← Chapters

ခင်ဗျားသဘောပဲ

Vol. 16 Ch. 237

ခင်ဗျားသဘောပဲ

Vol. 16 Ch. 237

လမ်းမတစ်ခုလုံး ရဲရဲနီလျက် ရှိသည်။

လမ်းမ၏ ထောင့်တိုင်းတွင် ပျစ်နှစ်၍ ဆိုးရွားသော သွေးနံ့များက လှိုင်လှိုင်ထလို့နေ၏။ ထိုအနံ့များကို ရှူရှိုက်လိုက်မိသည့် သူတိုင်း ကြောက်စိတ်ကြောင့် သွေးများ ထူပူလာသလို ဖြစ်လာရသည်။

ဂလု!

ကုန်းကျန့်ထျန်း၏ ဦးခေါင်း ပြုတ်ကျလာသည်နှင့် လမ်းမတစ်ခုလုံး တိတ်ကျသွားလေတော့သည်။

တစ်လမ်းလုံး တိတ်ဆိတ်နေသဖြင့် အပ်ကျသွားလျင်တောင်မှ ထိုအပ်ကျသံကို ကြားရလောက်သည်။

မဟူရာ ကြက်ခြေခတ် အဖွဲ့မှ ဆရာသခင်အဆင့် သိုင်းပညာရှင် အယောက်ငါးဆယ်လုံးသည် နဖူးမှ ချွေးတဒီးဒီးကျနေတော့သည်။

သူတို့၏ ခြေထောက်များသည်လည်း တုန်ယင်လို့နေပြီး ဘောင်းဘီခွကြားမှ မနှစ်မြို့ဖွယ်ကောင်းသော ကျင်ငယ်နံ့များလည်း ထွက်နေသည်။

*သေပြီ*

*ဒဏ္ဍာရီတစ်ပိုင်းအဆင့် ဆယ်ယောက်ကော*

*ဒဏ္ဍာရီအဆင့် ငါးယောက်လုံးရော*

*သူတို့အားလုံး သေကုန်ပြီ*

*သူတို့အလောင်းတွေက ပုံပျက်ပန်းပျက်နဲ့ ဆိုးရွားလိုက်တာ*

မဟူရာ ကြက်ခြေခတ်အဖွဲ့၏ ဂိုဏ်းခွဲလေးခုမှ အင်အားအကြီးဆုံး သိုင်းပညာရှင်များအားလုံး သုတ်သင်ခံလိုက်ရချေပြီ။

ကုန်းကျန့်ထျန်း၏ ဦးခေါင်းက လမ်းမပေါ် ပြုတ်ကျနေသော်လည်း သူ၏မလိုလားဟန်ရသော မျက်လုံးအတွင်း၌ အဆုံးအစမဲ့သော အကြောက်တရားများနှင့် စိတ်ဓာတ်ကျခြင်းတို့က ထင်ကျန်လို့နေသေးသည်။

ထိုဦးခေါင်းကို သူတို့ အကြည့်ရောက်မိသွားသည်နှင့် အသက်ရှင်နေသေးသော ဆရာသခင်အဆင့် သိုင်းပညာရှင် အယောက်ငါးဆယ်လုံး၏ စိတ်ဝိညာဉ်သည် သေမတတ် ကြောက်ရွံ့လာတော့၏။

ဝုန်းခနဲ အသံတစ်ချက်နှင့်အတူ အသက်ရှင်နေသေးသော ဆရာသခင်အဆင့် သိုင်းပညာရှင်များက လမ်းမပေါ်၌ ဒူးထောက်လိုက်ကြသည်။

"မစ္စတာ … ယဲ့ … ကျွန်တော်တို့က အတင်းအကျပ် လုပ်ဖို့ စေခိုင်းခံရတာပါ … ကျေးဇူးပြုပြီး ကျွန်တော်တို့ကို သွားခွင့်ပေးပါ"

"မစ္စတာယဲ့ ... ကျွန်တော်တို့…ကျွန်တော်တို့ ခင်ဗျားရဲ့ ကျေးကျွန် အဖြစ် နေချင်ပါတယ် ... ပြီးတော့ ခင်ဗျားနောက်ကို ထပ်ကြပ်မကွာ လိုက်ပါစောင့်ရှောက်ပါ့မယ်"

"မစ္စတာယဲ့ … ကျေးဇူးပြုပြီး ကျွန်တော်တို့ကို မသတ်ပါနဲ့…"

