← Chapters

အခန်း (၄၉-၅၁)

Vol. 4 Ch. 49-51

အခန်း (၄၉-၅၁)

Vol. 4 Ch. 49-51

အခန်း ၄၉။ ။ ဖမ်းဆီးခံရခြင်းနှင့် ဒေါသ

ခရမ်းရောင် ဆဋ္ဌဂံပုံဆောင်ခဲလေး လေးခုသည် ရှဖေး၏ ခန္ဓာကိုယ်ပတ်လည်တွင် မနားတမ်း ဝဲပျံနေသည်။ ၎င်းတို့၏ အရှိန်မှာ မမြန်လွန်း၊ မနှေးလွန်းဘဲ ရှဖေးအား တမင်တကာ ကာကွယ်ပေးနေသကဲ့သို့ ရှိချေ၏။

ထိုပုံဆောင်ခဲများသည် လက်ဝါးခန့်သာ ရှိသော်လည်း မှိန်ပျပျ ခရမ်းရောင်အလင်းတန်းမှာ ဆန်းကြယ်စွာ တောက်ပနေပြီး အနားသတ်များမှာလည်း သွေးပြီးသား ဓားသွားများကဲ့သို့ ထက်မြက်လှသည်။ တစ်စုံတစ်ဦးကသာ ၎င်းအား ထိမိပါက ထိုထက်မြက်သော အစွန်းအနားသတ်များကြောင့် သေချာပေါက် ဒဏ်ရာပြင်းထန်သွားပေလိမ့်မည်။

ဒါဟာ ရှောင်ယွီ၏ ထူးခြားစွမ်းအားဖြစ်သော 'ခရမ်းရောင်ကျောက်မျက် အစောင့်အရှောက်' ပင် ဖြစ်သည်။

ကာကွယ်ရေး စွမ်းအားများသည် ထူးခြားစွမ်းအား အမျိုးမျိုးထဲတွင် အလွန်ပင် အံ့ဩဖွယ်ကောင်းသည်ဟု သတ်မှတ်ခံရသည်။ ဤပုံဆောင်ခဲများသည် ရန်သူ၏ တိုက်ခိုက်မှုကို အလိုအလျောက် ခုခံပေးနိုင်ရုံတင်မကဘဲ ရန်သူအား ပြန်လည် တိုက်ခိုက်ရန်အတွက်လည်း အသုံးပြုနိုင်သည်။ ပို၍ အရေးကြီးသည်မှာ ရှောင်ယွီသည် သူမ၏ အသင်းဖော်များကို ကူညီရန်အတွက် အဆိုပါ ခရမ်းရောင်ပုံဆောင်ခဲအချို့ကို ခွဲဝေပေးနိုင်ခြင်းပင် ဖြစ်သည်။

အကယ်၍ အဖွဲ့တစ်ခုတွင် အဆင့်မြင့် ကာကွယ်ရေး စွမ်းအားရှင်တစ်ဦးသာ ပါဝင်ပါက ထိုအဖွဲ့၏ တိုက်ခိုက်နိုင်စွမ်းမှာ သိသိသာသာ မြင့်တက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ချေသည်။

အမှုဆောင်ဌာနမှ ရှောင်ဟိုင်လီနှင့် အဖွဲ့ ၁၃ တို့အား 'တောက်ပသော ဆယ့်သုံးပါး' ဟု ခေါ်ဝေါ်ကြခြင်း၏ အဓိက အကြောင်းရင်းမှာလည်း သူတို့တွင် အားကောင်းသော ကာကွယ်ရေး စွမ်းအားရှင် ကွီရို့ဇ် ပါဝင်နေသောကြောင့် ဖြစ်သည်။

ကွီရို့ဇ်မှာ မိန်းကလေး လိုက်စားတတ်ပြီး အေးအေးဆေးဆေး နေတတ်သော စရိုက်ရှိသော်လည်း သူသည် ရှားပါးလှသော 'မြေမြုပ်သဲ ခုခံမှု' စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ထိုစွမ်းအားမှာ ထူးချွန်သော အမြန်နှုန်း စွမ်းအားရှင် ဘိုစင်ဝါ နှင့် သဘာဝ စွမ်းအားရှင် ရှောင်ဟိုင်လီ တို့နှင့် ပေါင်းစပ်လိုက်သောအခါ ထိပ်တန်း ခုခံသူ၊ ထိပ်တန်း ခြေရာခံသူနှင့် ထိပ်တန်း တိုက်ခိုက်သူတို့ ပါဝင်သော အဖွဲ့တစ်ဖွဲ့ ဖြစ်လာခဲ့သည်။ ဤထိပ်တန်း စွမ်းအားရှင် သုံးဦး ပူးပေါင်းလိုက်ခြင်းက အန်ဒရို ကြယ်တာရာ နယ်မြေတွင် နာမည်ကျော်ကြားလှသော 'တောက်ပသော ဆယ့်သုံးပါး' ကို ဖြစ်ပေါ်စေခဲ့ခြင်းပင် ဖြစ်သည်။

ရှောင်ဟိုင်လီ၏ မီးစွမ်းအားနှင့် ဘိုစင်ဝါ၏ အမြန်နှုန်း စွမ်းအားများကို အခြားသူများနှင့် အစားထိုးနိုင်ကောင်း နိုင်သော်လည်း ကွီရို့ဇ်ကိုမူ မည်သူမျှ အစားမထိုးနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ကာကွယ်ရေး စွမ်းအား ပိုင်ဆိုင်သူများမှာ အလွန်ပင် ရှားပါးလှသောကြောင့် ဖြစ်သည်။

ရှဖေး၏ ခြေရင်းတွင်မူ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး လဲလျောင်းနေသည်။ သူသည် မုတ်ဆိတ်မွှေး ထူထူနှင့် ဗလတောင့်တောင့် ဖြစ်သည်။ သူ၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းသော်လည်း သူ၏ မျက်လုံးအစုံမှာမူ ကောင်းကင်သို့ စိုက်ကြည့်နေပြီး မကျေနပ်သော အမူအရာမှာ သူ၏ မျက်နှာပေါ်တွင် အေးခဲနေသည်။

သူသည် ဒုတိယအဆင့်သို့ တက်ရန် အမှတ်အသားကို အသက်နှင့်ရင်း၍ ရယူခဲ့ရသော်လည်း ဤလူသူကင်းမဲ့သော မြေရိုင်းထဲတွင် ထောင်ချောက်မိခဲ့ရသည်ကို သူ မည်သို့မျှ လက်ခံနိုင်မည် မဟုတ်ချေ။

ရှဖေးက ထိုဗလတောင့်တောင့် အလောင်းကြီးအား သူ၏ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်သည်။ သူသည် သေဆုံးသွားခဲ့ပြီဖြစ်ရာ မည်သည့် တုံ့ပြန်မှုမျှ မရှိဘဲ မြေပြင်ပေါ်တွင် ငြိမ်သက်နေသည်။

“စောစောက တကယ့်ကို အန္တရာယ်များတာပဲ၊ ဒီလူရဲ့ စွမ်းအားက မင်းရဲ့ အရှိန်ကို ပြန်ထိန်းနိုင်ပုံရတယ်၊ အကယ်၍ ရှောင်ယွီရဲ့ ခရမ်းရောင်ကျောက်မျက်တွေသာ မင်းကို ကာကွယ်မပေးခဲ့ရင် မင်း တော်တော်လေး ဒုက္ခရောက်သွားနိုင်တယ်” ရှဖေး၏ ဘေးတွင် ရပ်နေသော ဖန်တန်က မှတ်ချက်ပေးလိုက်သည်။

“ကံကောင်းတာက ဒီလူရဲ့ အဆင့်က သိပ်မမြင့်သေးလို့ပေါ့၊ မဟုတ်ရင်တော့ ရှောင်ယွီရဲ့ ကာကွယ်ရေး ပုံဆောင်ခဲလေး လေးခုတည်းနဲ့တော့ သူ့ကို ရင်ဆိုင်ဖို့ ခက်လိမ့်မယ်”

ရှောင်ယွီမှာ လက်ရှိတွင် အခြေခံ ကြယ်တာရာ အဆင့်၌သာ ရှိသေးသဖြင့် သူမအနေဖြင့် ခရမ်းရောင်ပုံဆောင်ခဲ လေးခုကိုသာ ထုတ်လွှတ်နိုင်ခြင်း ဖြစ်သည်။

ရှောင်ယွီမှာ အသက် ၁၂ နှစ်သာ ရှိသေးရာ ထိုအရွယ်နှင့် ဤအဆင့်သို့ ရောက်ရှိနေခြင်းမှာ ပါရမီရှင်တစ်ဦးဟု ခေါ်ဆိုလျှင်ပင် လွန်အံ့မထင်ချေ။ ထို့ပြင် သူမသည် မည်သည့် ဆေးဝါးကိုမျှ မှီဝဲခဲ့ခြင်း မရှိဘဲ သူမ၏ ကိုယ်ပိုင် ကျင့်ကြံမှုဖြင့်သာ ဤအဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ရှဖေးက ဘာမှ ပြန်မပြောဘဲ ခေါင်းသာ ငိတ်ပြလိုက်သည်။ သူသည် ယနေ့တွင် ဘာကြောင့်မှန်းမသိ စိတ်ဓာတ်ကျနေသည်။ သူ၏ ရင်ဘတ်ထဲတွင် ကျောက်တုံးကြီး တစ်တုံးနှင့် ဖိထားသကဲ့သို့ ဖော်ပြ၍မရသော ခံစားချက်ကြောင့် သူသည် စိတ်မကြည်မလင် ဖြစ်နေသည်။

ရှဖေးသည် စောစောက ဗလတောင့်တောင့်နှင့် အမျိုးသားအား တိုက်ခိုက်နေစဉ်အတွင်း ခေတ္တမျှ ဘာလုပ်ရမှန်း မသိဘဲ ဖြစ်သွားခဲ့ရသည်။ ဤသို့မျိုး သူ တစ်ခါမျှ မဖြစ်ဖူးခဲ့ချေ။ တိုက်ပွဲဝင်နေစဉ်အတွင်း သူ၏ အာရုံစူးစိုက်မှုကို အပြည့်အဝ မထားနိုင်ခြင်းမှာ ယခုက ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

ရှောင်ယွီ၏ ခရမ်းရောင်ပုံဆောင်ခဲများက သူ့အား ကာကွယ်ပေးထားသဖြင့်သာ မည်သည့် အမှားအယွင်းမျှ မဖြစ်ခဲ့ခြင်း ဖြစ်သည်။

ရှဖေးသည် ရှောင်ယွီနှင့် တွေ့ဆုံခဲ့ရခြင်းမှာ ကံကောင်းခြင်းတစ်ရပ်ပင် ဖြစ်သည်။ ရှဖေးက ရှောင်ယွီအား တိတ်တဆိတ် ကာကွယ်ပေးခဲ့ခြင်းကြောင့် သူတို့ နှစ်ဦးကြားတွင် မြင့်မားသော ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်၏။

ကာကွယ်ရေး စွမ်းအားရှင်များသည် ပုံမှန်အားဖြင့် သူတို့၏ ခုခံမှုအားလုံးကို အခြားသူအား ပေးလေ့မရှိဘဲ မိမိကိုယ်တိုင် ဆုတ်ခွာရန်အတွက် အချို့ကို ချန်ထားတတ်ကြသည်။

သို့သော်လည်း ရှောင်ယွီမှာမူ သူမ၏ ခရမ်းရောင်ပုံဆောင်ခဲ လေးခုစလုံးကို ရှဖေးအား ပေးအပ်ထားခြင်းမှာ သူမ၏ အသက်ကိုပါ ပုံအပ်ထားခြင်းနှင့် မခြားလှပေ။ ၎င်းမှာ အကြွင်းမဲ့ ယုံကြည်မှု မရှိဘဲ မည်သို့မျှ မလုပ်နိုင်သော အရာပင် ဖြစ်သည်။

