← Chapters

ပထမဆုံးတစ်ယောက်

Vol. 16 Ch. 234

ပထမဆုံးတစ်ယောက်

Vol. 16 Ch. 234

"ငါ မင်းကို တစ်စစီဖြစ်အောင် လုပ်ပစ်မယ်"

ယဲ့ဖန်၏ စကားကြောင့် ကုန်းကျန့်ထျန်း ဒေါသမီးတို့ တောက်လောင်လာရသည်။

ရဲတင်းလိုက်တာ။

ဒဏ္ဍာရီအဆင့်ဖြစ်သည့် သူတို့ သုံးယောက်လုံး သည်လောက် ရဲတင်းလွန်းသည့် လူငယ်မျိုးကို သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးပါ၊ အထူးသဖြင့် ဆရာသခင်အဆင့်အောက်မှာသာ ရှိသည့် ရဲတင်းလှသော လူငယ်မျိုးကို ပို၍ မမြင်ဖူးပါ။

ဒါက သူတို့အတွက် လုံးဝကို ရှက်ဖွယ်အတိပင် ဖြစ်သည်။

ကုန်းကျန့်ထျန်းနှင့် ကျန် ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် နှစ်ယောက်၏ မျက်လုံးများက တောက်ပလာကာ ခက်ထန်သော မျက်နှာထားတို့ဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိကြသည်။

ထို့နောက် ကုန်းကျန့်ထျန်းက အော်ပြောလိုက်သည်။

"ငါတို့ သူ့ကို ဝိုင်းဖမ်းမှ ဖြစ်မယ်၊ ငါတို့ သူ့ကို ဖမ်းမိတာနဲ့ ငါတို့မှာ အသက်ရှင်ဖို့ အခွင့်အရေး ရှိသေးတယ်"

ကုန်းကျန့်ထျန်းက ကျန် ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် နှစ်ယောက်နှင့် အပြန်အလှန်ကြည့်ရင်း ကြောက်မက်ဖွယ်ကောင်းသည့် အပြုံးမျိုး ပြုံးလိုက်သည်။

ထိုစဉ် ယဲ့ဖန်က ရှေ့သို့ တစ်လှမ်းတိုးလာရင်း ကြုံးဝါးလိုက်သည်။

"မလောက်လေး မလောက်စားတွေ … သေဖို့ စောင့်နေလိုက်တော့"

ယဲ့ဖန်၏ စကားကြောင့် ကုန်းကျန့်ထျန်း၏ ဒေါသက ထောင်းခနဲ ပေါက်ကွဲလာသည်။

*မလောက်လေးမလောက်စားတွေ ဟုတ်လား*

*ခွေးမသားလေးက ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်ကို မလောက်လေး မလောက်စားလို့‌ ခေါ်နေတာလား*

*ီးပဲ*

*မြေနိုးလေး … မင်းတော့ သေချင်နေတာပဲ*

ကုန်းကျန့်ထျန်းနှင့် အခြား ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်နှစ်ယောက်က တစ္ဆေကောင်ကဲ့သို့ လှစ်ခနဲ လှုပ်ရှားကာ ယဲ့ဖန်အား သူတို့၏ သံမဏိကဲ့သို့ မာကြောသော လက်သီးများဖြင့် ထိုးနှက်လိုက်သည်။

ဝုန်း!

သံမဏိလက်သီး သုံးချက်ကြောင့် ဝုန်းခနဲ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ပြင်းထန်သော လေထုနှင့် ရင်ဆိုင်ရသဖြင့် လမ်းမတောင်မှ ပြိုကျသွားရသည်။

တိုက်ပွဲကို ဘေးမှ ကြည့်နေသူများ ကြောက်လန့်ကာ တုန်လှုပ်သွားရသည်။

နတ်ဆိုးတောင်ကြားမှ ထိပ်တန်း သိုင်းပညာရှင်များ၏ မျက်နှာတောင်မှ သုန်မှုန်သွားရသည်။

"သတိထား … သခင်ကြီး … အဲ့ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် သုံးယောက်က သူတို့ရဲ့ ခွန်အားကို အကုန်ထုတ်သုံးနေပြီ"

