← Chapters

မင်းက ငါ့ကျေးကျွန်ဖြစ်ဖို့ အရည်အချင်း မပြည့်မီဘူး

Vol. 16 Ch. 236

မင်းက ငါ့ကျေးကျွန်ဖြစ်ဖို့ အရည်အချင်း မပြည့်မီဘူး

Vol. 16 Ch. 236

လေထုထဲ သွေးနံ့များနှင့် ပြည့်နှက်လို့နေ၏။

ကုန်းကျန့်ထျန်း၏ ခြေထောက်တစ်ဘက်က ခပ်ဝေးဝေးသို့ လွင့်ထွက်သွားသည်။

ဘုတ်ခနဲ အသံနှင့်အတူ သူ၏ ပြတ်သွားသော ခြေထောက်တစ်ဘက် လမ်းမပေါ် ပြန်ပြုတ်ကျလာသည်နှင့် လူတိုင်း မျက်ခုံး တလှုပ်လှုပ်ဖြစ်နေကြသည်။

တစ်ချက်တည်းပါပဲလား။

ယဲ့ဖန်က တစ်ချက်တည်းနှင့် ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်၏ ခြေထောက်ကို ပြုတ်ထွက်သွားအောင် လုပ်ခဲ့သည်။

*မဖြစ်နိုင်ဘူး*

မဟူရာ ကြက်ခြေခတ်အဖွဲ့မှ ဆရာသခင်အဆင့် သိုင်းပညာရှင်များ ကြောက်လန့်ကာ ဘောင်းဘီထဲ သေးထွက်ကျမတတ် ဖြစ်နေသည်။ နတ်ဆိုးတောင်ကြားမှ ထိပ်တန်း သိုင်းပညာရှင်များတောင်မှ မှင်တက်သွားရသည်။

ထိုအခါမှသာ သူတို့၏ သခင်ကြီးသည် သူတို့ ထင်ထားသည်ထက် ပို၍ သန်မာ၍ ကြောက်ဖို့ကောင်းသည်ဆိုတာကို သူတို့ သိလိုက်ရသည်။

ကျယ်လောင်စွာ တစ်ချက် အော်ဟစ်ပြီးနောက် ကုန်းကျန့်ထျန်းသည် ပြတ်သွားသော ခြေထောက်ဘက်မှ သွေးများ တစက်စက် ကျနေရင်းဖြင့် ကျန်ခြေထောက်တစ်ဘက်ကို အားပြု၍ နောက်သို့ ပြန်ဆုတ်လိုက်သည်။

သူ၏ မျက်နှာသည်လည်း အလွန် သွေးပျက် ချောက်ချားဟန် ပေါ်လွင်နေပြီး သွေးမရှိတော့သလို ဖြူစုတ်နေသည်။

သူ့ကိုယ်သူ အိပ်မက်ဆိုး မက်နေသည်ဟု ခံစားနေရဆဲ ဖြစ်နေ၏။

လွန်ခဲ့သည့် ရက်များစွာက ယဲ့ဖန်သည် ဆရာသခင် စဦးအဆင့်ဖြစ်သော လီကျိုးယောင်ကို ခက်ခက်ခဲခဲ သတ်ခဲ့ရသည်။

သို့ပေမဲ့ အချိန်တိုလေးအတွင်းမှာပင် ယဲ့ဖန်သည် ဆရာသခင် အလယ်အလတ် အဆင့် ၊ ဆရာသခင် နောက်ဆုံးအဆင့်နှင့် ဆရာသခင် အထွတ်အထိပ်အဆင့် ရှိသည့် သိုင်းပညာရှင်များကို ကျော်လွန်သာသည်၊ ထို့အပြင် ဒဏ္ဍာရီတစ်ပိုင်းအဆင့် ရှိသည့် သိုင်းပညာရှင်များကိုလည်း ဖိနှိပ်လာနိုင်သည်။ ထိုသည်သာမက ဒဏ္ဍာရီအဆင့်ကိုတောင်မှ သွေးထွက်သံယိုဖြစ်အောင် ထိုးနှက်လာနိုင်နေသည် မဟုတ်ပါလား။