“မင်းနဲ့ ရှောင်ယွီရဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ အင်အားအနည်းငယ် လိုအပ်နေသေးတယ်၊ မင်းရဲ့ တိုက်ခိုက်မှု စတိုင်က လျင်မြန်ဖြတ်လတ်တဲ့ လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပြီး ရှောင်ယွီရဲ့ စွမ်းအားက ခုခံမှုကို အခြေခံတာလေ၊ သူမရဲ့ တိုက်ခိုက်မှုက ဖြည့်စွက်ချက်ပဲ ရှိတာ၊ အကယ်၍ မင်းတို့က အင်အားကြီးမားတဲ့ တိုက်ခိုက်ရေးသမား တစ်ယောက်သာ အသင်းထဲမှာ ရှိမယ်ဆိုရင် မင်းတို့ သုံးယောက်ဟာ လျှောက်ထားသူ တစ်သိန်းလုံးကို လွှမ်းမိုးနိုင်လိမ့်မယ်လို့ ငါ အာမခံရဲတယ်” ဖန်တန်က စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။

ကာကွယ်ရေး စွမ်းအားရှင်များနှင့် တွေ့ဆုံရန်မှာ ကံတရားပေါ်တွင်သာ မူတည်သည်၊ ဖန်တန်သည် ရှောင်ယွီ ရှိနေသည်ကို အလွန် သဘောကျနေပြီး ရှဖေးနှင့် ရှောင်ယွီတို့၏ အနာဂတ်အတွက်ပါ စတင် စဉ်းစားပေးနေပေပြီ။

ရွှပ်

ရှဖေးသည် ယန္တရားကို နှိပ်လိုက်ပြီး သူ၏ 'အလင်းလိုက်တန်းတန်း' ကို ပြန်သိမ်းလိုက်ကာ အလောင်းထံမှ ဟင်းလင်းပြင် လက်ပတ် တစ်ခုကို သိမ်းယူလိုက်သည်။

ထိုလက်ပတ်မှာ လှပပြီး လက်ရာမြောက်လှသည်။ ၎င်းပေါ်တွင် အနက်ရောင် ဟင်းလင်းပြင် ကျောက်တုံးလေး တပ်ဆင်ထားသည့်အပြင် အရောင်စုံ ကျောက်မျက်လေးများလည်း ပါဝင်သဖြင့် အမျိုးသမီး ဝတ်ဆင်သော လက်ဝတ်ရတနာ တစ်ခုနှင့် တူလှသည်။

ရှဖေးက တဟားဟား ရယ်မောလိုက်သည်။ ဗလတောင့်တောင့်နှင့် အမျိုးသားကြီးတစ်ဦးက ဤကဲ့သို့ လှပသော လက်ပတ်ကို ဝတ်ဆင်ထားခြင်းမှာ အလွန်ပင် ရယ်စရာကောင်းလှသည်၊ ၎င်းမှာ ထိုလူနှင့် လုံးဝ လိုက်ဖက်မှု မရှိချေ။

ရှဖေးသည် လက်ပတ်ကို အသာအယာ ပွတ်သပ်လိုက်ပြီး အတွင်းမှ ဒုတိယအဆင့် တက်ရန်အတွက် လိုအပ်သော အမှတ်အသားကို ထုတ်ယူလိုက်သည်။ ခေတ္တမျှ စဉ်းစားပြီးနောက် ရှဖေးသည် ထိုအမှတ်အသားကို လက်ပတ်အတွင်းသို့ ပြန်ထည့်လိုက်သည်။

ဤလက်ပတ်အတွင်းရှိ ဟင်းလင်းပြင်မှာ ၀.၃ ကုဗမီတာခန့်သာ ရှိသဖြင့် အလွန် သေးငယ်လှသည်။ ၎င်းမှာ အမျိုးသမီးများအတွက် တည်ဆောက်ထားပုံရသဖြင့် ရှဖေးအနေဖြင့် သိမ်းထားရန် အကြောင်းမရှိချေ။ ထို့ကြောင့်လည်း ရှဖေးက ထိုလက်ပတ်အား ရှောင်ယွီအား ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ထိုလက်ပတ်၏ သိမ်မွေ့လှပသော ပုံစံမှာ ရှောင်ယွီနှင့် လိုက်ဖက်လှသောကြောင့် ဖြစ်၏။

ရုတ်တရက်ဆိုသလိုပင်ရှဖေး၏ ပတ်ဝန်းကျင်တွင် ဝဲပျံနေသော ခရမ်းရောင်ပုံဆောင်ခဲ လေးခုစလုံးမှာ ပျောက်ကွယ်သွားခဲ့ပြီး သူ၏ အိတ်ကပ်ထဲမှ အာရုံခံ ကိရိယာမှာလည်း ချက်ချင်းပင် တုန်ခါလာခဲ့သည်။

ရှဖေးသည် အာရုံခံ ကိရိယာကို အမြန်ထုတ်ယူကာ ကြည့်လိုက်သည်။

သူသည် ချက်ချင်းပင် ထိတ်လန့်သွားခဲ့ရသည်အရှေ့ဘက်မှ လင်းလက်နေသော အစက် ခုနစ်စက် ရောက်ရှိလာနေပြီး တစ်ချိန်တည်းမှာပင် အနောက်ဘက်သို့ အစက် နှစ်စက်မှာ ထွက်ခွာသွားသည်ကို သူ မြင်လိုက်ရသည်။

အရှေ့ဘက်မှ ခုနစ်ဦးမှာ လမ်းသွားလမ်းလာ လျှောက်ထားသူများ ဖြစ်ရမည်ဖြစ်ပြီး အနောက်ဘက်သို့ သွားနေသော အစက် နှစ်စက်ထဲမှ တစ်စက်မှာ ရှောင်ယွီ ဖြစ်ရပေမည်။

ရှဖေးသည် ၀.၀၁ စက္ကန့်မျှသာ စဉ်းစားလိုက်ပြီး သူ၏ အမြင့်ဆုံး အရှိန်ဖြစ်သော တစ်စက္ကန့်လျှင် ၃၇၀ မီတာဖြင့် အနောက်ဘက်သို့ တစ်ဟုန်ထိုး ပြေးထွက်သွားလေသည်။

“ရှောင်ယွီ ပြန်ပေးဆွဲခံလိုက်ရပြီလား” ရှဖေး၏ ရင်ထဲတွင် တုန်လှုပ်သွားခဲ့ရသည်။

ရှောင်ယွီ ပုန်းအောင်းနေသော မြက်တောကို ဖြတ်ကျော်သွားစဉ် ရှဖေးက တစ်ချက် ကြည့်လိုက်ရာ လေထဲတွင် ယိမ်းထိုးနေသော မြက်ပင်ရှည်များကိုသာ တွေ့ရပြီး ရှောင်ယွီကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရတော့ချေ။

“တောက်” ရှဖေးက ဒေါသတကြီး ကြိမ်းဝါးလိုက်သည်၊ သူ၏ မျက်လုံးအစုံမှာလည်း ချက်ချင်းပင် နီမြန်းသွားခဲ့ရပြီး သူ၏ မျက်နှာမှာလည်း ဒေါသကြောင့် ပုံပျက်သွားခဲ့ရသည်။

“ဒီလူတွေက ငါတို့ကို စောစောကတည်းက တွေ့ထားတာ ဖြစ်ရမယ်၊ အရှေ့ဘက်က လာတဲ့လူတွေက ငါ့ရဲ့ အာရုံကို လွှဲထားတုန်းမှာ တခြားတစ်ယောက်က အခွင့်အရေးယူပြီး ရှောင်ယွီကို ဓားစာခံအဖြစ် ဖမ်းသွားတာပဲ” ရှဖေးက တွေးတောရင်း ပို၍ ဒေါသထွက်လာခဲ့သည်။ ကလေးမလေးတစ်ယောက်အပေါ် ဤသို့ ပြုမူခြင်းမှာ အလွန်ပင် ယုတ်မာလှသည် တကယ့်ကို ရွံရှာဖွယ် ကောင်းလှချေပေ၏။ရှောင်ယွီကို ပြန်ပေးဆွဲသွားသူမှာ အလွန်ပင် မြန်ဆန်လှသည်။

သူသည် စက္ကန့်အနည်းငယ်အတွင်းမှာပင် ရှဖေး၏ အာရုံခံ ကိရိယာ နယ်ပယ်အတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ အာရုံခံ ကိရိယာမှာ ကီလိုမီတာ ၅၀ ပတ်လည်အထိ ရောက်နိုင်သည်ဆိုပါက ထိုသူ၏ အရှိန်မှာ တစ်စက္ကန့်လျှင် မီတာ ထောင်နှင့်ချီ၍ ရှိနေရမည် မဟုတ်ပါလား။

ထိုမျှ မြန်သော အရှိန်ရှိသူသည် ရှဖေးကို အလွယ်တကူ သတ်နိုင်သော်လည်း သူသည် ဘာဖြစ်လို့ ရှောင်ယွီကို ဓားစာခံအဖြစ် ဖမ်းဆီးသွားပြီး ရှဖေးကို ချက်ချင်း မတိုက်ခိုက်ရတာပါလိမ့်။

ရှဖေးမှာ အလွန်ပင် စိတ်မကောင်း ဖြစ်နေရသည်။ အကယ်၍ ထိုသူက ထိုမျှအထိ မြန်နိုင်သည်ဆိုပါက ၎င်းမှာ ရှဖေးအတွက် အိမ်မက်ဆိုးတစ်ခုပင် ဖြစ်ပေတော့မည်။

သူသည် ပြေးနေရင်းမှ ဖြစ်နိုင်ခြေရှိသမျှကို လျင်မြန်စွာ တွက်ချက်နေသည်၊ သူ၏ အရှိန်မှာလည်း သူ၏ အဆုံးစွန်သော အမှတ်ကို ကျော်လွန်ကာ တစ်စက္ကန့်လျှင် ၄၀၀ မီတာခန့်အထိ ရောက်ရှိနေပေပြီ။

သူ မြန်မြန် ပြေးလေလေ၊ သူ၏ အားအင်များမှာ ပိုမို ကုန်ခမ်းလေလေ ဖြစ်သည်။ ၅ မိနစ်ခန့် ကြာပြီးနောက်တွင် ရှဖေး၏ ခြေထောက်နှစ်ဖက်မှာ ပျော့ခွေသွားပြီး သဲမြေပေါ်သို့ လဲကျသွားခဲ့ရသည်။

သူ၏ ညာဘက် လက်သီးဖြင့် မြေပြင်ကို အားဖြင့် ထိုးနှက်လိုက်ရာ သဲများမှာ လေထဲတွင် လွင့်ပျံသွားခဲ့သည်။ရှဖေးမှာ မကျေမနပ် ဖြစ်နေရသည်။ ရှောင်ယွီအား တစ်စုံတစ်ဦးက အလွယ်တကူ ပြန်ပေးဆွဲသွားသည်ကို သူ မည်သို့မျှ လက်မခံနိုင်ဘဲ ရှိနေသည်။

“အား” ဟု ရှဖေးက ကောင်းကင်သို့ မော့၍ ဒေါသတကြီး အော်ဟစ်လိုက်သည်၊ သူ၏ ရင်ဘတ်ထဲမှ ဒေါသများမှာ ပေါက်ကွဲထွက်လုမတတ် ဖြစ်နေပေပြီ။ ရှဖေးသည် သူ၏ လက်သီးဖြင့် သူ၏ ခေါင်းကို အကြိမ်ကြိမ် ထိုးနှက်လိုက်ပြီးမှ စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်သည်။

‘မဟုတ်ဘူး၊ ငါ စိတ်မလောသင့်ဘူး၊ ငါ ဒါကို အစကနေ ပြန်ပြီး သေချာ တွက်ချက်ရမယ်၊ သံသယဖြစ်စရာ တစ်ခုခု လွတ်သွားတာမျိုး မဖြစ်စေရဘူး’ ရှဖေးက သူ၏ စိတ်ထဲတွင် သတိပေးနေမိသည်။ သူ၏ ကြွက်သားများမှာ တုန်ရင်နေဆဲ ဖြစ်သော်လည်း ရှဖေး၏ ဦးနှောက်မှာမူ ပြန်လည် ကြည်လင်လာခဲ့ပေပြီ။