ထိုအချိန်တွင် ယဲ့ဖန်၏ နောက်လိုက်များ အားလုံး အလွန်အမင်း စိုးရိမ်လာကြသည်။

အမှန်အတိုင်းဆိုလျင် ယဲ့ဖန်သည် သူ့ရန်သူသုံးယောက်ထက် အဆင့် ခြောက်ဆင့် နိမ့်လို့နေ၏။ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် သုံးယောက်က ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သဖြင့် သူတို့၏ တိုက်ပွဲဝင် ခွန်အားက ယဲ့ဖန်၏ ခွန်အားထပ် ဆယ်ဆမက ပိုသန်မာလေသည်။

စုပေါင်းထားသည့် တိုက်ပွဲဝင် ခွန်အားက မဟာဝူနတ်ဘုရား၏ ခွန်အားထက်တောင်မှ သာလွန်နေသည်။

ယဲ့ဖန်သည် ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် သုံးယောက်နှင့် တစ်ပြိုင်တည်း တိုက်ခိုက်နေခြင်း ဖြစ်သည်။ ဤတိုက်ပွဲသည် သူတို့ မြင်ခဲ့ဖူးသမျှ တိုက်ပွဲတိုင်းတွင် အကြီးမားဆုံး အဆင့်ကွာခြားသည့် တိုက်ပွဲဖြစ်သည်မှာ အသေအချာပင်။

ထို့ကြောင့် လူတိုင်း စောင့်ကြည့်နေရင်း ရင်တုန်နေရသည်။

သို့သော် ထိုအချိန်တွင် ယဲ့ဖန်က သူ့လက်သီးကိုသာ သုံး၍ ပြန်ခုခံလိုက်သည်။

*သွားပြီ*

ယဲ့ဖန်၏ တုံ့ပြန်မှုကို ကြည့်ရင်း နတ်ဆိုးတောင်ကြားမှ ထိပ်တန်း သိုင်းပညာရှင်များ၏ မျက်နှာများက ချက်ချင်း မည်းမှောင်သွားပြီး သူတို့ နှလုံးသားတစ်ခုလုံး ပြုတ်ထွက်သွားသလို ခံစားလိုက်ရသည်။

ယဲ့ဖန်က တစ်ပြိုင်တည်း တိုက်ခိုက်လာသော ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်သုံးယောက်အား လက်သီးဖြင့် တန်ပြန် ခုခံလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့မိပါ။

ယဲ့ဖန်သည် ယခုလေးတင် သွေးနှင့် အသားများစွာကို ဆုံးရှုံးထားခဲ့တာ ဖြစ်သဖြင့် စွတ်စွတ်ဖြူနေသော အရိုးများသာ ထင်း၍ ကျန်ရစ်နေသည်၊ ထို့ကြောင့် သူ ခွန်အား အတော်လေး ကုန်ဆုံးနေသည်မှာ သေချာလောက်သည်။

တစ်ဘက်တွင်တော့ သူ၏ ရန်သူများသည် ယခင်ကထက် ပို၍ သန်မာနေသည်၊ အကယ်၍ သူသည် ရန်သူများ၏ တိုက်ခိုက်မှုအား ပြန်ခုခံခြင်း ပြုမည်ဆိုပါက သူ ဘယ်တော့မှ အနိုင်ရမည်မဟုတ်ပေ။

"ဟားဟား … ရဲတင်းလွန်းလိုက်တဲ့ ကောင်လေး … သေလိုက်တော့"

ယဲ့ဖန်၏ အပြုအမူကြောင့် ကုန်းကျန့်ထျန်းနှင့် သူ၏ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်နှစ်ယောက်တို့ တက်ကြွလာသည်။

