← Chapters

ဖန့်ယင်း‌ သေတော့မယ်

Vol. 16 Ch. 239

ဖန့်ယင်း‌ သေတော့မယ်

Vol. 16 Ch. 239

"ဘာလို့ ဒီလောက် လူအများကြီး ရှိနေရတာလဲ"

နန်ရှန့်အကြီးအကဲနှင့် သူ့တပည့်လေးယောက်တို့ လမ်းတစ်ဘက်မှ လူအုပ်ကြီးကို မြင်လိုက်ရသဖြင့် သူတို့၏ ဒူးများ တုန်ယင်လာရသည်။

"ဆရာသခင်အဆင့် သိုင်းပညာရှင်တွေ … သူတို့အားလုံးက ဆရာသခင်အဆင့် သိုင်းပညာရှင်တွေ"

"တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်၊ … အယောက်တစ်ရာကျော် … အံ့ဩဖို့ကောင်းလိုက်တာ"

အနက်ရောင် ဝတ်စုံနှင့် လူများစွာနှင့် သူတို့၏ သန်မာသော ချီစွမ်းအင်များကို ခံစားမိပြီး နန်ရှန့်အကြီးအကဲနှင့် သူ့တပည့် လေးယောက်တို့ ထိတ်လန့်သွားကြသည်။

အမှောင်ဂိုဏ်းမှာတောင်မှ သည်လောက် ဆရာသခင်အဆင့် သိုင်းပညာရှင်များစွာ ရှိမနေပါ။

သို့ပေမဲ့ ယခုအခါတွင်…

သူတို့ ရှေ့သို့ တစ်လှမ်းချင်း လှမ်းလာပြီး နဖူးမှ ချွေးများ တဒီးဒီးကျလာကြသည်။

လမ်းတစ်ဘက်ရှိ ဆရာသခင်အဆင့် သိုင်းပညာရှင်များစွာက သန်မာသော ချီစွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်နေကြသည်။

သိုင်းပညာရှင် အယောက်တစ်ရာကျော် စုစည်းနေသဖြင့် သူတို့၏ ချီစွမ်းအင်များက လွန်စွာ ဖိနှိပ်ထားနိုင်သည်။

ဒဏ္ဍာရီတစ်ပိုင်းအဆင့် ဖြစ်သည့် နန်ရှန့်အကြီးအကဲတောင်မှ ကြောက်စိတ်မွှန်နေ၏။

ထိပ်တိုက် တိုက်ခိုက်ရမည်ဆိုပါက သည်တိုက်ပွဲကြားထဲ သူ သေသွားလောက်သည်ကို သတိပြုမိသည်။

"ကျန်းရှီမြို့ကြီးက ဘာဖြစ်နေတာပါလိမ့် … ဒီ ဆရာသခင်အဆင့် သိုင်းပညာရှင်အားလုံးက ယဲ့ဖန် အားထားရတဲ့လူတွေလား"

နန်ရှန့်အကြီးအကဲ လွန်စွာ တွေဝေသွားသည်။ သို့သော် သူတို့ငါးယောက်သား ဆရာသခင်အဆင့် သိုင်းပညာရှင် အဖွဲ့နားမှ ဖြတ်သွားပြီးနောက် ထိတ်လန့်မှုကြောင့် ပစ်လဲကျမလို ဖြစ်သွားရသည်။

"ဒဏ္ဍာရီတစ်ပိုင်းအဆင့်တွေ"

"စုစုပေါင်း ဒဏ္ဍာရီတစ်ပိုင်းအဆင့် ဆယ့်ခုနစ်ယောက်"

ရှေ့ဆုံးမှ ဝိညာဉ်ရိုင်းနှင့် အခြား ဒဏ္ဍာရီတစ်ပိုင်းအဆင့် ဆယ့်ခြောက်ယောက်ကို မြင်ပြီး နန်ရှန့်အကြီးအကဲ ငြိမ်ကုပ်သွားသည်။

