← Chapters

အခန်း (၅၂-၅၄)

Vol. 4 Ch. 52-54

အခန်း (၅၂-၅၄)

Vol. 4 Ch. 52-54

အခန်း ၅၂။ ။ တစ်ဖက်လူ ငိုသွားအောင် ငေါက်ငမ်းမိခြင်း

“လျှောက်ထားသူများ အားလုံး သတိပြုရန်၊ အကျပ်အတည်းအဆင့် စစ်ဆေးမှုရဲ့ ပထမအဆင့်ဟာ အခုဆိုရင် ပြီးဆုံးသွားခဲ့ပါပြီ၊ အားလုံးပဲ အခြေစိုက်စခန်းကို ပြန်လာပြီး အစီရင်ခံကြပါ၊ အခုအချိန်ကစပြီး ဘယ်လျှောက်ထားသူမှ တိုက်ခိုက်မှုတွေ မလုပ်ရတော့ပါဘူး၊ စည်းကမ်းဖောက်ဖျက်တဲ့သူဟာ နောက်တစ်ဆင့်တက်ဖို့ အရည်အချင်း ဆုံးရှုံးမှာ ဖြစ်ပါတယ်၊ ဒဏ်ရာရထားတဲ့ လျှောက်ထားသူတွေဟာ ဆက်သွယ်ရေး ကိရိယာပေါ်က အဝါရောင်ခလုတ်ကို နှိပ်ပြီး ဆေးကုသမှု ခံယူဖို့ စောင့်ဆိုင်းပေးကြပါ”

နေထွက်လာသည်နှင့်အမျှ ရှဖေး ဝတ်ဆင်ထားသော အဖြူရောင် နာရီမှတစ်ဆင့် စစ်ဆေးမှု ပြီးဆုံးကြောင်း သတင်းကို အကြိမ်ကြိမ် ထုတ်ပြန်နေသည်။ ရှဖေးသည် မြေပြင်ပေါ်သို့ တံတွေးတစ်ချက် ထွေးလိုက်ပြီးနောက် လူစုရပ်ဆီသို့ တစ်ဟုန်ထိုး ပြေးထွက်လာခဲ့သည်။

ရှောင်ယွီ ပဟေဠိဆန်စွာ ပျောက်ကွယ်သွားမှုနှင့် ပတ်သက်၍ ရှဖေးတွင် မကောင်းသော အရိပ်အယောင်များ ရှိနေသည်။ သူသည် သူ၏ စိတ်ခံစားချက်များကို အစွမ်းကုန် ထိန်းချုပ်ထားပြီး အဆိုးဆုံး အခြေအနေများကို မတွေးမိစေရန် ကြိုးစားနေသည်။

လက်ရှိတွင် သူ လုပ်နိုင်သည်မှာ တရားစီရင်ရေးသမဂ္ဂ၏ အင်အားကိုသာ မျှော်လင့်ရန် ရှိသည်။ အမှန်စင်စစ် သူ၏ ကိုယ်ပိုင်အင်အား တစ်ခုတည်းဖြင့် ရှာဖွေရန်မှာ အခွင့်အရေး အလွန် နည်းပါးလှသောကြောင့် ဖြစ်သည်။

တစ်စက္ကန့်လျှင် ၁၈၀ မီတာ အရှိန်ဖြင့် ပြေးလာရင်း ရှဖေးသည် ကွင်းပြင်ပေါ်တွင် တန်းစီ၍ ရပ်နားထားသော အနက်ရောင် အာကာသယာဉ်ကြီး လေးစင်းကို အဝေးမှ လှမ်းမြင်လိုက်ရသည်။

ပတ်ဝန်းကျင်တွင် လျှောက်ထားသူ အမြောက်အမြား ရှိနေပြီး အများစုမှာ ဒဏ်ရာ အမျိုးမျိုး ရထားကြကာ ပင်ပန်းနွမ်းနယ်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်များတွင်လည်း ဖုန်နှင့် သဲများ ပေကျံနေချေ၏။ သူတို့၏ မျက်နှာများတွင် စစ်ဆေးမှု စတင်စဉ်ကကဲ့သို့ တက်ကြွမှုများ မရှိတော့ချေ။ အမှတ်အသား ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ လွန်ခဲ့သော ခုနစ်ရက်တာ အချိန်မှာ သူတို့အတွက် ငရဲခန်းတစ်ခုပင် ဖြစ်ခဲ့သဖြင့် လူတိုင်းမှာ ရေနွေးဖြင့် ချိုးကာ အရသာရှိသော အစားအစာများကိုသာ စားသုံးလိုနေကြသည်။

တရားစီရင်ရေးသမဂ္ဂမှ ဝန်ထမ်း တစ်ထောင်ကျော်မှာ တန်းစီ၍ ရပ်နေကြပြီး ပြန်လည် ရောက်ရှိလာသော လျှောက်ထားသူများကို မှတ်ပုံတင်ပေးနေကြသည်။

အဝေးတစ်နေရာတွင် လျှောက်ထားသူ နှစ်ဦးမှာ အမှတ်အသား တစ်ခုအတွက် ရန်ဖြစ်နေကြသည်။ အနီးဆုံးတွင် ရှိနေသော တရားစီရင်ရေးသမားမှာ ချက်ချင်းပင် ကြားဝင် တားဆီးလိုက်ပြီး သူတို့ကိုလည်း သင်ခန်းစာ အနည်းငယ် ပေးလိုက်သည်။

လက်ရှိ အခြေအနေအရ မည်သူမျှ ထပ်မံ ကြိုးစားနေရန် အချိန်မရှိတော့ပေ။ ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သော ကြေညာချက်နှင့်အတူ လျှောက်ထားသူတိုင်း၏ ကံကြမ္မာမှာ အဆုံးအဖြတ် ပေးပြီးသား ဖြစ်နေပေပြီ။

ရှဖေးသည် သမဂ္ဂ ဝန်ထမ်းများကြားသို့ ဝေ့ဝဲကြည့်လိုက်ရာ ဆွဲဆောင်မှုရှိသော ခြေတံအစုံကို မြင်တွေ့လိုက်ရသည်။ ၎င်းမှာ ရှဖေးနှင့် ရှောင်ယွီတို့အား ပထမဆုံး ကြိုဆိုခဲ့သော အမျိုးသမီး တရားစီရင်ရေးသမား ရဲ့ရှောင်ဟန် ပင် ဖြစ်သည်။

“ကျွန်တော့်လိုပဲ ဒီကမ္ဘာက လာတဲ့ ကောင်မလေးကို ခင်ဗျား မှတ်မိသေးလား” ရဲ့ရှောင်ဟန်၏ အနားသို့ အလျင်အမြန် ပြေးဝင် ရပ်တန့်လိုက်ပြီးနောက် ရှဖေးက မေးလိုက်သည်။

ရဲ့ရှောင်ဟန်သည် မည်သည့် စိတ်ခံစားချက်မျှ မရှိသော မျက်နှာပေးဖြင့် သူမ၏ လက်ထဲရှိ ကိရိယာကို အသုံးပြုကာ ရှဖေး၏ နာရီကို စကင်န်ဖတ်၍ မည်သူမည်ဝါ ဖြစ်ကြောင်း စစ်ဆေးနေသည်။

“မင်းမှာ ဆေးကုသမှု ခံယူဖို့ လိုလား” ရဲ့ရှောင်ဟန်က အေးစက်သော လေသံဖြင့် မေးလိုက်၏။

“ကျွန်တော် အဆင်ပြေပါတယ်၊ ဒါပေမဲ့ ကျွန်တော်နဲ့အတူ ပါလာတဲ့ ကောင်မလေးက ဒဏ်ရာရနေနိုင်သလို ပြောရရင်တော့ ပြန်ပေးဆွဲခံလိုက်ရတာဗျ” ရှဖေးက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

အလှပဂေး တစ်ဦးကို အော်ဟစ်ပြောဆိုခြင်းမှာ အမှန်တကယ်တော့ ဂုဏ်ယူစရာ ကိစ္စ မဟုတ်သဖြင့် ရဲ့ရှောင်ဟန်၏ လုပ်ဖော်ကိုင်ဖက်များနှင့် လျှောက်ထားသူများမှာ ရှဖေးအား အေးစက်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။

“နောက်တစ်ဆင့်တက်ဖို့ အမှတ်အသား ရခဲ့လား” ရဲ့ရှောင်ဟန်က တရားဝင် လေသံဖြင့် ဆက်လက် မေးမြန်းနေသည်။

ရှဖေးသည် သူ၏ ဟင်းလင်းပြင်လက်စွပ်ထဲမှ အမှတ်အသား တစ်ခုကို ထုတ်ယူကာ ရဲ့ရှောင်ဟန်အား ပေးလိုက်သည်။ အမှန်စင်စစ် ရှဖေး၏ လက်စွပ်ထဲတွင် အမှတ်အသား နောက်တစ်ခု ရှိနေသေးသော်လည်း ၎င်းမှာ ရှောင်ယွီ၏ အမှတ်အသားပင် ဖြစ်၏။

“ရှဖေး၊ မှတ်ပုံတင်နံပါတ် ၇၀၅၆၃၊ မင်းကို ဒုတိယအဆင့် စစ်ဆေးမှုမှာ ပါဝင်ဖို့ ခွင့်ပြုလိုက်ပြီ” ဟု ဆိုကာ ရဲ့ရှောင်ဟန်သည် သူမ လုပ်ဆောင်ရမည့် အလုပ်ကို ပြီးဆုံးအောင် ဆောင်ရွက်ပြီးနောက် အခြားသော လျှောက်ထားသူများဘက်သို့ လှည့်ကြည့်လိုက်သည်၊ ၎င်းမှာ ရှဖေးအား ထွက်သွားရန် အရိပ်အယောင် ပြလိုက်ခြင်းပင် ဖြစ်သည်။

“ကျွန်တော့်မှာ ခင်ဗျားကို ပြောစရာ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်”

“ဘာလဲ”

ရှဖေးသည် ရှောင်ယွီ ပျောက်ဆုံးသွားမှုနှင့် ပတ်သက်၍ သူ သိရှိထားသမျှကို တည်ငြိမ်အောင် ထိန်းထားသော လေသံဖြင့် ရှင်းပြလိုက်သည်။

“စစ်ဆေးမှုအတွင်းမှာ လျှောက်ထားသူတွေ ပျောက်ဆုံးတာ ဒါမှမဟုတ် သေဆုံးတာက သာမန် ကိစ္စပါပဲ၊ မင်းတို့အားလုံး ပါဝင်ခြင်း မပြုခင်မှာ သေစာရင်းရှင်စာရင်း ပဋိညာဉ်ကို လက်မှတ်ထိုးခဲ့ကြတယ် မဟုတ်လား၊ စစ်ဆေးမှုအတွင်းမှာ ဖြစ်ပေါ်လာတဲ့ မတော်တဆမှုတွေအတွက် တရားစီရင်ရေးသမဂ္ဂမှာ တာဝန်မရှိဘူးဆိုတာ စာချုပ်ထဲမှာ ရှင်းလင်းစွာ ဖော်ပြထားပြီးသားပါ” ရဲ့ရှောင်ဟန်က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်၏။

ရှဖေး၏ မျက်လုံးများမှာ ရဲ့ရှောင်ဟန်၏ မျက်လုံးအစုံကို စူးစိုက်ကြည့်နေသည်၊ ထိုသို့ အကြည့်ခံရခြင်းကြောင့် ရဲ့ရှောင်ဟန်မှာ ဘာကြောင့်မှန်းမသိဘဲ အနည်းငယ် ထိတ်လန့်သွားခဲ့ရသည်။ သို့သော်လည်း သူမ၏ မျက်နှာမှာမူ ယခင်ကဲ့သို့ပင် တည်ငြိမ်နေဆဲ ဖြစ်ချေ၏။

“ကျွန်တော့်ကို ယုံပါ၊ ဒါဟာ မတော်တဆမှု မဟုတ်ဘူး” ရှဖေးက လေးနက်စွာ ပြောဆိုလိုက်သည်။

“ပထမအချက်က ရှောင်ယွီကို ပြန်ပေးဆွဲသွားသူရဲ့ အရှိန်က တစ်စက္ကန့်ကို ၄,၆၀၀ မီတာကျော်တယ်၊ သူက ရှောင်ယွီကို ပွေ့ချီသွားတာတောင် ဒီအရှိန်ဆိုရင် သူ့ရဲ့ အမြင့်ဆုံး အရှိန်က မီတာ ၅,၀၀၀ ကျော်မှာ ရှိရမယ်”

“မီတာ ၅,၀၀၀ ကျော် အရှိန်ဆိုတာ ကြယ်စင်မြစ် အဆင့်ရှိတဲ့ သူတစ်ယောက်ပဲ ဖြစ်နိုင်တာ၊ ဒီစစ်ဆေးမှုမှာ လိုအပ်တဲ့ အဆင့်က ကြယ်စင်အလင်း နဲ့ ကြယ်နယ်မြေ အဆင့်ကြားမှာပဲ ရှိတာဆိုတော့ အဲဒီလူက လျှောက်ထားသူ တစ်ယောက် မဟုတ်တာ သေချာတယ်”