ကြောက်မက်ဖွယ်ကောင်းလှသော တစ်စတစ် ပြောင်းလဲတိုးတက်လာသည့် နှုန်းအရ သူသည် သေချာပေါက်ကို လူထူးလူဆန်း ဖြစ်ရပေမည်။

ကုန်းကျန့်ထျန်း ယဲ့ဖန်အကြောင်း ပိုတွေးလေ သူ ပိုပြီး ကြောက်ရွံ့ကာ တုန်လှုပ်လာလေ ဖြစ်သည်။

"ယဲ့…ယဲ့ဖန်… ငါ့ကို ခွင့်လွှတ်ပေးပါ … ငါ… ငါ ဝိညာဉ်ရိုင်းနဲ့ အခြားသူတွေလိုပဲ မင်းရဲ့ အစေခံလုပ်ဖို့ ဆန္ဒရှိပါတယ် … ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ"

လက်မောင်းတစ်ဘက်နှင့် ခြေထောက်တစ်ဘက်တို့ကို ဆုံးရှုံးရပြီးနောက် ကုန်းကျန့်ထျန်း စိတ်ဓာတ်ကျသွားသည်။

ယခုအချိန်တွင် သူသည် သူအသက်ရှင်ဖို့အရေးကိုသာ မျှော်လင့်နေမိသည်။ သို့သော် သူ့စကားကြောင့် ယဲ့ဖန်၏ မျက်လုံးမှ မနှစ်မြို့ဖွယ်ကောင်းသော အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။

"ငါ့အစေခံ လုပ်မယ်တဲ့လား"

"ငါ့အစေခံတွေက သေဖို့ မကြောက်ဘူး … မင်းက ငါ့အစေခံဖြစ်ဖို့ အရည်အချင်း မပြည့်မှီဘူး"

*ဘာ*

သူ၏ ကြောက်စရာကောင်းသော စကားကြောင့် ကုန်းကျန့်ထျန်း ချက်ချင်း အေးခဲသွားရသည်။

"ယဲ့ဖန် … မင်းက ငါ့ကို အတင်း တိုက်ခိုက်အောင် လုပ်နေတာပဲ … သတိရပါ … ဒါမင်း ငါ့ကို အတင်းဖိအားပေးခဲ့တာ"

ထို့နောက် ကုန်းကျန့်ထျန်းက သူ့လက်မောင်းတစ်ဘက်ကို ခါယမ်းလိုက်သည်၊ ချက်ချင်းဆိုသလိုပင် သူ့အင်္ကျီစက စုတ်ပြဲသွားပြီးနောက် ဆိုးရွား၍ ထိတ်လန့်ဖွယ်ကောင်းသော မဟူရာ ကြက်ခြေခတ် သင်္ကေတ ပေါ်လာသည်။

ထို့အပြင် ထိုသင်္ကေတမှ အနက်ရောင် အလင်းတန်းများ ထွက်ပေါ်နေပြီး အဖျက်စွမ်းအင် ထွက်ပေါ်လာရန် အရှိန်ယူ အစပျိုးနေသလားဟု မှတ်ရသည်။

ထိုအနက်ရောင် အလင်းတန်းကို ကြည့်ပြီး ဝိညာဉ်ရိုင်းနှင့် သူ့လူများ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။

"သခင်ကြီး သတိထားပါ … အဲ့ဒါ မဟူရာ ကြက်ခြေခတ်အဖွဲ့ရဲ့ သေစေနိုင်တဲ့ သိုင်းကွက်ပါ"

ဝိညာဉ်ရိုင်းနှင့် သူ့လူများ ကြက်သီးတဖြန်းဖြန်းထကာ တုန်ယင်လာသည်။

သိုင်းကွက်၏ နာမည်ကို ကြားလိုက်ရပြီးနောက် နတ်ဆိုးတောင်ကြားမှ ထိပ်တန်းသိုင်းပညာရှင်များ တောင်မှ တုန်လှုပ်သွားရသည်။

"မဟူရာ ကြက်ခြေခတ်အဖွဲ့ရဲ့ သေစေနိုင်တဲ့ သိုင်းကွက် … သေစမ်း … အဲ့ဒါ မဟူရာ ဧကရာဇ်ရဲ့ အစေခံရှစ်ယောက်ရဲ့ မူပိုင် သိုင်းကွက်မဟုတ်လား … ကုန်းကျန့်ထျန်းက မဟူရာ ဧကရာဇ်ရဲ့ အစေခံ ဖြစ်နေတာပါလား"