သူတို့အားလုံးသည် သူနှင့် ခွန်အားအရာ၌ အတူတူပင် ဖြစ်သည်။

"မဖြစ်နိုင်ဘူး … ဘယ်လိုလုပ် ယဲ့ဖန်က ဒီလို ချာတူးလံနေတဲ့ မြို့သေးသေးလေးမှာ သည်လောက် များတဲ့ သိုင်းပညာရှင်တွေကို ကျောထောက်နောက်ခံ အနေနဲ့ ရထားရတာလဲ"

နန်ရှန့်အကြီးအကဲ၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေသည်။

သူ့ခန္ဓာကိုယ်သည် ကြောက်စိတ်ကြောင့် နေမထိ ထိုင်မသာ ဖြစ်နေသည်။ ထိုဒဏ္ဍာရီတစ်ပိုင်းအဆင့် ဆယ့်ခုနစ်ယောက်လုံးသည် ကျားနှင့် ဝံပုလွေများကဲ့သို့ ကြီးစိုးနိုင်လွန်းလှသည်။

ဆရာသခင်အဆင့် သိုင်းပညာရှင် လေးယောက်၏ ခြေထောက်များက ခဲဆွဲထားသလို လေးလံလာသည်။

ဒဏ္ဍာရီတစ်ပိုင်းအဆင့် ဆယ့်ခုနစ်ယောက်လုံးထံမှ ထွက်ပေါ်လာသည့် ချီစွမ်းအင်များကို ခံစားမိသည်နှင့် သူတို့အားလုံး ကြောက်လန့်နေသည့် ယုန်ကဲ့သို့ ခပ်သုတ်သုတ် လျှောက်လိုက်မိသည်။

"မြန်မြန်…မြန်မြန်…မြန်မြန်သွား"

"ယဲ့ဖန်သာ အမိန့်တစ်ချက် ပေးတာနဲ့ ငါတို့ တစ်စစီဖြစ်သွားလိမ့်မယ်"

နန်ရှန့်အကြီးအကဲသည် မျက်ခုံး တဆတ်ဆတ်လှုပ်ကာ သူ့တပည့်လေးယောက်ကို တီးတိုးပြောလိုက်သည်။ ထို့အတူ ခြေလှမ်းနှုန်းကိုလည်း မြှင့်လိုက်မိသည်။

သို့သော် ဒဏ္ဍာရီတစ်ပိုင်းအဆင့် ဆယ့်ခုနစ်ယောက်ကို ကျော်လာပြီး နောက်ထပ် ပိုကြောက်ဖို့ကောင်းသည့် လူရှစ်ယောက်ကို ထပ်တွေ့လိုက်ရသည်။

"ဒ…ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်တွေ"

နန်ရှန့်အကြီးအကဲ ထိတ်လန့်ကြောက်ရွံ့စိတ်ကြောင့် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်လာသည်။

ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်ပေါင်း ရှစ်ယောက်တောင် ရှိနေတာပါလား။

နန်ရှန့်အကြီးအကဲနှင့် ဆရာသခင်အဆင့် လေးယောက်လုံး လုံးဝ တွေဝေသွားကြသည်။ ကုန်းကျန့်ထျန်းနှင့် အခြား ဒဏ္ဍာရီအဆင့် နှစ်ယောက် ဘာကြောင့် အသတ်ခံလိုက်ရမှန်း သူတို့ နားလည်သွားချေပြီ။

*လတ်စသတ်တော့ ယဲ့ဖန်ရဲ့ နောက်ကွယ်မှာ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် ရှစ်ယောက်တောင် ရှိနေတာကိုး … အံ့ဩဖို့ကောင်းလိုက်တာ*

"လူထူးလူဆန်းပဲ … ဒီကောင်က ဘယ်လိုလူလဲကွာ … သူ့နောက်ကွယ်မှာ ဘယ်လိုလုပ် ဒီလောက် သိုင်းပညာရှင် အများကြီး ရှိနေရတာလဲ"