“ဒုတိယအချက်က အဲဒီလူက နောက်တစ်ဆင့်တက်ဖို့ အမှတ်အသားကို စိတ်မဝင်စားဘူး၊ ဒီအချက်ကပဲ သူ့ရဲ့ ရည်ရွယ်ချက်က ရှောင်ယွီကို ဖမ်းဆီးဖို့ပဲဆိုတာ သိသာနေတာပဲ၊ ဒါကြောင့် သူက အင်အားကို ဖုံးကွယ်ထားတဲ့ လျှောက်ထားသူလည်း မဟုတ်ဘူး”

“တတိယအချက်က ကျွန်တော် သူတို့နောက်ကို လိုက်ကြည့်တော့ ခြေရာတွေက အနောက်ဘက်မှာ ရုတ်တရက် ပျောက်သွားတာကို တွေ့ခဲ့ရတယ်၊ အကယ်၍ အဲဒီလူက လျှောက်ထားသူသာ ဖြစ်မယ်ဆိုရင် ဘာဖြစ်လို့ သတ်မှတ်ထားတဲ့ နေရာကနေ ရုတ်တရက် ပျောက်ကွယ်သွားရမှာလဲ ဘာဖြစ်လို့ စစ်ဆေးမှုကို ဒီအတိုင်း လက်လွှတ်လိုက်ရမှာလဲ”

“စတုတ္ထအချက်က ရှောင်ယွီရဲ့ စွမ်းအားက 'ခရမ်းရောင်ကျောက်မျက် အစောင့်အရှောက်' ပဲ၊ အဲဒီစွမ်းအားက ဘယ်လောက်အထိ အစွမ်းထက်တယ်ဆိုတာ ခင်ဗျား သိမှာပါ၊ ကြယ်နယ်မြေ အဆင့်ထက် မပိုတဲ့ လျှောက်ထားသူ တစ်ယောက်က အဲဒီစွမ်းအားရှိတဲ့ သူတစ်ယောက်ကို ဘာရန်ပွဲမျှ မဖြစ်ဘဲ အလွယ်တကူ ပြန်ပေးဆွဲနိုင်ပါ့မလား”

“ဒီအချက် လေးချက်ကို ကြည့်ရုံနဲ့ ရှောင်ယွီကို ပြန်ပေးဆွဲသွားသူဟာ စစ်ဆေးမှုမှာ ပါဝင်တဲ့သူ မဟုတ်ဘဲ ပြင်ပက လူတစ်ယောက် ဖြစ်ရမယ်ဆိုတာ သိနိုင်ပါတယ် အနည်းဆုံးတော့ ကြယ်စင်မြစ် အဆင့်ရှိတဲ့ လူတစ်ယောက်ပဲ”

ရှဖေးသည် ပြောရင်းပြောရင်းနှင့် ပို၍ စိတ်လှုပ်ရှားလာကာ သူ၏ အသံမှာလည်း မသိစိတ်ဖြင့် ကျယ်လောင်လာခဲ့သည်။ သူ၏ ပတ်ဝန်းကျင်ရှိ လူပေါင်း ရာနှင့်ချီမှာလည်း သူတို့၏ စကားဝိုင်းကို တိတ်တဆိတ် နားထောင်နေကြသည်။

“ဒါဟာ မင်းရဲ့ ထင်မြင်ချက်သက်သက်ပဲ၊ သက်သေအဖြစ် လက်ခံလို့ မရဘူး၊ အကယ်၍ ပြင်ပလူတစ်ယောက်က လျှောက်ထားသူတစ်ဦးကို ပြန်ပေးဆွဲသွားတယ်ဆိုတဲ့ ခိုင်လုံတဲ့ သက်သေ မပြနိုင်သရွေ့တော့ မင်းရဲ့ တိုင်ကြားချက်ကို ငါတို့ လက်ခံမှာ မဟုတ်ဘူး”

ရဲ့ရှောင်ဟန်သည် ရှဖေး၏ တွက်ချက်မှုများကို နားထောင်ပြီးနောက် ခေတ္တမျှ တိတ်ဆိတ်သွားသော်လည်း သူမကမူ မည်သည့် စိတ်ခံစားချက်မျှ မပါဘဲ ပြန်ဖြေလိုက်၏။ ရှဖေးသည် အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူလိုက်ပြီး သူ၏ ဒေါသများကို ထိန်းချုပ်လိုက်သည်။

“စစ်ဆေးမှုအတွင်းမှာ မှတ်တမ်းတင်ထားတဲ့ စောင့်ကြည့်ရေး အချက်အလက်တွေကို ကျွန်တော် ကြည့်ခွင့် တောင်းပါတယ်”

“စိတ်မကောင်းပါဘူး၊ မင်းမှာ စောင့်ကြည့်ရေး အချက်အလက်တွေကို ကြည့်ပိုင်ခွင့် မရှိဘူး၊ ဒါပေမဲ့ ဒီနေ့ နေ့လယ် ၁၂ နာရီ မတိုင်ခင်မှာ ပထမအဆင့်ရဲ့ နောက်ဆုံးရလဒ်တွေကို ငါတို့ ကြေညာပေးပါ့မယ်၊ အကယ်၍ မင်းရဲ့ သူငယ်ချင်းက ဒီဂြိုဟ်ပေါ်မှာ ရှိမနေဘူးဆိုရင်တော့ သူမရဲ့ တည်နေရာကို ငါတို့ သိရှိမှာဖြစ်သလို အသက်ရှင်သည်ဖြစ်စေ၊ သေဆုံးသည်ဖြစ်စေ စခန်းကို ပြန်ခေါ်လာပါ့မယ်” ရဲ့ရှောင်ဟန်က ခေါင်းခါပြလျက် ပြောလိုက်သည်။

“စစ်ဆေးမှု ရလဒ်တွေကို ဘယ်လို သိနိုင်မလဲ”

“ပထမအဆင့် ရလဒ်တွေကိုတော့ နေ့လယ် ၁၂ နာရီ မတိုင်ခင်မှာ အန်ဒရို ကြယ်တာရာ နယ်မြေ တစ်ခုလုံးက အင်တာနက် စာမျက်နှာတွေမှာ ကြေညာပေးသွားမှာပါ”

ရှဖေးသည် ထိုအမျိုးသမီးအား ဆက်လက် စကားပြောရန် စိတ်မပါတော့သဖြင့် သူ၏ အခန်းဆီသို့ ပြန်လည် လျှောက်လှမ်းလာခဲ့သည်။

“ခင်ဗျားက တကယ် လှပတဲ့ အမျိုးသမီး တစ်ယောက်ဆိုတာကိုတော့ ကျွန်တော် ဝန်ခံပါတယ်၊ ဒါပေမဲ့ ခင်ဗျားမှာ ဘာလိုအပ်နေလဲဆိုတာ သိလား”

“ခင်ဗျားမှာ ကြင်နာသနားတတ်တဲ့ စိတ်ဓာတ် လိုအပ်နေတာပဲ” ရှဖေးက ထွက်ခွာသွားရင်း စီးကရက်တစ်လိပ်ကို ထုတ်ကာ တိုးတိုးလေး ဆိုလိုက်သည်။

ရှဖေးသည် ကျယ်လောင်စွာ ပြောဆိုခြင်း မဟုတ်သော်လည်း ထိုစကားမှာ ရဲ့ရှောင်ဟန်၏ နားထဲတွင်မူ အလွန်ပင် ခါးသီးလှသည်။

စပ်စုတတ်သော လုပ်ဖော်ကိုင်ဖက် တစ်ဦးမှာ ပါးစပ်ကို ပိတ်၍ ခိုးရယ်နေသော်လည်း ရဲ့ရှောင်ဟန်၏ စူးရှသော အကြည့်ကြောင့် အလန့်တကြားဖြစ်ကာ မျက်နှာလွှဲသွားခဲ့ရသည်။ ထိုသူမှာ ဤအေးစိမ့်လှသော အလှပဂေး၏ မျက်လုံးများကို ရင်ဆိုင်ရန် မဝံ့ရဲဘဲ ရှိနေသည်။

ရှဖေး၏ နောက်ကျောကို ကြည့်ရင်း ရဲ့ရှောင်ဟန်သည် သူ၏ နောက်ဆုံးစကားကို ပြန်လည် တွေးတောနေမိသည်၊ ‘ငါက တကယ်ပဲ ကြင်နာမှု ကင်းမဲ့နေတာလား’

.

ရေအေးဖြင့် ချိုးပြီးနောက် ရှဖေးသည် ခုတင်ပေါ်တွင် ထိုင်ကာ စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။ သူ၏ ဘေးရှိ ခုတင်ပေါ်တွင် ရှောင်ယွီ၏ ရနံ့ကလေးမှာ ကျန်ရစ်နေဆဲပင် ဖြစ်၏၊ ၎င်းမှာ ကလေးမလေးများတွင်သာ ရှိတတ်သော ပန်းပွင့်ရနံ့နှင့် နွားနို့နံ့ ရောယှက်နေသကဲ့သို့ မမေ့နိုင်စရာ ရနံ့လေးပင် ဖြစ်သည်။

သူ၏ စိတ်ထဲတွင် မည်မျှပင် ခံစားနေရသည် ဆိုစေကာမူ ရှဖေးသည် တည်ငြိမ်မှုကို ထိန်းသိမ်းထားသည်။ မကျေနပ်မှုများနှင့် ဒေါသများမှာ မည်သည့်အရာကိုမျှ မပြောင်းလဲနိုင်သည်ကို သူ သိရှိထားသဖြင့် သူ လုပ်နိုင်သည်မှာ စိတ်ရှည်စွာ စောင့်ဆိုင်းရင်း သူ၏ အားအင်များကို အမြန်ဆုံး ပြန်လည် ဖြည့်တင်းကာ နောက်ထပ် သုံးရက်အကြာတွင် ပြုလုပ်မည့် ဒုတိယအဆင့် စစ်ဆေးမှုအတွက် ပြင်ဆင်ရန်သာ ရှိသည်။

သန့်ရှင်းသော အဝတ်အစားများ လဲလှယ်ပြီးနောက် ရှဖေးသည် ထမင်းစားခန်းသို့ သွားကာ အစားအသောက်များကို စားသုံးလိုက်ပြီးနောက် သူ၏ အခန်းသို့ ပြန်လာကာ အနားယူလိုက်သည်။ သူသည် စစ်ဆေးမှု ရလဒ်များကို အမြန်ဆုံး သိရှိနိုင်ရန်အတွက် နေ့လယ် ၁၂ နာရီတွင် နှိုးစက် ပေးထားလိုက်သည်။

ရှဖေးသည် ခေါင်းအုံးနှင့် ထိသည်နှင့် ချက်ချင်းပင် အိပ်ပျော်သွားခဲ့ရသည်။ ခုနစ်ရက်တိုင်တိုင် မျက်စိတစ်မှိတ်မျှ မအိပ်ခဲ့ရသဖြင့် သူသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခဲ့ပြီ ဖြစ်သည်။

ရှဖေးသည် အိပ်ပျော်နေစဉ်အတွင်း အိပ်မက်တစ်ခု မြင်မက်ခဲ့သည်။ နောင်နှစ်ပေါင်း များစွာကြာပြီးနောက် သာယာလှသော နေ့လယ်ခင်းတစ်ခုတွင် ရှဖေးသည် စည်ကားလှသော လမ်းမပေါ်၌ လမ်းလျှောက်နေစဉ် သွယ်လျသော မိန်းကလေး တစ်ဦးမှာ သူ၏ အရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်၊ သူမသည် လှပသော အဖြူရောင် ဂါဝန်လေးကို ဝတ်ဆင်ထားပြီး လေထဲတွင် ဝဲပျံနေသော ဆံပင်အနက်ရောင် တိုတိုလေးကို ပိုင်ဆိုင်ထားသည်။

သူမသည် ချိုသာသော အပြုံးဖြင့် ရှဖေး၏ အနားသို့ လျှောက်လာခဲ့သည်။

ရှဖေးသည် ဤမိန်းကလေးမှာ အလွန် ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။ သူသည် လက်ကို ဆန့်ထုတ်ကာ သူမ၏ ပါးပြင်လေးများကို ဆိတ်လိုက်ချင်သော စိတ်ဆန္ဒများ ဖြစ်ပေါ်လာခဲ့သည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် သူ၏ ပတ်ဝန်းကျင်မှာ ရုတ်တရက် မှောင်အတိ ကျသွားခဲ့ရသည်။ ရှဖေးသည် အလင်းရောင် ရနိုင်မည့် အရာတစ်ခုကို သူ၏ ကိုယ်ပေါ်တွင် အသည်းအသန် ရှာဖွေခဲ့သော်လည်း ဘာတစ်ခုမျှ ရှာမတွေ့ခဲ့ချေ။

ထိုအမှောင်ထုထဲတွင် ထိုအဖြူရောင် ပုံရိပ်လေးမှာ သူ၏ ပုခုံးကို တိုက်ကာ ဖြတ်ကျော်သွားခဲ့သည်ကို ရှဖေး ခံစားလိုက်ရသည်၊ သူမမှာ တဖြည်းဖြည်း ဝေးကွာသွားခဲ့သော်လည်း ရှဖေးအနေဖြင့် ဘာမှ မလုပ်နိုင်ဘဲ အားကိုးရာမဲ့စွာ ကြည့်နေရုံမှတစ်ပါး အခြားမရှိတော့ပေ။