"ဒဏ္ဍာရီတွေအရဆို အစေခံ ရှစ်ယောက်က အဲ့သိုင်းကွက်ကို သုံးတဲ့အခါ သူတို့ရန်သူနဲ့အတူ သူတို့ပါ ပျောက်ကွယ်သွားတယ်တဲ့ … အဲ့ဒါကို သုံးလိုက်တာက လူတိုင်းအတွက် သေမင်းကို လက်ယပ်ခေါ်နေတာနဲ့ အတူတူပဲ"

"မဟူရာ ဧကရာဇ်ရဲ့ အစေခံရှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ တစ္ဆေဘုရင် ဒီသိုင်းကွက်ကို သုံးခဲ့တုန်းက သူနဲ့အတူ ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်ပါ ပျောက်ကွယ်သွားခဲ့တာ"

ထိပ်တန်းသိုင်းပညာရှင်များသည် အလွန် ဆန်းကြယ်သည့် သူများဖြစ်သဖြင့် မဟူရာ ကြက်ခြေခတ်အဖွဲ့၏ သေစေနိုင်သော သိုင်းကွက်သည် ထိတ်လန့်ဖွယ်ရာ ကောင်းကြောင်းများကို ကြားထားဖူးပြီးသား ဖြစ်သည်။

ထို့ကြောင့် လူတိုင်း ထိတ်လန့်ကြောက်ရွံ့ကာ အော်ဟစ်လိုက်မိကြသည်။

"မြန်မြန် …. သူ့ကို တားကြ"

ထို့နောက် သူတို့သည် ကုန်းကျန့်ထျန်းထံသို့ လွှားခနဲ ခုန်ဝင်၍ သူ့ကို မြန်နိုင်သမျှ မြန်မြန် တားဆီးရန် ကြိုးစားလိုက်ကြသည်။

သို့သော် နောက်ကျသွားချေပြီ။

"ဟဟ…နောက်ကျသွားပြီ… အရမ်း နောက်ကျသွားပြီ"

ကုန်းကျန့်ထျန်းက အလွန် ဝမ်းနည်းနေသော မျက်လုံးများဖြင့် ပြောလာသည်။ မဟူရာ ကြက်ခြေခတ်အဖွဲ့၏ သေစေနိုင်သော သိုင်းကွက်အား အသုံးပြုပါက သူ မုချ သေမည်ကို သူ သိနေသည်။ သို့သော်လည်း သူ့၌ အခြား ရွေးချယ်စရာ မရှိတော့။

သူ ယဲ့ဖန်ကိုသာ ပျောက်ကွယ်သွားစေချင်သည့် စိတ်ရှိနေသည်။

"ယဲ့ဖန်…ငါနဲ့အတူတူ သေလိုက်တော့"

ထို့နောက် သူက ယဲ့ဖန်ထံသို့ ပြေးဝင်သွားသည်။

ဒုန်း! ဒုန်း! ဒုန်း!

လေထုသည် ပိန်းနက်နေအောင် မည်းမှောင်နေပြီး လမ်းမတစ်ခုလုံးက ကမ္ဘာပျက်ကိန်း ဆိုက်လာသည့်နှယ် အလွန်အမင်း ပျက်စီးလို့လာသည်။

ကုန်းကျန့်ထျန်းက ခြေထောက်တစ်ဘက်တည်းနှင့် ခုန်လိုက်ပြီး ယဲ့ဖန်ထံသို့ ကျည်ဆန်ကဲ့သို့ တိုးဝင်သွားသည်။

"သေပေတော့"

သူ့ခန္ဒာကိုယ်တစ်ခုလုံး ဖောင်းကားနေပြီး သွေးများက သူ၏ ချွေးပေါက်များမှ အနက်ရောင် ချီဓာတ်များနှင့်အတူ စိမ့်ထွက်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အနက်ရောင် ချီဓာတ်များက ယဲ့ဖန်အား ဖုံးလွှမ်းသွားသည်။

"မဖြစ်ဘူး"

