← Chapters

အိုးရန်မျိုးနွယ်က ဘယ်တော့မှ ကျွန်မခံဘူး

Vol. 117 Ch. 1743

အိုးရန်မျိုးနွယ်က ဘယ်တော့မှ ကျွန်မခံဘူး

Vol. 117 Ch. 1743

၎င်းကို မြင်လိုက်ရသောအခါ လူတိုင်း ဆွံ့အသွားကြရသည်။ ၎င်းမှာ ဝူကျန်းယွဲ့၏ သံသရာ ကောင်းကင်ဘုံသိုင်း မဟုတ်ပါလား၊ ၎င်းကို ဤမျှ လွယ်ကူစွာ ဖျက်ဆီးပစ်လိုက်နိုင်သည်လား။

အိုးရန်ယိနှင့် ဝူရို့ဟုန်တို့နှစ်ဦးစလုံး ထိတ်လန့်သွားကြသည်။ ဝူကျန်းယွဲ့၏ တာအိုသည် ဤမျှ အလွယ်တကူ ချေဖျက်ခြင်း ခံလိုက်ရသည်။

မိမိမှလွဲ၍ မည်သူမျှ သူ၏လမ်းစဉ်ကို မဖျက်ဆီးနိုင်ဟု ဝူကျန်းယွဲ့ ပြောခဲ့သည်မှာ အလကားပြောခဲ့ခြင်း မဟုတ်ပေ။ ထိုသို့ပြောရဲရန် သူသည် မိမိကိုယ်ကိုယ် အပြည့်အဝ ယုံကြည်မှု ရှိနေခဲ့၍ ဖြစ်သည်။

သို့သော်လည်း သူ၏ယုံကြည်မှုများသည် လက်ရှိတွင် လုံးဝ ပြိုလဲပျက်စီးသွားခဲ့ပြီ။

“ယွင်အာ... မင်းရဲ့ ပုံစံက...”

ကျုံးလီအာနှင့် အခြားသော အမျိုးသမီးများအားလုံး မှင်တက်သွားကြသည်။

“ကျွန်မပုံစံက ဘယ်လိုဖြစ်နေလို့လဲ”

ထန်ယွင်အာသည် ချက်ချင်းပင် ထိတ်လန့်သွားပြီး သူမ၏ ပါးကို အလျင်အမြန် စမ်းသပ်ကြည့်လိုက်ရာ နူးညံ့ ချောမွေ့နေသည်ကို တွေ့လိုက်ရသည်။

ထို့နောက်တွင် သူမသည် သူမ၏လက်များကို ငုံ့ကြည့်လိုက်ရာ ယခင်ကကဲ့သို့ တွန့်လိပ်ခြောက်ကပ်နေခြင်း မရှိတော့ဘဲ ဖြူဖွေးနုနယ်သော အထိအတွေ့ကို ပြန်လည်ရရှိသွားပြီ ဖြစ်ကြောင်း ရုတ်တရက် သတိပြုမိ သွားတော့သည်။

သူမ ယခင်ပုံစံအတိုင်း ပြန်ဖြစ်သွားလေပြီ။

*ဒါက*

လူတိုင်း ကြောက်ရွံ့ထိတ်လန့်သွားကြသည်။

သူတို့၏ မျက်ဝန်းများထဲတွင် ကြည်ညိုလေးစားမှုများမှာ ပိုမိုပြင်းထန်လာတော့သည်။ မျှော်လင့်ထားသည့် အတိုင်းပင် အသူရာ ဧကရာဇ်သည် ပြည်နယ် ကိုးခုတွင် အစွမ်းအထက်ဆုံးသော ဧကရာဇ်များထဲမှ တစ်ပါး ဖြစ်ပေသည်။ သူ၏ ထူးခြားဆန်းပြားသော စွမ်းအားသည် သံသရာ ကောင်းကင်ဘုံသိုင်းကို မျက်စိတစ်မှိတ် အတွင်း အမှုန့်ခြေပစ်လိုက်ပြီ ဖြစ်သည်။