ထိုအချိန်မှာပင် စူးရှလှသော နှိုးစက်သံကြောင့် သူသည် အိပ်မက်မှ လန့်နိုးလာခဲ့ရသည်။

ရှဖေးသည် မျက်လုံးများကို ပွတ်သပ်ရင်း ခုတင်ပေါ်မှ ဝုန်းခနဲ ထရပ်လိုက်ပြီး ရေချိုးခန်းထဲတွင် ရေအေးဖြင့် မျက်နှာသစ်လိုက်သည်။ ရှဖေး၏ မျက်နှာမှာ လွန်ခဲ့သော ရက်အနည်းငယ်ကထက် များစွာ ပိုမို ပိန်ချောင်သွားခဲ့ရသည်။

သူ၏ အခန်းသို့ ပြန်လာပြီးနောက် ရှဖေးသည် သူ၏ လက်တွေ့ကမ္ဘာမျက်မှန်ကို ဝတ်ဆင်ကာ အင်တာနက်ထဲသို့ ဝင်ရောက်လိုက်သည်၊ သူသည် တရားစီရင်ရေးသမဂ္ဂ၏ အတည်ပြုထားသော အမည်စာရင်းကို စစ်ဆေးလိုခြင်း ဖြစ်သည်။ အကယ်၍ တစ်မနက်လုံး မှတ်ပုံတင်ခြင်းနှင့် ရှာဖွေခြင်းများ လုပ်ဆောင်ပြီးနောက်တွင်မှ ရှောင်ယွီ၏ အရိပ်အယောင်ကို မတွေ့ရှိပါက သူမ၏ နာမည်ဘေးတွင် 'ပျောက်ဆုံး' ဟူသော စကားလုံးကို ထည့်သွင်းထားပေလိမ့်မည်။

တရားစီရင်ရေးသမဂ္ဂမှာ အင်အားကြီးမားလှသည်။ အကယ်၍ သူတို့ကိုယ်တိုင်ကပင် ရှောင်ယွီ ပျောက်ဆုံးနေကြောင်း ဝန်ခံလိုက်ရသည်ဆိုပါက ရှဖေးအနေဖြင့် သူမကို ရှာတွေ့နိုင်မည့် အခွင့်အရေးမှာ အလွန်ပင် နည်းပါးသွားမည် ဖြစ်သည်။

အန်ဒရို ကြယ်တာရာ နယ်မြေ တရားစီရင်ရေးသမဂ္ဂ၏ ဝက်ဘ်ဆိုက်သို့ အောင်မြင်စွာ ဝင်ရောက်ပြီးနောက် ရှဖေးသည် ပထမအဆင့် လျှောက်ထားသူများ၏ အမည်စာရင်းကို နှိပ်လိုက်ပြီး အမည်များကို သေချာစွာ ရှာဖွေနေသည်။

လျှောက်ထားသူ တစ်သိန်းကျော် ပါဝင်သော အမည်စာရင်းမှာ အလွန်ပင် ရှည်လျားလှသည်။ နာမည်တိုင်း၏ ဘေးတွင် လက်ရှိ အခြေအနေကို မှတ်သားထားသည်။ အကယ်၍ 'ထုတ်ပယ်ခြင်း - ဒဏ်ရာပြင်းထန်' ဟု မှတ်သားထားပါက ထိုနာမည်ကို နှိပ်လိုက်လျှင် ထိုသူ၏ ဓာတ်ပုံနှင့် ဒဏ်ရာ အသေးစိတ် အစီရင်ခံစာကို မြင်တွေ့နိုင်မည် ဖြစ်သည်။ တရားစီရင်ရေးသမဂ္ဂသည် ဤကိစ္စတွင် အလွန်ပင် စေ့စပ်သေချာလှသဖြင့် လျှောက်ထားသူများ၏ မိသားစုဝင်များမှာ အခြေအနေကို အမြန်ဆုံး သိရှိနိုင်ကြသည်။

ရှဖေးသည် စိုးရိမ်စိတ်များဖြင့် ရှောင်ယွီ၏ နာမည်ကို ရှာဖွေနေစဉ်မှာပင် သုံးဖက်မြင် ဗီဒီယို အချက်ပြမှုတစ်ခုမှာ ရှဖေး၏ ရှာဖွေမှုကို ရုတ်တရက် ကြားဖြတ် ဝင်ရောက်လာခဲ့သည်။

ဗီဒီယိုထဲတွင် အေဗရယ် မှာ သူမ၏ အိပ်ခန်းထဲတွင် ထိုင်နေဟန် ရှိသည်၊ ထိုအခန်းကြီး တစ်ခုလုံးမှာ ပန်းရောင် အလှဆင်မှုများဖြင့် ပြည့်နှက်နေသည်။ သူမ၏ ခုတင်ခင်းများနှင့် စားပွဲပေါ်ရှိ အရုပ်လေးများမှာပင် ပန်းရောင် ဝတ်စုံများ ဝတ်ဆင်ထားကြသည်။

“မင်းက ငါ့ကို ရှောင်ချင်လို့ မှောင်ခိုဈေးကွက်က ဝယ်ထားတဲ့ အမည်မသိ အကောင့်ကိုတောင် သုံးတာပေါ့၊ ငါက အဲဒီလောက်တောင် မုန်းစရာ ကောင်းလို့လား”

အေဗရယ်က အလွန် သနားစဖွယ် မေးလိုက်သည်။

ရှဖေးမှာ ရှောင်ယွီ၏ သတင်းကို စိုးရိမ်တကြီး ရှာဖွေနေချိန်တွင် အေဗရယ်၏ နှောင့်ယှက်မှုကို ခံလိုက်ရသဖြင့် သူ၏ ရင်ထဲတွင် ဒေါသများ မသိစိတ်ဖြင့် မြင့်တက်လာခဲ့ရသည်၊ သူသည် မျက်မှောင်ကြုတ်လျက် ဒေါသတကြီးဖြင့် “ထွက်သွားစမ်း” ဟု အော်ဟစ်လိုက်လေသည်။

သနားစဖွယ် အေဗရယ်မှာ ကြောင်သွားခဲ့ရသည်။ သူမသည် ရှဖေးကို လိုက်ရှာရန်အတွက် အားထုတ်မှုများစွာ ပြုလုပ်ခဲ့ရသော်လည်း ယခုကဲ့သို့ အငေါက်ခံရလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးချေ။

သူမသည် ခေါင်းကို ငုံ့လိုက်ပြီး သူမ၏ နုနယ်သော လက်ကလေးများဖြင့် အင်္ကျီစကို အဖန်ဖန် ပွတ်သပ်နေမိကာ သူမ၏ မျက်ဝန်းအစုံမှ မျက်ရည်များမှာလည်း တလိမ့်လိမ့် စီးကျလာခဲ့ရသည်။ သူမမှာ မကျေနပ်မှု၊ ဝမ်းနည်းမှုနှင့် အားကိုးရာမဲ့မှုများ ရောယှက်ကာ ခံစားနေရသည်။

ဖန်တန် သည်လည်း အံ့အားသင့်သွားပြီး “သုံးရက်အတွင်းမှာပဲ မင်းက မိန်းကလေး တစ်ယောက်ကို ပျောက်ဆုံးအောင် လုပ်တယ်၊ နောက်တစ်ယောက်ကို စိတ်ဆိုးအောင် လုပ်တယ်၊ အခုတော့ တတိယ တစ်ယောက်ကို ငိုသွားအောင် ငေါက်လိုက်ပြန်ပြီ၊ ဒါဟာ ဘယ်လိုမှ နိမိတ်မကောင်းနိုင်ဘူးနော်” ဟု တိုးတိုးလေး မှတ်ချက်ပေးလိုက်လေသည်။

အခန်း ၅၃။ ။ လာသင့်လာထိုက်သူများ နောက်ဆုံးတွင် ရောက်ရှိလာခြင်း

ဒေါက်... ဒေါက်... ဒေါက်...

အကျပ်အတည်းအဆင့် စစ်ဆေးမှု၏ ပထမအဆင့် ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ချိုးရှန့်ကျိသည် ရဲ့ကျင်းရှန်း၏ ရုံးခန်းတံခါးကို နောက်တစ်ကြိမ် ထပ်မံခေါက်လိုက်ပြန်သည်။

“ဝင်ခဲ့ပါ” ရဲ့ကျင်းရှန်းက လေးနက်သောလေသံဖြင့် အော်ပြောလိုက်၏။

ချိုးရှန့်ကျိသည် သူ၏ဗိုက်ပူကြီးကို ပုတ်ကာ ရယ်မောရင်း အခန်းထဲသို့ လမ်းလျှောက်ဝင်လာခဲ့ရာ ရဲ့ကျင်းရှန်း၏ စားပွဲရှေ့တွင် ထိုင်ခုံသုံးလုံး ချထားသည်ကို တွေ့လိုက်ရသည်။ မာကျန့်နှင့် ဟော့ပါးရှန်းတို့မှာ ရောက်ရှိနေကြပြီဖြစ်ပြီး ကျန်ရှိသော တတိယမြောက် ထိုင်ခုံမှာ သူ၏အတွက်ပင် ဖြစ်ချေသည်။

“မင်္ဂလာနေ့လယ်ခင်းပါ စခန်းတာဝန်ခံ ရဲ့ ခင်ဗျာ” ချိုးရှန့်ကျိက ရဲ့ကျင်းရှန်းအား ပြုံးလျက် နှုတ်ဆက်ပြီးနောက် သူ၏အတွက် ပြင်ဆင်ထားသော ထိုင်ခုံတွင် ထိုင်လိုက်သည်။

“မင်းတို့ သုံးယောက်က ရှဖေးကို အထူးစုဆောင်းဖို့အတွက်ပဲ ထပ်လာကြတာလား” ရဲ့ကျင်းရှန်းက တည်ငြိမ်သောမျက်နှာထားဖြင့် မေးလိုက်၏။

ချိုးရှန့်ကျိက ပြုံးရွှင်လျက် “စခန်းတာဝန်ခံ ရဲ့ ခင်ဗျာ၊ စစ်ဆေးမှုရဲ့ ပထမအဆင့်က အခုတင် ပြီးသွားတာပါ၊ မျှော်လင့်ထားတဲ့အတိုင်းပဲ ရှဖေးက ပထမအဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်၊ သူပြသခဲ့တဲ့ ပါရမီတွေကို ကြည့်ရင် သူဟာ နည်းဗျူဟာ အမိန့်ပေး လေ့ကျင့်ရေးဌာနမှာ လေ့ကျင့်ဖို့ အသင့်တော်ဆုံးပဲလို့ ကျွန်တော် ယုံကြည်ပါတယ်၊ ခင်ဗျားရော ဘယ်လိုထင်လဲ”

မာကျန့်သည် ချိုးရှန့်ကျိ၏ စကားကို ကြားသောအခါ သူ၏ ထုံးစံအတိုင်း ကျယ်လောင် ပွင့်လင်းသော အသံဖြင့် ကြားဖြတ် ပြောဆိုလိုက်သည်။

“စခန်းတာဝန်ခံ ရဲ့ ခင်ဗျာ၊ ရှဖေးက ရက်စက်လှတဲ့ အနက်ရောင် ကင်းမြီးကောက် အုပ်စုကြီးကို စိုက်ကြည့်ရုံနဲ့တင် ခြောက်လှန့်နိုင်ခဲ့တာပါ၊ ဒါဟာ သူ သားရဲယဉ်ပါးအောင် လုပ်သူတစ်ယောက် ဖြစ်လာဖို့ အလားအလာကောင်းတွေ ရှိတယ်ဆိုတာ ပြနေတာပဲ၊ ထူးဆန်းသော သားရဲဌာနက သားရဲတွေကို ပြုစုရုံတင် မဟုတ်ဘဲ တစ်ခါတလေကျရင် ခေါင်းမာတဲ့ သားရဲတွေကို ခြောက်လှန့် သတိပေးဖို့လည်း လိုအပ်ပါတယ်၊ ဒါကြောင့် ရှဖေးကို ကျွန်တော်တို့ ဌာနကို ခေါ်ပြီး ကောက်ကျစ်ရက်စက်တဲ့ သားရဲတွေကို လေ့ကျင့်ပေးတဲ့ နေရာမှာ အထူးပြု သင်ကြားပေးချင်ပါတယ်”

မာကျန့်သည် ပြောဆိုပြီးနောက် သူ၏စကားများအတွက် သူ့ကိုယ်သူ ကျေနပ်နေသည်။ သူသည် ရဲ့ကျင်းရှန်း၏ စိတ်ကို ပြောင်းလဲနိုင်ရန်အတွက် ဤစကားများကို သုံးရက်တိုင်တိုင် သေချာစွာ ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။

