ထွက်သွားမလား အသတ်ခံမလား
Vol. 16 Ch. 240
ဆံပင်များ ဖြူစွတ်နေသော အဘွားအိုတစ်ယောက် ခုတင်ပေါ်၌ လဲလျောင်းနေသည်ကို မြင်လိုက်ရသဖြင့် ယဲ့ဖန် ရင်ထဲ တုန်လှုပ်သွားရသည်။
"ဖန့်ယင်းလား"
ယဲ့ဖန်၏ မျက်နှာသည် ချက်ချင်း မည်းမှောင်လို့သွားသည်။ ခုတင်ပေါ်၌ လှဲနေသော အဘွားအိုက သူ၏ အလန်းစား ဆရာမ ဖြစ်နေလိမ့်မည်ဟု သူ မယုံကြည်နိုင်ပါ။
ယခင်က ဖန့်ယင်းသည် လှပသော အနက်ရောင် ဆံကေသာများနှင့် ဖြစ်သော်လည်း ယခု လုံးဝကို ပြောင်းလဲလို့နေသည်။
သူမ၏ အရေပြားသည် ရှုံ့တွ၍ အရေးအကြောင်းများ ထပ်နေသည်။
သူမ မျက်လုံးများက မှိတ်ထားသော်လည်း မျက်လုံးထောင့်မှ မျက်ရည်များက စီးကျလို့နေ၏။ သူမသည် ညတွင်းချင်း အိုမင်းရင့်ရော်နေသော အဘွားအိုတစ်ယောက် ဖြစ်လို့သွားရသည်။
အံ့ဩဖွယ် ကောင်းလှပါဘိ။
ယဲ့ဖန်ကို ကြည့်ပြီး အခန်းထဲမှ နိုင်ငံခြားသား ဆရာဝန်က ဒေါသထွက်ကာ တရုတ်လို မပြောတတ်ပြောတတ်ဖြင့် အော်ဟစ်လေတော့သည်။
"မင်း ဘယ်သူလဲ … ဘယ်လိုလုပ် အခန်းထဲ အတင်း ဝင်လာရဲရတာလဲ … ဒီနေရာကနေ ချက်ချင်း ထွက်သွားစမ်း"
နိုင်ငံခြားသား ဆရာဝန်က အလွန် ရွံရှာနေပုံရသည်။ သူ့စကားကြောင့် ခုတင်ဘေးမှ လူလတ်ပိုင်းအရွယ် လူချမ်းသာတစ်ဦးက မျက်မှောင်ကြုတ်၍ ယဲ့ဖန်အား မေးလာသည်။
"မင်း ဘယ်သူလဲ"
သူတို့စကားများကြောင့် ချင်ရွှယ်က ရှေ့သို့ ခပ်သွက်သွက် ပြေးတက်လာပြီး ရှင်းပြလာသည်။
"အန်ကယ်လ်ဖန့် … သူက ယဲ့ဖန်လေ … သမီး အန်ကယ့်လ်ကို ပြောပြောနေတဲ့ မှော်ဆရာဝန် ဆိုတဲ့သူပေါ့"
*မှော်ဆရာဝန်*
နိုင်ငံခြားသား ဆရာဝန်က ချက်ချင်း အထင်သေးသည့် မျက်နှာထားဖြင့် ချေပလေတော့သည်။
"ဟိုးဟိုး… ဟွာရှနိုင်ငံက မှော်ဆရာဝန်ဆိုတဲ့ လူတွေအားလုံးက တရားမဝင်တဲ့ ဆရာဝန်တွေချည်းပဲ … လူလိမ်တွေ … မင်းလို လူမျိုး ငါ အများကြီး တွေ့ခဲ့ဖူးတယ် … ပြီးတော့ သူတို့တွေ အားလုံးက တကယ့် ဆေးပညာအစစ်ကို မတတ်ကြဘူး … သူတို့အားလုံးက မင်းတို့ ဟွာရှ တိုင်းရင်းဆေးပညာလိုပဲ အမှိုက်တွေ"
*ဘာ*
