ရှန့်တုမြို့သို့ ရောက်ရှိခြင်း
Vol. 19 Ch. 207
သင်္ဘောပျံပေါ်တွင် ထန်ထျန်းနှင့် အကြီးအကဲရွှမ်တို့ အတူရပ်နေရင်း ထျန်းဖူနန်းတော်၏ အခြေခံအချက်အလက်များစွာကို စကားစမြည် ပြောဖြစ်ခဲ့ကြသည်။
ထန်ထျန်းက နောက်ဆုံးတွင် ဤသို့ အနှစ်ချုပ်လိုက်သည်။
သူ့အတွက်မူ ထိုနေရာက စစ်မှန်သော ကျင့်ကြံခြင်း မြင့်မြတ် နယ်မြေတစ်ခု ဖြစ်ပေသည်။
ထျန်းဖူနန်းတော်၏ အင်အားကြီးမားသော စွမ်းအား အောက်တွင် မည်သည့်အင်အားစုကမျှ တိုးတက် လာနေသော လူငယ်တပည့်များကို ပစ်မှတ်ထားကာ ဖြတ်ယူရဲမည် မဟုတ်ပေ။
ခွန်အားနှင့် ပါရမီ ပိုမိုမြင့်မားသော တပည့်ဖြစ်လေလေ၊ မည်သူမျှ မထိရဲလေလေ ဖြစ်သည်။
"လူငယ်တွေ သန်မာမှ ဂိုဏ်းက သန်မာမှာပေါ့"
ဤသည်မှာ သူ့ အနာဂတ်အတွက် အာမခံချက်တစ်ခု ပေးထားခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ထန်ထျန်းအနေဖြင့် အကောက်ကြံမှုများ သို့မဟုတ် လှည့်စားမှုများကို စိုးရိမ်နေစရာမလိုဘဲ သူ့ ခွန်အားကို တိုးတက်အောင်သာ အာရုံစိုက်ရန် လိုအပ်တော့သည်။
ဤသည်မှာ သူ အမြဲတမ်း စီစဉ်ထားသည့် ဦးတည်ချက်နှင့် ကိုက်ညီနေသဖြင့် သတင်းကောင်းဟု ဆိုရပေမည်။
အခြားဂိုဏ်းများမှ ပထမအဆင့် ပါရမီရှင်များ ပြဿနာလာရှာနိုင်သည်ဟူသော အကြီးအကဲရွှမ်၏ စကားကိုမူ ထန်ထျန်း စိတ်ထဲမထားပေ။
လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ အရေးမကြီးပေ။ လာလျှင်ပင် ပိုကောင်းပေသည်၊ ထိုစစ်မှန်သော ပါရမီရှင်များမှာ မည်မျှအဆင့်ရှိသည်ကို တစ်ပါတည်း လေ့လာနိုင်မည် မဟုတ်ပါလား။
သူတို့နှစ်ဦး ခဏမျှ စကားပြောပြီးနောက် အကြီးအကဲရွှမ်က နှုတ်ဆက်ကာ ထွက်သွားသည်။
သို့သော် မထွက်သွားမီ သူက ထန်ထျန်းထံသို့ သေးငယ်သော ကျောက်စိမ်းပြားလေးတစ်ခု ကမ်းပေးခဲ့သည်။