ကြောက်လန့်ကာ အော်ဟစ်နေသော အသံများက ဆက်တိုက် ထွက်ပေါ်နေသည်။

မဟူရာ ကြက်ခြေခတ် အဖွဲ့မှ ဆရာသခင်အဆင့် သိုင်းပညာရှင် အယောက်ငါးဆယ်လုံး ကြောက်စိတ်မွှန်နေကြသည်။

အကယ်၍များ ဤအံ့အားသင့်စရာကောင်းသော မြင်ကွင်းအား သာမန်လူများ မြင်ခဲ့ပါက သူတို့ သေမတတ် ထိတ်လန့်သွားလောက်သည်။

ဆရာသခင်အဆင့် သိုင်းပညာရှင် အယောက်ငါးဆယ်လုံး ဒူးထောက်၍ တစ်စုံတစ်ယောက်၏ ခွင့်လွှတ်မှုကို ရရှိရန် ကျွန်သပေါက်သဖွယ် တောင်းပန်နေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့မိကြပါ။

အလွန် အံ့ဩဖွယ်ကောင်းလှပါ၏။

ခွပ်ခနဲ အသံနှင့်အတူ ယဲ့ဖန်က ကုန်းကျန့်ထျန်း၏ မူလ သလင်းကျောက်ကို ဆွဲထုတ်လိုက်သည်။ တစ်ခဏမျှ ကြာပြီးမျ သူက မဟူရာ ကြက်ခြေခတ် အဖွဲ့မှ ဆရာသခင်အဆင့် သိုင်းပညာရှင် အယောက်ငါးဆယ်လုံးအား မကောင်းဆိုးဝါးဆန်သော အပြုံးမျိုးဖြင့် ပုရွက်ဆိတ်အုံကို ကြည့်သလို ကြည့်လာသည်။

"မင်းတို့ ကျန်းရှီမြို့ကို လာခဲ့ကတည်းက မင်းတို့ ဈာပန်အတွက် မင်းတို့ ပြင်ဆင်လာခဲ့သင့်တာပေါ့"

ထို့သို့ပြောပြီးနောက် ယဲ့ဖန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်သောအခါ နတ်ဆိုးချီမျှင်တန်းများ ထွက်ပေါ်လာပြီး ဆရာသခင်အဆင့် သိုင်းပညာရှင်အားလုံးကို ချက်ချင်း ဖုံးအုပ်သွားသည်။

အနက်ရောင် နတ်ဆိုးချီသည် ကုန်းကျန့်ထျန်း၏ အဖျက်စွမ်းအင် အနက်ရောင် ချီဓာတ်များကို စုပ်ယူပြီးနောက် ပို၍ သန့်စင်လာခဲ့သည်။

နတ်ဆိုးချီမျှင်တန်းများသည် မြွေများကဲ့သို့ ဆရာသခင်အဆင့် သိုင်းပညာရှင်များ၏ ခန္ဓာကိုယ်အား ရစ်ပတ်၍ တွားတက်လာသည်။

"အား...အား...အား"

စူးရှလှသော အော်သံများက လမ်းမတစ်လျှောက် ပျံ့နှံ့လာပြီး ထိုဆရာသခင်အဆင့်များ၏ အရေပြားအောက်မှ သွေးကြောများ ဖုဖောင်းထလာသည်။

တစ်ချိန်တည်းမှာပင် သူတို့၏ အရေပြားပေါ်မှ အသံများ ဆက်တိုက် ထွက်ပေါ်နေသည်။

ရွှစ်!

ဆရာသခင်အဆင့်တစ်ယောက် အော်နေရာမှ ရပ်တန့်သွားကာ သူ့မျက်လုံးများကလည်း ငြိမ်ကျသွားသည်။

ထို့နောက် သူ့ခန္ဓာကိုယ်သည် ရုတ်ချည်း ပြာအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် လေနှင့်အတူ လွင့်မျောသွားသည်။

ထို့နောက်တွင်တော့ သူ၏ မူလ သလင်းကျောက်သည် ယဲ့ဖန်ထံသို့ နတ်ဆိုးချီဓာတ်နှင့်အတူ ပျံဝဲလာသည်။

"မဖြစ်နိုင်ဘူး"

"သောက်ကျိုးနည်း ဘာကြီးလဲဟ"

"လူထူးလူဆန်း … မင်းက လူထူးလူဆန်းပဲ"

ကျယ်လောင်သော အော်သံများနှင့်အတူ ကျန်ရှိနေသော ဆရာသခင်အဆင့်များသည် ကြံရာမရဖြစ်ကာ ကြောက်လန့်နေကြသည်။

သို့သော် သူတို့သည်လည်း အသည်းအသန် ရုန်းကန်နေရသည်။

ရွှစ်! ရွှစ်! ရွှစ်!