သူမ၏ နောက်တွင်ရှိသော ကျုံးလီအာ၊ ထန်ပုခွေ။ အမျိုးသမီးများစွာ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားများမှာ တစ်ဦးပြီး တစ်ဦး ပျောက်ကွယ်သွားပြီး သူတို့၏ နုပျိုသော အလှတရားများ ပြန်လည် ပေါ်ပေါက်လာတော့သည်။

“ယဲ့ဖန် ... ရှင် တကယ့်ကို အံ့သြဖို့ကောင်းတာပဲ”

ထန်ယွင်အာသည် အတိုင်းထက်အလွန် ဝမ်းသာသွားပြီး ယဲ့ဖန်ကို တင်းတင်းကျပ်ကျပ် ဖက်ကာ နမ်းလိုက် တော့သည်။

ယဲ့ဖန်က ပြုံးလိုက်ပြီး အမျိုးသမီးများကို ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့ အရင်က ငါ့ကို မေ့လိုက်တော့လို့ ပြောခဲ့ကြတာ မဟုတ်လား”

အမျိုးသမီးများအားလုံး ရှက်ကိုးရှက်ကန်း ဖြစ်သွားကြပြီး ယဲ့ဖန်အား စိတ်ဆိုးမာန်ဆိုးနှင့် ကြည့်လေတော့သည်။

“မကောင်းတဲ့လူ... ရှင်က တမင်သက်သက် စနေတာပဲ”

“ကျုံးဝမ်ကော ဘယ်မှာလဲ”

ကျုံးဝမ် မရှိသည်ကို သတိထားမိသွားသဖြင့် ယဲ့ဖန် မေးလိုက်သည်။ ထိုအခါ အမျိုးသမီးများမှာ ဝမ်းနည်းသွားကြပြီး အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှကို ယဲ့ဖန်အား အကုန်ပြောပြလိုက်ကြသည်။

ယဲ့ဖန်၏ မျက်နှာမှာ ချက်ချင်းဆိုသလို အုံ့မှိုင်းသွားသည်။

ဝူကျန်းယွဲ့က သူ၏ စိတ်ရှည်မှုကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့သည်။

ဤသည်မှာ သူ၏ သိက္ခာကို စော်ကားခြင်း ဖြစ်သည်။

သူ၏ အမျိုးသမီးများကို နှိပ်စက်ခဲ့သည်။

သူ၏ မျိုးနွယ်စုဝင်များကို သတ်ဖြတ်ခဲ့သည်။

*တကယ်ကို သေသင့်သည့်ကောင်ပဲ*

ချက်ချင်းဆိုသလိုပင် အိုးရန် မျိုးနွယ်စု တစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်းက မျှော်လင့်ချက်အပြည့်ဖြင့် ယဲ့ဖန်ကို စိုက်ကြည့်နေကြသည်။

ယဲ့ဖန်က သူတို့အတွက် ကလဲ့စားချေပေးရုံသာမက လူတိုင်းကိုပါ ကယ်တင်ပေးခဲ့လိမ့်မည်ဟု သူတို့ မထင်ထား ခဲ့ကြပေ။

“ငါ ဝမ်ရှန်းမြို့ကို သွားမယ်”

ယဲ့ဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။

*ဘာ*

ထိုစကားကို ကြားသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။

*ယဲ့ဖန်က ဝူကျန်းယွဲ့နဲ့ စာရင်းသွားရှင်းမလို့လား*

*ဒါပေမဲ့ ဝူကျန်းယွဲ့ကို ဟေးရှန်း ညီအစ်ကိုနဲ့ ဘယ်ယှဉ်လို့ရမှာလဲ*

*ယဲ့ဖန် သွားမယ်ဆိုရင် အသက် အန္တရာယ် ရှိနိုင်တယ်မလား၊ ဒါက ငါတို့အတွက် အကောင်းထက် အဆိုးကိုပဲ ဖြစ်စေမှာ စိုးရတယ်*