“ရှောင်ယွီက အသက်ရှင်နေတုန်းပဲ ဖြစ်ရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ အာရုံခံ ကိရိယာက အသက်ရှင်နေတဲ့ လူကိုပဲ ပြနိုင်တာလေ၊ ဘယ်သူက ရှောင်ယွီကို ပြန်ပေးဆွဲမှာလဲ ဒါက အဓိပ္ပာယ် မရှိဘူး အမှတ်အသားကို လုချင်ရုံသက်သက် ဆိုရင်တော့ ရှောင်ယွီကို သတ်သွားမှာပဲ၊ ဘာလို့ သူမကို ဖမ်းသွားရတာလဲ ဘာဖြစ်လို့ ဒီလို လုပ်ရတာလဲ ဘယ်သူဖြစ်မလဲ”

ရွှပ်

ရှဖေးသည် မြေပြင်မှ ဝုန်းခနဲ ထရပ်လိုက်ပြီး သူ လာခဲ့သော လမ်းအတိုင်း ပြန်လည် ပြေးထွက်သွားလေသည်။

လက်ရှိတွင် သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ရှောင်ယွီကို ပြန်ပေးဆွဲသူနှင့် ပူးပေါင်းနေသော ထိုလူ ခုနစ်ဦးကို ဖမ်းဆီးရန်ပင် ဖြစ်၏။ ထိုသို့ဖြစ်နိုင်ခြေမှာ အလွန်ပင် နည်းပါးလှသည် ဆိုစေကာမူ ရှဖေးအနေဖြင့် အခွင့်အရေး အနည်းငယ် ရှိနေသရွေ့ လက်လျှော့မည် မဟုတ်ချေ

သူ၏ ရင်ဘတ်ထဲတွင် ပြည့်နှက်နေသော ဒေါသများကို ဖြေဖျောက်ရန် လိုအပ်သည်။

သူသည် ထိုဒေါသများကို သွေးများဖြင့် ဆေးကြောရန် လိုအပ်သည်။

အန်ဒရို ကြယ်တာရာ နယ်မြေ၊ တရားစီရင်ရေးသမဂ္ဂ ဌာနချုပ် ဥက္ကဋ္ဌ ရောဘတ်၏ စားပွဲပေါ်ရှိ အဝါရောင် ဆက်သွယ်ရေး ကိရိယာမှာ ရုတ်တရက် မြည်ဟည်းလာခဲ့သည်။

ရောဘတ်သည် သူ၏ လက်ထဲမှ စာအုပ်ကို ချလိုက်ပြီး သူ၏ မျက်မှောင်များ ကြုံ့သွားခဲ့ရသည်။

ဤဆက်သွယ်ရေး ကိရိယာမှာ လျှို့ဝှက် ဆက်သွယ်ရေး လိုင်းမှတစ်ဆင့် အရေးပေါ် ခေါ်ဆိုမှုများအတွက်သာ အသုံးပြုခြင်း ဖြစ်သည်။ အလွန် အရေးကြီးသော ကိစ္စမျိုး မဟုတ်ပါက ၎င်းမှာ မြည်လာမည် မဟုတ်ချေ။

သူ၏ လက်ချောင်းဖြင့် ခေါ်ဆိုမှုကို လက်ခံလိုက်သောအခါ မျက်နှာပြင်တစ်ခု ပေါ်လာခဲ့သည်။

မျက်နှာပြင်ပေါ်တွင် ပေါ်လာသူမှာ ဤ "အကျပ်အတည်း" အဆင့် စစ်ဆေးမှု၏ အဓိက စောင့်ကြည့်ရေး အရာရှိ ရှန် ပင် ဖြစ်သည်။

ရှောင်ဟိုင်လီသည် စစ်ဆေးမှုအတွက် တာဝန်ခံ ဖြစ်သော်လည်း သူသည် ငယ်ရွယ်သေးသဖြင့် သမဂ္ဂ၏ လျှို့ဝှက်ချက် အများအပြားကို မသိရှိသေးချေ။ ထို့ကြောင့်လည်း ရောဘတ်သည် သူ၏ ယုံကြည်ရသော လက်ထောက်ရှန် အား အခြေအနေ အရပ်ရပ်ကို စောင့်ကြည့်ရန်နှင့် လျှို့ဝှက် အစီရင်ခံစာများ တင်ပြရန်အတွက် အဓိက စောင့်ကြည့်ရေး အရာရှိအဖြစ် ကိုယ်တိုင် တာဝန်ပေးထားခြင်း ဖြစ်သည်။

“ဆယ့်နှစ်ယောက် ပါ၊ အကြီးဆုံးက ၁၇ နှစ် ဖြစ်ပြီး အငယ်ဆုံးကတော့ ၁၂ နှစ်တောင် မပြည့်သေးပါဘူး” ရှန် ၏ မျက်နှာမှာ အလွန်ပင် ဆိုးရွားနေပြီး လေးနက်စွာ အစီရင်ခံလိုက်သည်။

“ဒါက ဘယ်တုန်းက ဖြစ်သွားတာလဲ” ရောဘတ်မှာ ထိတ်လန့်သွားပြီး မေးလိုက်၏။

“လွန်ခဲ့တဲ့ ၁၀ မိနစ်ခန့်ကပါ၊ လျှောက်ထားသူ ၁၂ ဦး တစ်ပြိုင်တည်း ပျောက်ကွယ်သွားခဲ့တာပါ၊ ကျွန်တော့်ရဲ့ တွက်ချက်မှုအရ တစ်ဖက်လူဟာ ပဉ္စမမြောက် ရေတပ်စုရဲ့ ကာကွယ်ရေး ဝိုင်းကို ရှောင်ရှားဖို့အတွက် လူမသိအောင် သွားလာနိုင်တဲ့ အာကာသယာဉ်ကို အသုံးပြုပြီး ကမ္ဘာဂြိုဟ်ပေါ်ကို ဆင်းသက်ကာ ဒီလျှောက်ထားသူတွေကို ပြန်ပေးဆွဲသွားတာ ဖြစ်ရမယ်” ရှန် က ပြောလိုက်သည်။

“လူမသိအောင် သွားလာနိုင်တဲ့ အာကာသယာဉ် ဟုတ်လား၊ သူတို့က အဲဒီလို ယာဉ်မျိုးကိုတောင် ရထားတာပေါ့၊ ဒါတွေအားလုံးက ဘယ်သူတွေ လုပ်တာလဲ” ရောဘတ်သည် သူ၏ ကုလားထိုင်ပေါ်တွင် နောက်သို့ မှီလိုက်ပြီး လက်တစ်ဖက်ဖြင့် သူ၏ နဖူးကို နှိပ်ကာ သူ့ဘာသာ ရေရွတ်လိုက်သည်။

“ဥက္ကဋ္ဌ ခင်ဗျာ၊ သူတို့ တိုက်ခိုက်တာက အရမ်း မြန်လွန်းပါတယ်၊ ကျွန်တော်တို့အနေနဲ့ ဘာမှ ပြန်မလုပ်နိုင်ခဲ့ပါဘူး၊ ပြီးတော့ သူတို့က သူတို့ရဲ့ ပစ်မှတ်တွေရဲ့ တည်နေရာကိုလည်း ကောင်းကောင်း သိထားကြပုံရတယ်၊ အသက်ငယ်ပြီး ထိပ်တန်း စွမ်းအားတွေ ရှိတဲ့ လျှောက်ထားသူတွေကိုပဲ ရွေးပြီး ဖမ်းသွားတာပါ၊ ဒါဟာ အရမ်း ထူးဆန်းနေပါတယ်၊ သူတို့ ဒီအချက်အလက်တွေကို ဘယ်က ရတာလဲ ပြီးတော့ သူတို့ တည်နေရာတွေကို ဘယ်လိုလုပ်ပြီး ဒီလောက် မြန်မြန် ရှာတွေ့နိုင်ရတာလဲ ကျွန်တော် သံသယဖြစ်တာကတော့...” ရှန် ၏ အသံမှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

“မင်း ဘာကို သံသယဖြစ်တာလဲ” ရောဘတ် က မေးလိုက်၏။

“ကျွန်တော် သံသယဖြစ်တာကတော့ သမဂ္ဂထဲမှာ သစ္စာဖောက် တစ်ယောက် ရှိနေတာပါပဲ” ရှန် က တိုးတိုးလေး ပြောလိုက်သည်။ ဤစကား၏ ကြီးလေးမှုကို သိရှိထားသဖြင့် ရှန် အနေဖြင့် သတိထား ပြောဆိုရခြင်း ဖြစ်သည်။

“ဒီကိစ္စကို လုံးဝ လျှို့ဝှက်ထားရမယ်၊ ငါ အခုချက်ချင်း လာခဲ့မယ်” ရောဘတ် ၏ မျက်လုံးအစုံမှာ ပြူးကျယ်သွားခဲ့ရပြီး သူ၏ စားပွဲကို အားဖြင့် ရိုက်လိုက်ကာ လေးနက်စွာ ပြောကြားလိုက်လေသည်။

အခန်း ၅၀။ ။ အတွင်းသတင်းလား

ရှဖေးသည် သူ၏ အမြင့်ဆုံးအရှိန်ကို အသုံးပြု၍ ထိုမြက်တောရှည်များရှိရာသို့ ပြန်လာခဲ့ပြီးနောက် ခြောက်သွေ့နေသော မြက်ခြောက်ပင်များကို အကာအကွယ်ယူကာ အသက်ရှူထိန်းချုပ်ခြင်း နည်းစနစ်ကို အသုံးပြုလိုက်သည်။ သူ၏ မျက်ဝန်းများတွင် လူသတ်လိုသည့် အရိပ်အယောင်များ ပြည့်နှက်နေပြီး ထိုလျှောက်ထားသူ ခုနစ်ဦးထံသို့ တဖြည်းဖြည်း ချဉ်းကပ်သွားလေသည်။

“ရှဖေး... မင်း စိတ်လောလို့ မဖြစ်ဘူးနော်” ဖန်တန်က ရှဖေး၏ စိတ်ထဲမှ သတိပေးလိုက်သည်။ သူသည် ရှဖေး၏ ဒေါသကို စိုးရိမ်နေပြီး အမှားတစ်ခုခု လုပ်မိမည်ကို ကြောက်နေခြင်း ဖြစ်သည်။

“စိတ်လောတယ် ဟုတ်လား ငါ အခုလောက် တည်ငြိမ်နေတာ တစ်ခါမှ မရှိဖူးဘူး၊ ဒါပေမဲ့ သူတို့ကို သတ်ချင်တဲ့စိတ်ကလည်း အခုလောက် ပြင်းထန်နေတာ တစ်ခါမှ မရှိဖူးဘူး” ရှဖေးက တိုးတိုးလေး ပြန်ပြောလိုက်၏။

ဖန်တန်က ခေါင်းခါလိုက်ပြီး မောစတုံး ထဲသို့ ပြန်ဝင်သွားကာ ဘာမှ ထပ်မပြောတော့ချေ။ သူသည်လည်း ရှောင်ယွီ ပျောက်ဆုံးသွားသည့်အတွက် စိတ်မကောင်း ဖြစ်နေသည်။

ခေတ္တအကြာတွင် ရှဖေးသည် ထိုခုနစ်ဦး၏ အနားသို့ ရောက်ရှိသွားခဲ့သည်။ မြက်တောထဲမှနေ၍ တိတ်တဆိတ် ကြည့်လိုက်သောအခါ သူတို့အားလုံး စုဝေးနေကြပြီး တစ်ခုခုကို ဆွေးနွေးနေကြသည်ကို တွေ့ရသည်။

ရှောင်ယုံ သည် ဤလက်ပါးစေ ခြောက်ဦးကို ငှားရမ်းရန်အတွက် ငွေအမြောက်အမြား အသုံးပြုခဲ့ရသည်။ သူတို့အားလုံးမှာ အသက်အရွယ် ရနေကြပြီဖြစ်ရာ အဆင့်တက်ရန် သို့မဟုတ် တရားစီရင်ရေးသမား ဖြစ်လာရန်မှာ အိပ်မက်တစ်ခုသာ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် အနားမယူမီ ငွေအမြောက်အမြား ရလိုသဖြင့် ရှောင်ယုံနောက်သို့ လိုက်လာခဲ့ကြခြင်း ဖြစ်သည်။