"ဒါက လူတစ်ယောက်က သခင်လေးဆီ ပေးခိုင်းလိုက်တဲ့ အရာပါ"
ပြောကာ အကြီးအကဲရွှမ်က လှည့်ထွက်သွားခဲ့သည်။
ဤသည်မှာ အချက်အလက်များ မှတ်သားထားသော ကျောက်စိမ်းပြားလေး ဖြစ်သည်။ မည်သူကများ သူ့ထံ သတင်းပေးပို့လိုက်သနည်းဟု သိချင်စိတ်ဖြင့် ထန်ထျန်း ၎င်းကို ဖွင့်ကြည့်လိုက်သည်။
ကျောက်စိမ်းပြားအတွင်း၌ တိုတောင်းသော စာတစ်ကြောင်းသာ ပါရှိသည်။
" ညီကိုထန်ရေ... ထျန်းဖူနန်းတော်မှာ ပြန်ဆုံကြတာပေါ့"
" ဟားဟား"
ဤသည်မှာ ဝမ်ကျိယွီ၏ အသံပင် ဖြစ်သည်။
ထန်ထျန်းက သဘောကျစွာ ပြုံးလိုက်မိသည်။
ထိုကောင်မှာ အမှန်တကယ်ပင် သာမန်လူ မဟုတ်ပေ။
ရှီးချန် (ဧကရာဇ်မြို့) မှ အတူတူ ပြန်လာပြီးနောက် သူက တစ်ဖန် ပျောက်ကွယ်သွားခဲ့ပြီး ဘယ်နေရာမှာ ပျော်ပါးနေသည် မသိရပေ။
အဆုံးတွင် သူကလည်း ထျန်းဖူနန်းတော်သို့ သွားနေခြင်း ဖြစ်သည်။
ချင်းယွဲ့ဂိုဏ်း၏ အဖွဲ့နှင့် အတူမလိုက်ဘဲ ထျန်းဖူနန်းတော်သို့ တစ်ကိုယ်တော် သွားနိုင်သည်ဆိုကတည်းက ထိုကောင်၏ အဆင့်အတန်းမှာ မြင်တွေ့နေရသည်ထက် ပို၍ နက်ရှိုင်းမည်မှာ သေချာသည်။
ထန်ထျန်းက ခေါင်းခါကာ ကျောက်စိမ်းပြားကို သူ၏ ဥဟင်းလင်းပြင်ထဲသို့ သိမ်းဆည်းလိုက်သည်။
ရှီးချန်မြို့ တွင် ဝမ်ကျိယွီနှင့် ဆုံကတည်းက သူက သာမန် ဂုဏ်ထူးဆောင်တပည့် မဟုတ်ကြောင်း ထန်ထျန်း သိထားပြီး ဖြစ်သည်။
သူ၏ ရည်ရွယ်ချက်အစစ်အမှန်ကိုလည်း ထန်ထျန်းက အတင်း စူးစမ်းရန် ဆန္ဒမရှိပေ။
လူတိုင်းတွင် လျှို့ဝှက်ချက်ကိုယ်စီ ရှိကြသည်မဟုတ်ပါလား။
လူကြီးလူကောင်းအချင်းချင်း ပေါင်းသင်းဆက်ဆံမှုမှာ ရေကဲ့သို့ပင် အေးမြရိုးရှင်းရမည်။ သူနှင့် ဝမ်ကျိယွီကြားတွင်လည်း ထိုသို့ပင် ဖြစ်သည်။
အပြင်ဘက် ရှုခင်းများကို ခဏမျှ ခံစားပြီးနောက် ထန်ထျန်းက သူ့အခန်းသို့ ပြန်လာခဲ့သည်။
...