အိုးရန်ချန်းက ချက်ချင်း ရှေ့တိုးလာကာ ယဲ့ဖန်၏ ရှေ့တွင် ဒူးထောက်လိုက်သည်။

“မိသားစု ခေါင်းဆောင် ... အရှင် စိတ်ဆိုးနေတာကို ကျွန်တော်နားလည်ပါတယ်၊ ဒါပေမဲ့ ဒီကိစ္စကို မိသားစု ခေါင်းဆောင်ဟောင်း ပြန်လာမှပဲ ဆုံးဖြတ်ကြရင် မကောင်းဘူးလား”

သူသည် ယဲ့ဖန်က စိတ်လိုက်မာန်ပါ လုပ်မိပြီး အမှားကြီး မှားသွားမှာကို စိုးရိမ်နေသည်။

ဝူကျန်းယွဲ့သည် စိတ်ကောင်းရှိသောသူ မဟုတ်ပေ။ အကယ်၍ ယဲ့ဖန်သာ သူနှင့် အလျင်စလို ရင်ဆိုင်ပါက သေချာပေါက် သေသွားပေလိမ့်မည်။

“အမှိုက်သရိုက်လောက်ကို စကားထဲ ထည့်ပြောဖို့တောင် မတန်ဘူး”

ယဲ့ဖန်က အေးဆေးစွာ ပြောလိုက်သည်။ သူသည် ဧကရာဇ် ကိုးပါးထဲမှ တစ်ပါးဖြစ်ပြီး ကျုံးကျိုး တိုက်ကြီး၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ ဝူကျန်းယွဲ့သည် အစွမ်းထက်သော်လည်း ယဲ့ဖန်နှင့် ယှဉ်ပြိုင်ရန်ပင် အရည်အချင်း မပြည့်မီပေ။

*အလေဏတော ဟုတ်လား*

လူတိုင်း၏ အမူအရာ ပြောင်းလဲသွားလေသည်။

*ယဲ့ဖန်ရဲ့ စကားက နည်းနည်း မာန်မတက်နေဘူးလား*

အတိတ်က အိုးရန်ချင်ရွှယ်တောင်မှ သူမ ဤသို့ စကားမျိုး ပြောရဲမည် မဟုတ်ပါ။

ထိုအခိုက်တွင် လူတိုင်း ဘယ်လို စကားမျိုး ပြောရမလဲမသိ ဖြစ်နေကြသည်။

“အမှိုက်သရိုက် ဟုတ်လား၊ သူက ငါတို့ နှစ်ယောက်လုံးကို တစ်ယောက်တည်းနဲ့ အနိုင်ယူခဲ့တာနော်၊ မင်းက သူ့ကို အမှိုက်လို့ ပြောရဲတယ် ဟုတ်လား၊ တကယ့်ကို မောက်မာလွန်းတာပဲ”

အိုးရန်ယိက ဒေါသတကြီး ပြောလိုက်သည်။

ယဲ့ဖန်က ဝူကျန်းယွဲ့ကို အမှိုက်ဟု ပြောခဲ့သည် မဟုတ်ပါလား။ ထိုသို့ဆိုလျှင် သူတို့က ဘာဖြစ်သွားမည်နည်း။ အမှိုက်ထက်ပင် ပိုဆိုးနေလေမလား။

“ဝူကျန်းယွဲ့က ဟေရှန်း ညီအစ်ကိုတွေနဲ့ မတူဘူး၊ ငါတို့နှစ်ယောက်ပေါင်းတာတောင် သူ့ကို မယှဉ်နိုင်ဘူး၊ နင်က ဘာမို့လို့လဲ”