နန်ရှန့်အကြီးအကဲ အလွန် ကြောက်စိတ်ဝင်လာသည်။ သူ့ကိုယ်သူ ကံကောင်းလှပြီဟုလည်း တွေးမိကြသည်။

ယဲ့ဖန်အား သူ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခဲ့မိခဲ့သော်လည်း သူ့လက်မောင်းတစ်ဘက်ကိုသာ ဆုံးရှုံးခဲ့ရသည်၊ သည့်ထက်ပို၍သာ ရိုင်းစိုင်းစွာ ပြုမူမိပါက သူ သေချာပေါက် သေသွားလောက်သည်။

နန်ရှန့်အကြီးအကဲသည် သူ့ကိုယ်သူ ငရဲတွင်းထဲမှ လွတ်မြောက်လာသလို ခံစားလိုက်မိသည်။

"မြန်မြန် သွားကြစို့…"

နန်ရှန့်အကြီးအကဲသည် သူ့နဖူးမှ ချွေးများကို သုတ်ပြီး သူ့တပည့် လေးယောက်နှင့်အတူ သုတ်သီးသုတ်ပျာနှင့် ထွက်ပြေးသွားသည်။ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် ရှစ်ယောက်၏ ဘေးကိုလည်း သူတို့ ထပ်၍ မကြည့်ရဲကြပေ။

သို့သော် သည်ထိတ်လန့်ဖွယ်ကောင်းသည့် သတင်းကို ယူဆောင်သွားခဲ့ပါက အမှောင်ဂိုဏ်းတစ်ခုလုံး လက်မှိုင်ချသွားလောက်သည်။

….

ညနေခင်းပိုင်းတွင်…

မိုးမခပင်အောက်၌ ကလေးများစွာက မြေကြီးပေါ်၌ ခြေပလ္လင်ချိတ်ထိုင်နေပြီး အနက်ရောင် ချီဓာတ် အမျှင်တန်း ခပ်ဖျော့ဖျော့က သူတို့နား၌ ရစ်ဝဲလို့နေသည်။

"စိတ်ကို ငြိမ်ငြိမ်ထား …. စကြဝဠာထဲက ချီဓာတ်ကို စုပ်ယူကြ"

"စကြဝဠာထဲက နတ်ဆိုး ချီဓာတ်တွေကို စုပ်ယူပြီး မင်းတို့ ခန္ဓာကိုယ်နဲ့ ပေါင်းစပ်လိုက်ကြ"

…

ယဲ့ဖန်က မိုးမခပင်အောက်၌ ထိုင်နေပြီး ကလေးများကို တလက်လက်တောက်ပနေသော မျက်လုံးများနှင့် ညွှန်ကြားလို့နေသည်။

ကလေးများက ငယ်ရွယ်သေးသော်လည်း တစ်ယောက်ချင်းစီ၌ ပင်ကိုအစွမ်းအစ များစွာ ရှိနေကြသည်။

"မင်းတို့မှာ ထိပ်တန်း သိုင်းပညာရှင်များဖြစ်လာဖို့ တော်တော် အလားအလာ ရှိတာပဲ"

ယဲ့ဖန်က ကျေနပ်နေသော မျက်နှာထားဖြင့် ပြောနေမိသည်။ ထိုစဉ် ကတိုက်ကရိုက် ခြေသံအချို့ကို သူ ကြားလိုက်ရသည်။

ခြေသံပိုင်ရှင်က အန်းရှီပင်။

"ဖန် …. ဆေးရုံအုပ်ချင်က ရှင့်ကို တွေ့ချင်နေတယ်"

*အမ်*

ယဲဖ့န် တစ်ခဏမျှ တွေဝေသွားပြီးမှ မျက်မှောင် အသာကြုတ်၍ ပြန်မေးလိုက်သည်။

"သူမက ဒီကို ဘာအတွက် လာတာလဲ"