တစ်လကျော် အချိန်မှာ အလွန်လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ချင်းယွဲ့သင်္ဘောပျံ၏ မရပ်မနား ပျံသန်းမှုအောက်တွင် မည်မျှဝေးသော ခရီးကို ဖြတ်ကျော်လာခဲ့သည် မသိရပေ။
ထိုစဉ် သင်္ဘောပျံက ရုတ်တရက် တုန်ခါသွားပြီး အမြန်နှုန်း မှာ သိသိသာသာ လျော့ကျသွားသည်။
ထို့နောက် လီဟုန်က တံခါးခေါက်ကာ ဝင်လာခဲ့သည်။
"သခင်လေး... ကျွန်တော်တို့ ရောက်ပါပြီ"
ခဏအကြာတွင် ချင်းယွဲ့ဂိုဏ်းသားအားလုံးမှာ အကြီးအကဲရွှမ်၏ ဦးဆောင်မှုဖြင့် သင်္ဘောပျံပေါ်မှ ဆင်းလာခဲ့ကြသည်။
ဤနေရာမှာ လေ ထဲတွင် လွင့်မျောနေသော ကြီးမားသည့် စင်မြင့် တစ်ခု ဖြစ်ပြီး ပျံသန်းနိုင်သော သားရဲများနှင့် ပျံသန်းရေး ရတနာများ ဆင်းသက်ရန် သီးသန့် ပြုလုပ်ထားပုံရသည်။
ချင်းယွဲ့သင်္ဘောပျံအပြင် အခြားသော အရွယ်အစားစုံ ပျံသန်းရေး ကိရိယာများစွာလည်း ဆင်းသက်နေကြပြီး ဝတ်စုံအမျိုးမျိုး ဝတ်ဆင်ထားသော ကျင့်ကြံသူများစွာမှာ ၎င်းတို့ပေါ်မှ ဆင်းလာကြသည်။
သူတို့၏ သင်္ဘောပျံ ပေါ်ထွက်လာခြင်းက လူအများ၏ အာရုံကို ထူးထူးခြားခြား ဆွဲဆောင်နိုင်ခြင်း မရှိပေ။
လုပ်ထုံးလုပ်နည်းများ ပြီးဆုံးပြီးနောက် အားလုံးမှာ အစီအရင်ဖြင့် တည်ဆောက်ထားသော လမ်းကြောင်းတစ်ခုအတွင်းသို့ ဝင်လာခဲ့ကြသည်။
လမ်းကြောင်းမှာ မရှည်လျားလှဘဲ မကြာမီမှာပင် အပြင်သို့ ထွက်လာခဲ့ကြသည်။
အပြင်ဘက် မြင်ကွင်းက ချက်ချင်းပင် မျက်စိထဲ တိုးဝင်လာခဲ့သည်။
ဤသည်မှာ အဆုံးကိုပင် မမြင်နိုင်သော ကြီးမားလှသည့် မြို့ကြီး ဖြစ်သည်။ သူတို့ ရောက်ရှိနေသည့် နေရာမှာ မြို့လယ်ခေါင်ဟု ထင်ရပေသည်၊ အဘယ်ကြောင့်ဆိုသော် အရပ်မျက်နှာ အနှံ့အပြားတွင် အဆောက်အဦးများသာ ရှိနေပြီး မြို့၏ အစွန်အဖျားကို လုံးဝ မမြင်ရသောကြောင့် ဖြစ်သည်။
ဤအတိုင်းအတာမှာ ရှီးချန်မြို့ ထက် အဆပေါင်းများစွာ ပိုမို ကြီးမားလှသည်။
"ရှန့်တု"
အကြီးအကဲရွှမ် ပြောဖူးသည့် ဤအမည်ကို ထန်ထျန်း သတိရလိုက်သည်။
ရှန့်တု ဆိုသည်မှာ ထျန်းဖူနန်းတော်၏ ခြေရင်းတွင် တည်ရှိသော မြို့ကြီး ဖြစ်သည်။
ထျန်းဖူနန်းတော်သို့ ဝင်လိုသူတိုင်း ရှန့်တုမြို့ကို မဖြစ်မနေ ဖြတ်ကျော်ရမည် ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ဤနေရာက ဧရာမ စုဝေးရာနေရာကြီး ဖြစ်လာခဲ့ပြီး အချို့သော နိုင်ငံများထက်ပင် ဧရိယာ ပိုမိုကျယ်ဝန်းလှသည်။
ကျင့်ကြံသူများနှင့် သာမန်သေမျိုး များစွာမှာ ဤနေရာတွင် အတူတကွ နေထိုင်ကြသည်။
