← Chapters

စိတ်ဝိညာဉ် သန္ဓေသားလောင်းက အရွယ်ရောက်ပြီ၊ ည ၈နာရီမှာ လာယူလိုက်

Vol. 17 Ch. 242

စိတ်ဝိညာဉ် သန္ဓေသားလောင်းက အရွယ်ရောက်ပြီ၊ ည ၈နာရီမှာ လာယူလိုက်

Vol. 17 Ch. 242

"ဒါ… ဒါ ကျွန်မလား"

မှန်ထဲမှ သူမ ပုံရိပ်ကို ကြည့်ရင်း ဖန့်ယင်း၏ လှပသော မျက်ဝန်းလေး၌ မယုံသင်္ကာဟန်များ စွန်းထင်းလို့နေ၏။

သူမ၏ လှပသော မျက်နှာလေးက ပြိုင်ဘက်ကင်း လှပေသည်။ သူမ၏ လှပသော မျက်နှာလေးက မိခင် သဘာဝတရားက ထုဆစ်ထားသော အနုပညာ လက်ရာလေးအလား လှပနေပြီး အသက်ရှူဖို့တောင် မေ့လျော့လို့နေသည်။

သူမ၏ အသားအရေက ပိုးသားကဲ့သို့ စွတ်စွတ်ဖြူ နေသည်။သူမမျက်လုံးလေးများက ကြယ်ကဲ့သို့ တောက်ပလို့နေသည်။ သူမ ပါးစပ်လေးက သေးသွယ်၍ သူမ နှာခေါင်းလေးက ပုံစံကျလို့‌နေ၏။

သူမ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းက ပြီးပြည့်စုံ လှပေသည်။ အမျိုးသမီးတစ်ယောက်သာ ဖန့်ယင်းကို မြင်မိပါက ရှက်သွေးဖြာသွားလောက်သည်။

တောက်! တောက်!

ဖန့်ယင်း၏ လှပသော မျက်ဝန်းမှ မျက်ရည်များ စီးကျလို့လာသည်။ သူမ၏ ပါးစပ်သေးသေးလေးကို လက်ဖြင့် အုပ်ရင်း ရှိုက်ငိုရင်း ခန္ဓာကိုယ်လေးက တုန်ယင်နေသည်။

ပြီးခဲ့သည့်ရက်များက ရာစုနှစ်လောက် ကြာမြင့်သည်ဟု ခံစားခဲ့ရသည်။ သူမ အိုမင်းလာသည်နှင့်အမျှ သူမ မိတ်ဆွေ အပေါင်းအသင်းများနှင့် မိသားစုဝင်များ၏ မျက်လုံးထဲတွင် သူမက မကောင်းဆိုးဝါးတစ်ကောင် ဖြစ်လာခဲ့ရသည်။

ထိုကြောက်လန့်၊ရွံ့ရှာပြီး မနှစ်မြို့သော အကြည့်များက သူမအား ရှက်ရွံ့စေသလို ဒေါသလည်း ထွက်စေသည်။

သူမ၏ ဖခင်အရင်းကတောင်မှ သူမကို ရွံ့ရှာခဲ့ပြီး သူမ အသက်ရှင်ဖို့ကိုတောင် သံသယဝင်ခဲ့သည်။

*သူတစ်ယောက်တည်းကပဲ*

*ထပ်ပြီးတော့ သူပဲ*

*သူက ငါရဲ့ စိတ်ကူးယဉ် အနာဂတ် သတို့သားလောင်းနဲ့ တူလိုက်တာ … သူက ငါ့ကို ဒီပြဿနာထဲကနေ ဆွဲထုတ်ပေးခဲ့တာ*

"ယဲ့ဖန်…"

ယခုအခါတွင် ဖန့်ယင်းက သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီးနောက် ယဲ့ဖန်၏ ရင်ခွင်တွင်းသို့ ပစ်ဝင်ကာ ရှိုက်ကြီးတငင် အော်ငိုမိသည်။

