထားသကဲ့သို့ ဖြစ်နေလေပြီ။
ယခုချိန်၌ ထိုအရာသည် အဆတစ်သောင်းအပေါ်တွင် နောက်ထပ်ဆယ်ဆ တိုးလာခဲ့သည်။
အဆင့်တက်ရန် အချိန်အနည်းငယ် လိုအပ်နေသေးသော ကျုံးချင်သည် နေရာမှာပင် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်သို့ တိုက်ရိုက် ချိုးဖျက်ဝင်ရောက်သွားနိုင်ခဲ့သည်။
သူက စနစ်၏ဂုဏ်သတ္တိဇယားကွက်ကို ဖွင့်လိုက်၏။
[အိမ်ရှင်...ကျုံးချင်]
[ကျင့်ကြံခြင်းနယ်ပယ်... ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်]
[တပည့်...လင်းဖုန်း...ချန်ရွှမ်နယ်ပယ် မဟာပြီးပြည့်စုံခြင်းအဆင့်...အဆတစ်ရာမြှင့်တင်ခြင်း အသက်ဝင်နေသည်]
[တပည့်... စုယဲ့....ချန်ရွှမ်နယ်ပယ် အလယ်အလတ်အဆင့်...အဆတစ်ရာမြှင့်တင်ခြင်း အသက်ဝင်နေသည်]
[ဖွင့်ထားသော နှောင်ကြိုးများ...အမှိုက်နှောင်ကြိုး ၂/၂...နောက်ထပ် နှောင်ကြိုးများ ဖော်ထုတ်ရန် ကျန်သေးသည်]
[ရရှိထားသော ရုပ်ခန္ဓာကိုယ်အမျိုးအစား... မရှိ]
[ရရှိထားသော အထူးစွမ်းရည်များ...လောက်လျူအရှိန်အဝါ..ကောင်းကင်ဘုံမျက်လုံး... အဆင့်တူချေမှုန်းခြင်း...ကိုယ်ပိုင်ကမ္ဘာငယ်]
ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်သည် အရှေ့ပိုင်းဒေသတွင် ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံရသော အဆင့်ပင်။
မြင့်မြတ်နယ်မြေဂိုဏ်းများ၏ ဘိုးဘေးများပင်လျှင် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံခြင်းသာ ရှိကြသည်။
ဤအချိန်တွင် ကျုံးချင်သည် ထူးကဲသော အဆင့်အတန်းရှိရန်နှင့် ဒေသတစ်ခုလုံးကို ငုံ့ကြည့်ရန် အရည်အချင်း ပြည့်မီသွားပြီဟု ဆိုနိုင်သည်။
ဤကျင့်ကြံဆင့်တက်သွားမှုက ကျုံးချင်၏စိတ်နှလုံးသားကို အကြီးအကျယ် လှုပ်ခတ်သွားစေခဲ့သည်။
တကယ်ပါပဲ...လှည့်စားမှုပါတဲ့ ဘဝဆိုတာ ရှင်းပြနေစရာ မလိုတဲ့ ဘဝပဲ...
လှည့်စားမှုကို မည်ကဲ့သို့ အသုံးပြုရမည်အား မှန်ကန်စွာ သိလိုက်သည်နှင့် သူ၏ကျင့်ကြံခြင်းသည် ဒုံးပျံတစ်စင်းအလား မြင့်တက်သွားပေ၏။
ဤကျင့်ကြံခြင်းအရှိန်နှုန်း အတိုင်းဆိုလျှင် နောက်နှစ်အနည်းငယ်အတွင်း သူ၏အောင်မြင်မှုများ မည်မျှထိ မြင့်မားမည်ကို ကျုံးချင်ကိုယ်တိုင်ပင် ခန့်မှန်း၍ မရတော့ချေ။
Thank For Reading.