ဝူရို့ဟုန်ကလည်း ယဲ့ဖန်ကို မထီမဲ့မြင် ပြုကာ ပြောလိုက်လေသည်။

ယဲ့ဖန်၏ နည်းလမ်းများက သူတို့ကို အထင်ကြီးစေခဲ့သော်လည်း ဝူကျန်းယွဲ့ကဲ့သို့သောလူမျိုးနှင့် ယှဉ်ပြိုင်ရန်မှာမူ အလှမ်း ဝေးနေသေးသည်။

"ပါးစပ်ပိတ်စမ်း၊ မိသားစုခေါင်းဆောင်ကို ဒီလိုမျိုး စကားပြောဖို့ ဘယ်သူက ခွင့်ပြုလိုက်တာလဲ"

အိုးရန်ချန်းက ချက်ချင်းဆိုသလို သုန်မှုန်သော မျက်နှာထားဖြင့် ငေါက်လိုက်သည်။

သို့သော် အိုးရန်ယိနှင့် သူ၏ အဖော်မှာမူ သူတို့ကို လုံးဝ ဂရုမစိုက်ကြပေ။ အိုးရန် မျိုးနွယ်စုအတွင်း၌ အချိန် အတော်ကြာ မောက်မာ တင်စီးလာခဲ့ကြသူများ ဖြစ်သဖြင့် ယဲ့ဖန်ကို မဆိုထားနှင့် အိုးရန်ကျန်းကိုပင် ပြန်လည် စော်ကားရန် ဝန်မလေးကြတော့ပေ။

"ကိုယ့်အသက်ကို အလဟဿ မစတေးခင် ကိုယ့်အရည်အချင်းကို အရင်ပြန်ဆန်းစစ်ကြည့်ဖို့ ငါ အကြံပေး ချင်တယ်"

အိုးရန်ယိက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

"ဝူကျန်းယွဲ့က သံသရာ ကောင်းကင်ဘုံသိုင်းကို အကုန် ကျွမ်းကျင်သွားပြီ။ ခွန်အားချင်းယှဉ်ရင် အရင်တုန်းက အိုးရန်ချင်ရွှယ်တောင် သူ့ကို မှီမှာမဟုတ်ဘူး။ အသူရာ ဧကရာဇ်ရဲ့ အမွေအနှစ်ကို ရထားတာနဲ့တင် မောက်မာလို့ ရပြီလို့ မထင်လိုက်နဲ့။ အဲ့ဒီကို သွားတာက ကိုယ့်သေတွင်းကိုယ်တူးတာပဲ"

ဝူရို့ဟုန်က ထပ်လောင်းပြောလိုက်သည်။

ယဲ့ဖန်က ရယ်မောလိုက်ပြီး ပြန်ပြောလိုက်သည်။

"ငါက မင်းတို့နဲ့ မတူဘူး"

"ဪ ... ဘာကွာလို့လဲ"

အိုးရန်ယိက မထီမဲ့မြင် ပြုကာ မေးလိုက်သည်။

"ငါက အမှိုက်မဟုတ်ဘူး"

ယဲ့ဖန်၏ နောက်ဆက်တွဲ စကားလုံးများက အိုးရန်ယိနှင့် သူ၏အဖော်ကို လုံးဝ ဒေါသထွက်သွားစေသည်။

"မင်း..."

အိုးရန်ယိနှင့် ဝူရို့ဟုန်တို့က ယဲ့ဖန်ကို စိုက်ကြည့်လိုက်ကြသည်။ သူတို့သည် အိုးရန် မျိုးနွယ်စု၏ ပါရမီရှင်များဟု သတ်မှတ်ခံထားရသူများ ဖြစ်သော်လည်း ယခုအခါတွင် ယဲ့ဖန်က သူတို့ကို အမှိုက်ဟု ခေါ်နေသည်။

လုံးဝ ခွင့်မလွှတ်နိုင်စရာပင်။

"မိသားစုခေါင်းဆောင် ... သူတို့စကားတွေက ကြမ်းတမ်းပေမဲ့ မိသားစု ခေါင်းဆောင် ကောင်းဖို့အတွက် ပြောတာပါ"