ဟော့ပါးရှန်းကမူ နှုတ်ခမ်းကို တစ်ဖက်သို့ တွန့်လိုက်ပြီး စကားတစ်လုံးမျှ မပြောဘဲ နေနေသည်။ ရဲ့ကျင်းရှန်းက ထိုင်ခုံသုံးလုံး ပြင်ထားသည်ကို ကြည့်ခြင်းအားဖြင့် သူသည် အဆုံးအဖြတ် တစ်ခု ချမှတ်ပြီးသား ဖြစ်ရမည်ဟု ဟော့ပါးရှန်းက ရိပ်မိလိုက်သည်။ ထို့ကြောင့် သူသည် ငြိမ်သက်စွာ ထိုင်နေရင်း နောက်ဆုံး ရလဒ်ကိုသာ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။

ရဲ့ကျင်းရှန်းက ဘာမှ ပြန်မပြောဘဲ ခေါင်းညိတ်ပြလိုက်သည်၊ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏ စားပွဲပေါ်ရှိ ဆက်သွယ်ရေး ကိရိယာမှာ မြည်လာခဲ့သည်။ ၎င်းမှာ သူ၏ သမီးဖြစ်သူ ရဲ့ရှောင်ဟန် ထံမှ ခေါ်ဆိုခြင်း ဖြစ်၏။

“ရှောင်ဟန်၊ ရုံးချိန်အတွင်းမှာ ငါ့ဆီကို ဆက်သွယ်ရအောင် ဘာကိစ္စ ရှိလို့လဲ”

ရဲ့ကျင်းရှန်းသည် သူ၏ သမီးအပေါ် အမြဲတမ်း တင်းကျပ်သူ ဖြစ်ပေရာ သူတို့နှစ်ဦး စကားပြောလိုလျှင်ပင် ရုံးချိန်ကျော်မှသာ ပြောဆိုကြရသည်။ ရဲ့ရှောင်ဟန်၏ အေးစက်သော စရိုက်မှာ တစ်ဝက်မှာ မျိုးရိုးဗီဇကြောင့် ဖြစ်သော်လည်း ကျန်တစ်ဝက်မှာမူ ဖခင်ဖြစ်သူ၏ စည်းကမ်းများအောက်တွင် ကြီးပြင်းလာခဲ့ရသောကြောင့် ဖြစ်သည်။

“ငါ အခု အလုပ်ကိစ္စ လုပ်နေတယ်၊ ခဏ စောင့်ဦး”

ရဲ့ကျင်းရှန်းသည် ဆက်သွယ်ရေး ကိရိယာကို ယူကာ ပြောပြီးနောက် လိုင်းကို ခေတ္တ ပိတ်ထားလိုက်သည်။

သူသည် ချောင်းနှစ်ချက် ဟန့်လိုက်ပြီး သူ၏ ရှေ့ရှိ ဌာနတာဝန်ခံ သုံးဦးအား စူးစိုက်ကြည့်လိုက်ကာ “ငါ ဆုံးဖြတ်ပြီးပြီ၊ ကောင်းကင်သတ်ဖြတ်ရေး လေ့ကျင့်ရေးစခန်း အနေနဲ့ ရှဖေးကို အထူးစုဆောင်းမှု လုပ်မှာ မဟုတ်ဘူး” ဟု ဆိုလိုက်သည်။

မာကျန့်က ရုတ်တရက် သူ၏ ပေါင်ကို အားဖြင့် ပုတ်ကာ ထိုင်ခုံမှ ဝုန်းခနဲ ထရပ်လိုက်သည်။ သူသည် ဤကဲ့သို့သော ရလဒ်မျိုးကို လုံးဝ မမျှော်လင့်ထားခဲ့ချေ။

“စခန်းတာဝန်ခံ ရဲ့၊ ဒါက ဘာကြောင့်လဲဗျာ”

ဟော့ပါးရှန်းနှင့် ချိုးရှန့်ကျိတို့မှာမူ နှမြောတသစွာ ခေါင်းခါယမ်းလိုက်ကြသည်။ ထိုနှစ်ဦးမှာ ပါးနပ်သူများ ဖြစ်ကြသဖြင့် မာကျန့်နှင့် မတူဘဲ ဤရလဒ်မျိုးကို ကြိုတင် ခန့်မှန်းထားကြပြီး ဖြစ်သည်။

ဌာနတာဝန်ခံ သုံးဦးမှာ လျှောက်ထားသူ တစ်ဦးတည်းအတွက် တစ်ဦးနှင့်တစ်ဦး ရန်စောင်နေကြခြင်းမှာ ကောင်းကျိုး မရှိလှချေ။ စခန်းတာဝန်ခံ တစ်ဦးအနေဖြင့် ရဲ့ကျင်းရှန်းသည် ထိုကဲ့သို့သော မလိုလားအပ်သည့် အကျိုးဆက်များကို ရှောင်ရှားရန်အတွက် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“မင်းတို့အားလုံးက သူ့ကို ပါရမီရှင်လို့ ပြောနေကြတာပဲ၊ ဒါဆိုရင် သူဟာ အထူးစုဆောင်းမှုကို အားမကိုးဘဲနဲ့ သူ့ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ လေ့ကျင့်ရေးစခန်းကို တက်နိုင်ရမှာပေါ့၊ ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ပြီ၊ အားလုံး ထွက်သွားလို့ ရပါပြီ”

ရဲ့ကျင်းရှန်းက လေးနက်သော မျက်နှာထားဖြင့် ရှင်းပြလိုက်လေသည်။

မာကျန့်သည် စိတ်ဓာတ်ကျစွာ သက်ပြင်းချရင်း ရဲ့ကျင်းရှန်း၏ ရုံးခန်းထဲမှ လေးလံသော ခြေလှမ်းများဖြင့် ထွက်ခွာသွားခဲ့သည်။ ချိုးရှန့်ကျိနှင့် ဟော့ပါးရှန်းတို့မှာလည်း ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနောက် နောက်မှ လိုက်ပါ ထွက်ခွာသွားကြသည်။

ရဲ့ကျင်းရှန်းသည် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ဆက်သွယ်ရေး လိုင်းကို ပြန်ဖွင့်လိုက်ရာ ရဲ့ရှောင်ဟန်၏ ပုံရိပ်မှာ မျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့သည်။

“အဖေ၊ အရမ်း ထူးဆန်းတဲ့ ကိစ္စတစ်ခု ဖြစ်နေတယ်” ရဲ့ရှောင်ဟန်က ပြောလိုက်သည်။

“ဒီစစ်ဆေးမှုမှာ ပျောက်ဆုံးနေတဲ့ လျှောက်ထားသူ စုစုပေါင်း ၃၂ ယောက် ရှိနေတယ်၊ ကျွန်မ အရင်က အကျပ်အတည်းအဆင့် စစ်ဆေးမှုတွေရဲ့ အချက်အလက်တွေကို စစ်ကြည့်တော့ အခုလို လျှောက်ထားသူ အမြောက်အမြား တစ်ပြိုင်တည်း ပျောက်ဆုံးသွားတာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး”

အမှန်စင်စစ် လျှောက်ထားသူ ၁၂ ဦး ပြန်ပေးဆွဲခံခဲ့ရခြင်း ဖြစ်သော်လည်း ထို ၁၂ ဦးစလုံးမှာ အသက်ငယ်ပြီး ထိပ်တန်း စွမ်းအားများ ပိုင်ဆိုင်ထားသူများ ဖြစ်ကြသည်။ အကယ်၍ ထိုရလဒ်ကိုသာ ထုတ်ပြန်လိုက်ပါက လူများက သံသယဖြစ်လာကြမည်မှာ အမှန်ပင် ဖြစ်၏၊ အဘယ်ကြောင့်ဆိုသော် ပျောက်ဆုံးသူများ၏ ဝိသေသလက္ခဏာများမှာ တိုက်ဆိုင်မှုဟု ပြောရန်အတွက် အလွန်ပင် တူညီလွန်းနေသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ဥက္ကဋ္ဌ ရောဘတ်သည် အမှန်တရားကို ဖုံးကွယ်ရန်အတွက် ပျောက်ဆုံးသူ ဦးရေကို ၃၂ ယောက်ဟု တမင်တကာ ပြောင်းလဲလိုက်ပြီး သေဆုံးသွားသော လျှောက်ထားသူ ၂၀ ကိုပါ ထည့်သွင်း ကြေညာခိုင်းလိုက်ခြင်း ဖြစ်သည်။

ပြန်ပေးဆွဲခံရခြင်းနှင့် ပျောက်ဆုံးခြင်းမှာ လုံးဝ ကွဲပြားခြားနားသော အယူအဆများပင် ဖြစ်၏။ နာမည်ကျော်ကြားလှသော တရားစီရင်ရေးသမဂ္ဂ အနေဖြင့် ပြင်ပလူတစ်ဦးက သူတို့၏ စစ်ဆေးရေး ကွင်းပြင်ထဲသို့ ဝင်ရောက်ကာ သူတို့၏ မျက်စိရှေ့တွင် လျှောက်ထားသူများကို ဖမ်းဆီးသွားသည်ကို အားကိုးရာမဲ့စွာ ကြည့်နေခဲ့ရသည်ဟု ဝန်ခံရန်မှာ ဂုဏ်ယူစရာ ကိစ္စ မဟုတ်ပေ။

“ဩော်” ရဲ့ကျင်းရှန်းက မျက်မှောင်ကြုတ်လိုက်သည်။ “၃၂ ယောက်တောင်လား... ဒီလောက်အထိ များလိမ့်မယ်လို့ မထင်ထားဘူး၊ မင်း ဒီကိစ္စကို ရောဘတ် ဆီ အစီရင်ခံစာ တင်ပြီးပြီလား၊ ဒီလိုကိစ္စမျိုးက စုံစမ်းစစ်ဆေးရေး ဌာနရော စစ်ဆေးရေး ဌာနပါ တာဝန်ရှိတာလေ”

“ဥက္ကဋ္ဌ ရောဘတ် ကိုယ်တိုင် စစ်ဆေးရေး စင်တာကို ရောက်နေပါပြီ၊ ကျွန်မ သူ့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး အစီရင်ခံစာ တင်ပြပြီးပါပြီ၊ သူကတော့ သမဂ္ဂအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ပြောပါတယ်၊ ဒါပေမဲ့ ထူးဆန်းတာက ကျွန်မ အဲဒီလျှောက်ထားသူတွေရဲ့ ဗီဒီယို မှတ်တမ်းတွေကို ကြည့်ဖို့ ကြိုးစားတဲ့အခါ အဲဒီ အချက်အလက်တွေကို လျှို့ဝှက်အဆင့် (Level 7) အဖြစ် သတ်မှတ်လိုက်တာကို တွေ့ရတယ်၊ အဲဒါကို ကြည့်ဖို့အတွက် အဆင့်မြင့် ခွင့်ပြုချက် လိုအပ်နေတယ်”

ရဲ့ရှောင်ဟန်က ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။

“လျှို့ဝှက်အဆင့် ၇ ဟုတ်လား”

ရဲ့ကျင်းရှန်း၏ မျက်နှာပေါ်တွင် စိုးရိမ်းမှုများ ပိုမို ထင်ဟပ်လာခဲ့သည်။ အဆင့် ၇ လျှို့ဝှက်ချက် ပြောလိုက်သည်မှာ သမဂ္ဂ၏ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့နှင့် ရောဘတ် ကိုယ်တိုင်မှအပ အခြားသူများ ကြည့်ရှုခွင့် မရှိခြင်းပင် ဖြစ်၏။ ၎င်းမှာ လျှောက်ထားသူ ပျောက်ဆုံးသည့် ကိစ္စသက်သက် ဆိုပါက ဤမျှအထိ လျှို့ဝှက်ထားရန် လုံးဝ မလိုအပ်ပေ။ ဖုံးကွယ်ထားရမည့် လျှို့ဝှက်ချက် တစ်ခုခု ရှိနေတာများလား။

“ရှဖေး လို့ ခေါ်တဲ့ လျှောက်ထားသူ တစ်ယောက်ကလည်း ကျွန်မဆီမှာ ဒီပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး လာတိုင်သွားပါတယ်၊ သူပြောပြချက်အရဆိုရင် အနည်းဆုံး ကြယ်စင်မြစ် အဆင့်ရှိတဲ့ ပညာရှင် တစ်ယောက်က စစ်ဆေးရေး နယ်မြေထဲကို ကျူးကျော်ဝင်ရောက်ပြီး သူ့ရဲ့ အဖော်ကို ပြန်ပေးဆွဲသွားတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်၊ ကျွန်မ သူ့ရဲ့ အစီရင်ခံစာနဲ့ တွက်ချက်မှုတွေကို သေချာ စဉ်းစားကြည့်တော့ အဲဒါက တကယ် ဖြစ်နိုင်ခြေ ရှိနေပါတယ်”

ရဲ့ရှောင်ဟန်က တိုးတိုးလေး ပြောလိုက်သည်။

“ရှဖေး ဟုတ်လား၊ မှတ်ပုံတင်နံပါတ် ၇၀၅၆၃၊ ဒီကမ္ဘာက ရှဖေး လား” ရဲ့ကျင်းရှန်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။

ရဲ့ရှောင်ဟန်မှာ သူ၏ ဖခင်ထက်ပင် ပို၍ အံ့အားသင့်သွားခဲ့ရသည်၊ “အဖေ၊ အဖေက သူ့ကို သိလို့လား”