မူလက သူတို့အဖွဲ့တွင် လူပေါင်း ၃၀ ကျော် ရှိသော်လည်း လေးရက်တာ တိုက်ပွဲများအတွင်း ခြောက်ဦးသာ ကျန်ရှိတော့ခြင်း ဖြစ်ပေရာ ၎င်းက ဤစစ်ဆေးမှုမှာ မည်မျှအထိ ရက်စက်ကြောင်း ပြသနေသည်။

မျက်နှာပြားပြား၊ အသားညိုညိုနှင့် အမျိုးသားမှာ ထိုကြေးစားစစ်သည်များ၏ ခေါင်းဆောင် ဖြစ်ပုံရပြီး အသက် ၅၀ ဝန်းကျင်ခန့် ရှိသည်။ သူ၏ မျက်နှာတွင် နက်ရှိုင်းလှသော ဒဏ်ရာတစ်ခု ရှိနေသဖြင့် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ သူ၏ လက်နှစ်ဖက်မှာ ယပ်တောင်ကြီးများကဲ့သို့ ကြီးမားလှပြီး လက်တစ်ဖက်စီတွင် လက်သန်း တစ်ချောင်းစီ လိုအပ်နေသည်မှာ ဒဏ်ရာကြောင့် ပြတ်တောက်သွားခြင်း ဖြစ်ပုံရသည်။

သူသည် ဆိတ်မုတ်ဆိတ်နှင့် အမျိုးသားတစ်ဦးနှင့် တိုးတိုးတိတ်တိတ် စကားပြောနေပြီးနောက် ရှောင်ယုံဘက်သို့ လှည့်ကာ “မင်းက ဘယ်ကနေ သတင်းရတာလဲ ငါတို့ မြောက်ဘက်ကို ကီလိုမီတာ ၅၀၀ လောက်အထိ မနားတမ်း ပြေးလာခဲ့တာတောင် အဲဒီလူရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရသေးဘူး၊ မင်း အလိမ်ခံလိုက်ရပြီလို့ ငါတို့ သံသယဖြစ်မိတယ်” ဟု ပြောလိုက်သည်။

ရှဖေးသည် ထိုစကားများကို အသေအချာ နားထောင်နေသည်၊ ‘သတင်း ဟုတ်လား ငါနဲ့ ရှောင်ယွီ အကြောင်း သတင်းများလား’

သူသည် လက်သီးကို တင်းတင်းဆုပ်လိုက်သော်လည်း စိတ်ရှည်စွာဖြင့် သူတို့၏ စကားဝိုင်းကို ဆက်လက် နားစွင့်နေသည်။

ရှောင်ယုံမှာ ဩဇာကြီးမားသော မိသားစုမှ ဆင်းသက်လာသူ ဖြစ်သည်။ သူသည် အဆင့်နိမ့်သော အလုပ်များကို လုပ်ကိုင်သည့် ဤအသားညိုညို အမျိုးသားကို အထင်မကြီးသော်လည်း လက်ရှိ အခြေအနေအရ မအော်ရဲသဖြင့် “ခေါင်းဆောင် ရှာ... ၊ ကျွန်တော်ရတဲ့ သတင်းက သေချာပေါက် ယုံကြည်စိတ်ချရပါတယ်၊ ခင်ဗျား ကျွန်တော့်ကို ယုံပါ” ဟုသာ ပြန်ပြောလိုက်ရသည်။

ထို့နောက် သူသည် မြေပြင်ပေါ်ရှိ အလောင်းကို ညွှန်ပြကာ “ကြည့်ပါဦး၊ ဒီလူ သေတာ သိပ်မကြာသေးဘူး၊ လုယက်ခံရရင်း သေတာ ဖြစ်နိုင်တယ်၊ သူ့ဆီက အမှတ်အသားကို လုသွားတာ ဖြစ်ရမယ်၊ ဒါကြောင့် ငါတို့ မြောက်ဘက်ကို ဆက်သွားမယ်ဆိုရင် အဲဒီလူကို သေချာပေါက် မိမှာပါ” ဟု ပြောလိုက်သည်။

ခေါင်းဆောင် ရှာ က အလောင်းကို စစ်ဆေးကြည့်လိုက်ရာ လည်ပင်းမှ ဒဏ်ရာမှ သွေးများမှာ မခြောက်သေးသဖြင့် ထိုသူ သေဆုံးသည်မှာ မကြာသေးကြောင်း အတည်ပြုနိုင်ခဲ့သည်။

ဆိတ်မုတ်ဆိတ်နှင့် အမျိုးသားမှာ ခေါင်းဆောင် ရှာ ၏ အနားသို့ တစ်ဖက် ပြန်လာပြီး တိုးတိုးလေး ထပ်မံ ဆွေးနွေးကြပြန်သည်။ ခေါင်းဆောင် ရှာ က ခေါင်းညိတ်၍ နားထောင်နေသည်ကို ကြည့်ခြင်းအားဖြင့် ထိုဆိတ်မုတ်ဆိတ်နှင့် လူမှာ ဤကြေးစားအဖွဲ့၏ အကြံပေး ဖြစ်ပုံရသည်။

ခေါင်းဆောင် ရှာ နှင့် ဆိတ်မုတ်ဆိတ်တို့ ဆွေးနွေးပြီးနောက် ရှောင်ယုံဘက်သို့ လှည့်ကာ “မင်း ငါတို့ကို မြောက်ဘက်ကို ဆက်သွားစေချင်တယ်ဆိုရင်တော့ အခကြေးငွေကို အလိုက်သင့် ထပ်တိုးပေးရလိမ့်မယ်” ဟု ဟိန်းဟောက်လိုက်သည်။

‘တောက် ဒီအဖိုးကြီး ရှာ... ယုတ်မာလိုက်တဲ့ အကောင်’ ဟု ရှောင်ယုံက စိတ်ထဲမှ ကြိမ်းဝါးနေသော်လည်း အပြင်၌မူ ဟန်ဆောင် အပြုံးဖြင့် “အစ်ကိုကြီး ရှာ၊ ခင်ဗျားက လုံဘတ်အင်ပါယာမှာ နာမည်ကျော် တစ်ယောက်ပဲလေ၊ ခင်ဗျားရဲ့ စကားက တည်ရမှာပေါ့၊ အခုလို အချိန်မျိုးမှာ ဘယ်လိုလုပ် စကားဖျက်လို့ ရမှာလဲ” ဟု ပြောလိုက်သည်။

“ငါ 'ရှာ လက်ရှစ်ချောင်း' က စကားဖျက်တဲ့ လူစားမျိုး မဟုတ်ဘူး ဒါပေမဲ့ ဒီတစ်ခါတော့... ဒီတစ်ခါတော့...” ခေါင်းဆောင် ရှာ သည် သူ၏ ယုံကြည်မှုကို ထိခိုက်စေမည့် စကားကို ကြားလိုက်ရသောအခါ အလျင်အမြန်ပင် ပြန်လည် အော်ပြောလိုက်၏။

“ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အကျအဆုံး အရမ်းများနေပြီ၊ မူလက သဘောတူထားတဲ့ ငွေက သူတို့ရဲ့ မိသားစုတွေကို ထောက်ပံ့ဖို့အတွက် မလုံလောက်တော့ဘူး၊ ဒီနေ့က ၅ ရက်မြောက်နေ့ပဲ ရှိသေးတာတောင် ငါတို့ထဲက ၂၆ ယောက်က ဒီအပယ်ခံ ဂြိုဟ်ပေါ်မှာ သေသွားကြပြီ၊ သူတို့ရဲ့ သားမယားတွေ လာမေးရင် ငါတို့ ဘယ်လို ရှင်းပြရမလဲ” ခေါင်းဆောင် ရှာ မှာ စကားအနည်းငယ် ထစ်နေသဖြင့် ဆိတ်မုတ်ဆိတ်နှင့် လူက ရှေ့သို့ ထွက်ကာ အချက်ကျကျ ပြောဆိုလိုက်သည်။

ခေါင်းဆောင် ရှာ ၏ အခြားသော လက်ပါးစေများကလည်း မကျေမနပ် ဖြစ်ကာ အော်ဟစ်လိုက်ကြသည်မှာ “ဟုတ်တယ် ဒီလောက် ဖြစ်လာမယ်မှန်း သိရင် ဘယ်လောက်ပေးပေး ဒီလို အလုပ်မျိုးကို ငါတို့ လက်ခံမှာ မဟုတ်ဘူး”

“ဒါတွေ အားလုံးက မင်းကြောင့်ပဲ၊ မင်းမှာ အတွင်းသတင်း ရှိလို့ ငါတို့နောက်လိုက်ရင် ဘာမှ မဖြစ်ဘူးလို့ ပြောခဲ့တာလေ၊ အခုတော့ ကြည့်ဦး၊ ငါတို့ လူတွေ ၂၆ ယောက်တောင် မျက်စိတစ်မှိတ်အတွင်းမှာ ပျောက်ကွယ်သွားခဲ့ပြီ၊ မင်းရဲ့ အတွင်းသတင်းက ဘယ်မှာလဲ”

“ကဲ... ငါ ရှောင်ယုံ က စကားမတည်တဲ့ လူစားမျိုး မဟုတ်ပါဘူး၊ ဒီမှာရှိတဲ့ လူတွေအားလုံး ပြန့်ကားနေတဲ့မြင်းမြို့တော် က လူတွေပဲလေ၊ ငါ့အကြောင်း မသိကြဘူးလား ထားလိုက်ပါတော့... အသက်ရှင်ကျန်ရစ်တဲ့ လူတွေအားလုံးကို ကြယ်တာရာဒင်္ဂါး ၅ သိန်းစီ ထပ်တိုးပေးမယ်” ရှောင်ယုံသည် သူတို့အားလုံး စိတ်ဆိုးနေကြသည်ကို မြင်သောအခါ အလျင်အမြန် ချော့မော့လိုက်ရသည်။

အမှန်စင်စစ် ရှောင်ယုံမှာ အံကြိတ်၍ မကျေမနပ် ဖြစ်နေရသည်။ ဤ ရှာ လက်ရှစ်ချောင်း ပြောသော စည်းကမ်းများမှာ အပိုများသာ ဖြစ်သည်။ သူ၏ လူတွေ သေလေလေ ရှာ လက်ရှစ်ချောင်း အတွက် ပို၍ အမြတ်ထွက်လေလေ ဖြစ်သည်။ သေဆုံးသွားသူများအတွက်မူ အလွန်ဆုံးမှ ၈ သောင်း သို့မဟုတ် ၁ သိန်းခန့်သာ ပေးပေလိမ့်မည်။

သို့သော်လည်း ရှောင်ယုံအနေဖြင့် သူတို့၏ တောင်းဆိုချက်ကို သဘောတူရုံမှတစ်ပါး အခြားမရှိချေ။ သူ ခေါ်လာသော မိသားစုဝင် စစ်သည် လေးဦးစလုံးမှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် ဤသူများကို ဆန့်ကျင်လိုက်ပါက သူ့အတွက် ဘာမှ အကျိုးမရှိနိုင်သဖြင့် ငွေပေး၍ ငြိမ်းချမ်းရေးယူရန်သာ ဆုံးဖြတ်လိုက်သည်။

“ငါတို့ ၃၂ ယောက်လုံး အတူတူ လာခဲ့တာလေ၊ သေသွားတဲ့ ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း အသက်ရှင်တဲ့သူတွေ ရသလိုမျိုး ရသင့်တာပေါ့” ဆိတ်မုတ်ဆိတ်နှင့် လူက ကဲ့ရဲ့ပြုံးဖြင့် ပြောလိုက်သည်။

ရှောင်ယုံမှာ သူ၏ ကံကြမ္မာကို စိတ်ထဲမှ ညည်းတွားနေမိသည်။ လူ ၃၂ ယောက်အတွက် ၅ သိန်းစီဆိုလျှင် ၁၆ သန်းတောင် မဟုတ်ပါလား၊ ဤငွေဖြင့် ပျော်ပါးလျှင် မည်မျှအထိ သုံးနိုင်မည်နည်း။