အိုးရန်ချန်းကလည်း ဘေးမှနေ၍ ဖျောင်းဖျလာသည်။ ယဲ့ဖန်သည် အိုးရန် မျိုးနွယ်စု၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သဖြင့် သူတို့အနေဖြင့် ဤကဲ့သို့ အန္တရာယ်မျိုးကို မရင်ဆိုင်စေချင်ပေ။

"တကယ်လို့ အိုးရန်ချင်ရွှယ်သာဆိုရင် သူ ဘာလုပ်မလဲ"

"ငါ အခု နောက်ဆုတ်လိုက်ရင် နောက်တစ်ချိန် ဝူကျန်းယွဲ့နဲ့ ရင်ဆိုင်ရတဲ့အခါ ငါ ဘာလုပ်ရမလဲ"

"ဝူကျန်းယွဲ့နဲ့ ငါက အိုးရန် မျိုးနွယ်စုနဲ့ နတ်ဘုရား မျိုးနွယ်စုရဲ့ အသက်ရှင်သေဆုံးမှုကို အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲတစ်ခုကို မဖြစ်မနေ တိုက်ရမယ့်သူတွေပဲ။ အဲ့ဒါဆိုရင် ဘာလို့ အခု မတိုက်ရမှာလဲ"

ယဲ့ဖန်၏ မေးခွန်းသုံးခုက အိုးရန်ချန်းကို အငိုက်မိသွားစေသည်။

အိုးရန်ချန်းသည် တစ်ခဏတာ မှင်သက်သွားပြီး စကားတစ်လုံးမှ မပြောနိုင်တော့ပေ။

တစ်ခဏမျှ ကြာပြီးနောက် သူသည် ခါးသီးစွာ ပြုံးလိုက်ပြီး စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

*ဟုတ်တယ်၊ ယဲ့ဖန်က အိုးရန် မျိုးနွယ်စုရဲ့ အင်အားအကြီးဆုံး ပါရမီရှင်၊ ဝူကျန်းယွဲ့ကလည်း နတ်ဘုရား မျိုးနွယ်စုရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ။ သူတို့နှစ်ယောက်ဟာ အနှေးနဲ့အမြန် တိုက်ခိုက်ရမှာပဲ၊ ဒါက အချိန်တစ်ခုပဲ လိုတော့တာ*

"ငါ့သတင်းကို စောင့်နေကြ"

ယဲ့ဖန်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝမ်ရှန်းမြို့ဆီသို့ တန်းတန်းမတ်မတ် ထွက် သွားတော့သည်။

"အိမ်တော်ထိန်း ... ဘာလို့ သူ့ကို မတားတာလဲ"

"ဟုတ်တယ်၊ အဲ့ဒီ ဝူကျန်းယွဲ့က ကြင်နာတတ်သူ မဟုတ်ဘူး။ အပြည့်အဝ မပြင်ဆင်ဘဲနဲ့ သူ့ကို ဘယ်လို သွားစိန်ခေါ်လို့ ရမှာလဲ"

"အခု အခြေအနေကတော့ မကောင်းဖို့ များနေမှာ စိုးရတယ်"

အိုးရန် မျိုးနွယ်စုဝင်များ၏ မျက်နှာတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်။

"ငါကရော မစိုးရိမ်ဘူးလို့ ထင်နေတာလား၊ ဒါပေမဲ့ အိုးရန် မျိုးနွယ်စု တစ်ခုလုံးမှာ သူ့ကို တားနိုင်တဲ့သူ ဘယ်သူ ရှိလို့လဲ"

အိုးရန်ချန်းက စိတ်တိုတိုနှင့် ပြောလိုက်သည်။

"အခုတော့ ကံတရားကိုပဲ ပုံအပ်ရတော့မှာပေါ့"

ချက်ချင်းပင် သူက အိုးရန်ယိတို့ကို လှည့်ပြောလိုက်သည်။

"မင်းတို့နှစ်ယောက် ရတနာ စံအိမ်ကိုသွားပြီး ဆေးယူလိုက်။ မင်းတို့ မြန်မြန် အင်အားပြန်ဖြည့်ပြီး မိသားစု ခေါင်းဆောင်ကို သွားကာကွယ်ပေးကြ။ သူ့ကို ဘာမှ အထိခိုက်မခံနဲ့"

"သူက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ၊ ကျွန်တော်တို့နဲ့ ဘာဆိုင်လို့လဲ?"