တကယ်တော့ သူတို့သည် ယဲ့ဖန်က သူတို့၏ တိုက်ကွက်ကို ရှောင်တိမ်းလိုက်မည်ကို ပို၍ စိုးရွံ့နေခြင်း ဖြစ်သည်။

ယဲ့ဖန်က နတ်ဘုရားဖြစ်နေလျင်တောင်မှ သေချာပေါက် သေလိမ့်မည်ဟု သူတို့ တွက်လိုက်မိသည်။

"သေပေတော့"

သူတို့၏ လက်သီးများက ယဲ့ဖန်၏ သံမဏိ လက်သီးဖြင့် ထိပ်တိုက်တွေ့သွားသည်။

ဝုန်း! ဝုန်း! ဝုန်း!

ဝုန်းခနဲ အသံနှင့်တူ ကုန်းကျန့်ထျန်းနှင့် ကျန်ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်နှစ်ယောက်တို့ နောက်သို့ သုံးလှမ်းဆက်တိုက် ဆုတ်လိုက်ရသည်။

ပြင်းထန်လွန်းလှသည့် တိုက်ခိုက်မှုကြောင့် ယဲ့ဖန်သည် ချက်ချင်း နောက်သို့ လွင့်ထွက်သွားရသည်။

ဆယ်မီတာ ရှည်သော ရေမြောင်းနှစ်ခုကို ကျော်သွားပြီးသွားတော့မှသာ ရပ်တန့်သွားသည်။

"အမ်…သူ တောင့်ခံနိုင်တာလား"

ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် သုံးယောက်လုံး ထိတ်လန့်သွားသည်။ သူတို့၏ စုပေါင်းခွန်အားအား ယဲ့ဖန် ကြံ့ကြံ့ခံနိုင်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိပါ။

သို့သော် တစ်ခဏအကြာတွင် သူတို့ လှောင်ရယ်လိုက်ကြသည်။

*အဲ့တော့ကော ဘာဖြစ်လဲ*

*မင်း သေကိုသေရမှာပဲကို*

တောက်! တောက်!

ထိုအချိန်တွင် ယဲ့ဖန်၏ လက်သီးမှ သွေးများ တစက်စက် ကျနေသည်။

ထိုစဉ် ယဲ့ဖန်က ရေမြောင်းနှစ်ခုကို ဖြတ်ကျော်လာပြီး မကောင်းဆိုးဝါး ဆန်သော မျက်နှာထားဖြင့် မှတ်ချက်ပေးလိုက်သည်။

" ဒဏ္ဍာရီအဆင့် သုံးယောက်သာ ပြောတယ် သာမန်ပါပဲ"

*ဘာ*

ယဲ့ဖန်၏ စကားကြောင့် ကုန်းကျန့်ထျန်းနှင့် အခြား ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်နှစ်ယောက်လုံး တွေဝေသွားကြသည်။

ဆိုးဆိုးရွားရွား ဒဏ်ရာရနေသော ဆရာသခင်ဖြစ်ခါနီး အဆင့်သာ ရှိသည့် သူက သူတို့၏ လက်သီးချက် တစ်ချက်ကို တောင့်ခံနိုင်လိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့မိပါ။

စက္က့န်ပိုင်းမျှ အကြာတွင် သူတို့၏ အံ့ဩနေသော အကြည့်အောက်၌ ယဲ့ဖန်က မူလ သလင်းကျောက်တစ်ခုကို ထုတ်၍ ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။

ထိုသလင်းကျောက်သည် မဟာဝူနတ်ဘုရား၏ မူလသလင်းကျောက် ဖြစ်သည်။

ဂျွတ်ခနဲ အသံနှင့်တူ သူ စ၍ ဝါးစားလေတော့သည်။ ထို့အပြင် ယဲ့ဖန်၏ မျက်နှာက တဖြည်းဖြည်း ပို၍ နတ်ဆိုးဆန်လာသည်။