ရှောင်ယုံမှာ အံကြိတ်၍ပင် သူတို့၏ တောင်းဆိုချက်ကို သဘောတူလိုက်ရသည်။ သူ၏ အသက်ရှင်သန်ရေးမှာ အရေးကြီးဆုံး မဟုတ်ပါလား။ ဤလူများထဲတွင် လူကောင်းတစ်ယောက်မျှ မရှိသဖြင့် အကယ်၍ သူတို့သာ ဒေါသထွက်လာပါက သူ့ကို ဘာလုပ်မည်ကို မည်သူမျှ မသိနိုင်ချေ။

ငွေရရှိရန် သေချာသွားသောအခါ ကြေးစားစစ်သည် ခြောက်ဦးမှာ မည်သည့် ဝေခွဲမရမှုမျှ မရှိတော့ဘဲ မြောက်ဘက်သို့ ဆက်လက် ချီတက်သွားကြသည်။

ရှဖေးသည် ခြုံပုတ်များထဲမှ ထွက်လာခဲ့သည်၊ ဤလူများသည် ရှောင်ယွီ ပြန်ပေးဆွဲခံရမှုနှင့် ပတ်သက်မှု မရှိနိုင်ကြောင်း သူ ပိုမို ခံစားလာရသည်။ ထိုသူများမှာ ထိုသို့ လုပ်ဆောင်နိုင်သည့် အရည်အချင်း မရှိကြချေ။ ရှောင်ယွီ၏ စွမ်းအားမှာ 'ခရမ်းရောင် ကျောက်မျက် အစောင့်အရှောက်' ဖြစ်နေသဖြင့် မည်သူမျှ သူမကို အလွယ်တကူ ဖမ်းဆီးနိုင်မည် မဟုတ်ချေ။

‘အတွင်းသတင်းလား ဒါက ဘယ်လို သတင်းမျိုးပါလိမ့်’

ရှဖေးသည် ထိုအကြောင်းကို တွေးတောရင်း လူမသိအောင် ထိုသူများနောက်သို့ လိုက်လာခဲ့သည်။ သူသည် ရှောင်ယွီ ပျောက်ဆုံးမှုနှင့် ပတ်သက်သော မည်သည့် သဲလွန်စကိုမျှ လက်လွှတ်ခံမည် မဟုတ်ချေ။

ညဉ့်နက်သောအခါ ရှောင်ယုံနှင့် ကြေးစားစစ်သည် ခြောက်ဦးတို့သည် အနားယူရန် မြောင်းတစ်ခုကို ရှာတွေ့ခဲ့ကြသည်၊ ရှဖေးမှာမူ မလှမ်းမကမ်းတွင် ပုန်းအောင်းလျက် သူတို့ကို တိတ်တဆိတ် စောင့်ကြည့်နေသည်။

ထိုမြောင်းမှာ စတုရန်းမီတာ ၁,၀၀၀ ခန့် ကျယ်ဝန်းပြီး တစ်မီတာခန့်ပင် မနက်လှချေ။ ထိုနေရာတွင် ဇီးပင် အချို့မှာ ကောက်ကောက်ကွေးကွေး ပေါက်နေပြီး အလယ်တွင် ရွှံ့ရေအိုင်လေး တစ်ခု ရှိနေသည်။

ခေါင်းဆောင် ရှာ သည် ဇီးပင်တစ်ပင်၏ အောက်တွင် ထိုင်လိုက်ပြီး ကျန်ရှိသော သူ၏ လူလေးဦးအား ကင်းလှည့်ရန် တာဝန်ပေးကာ သူ၊ ရှောင်ယုံနှင့် ဆိတ်မုတ်ဆိတ်တို့မှာမူ ထိုနေရာ၌ပင် နေရစ်ခဲ့ကြသည်။

ခေါင်းဆောင် ရှာ သည် သူ၏ တိုက်ခိုက်ရေး ဖိနပ်များကို ချွတ်လိုက်ရာ ထွက်ပေါ်လာသော အနံ့ဆိုးကြောင့် ချမ်းသာစွာ နေထိုင်လာခဲ့သော ရှောင်ယုံမှာ မျက်မှောင်ကြုတ်သွားခဲ့ရသည်။

“ဒီနေ့တော့ ဒီလောက်ပါပဲ၊ မနက်ဖြန် မိုးလင်းရင် မြောက်ဘက်ကို ဆက်သွားမယ်” ဟု ဆိုကာ ခေါင်းဆောင် ရှာ သည် ဘာမှ ထပ်မပြောတော့ဘဲ လှဲအိပ်လိုက်ရာ မကြာမီမှာပင် မိုးခြိမ်းသံကဲ့သို့ ဟောက်သံကြီး ထွက်ပေါ်လာခဲ့သည်။

ရှောင်ယုံမှာ စိုးရိမ်နေသော်လည်း ပြန်မပြောရဲပေ။ သူသည် အလုပ်ရှင် ဖြစ်သော်လည်း အမှန်တကယ် ဆုံးဖြတ်ချက် ချနေသူမှာ သူ မဟုတ်ချေ။

ရှောင်ယုံသည် အားကိုးရာမဲ့စွာ သက်ပြင်းချလိုက်ပြီး သူ၏ ဟင်းလင်းပြင်လက်စွပ်ထဲမှ ရေသန့်တစ်ပုလင်း ထုတ်ကာ မျက်နှာသစ်လိုက်ပြီးနောက် စောင်တစ်ထည်ကို ခြုံ၍ အိပ်စက်လိုက်လေသည်။

ဤလူများသည် အရှေ့ဘက် တောင်ခြေမှ အသက်ရှင်လျက် ထွက်လာနိုင်သူများ ဖြစ်ကြသဖြင့် အရည်အချင်း အတော်အတန် ရှိကြမည်မှာ အမှန်ပင် ဖြစ်၏။ ရှဖေးသည် လောလောလောလောဖြင့် မတိုက်ခိုက်သေးဘဲ သူတို့အားလုံး အိပ်ပျော်သွားမည့် အချိန်အထိ စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။

အချိန်များ ကုန်ဆုံးသွားပြီးနောက် မနက်အစောပိုင်း ၃ နာရီခန့်သို့ ရောက်ရှိလာခဲ့သည်။ ဤအချိန်သည် လူများ နှစ်ခြိုက်စွာ အိပ်ပျော်နေချိန် ဖြစ်သဖြင့် တိုက်ခိုက်ရန် အကောင်းဆုံး အချိန်ပင် ဖြစ်ချေသည်။

ဤလွင်ပြင်တွင် ပုန်းကွယ်စရာ အရာ မရှိသဖြင့် ရှဖေးအနေဖြင့် ရန်သူများကို အလျင်အမြန်နှင့် ထိရောက်စွာ သုတ်သင်ရန် လိုအပ်သည်။ သို့မဟုတ်ပါက တစ်စုံတစ်ဦး နိုးသွားပါက ရှဖေးမှာ ချက်ချင်း အသိခံရမည် ဖြစ်သည်။

ရှဖေးသည် ကိုယ်ကို ကိုင်းကာ ခြေသံလုံလုံဖြင့် တဖြည်းဖြည်း ချဉ်းကပ်သွားသည်။ ဤအချိန်တွင် အရှိန်ထက် အလုပ်တွင်ကျယ်မှုက ပို၍ အရေးကြီးလှသည်။

သူသည် ပထမဆုံး ကြေးစားစစ်သည်၏ နောက်ကျောဘက်သို့ အလျင်အမြန် ရောက်ရှိသွားသည်။ ထိုသူမှာ မြေပုံကို အမှီပြုကာ သူ၏ လက်နက်ကို ပိုက်လျက် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။

ရှဖေးသည် လက်တစ်ဖက်ဖြင့် ထိုသူ၏ ပါးစပ်ကို နောက်မှ လှမ်းပိတ်လိုက်ပြီးနောက် အပြာရောင် အလင်းတန်းတစ်ခု ပွင့်ထွက်သွားခဲ့သည်။ ထိုကြေးစားစစ်သည်၏ လည်ပင်းတွင် မထင်မရှား ဒဏ်ရာတစ်ခု ပေါ်လာခဲ့ပြီး လေပြွန်နှင့် သွေးကြောမကြီးများမှာ တစ်ခါတည်း ပြတ်တောက်သွားခဲ့ရသည်။

ထိုစစ်သည်မှာ ရှဖေး၏ လက်ထဲတွင် ခေတ္တမျှ တွန့်လိမ်သွားပြီးနောက် ငြိမ်သက်သွားခဲ့သည်။

အလောင်းကို ချထားခဲ့ပြီးနောက် ရှဖေးသည် ဒုတိယမြောက် စစ်သည်ရှိရာသို့ တည်ငြိမ်သော ခြေလှမ်းများဖြင့် ဆက်လက် သွားရောက်လိုက်ပြန်သည်။

ရှဖေး၏ လုပ်ကြံသတ်ဖြတ်မှု အတတ်ပညာမှာ အလွန်ပင် ပါးနပ်လှသည်။ သူ၏ ဓားဖျားမှာ ထိုသူ၏ လည်ပင်းကို အရှိန်ပြင်းပြင်းဖြင့် ဖြတ်သန်းသွားခဲ့ရာ ထိုသူကို တိကျစွာ သတ်နိုင်ရုံတင်မကဘဲ မည်သည့် အသံမျှ ထွက်မလာအောင်လည်း ဆောင်ရွက်နိုင်ခဲ့သည်။

လည်ပင်းတွင် သွေးကြောများ များပြားလှသဖြင့် အမှားအယွင်း တစ်ခုခု ရှိပါက သွေးများမှာ ပန်းထွက်လာမည်ဖြစ်ပြီး အသံထွက်ပေါ်ခြင်းကို ရှောင်လွှဲရန် ခက်ခဲပေလိမ့်မည်။

သို့သော်လည်း ရှဖေးသည် လျင်မြန်ပြီး ကျွမ်းကျင်လှသဖြင့် သူ ဖြတ်လိုက်သော သွေးကြောများမှ သွေးများမှာ ပန်းထွက်မလာဘဲ ဓားသွားတစ်လျှောက် တဖြည်းဖြည်းချင်းသာ စိမ့်ထွက်လာခဲ့သဖြင့် မည်သည့် သဲလွန်စမျှ မကျန်ဘဲ သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဖန်တန်သည် ချီးကျူးဂုဏ်ပြုသော မျက်နှာပေးဖြင့် ခေါင်းညိတ်နေသည်။ သူသည် တစ်ခါက အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦးကို လုပ်ကြံခဲ့ဖူးသော်လည်း လုပ်ကြံသတ်ဖြတ်မှု ပါရမီတွင်မူ ရှဖေးကို မမီနိုင်ချေ။

လအနည်းငယ်အတွင်းမှာပင် ရှဖေးသည် ဖန်တန် သင်ကြားပေးခဲ့သော အဓိက နည်းစနစ် နှစ်ခုဖြစ်သည့် ကောက်ကျစ်သော ထိုးနှက်ချက် နှင့် အသက်ရှူထိန်းချုပ်ခြင်း တို့ကို အလွန် ကျွမ်းကျင်စွာ အသုံးပြုနိုင်ခဲ့ပေပြီ။ ဤမျှ မြန်သော တိုးတက်မှုနှုန်းမှာ အမှန်စင်စစ် မရှိသလောက် ရှားပါးလှသည်။

လုပ်ကြံသတ်ဖြတ်မှု အတတ်ပညာမှာ ကြည့်ရသည်မှာ မရှုပ်ထွေးလှဘဲ ရိုးရှင်းသော လှုပ်ရှားမှုများဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သို့သော်လည်း ထိုရိုးရှင်းသော လှုပ်ရှားမှုများမှာ သေစေနိုင်ရန်အတွက် အသုံးပြုသူ၏ ကျွမ်းကျင်မှုကို အမြင့်ဆုံး တောင်းဆိုနေခြင်းပင် ဖြစ်၏။

ကျွမ်းကျင်မှုအပြင် လုပ်ကြံသတ်ဖြတ်သူ တစ်ဦးအနေဖြင့် မှန်ကန်သော စိတ်ဓာတ်လည်း လိုအပ်သည်။ တစ်ညတည်းတွင် လူတစ်ထောင်ကို သတ်ရသည့်တိုင်အောင် စိတ်မလှုပ်ရှားဘဲ တည်ငြိမ်စွာ နေနိုင်သူမှသာ ထူးချွန်သော လုပ်ကြံသတ်ဖြတ်သူ တစ်ဦး ဖြစ်လာနိုင်မည် ဖြစ်သည်။