ရဲ့ကျင်းရှန်းက ခေါင်းညိတ်ပြလိုက်သည်။ သူသည် ဤလျှောက်ထားသူကို သိရုံတင် မဟုတ်ဘဲ အလွန်အမင်းကို သိနေခြင်း ဖြစ်သည်။ ထိုလူငယ်လေးအား အထူးစုဆောင်းရန်အတွက် သူ၏ ဌာနတာဝန်ခံ သုံးဦးမှာ တစ်ဦးနှင့်တစ်ဦး ရန်ဖြစ်လုနီးပါး ဖြစ်ခဲ့ကြသည် မဟုတ်ပါလား။ ရှဖေး ရောက်ရှိလာသည့် နေရာတိုင်းတွင် ပြဿနာများကလည်း အမြဲတမ်း နောက်က လိုက်ပါလာတတ်သည့်အလားပင် ဖြစ်ချေသည်။

“ရောဘတ် က အတွေ့အကြုံရှိပြီး တာဝန်ယူမှု ရှိတဲ့ ဥက္ကဋ္ဌ တစ်ယောက်ပါ၊ သူ ဒီကိစ္စကို ကောင်းကောင်း ကိုင်တွယ်နိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်၊ မင်းလည်း ထပ်ပြီး မေးခွန်းတွေ မထုတ်ပါနဲ့တော့၊ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ကိုပဲ လွှတ်ထားလိုက်ပါ” ဟု ဆိုပြီးနောက် ရဲ့ကျင်းရှန်းက အမိန့်ပေးသည့် လေသံဖြင့် “ဒီကိစ္စက အရမ်း အရေးကြီးတယ်၊ ဒါကြောင့် ဘယ်သူ့ကိုမှ မပြောမိစေနဲ့၊ သမဂ္ဂကိုပဲ ယုံကြည်လိုက်ပါ” ဟု ဖြည့်စွက် ပြောဆိုလိုက်သည်။

ရဲ့ရှောင်ဟန်သည် တစ်ခုခု ထပ်ပြောချင်သော်လည်း သူမ၏ ဖခင်၏ တည်ငြိမ်လှသော မျက်နှာထားကို မြင်လိုက်ရသောအခါ စကားလုံးများကို ပြန်မျိုချလိုက်ရသည်။

ဆက်သွယ်ရေး လိုင်းကို ပိတ်လိုက်ပြီးနောက် ရဲ့ကျင်းရှန်းသည် သူ၏ ကုလားထိုင်ပေါ်တွင် နောက်သို့ မှီလိုက်ပြီး လက်နှစ်ဖက်ကို ခေါင်းနောက်တွင် ပိုက်ကာ “ဒီ ရှဖေး ကတော့ တကယ့်ကို နှောင့်ယှက်တတ်တဲ့ ဝိညာဉ် တစ်ခုလိုပဲ၊ ဘယ်လိုမှကို ဖယ်ထုတ်လို့ မရပါလား” ဟု သူ့ဘာသာ ရေရွတ်နေမိသည်။

ဝေးကွာလှသော ကမ္ဘာဂြိုဟ်ပေါ်တွင် - ရှဖေးသည် သူ၏ ရှေ့တွင် အေဗရယ် တိတ်တဆိတ် ငိုကြွေးနေသည်ကို အားကိုးရာမဲ့စွာ ကြည့်နေသည်။ သူသည် လှပသော မိန်းကလေးငယ် တစ်ဦးကို မြင်လျှင် အားကိုးရာမဲ့သွားတတ်သူ မဟုတ်သလို မိန်းကလေး တစ်ယောက်ကို ပျော်ရွှင်စေရန်အတွက် ငိုအောင် လုပ်တတ်သူမျိုးလည်း မဟုတ်ချေ။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရှဖေးက အပြစ်ရှိသကဲ့သို့ ခံစားရသဖြင့် “တောင်းပန်ပါတယ်၊ ငါ အခု စိတ်မကြည်မလင် ဖြစ်နေလို့ပါ၊ စောစောက ငါ နည်းနည်း စိတ်လောသွားခဲ့တယ်၊ မင်းကို မငေါက်သင့်သလို မင်း ငိုအောင်လည်း မလုပ်သင့်ပါဘူး” ဟု တောင်းပန်လိုက်သည်။

အေဗရယ်က သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီး ရဲရင့်ဟန် ဆောင်ကာ “ဘယ်သူ ငိုလို့လဲ၊ ငါက... ငါက...” ဟု ဇွတ်ငြင်းနေသည်။

“လေတိုက်လို့ မျက်စိထဲ သဲဝင်ပြီး မျက်ရည်ကျတာ မဟုတ်လား” ရှဖေးက ရယ်မောလျက် မေးလိုက်သည်။

“ဟုတ်တယ် အဲဒါကြောင့် ဖြစ်တာ” အေဗရယ်က သူမ၏ နှုတ်ခမ်းကို စူကာ ဇွတ်အတင်းပင် ပြောဆိုလိုက်သည်။

“ကောင်းပါပြီ၊ မင်းရဲ့ အိပ်ခန်းထဲမှာ လေတွေ တိုက်နေတာပေါ့လေ” ရှဖေးမှာ စကားပင် မပြောနိုင်တော့ချေ။ သူသည် စီးကရက်တစ်လိပ်ကို မီးညှိကာ အားရပါးရ တစ်ချက် ရှိုက်လိုက်ပြီးနောက် တိုးတိုးလေး ဆိုလိုက်သည်။

“ဦးလေးကတော့ တကယ့်ကို လူဆိုးပဲ” အေဗရယ်၏ စူပုတ်နေသော မျက်နှာလေးမှာ ရယ်မောသံအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူမ၏ တောက်ပသော စရိုက်လေးမှာ ပြန်လည် ပေါ်ထွက်လာခဲ့သည်။ ဒါဟာ ပျော်ပျော်နေတတ်သော မိန်းကလေးများ၏ ထူးခြားချက်ပင် ဖြစ်သည်။ သူတို့က ရန်ငြိုး မထားတတ်သလို ချော့ရသည်မှာလည်း လွယ်ကူလှသည်။

“မင်းမှာ ဘယ်လို မပျော်ရွှင်စရာ ကိစ္စတွေ ဖြစ်နေလို့လဲ” အေဗရယ်က သူမ၏ ခေါင်းကို စောင်းကာ မေးလိုက်ရင်း ပန်းရောင် လက်ကိုင်ပုဝါလေးဖြင့် သူမ၏ မျက်နှာပေါ်မှ မျက်ရည်စများကို သုတ်နေသည်။

“သိပ်ပြီးတော့ ထွေထွေထူးထူး မရှိပါဘူး၊ အရာအားလုံးက ပြီးသွားပါပြီ” ရှဖေးသည် ရှောင်ယွီ၏ ကိစ္စကို ထုတ်မပြောဘဲ စကားကို လွှဲလိုက်သည်။

“မင်းမှာ ဘယ်လို ပြဿနာတွေ ရှိနေလဲဆိုတာ ငါ မသိပေမဲ့ မင်း မကြာခင်မှာ အရမ်းကြီးမားတဲ့ ပြဿနာ တစ်ခုနဲ့ ရင်ဆိုင်ရတော့မယ် ဆိုတာကိုတော့ ငါ သိတယ်” အေဗရယ်က ထူးဆန်းသော အပြုံးတစ်ခုနဲ့ ပြောလိုက်သည်။

“ဘာပြဿနာလဲ”

“တရားစီရင်ရေးသမဂ္ဂ စစ်ဆေးမှုရဲ့ ဒုတိယအဆင့်က ဘာလဲဆိုတာ မင်း သိလား”

“ငါ တရားစီရင်ရေးသမဂ္ဂ စစ်ဆေးမှုမှာ ပါဝင်နေတာကို မင်း ဘယ်လို သိတာလဲ” ရှဖေးက ခေါင်းခါပြလျက် မေးလိုက်၏။

“ဟွန့် မင်းရဲ့ အမည်မသိ အကောင့်ကိုတောင် ငါ ရှာတွေ့သေးတာပဲ၊ မင်း အခု ဘာလုပ်နေလဲဆိုတာ ငါ မသိဘဲ နေမှာလား၊ မင်း နာမည်က ရှဖေး၊ အသက် ၁၇ နှစ်၊ အခု ကမ္ဘာပေါ်မှာ ကျင်းပနေတဲ့ အကျပ်အတည်းအဆင့် စစ်ဆေးမှုကို ဝင်ဖြေနေတာလေ၊ ဒါ့အပြင် မင်း ပထမအဆင့်ကိုလည်း အောင်မြင်သွားပြီ မဟုတ်လား”

အေဗရယ်က သူမကိုယ်သူမ တော်ကြောင်း၊ တတ်ကြောင်း ပြသရင်း ချစ်စရာကောင်းသော အမူအရာဖြင့် ပြောဆိုလိုက်သည်။

ရှဖေးမှာ အံ့အားသင့်သွားခဲ့ရသည်။ ဤ အေဗရယ် မှာ တကယ်တော့ ဘယ်သူပါလိမ့် ဟု သူ စဉ်းစား၍ မရနိုင်ဘဲ ရှိနေသည်။ သူမက သူ့အကြောင်းကို ဘယ်လိုလုပ်ပြီး ဒီလောက်အထိ သိနေရတာလဲ၊ သူ၏ ဘဏ်အကောင့် နံပါတ်ကိုပါ သူမ သိနေတာများလား။

“ဒုတိယအဆင့် စစ်ဆေးမှုကတော့ ပွဲစဉ်ဇယားအတိုင်း ယှဉ်ပြိုင်ရမှာပါ၊ ဆိုလိုတာက လူနှစ်ယောက်က စင်ပေါ်မှာ တိုက်ခိုက်ကြရမှာပေါ့၊ ဒီဒုတိယအဆင့်မှာ ပါဝင်မယ့်သူ ၇၂၃ ယောက် ရှိပြီး မင်းကတော့ အဆင့်အနိမ့်ဆုံး နေရာမှာ ရှိနေတာ၊ မင်းနဲ့ ယှဉ်ပြိုင်ရမယ့်သူကတော့ အဆင့် ၁ ရထားတဲ့သူပဲ၊ အဆင့်အနိမ့်ဆုံးနဲ့ အဆင့် ၁ နဲ့ တိုက်ရမှာဆိုတော့ မင်းတော့ ဒုက္ခရောက်တော့မှာပဲ”

“အဆင့်သတ်မှတ်ချက် ဟုတ်လား အဲဒါက ဘာလဲ” ရှဖေးမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ လျှောက်ထားသူများကို အဆင့်သတ်မှတ်ထားသည်ဟူသော စကားကို သူ တစ်ခါမျှ မကြားဖူးချေ။

“မင်း အဲဒါကို မသိဘူးလား မင်းကတော့ တကယ့်ကို ဗဟုသုတ နည်းတဲ့သူပဲ၊ စစ်ဆေးမှုတိုင်းမှာ လောင်းကစား ကုမ္ပဏီတွေက လျှောက်ထားသူ အားလုံးကို အဆင့်သတ်မှတ်ပြီး လူတွေ လောင်းကြေးထပ်ဖို့အတွက် လုပ်လေ့ရှိကြတာလေ၊ ဒါက နှစ်တိုင်း ဖြစ်နေကျပါ၊ မင်းရဲ့ လောင်းကြေး အချိုးအစားက ဘယ်လောက်လဲဆိုတာ သိလား”

“မသိဘူး”

“၁ : ၁၀၀၀ တောင် ရှိတာ လောင်းကစား ကုမ္ပဏီတွေရဲ့ အဆိုအရ မင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်သုန်း ဟာ ဒီစစ်ဆေးမှု တစ်ခုလုံးမှာ အောင်နိုင်ဖို့ အလားအလာ အကောင်းဆုံးသူပဲ၊ လူတိုင်းက မင်း ရှုံးလိမ့်မယ်လို့ပဲ ယုံကြည်ထားကြတာ”

“သူ့နာမည်က ဘာလို့ ပြောလိုက်တာလဲ” ရှဖေး၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားခဲ့ရသည်။ ၎င်းမှာ သူ လွင်ပြင်ကျယ်ကြီးထဲတွင် တွေ့ခဲ့သော တိုက်ပွဲအရူး ချန်သုန်း များလား။

“ချန်သုန်း လေ၊ သူက လုံဘတ်အင်ပါယာ က လာတာ၊ ကြောက်စရာကောင်းတဲ့ အေးခဲခြင်း စွမ်းအားကို ပိုင်ဆိုင်ထားသူပေါ့၊ သူကတော့ တကယ့်ကို ရူးသွပ်နေတဲ့သူမို့လို့ မင်း သတိထားမှ ဖြစ်မယ်၊ မဟုတ်ရင်တော့... ဟဲဟဲ” အေဗရယ်က ထူးဆန်းသော အမူအရာဖြင့် ပြောလိုက်သည်။

“တကယ်ပဲ သူ ဖြစ်နေတာလား” ရှဖေးက စီးကရက်ကို အားရပါးရ ရှိုက်လိုက်ရင်း သူ့ဘာသာ ရေရွတ်နေမိသည်။