အိုးရန်ယိက ယဲ့ဖန်၏ စကားများကို ရန်ငြိုးထားကာ လှောင်ပြောင်လိုက်သည်။

"ပါးစပ်ပိတ်စမ်း၊ မိဘစကားနားမထောင်တဲ့ သားမိုက်၊ မင်းသာ မသွားရင် မျိုးနွယ်စုကနေ မောင်းထုတ်မှ ငါ့အဆိုး မဆိုနဲ့"

အိုးရန်ချန်းက မျက်လုံးများ နီမြန်းပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

ယဲ့ဖန် ယခုပြသခဲ့သော တစ်မူထူးသည့် အဆင့်က သူ့ကို ပိုမို ထိတ်လန့်စေသလို ဝမ်းလည်းသာစေသည်။ သူ မျှော်လင့်ချက်အပြည့် ထားရှိထားသော ဤလူငယ်အား လုံးဝ အသေမခံနိုင်ပေ။

အိုးရန်ယိ၏ ရိုင်းစိုင်းသော စကားများက သူ့ကို ဒေါသထွက်စေခဲ့သည်။

ဤသည်ကို မြင်သောအခါ အိုးရန်ယိ မှင်သက်သွားသည်။ သူ့ဖခင် ဤမျှအထိ ဒေါသပေါက်ကွဲသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

ထို့နောက် သူသည် သက်ပြင်းချကာ မတတ်သာသည့်အဆုံး ရတနာ စံအိမ်သို့ နာခံစွာ သွားခဲ့တော့သည်။

………

ထိုအချိန်တွင် ဝမ်ရှန်းမြို့အတွင်း၌ ...

“မြို့တော်ဝန် ... အဲ့ဒီ ဝူကျန်းယွဲ့က တစ်နေ့ထက်တစ်နေ့ ပိုပြီး မောက်မာ ရိုင်းစိုင်းလာပါတယ်။ သူက ဝမ်ရှန်းမြို့ ထဲမှာတင် လူကို ဗြောင်ကျကျ သတ်ဖြတ်ခဲ့တယ်။ ဒါက မြို့တော်ဝန်ကို လုံးဝ အလေးမထားတာပဲ”

ယွိချီဖုန်းရှောင်၏ နေအိမ်တွင် မြို့စောင့်တပ်မှူးက လာရောက်သတင်းပို့ခြင်း ဖြစ်သည်။ ယွိချီဖုန်းရှောင်က လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်သော မျက်နှာထားဖြင့် မေးလိုက်သည်။

“အပြင်မှာ ဘာတွေဖြစ်နေလဲ”

“အိုးရန် မျိုးနွယ်စုက အထိနာနေပြီး အိုးရန်လင်းလည်း အဖမ်းခံလိုက်ရပါပြီ၊ သူတို့ရဲ့ နယ်မြေအားလုံးကိုလည်း နတ်ဘုရား မျိုးနွယ်စုက ဝါးမြိုလိုက်ပြီ၊ ပြီးတော့ အဲ့ဒီလူတွေက ပြောသေးတယ်... ပြောသေးတာကတော့...”