ရှဖေး လေယာဉ်ပေါ်တွင် ပထမဆုံးအကြိမ် လူသတ်ခဲ့စဉ်ကပင် သူသည် ထိတ်လန့်နေသော်လည်း သူ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ကာ သူ၏ အဆုံးအဖြတ်နှင့် လှုပ်ရှားမှုများကို မထိခိုက်အောင် လုပ်ဆောင်နိုင်သည်ကို ဖန်တန် သတိပြုမိခဲ့သည်။

ယနေ့တွင် ရှောင်ယွီ ပျောက်ဆုံးသွားခဲ့သော်လည်း ရှဖေးသည် ခေတ္တမျှအတွင်းမှာပင် သူ၏ စိတ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ဤလူများနောက်သို့ စိတ်ရှည်စွာ လိုက်လံကာ အကောင်းဆုံး အခွင့်အရေးကို စောင့်ဆိုင်းနိုင်ခြင်းမှာ သာမန်လူတစ်ဦး မလုပ်ဆောင်နိုင်သော အရာပင် ဖြစ်သည်။

ကြေးစားစစ်သည် လေးဦးမှာ ရှဖေး၏ 'အလင်းလိုက်တန်းတန်း' အောက်တွင် အလျင်အမြန်ပင် သေဆုံးသွားခဲ့ရပြီး ရှဖေးသည် အသံမထွက်စေဘဲ မြောင်းထဲသို့ ပေါ့ပါးစွာ ခုန်ဆင်းလိုက်သည်။

ရှဖေးသည် အလျင်မလိုဘဲ တည်ငြိမ်သော ခြေလှမ်းများဖြင့် ဆက်လက် သွားရောက်လိုက်သည်။

ပထမဦးစွာ သူသည် ရှာ လက်ရှစ်ချောင်း ရှိရာသို့ ချဉ်းကပ်လိုက်သည်။ ဤလူများ၏ ခေါင်းဆောင် ဖြစ်သည့်အတိုင်း သူသည် အခြားသူများထက် တစ်စုံတစ်ရာသော နေရာတွင် သာလွန်ရပေမည်။ သူ၏ စကားပြောပုံနှင့် လုပ်ဆောင်ချက်များကို ကြည့်ခြင်းအားဖြင့် ရှာ လက်ရှစ်ချောင်း မှာ အခြားသူများထက် ပိုမို ပါးနပ်သည်မဟုတ်ဘဲ ပိုမို အင်အားကြီးမားသူ ဖြစ်ရပေမည်။

အင်အားကြီးသော ရန်သူကို အရင်ဆုံး သုတ်သင်ရမည် မဟုတ်ပါလား။

ရှဖေးသည် သူ မှီအိပ်နေသော ဇီးပင်ဆီသို့ ရောက်ရှိသွားပြီး သူ၏ ဘယ်ဘက်လက်ကို ဆန့်ထုတ်ကာ ထိုသူ၏ ပါးစပ်ကို ပိတ်ရန် ပြင်ဆင်လိုက်သည်။

ရုတ်တရက် ရှာလက်ရှစ်ချောင်း သည် အိပ်မက်ယောင်သကဲ့သို့ တတွတ်တွတ် ရေရွတ်ရင်း ကိုယ်ကို တစ်ဖက်သို့ လှည့်လိုက်သော်လည်း သူ၏ မိုးခြိမ်းသံကဲ့သို့ ဟောက်သံမှာမူ ဆက်လက် ထွက်ပေါ်နေဆဲပင် ဖြစ်၏။

ရှဖေး၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသော်လည်း သူ၏ လက်မောင်းမှာမူ လေထဲတွင် မလှုပ်မယှက် ရှိနေသည်။

ခေတ္တအကြာတွင် ရှဖေးသည် သူ၏ လက်မောင်းဖြင့် ရှာ လက်ရှစ်ချောင်း ၏ ပါးစပ်ကို အသာအယာ ပိတ်လိုက်သည်၊ သူ၏ လှုပ်ရှားမှုမှာ နှေးကွေးသော်လည်း တိကျလှသည်။

ရွှပ်

ရှဖေး၏ ဘယ်ဘက်လက်က ရှာ လက်ရှစ်ချောင်း ၏ ဦးခေါင်းကို တင်းတင်းဆုပ်ကိုင်ထားစဉ်မှာပင် သူ၏ ညာဘက်လက်ကို အစွမ်းကုန် အသုံးပြုလိုက်သည်။ 'အလင်းလိုက်တန်းတန်း' မှာ လှပလှသော အပြာရောင် အလင်းတန်းတစ်ခုအဖြစ် ထိုသူ၏ လည်ပင်းဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေသည်။ ဤလုပ်ဆောင်ချက် တစ်ခုလုံးမှာ တစ်ဆက်တည်း ဖြစ်ပြီး တစ်စက္ကန့်မျှပင် တွေဝေခြင်း မရှိခဲ့ချေ။ပေ။

အခန်း ၅၁။ ။ တိုက်ပွဲအရူးအမူး

ရှောင်ယုံသည် အေးစိမ့်သောလေကြောင့် မျက်လုံးများကို ပွတ်သပ်ကာ အိပ်မက်မှ နိုးလာခဲ့သည်။ မှိန်ပျပျ လရောင်ကို အားကိုး၍ ကြည့်လိုက်သောအခါ သူသည် ထိတ်လန့်တုန်လှုပ်သွားရချေသည်

သူ ခြုံထားသော ဈေးကြီးလှသည့် မြေခွေးဖြူသားမွေးစောင်မှာ လတ်ဆတ်သော သွေးများဖြင့် ရွှဲနစ်နေပြီး သွေးကန်ထဲမှ ဆွဲထုတ်လာသကဲ့သို့ လေးလံထိုင်းမှိုင်းနေသည်။

သူ၏ဘေးတွင် ရှာ လက်ရှစ်ချောင်း နှင့် ဆိတ်မုတ်ဆိတ်တို့၏ အလောင်းများ ရှိနေပြီး သူတို့၏ သေဆုံးနေသော မျက်လုံးလေးလုံးမှာ သူ့ကို စိုက်ကြည့်နေကြသည်။ ရှောင်ယုံမှာ ကြောက်လန့်တကြားဖြစ်ကာ ထိုသွေးစက်များမှာ သူတို့ဆီမှလား သို့မဟုတ် သူကိုယ်တိုင်ဆီမှလား သိနိုင်ရန် စောင်ကို အမြန်ဖယ်၍ စစ်ဆေးကြည့်လိုက်သည်။

ထိုအချိန်မှာပင် သူ၏နောက်ကွယ်မှ အပြာရောင် ဓားမြှောင်တိုကလေး တစ်လက် ပေါ်ထွက်လာပြီး သူ၏လည်ပင်းသို့ တင်းတင်းကျပ်ကျပ် ထိကပ်လိုက်သည်။ ထိုဓား၏ ထက်မြက်သောအရှိန်ကြောင့် သူသည် ကြောက်စိတ်ဖြင့် တုန်ရင်သွားခဲ့ရသည်။

“မလှုပ်နဲ့” ဟု ရှဖေးက အေးစက်စွာ ပြောလိုက်၏။ “အကယ်၍ မင်းက အကူအညီတောင်းပြီး အော်မယ်ဆိုရင်တော့ မင်းလည်း သူတို့လိုပဲ ဖြစ်သွားလိမ့်မယ်”

ရှောင်ယုံမှာ သူ၏ထိတ်လန့်နေသော အမူအရာကို အတင်းအကျပ် ထိန်းချုပ်လိုက်ရသော်လည်း သူ၏ရင်ခုန်သံမှာ ရင်ဘတ်ထဲမှ ခုန်ထွက်မတတ် မြန်ဆန်နေသည်။

“ကျွန်တော့်ကို မသတ်ပါနဲ့ မသတ်ပါနဲ့ ကျွန်တော့်မှာ ပိုက်ဆံတွေရှိတယ် ကျွန်တော့်အသက်ကို ချမ်းသာပေးမယ်ဆိုရင် ရှိသမျှ ပိုက်ဆံတွေ အကုန်ပေးပါ့မယ်” ရှောင်ယုံက တုန်တုန်ရီရီဖြင့် ပြောလိုက်သည်။ သူ၏နဖူးမှ ချွေးအေးများမှာလည်း တစိမ့်စိမ့် ထွက်ပေါ်နေသည်။

ရှောင်ယုံသည် သူ၏လက်တွင် ဝတ်ထားသော ဟင်းလင်းပြင်လက်စွပ်ကို အလျင်အမြန် ချွတ်ကာ နောက်သို့ လှမ်းပေးလိုက်သည်။ သူပေးလိုက်သော လက်စွပ်မှာ လက်ရာ အလွန်ပင် သပ်ရပ်လှသည်။ ၎င်းပေါ်တွင် ကြည်လင်သော မြစိမ်းရောင် ဟင်းလင်းပြင် ကျောက်တုံးတစ်တုံးကို တပ်ဆင်ထားသည်။ ရှဖေးမှာ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤလက်စွပ်မှာ သူရထားသော အရာများထက် အဆင့်ပိုမြင့်ကြောင်း သိလိုက်သည်။

ရှဖေးသည် လက်စွပ်ကို ယူလိုက်သော်လည်း "အလင်းလိုက်တန်းတန်း" ကိုမူ ရှောင်ယုံ၏ လည်ပင်းတွင် ဆက်လက် ထိကပ်ထားဆဲ ဖြစ်သည်။ ရှောင်ယုံအနေဖြင့် မလိုအပ်ဘဲ မလှုပ်ရှားရဲအောင် သတိပေးထားခြင်းပင် ဖြစ်၏။

ရှောင်ယုံမှာ စိတ်ထဲတွင် တိတ်တဆိတ် ငိုကြွေးနေမိသည်၊ သူ၏ ရက်စက်လှသော အစ်ကိုဝမ်းကွဲ ရှောင်ဟိုင်လီ ကိုလည်း စိတ်ထဲမှ ကျိန်ဆဲနေသည်။ သူ၏ အစ်ကိုမှာ သူ့ကို မြောက်ဘက်သို့ လွှတ်လိုက်သဖြင့် အခုဆိုလျှင် အမှတ်အသားကိုလည်း မရသည့်အပြင် အသက်ပါ ဆုံးရှုံးရမည့် အခြေအနေသို့ ရောက်နေရသည် မဟုတ်ပါလား။

“ကျွန်တော် ပိုင်ဆိုင်တာတွေ အကုန်ပေးပြီးပြီဆိုတော့... ကျွန်တော့်ကို...” ရှောင်ယုံက တုန်ရီနေသော အသံဖြင့် တောင်းပန်တိုးလျှိုးလိုက်သည်။

“အခု ငါ မေးတာကို ဖြေဖို့ အလှည့် ရောက်ပြီ၊ အကယ်၍ မင်းက အမှန်အတိုင်း မပြောဘူးဆိုရင်တော့ မင်း မကြိုက်တဲ့ နေရာတစ်ခုဆီကို ငါ ပို့ပေးလိုက်မယ်၊ နားလည်လား” ရှဖေးက လေးနက်စွာ ပြောလိုက်သည်။

သေချာသည်မှာ ရှောင်ယုံမှာ မငြင်းရဲဘဲ အခါခါ ခေါင်းညိတ်ပြနေသည်။

“ငါ မင်းကို မေးမယ်၊ ရှောင်ယွီ ဘယ်မှာလဲ သူမကို မင်းရဲ့ လူတွေက ပြန်ပေးဆွဲသွားတာလား” ရှဖေးက အံကြိတ်ကာ မေးလိုက်သည်။

“ရှောင်ယွီ ဆိုတာ ဘယ်သူလဲ အား... ကျွန်တော် တကယ်ပဲ အပြစ်မရှိပါဘူး၊ ရှောင်ယွီ ဆိုတဲ့လူကို ကျွန်တော် လုံးဝ မသိပါဘူး” ရှောင်ယုံက သနားစဖွယ် ပြောဆိုလိုက်သည်။