“အား... မဖြစ်တော့ဘူး၊ ငါ့ရဲ့ ဂီတသင်တန်း အချိန်နီးနေပြီ၊ ငါ အိပ်ရာပေါ် ပြန်သွားပြီး နေမကောင်းဟန် ဆောင်ရဦးမယ်၊ မဟုတ်ရင်တော့ အဲဒီ အသုံးမကျတဲ့ ဆရာကြီးနဲ့ တစ်ညနေလုံး ပျင်းစရာကောင်းအောင် နေရဦးမှာ” ရုတ်တရက်ဆိုသလို အေဗရယ်သည် သူမ၏ အသံကို နှိမ့်လိုက်ပြီး လျှို့ဝှက်သော အမူအရာဖြင့် ပြောလိုက် သည်။

“နေဦး” ရှဖေးက သူမအား အလျင်အမြန် တားလိုက်သည်။ “မင်းက ငါ့အကြောင်း အကုန်သိနေပေမဲ့ ငါကတော့ မင်းအကြောင်း ဘာမှ မသိသေးဘူး၊ မင်း ငါ့ကို ဘယ်လိုလုပ်ပြီး ရှာတွေ့တာလဲ”

အေဗရယ်က သူမ၏ နုနယ်သော လက်ချောင်းလေးကို နှုတ်ခမ်းတွင် တင်ကာ ရယ်မောလျက် “အဲဒါကတော့ လျှို့ဝှက်ချက်ပေါ့၊ အကယ်၍ မင်းက ငါ့ကို ရေခဲမုန့်ကျွေးမယ်ဆိုရင်တော့ ငါ ပြောပြချင် ပြောပြမှာပါ” ဆိုလေသည်။

သူမ ပြောပြီးသည်နှင့် ထိုဆန်းကြယ်လှသော ဗီဒီယိုမှာ ရုတ်တရက် ပြတ်တောက်သွားခဲ့ပြီး ရှဖေး၏ ရှေ့တွင် လျှောက်ထားသူ အမည်စာရင်းကြီးမှာ ပြန်လည် ပေါ်လာခဲ့သည်။

အေဗရယ်နှင့် စကားပြောပြီးနောက် ရှဖေး၏ စိတ်ထဲတွင် ယခင်ကထက် များစွာ ပို၍ နေသာထိုင်သာ ရှိသွားခဲ့ရသည်။ ထိုမိန်းကလေးမှာ သွားလေရာတွင် ပျော်ရွှင်မှုများကို ဖြန့်ဝေပေးနေသော နတ်သမီးလေး တစ်ဦးနှင့်ပင် တူလှသည်။ သူမတွင် အလွန် တောက်ပသော စရိုက်လေး ရှိနေသဖြင့် သူမအား လူကောင်းတစ်ဦးဟု သတ်မှတ်နိုင်သည်။

“ချန်သုန်း၊ ငါတို့ ဒီလောက် မြန်မြန် ဆုံရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ” ရှဖေးက သူ့ဘာသာ ခေတ္တမျှ ပြောဆိုပြီးနောက် စိတ်ကို တည်ငြိမ်အောင် ထားကာ အမည်စာရင်းထဲတွင် ရှောင်ယွီ၏ နာမည်ကို ဆက်လက် ရှာဖွေနေလေသည်။

အခန်း ၅၄။ ။ ကောက်ကျစ်သော နည်းဗျူဟာ

မထင်မှတ်ထားဘဲ ရှောင်ယွီ၏ နာမည်အပြည့်အစုံ၏ အနောက်တွင် 'ပျောက်ဆုံး' ဟူသော စကားလုံးမှာ အနီရောင်ရင့်ရင့် စာလုံးကြီးများဖြင့် ပေါ်နေသည်။

ရှဖေး၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး ခေတ္တမျှ တွေဝေနေပြီးမှ သူမ၏ နာမည်ကို နှိပ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ရှောင်ယွီနှင့် ပတ်သက်သော အချက်အလက်များမှာ သူ၏ မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။

အမည် - စုရိုယွီ ကျား/မ - မ အသက် - ၁၁ နှစ် မွေးရပ်မြေ - ပန်-လူသား မဟာမိတ်အဖွဲ့၊ အန်ဒရို ကြယ်တာရာ နယ်မြေ၊ ကမ္ဘာမြေ ဖက်ဒရေးရှင်း ထူးခြားစွမ်းအား - ခရမ်းရောင် ကျောက်မျက် အစောင့်အရှောက် အဆင့် - အခြေခံ ကြယ်တာရာ အဆင့် လက်ရှိအခြေအနေ - ပျောက်ဆုံး

ထိုအချက်အလက် စာမျက်နှာတွင် ရှောင်ယွီ၏ ဓာတ်ပုံတစ်ပုံပင် ပါဝင်နေပေသေးသည်။ ဓာတ်ပုံထဲတွင် ထိုမိန်းကလေးမှာ သစ်ကုလားအုတ် တစ်ကောင်၏ ကျောပေါ်တွင် စီးနင်းထားပြီး သူမ၏ လက်ထဲမှ ကောက်ရိုးဦးထုပ်လေးကို အားရပါးရ ဝေ့ယမ်းနေသည်။

ရှဖေးသည် စီးကရက်တစ်လိပ်ကို ထပ်မံ မီးညှိလိုက်ပြီး ထိုမိန်းကလေးငယ်၏ ဓာတ်ပုံကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိသည်။ စီးကရက်မှာ အဆုံးအထိ လောင်ကျွမ်းသွားပြီး သူ၏ လက်ချောင်းများကို လောင်လုနီးပါး ဖြစ်နေသော်လည်း သူသည် တစ်ချက်မျှပင် မရှိုက်မိဘဲ ရှိနေသည်။

“ဒီဓာတ်ပုံလေးက တော်တော် လှတာပဲ၊ မင်းရဲ့ အသိဉာဏ်တု ကွန်ပျူတာထဲမှာ သိမ်းထားလိုက်ပါ၊ ဒါမှ မင်း ကြည့်ချင်တဲ့ အခါတိုင်း ကြည့်လို့ရမှာပေါ့”

ဖန်တန်က ညည်းတွားလိုက်သည်။ ထိုအချိန်တွင် စိတ်ခံစားမှု ပြင်းထန်လှသော ဤလူသတ်သမား၏ မျက်ဝန်းများထဲတွင်မူ မျက်ရည်စများ ပြည့်နှက်နေပေပြီ။ ရှဖေးသည် ခေါင်းကို ခါယမ်းလိုက်ပြီး သူ၏ ကွန်ပျူတာ မျက်နှာပြင်ပေါ်ရှိ စာမျက်နှာကို ဒုတိယအဆင့် စစ်ဆေးမှု၏ ပွဲစဉ်ဇယားသို့ ပြောင်းလဲလိုက်ကာ တိုးတိုးလေး ဆိုလိုက်သည်။

“အဲဒီလို လုပ်ဖို့ မလိုပါဘူး၊ ငါ မမေ့ချင်တဲ့ အရာတွေကို ငါ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် ဘဝကတော့ ဆက်သွားနေမှာပဲ၊ ဒါကြောင့် ငါ့အနေနဲ့ နောက်တစ်ဆင့်မှာ ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက်အကြောင်းကို လေ့လာတာက ပိုကောင်းပါလိမ့်မယ်”

သူသည် ပွဲစဉ်ဇယားတွင် သူနှင့် ချန်သုန်း၏ နာမည်များကို အလျင်အမြန် ရှာဖွေတွေ့ရှိသွားပြီး ချန်သုန်း၏ နာမည်ကို နှိပ်ကာ အချက်အလက်များကို ကြည့်လိုက်သည်။

“အဆင့်မြင့် ကြယ်နယ်မြေ အဆင့်...” ဟု ရှဖေးက မျက်နှာပြင်ပေါ်ရှိ စာသားများကို ဖြည်းဖြည်းချင်း ဖတ်လိုက်သည်။

သူသည် မိမိကိုယ်ကိုယ် ကဲ့ရဲ့ပြုံး ပြုံးလိုက်ရင်း “ငါကတော့ တကယ်ပဲ ကံဆိုးတာပဲ၊ ချန်သုန်း က အစွမ်းထက်တဲ့ သဘာဝ စွမ်းအားရှင် တစ်ယောက် ဖြစ်ရုံတင်မကဘဲ အဆင့်မြင့် ကြယ်နယ်မြေ အဆင့်အထိတောင် ကျင့်ကြံထားတာပဲ”

ရှဖေး၏ စွမ်းအားမှာ အမြန်နှုန်း ဖြစ်သည်။ ၎င်းမှာ စကြဝဠာအတွင်း ဒုတိယမြောက် အတွေ့ရအများဆုံး စွမ်းအား ဖြစ်ပြီး လူအများစုမှာမူ ခွန်အား စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

အကယ်၍ စကြဝဠာအတွင်းရှိ စွမ်းအားများကို အဆင့်မြင့်၊ အလယ်အလတ်နှင့် အဆင့်နိမ့်ဟု ခွဲခြားမည်ဆိုပါက အမြန်နှုန်း စွမ်းအားမှာ အလွန်ဆုံးမှ အလယ်အလတ် အဆင့်တွင်သာ ရှိပေလိမ့်မည်။

တစ်ဖက်တွင်မူ ချန်သုန်း၏ သဘာဝ စွမ်းအားဖြစ်သော 'အေးခဲခြင်း' မှာမူ အဆင့်မြင့် စွမ်းအားအဖြစ် သတ်မှတ်ရန် အရည်အချင်း ပြည့်မီသည်။ ရှဖေးသည် စွမ်းအား အမျိုးအစားအရပင် အားနည်းနေသလို ချန်သုန်း၏ ကျင့်ကြံမှု အဆင့်မှာလည်း သူ၏ အထက် လေးဆင့်မျှ မြင့်မားနေသည်။

အဆင့်တစ်ဆင့် တိုးတိုင်း ထိုသူ၏ အင်အားမှာ နှစ်ဆမျှ တိုးတက်လာသည် ဆိုပါက ယခုမှာ တစ်ဆင့်တည်း မဟုတ်ဘဲ လေးဆင့်တောင် ကွာခြားနေခြင်း ဖြစ်သည်။ ထိုနှစ်ဦးကြား ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင် ဖြစ်၏။ ရှဖေးသည် ချန်သုန်းကို အနိုင်ယူချင်သော်လည်း ၎င်းမှာ မဖြစ်နိုင်သော အလုပ်တစ်ခုပင် ဖြစ်ချေသည်။

ရှဖေးသည် သူ၏ အတွေ့အကြုံ၊ အဆုံးအဖြတ်နှင့် နည်းစနစ်များကို အသုံးပြု၍ အဆင့်တစ်ဆင့် ကွာခြားမှုကို ပြန်လည် ဖြည့်ဆည်းနိုင်ကောင်း ဖြည့်ဆည်းနိုင်သော်လည်း လေးဆင့်စာ ကွာခြားမှုကိုမူ ဘာနှင့် ဖြည့်ဆည်းရမည်နည်း။ သူ၏ အသက်နှင့်လား။

ရှဖေးသည် တိတ်တဆိတ် မတ်တတ်ထရပ်ကာ သူ၏ လေအရိပ် အမှတ် ၄ တိုက်ခိုက်ရေးဝတ်စုံကို ဝတ်ဆင်လိုက်သည်။ သူ၏ လက်မောင်းတွင် အလင်းလိုက်တန်းတန်း ကို သေချာစွာ တပ်ဆင်ပြီးနောက် တံခါးပြင်ပသို့ ထွက်လာခဲ့သည်။

“ဘယ်ကို သွားမလို့လဲ” ဖန်တန်က မေးလိုက်၏။

“ကျင့်ကြံဖို့နဲ့ လေ့ကျင့်ဖို့ သွားမလို့ပေါ့၊ 'နောက်ဆုံးအချိန်မှာ ပြင်ဆင်တာကတောင် အထောက်အကူ ဖြစ်တတ်တယ်' ဆိုတဲ့ ဆိုရိုးစကား ရှိတယ် မဟုတ်လား၊ ဟဲဟဲ... ငါ့အနေနဲ့ ရှုံးရမယ့်အတူတူတော့ ကြည့်မကောင်းလောက်အောင် မရှုံးချင်ဘူးလေ”

ရှဖေးသည် နောက်သို့ လှည့်မကြည့်ဘဲ ပြောလိုက်သည်။ ဖန်တန်သည် ရှဖေး၏ နောက်ကွယ်မှ အနီးကပ် လိုက်ပါလာခဲ့သည်၊ သူ၏ ခေါင်းမှာ ငုံ့နေပြီး တစ်ခုခုကို အလေးအနက် စဉ်းစားနေဟန် ရှိသည်။

“အဆင့်မြင့် ကြယ်နယ်မြေ အဆင့်ရှိတဲ့ အေးခဲခြင်း စွမ်းအားရှင် တစ်ယောက်ကို မင်း ဘယ်လိုမှ အနိုင်မရနိုင်ဘူး၊ မင်း ဘယ်လောက်ပဲ မြန်ပါစေ၊ မင်း လုပ်နိုင်တာက ထွက်ပြေးဖို့ပဲ ရှိတာ၊ တိုက်ပွဲမှာတော့ သူ့ကို အနိုင်ရဖို့ နည်းလမ်း မရှိဘူး” ဖန်တန်က စိုးရိမ်တကြီး မှတ်ချက်ပေးလိုက်သည်။