ယဲ့ဖန် ချင်ရွှယ်နှင့် အရင်က နှစ်ကြိမ်ခန့် ဆုံခဲ့ဖူးသည်၊ သို့သော် သူမနှင့် သူ သည်လောက်ထိ ခင်မင် ရင်းနှီးမှု မရှိပေ။ ထို့ကြောင့် နောက်ကွယ်က ရည်ရွယ်ချက်ကို သူ ကြည့်ချင်မိသည်။

ချက်ချင်း သစ်ပင်အောက်မှ ထ၍ ခြံတံခါးဝဘက်သို့ ထွက်လာခဲ့သည်။ ခြံဝန်းအပြင်ဘက်၌ မိန်းမလှလေးတစ်ယောက် ဟော့ပေါ့အိုးထဲ ကျသွားသည့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ စိုးရိမ်တကြီးနှင့် ခေါက်တုံ့ခေါက်ပြန် လျှောက်လို့နေသည်။

"ဆေးရုံအုပ်ချင်"

ယဲ့ဖန်၏ အသံကို ကြားလိုက်ရသည်နှင့် ချင်ရွှယ် ချက်ချင်း ပျော်ရွှင်သွားသည်။ ထို့နောက် သူမ သူ့ကို သုတ်သီးသုတ်ပျာနှင့် နှုတ်ဆက်လေသည်။

"မစ္စတာယဲ့ … နောက်ဆုံးတော့ ကျွန်မ ရှင်နဲ့ တွေ့ရပြီပဲ"

*ဟမ်*

ချင်ရွှယ်၏ စကားကို နားမလည်သဖြင့် ယဲ့ဖန် တစ်ခဏမျှ မှင်တက်သွားသည်။ သို့သော် ချင်ရွှယ်က ချက်ချင်း သူ့လက်ကို ဆွဲကာ စိုးရိမ်တကြီးနှင့် တစ်နေရာရာသို့ သွားရန် ပြင်ပြီး ထပ်ပြောလိုက်သည်။

"ယဲ့ဖန် … ပြဿနာ အကြီးအကျယ် တက်နေပြီ … ဖန့်ယင်း သေတော့မယ်"

*ဘာ*

သူမစကားကြောင့် ယဲ့ဖန် လုံးဝ အံ့ဩသွားရသည်။

*ဖန့်ယင်းက သေတော့မှလား*

*မဖြစ်နိုင်ပါဘူး*

ဖန့်ယင်း၌ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ် ရှိမှန်း ယဲ့ဖန် သိသည်။ သူမ ထိုမွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်အား နိုးထခြင်း မလုပ်ရသေးသော်လည်း သူမကို သာမန် ဗိုင်းရပ်စ်များ ကူးစက်ခြင်းငှာ မစွမ်းနိုင်ပါ။ သူမ အသက်ဆုံးရှုံးဖို့ဆိုတာက‌ ပြောဖို့တောင် မလိုပေ။

"ဆေးရုံအုပ်ချင် … သူမ ဘာဖြစ်လို့လဲ"

ယဲ့ဖန်က မျက်မှောင် အသာကြုတ်၍ ချင်ရွှယ်အား ပြန်မေးလိုက်သည်။

ချင်ရွှယ်က မျက်ရည်လည်ရွှဲဖြစ်ကာ နီရဲ စိုစွတ်နေသော မျက်လုံးများဖြင့် ပြောပြလာသည်။

"တစ်နေ့က ကျွန်မ ဖန့်ယင်းနဲ့အတူ တောင်တက်သွားတာ … ဒါပေမယ့် လမ်းတစ်ဝက်လောက်လည်း ရောက်ရော မျက်နှာပေါ်မှာ အသားပိုတစ်ခု ရှိနေတဲ့ လူငယ်တစ်ယောက်နဲ့ ဆုံပါလေရော"