ရှဖေးမှာ ရင်ထဲတွင် အေးစိမ့်သွားခဲ့ရသည်။ ရှောင်ယုံ၏ စကားနှင့် အမူအရာများကို ကြည့်ခြင်းအားဖြင့် သူသည် အမှန်အတိုင်း ပြောနေခြင်း ဖြစ်ကြောင်းနှင့် ဤလူများသည် ရှောင်ယွီ ပျောက်ဆုံးမှုနှင့် မသက်ဆိုင်ကြောင်း ရှဖေး အတည်ပြုနိုင်ခဲ့သည်။ သို့သော်လည်း ဒါဟာ သူရထားသော တစ်ခုတည်းသော သဲလွန်စ မဟုတ်ပါလား

“ဒါဆိုရင် ငါ ထပ်မေးမယ်၊ မင်းကို ဒီမြောက်ဘက်ကို ဘယ်သူ လွှတ်လိုက်တာလဲ” ရှဖေး သက်ပြင်းချလိုက်ပြီး ဆက်လက်၍ မေးလိုက်ပြန်သည်။

ရှောင်ယုံမှာ ထိတ်ခနဲ ဖြစ်သွားပြီး “ဘယ်သူမှ မလွှတ်ပါဘူး တကယ်ပါ အရှေ့ဘက်မှာ လူအကျအဆုံး များလွန်းလို့ ကံစမ်းဖို့အတွက် မြောက်ဘက်ကို ထွက်လာခဲ့ကြတာပါ” ဟု ပြောလိုက်သည်။

ရှောင်ယုံသည် ရှောင်ဟိုင်လီ နှင့် ပတ်သက်သည်ကို မပြောရဲပေ၊ အဘယ်ကြောင့်ဆိုသော် ဤကိစ္စက သူ၏ အနာဂတ်အပေါ် သက်ရောက်နိုင်သောကြောင့် ဖြစ်၏။ အကယ်၍ သူနှင့် လျှောက်ထားသူတစ်ဦး ပူးပေါင်းနေသည်ဟူသော သတင်း ပျံ့သွားပါက ရှောင်ဟိုင်လီ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ကြိုးစားခဲ့သမျှ အရာအားလုံးမှာ သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။ ထိုအခါ ရှောင်ဟိုင်လီ သာမက မိသားစုအတွင်းရှိ လူများကလည်း ရှောင်ယုံကို လွှတ်ထားမည် မဟုတ်ချေ။ အမှန်စင်စစ် ရှောင်ဟိုင်လီ မှာ မိသားစု၏ လူငယ်မျိုးဆက်သစ်များထဲတွင် အထူးချွန်ဆုံး ပါရမီရှင် ဖြစ်ပြီး မိသားစု၏ မျှော်လင့်ချက် ရောင်ခြည်လည်း ဖြစ်သည်။

ရှဖေးက အေးစက်စွာ ရယ်မောလိုက်ရင်း "အလင်းလိုက်တန်းတန်း" ကို လက်မဝက်ခန့် ထပ်မံ ဖိနှိပ်လိုက်ရာ ဓားသွားမှာ ရှောင်ယုံ၏ အရေပြားထဲသို့ တိုးဝင်သွားခဲ့သည်။ ရှဖေးအနေဖြင့် အားအနည်းငယ် ထပ်စိုက်လိုက်ရုံဖြင့် ရှောင်ယုံ၏ သွေးကြောမကြီးများမှာ ပြတ်တောက်သွားမည် ဖြစ်ပြီး ကောင်းကင်ဘုံပင် ဖြစ်ပါစေ ထိုသူကို မကယ်နိုင်တော့ချေ။

ရှောင်ယုံမှာ သူ၏ လည်ပင်းတွင် ပူခနဲ ခံစားလိုက်ရပြီး နွေးထွေးသော အရည်များ စီးကျလာကာ သူ၏ အတွင်းအင်္ကျီထဲသို့ စိမ့်ဝင်သွားသည်ကို သိလိုက်ရသည်။

ရှောင်ယုံမှာ အလွန်အမင်း ထိတ်လန့်သွားခဲ့ရသည်။ သူသည် သူ၏ ကြောက်ရွံ့မှုကို အစွမ်းကုန် ထိန်းချုပ်ကာ မလှုပ်မယှက် ထိုင်နေရသည်၊ အနည်းငယ်မျှ လှုပ်ရှားလိုက်ရုံဖြင့် ထိုထက်မြက်သော ဓားသွားမှာ သူ၏ လည်ချောင်းကို ပိုင်းဖြတ်သွားမည် ဖြစ်သောကြောင့် ဖြစ်၏။

ရှဖေးသည် ဓားကို အနည်းငယ် ဖယ်ပေးလိုက်ပြီး ရှောင်ယုံ စကားပြောရန် နေရာပေးလိုက်သည်။

“ငါ မင်းကို နောက်ဆုံးတစ်ခါ ထပ်မေးမယ်၊ အဲဒီလူက ဘယ်သူလဲ” ရှဖေးက တည်ငြိမ်လှသော မျက်နှာပေးဖြင့် မေးလိုက်၏။

ဤအချိန်တွင် ရှောင်ယုံမှာ ရှောင်ဟိုင်လီ အကြောင်းကို ဂရုမစိုက်နိုင်တော့ချေ။ သူ၏ အသက်မှာ တစ်ဖက်လူ၏ လက်ထဲသို့ ရောက်နေသဖြင့် သူသည် သူ၏ မိခင်ကိုပင် သစ္စာဖောက်ရန် ဝန်မလေးတော့ချေ၊ ဝမ်းကွဲအစ်ကိုလောက်ကိုမူ ပြောနေစရာပင် မလိုတော့ပေ။

သူ အဖြေပေးရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ရှဖေးသည် သူ၏ နောက်ကွယ်မှ အရိုးထဲအထိ စိမ့်သွားစေမည့် အေးစိမ့်လှသော လူသတ်ငွေ့ တစ်ခုကို ခံစားလိုက်ရသည်

“တစ်ယောက်ယောက် ရောက်လာပြီ” ရှဖေး၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး သူ၏ ခြေထောက်နှစ်ဖက်ကို အားပြုကာ အရှေ့သို့ တစ်ဟုန်ထိုး ပြေးထွက်လိုက်သည်၊ တစ်ချိန်တည်းမှာပင် သူသည် တွေဝေမနေဘဲ "အလင်းလိုက်တန်းတန်း" ဖြင့် ရှောင်ယုံ၏ လည်ပင်းကို ပိုင်းဖြတ်သွားခဲ့လေသည်။

အခြေအနေ ပြောင်းလဲသွားပြီ ဖြစ်သဖြင့် သူ တွေဝေနေရန် အချိန်မရှိတော့ပေ။ အရင် သတ်ပြီးမှ စဉ်းစားခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်

မိနစ်အနည်းငယ် ကြာပြီးနောက်တွင် ရှဖေးသည် မူလနေရာမှ ၂ ကီလိုမီတာခန့် ဝေးသော နေရာတစ်ခုတွင် ပုန်းအောင်းနေခဲ့ပေပြီ။ သူသည် မြေပြင်ပေါ်တွင် ဝပ်လျက် ထိုနေရာသို့ စိုက်ကြည့်နေပြီး သူ၏ မျက်လုံးများထဲတွင်မူ မကျေနပ်မှုများ ပြည့်နှက်နေသည်>

‘စက္ကန့်အနည်းငယ်လောက်သာ ထပ်ရမယ်ဆိုရင် အဲဒီလူက ဘယ်သူလဲဆိုတာ ငါ သိရတော့မှာ၊ အခုမှ ဘယ်သူက လာနှောင့်ယှက်တာပါလိမ့်’

မကြာမီမှာပင် ဗလတောင့်တောင့်နှင့် ပုံရိပ်တစ်ခုမှာ မြောင်းထဲသို့ ခုန်ဆင်းလာခဲ့သည်။ ထိုသူမှာ အလောင်း သုံးလောင်းထံသို့ ချဉ်းကပ်သွားပြီး သူတို့၏ ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်သည်။

ထိုသူမှာ အရပ် ၆ ပေ ၂ လက်မခန့် မြင့်မားပြီး ဘောင်းဘီတို တစ်ထည်သာ ဝတ်ဆင်ကာ ရင်ဘတ်ဗလာဖြင့် ရှိနေသည်။ သူ၏ ညိုမည်းသော ကြွက်သားများမှာ လရောင်အောက်တွင် အထင်အရှား ပေါ်လွင်နေပြီး ကြွက်သားတစ်ခုချင်းစီမှာလည်း သေချာ လေ့ကျင့်ထားသော ကာယဗလရှင် တစ်ဦးကဲ့သို့ ပြတ်သားလှသည်။

ထိုအမျိုးသားသည် သူ၏ လည်ပင်းတွင် အနက်ရောင် ပုလဲလုံး ၃၆ လုံးဖြင့် ပြုလုပ်ထားသော လည်ဆွဲကြီး တစ်ခုကို ဝတ်ဆင်ထားပြီး သူ လမ်းလျှောက်လိုက်တိုင်း ထိုပုလဲများမှာ တောက်ပနေသည်။

သူ၏ ဆံပင်အနက်ရောင် ရှည်ရှည်များကို မြင်းမြီးပုံစံ စည်းထားပြီး လေးထောင့်ကျကျ မျက်နှာနှင့် ခန့်ညားသော မေးရိုးကို ပိုင်ဆိုင်ထားကာ သူ၏ မျက်လုံးများထဲတွင်လည်း ပြတ်သားသော အမူအရာများ ရှိနေသည်။

အလောင်းများပေါ်ရှိ ဒဏ်ရာများကို စစ်ဆေးပြီးနောက် ထိုသူက အံ့အားသင့်စွာဖြင့် “ဟိုး... ဘယ်လိုတောင် လှပတဲ့ ဓားချက်တွေလဲ” ဟု အော်ပြောလိုက်သည်။

ထိုဗလတောင့်တောင့်နှင့် အမျိုးသားမှာ ရှဖေး ပုန်းအောင်းနေသည့် ဘက်သို့ လှည့်ကာ သူ၏ ရင်ဘတ်ကို ပုတ်လျက် “ငါ့နာမည်က ချန်သုန်း ပါ ငါက နှင်းခဲအင်ပါယာ က လာတာ၊ မင်းရဲ့ ဓားချက်တွေက တော်တော် ကောင်းတာပဲ၊ မင်းမှာ ငါနဲ့ တိုက်ခိုက်ဖို့ သတ္တိ ရှိလား အကယ်၍ မင်း နိုင်မယ်ဆိုရင်တော့ ဒီပစ္စည်းတွေ အားလုံးက မင်းအပိုင်ပဲ” ဟု ဆိုလေသည်။

ထိုသူ၏ အော်သံမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသဖြင့် ကီလိုမီတာ အတော်ကြာသည့် အထိ ကြားနိုင်သည်၊ သူ၏ အသံထဲတွင်လည်း ယုံကြည်မှုနှင့် ရန်စလိုသော အမူအရာများ ပြည့်နှက်နေသည်။

၎င်းမှာ ရှဖေးအား မျှမျှတတ စိန်ခေါ်နေခြင်း ဖြစ်ပုံရပြီး သူ၏ စကားလုံးများမှာ အနည်းငယ် မာနကြီးသော်လည်း နားမခံသာစရာတော့ မရှိလှချေ။ ရှဖေးမှာမူ မြေပြင်ပေါ်တွင် ဝပ်လျက် မလှုပ်မယှက်ဘဲ ထိုသူကို ဆက်လက် အကဲခတ်နေသည်။

ချန်သုန်း က သူ၏ အဝတ်ထုပ်လေးကို ဖြည်လိုက်ပြီး အတွင်းမှ ပစ္စည်းများကို မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း သွန်ချလိုက်သည်ကို မြင်တွေ့လိုက်ရသည်။ ထိုအရာများထဲတွင် ဒုတိယအဆင့် တက်ရန် လိုအပ်သော အနီရောင် အမှတ်အသား တစ်ဒါဇင်ကျော်ပင် ပါဝင်နေသည် ကျန်ရှိသော အရာများမှာမူ ဟင်းလင်းပြင်လက်စွပ်များ ဖြစ်ကြပြီး အရေအတွက်မှာ တစ်ရာထက် မနည်းချေ