ကျယ်လောင်သော တဖျစ်ဖျစ် တဖျောက်ဖျောက် မြည်သံများနှင့်အတူ ဝဲဘက်နှင့်ယာဘက်ရှိ ဆရာသခင်အဆင့် သိုင်းပညာရှင်များအားလုံး ပြာအဖြစ်သို့ ပြောင်းလဲသွားကြသည်။

မူလသလင်းကျောက် အခုငါးဆယ်လုံးသည် နတ်ဆိုးချီနှင့်အတူ ယဲ့ဖန်၏ လက်ဖဝါးထဲသို့ ရောက်ရှိလာသည်။

ထိတ်လန့်ဖွယ်မြင်ကွင်းကို ကြည့်ရင်း နတ်ဆိုးတောင်ကြားမှ ကျေးကျွန်များ ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြသည်။

ယဲ့ဖန်၏ နတ်ဆိုးချီဓာတ်များက ကုန်းကျန့်ထျန်း၏ ချီဓာတ်ထက် အဆပေါင်းများစွာ ပို၍ ထက်ရှသည်ကို သူတို့ သိသာထင်ရှားစွာ အာရုံခံလို့ရနေသည်။

ထို့ပြင် နတ်ဆိုးချီဓာတ်များ ဖြတ်သန်းသွားသည့် နေရာတိုင်းမှ အလောင်းများနှင့် သွေးစက်များ ချက်ချင်း ပျောက်ကွယ်သွားကြသည်။

ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် သုံးယောက်၏ ခေါင်းပြတ်သုံးခုသာ မရှိပါက ဤနေရာသည် မဟူရာ ကြက်ခြေခတ်အဖွဲ့၏ သင်္ချိုင်းမြေ ဖြစ်သွားခဲ့သည်ကို မည်သူမျှ မသိနိုင်ပါ။

…

နောက်တစ်နေ့ မနက်တွင် ဟွာရှနိုင်ငံ၏ အဓိကမြို့တော်ဖြစ်သော ယန်ကျင်းမြို့မှ လေယာဉ်တစ်စီးသည် ကျန်းရှီမြူနီစီပယ်လေဆိပ်သို့ ဆိုက်ကပ်လာသည်။

ထိုလေယာဉ်ပေါ်မှ မီးခိုးရောင် သန်းနေသော ဆံပင်နှင့် မုတ်ဆိတ်မွှေးတို့ ရှိသည့် အဘိုးအိုတစ်ယောက် ဆင်းလာသည်၊ သူ့နောက်မှ လူလေးယောက် လိုက်ပါလာ၏။

ထိုအဘိုးအိုသည် ဒဏ္ဍာရီတစ်ပိုင်းအဆင့် ဖြစ်သည်။

သူ့နောက်မှ လိုက်ပါလာသော လူလေးယောက်လုံးသည် ဆရာသခင် အထွတ်အထိပ်အဆင့်များ ဖြစ်ကြသည်။

သူတို့၏ အင်္ကျီစ၌ 'အမှောင်'ဟူသော စကားလုံးအား ပန်းထိုးထားသည်။

သူတို့အားလုံးသည် လျှို့ဝှက်အဖွဲ့အစည်းဖြစ်သော ဟွာရှ အမှောင်ဂိုဏ်း၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။

"ဆရာ … ဆရာ တကယ်ပဲ ယဲ့ဖန်ကို မဟူရာ ကြက်ခြေခတ် အဖွဲ့နဲ့ ပတ်သတ်ပြီး ဝင်ကူညီပေးမလို့လား ... ကျွန်တော့် ဂျူနီယာ ညီလေး ရင်းလုံက သူ့ကြောင့် ဒုက္ခိတ ဖြစ်သွားတာလေ"