“သူ့ကို အနိုင်ယူမယ်လို့ ငါ တစ်ခါမှ မပြောခဲ့ပါဘူး၊ ငါက ကြည့်မကောင်းအောင် မရှုံးချင်ရုံ သက်သက်ပါပဲ” ရှဖေးက ပြုံးပြလိုက်ပြီး ပြောလိုက်သည်။

လမ်းအကွေ့တစ်ခုသို့ ရောက်သောအခါ ရှဖေးသည် လျှပ်စစ်လှေကားတစ်ခုထဲသို့ ဝင်လိုက်သည်။

“ဒါက ပညာရှင် တစ်ယောက်နဲ့ လေ့ကျင့်ခွင့်ရမယ့် အခွင့်အရေးပဲ၊ ငါ ဒီအဆင့်ရဲ့ စည်းကမ်းတွေကို စစ်ကြည့်ပြီးပြီ၊ လျှောက်ထားသူတွေဟာ မနိုင်တော့ဘူးဆိုရင် အရှုံးပေးလို့ ရတယ်တဲ့၊ ငါ တကယ် မတောင့်ခံနိုင်တော့ရင် အရှုံးပေးလိုက်မှာပေါ့၊ ခေါင်းလေး နည်းနည်း ငုံ့လိုက်ရုံနဲ့ အသက်ကိုတော့ စတေးစရာ မလိုပါဘူး... မင်းက ဘာဖြစ်လို့ အဲဒီလောက်တောင် စိတ်ဓာတ်ကျနေရတာလဲ” ဟု မေးလိုက်၏။

ဖန်တန်မှာ အတွေးနက်နေဆဲဖြစ်ပြီး ရှဖေး၏ စကားကို ခေါင်းတစ်ချက်သာ ငိတ်ပြလိုက်သည်။

“အရင်တုန်းကတော့ ငါက ဒီကမ္ဘာမြေ သေးသေးလေးထဲမှာပဲ ပိတ်မိနေတာကို မကျေနပ်လို့ အင်အားကြီးချင်ခဲ့တာ၊ ငါ အသက်ရှင်နေတုန်းမှာ ဆန်းကြယ်လှတဲ့ ဂြိုဟ်တွေကို သွားကြည့်ချင်တယ်၊ စကြဝဠာကြီးက ဘယ်လိုလဲဆိုတာ သိချင်တယ်၊ အဲဒီ ပညာရှင် ဆိုတဲ့ လူတွေက တကယ်ပဲ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နဲ့လား ဆိုတာကိုလည်း မြင်ဖူးချင်တယ်”

“ဒါပေမဲ့ ဒီဖြစ်ရပ် ဖြစ်ပြီးတဲ့နောက်မှာတော့ ပြင်ပကမ္ဘာဟာ ငါ ထင်ထားတာထက် အများကြီး ပိုပြီး ရှုပ်ထွေးတယ်ဆိုတာ ငါ သိလိုက်ရပြီ၊ ငါ ကိုယ်တိုင် အင်အားကြီးလာဖို့ လိုအပ်တယ်၊ မဟုတ်ရင် ရှောင်ယွီ ကြုံခဲ့ရတာမျိုး နောက်တစ်ခါ၊ နောက်နှစ်ခါ ထပ်မဖြစ်ဘူးလို့ ဘယ်သူ အာမခံနိုင်မှာလဲ”

ရှဖေးသည် ဤစကားကို ပြောနေစဉ်အတွင်း သူငယ်ချင်းဟောင်း တစ်ဦးနှင့် စကားစမြည် ပြောနေသကဲ့သို့ အလွန်ပင် တည်ငြိမ်နေသော်လည်း ရှဖေးသည် ကြီးမားသော ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်ပြီ ဖြစ်ကြောင်း ဖန်တန် သိလိုက်သည်။ ရှောင်ယွီ၏ ကိစ္စမှာ သူ၏ ဘဝလမ်းကြောင်းကို ပိုမို လျင်မြန်စွာ လျှောက်လှမ်းနိုင်ရန်အတွက် တွန်းအားတစ်ခု ဖြစ်သွားခဲ့ပေပြီ။

ရည်မှန်းချက် မရှိဘဲ ရှင်သန်နေထိုင်ခြင်းမှာ ကြောက်စရာကောင်းလှသည်၊ ပါရမီရှိသူ တစ်ဦးသည် ရှင်းလင်းပြတ်သားသော ရည်မှန်းချက် တစ်ခု ရှိနေပါက မည်သည့် ဖိအားကိုမဆို အောင့်ခံကာ ရှေ့သို့သာ ဆက်လက် ချီတက်နေမည် ဖြစ်သည်။

ဖန်တန်သည် ရှဖေးအား စိတ်လှုပ်ရှားစွာဖြင့် စိုက်ကြည့်လိုက်ပြီးနောက် သူ၏ မျက်မှောင်များ ကြုံ့သွားကာ ခေါင်းကို ခါယမ်းလိုက်သည်၊ ၎င်းမှာ သူ၏ စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချရန်အတွက် အပြင်းအထန် ရုန်းကန်နေရသကဲ့သို့ပင် ဖြစ်သည်။

လျှပ်စစ်လှေကားမှာ အောက်ဆုံးထပ်တွင် ရပ်တန့်သွားခဲ့သည်။ ရှဖေးသည် ပြုံးလျက်ဖြင့် အာကာသယာဉ်အတွင်းမှ ထွက်လာခဲ့ပြီး ဩစတေးလျ၏ မြေဝါများပေါ်တွင် ရပ်လိုက်သည်။

ပထမအဆင့် စစ်ဆေးမှုမှာ ပြီးဆုံးသွားပြီ ဖြစ်သဖြင့် လျှောက်ထားသူ အမြောက်အမြားမှာ သူတို့၏ အိတ်များကို သယ်ဆောင်ကာ ထွက်ခွာရန် ပြင်ဆင်နေကြသည်။ ထိုသူအားလုံးမှာ ရောက်ရှိလာစဉ်က စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့ကြသော်လည်း ယခုအခါတွင်မူ စိတ်ပျက်မှုများနှင့် နာကျင်နေသော ခန္ဓာကိုယ်များသာ ကျန်ရှိသည်။

ရှဖေးသည် ဘတ်စကက်ဘော ကစားသမား တစ်ဦးကဲ့သို့ အရပ်ရှည်ပြီး ဝိတ်မသမား တစ်ဦးကဲ့သို့ ဗလတောင့်တောင့်နှင့် လျှောက်ထားသူ တစ်ဦးအား လက်ဝေ့ယမ်း၍ နှုတ်ဆက်လိုက်သည်။ ထိုအမျိုးသားသည် လေးလံလှသော ကျောပိုးအိတ်ကြီးကို လွယ်ထားပြီး အိမ်သို့ ပြန်မည့် အာကာသယာဉ်ပေါ်သို့ တက်ရန်အတွက် စကားတစ်လုံးမျှ မပြောဘဲ ပြင်ဆင်နေသည်။

သူ၏ ဘယ်ဘက် လက်မောင်းတွင် ပတ်တီးများ စည်းထားပြီး ပါးပြင်ပေါ်တွင်လည်း မျက်ရည်များ စီးကျနေသည်။ သူ၏ ကိုယ်လုံးမှာ ပုစွန်ထုပ်ကြီး တစ်ကောင်ကဲ့သို့ ကိုင်းနေပြီး သူ၏ ခေါင်းကြီးမှာလည်း ငုံ့နေကာ မြေပြင်ပေါ်သို့ ဒူးထောက်လဲကျတော့မည့်အလား ရှိနေသည်။

“ကြည့်ပါဦး၊ ဒါဟာ ရှုံးနိမ့်သူ တစ်ယောက်ရဲ့ ပုံစံပဲ၊ အဲဒီ တိုက်ပွဲအရူး ချန်သုန်း ကို အနိုင်ယူဖို့ ငါ့အတွက် တော်တော် ခက်ခဲလိမ့်မယ်ဆိုတာ ငါ ဝန်ခံပါတယ်၊ ဒါပေမဲ့ ငါကတော့ အခုလို စိတ်ဓာတ်ကျပြီး မထွက်ခွာချင်ဘူး၊ ငါ ရှုံးသွားရင်တောင်မှ ငါ့ရဲ့ ကျောကို မတ်မတ်ထားပြီး ခေါင်းကို မော်ကာ အိမ်ပြန်နိုင်အောင် လုပ်ရမယ်”

ရှဖေးသည် ပြောနေစဉ်အတွင်း သူ၏ မျက်လုံးများမှာ အရောင်တောက်ပနေပြီး ထိုဗလတောင့်တောင့်နှင့် လူ၏ ကျောဘက်သို့ အလင်းတန်း တစ်ခု ပစ်လွှတ်လိုက်သကဲ့သို့ ရှိနေသည်။

ထိုအမျိုးသားသည် သူ၏ ကျောဘက်တွင် ပြင်းထန်သော အားတစ်ခုကို ခံစားလိုက်ရသော်လည်း ၎င်းကို ဂရုစိုက်ရန် စိတ်မပါတော့ချေ။ သူသည် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် လေးလံသော ခြေလှမ်းများဖြင့် အာကာသယာဉ်ပေါ်သို့ တက်လှမ်းသွားခဲ့လေသည်။

ထိုသို့ ပြောပြီးနောက် ရှဖေးမှာမူ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် သူ၏ ခေါင်းနောက်ဘက်ကို ကုတ်လိုက်ရင်း ရယ်မောကာ “ငါ မေ့သွားတယ်၊ ငါက အခု ဟိုတယ်မှာ နေနေတာပဲ၊ အဲဒါကို အိမ်လို့ ဘယ်လို ခေါ်လို့ ရမှာလဲ” ဟု ပြောလိုက်သည်။

“ဒါဆိုရင်လည်း ငါက ခေါင်းကို မော်ပြီး ဟိုတယ်ကိုပဲ ပြန်ရမှာပေါ့” ရှဖေးက ဖန်တန်အား နောက်ပြောင်လိုက်သည်။

ဖန်တန်သည် ရှဖေး၏ တည်ငြိမ်သယောင်နှင့် အားတက်ဖွယ် ကောင်းလှသော စကားများကြောင့် အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့ရသည်။ သူသည် အံကိုကြိတ်ကာ လေးနက်စွာဖြင့် “မင်းကို ကူညီနိုင်မယ့် နည်းလမ်းတစ်ခု ရှိလိမ့်မယ်လို့ ငါ ယုံကြည်တယ်၊ အနိုင်ရဖို့က မသေချာသေးပေမဲ့ အနည်းဆုံးတော့ မင်း တိုက်ပွဲမှာ ကြည့်မကောင်းလောက်အောင် မရှုံးတော့ဘူးပေါ့” ဟု ဆိုလိုက်သည်။

“ဘာနည်းလမ်းလဲ၊ လှည့်ကွက်တွေလား ငါ အဲဒါကို စဉ်းစားပြီးသားပါ၊ ငါ့ထက် များစွာ အင်အားကြီးတဲ့ ပြိုင်ဘက်နဲ့ တွေ့ရင် လှည့်ကွက်တွေက အသုံးမဝင်ပါဘူး” ရှဖေးက မှတ်ချက်ပေးလိုက်သည်။

“မင်း သိလား၊ 'ကောက်ကျစ်သော ထိုးနှက်ချက်' ဆိုတဲ့ နည်းစနစ်က ဘာဖြစ်လို့ 'လုပ်ကြံသတ်ဖြတ်မှု နည်းစနစ်' လို့ မခေါ်ဘဲ 'ကောက်ကျစ်သော' ဆိုတဲ့ စကားလုံး ပါနေရတာလဲဆိုတာ”

ဖန်တန်က ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည့်အလား ခေါင်းကို ခါယမ်းလိုက်ရင်း မေးလိုက်၏။

“ငါ ဘယ်လို သိမှာလဲ၊ နာမည်က ကြားလို့ ကောင်းလို့ မဟုတ်ဘူးလား” ရှဖေးက ပုခုံးတွန့်ပြလျက် ပြန်ဖြေသည်။

“အဲဒါက 'ကောက်ကျစ်သော ထိုးနှက်ချက်' ဟာ ထိုးနှက်တဲ့ နည်းစနစ် သက်သက် မဟုတ်လို့ပဲ၊ အဲဒီ နည်းစနစ်မှာ 'ကောက်ကျစ်မှု' ကို အဓိကထားတဲ့ နောက်ထပ် နည်းလမ်းတစ်ခု ရှိသေးတယ်” ဖန်တန်က ရယ်မောလိုက်ရင်း ပြောလိုက်သည်။

“ဆိုလိုတာက ငါ အခုထိ သင်ယူခဲ့တာက 'ကောက်ကျစ်သော ထိုးနှက်ချက်' ရဲ့ တစ်ဝက်ပဲ ရှိသေးတာပေါ့၊ ကျန်တဲ့ တစ်ဝက်ကို ငါ မထိရသေးဘူး

လို့ မင်း ပြောချင်တာလား” ရှဖေးမှာ အနည်းငယ် အံ့အားသင့်သွားပြီး မေးလိုက်၏။

ဖန်တန်က ကျေနပ်စွာ ခေါင်းညိတ်ပြလျက် “မှန်တယ် မင်းက 'ထိုးနှက်ချက်' ကိုပဲ တတ်မြောက်သေးတာ၊ 'ကောက်ကျစ်မှု' ကိုတော့ မတတ်သေးဘူး”