‘ဒါတွေ အားလုံးက သူ စုဆောင်းထားတဲ့ တိုက်ပွဲရလဒ်တွေများလား’ ရှဖေးက သူ့ဘာသာ တွေးလိုက်မိသည်။

အံ့ဩစရာပင်

အလွန်အမင်း အံ့ဩစရာ ကောင်းလှသည်

ချန်သုန်း သည် လျှောက်ထားသူ တစ်သိန်းကျော်၏ တိုက်ပွဲမှ လွတ်မြောက်လာခဲ့ရုံတင်မကဘဲ သူ လာရာလမ်းတစ်လျှောက်တွင် သူ သတ်ခဲ့သော လျှောက်ထားသူများထံမှ ပစ္စည်းများကိုပါ သိမ်းဆည်းလာခဲ့ခြင်း ဖြစ်သည်။ သူ့လက်ချက်ဖြင့် လူမည်မျှ အသက်ဆုံးရှုံးခဲ့ရသည်ကို မည်သူမျှ မသိနိုပေ။

“ဒီလူက တကယ် စိတ်ဝင်စားဖို့ ကောင်းတာပဲ၊ သူက ဒီစစ်ဆေးမှုကို လေ့ကျင့်ရေးကွင်းတစ်ခုလို သဘောထားနေတာ၊ သူ ဂရုစိုက်တာက တရားစီရင်ရေးသမား ဖြစ်ဖို့ မဟုတ်ဘဲ တိုက်ခိုက်ရတာကိုပဲ သဘောကျနေတာပဲ” ဖန်တန်က ခေါင်းခါရင်း ချီးကျူးလိုက်သည်၊

“သူက ရူးမနေဘူးဆိုရင်တော့ တိုက်ပွဲအရူးအမူး တစ်ယောက်ပဲ ဖြစ်ရမယ်”

ရှဖေးက ခေါင်းညိတ်ပြလိုက်သည်၊ သူသည်လည်း ဖန်တန်၏ အဆုံးအဖြတ်ကို သဘောတူသည်။ ဤလူသည် ရှဖေးအား လူသိရှင်ကြား စိန်ခေါ်နေသည် ဆိုစေကာမူ ရှဖေးအနေဖြင့် ထိုသူ့အပေါ် မုန်းတီးစိတ် မရှိဘဲ သူ၏ ရဲရင့်မှုကိုပင် ချီးကျူးမိနေသည်။

ထိုအချိန်တွင် ချန်သုန်း ၏ ခန္ဓာကိုယ်ပတ်လည်၌ နှင်းခဲချပ်ဝတ် တစ်ခုမှာ ရုတ်တရက် ဖြစ်ပေါ်လာပြီး သူ၏ ခြေဆုံးခေါင်းဆုံးမှာ ဖြူဖွေးသော နှင်းခဲများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ထိုတောက်ပသော အဖြူရောင် ချပ်ဝတ်မှာ ကြယ်ရောင်အောက်တွင် အလွန်ပင် ခန့်ညားလှသည်။

“သဘာဝ စွမ်းအားရှင် တစ်ယောက်ပဲ” ဖန်တန်က သူ၏ မျက်လုံးများ တောက်ပလျက် အော်ပြောလိုက်သည်။

“သဘာဝ စွမ်းအား ဟုတ်လား” ရှဖေးက ဇဝေဇဝါဖြင့် မေးလိုက်၏။ ချန်သုန်း ၏ ကိုယ်ပေါ်တွင် နှင်းခဲချပ်ဝတ် ဖြစ်ပေါ်လာပုံမှာ အလွန်ပင် ထူးဆန်းလှသဖြင့် ၎င်းကို မည်သို့ လုပ်ဆောင်လိုက်သည်ကို သူ မသိရှိချေ။

“မှန်တယ်” ဖန်တန်က စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။

“သဘာဝ စွမ်းအားရှင်တွေက သဘာဝရဲ့ ဆန်းကြယ်တဲ့ အင်အားတွေကို ပိုင်ဆိုင်ထားကြတာ၊ သူ့ရဲ့ စွမ်းအားက 'အေးခဲခြင်း' ဖြစ်ရမယ်၊ လေထုထဲမှာ ရှိတဲ့ စိုထိုင်းဆကို သုံးပြီး ခိုင်မာတဲ့ ရေခဲတွေကို ချက်ချင်း ဖြစ်ပေါ်စေနိုင်တာပဲ၊ အဲဒါကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့တင်မကဘဲ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဖို့အတွက်လည်း သုံးနိုင်တယ်”

“ဒါဆိုရင် သဘာဝ စွမ်းအားက ရှောင်ယွီ ရဲ့ ကာကွယ်ရေး စွမ်းအားနဲ့ ယှဉ်ရင် ဘယ်လို ရှိမလဲ” ရှဖေးက ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ မေးလိုက်သည်။

ဤစကားကို ပြောလိုက်ရခြင်းက ရှဖေးအား ဝမ်းနည်းမှုများ ဖြစ်ပေါ်စေခဲ့သည်။ ထိုသနားစဖွယ် ကလေးမလေးမှာ အခု ဘယ်နေရာမှာ ရှိနေမလဲ၊ သူမ ဘေးကင်းရဲ့လား ပြောလိုက်သည်ကို သူ မသိရသေးချေ။

“ကာကွယ်ရေး စွမ်းအားတွေက ခုခံမှုကို အဓိကထားပြီး တိုက်ခိုက်မှုကို ဒုတိယ နေရာမှာ ထားတာ၊ ဒါကြောင့် သူတို့က ခုခံမှု အားကောင်းပေမဲ့ တိုက်ခိုက်မှုမှာတော့ အားနည်းတယ်၊ အဲဒါနဲ့ ဆန့်ကျင်ဘက် အနေနဲ့ သဘာဝ စွမ်းအား အများစုက တိုက်ခိုက်မှုကို အဓိကထားပြီး ခုခံမှုကို ဖြည့်စွက်ချက် အနေနဲ့ပဲ ထားတာ၊ ချန်သုန်း ရဲ့ အေးခဲခြင်း စွမ်းအားကတော့ ပိုပြီး ထူးခြားတယ်၊ အဲဒါက ခိုင်မာတဲ့ ခုခံမှုရော ပြင်းထန်တဲ့ တိုက်ခိုက်မှုကိုပါ ပေးစွမ်းနိုင်တဲ့အတွက် သဘာဝ စွမ်းအားတွေထဲမှာ အမျှတဆုံး စွမ်းအားလို့ သတ်မှတ်လို့ ရတယ်”

ဖန်တန်က သက်ပြင်းချလိုက်ပြီး မြေပြင်ပေါ်တွင် ထိုင်ကာ ပြောလိုက်သည်။

ထိုနှစ်ဦးစလုံးမှာ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ရသည်။ ရှောင်ယွီ အကြောင်းကို ပြောမိသောအခါ ရှဖေးရော ဖန်တန်ပါ စိတ်မကောင်း ဖြစ်သွားကြသဖြင့် လေထုမှာ အနည်းငယ် လေးလံသွားခဲ့ရသည်။

“မင်းတို့အားလုံး ရောက်နေကြပြီဆိုရင်လည်း ကိုယ်ယောင်ပြကြစမ်းပါ၊ မင်းတို့မှာ သတ္တိရှိရင် ထွက်လာပြီး ငါနဲ့ တိုက်ခိုက်ကြစမ်း” ချန်သုန်း က တက်ကြွစွာ အော်ဟစ်လိုက်သည်။ တိုက်ပွဲ ရှိနေသရွေ့ ချန်သုန်း ၏ မျက်လုံးများမှာ အမြဲတမ်း တောက်ပနေမည် ဖြစ်သည်။

“မင်းတို့လို သူရဲဘောကြောင်တဲ့ အကောင်တွေ ငါ့ကို ဘာမှတောင် မလုပ်ရဲကြဘူးလား မင်းတို့က ငါ့အချိန်တွေကို ဖြုန်းတီးနေတာပဲ” သူသည် အချိန်အတော်ကြာ အော်ဟစ်နေသော်လည်း မည်သူမျှ ထွက်မလာသဖြင့် အနည်းငယ် စိတ်တိုလာကာ ပြောလိုက် သည်။

ထို့နောက် ချန်သုန်း သည် ရှဖေး ပုန်းအောင်းနေသည့် ဘက်သို့ လှည့်ကာ

“ဟေး မင်း တိုက်မှာလား၊ မတိုက်ဘူးလား တိုက်ချင်ရင် မြန်မြန် ထွက်လာခဲ့၊ မင်းရယ်၊ ငါ့နောက်က သူရဲဘောကြောင်တဲ့ အကောင်တွေရယ် အားလုံး ပေါင်းပြီး ငါ့ကို တိုက်ကြစမ်း”

ရှဖေးမှာမူ စကားပင် မပြောနိုင်တော့ချေ။ ဤ ချန်သုန်း မှာ တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းလှသည်၊ သူသည် တိုက်ခိုက်ရသည်ကို အလွန်အမင်း သဘောကျနေသူ ဖြစ်၏။ အခြားသူများမှာ အကြောင်းပြချက် တစ်ခုခုကြောင့်သာ တိုက်ခိုက်လေ့ ရှိကြသော်လည်း ဤသူမှာမူ တိုက်ခိုက်ရန်အတွက်သာ မွေးဖွားလာသူ တစ်ဦးကဲ့သို့ပင် ဖြစ်ချေသည်။

ချန်သုန်း သည် ထိုနေရာတွင် ခေတ္တမျှ ထပ်မံ အော်ဟစ်နေသော်လည်း မည်သူမျှ သူ၏ စိန်ခေါ်မှုကို လက်မခံကြချေ။ ထို့ကြောင့် သူသည် ပစ္စည်းများကို အဝတ်ထုပ်ထဲသို့ ပြန်ထည့်ကာ သူ လာခဲ့သော လမ်းအတိုင်း ပြန်လည် ထွက်ခွာသွားလေသည်။

“အဓိပ္ပာယ် မရှိဘူး၊ ပျင်းစရာကြီး မင်းတို့ မလာရင်လည်း ငါကပဲ လိုက်တိုက်ရမှာပေါ့” ချန်သုန်း က ကျယ်လောင်စွာ အော်ပြောလိုက်၏။

ချန်သုန်း သည် သူ လာခဲ့သော ဘက်သို့ ပြန်လှည့်ကာ အလျင်အမြန် လျှောက်သွားခဲ့ရာ ရှဖေးသည် အဝေးမှ ပုံရိပ်အချို့မှာ ထိုတိုက်ပွဲအရူး ချန်သုန်း ကို ကြောက်လန့်တကြားဖြင့် ထွက်ပြေးနေကြသည်ကို မြင်တွေ့လိုက်ရသည်။

ရှဖေးသည် မြေပြင်မှ ထရပ်ကာ အနောက်ဘက်သို့ ဦးတည်၍ ပြေးထွက်လိုက်သည်။ ချန်သုန်း နောက်သို့ လိုက်နေသော ထိုလူများသည် သူ့အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်နိုင်သလို ရှဖေးအနေဖြင့်လည်း အကြောင်းမဲ့ တိုက်ခိုက်ရန် စိတ်မဝင်စားသဖြင့် ထိုသူများကို ရှောင်ရှားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ရှောင်ယွီ ကို ပြန်ပေးဆွဲသွားသူသည်လည်း အနောက်ဘက်သို့ ထွက်ပြေးသွားခဲ့သဖြင့် ရှဖေးသည် မည်သည့် သဲလွန်စကိုမျှ လက်လွှတ်မခံလိုဘဲ ဖြစ်နေသည်။

“ဖန်တန်... ငါ တစ်နေ့ကျရင် အဲဒီ ချန်သုန်း နဲ့ သေချာပေါက် တိုက်ရလိမ့်မယ်လို့ ခံစားနေရတယ်” ဟု ရှဖေးက ပြေးနေရင်းမှပင် ပြောလိုက်လေသည်။

All Chapters