ဆရာသခင်အဆင့် သိုင်းပညာရှင် တစ်ယောက်က အဘိုးအိုအား မေးလာသည်။

မဟူရာ ကြက်ခြေခတ်အဖွဲ့သည် ကျန်းရှီမြို့သို့ တိတ်တဆိတ် အငိုက်ဖမ်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အမှောင်ဂိုဏ်းသည် နေဝင်ချိန်တိုင်သည်အထိ ထိုတန်ဖိုးရှိသော သတင်းကို မရရှိခဲ့ကြချေ။

သို့သော် မဟူရာ ကြက်ခြေခတ်အဖွဲ့သည် အမှောင်ဂိုဏ်းနှင့် ထိပ်တိုက်တွေ့ခြင်းမှ ရှောင်ရှားရန် ညနေမတိုင်ခင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အမှောင်ဂိုဏ်းသည် ကျန်းရှီမြို့၌ ဖြစ်သွားခဲ့သည် အဖြစ်အပျက်များကို လုံးဝ မသိရှိခဲ့။

ထိုဆရာသခင်အဆင့် သိုင်းပညာရှင်၏ စကားကြောင့် ကျန် ဆရာသခင်အဆင့် သုံးယောက်တို့ မကျေမနပ် ဖြစ်လာကြသည်။

အခြားသူများ၏ အမူအရာကို မြင်ပြီး ဒဏ္ဍာရီအဆင့် အဘိုးအိုက ဒေါသထွက်နေသော မျက်နှာနှင့် ပြောလိုက်သည်။

"ဟမ့် … အဲ့ကောင်က အန္တရာယ်ရှိတယ်လို့ မင်းတို့ ထင်နေတာလား … အမှောင်ဂိုဏ်းချုပ်က သူ့ကို ကာကွယ်ပေးဖို့ အမိန့်ပေးလိုက်တာ"

"ရင်းလုံက အမှောင်ဂိုဏ်းထဲ ဝင်ဖို့ သူ့ကို ဖိတ်ခေါ်ခဲ့တုန်းက အဲ့ကောင်က ရင်းလုံရဲ့ မူလ သလင်းကျောက်ကို ဆွဲထုတ်ပစ်ခဲ့တယ် … အဲ့ဒါကြောင့် ရင်းလုံက ဒုက္ခိတဖြစ်သွားပြီး အမှောင်ဂိုဏ်းရဲ့ ကောင်းကျိုးအတွက် ဂိုဏ်းထဲက ထွက်သွားခဲ့ရတယ် … ဒီတစ်ခါတော့ သူလုပ်ခဲ့တာတွေအတွက် သူ့ကို ငါ ပြန်ပေးဆပ်ခိုင်းမယ်"

ရင်းလုံသည် အမှောင်ဂိုဏ်း၏ အဖွဲ့သားတစ်ယောက် ဖြစ်သည်။

ယဲ့ဖန်က လီကျိုးယောင်ကို သတ်ခဲ့ပြီးနောက် အမှောင်ဂိုဏ်းက ကျန်းရှီမြို့သို့ လာရောက်ကာ သူ့အား အမှောင်ဂိုဏ်းနှင့် ပူးပေါင်းရန် ဖိတ်ခေါ်ခဲ့သည်။

ရင်းလုံက ညအဖွဲ့မှ အရှင်သခင်သုံးယောက်အား ဘာမဟုတ်သလို သဘောထား၍ ဆက်ဆံခဲ့သောကြောင့် ယဲ့ဖန်က သူ၏ မူလ သလင်းကျောက်အား ဆွဲထုတ်ခဲ့ခြင်း ဖြစ်သည်။

ယခုတစ်ကြိမ်တွင်တော့ ရင်းလုံ၏ ဆရာဖြစ်သူ နန်ရှန့်အကြီးအကဲက အမှောင်ဂိုဏ်းချုပ်၏ အမိန့်ကြောင့် သူ့တပည့်လေးယောက် နှင့်အတူ ကျန်းရှီမြို့သို့ လာရောက်ခြင်း ဖြစ်သည်။

နန်ရှန့်အကြီးအကဲ၏ စကားကြောင့် သူ့နောက်နားမှ ဆရာသခင်အဆင့် လေးယောက်လုံး ပျော်ရွှင်သွားကာ ပြန်မေးလိုက်သည်။

"ဆရာ … ဆရာ့အစီအစဉ်က ဘာများလဲ"

"ငါ့အစီအစဉ်လား … မင်းတို့ မကြာခင် သိရပါလိမ့်မယ်"

နန်ရှန့်အကြီးအကဲက ပြုံး၍ ပြန်ပြောလိုက်ပြီး သူ့တပည့်လေးယောက်နှင့်အတူ လေဆိပ်ထဲမှ ထွက်ခွာလာသည်။

….