"အဲ့လူငယ်က ဖန့်ယင်းကို တစ်ချိန်လုံး စိုက်ကြည့်ပြီး 'မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်…ပြိုင်ဘက်ကင်း စိတ်ဝိညာဉ် သန္ဓေသားလောင်း' လို့ ဆက်တိုက် ပြောတော့တာပဲ"

"ပြီးလည်းပြီးရော အဲ့ကောင်က လက်တစ်ဆုပ်စာ ပေါင်ဒါမှုန့်အဖြူတွေနဲ့ ဖန့်ယင်းကို ကောက်ပေါက်ပြီးတော့ ထွက်ပြေးသွားတယ်"

ချင်ရွှယ်က မျက်ရည် အရွှဲသားနှင့် ဆက်ပြောသည်။

"အစတုန်းက ကျွန်မတို့က အရူးနဲ့ ဆုံခဲ့တာလို့ တွေးခဲ့ပြီးတော့ သိပ်အာရုံမထားခဲ့ဘူး … မထင်ထားတာက ဖန့်ယင်းက အိမ်လည်း ပြန်ရောက်ရော ဖျားတော့တာပဲ"

…

သူမ ပြောတာကို နားထောင်ပြီးနောက် ယဲ့ဖန် မျက်လုံးကို မှေးစင်းလိုက်မိပြီး အေးတိအေးစက် အလင်းများက မျက်လုံးမှ ဖြာထွက်လာသည်။

*မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်…ပြိုင်ဘက်ကင်း စိတ်ဝိညာဉ် သန္ဓေသားလောင်း*

*အဲ့ကောင်က ဖန့်ယင်းရဲ့ ရုပ်ခန္ဓာကို မြင်နိုင်နေတာပဲ*

*သူက လုံးဝ သာမန်လူ မဖြစ်နိုင်ဘူး*

"မမလေးဖန့် အခြေအနေကကော" ယဲ့ဖန်က ချင်ရွှယ်ကို ခပ်သွက်သွက်‌ မေးလိုက်သည်။

ယဲ့ဖန်၏ အမေးကြောင့် ချင်ရွှယ်က ပို၍ မျက်ရည်ကျလာပြီး ခေါင်းကို ခါ၍ အော်ငိုလေတော့သည်။

"သူမ ဖျားလည်းဖျားပြီးရော သူ တော်တော်လေး အိုမင်းလာတယ် ... အခု သူမက သေတော့မယ့် အဖွားအိုတစ်ယောက်လို ဖြစ်နေပြီ"

*ဘာ*

ယဲ့ဖန် အံ့ဩသွားရသည်။ သူ ချက်ချင်း ချင်ရွှယ်၏ လက်မောင်းကို ဆွဲ၍ မြို့ထဲသို့ အသည်းအသည် ကားမောင်းသွားလေတော့သည်။

…

မြူနီစီပယ် လူထုဆေးရုံ၏ သက်ကြီးရွယ်အို အထူးကြပ်မတ်ဆောင်၌ လူများစွာက စိုးရိမ်တကြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေကြသည်။

ထိုစဉ် အပြင်ဘက်မှ တံခါးကို အတင်း ဆွဲဖွင့်လာသဖြင့် တံခါးပွင့်သွားသည်။ ယဲ့ဖန်ကို မြင်လိုက်ရသဖြင့် လူတိုင်း ထိတ်လန့်သွားသည်။ ထို့နောက် သူ့အား ပေါ်ပေါ်ထင်ထင်ကို စွပ်စွဲ ရှုတ်ချနေကြသည်။

သို့သော် သူတို့အား ယဲ့ဖန်က လျစ်လျူရှုထားသည်။ ခုတင်ပေါ်မှ မယုံနိုင်လောက်အောင် မျက်နှာပြောင်းလဲသွားသော 'အလှလေး'ကိုသာ သူ စိုက်ကြည့်နေမိသည်။

All Chapters