သူ့စကားကြောင့် ချင်ရွှယ်နှင့် ယဲ့ဖန်တို့၏ မျက်နှာပေါ်၌ အံ့ဩသွားဟန်များ ပေါ်လွင်နေသည်။ သူတို့ အခန်းထဲ ဝင်ဝင်ချင်း နိုင်ငံခြားသား ဆရာဝန်တစ်ယောက်၏ လှောင်ပြောင်ခြင်း ခံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပါ။
ထို့နောက် ချင်ရွှယ်က ယဲ့ဖန်အား ညှိုးငယ်စွာ ပြောလိုက်သည်။
"ယဲ့ဖန် … သူက မော်ဆန်တဲ့ အန်ကယ်လ်ဖန့် ပြင်သစ်ကနေ ဖိတ်ခေါ်ထားတဲ့ ဆေးပညာမှာ နာမည်ကြီး တဲ့ ဥရောပသား ဆရာဝန်တစ်ယောက်ပေါ့ …. သူက အနောက်တိုင်းဆေးပညာမှာ ပြောရေးဆိုခွင့်ရှိတဲ့ ပြင်သစ်နိုင်ငံ ဆေးပညာ အသိုင်းအဝိုင်းက အာဏာရှိတဲ့သူ တစ်ယောက်ပေါ့"
"ဖန့်ကလန်ရဲ့ အဓိက ပိုင်ဆိုင်မှုအားလုံးနီးပါးက ပြင်သစ်နိုင်ငံမှာ ရှိတာ … ဖန့်ကလန်ခေါင်းဆောင် ဖြစ်တဲ့ အန်ကယ်လ်ဖန့်က အနောက်တိုင်း ဆေးပညာကို အရမ်း စွဲလမ်းနေတာ … ဒါက တော်တော် ခဲရာခဲဆစ်နိုင်တယ်"
ချင်ရွှယ်၏ စကားကြောင့် ယဲ့ဖန်၏ မျက်နှာက ချက်ချင်း သုန်မှုန်သွားသည်။ ထိုစဉ် ဖန့်ယင်း၏ ဖခင်ဖြစ်သူ ဖန့်ကျုံးရှန့်က စကားစလာသည်။
ယဲ့ဖန်ကို စုံချည်ဆန်ချည် ကြည့်၍ အနည်းငယ် စိတ်ပျက်သွားသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"မင်းက ယဲ့ဖန်လား … ငါ မင်းအကြောင်း ကြားဖူးပါတယ် … မင်းက တော်တော်ငယ်နေသေးတာက စိတ်မကောင်းစရာပဲ … မင်း ဖန့်ယင်းကို တွေ့ချင်တယ်ဆိုရင်တော့ ကြိုဆိုပါတယ် … မင်း သူမ ရောဂါကို ကုမယ်ဆိုရင်တော့ မင်း အဲ့ကိစ္စကို မေ့ထားလိုက်တာ ပိုကောင်းပါတယ်"
ထိုသို့ပြောပြီး ဖန့်ကျုံးရှန့်၏ မျက်နှာ၌ အလွန် စိတ်မကောင်းဖြစ် ဝမ်းနည်းနေဟန်များ ပြည့်နှက်လာသည်။
"ဒေါက်တာ မော်ဆန်တောင်မှ သူမကို ကုသမပေးနိုင်တာ … ဒါ ငါ့သမီးရဲ့ ကံတရားပဲ ဖြစ်မယ်ထင်ပါရဲ့"
သူ့စကားကြောင့် ချင်ရွှယ်၏ လှပသော မျက်နှာလေးက သုန်မှုန်လာသည်။ ထို့နောက် သူမက ဖန့်ကျုံးရှန့်က အသည်းအသန် ဖျောင်းဖျလေတော့သည်။
"အန်ကယ်လ်ဖန့် ... သမီးတို့ လက်လျော့လိုက်လို့ မဖြစ်ဘူး … ယဲ့ဖန်က ဒေါက်တာရှုရဲ့ ဆရာလေ … သူ သေချာပေါက် ဖန့်ယင်းကို ကုပေးနိုင်ပါတယ်"