ကျန်းရှီမြို့၏ ဆင်ခြေဖုံးရပ်ကွက်ရှိ ယဲ့ဖန်၏ အိမ်အတွင်း၌ နန်ရှန့် အကြီးအကဲတို့အဖွဲ့အား မြင်လိုက်ရသဖြင့် ယဲ့ဖန် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

"ဘာကိစ္စလဲ"

ယဲ့ဖန်၏ မောက်မာသော အပြုအမူကြောင့် နန်ရှန့်အကြီးအကဲ၏ မျက်လုံး၌ မီးဝင်းဝင်းတောက်သွားသည်။

ထို့နောက် သူက ဆိုဖာပေါ်၌ အေးအေးဆေးဆေး ထိုင်၍ ပြောလိုက်သည်။

"ဟမ့် … ဟေ့ကောင်လေး … မင်း ငါ့ကို ယဉ်ယဉ်ကျေးကျေး ပြောဆိုသင့်တယ် … အမှောင်ဂိုဏ်းကိုယ်စား ကုန်းကျန့်ထျန်းက မဟူရာ ကြက်ခြေခတ်အဖွဲ့က ဂိုဏ်းခွဲလေးခုလုံးက ထိပ်တန်း သိုင်းပညာရှင်တွေနဲ့အတူ မင်းကို လာသတ်တော့မယ်ဆိုတာကို ပြောဖို့ ငါ ဒီကို လာတာ"

*အမ်*

သူ့စကားကြောင့် ညအဖွဲ့မှ အရှင်သခင် သုံးယောက်တို့ တွေဝေသွားကြသည်။ နန်ရှန့်အကြီးအကဲသည် သူတို့စိတ်ထဲတွင်တော့ အရူးသာသာ၊သာ ဖြစ်သည်။

"အဲဒီတော့"

ယဲ့ဖန်က ပြီတီတီအပြုံးနှင့် ပြန်မေးလိုက်သည်။

"အဲဒီတော့ ဟုတ်လား"

နန်ရှန့်အကြီးအကဲနှင့် သူ့လူများသည် ထိတ်လန့်ဖွယ်ကောင်းသော သတင်းကို ကြားပြီးတာတောင်မှ ယဲ့ဖန်က တည်ငြိမ်နေဦးမည်ဟု ထင်မှတ်မထားခဲ့မိကြပါ။

ထို့ကြောင့် နန်ရှန့်အကြီးအကဲက မျက်မှောင်ကြုတ်၍ ဆက်ပြောလိုက်သည်။

"ဟေ့ကောင်လေး … မင်း သူတို့ရဲ့ အံ့ဩဖို့ကောင်းတဲ့ ခွန်အားအကြောင်း သိရော သိရဲ့လား … ငါတို့ ရထားတဲ့သတင်းအရဆို သူတို့က ဒဏ္ဍာရီအဆင့် ငါးယောက်၊ ဒဏ္ဍာရီတစ်ပိုင်းအဆင့် ဆယ့်ငါးယောက်နဲ့ ဆရာသခင် အထွတ်အထိပ်အဆင့် အယောက်ငါးဆယ်ကို တာဝန်ပေးထားတာဆိုပဲ"

ထိုသို့ပြောပြီး နန်ရှန့်အကြီးအကဲက မနှစ်မြို့ဖွယ်ကောင်းသော အပြုံးနှင့် ဆက်ပြောလိုက်သည်။

"ကဲ အခု မင်း ဘယ်လို တွေးထားသလဲ … မင်း ကြောက်နေပြီလား"

"မင်း ကြောက်နေတယ်ဆိုရင် မင်းရဲ့လက်မောင်းတစ်ဘက်ကို ရင်းလုံအတွက် လျော်ကြေးပေးတဲ့ အနေနဲ့ ချိုးလိုက်လို့ ရတယ် … ဒါဆို အမှောင်ဂိုဏ်းက မင်းကို ကုန်းကျန့်ထျန်းရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်ပေးမယ် … ဘယ်လိုလဲ အဆင်ပြေတယ်မလား"