သူမ၏ ရှိုက်သံများက သေခါနီးလူတစ်ယောက် ပြန်လည် ရှင်သန်လာသကဲ့သို့ အလွန် စိတ်သောက ရောက်ခဲ့ရ ပြီးနောက် ပျော်ရွှင်နေဟန်များ ပျော်ဝင်နေ သည်။ လုံးဝကြီးကို ပြောင်းလဲသွားသော အခြေအနေ ကြောင့် သူမ စိတ်ခံစားချက် အားလုံးကို မထိန်းချုပ်နိုင်ပါ။

ဖန့်ယင်း၏ တုန်ယင်နေသော ခန္ဓာကိုယ်လေးကို ခံစားမိပြီး ယဲ့ဖန် စိတ်သက်သာရာ ရသွားဟန်ဖြင့် အသာ သက်ပြင်းချပြီး သူမ၏ နက်မှောင် တောက်ပသော ဆံနွယ်လေးများကို အသာ ပွတ်သပ်ပေးလိုက်သည်။

"ဒီနေ့က မင်းရဲ့ ကံဆိုးမိုးမှောင်ကျတဲ့ နေ့ဖြစ်သလို မင်း ပြန်လည် မွေးဖွားလာတဲ့နေပဲ"

*ပြန်လည်မွေးဖွားလာတာ*

သူ့စကားကြောင့် ဖန့်ယင်း ငိုကြွေးနေရာမှ ရပ်သွားကာ သူမ၏ လှပသော မျက်နှာလေးဖြင့် မော့ကြည့်လို့ လာသည်။

ထိုပြီးပြည့်စုံသော မျက်နှာလေး၌ မျက်ရည်များနှင့် စိုရွှဲနေပုံက မိုးရွာပြီးနောက် မက်မွန်ပင်လေးများ ဖူးပွင့် လာဟန်နှင့် သဏ္ဌာန်တူလှပြီး သူမကို ပိုမို လှပလာအောင် ဖြည့်စွက်ပေးလိုက်သလိုပင်။

"ယဲ့ဖန် … ရှင်ပြောချင်တာက…"

ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံပြုံး၍ ခေါင်းမော့လိုက် ပြီးနောက် သွေးပုလင်းကို မော့ကြည့်လိုက်သည်။

ထိုသွေးပုလင်းထဲမှ ပြာလဲ့လဲ အရည်များကို ကြည့်ပြီး သူ့မျက်လုံးမှ ကြောက်မက်ဖွယ် ကောင်းသော အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။

"ဒီဆေးပုလင်းကို ဘယ်သူယူလာတာလဲ"

*ဟင်*

ဖန့်ယင်း တစ်ခဏမျှ ကြာသွားသည်။ ထို့နောက် သူမ ပြန်ဖြေလိုက်သည်။

"အဲ့ဒါကို ဒေါက်တာ မော်ဆန်က ပြင်သစ်ကနေ ယူလာတာ … သူပြောတာတော့ အဲ့ဒါက အသက်ကြီးလာတာကို ဟန့်တားတဲ့ နောက်ဆုံး သုတေသန ရလဒ်တဲ့"

*အသက်ကြီးတာကို ဟန့်တားတယ်*

သူမစကားကြောင့် ယဲ့ဖန်၏ မျက်နှာက အလွန် ဝမ်းနည်းသွားပုံရပြီး သူက ထပ်ပြောလိုက်သည်။

"အသက်ကြီးတာကို ဟန့်တားတယ် ဟုတ်လား … ကောင်းတယ် … သိပ်တော်တဲ့ ဆရာဝန်ပါလား"

"မမလေးဖန့် သူ့ကို အပြင်ထွက်ပြီး တွေ့ကြရအောင်"

ထိုသို့ပြောပြီး ယဲ့ဖန်က မတ်တပ်ရပ်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။

….