*ဒေါက်တာရှု*
သူမစကားကြောင့် ဖန့်ကျုံးရှန့်၏ မျက်နှာက တစ်ခဏမျှ တွေဝေသွားသည်။ သူသည် ပြင်သစ်နိုင်ငံ၌ နှစ်ပေါင်းများစွာ နေခဲ့သဖြင့် ကျန်းနန်မြို့က အရေးကိစ္စတွေနှင့် သူ သိပ်မရင်းနှီးပေ။
သို့သော် သူ ရှုကွမ်းကိုတော့ သိပါသည်။
"ချင်ရွှယ် … တော်စမ်း … ဒေါက်တာရှုက ဆရာဝန်ကောင်းတစ်ယောက်ပါ … ဒါပေမယ့် သူ့ဆေးပညာကတော့ အကန့်အသတ်နဲ့ ဖြစ်နေတယ် … သူ့ဆရာဆို…"
ဖန်ကျုံးရှန့်က ယဲ့ဖန်၏ ငယ်ရွယ်ပြီး ဖြူစင်ပုံရသည့် မျက်နှာကို ကြည့်ရင်း မရည်ရွယ်ဘဲ ခေါင်းခါလိုက်မိသည်။
သူမစကားတွေကို သူ လုံးဝ မယုံကြည်သည်မှာ သိသာလှပေ၏။
ဖြောင်း!
ဖန့်ကျုံးရှန့် စကားအဆုံး၌ အားနှင့် ပါးချခံလိုက်ရလေသည်။ ထို့ကြောင့် သူ ချက်ချင်း ဒေါပွသွားသည်။
သူ့မျက်နှာကို လက်ဖြင့် အုပ်ရင်း မျက်လုံးအပြူးသားနှင့် ယဲ့ဖန်အား မယုံနိုင်သလို ကြည့်ကာ ကျိန်ဆဲလိုက်လေသည်။
"ဟေ့ကောင် … မင်း … မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့လေ"
ထိုသူငယ်လေးက သူ့ကို ရိုက်ရဲမည်ဟု ဖန့်ကျုံးရှန့် လုံးဝ ထင်မှတ်မထားခဲ့မိပါ။
"ခင်ဗျားကို ရိုက်တယ် ဟုတ်လား"
ယဲ့ဖန်က အေးစက်စက် မျက်လုံးများဖြင့် ရက်စက်သော အပြုံးမျိုး ပြုံးကာ ပြန်ပြောလိုက်သည်။
"ခင်ဗျားက မမလေးဖန့်ရဲ့ အဖေ မဟုတ်လို့ကတော့ ကျုပ် ခင်ဗျားကို သတ်ပစ်မှာ"
"သူမရဲ့အဖေ တစ်ယောက်အနေနဲ့ ခင်ဗျား ထားနိုင်သမျှ မျှော်လင့်ချက်တွေ အကုန်စုပြုံထားပြီး ကြိုးစားကြည့်ရမှာ … ခင်ဗျားက တကယ် သေသင့်တာပဲ"
ယဲ့ဖန်၏ စကားကြောင့် ဖန့်ကျုံးရှန့်၏ မျက်လုံးများက နီရဲလာကာ မီးဝင်းဝင်းတောက်လာ၏။ သို့သော် ယဲ့ဖန်က ပြောလို့ မပြီးသေးချေ။ ယဲ့ဖန်က ဒေါသထွက်နေသော မျက်နှာနှင့် သူ့အား စိုက်ကြည့်၍ ထပ်ပြောလိုက်သည်။
"ခင်ဗျားပြောခဲ့သမျှ စကားတိုင်းက ခင်ဗျားသမီးရဲ့ ဘဝအတွက် ပေးဆပ်လိုက်ရတဲ့ အချိန်တွေဆိုတာ သိရဲ့လား"
"သာမန်လူတွေအတွက် တစ်နာရီက ဖန့်ယင်းအတွက် အချိန် တစ်နှစ်နဲ့ ညီမျှနေတယ် … သူမ နာရီဝက်အတွင်း သေသွားလိမ့်မယ် … ကျုပ်ပြောတာ နားလည်ရဲ့လား"