“ဘာပြောသေးလို့လဲ”

ယွိချီဖုန်းရှောင်က အေးစက်စွာ လှည့်ကြည့်လိုက်သည်။

“မြို့တော်ဝန်က သူတို့ကို ကြောက်လို့ အခုထိ မျက်နှာမပြရဲတာလို့ ပြောနေကြပါတယ်”

ဝမ်ရှန်းမြို့တွင် လူသတ်ခြင်းကို လုံးဝတားမြစ်ထားသည့် မပြောင်းလဲသော စည်းမျဉ်းတစ်ခု ရှိသည်။ သို့သော် ဝူကျန်းယွဲ့က ယခုအခါ ဤစည်းမျဉ်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းမှာ ယွိချီဖုန်းရှောင်ကို လုံးဝ ဂရုမစိုက်ခြင်းပင် ဖြစ်သည်။

နတ်ဘုရား မျိုးနွယ်စု၏ နောက်ကွယ်တွင် ကောင်းကင်ဘုံကိုးလွှာ ရှိနေသောကြောင့် ဤကဲ့သို့ လုပ်ရဲခြင်း ဖြစ်သည်ကို ယွိချီဖုန်းရှောင် သိသည်။

၎င်းမှာ ဂရုမစိုက်ခြင်းထက် ရန်စခြင်းဟု ဆိုလျှင် ပိုမှန်လိမ့်မည်။

ဝူကျန်းယွဲ့၏ သဘောထားအရ နတ်ဘုရား မျိုးနွယ်စုသည် အိုးရန် မျိုးနွယ်စုကို ရှင်းလင်းပြီးပါက နောက်ထပ် ပစ်မှတ်မှာ ဝမ်ရှန်းမြို့ ဖြစ်လာမည်ကို ယွိချီဖုန်းရှောင် သေချာပေါက် သိနေသည်။

ဝမ်ရှန်းမြို့သည် အလွန်ပင် ချမ်းသာကြွယ်ဝသဖြင့် မည်သူကမှ လက်လွှတ်လိုကြမည် မဟုတ်ပေ။

ယခင်က နတ်ဘုရား မျိုးနွယ်စုသည် ဗြောင်မလုပ်ရဲခဲ့သော်လည်း ယခုအခါ ကောင်းကင်ဘုံ ကိုးလွှာ၏ ထောက်ခံမှုကို ရရှိထားသဖြင့် အခြေအနေမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

အကယ်၍ ကောင်းကင်ဘုံ ကိုးလွှာက ကျုံးကျိုးတိုက်ကြီး၏ ကိုးပြည်နယ်ဆီသို့ အာဏာပြန်လည်ဖြန့်ကျက်လိုလျှင် ဝမ်ရှန်းမြို့သည် ပထမဆုံး ပစ်မှတ် ဖြစ်လာပေလိမ့်မည်။

“သူတို့ကို ကြောက်တယ် ဟုတ်လား”

ယွိချီဖုန်းရှောင်က နှာခေါင်းရှုံ့လိုက်ပြီး မျက်နှာမှာ ချက်ချင်းဆိုသလို မည်းမှောင်သွားသည်။

“ငါ သူ့ကို လက်နဲ့တောင် မထိတာက သူ့ကို ကိုယ်တိုင် လက်နဲ့ သတ်မယ့် လူတစ်ယောက် ရှိနေတာကို သိလို့ပဲ”

“ငါ စိုးရိမ်တာ တစ်ခုပဲရှိတယ်၊ အဲ့ဒါက ငါ ဝင်ပါလိုက်လို့ အဲ့ဒီလူကို စိတ်အနှောင့်အယှက် ဖြစ်သွားမှာကိုပဲ၊ မဟုတ်ရင် အဲ့ဒီ ဝူကျန်းယွဲ့ ဆိုတဲ့ ကောင်လေးက အခုဆို အကြိမ်တစ်ထောင်မက သေနေလောက်ပြီ”

မြို့စောင့် တပ်မှူးမှာ ချက်ချင်းပင် အံ့အားသင့်သွားရသည်။

“ကိုးပြည်နယ်မှာ ကောင်းကင်ဘုံ ကိုးလွှာကို စိန်ခေါ်ရဲတဲ့သူ ရှိသေးလို့လား”