ထိုအချိန်တွင် ဖန့်ကျုံးရှန့်က အခန်းအပြင်ဘက်၌ ကြေးစားဧကရာဇ် ဝုဒ်အား မျက်နှာချိုသွေးနေသည်။

"မစ္စတာဝုဒ် … ဝုဒ် စီးပွားရေး လုပ်ငန်းစုကြီးက သခင်မလေး ဝုဒ်ရဲ့ ဦးဆောင်မှုအောက်မှာ အလျင်အမြန် ကျယ်ပြန့် ကြီးပွားလာတာကို သိရဲ့လားဗျ … သခင်မလေးဝုဒ်သာ ခင်ဗျား အသက်ရှင်နေမှန်း သိရင် သူမ သိပ်ပျော်သွားမှာ"

သို့သော် သူ့စကားကို ကြားပြီးနောက် ကြေးစား ဧကရာဇ်ဝုဒ်က စက်ဆုပ်ဟန်ဖြင့် ပြောလိုက်သည်။

"မင်း မမလေးဖန့်ကို ပိုဂရုစိုက်ရင် ကောင်းမယ်"

"ဖန့်ယင်းလား … ဟူး…"

ဖန့်ကျုံးရှန့်က သက်ပြင်းရှည်ကြီး ချကာ စိတ်ပျက်နေဟန်ဖြင့်‌ ခေါင်းကိုခါရင်း မချိတင်ကဲ မျက်နှာထားဖြင့် ဆက်ပြောလာသည်။

"သူမက ကံမကောင်းတာပဲဗျာ … ယင်းကတော့ သွားရှာတော့မှာ … သူမ အသက်ရှင်မယ်ဆိုရင်ရော ဘာထူးမှာမို့လို့လဲ … သည်လို အိုမင်းနေတဲ့ ရုပ်ရည်နဲ့ ဆိုရင်တော့ သေသွားတာကမှ ပိုကောင်းပါဦးမယ်လေ"

ဖန့်ယင်း၏ ရောဂါကို ကုသရာ၌ ထားသော မျှော်လင့်ချက်အားလုံးကို သူ လုံးဝ စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။

သူ့စကားကြောင့် ဒေါက်တာ မော်ဆန်က လှောင်ရယ်၍ ပြောလိုက်သည်။

"အိုမင်းနေတဲ့ ရုပ်ရည် ဟုတ်လား … ဟီးဟီး … စိတ်ဝိညာဉ် သန္ဓေသားလောင်းက သူမကိုယ်ထဲက ဖောက်ပြီး ထွက်လာရင် ဖန့်ယင်းက အရိုးပဲ ကျန်ခဲ့တော့မှာ … ပြီးရင်တော့ ရွတ်တနေတဲ့ အသားအရေကို‌တောင် မထိန်းသိမ်းနိုင်မှာကို ကျုပ် စိုးရိမ်မိတယ်"

ထို့နောက် ဒေါက်တာမော်ဆန်က အခန်းတံခါးကို ကြည့်ရင်း မလိုမုန်းထားဟန်ဖြင့် ပြောလိုက်သည်။

"အဲ့ဟွာရှ ငနာလေး သခင်လေးရဲ့ သိုင်းကွက်ကို ရင်ဆိုင်ဖို့ ဘယ်နည်းလမ်း သုံးမလဲဆိုတာ ကျုပ် မြင်ချင်သား"

ကျွီ!