*ဘာ*
ယဲ့ဖန်၏ စကားကြောင့် အခန်းထဲမှ လူတိုင်း အံ့ဩသွားကြသည်။
"အီးပေါလောကောင်"
ဖန့်ကျုံးရှန့် ဒေါသကြောင့် တုန်ယင်လာပြီး ပြန်ငြင်းလိုက်သည်။
"ဒေါက်တာ မော်ဆန်က ငါ့သမီးက ဖျားနာနေတာတောင်မှ တစ်ရက်နဲ့ တစ်ညတောင် အသက်ရှင်နိုင်သေးတယ်လို့ ပြောထားတာကွ … သူမက ဘယ်လိုလုပ် နာရီဝက်အတွင်း သေနိုင်မှာလဲ"
ဖန့်ကျုံးရှန့်ဘေးမှ ဒေါက်တာ မော်ဆန်ကလည်း ဒေါသထွက်ကာ ယဲ့ဖန်အား မာန်မဲလိုက်သည်။
"အဓိပ္ပာယ် မရှိတာတွေ … မင်း မဟုတ်တာတွေ လျှောက်ပြောနေတယ် … မစ္စတာဖန့် … အဲ့ကောင်က ဟွာရှနိုင်ငံက ပြည်တွင်း တရားမဝင် ဆရာဝန်တစ်ယောက်ပဲ … သူက လူလိမ်ပဲ .. သူ့ကို ဒီနေရာကနေ ထွက်သွားခိုင်းလိုက် … ကျုပ် သူ့ကို ထပ်မတွေ့ချင်ဘူး"
ဖန့်ကျုံးရှန့်က ဒေါက်တာ မော်ဆန်အား အလွန် အလေးထားသည်။ ဆရာဝန်၏ စကားကို ကြားသည်နှင့် သူက လက်ဝှေ့ယမ်း၍ သူ့သက်တော်စောင့်များအား ယဲ့ဖန်ကို ဆွဲထုတ်သွားရန် အမိန့်ပေးလိုက်သည်။
ထိုစဉ် ရုတ်တရက် ယဲ့ဖန်အနောက်မှ လူနှစ်ယောက် ထွက်ပေါ်လာသည်။
"ငါ့သခင်ကြီးကို ဘယ်သူ ထိရဲသလဲ"
ယဲ့ဖန်နောက်တွင် ရပ်လိုက်သည့် သက်တော်စောင့် နှစ်ယောက်ကတော့ သွေးစုပ်လူသတ်သမား ဖီးလစ်နှင့် ကြေးစား ဧကရာဇ် ဝုဒ်တို့ပင် ဖြစ်သည်။
သူတို့ ပေါ်လာပြီးနောက် တစ်ခန်းလုံး အေးခဲ တောင့်တင်းသွားကြသည်။
ကြေးစား ဧကရာဇ် ဝုဒ်ကို မြင်လိုက်ရသည်နှင့် ဖန့်ကျုံးရှန့်က မယုံသင်္ကာဟန်ဖြင့် ချက်ချင်း မေးခွန်းထုတ်လိုက်သည်။
"ခင်ဗျား…ခင်ဗျားက ပြင်သစ်လူမျိုး ဝုဒ် စီးပွားရေးလုပ်ငန်းရဲ့ တည်ထောင်သူ … ကြေးစား ဧကရာဇ် ဝုဒ် မဟုတ်လား"
လွန်ခဲ့တဲ့ ဆယ်ငါးနှစ်တုန်းက ဖန့်ကလန်၏ ပိုင်ဆိုင်မှုတွေကို အမွေရခါစ အချိန်တွင် ဝုဒ် စီးပွားရေးလုပ်ငန်း တည်ထောင်သူ ထံသို့ သူ တစ်ကြိမ်ခန့် သွားရောက်ခဲ့ဖူးသည်။
သို့သော် ကြေးစား ဧကရာဇ် ဝုဒ် ပျောက်ဆုံးနေသည်မှာ ဆယ်စုနှစ်ခန့် ရှိပြီ ဖြစ်သည်။
ဖန့်ကျုံးရှန့် ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေသည်။