ယွိချီဖုန်းရှောင်က ချက်ချင်းပင် အေးစက်စွာ နှာခေါင်းရှုံ့၍ ပြောလိုက်သည်။

“အဲ့ဒီလူရဲ့ မျက်လုံးထဲမှာ ကောင်းကင်ဘုံ ကိုးလွှာဆိုတာ လေထုလောက်ပဲ ရှိတယ်”

“အဲ့ဒီလူရဲ့ မျက်လုံးထဲမှာ နတ်ဘုရား မျိုးနွယ်စုဆိုတာ ဝက်တွေ ခွေးတွေထက် မပိုဘူး”

“သူတို့တွေ သေလူတွေ ဖြစ်ကုန်တော့မှာ”

…..

ထိုအချိန်မှာပင် အိုးရန် မျိုးနွယ်စု၏ ကျောက်မျက်လောင်းကစားရုံအတွင်း၌ သွေးအလိမ်းလိမ်းဖြစ်နေသော အိုးရန်လင်းသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားပြီး သူ၏ ဦးခေါင်းမှာ ခြေထောက်တစ်ဖက်ဖြင့် အားရပါးရ နင်းခြေခြင်း ခံထားရသည်။

ကျောက်မျက်ဈေးတစ်ခုလုံးတွင် သတ်ဖြတ်ခြင်းခံထားရသော အိုးရန် မျိုးနွယ်စုဝင်များ၏ အလောင်းများမှာ ပြန့်ကျဲ နေလေသည်။ ထိုနေရာရှိ ဧည့်သည်များအားလုံးမှာလည်း ထိတ်လန့်တုန်လှုပ်သွားကြပြီး ဝူကျန်းယွဲ့ကို အလွန်အမင်း ကြောက်ရွံ့နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။

ဝူကျန်းယွဲ့သည် ဝမ်ရှန်းမြို့၏ စည်းမျဉ်းများကို ချိုးဖောက်ရဲရုံသာမက ယွိချီဖုန်းရှောင်းကိုပါ လုံးဝ အရေးမစိုက်ဘဲ ရှိနေသည်ကို သူတို့ မယုံနိုင်အောင် ဖြစ်နေကြသည်။ ကောင်းကင်ဘုံကိုးလွှာသည် ကိုးပြည်နယ်ကို ပြန်လည် ထိန်းချုပ်လိုသည်ဟူသော သတင်းများမှာ အခြေအမြစ်မရှိဘဲ ထွက်ပေါ်လာခြင်း မဟုတ်ပုံရပေ။

“သူ့ကို လွှတ်လိုက်၊ သူ့ကို အခုချက်ချင်း လွှတ်လိုက်”

လီဟွမ်ဟွမ်သည် မျက်ရည်အဝိုင်းသားဖြင့် ဝူကျန်းယွဲ့ကို ဒေါသတကြီး အော်ဟစ်နေရှာသည်။

ဝူကျန်းယွဲ့၏ နှုတ်ခမ်းထက်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာပြီး သူမ၏ခြေထောက်အောက်တွင် ရှိနေသော အိုးရန်လင်းကို စိုက်ကြည့်ကာ ဟု ပြောလိုက်သည်။

“ဒူးထောက်လိုက်စမ်း၊ ဒါဆိုရင် မင်းရဲ့ ခွေးအသက်ကို ငါ ချမ်းသာပေးကောင်း ပေးလိမ့်မယ်”

“အိုးရန် မျိုးနွယ်စုက ဘယ်တော့မှ ဒူးမထောက်ဘူး၊ အိုးရန် မျိုးနွယ်စုက ဘယ်တော့မှ ကျွန်မခံဘူး”

အိုးရန်လင်းက သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် အံကြိတ်ကာ အော်ဟစ် လိုက်တော့သည်။

All Chapters