ထိုစဉ် အခန်းတံခါးက ရုတ်တရက် ပွင့်လာသည်။ အခန်းအပြင်ဘက်မှ လူတိုင်းက တံခါးအား ပြိုင်တူ ကြည့်လိုက်မိသည်။

ယဲ့ဖန်ကို မြင်သည်နှင့် ဖန့်ကျုံးရှန့်က ရှေ့သို့ လျင်မြန်စွာ ပြေးတက်လာပြီး မေးလိုက်သည်။

"မစ္စတာယဲ့ … ခင်ဗျား ကျုပ်သမီးရဲ့ အသက်ကို မကယ်နိုင်ခဲ့ဖူးမလား … ခင်ဗျား ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စရာ မလိုပါဘူး … သူမက …"

သို့သော် ဖန့်ကျုံးရှန့် စကားမဆုံးခင်တွင် ယဲ့ဖန် အနောက်မှ လူကို မြင်လိုက်ရပြီး တအံ့တဩဖြစ်ကာ ပါးစပ် အဟောင်းသား ဖြစ်သွားရသည်။

ချင်ရွှယ်တောင်မှ တွေဝေသွားရသည်။

ဒေါက်တာ မော်ဆန်သည်လည်း သစ်သားပြားကြီးလို နေရာမှာတင် ငူငိုင်ငိုင်ကြီး ရပ်နေမိသည်။

*အလှလေးပါလား*

ပန်းချီကားထဲမှ အလှနတ်ဘုရားမလေး ထွက်လာသည် ဟုတောင် ထင်မှတ်မှားရသည်။ လူအုပ်ကြီးရဲ့ ရင်တွေ ချက်ချင်း ခုန်လာကြသည်။

"ဖန့်…ဖန့်ယင်းလား"

ဖန့်ကျုံးရှန့်နှင့် အခြားသူများ ထင်ယောင်ထင်မှား ဖြစ်နေကြသည်ဟုတောင် ထင်မိကြသည်။ လွန်ခဲ့သည့် ဆယ်မိနစ်ကျော်တုန်းက သူမသည် ဆံပင်ဖြူဖွေး၍ အသားအရေက ရှုံ့တွနေသည်။ သူမ သည်လောက် ပြင်းပြင်းထန်ထန် ပြောင်းလဲသွားရတာပါလိမ့်"

*ဒါ… လုံးဝ မဖြစ်နိုင်ဘူး*

"ဖန့်ယင်း … တကယ်ပဲ မင်းလား"

ဖန့်ကျုံးရှန့်သည် ထိတ်လန့်နေသလို ပျော်လည်း ပျော်ရွှင်မိသည်။ သို့သော် ဖန့်ယင်းက သူမအဖေကို အရေးပင် မလုပ်ပါ။

သူမ၏ အကြည့်ခံရဖို့ ယဲ့ဖန် တစ်ဦးတည်းကသာ ထိုက်တန်သည့်ဟန်ဖြင့် ယဲ့ဖန် တစ်ယောက်တည်း ကိုသာ ကြည့်လို့နေသည်။

ထိုစဉ် ယဲ့ဖန်က ဒေါက်တာ မော်ဆန်ထံသို့ လျှောက်သွားသည်၊ သူ့နောက်မှ ဖန့်ယင်းလည်း လိုက်ပါလာ၏။

"မဖြစ်နိုင်ဘူး … လုံးဝ မဖြစ်နိုင်ဘူး"

ထိုအချိန်တွင် ဒေါက်တာ မော်ဆန်သည် နဖူးမှ ချွေးတဒီးဒီးကျလို့နေသည်။ ထို့ပြင် သူ့ခန္ဓာကိုယ်သည် ထိတ်လန့်မှုကြောင့် တုန်ယင်နေပြီး မျက်လုံးများက ယောင်တိယောင်ချာ ဖြစ်နေသည်။

သူ့သခင်လေး၏ စိတ်ဝိညာဉ် သန္ဓေသားလောင်းက ပျက်ဆီးသွားပြီး ဖန့်ယင်းသည်လည်း လုံးဝ နေကောင်း လာမည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပါ။

*အံ့ဩစရာပါလား*

ယဲ့ဖန်နှင့် ဖန့်ယင်းတို့က ဒေါက်တာ မော်ဆန်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။ ဒေါက်တာ မော်ဆန်က တစ်ချက် တုန်သွားပြီးမှ ဖန့်ယင်းက အားပါးတရ ပြုံးပြ၍ ပြောလိုက်သည်။

"ဖန့် … ဖန့်ယင်း … မင်း နေပြန်ကောင်းလာတဲ့အတွက် ဂုဏ်ပြုပါတယ်"

ဖြန်း!