ကုန်းကျန့်ထျန်း ရှေ့သို့ ခုန်ဝင်သွားသည်ကို မြင်ပြီး ဝိညာဉ်ရိုင်းတို့အဖွဲ့နှင့် နတ်ဆိုးတောင်ကြားမှ သိုင်းပညာရှင်များ ကြောက်လန့်ကာ တုန်လှုပ်သွားကြသည်။

"သခင်ကြီး"

သူတို့အားလုံး ဒေါသထွက်လာကြသည်။ သို့သော် သူတို့ ကုန်းကျန့်ထျန်းထံသို့ တိုးဝင်သွားပြီးနောက် အဖျက်စွမ်းအင် ချီဓာတ်များကြောင့် လျင်မြန်စွာ ချေမှုန်းခြင်း ခံလိုက်ရသည်။

ဝုန်း! ဝုန်း! ဝုန်း!

ဝိညာဉ်ရိုင်းတို့အဖွဲ့ လေထဲသို့ လွင့်ထွက်သွားသည်။ နတ်ဆိုးတောင်ကြားမှ သိုင်းပညာရှင်များသည်လည်း ပြာနှမ်းနေသော မျက်နှာများနှင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။

*မဖြစ်ဘူး*

သူတို့မျက်နှာပေါ်တွင် မခံမရပ်နိုင် ဖြစ်နေဟန်များ ပေါ်လွင်နေ၏။

အဖျက်စွမ်းအင်များက ယဲ့ဖန်၏ ကိုယ်အား ဖုံးလွှမ်းသွားသည်နှင့် သူတော့ အသက်မရှင်နိုင်တော့ဟု သူတို့အားလုံး ထင်မှတ်မိလိုက်ကြသည်။

အဖျက်စွမ်းအင်ဖြစ်သော အနက်ရောင်ချီဓာတ်များက စက်ဝိုင်းပုံစံ ဝေ့နေပြီးနောက် ယဲ့ဖန်အား ရစ်ပတ်သွားသည်။

"ဟားဟား… သူသေပြီ … နောက်ဆုံးတော့ သူသေသွားပြီ"

ကုန်းကျန့်ထျန်းက မျက်နှာပြာနှမ်းနေသော်လည်း ဟားတိုက်ရယ်မောရင်း ပြောလိုက်သည်။

သူ၏သေဆုံးခြင်းက ထိုက်တန်သည်ဟု သူ သိလိုက်သည်။

"ငါ မင်းကို သတိပေးခဲ့သားပဲ … ဒီလိုလုပ်ဖို့ မင်းက ငါ့ကို ဖိအားပေးခဲ့တာပါလို့"

ကုန်းကျန့်ထျန်းက ကြောက်စရာကောင်းလောက်အောင် လှောင်ရယ်ရင်း ပြောဆိုနေသည်။ ထိုစဉ် မထင်မှတ်ထားသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာပြီး ကုန်းကျန့်ထျန်း၏ မျက်နှာ အေးခဲသွားရသည်။

အဖျက်စွမ်းအင် အနက်ရောင် ချီဓာတ်များက အနက်ရောင်မြွေများအဖြစ်သို့ ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ခု၏ ဝါးမျိုခြင်းခံနေရသကဲ့သို့ ထိုအဖျက်စွမ်းအင် အနက်ရောင် ချီဓာတ်များက ရစ်ခွေနေရာမှ တစ်ဟုန်ထိုးထွက်ပြေးလာသည်။

ချက်ချင်းဆိုသလိုပင် ထိုအနက်ရောင် ချီဓာတ်များ ကျဲပါးလာ၏။ ဆယ့်စက္ကန့်မျှ ကြာသော် လူရိပ်တစ်ခု ထွက်ပေါ်လာသည်။

*ယဲ့ဖန်*

*မဖြစ်နိုင်ဘူး*

ကုန်းကျန့်ထျန်း မယုံသင်္ကာဟန်ဖြင့် မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်နေသည်။

ဝိညာဉ်ရိုင်းနှင့် သူ့လူများတောင်မှ မှင်တက်သွားရသည်။ နတ်ဆိုးတောင်ကြားမှ ထိပ်တန်း သိုင်းပညာရှင်များတောင်မှ တွေဝေသွားကြရသည်။

သူတို့၏ အံ့ဩနေသော အကြည့်များအောက်မှာပင် နောက်ဆုံး အနက်ရောင် ချီဓာတ်များက ယဲ့ဖန်၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။