"မင်းတို့က ဒီလောက်ပဲ တတ်နိုင်မှတော့ မင်းတို့ သေလို့ရပြီ"

ထိုသို့ပြောပြီး ယဲ့ဖန်က ကုန်းကျန့်ထျန်းနှင့် ကျန်ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်နှစ်ယောက်ထံသို့ လှစ်ခနဲ ပြေးဝင်သွားသည်။

သူက တိုက်ကွက်တစ်ကွက် ထုတ်၍ သူတို့အား တိုက်ခိုက်လိုက်သည်။

သူ၏ လှုပ်ရှားပုံကို ကြည့်ပြီး ဒဏ္ဍာရီအဆင့် သုံးယောက်လုံး ထိတ်လန့်ကာ ဒေါသထွက်သွားကြသည်။

အားနည်းသော ပမွှားကောင်လေးက သူတို့ထံသို့ စ၍ တိုက်ကွက်ထုတ်ကာ တိုက်ခိုက်လာမည်ဟု သူတို့ ထင်မှတ်မထားခဲ့မိပါ။

"မင်းက သေချင်နေတာပဲ"

ဒဏ္ဍာရီအဆင့် သုံးယောက်က ချက်ချင်းဆိုသလို ဖိနှိပ်နိုင်သော ချီဓာတ်များကို ထုတ်ပြီး ရှေ့သို့ ပြေးတက်ကာ ယဲ့ဖန်အား အားနှင့် ထိုးလိုက်သည်။

ဝုန်း! ဝုန်း! ဝုန်း!

ပေါက်ကွဲသံနှင့်အတူ ယဲ့ဖန်သည် နောက်သို့ ရှစ်မီတာခန့် လွင့်ထွက်သွားသည်။ သို့သော် မြေကြီးနှင့်‌ ခြေထောက် ပြန်ထိလိုက်သည်နှင့် သူက ဒုတိယမြောက် တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။

နောက်ထပ် ဖြစ်ပွားလာသည်များက ပို၍ အံ့အားသင့်စရာ ကောင်းလာသည်။

ထပ်ခါ ထပ်ခါ လွင့်ထွက်သွားတာတောင်မှ ယဲ့ဖန်က အရူးတစ်ယောက်လို ဒဏ္ဍာရီအဆင့်များထံသို့ အကြိမ်ကြိမ် ပြေးဝင်သွားသည်။

ဆယ်မီတာ၊ ရှစ်မီတာ၊ ခြောက်မီတာ၊ လေးမီတာ၊

……

ဘေးလူများ၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ယဲ့ဖန် နောက်သို့ လွင့်ထွက်သွားသည့် အကွာအဝေးက နည်းသထက် နည်းလာသည်။

သူ၏ တိုက်ခိုက်မှုများကတော့ ပို၍ ရက်စက်လာ၏။

ဝုန်း! ဝုန်း! ဝုန်း!

ဤတစ်ချိန်တွင်တော့ ယဲ့ဖန်သည် လွင့်ထွက်သွားခြင်း မရှိဘဲ နေရာမှာ ရပ်မြဲတိုင်း ရပ်နေသည်။

"မဖြစ်နိုင်ဘူး"

ကုန်းကျန့်ထျန်းနှင့် ကျန်ဒဏ္ဍာရီအဆင့် နှစ်ယောက်တို့ ချောက်ချားသွားကြသည်။

ဒဏ္ဍာရီအဆင့် သုံးယောက်နှင့် လက်ရည်တူ ဖြစ်လာရန် ယဲ့ဖန်အတွက် အချိန် စက္က့န်ပိုင်းလောက်သာ ပေးလိုက်ရသည်။

*အံ့…အံ့ဩဖို့ကောင်းလိုက်တာ*

သို့သော် ဤမျှနှင့် မပြီးသေးပေ။

"အချိန်စေ့ပြီ … မင်းတို့ သေလို့ရပါပြီ"

ယဲ့ဖန်က တင်းမာသော အသံဖြင့် ပြောလိုက်သည်။ သူ၏ လက်သီးချက်များက ပို၍ ကြမ်းကြုတ်လာသည်။

ဝုန်း! ဝုန်း! ဝုန်း!