သို့သော် သူ့စကားအဆုံးတွင် ဖန့်ယင်းက သူ့မျက်နှာအား အားနှင့် ရိုက်ချလိုက်သည်။

"မင်း…"

ဒေါက်တာ မော်ဆန်သည် မျက်နှာအား လက်ဖြင့် အုပ်ရင်း ဒေါသထွက်သွားသည်။ သူမ နေပြန်ကောင်းလာသည်နှင့် သူ့အား ပါးချလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။

ထို့နောက် ယဲ့ဖန်၏ အရိုးကွဲမတတ် အသံကြောင့် သူ ချက်ချင်း တုန်လှုပ်သွားသည်။

"မိစ္ဆာ စိတ်ဝိညာဉ် သန္ဓေသားလောင်း အရွယ်ရောက်ဆေး …. ဒေါက်တာ မော်ဆန် ခင်ဗျားက တော်တော်လေး အတွေ့အကြုံ နုသေးတာပဲ"

*ဘာ*

ယဲ့ဖန်၏စကားကြောင့် ဒေါက်တာ မော်ဆန်၏ ခေါင်းမွေးထောင်သွားရပြီး ကြောက်စိတ်များနှင့် ပြည့်လာ ရသည်။

*သူ သိသွားတယ်*

*သူ ဘယ်လို သိသွားတာလဲ*

ဒေါက်တာ‌မော်ဆန် မယုံနိုင်ပါ။ ထိုစဉ် ယဲ့ဖန်က လက်ကို ရှေ့သို့ ဆန့်လိုက်ပြီးနောက် ဖုန်းတစ်လုံးက သူ့လက်ထဲ ရောက်လာသည်။

"ငါ့…ငါ့ဖုန်း … ဟေ့ကောင် … ငါ့ကို ပြန်ပေးစမ်း"

ဒေါက်တာ မော်ဆန် ထိတ်လန့်သွားကာ ချက်ချင်း ရှေ့သို့တိုး၍ ဖုန်းပြန်လုရန် ကြိုးစားလို်ကသည်။

သို့သော် ယဲ့ဖန်က ရုတ်တရက် သူ့လည်ပင်းကို ညှစ်၍ သူ့အား ကြက်ကလေး တစ်ကောင်လို ကောက်မြှောက် လိုက်သည်။

ထို့နောက် ယဲ့ဖန်က ဖုန်းကောက်ဆက်လိုက်သည်။ ဖုန်းဝင်သွားသည်နှင့် ဒေါက်တာ မော်ဆန် အလွန် ထိတ်လန့်သွားသည်။

"ဟေ့ … မော်ဆန် … စိတ်ဝိညာဉ် သန္ဓေသားလောင်းက အရွယ်မရောက်သေးဘူးလား "

ဖုန်းတစ်ဘက်မှ လူငယ်တစ်ယောက်၏ အသံ ထွက်ပေါ် လာသည်။ ထို့နောက် ယဲ့ဖန်က နှုတ်ခမ်းတွန့်၍ တည်ငြိမ်စွာ‌ ပြောလိုက်သည်။

"စိတ်ဝိညာဉ် သန္ဓေသားလောင်းက အရွယ်ရောက်နေပြီ … ည ၈နာရီမှာ လာယူပါ"

သူ့အသံက ဒေါက်တာ မော်ဆန်၏ လေသံနှင့် တစ်ထပ်တည်းပင်။ ထိုသို့ပြောပြီး ယဲ့ဖန်က ဖုန်းချလိုက်သည်။

All Chapters