ရှဖေး၏ မျက်နှာမှာ လေးနက်သွားပြီး အပြုံးများ ပျောက်ကွယ်သွားခဲ့သည်။ “မင်း ဘာလို့ ဒီအကြောင်းကို တစ်ခါမှ မပြောခဲ့တာလဲ ပြီးတော့ ဘာဖြစ်လို့ ငါ့ကို တစ်ဝက်ပဲ သင်ပေးခဲ့ရတာလဲ”

ရှဖေးသည် ထိုသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အကြောင်းရင်း တစ်စိတ်တစ်ပိုင်းကို နားလည်သွားခဲ့သည်။ “ငါ သိပြီ၊ မင်းက မင်းရဲ့ ဆရာအကြောင်း ပြောတိုင်း တခြားလူ တစ်ယောက်လို ဖြစ်သွားတတ်တာပဲ၊ ဒါဟာ မင်းဆရာရဲ့ စည်းကမ်းတွေကြောင့် မင်းက ငါ့ကို 'ကောက်ကျစ်သော ထိုးနှက်ချက်' အစစ်အမှန်ကို သင်ပေးလို့ မရတာ မဟုတ်လား”

“ငါ့ဆရာအပေါ်မှာ ငါ့ကျေးဇူးတွေ အများကြီး ရှိခဲ့တာဆိုတော့ သူ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ငါ ဘယ်လိုလုပ် ချိုးဖောက်လို့ ရမှာလဲ” ဖန်တန်က အနည်းငယ် အားကိုးရာမဲ့သော အမူအရာဖြင့် ပြန်ဖြေသည်။

“မင်းက ငါ့ကို မသင်ပေးဘူး ဆိုရင်လည်း ဘာလို့ ဒီအကြောင်းကို ပြောပြနေရတာလဲ ငါ့ကို တမင် စနောက်နေတာလား မင်း ဒီလိုမျိုး လုပ်တာက တကယ်ကို လက်ခံနိုင်စရာ မရှိဘူးနော်” ရှဖေးက ပို၍ပင် ဇဝေဇဝါ ဖြစ်သွား သည်။

“ငါ မသင်ပေးဘူးလို့ မပြောပါဘူး” ဟု ဖန်တန်က အလျင်အမြန် ပြန်ပြင်လိုက်ရင်း “ဒါပေမဲ့ မင်း အနေနဲ့ စည်းကမ်းချက် အချို့ကို သဘောတူဖို့ လိုလိမ့်မယ်” ဟု ပြောလိုက်သည်။

“အဲဒီ 'ကောက်ကျစ်မှု' နည်းလမ်းကို သင်ရမယ်ဆိုရင်တော့ မင်း တောင်းဆိုသမျှ အရာအားလုံးကို ငါ သဘောတူပါတယ်” ရှဖေးမှာ ဝမ်းသာသွားပြီး ပြောလိုက်သည်။

ဖန်တန်သည် အလွန် လေးနက်သော အမူအရာကို ဖန်တီးလိုက်ပြီး သူ၏ လက်ဖြင့် မေးစေ့ကို အချိန်အတော်ကြာအောင် ပွတ်သပ်နေပြီးနောက် “အကယ်၍ နောင်တစ်ချိန်မှာ ငါ့ဆရာ အခက်အခဲနဲ့ တွေ့မယ်ဆိုရင် မင်းက ငါ့ကိုယ်စား သွားပြီး သူ့ကို ကူညီပေးရမယ်၊ သေချာပေါက် သေရမယ်ဆိုရင်တောင်မှ မင်း အဲဒီ တာဝန်ကို မငြင်းပယ်ရဘူး” ဟု ပြောလိုက်သည်။

“ဒါက ဖြစ်သင့်တဲ့ ကိစ္စပါပဲ၊ မင်းဆရာရဲ့ ရှားပါးလှတဲ့ နည်းစနစ်ကို သင်ယူရတာဆိုတော့ ငါ့ကို ပြင်ပ တပည့် တစ်ယောက်လို့ သတ်မှတ်လို့ ရတာပဲ၊ တပည့် တစ်ယောက် အနေနဲ့ ဆရာ အခက်အခဲ တွေ့တဲ့အခါ ကူညီရမှာက သဘာဝပဲလေ”

ရှဖေးက ခေါင်းညိတ်ပြလျက် လေးနက်စွာပင် ပြန်ဖြေလိုက်၏။

“ဒုတိယအချက်ကတော့... အကယ်၍ တစ်နေ့ကျလို့ ငါ့ဆရာ သေဆုံးသွားခဲ့မယ်ဆိုရင် မင်းက ငါ့ကိုယ်စား သွားပြီး သူ့ကို နောက်ဆုံးခရီး လိုက်ပို့ပေးရမယ့်အပြင် သူ၏ ဂူကိုလည်း သုံးနှစ်တိုင်တိုင် စောင့်ရှောက်ပေးရမယ်”

“တတိယအချက်ကတော့....”

ဖန်တန်သည် သူ၏ ဆရာနှင့် ပတ်သက်သော စည်းကမ်းချက် ၁၃ ချက်ကို အသေးစိတ် ရွတ်ဆိုပြခဲ့သည်။ ဖန်တန်သည် လူသတ်သမား တစ်ဦးအနေဖြင့် ကျရှုံးခဲ့သည် ဆိုစေကာမူ သူ၏ ဆရာနှင့် သူ သင်ကြားခဲ့သော ပညာရပ်အပေါ်တွင်မူ လေးစားမှု အပြည့်ရှိနေသည်ကို တွေ့ရသည်၊ သူ့အား စိတ်ဓာတ် ခိုင်မာပြီး တရားမျှတသော လူသတ်သမား တစ်ဦးဟု သတ်မှတ်နိုင်သည်။

ရှဖေးသည် ဖန်တန် တောင်းဆိုသမျှ အရာအားလုံးကို လိုလိုလားလားပင် သဘောတူလိုက်သည်၊ သူ အမှန်တကယ် လုပ်ဆောင်မလား ပြောလိုက်သည်ကိုမူ ရှဖေးနှင့် ကောင်းကင်ဘုံသာ သိပေလိမ့်မည်။

“တခြား တောင်းဆိုစရာတွေ ရှိသေးလား” ရှဖေးက မေးလိုက်၏။

“ရှိရင်လည်း အကုန် ပြောလိုက်ပါ၊ ငါ အားလုံးကို သဘောတူပါတယ်”

ဖန်တန်သည် ခေါင်းငုံ့ကာ အချိန်အတော်ကြာ စဉ်းစားလိုက်ပြီးမှ “ဒါဆိုရင်တော့ ပြီးပါပြီ၊ အကယ်၍ မင်းက ဒီစည်းကမ်း ၁၃ ချက်ကို လိုက်နာနိုင်မယ် ဆိုရင်တော့ ငါက မင်းကို 'ကောက်ကျစ်သော ထိုးနှက်ချက်' နည်းစနစ် အပြည့်အစုံကို သင်ပေးလိုက်တာဟာ ငါ့ဆရာကို သစ္စာဖောက်ရာ မရောက်တော့ပါဘူး” ဟု ပြောလိုက်သည်။

“မင်း စကားတွေ အများကြီး ပြောခဲ့ပေမဲ့ ငါ မင်းဆရာရဲ့ နာမည်ကိုတောင် မသိသေးဘူး၊ သူက ဘယ်သူလဲ” ရှဖေးက မေးလိုက်၏။

“အဲဒါကတော့... အင်း...” “ဒါကို နောက်မှ ပြောကြတာပေါ့၊ အချိန်တန်ရင် ငါ မင်းကို ပြောပြပါ့မယ်” ဖန်တန်က အနည်းငယ် တွေဝေသွားပြီးမှ ပြောလိုက်သည်။

ညဉ့်နက်သောအခါမှ ရှဖေးသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်စွာဖြင့် သူ၏ အခန်းဆီသို့ ပြန်ရောက်လာခဲ့သည်။

ဖန်တန်၏ 'ကောက်ကျစ်မှု' နည်းလမ်းမှာ ၎င်း၏ အမည်နှင့် လိုက်ဖက်လှသည်၊ ၎င်းမှာ လုပ်ကြံသတ်ဖြတ်မှုအတွင်း၌ ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်စွမ်းနှင့် လိုက်လျောညီထွေ ရှိမှုများကို ဖြည့်စွက်ပေးခြင်း ဖြစ်သဖြင့် ရန်သူများအတွက် ခုခံရန် ပိုမို ခက်ခဲစေရုံတင်မကဘဲ လုံးဝ ခန့်မှန်း၍ မရနိုင်လောက်အောင် ဖြစ်စေသည်။

နှမြောစရာ ကောင်းသည်မှာ ရှဖေးသည် သူ၏ လက်ရှိ အင်အားဖြင့် ထိုနည်းလမ်း၏ အစွမ်းကို အပြည့်အဝ မပြသနိုင်သေးခြင်းပင် ဖြစ်၏။ ပုံစံပြောင်းလဲမှုများမှာ ရိုးရှင်းသော ကိစ္စ မဟုတ်ချေ။ ၎င်းမှာ ကိုယ်ခန္ဓာ၏ လှုပ်ရှားနိုင်စွမ်း အလွန် ကောင်းမွန်ရန် လိုအပ်သလို ပုံစံပြောင်းလဲမှု များလေလေ ခန္ဓာကိုယ်အပေါ် ဖိအား များလေလေ ဖြစ်သောကြောင့် ဖြစ်သည်။

ယနေ့ လေ့ကျင့်မှုတွင် သူ၏ တိုးတက်မှုနှုန်းမှာ အလွန် နှေးကွေးနေသည်၊ ၎င်းမှာ ရှဖေး၏ ခန္ဓာကိုယ်မှာ အကောင်းဆုံး အခြေအနေသို့ ပြန်လည် မရောက်ရှိသေးခြင်းကြောင့် ဖြစ်နိုင်သည်။ ခုနစ်ရက်တိုင်တိုင် မအိပ်ဘဲ နေခဲ့ပြီးနောက် မနေ့ညက နာရီအနည်းငယ်မျှ အိပ်လိုက်ရရုံနှင့် မလုံလောက်သည်မှာ အသေအချာပင် ဖြစ်သည်။

ထို့ကြောင့် ရှဖေးသည် အောင်မြင်မှုအတွက် လောမနေဘဲ အနားယူရန် အချိန်ပေးလိုက်သည်။သူသည် သူ၏ တိုက်ခိုက်ရေးဝတ်စုံကိုပင် မချွတ်တော့ဘဲ ခုတင်ပေါ်သို့ မှောက်လျက် လဲကျကာ အိပ်စက်လိုက်လေသည်။

သူ၏ ခန္ဓာကိုယ်က ခုတင်နှင့် ထိလိုက်သည်နှင့် တစ်ပြိုင်နက် ရှဖေးသည် သူ၏အောက်တွင် တစ်ခုခု ရှိနေသည်ကို ခံစားလိုက်ရသဖြင့် လန့်သွားခဲ့ရသည်။

သူ၏ လက်ကို ဆန့်ထုတ်လိုက်သောအခါ ရှဖေးသည် သူ၏အောက်တွင် လက်စွပ် အချို့ ရှိနေသည်ကို တွေ့လိုက်ရသည်။ ရှဖေးသည် ပထမအဆင့် စစ်ဆေးမှုအတွင်း၌ အမှတ်အသား နှစ်ခုသာ ရရှိခဲ့သည် မဟုတ်ဘဲ အခြားသော ဟင်းလင်းပြင်လက်စွပ် သုံးကွင်းနှင့် ဟင်းလင်းပြင်လက်ပတ် တစ်ခုကိုပါ သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။ ထိုအရာများထဲတွင် ရှောင်ယုံ ပေးအပ်ခဲ့သော မြစိမ်းရောင် ကျောက်တုံးနှင့် လက်စွပ်လည်း ပါဝင်သည်။ ရှဖေးသည် ၎င်းအတွင်းရှိ ပစ္စည်းများကို စစ်ဆေးရန် အချိန်မရသေးချေ။

“ငါ ဒီလက်စွပ်ထဲမှာ ဘာတွေ ရှိလဲဆိုတာ ကြည့်ဖို့ အချိန်မရသေးဘူးပဲ၊ အထဲမှာ ကောင်းမွန်တဲ့ အရာ တစ်ခုခု ရှိနေနိုင်မလား” ရှဖေးသည် ထိုပစ္စည်းများကို လက်ထဲတွင် ဆုပ်ကိုင်ထားရင်း သူ မစစ်ဆေးရသေးသော လက်စွပ်ကို စိုက်ကြည့်လိုက်ကာ တွေးတောနေမိသည်။

ထိုသို့ တွေးတောရင်း သူသည် လက်စွပ်ကို ခုတင်ဘေးရှိ စားပွဲပေါ်သို့ တင်လိုက်ပြီး “ထားလိုက်ပါတော့၊ မနက်ဖြန်ကျမှပဲ ငါ သေချာ ကြည့်တော့မယ်” ဟု ဆိုကာ အိပ်စက်လိုက်လေသည်။

All Chapters