ယဲ့ဖန်၏ ကြမ်းတမ်းလွန်းလှသော တိုက်ကွက်များနှင့် ရင်ဆိုင်လာရသဖြင့် ဒဏ္ဍာရီအဆင့် သုံးယောက်၏ လက်သီးများက ပုံပျက်ပန်းပျက်နှင့် ထိခိုက်လာကြသည်။ နောက်ဆုံးတွင် ဖောင်းခနဲ မြည်သံနှင့်အတူ ယဲ့ဖန်၏ လက်သီးချက်ကြောင့် လွင့်ထွက်သွားသည်။

"အား…အား…အား"

သူတို့၏ စူးရှလှသော အော်သံများက လမ်းမအနှံ့ ပျံ့နှံ့သွားသည်။ မယုံနိုင်သော မျက်နှာထားများနှင့် ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် သုံးယောက်တို့သည် သေမတတ် ကြောက်လန့်လာကြသည်။

*လုံး…လုံးဝ မဖြစ်နိုင်ဘူး*

သို့သော် အိပ်မက်ဆိုးက ယခုမှ စရုံလေးတင် ရှိချေသေး၏။

ယဲ့ဖန်၏ ချီဓာတ်က အလွန်အမင်း သန်မာလာပြီး ဆရာသခင်အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်း အလိုလောက်သာ ဖြစ်လာသည်။

သူက ဆက်တိုက် လက်သီးချက်များ ထိုးသွင်းနေသဖြင့် ဒဏ္ဍာရီအဆင့် သုံးယောက်လုံး နောက်သို့ လျင်မြန်စွာ ဆုတ်နေကြသည်။

တကယ့်ကို တစ်ဖက်သတ် တိုက်ပွဲကြီးပင်။

သို့သော် ဤသည်ကား ဆရာသခင်ဖြစ်ခါနီးအဆင့်က ဒဏ္ဍာရီအဆင့် သုံးယောက်အား ဖိနှိပ်ထားနိုင်သည့် တစ်ဖတ်သတ် တိုက်ပွဲကြီး ဖြစ်လို့နေသည်။

ဤမြင်ကွင်းကြောင့် မဟူရာ ကြက်ခြေခတ် အဖွဲ့မှ ကျန်ရှိနေသော ဆရာသခင် အယောက်ငါးဆယ်လုံး ဖမ်းစားခံလိုက်ရသလို ဖြစ်သွားကြသည်။

ဂလု!

အဖွဲ့သားတိုင်း တံတွေးကို မနည်းမျိုချနေရသည်။ သူတို့ဂိုဏ်းခွဲများမှ အင်အားအကြီးဆုံးသူများသည် ဤမျှ ငယ်ရွယ်သည့် လူငယ်လေးတစ်ယောက်၏ ဖိနှိပ်ခြင်း ခံနေရသည်ကို မယုံကြည်ကြချေ။

*လုံး…လုံးဝ မဖြစ်နိုင်ဘူး*

သို့သော် ထိုအချိန်တွင် သူတို့သည် မာဆတ်ဆတ် အသံတစ်သံကို ကြားလိုက်ရသည်။

"ပထမဆုံးတစ်ယောက်"

ရုတ်တရက် ယဲ့ဖန်က ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်တစ်ယောက်၏ ပခုံးကို ဖမ်းကိုင်လိုက်သည်။

တစ်ခဏအကြာတွင် ဂျွတ်ခနဲ အသံနှင့်အတူ ထိုလူအိုကြီး၏ ပခုံးတစ်ဘက်က ပြုတ်ထွက် သွားလေတော့သည်။

All Chapters