ထို့နောက် ယဲ့ဖန်က ခန္ဓာကိုယ်အား တစ်ချက် ခါ၍ မျက်လုံးဖွင့်ကြည့်လိုက်သည်။

"ဘယ်လောက်တောင် သန့်စင်လိုက်တဲ့ နတ်ဆိုးချီလဲ … ကျန်သေးလား"

*ဘာ*

ယဲ့ဖန်၏ စကားကြောင့် ကြည့်နေသည့်သူများ ဖင်ထိုင်ရက်လဲကျမလို ဖြစ်သွားရသည်။

*အဲ့အဖျက်စွမ်းအင် ချီဓာတ်က ဘယ်သိုင်းပညာရှင်ကိုမဆို သေစေနိုင်တာလေ*

*သူက ဘယ်လိုစားလိုက်တာလဲ … ပြီးတော့ သူက ထပ်တောင်တောင်းနေလိုက်သေးတယ်*

ကုန်းကျန့်ထျန်း သွေးအန်သွားရသည်။

"မဖြစ်နိုင်ဘူး … ဘယ်…ဘယ်လိုလုပ် မင်း အသက်ရှင်နေသေးတာလဲ"

ကုန်းကျန့်ထျန်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေရသည်။

မဟူရာ ဧကရာဇ်က ဤမဟူရာကြက်ခြေခတ်အဖွဲ့၏ သေစေနိုင်သော သိုင်းကွက်အား သုံးပြီး ဒဏ္ဍာရီလာအဆင့် တစ်ယောက်ကို သတ်ခဲ့သည်ကို သူ တစ်ခါ မြင်ခဲ့ဖူးသည်။

သို့သော် တစ်စုံတစ်ယောက်က အနက်ရောင်ချီဓာတ်များကို စားလိုက်သည်ကိုတော့ သူ ယခုမှ ပထမဆုံးအကြိမ် မြင်ခဲ့ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် ကုန်းကျန့်ထျန်း လုံးဝ တွေဝေသွားရသည်။

ယဲ့ဖန်က ကုန်းကျန့်ထျန်း၏ အမူအရာကို သတိထားမိပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ထပ်မရှိတော့ဘူးလား"

"ဒီလိုဆိုရင်တော့ မင်း သေလို့ရပြီ"

ရုတ်တရက် ယဲ့ဖန်က ကုန်းကျန့်ထျန်း၏ ကျန်ရှိနေသော လက်မောင်းတစ်ဘက်ကို ဆွဲဖမ်း၍ နောက်သို့ ဆွဲလိမ်လိုက်သည်။

ဂျွတ်ခနဲ အသံနှင့်အတူ ကုန်းကျန့်ထျန်း၏ ကျန်လက်မောင်းတစ်ဘက် ပြုတ်ထွက်သွားသည်။

"အား…အား…အား"

ကုန်းကျန့်ထျန်း ကြောက်လန့်ကာ ထိန်းမနိုင် သိမ်းမနိုင် တုန်ယင်လာသည်။

သူ သေခါနီးဖြစ်နေတာတောင်မှ ယဲ့ဖန်က သူ့အား ဆက်၍ နှိပ်စက်နေဦးမည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပါ။

သူ ရုန်းကန်၍ ယဲ့ဖန်၏ ရက်ရက်စက်စက် တိုက်ခိုက်မှုများအား ခုခံရန် ကြိုးပမ်းနေလေသည်။

ဂျိုးဂျိုးဂျွတ်ဂျွတ်မြည်သံများနှင့် အဆက်မပြတ် စူးရှစွာ အော်ဟစ်သံများက ထိုနေရာတစ်ဝိုက် ပျံ့နှံ့နေပြီးနောက် တဖြည်းဖြည်းနှင့် ကုန်းကျန့်ထျန်း၏ ခန္ဓာကိုယ်က တစ်စစီ ဖြစ်သွားလေတော့သည်။

သူ၏ စူးရှသော အော်ဟစ်သံများတွင် နတ်ဆိုးတစ်ကောင်နှင့် ဆုံတွေ့လိုက်ရသဖြင့် အဆုံးမရှိ ကြောက်လန့်နေသော စိတ်များ ပါဝင်နေခဲ့သည်။

All Chapters