"မင်းက ဘယ်သူလဲ"
ဝုဒ်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ သူ ဖန့်ကျုံးရှန့်ကို လုံးဝ မမှတ်မိသည်မှာ သိသာလှပေသည်။
ဖန့်ကျုံးရှန့်က ခပ်သွက်သွက် ပြန်ဖြေလိုက်သည်။
"အရှင်ဝုဒ် … ကျွန်တော်က ဝုဒ် စီးပွားရေးလုပ်ငန်းစုနဲ့ အကျိုးတူ ပူးပေါင်းထားတဲ့ ဖန့်အုပ်စုရဲ့ ဘုတ်အဖွဲ့က ဥက္ကဋ္ဌပါ … သိပ်ကောင်းတာပဲဗျာ … သခင်မလေး ဝုဒ်သာ ခင်ဗျား အသက်ရှင်နေသေးတာကို သိသွားရင် သူ သိပ်ပျော်သွားမှာပါဗျ … ဝုဒ် စီးပွားရေး လုပ်ငန်းတစ်ခုလုံး ဒီသတင်းကြောင့် ရူးသွားလောက်တယ်"
ဝုဒ်စီးပွားရေး လုပ်ငန်းသည် ပြင်သစ်နိုင်ငံ၏ ထိပ်တန်း စီးပွားရေးလုပ်ငန်းစုကြီး လေးခုထဲမှ တစ်ခု ဖြစ်သည်။
ဖန့်အုပ်စုသည် သူတို့၏ အနီးစပ်ဆုံး ပူးပေါင်းထားသည့် လုပ်ငန်းဖြစ်သည်။
သို့သော် သူ့စကားကြောင့် ဝုဒ်က ရေခဲတမျှ အေးသော ချီဓာတ်ကို ထုတ်လွှတ်၍ မာဆတ်ဆတ် အသံဖြင့် မေးလာသည်။
"မင်းက ငါ့သခင်ကြီးကို ဒီနေရာက ကန်ထုတ်ချင်နေတာလား"
*ဘာ*
ထိုအခါမှသာ ဖန့်ကျုံးရှန့်သည် 'သခင်ကြီး' ဟူသော စကားလုံးကို သတိပြုမိသွားသည်။ ထို့နောက် သူက အလွန် ထိတ်လန့်သွားသော မျက်နှာထားဖြင့် ယဲ့ဖန်ကို တစ်လှည့် ကြေးစား ဧကရာဇ် ဝုဒ်ကို တစ်လှည့် ကြည့်နေမိသည်။
"မဟုတ် … မဟုတ်ဘူး … မဟုတ်ရပါဘူး … ကျွန်တော် အဲ့လို မပြောလိုက်ပါဘူး ... ကျွန်တော် … မပြောဘူး"
ဖန့်ကျုံးရှန့် ဘောင်းဘီထဲ သေးထွက်ကျမတတ် ဖြစ်နေသည်။ ပျောက်ဆုံးနေသည့် ဆယ်နှစ် အတောအတွင်း ဝုဒ်က သခင်ကြီးတစ်ယောက် ရှာတွေ့သွားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားမိချေ။
ပို၍ မယုံချင်စရာ ကောင်းသည်က သူ့သခင်ကြီးသည် …. ယဲ့ဖန် ဖြစ်လို့နေ၏။
ဖန့်ကျုံးရှန့် နဖူးမှ ချွေးများ စို့နေသည်။ သူ ချက်ချင်း ယဲ့ဖန်အား တောင်းပန်ရန် ကြံစည်လိုက်သည်။
"မစ္စတာယဲ့ … ကျုပ် …"
သို့သော် သူ စကားပြောလို့ မပြီးသေးခင်မှာတင် ယဲ့ဖန်က သူ့ကို စိုက်ကြည့်၍ ခက်ထန်စွာ ပြောလိုက်သည်။
"ထွက်သွားမလား အသတ်ခံမလား"
စာစဉ် (၁၆) ဤတွင် ပြီးပါပြီ။