*ဘာ*

သူ့စကားကြောင့် ညအဖွဲ့မှ အရှင်သခင် သုံးယောက်တို့ ဒေါသူပုန်ထသွားကြသည်။

*လက်မောင်းတစ်ဘက်ကို ချိုးရမယ်*

*သူ့တပည့် ရင်းလုံအတွက် လျော်ကြေးပေးတဲ့အနေနဲ့ ဟုတ်လား*

ချက်ချင်းဆိုသလိုပင် ယဲ့ဖန်၏ နောက်လိုက်များက နန်ရှန့်အကြီးအကဲနှင့် သူ့တပည့်များကို မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် အရူးတွေကို ကြည့်သလို စိုက်ကြည့်လာကြသည်။

"ခင်ဗျားနဲ့ ရင်းလုံက ဘယ်လို ပတ်သက်သလဲ"

ယဲ့ဖန်က နန်ရှန့်အကြီးကဲအား သိချင်စိတ်ဖြင့် မေးလိုက်သည်။ ယဲ့ဖန်၏ အမေးကြောင့် နန်ရှန့်အကြီးအကဲက ပြုံးရုံဆိုရုံမျှ ပြုံး၍ ပြောလိုက်သည်။

"ငါက ရင်းလုံရဲ့ ဆရာဖြစ်ပြီးတော့ အမှောင်ဂိုဏ်းဝင်လည်း ဖြစ်တဲ့ နန်ရှန့်အကြီးအကဲပဲ"

"ဪ…ကျုပ် နားလည်ပြီ"

ယဲ့ဖန်၏ အပြုံးက အေးစက်လာသည်။

"အဲ့လိုဆိုလည်း ခင်ဗျားတို့ သဘောပဲလေ"

ထိုသို့ပြောပြီး ယဲ့ဖန်က လက်ခုပ်တီးလိုက်သည်။ ထို့နောက် လူငယ်တစ်ယောက်က အခန်းထဲသို့ လင်ပန်းတစ်ချက်ကို ကိုင်၍ ဝင်လာသည်။

ထိုလူငယ်ဝင်လာသည်ကို ကြည့်ရင်း နန်ရှန့်အကြီးအကဲနှင့် သူ့တပည့်များ အံ့ဩသွားကြသည်။ ယဲ့ဖန် ဘယ်လို လှည့်ကွက်တွေ သုံးနေသလဲဆိုတာကို သူတို့ ချက်ချင်း ရိပ်မိသွားကြသည်။

*အဲ့လင်ပန်းထဲမှ ရတနာတစ်ခုခုများ ပါနေတာလား … သူ့လက်မောင်း ဘာမှမဖြစ်အောင်လို့ သူက ငါတို့ကို လာဘ်ထိုးချင်နေတာလား*

နန်ရှန့်အကြီးအကဲသည် ဖြစ်နိုင်ချေများကို ခေါင်းပူမတတ် တွေးတောနေသည်။

ထိုစဉ် ယဲ့ဖန်က မခိုးမခန့်အပြုံးနှင့် ပြောလိုက်သည်။

"ခင်ဗျားတို့ လင်ပန်းကို ဖွင့်ပြီး ကြည့်လို့ရပါတယ် … ခင်ဗျားတို့ သဘောကျရင် ယူသွားလို့လည်း ရတယ်"

ယဲ့ဖန်၏ စကားကြောင့် နန်ရှန့်အကြီးအကဲနှင့် သူ့တပည့်များ ချက်ချင်း ပြုံးဖြီးသွားသည်။

"ဟမ်း…ငါ တစ်ချက်ကြည့်ကြည့်မယ်လေ"

နန်ရှန့်အကြီးအကဲက ပြုံး၍ ထိုင်နေရာမှ ထပြီး လင်ပန်းပေါ်မှ အနီရောင်ပိုးထည်စကို လှန်လှောလိုက်သည်။

လင်ပန်းပေါ်မှ ပစ္စည်းကို သူ မြင်လိုက်ရသည့် အခိုက်မှာပင် သူ့ခန္ဓာကိုယ်သည် ကြောက်စိတ်ကြောင့် တုန်ယင်လာသည်။

လင်ပန်းအတွင်း၌ ရှိနေသည်က … သိသိသာသာ ပျက်စီးခြောက်ကပ်နေသည့် ခေါင်းပြတ်သုံးလုံးပင်။

All Chapters