"အားလုံး ငါ့နောက်က လိုက်ခဲ့ကြ၊ လူမကွဲစေနဲ့"
အကြီးအကဲရွှမ်က ရှေ့မှ ပြောလိုက်သည်။
ထို့နောက် အားလုံးမှာ အကြီးအကဲရွှမ်နောက်မှ လိုက်လာခဲ့ကြပြီး နောက်ဆုံးတွင် ကျယ်ဝန်းသော ခြံဝင်းတစ်ခုသို့ ရောက်ရှိလာသည်။
ဤနေရာမှာ ချင်းယွဲ့ဂိုဏ်းသားများအတွက် ပြင်ဆင်ထားသော ယာယီတည်းခိုရာ နေရာဖြစ်သည်။
ထို့နောက် အကြီးအကဲရွှမ်က ထျန်းဖူနန်းတော်သို့ ဝင်ရန် လိုအပ်သော လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ရှန့်တုမြို့ခန်းမသို့ ထွက်သွားခဲ့သည်။
မထွက်သွားမီ သူက အားလုံးကို လွတ်လပ်စွာ လှုပ်ရှားနိုင်သော်လည်း အရေးကြီးသည့် အချိန်တွင် လူရှာမရ ဖြစ်နေမည်စိုးသဖြင့် အဝေးကြီးသို့ မသွားရန် မှာကြားခဲ့သည်။
ထန်ထျန်းမှာ ခဏမျှ အနားယူပြီးနောက် လီဟုန်၊ ရှောင်းရွှယ်တို့ လေးဦးကို ခေါ်ကာ ခြံဝင်းထဲမှ ထွက်ရန် ပြင်လိုက်သည်။
ဤနေရာက ရှီးချန်ထက်ပင် ပိုစည်ကားသော နေရာဖြစ်ရာ လည်ပတ်ကြည့်ရန် မဖြစ်မနေ လိုအပ်ပေသည်။
သို့သော် သူ ထွက်သွားတော့မည့် အချိန်တွင် အခြားသော တပည့်များမှာ မလှုပ်မယှက်ဘဲ သူ့ကို ဝိုင်းကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
ထန်ထျန်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "မင်းတို့ ဘာဖြစ်နေကြတာလဲ"
တပည့်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် အဓိက တပည့်များထဲမှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ လင်းရွှမ်က ရှေ့သို့ တိုးလာသည်။
လင်းရွှမ်မှာ အဓိက တပည့်များထဲတွင် ထူးချွန်သူတစ်ဦးဖြစ်ပြီး ခွန်အားမှာလည်း မဆိုးလှပေ။
ဂိုဏ်းပေါင်းစုံ တိုက်ပွဲတွင် ရှောင်းရွှယ်ပြီးလျှင် ဒုတိယ အကောင်းဆုံးရလဒ် ရရှိခဲ့သူ ဖြစ်ပြီး လန်ယွီညီအစ်မထက်ပင် အဆင့်ပိုမြင့်သည်။
သို့သော် ထန်ထျန်း၏ ရှေ့တွင်မူ သူက အနည်းငယ် ကြောက်ရွံ့တုန်လှုပ်နေပုံရသည်။
"ဂိုဏ်းချုပ်... အာ၊ မဟုတ်ပါဘူး၊ သခင်လေးထန်"
"အကြီးအကဲရွှမ်က သူ မရှိတဲ့အချိန်မှာ သခင်လေးရဲ့ ညွှန်ကြားချက်ကို နားထောင်ဖို့ ကျွန်တော်တို့ကို မှာထားခဲ့လို့ပါ။ "
"ဒါကြောင့်... ကျွန်တော်တို့ သခင်လေးရဲ့ အစီအစဉ်ကို စောင့်နေတာပါ"
လင်းရွှမ်က ပြော သည်။
ထန်ထျန်းမှာ တစ်ချက် မှင်တက်သွားသည်။
သူ ဂိုဏ်းချုပ်လုပ်ခဲ့သည်မှာ ခဏမျှသာ ရှိသေးသလို ယခုလည်း ရာထူးမှ နုတ်ထွက်ပြီး သာမန် ဂုဏ်ထူးဆောင်တပည့် တစ်ဦးသာ ဖြစ်သည်။
သို့သော် ဤတပည့်များ၏ အမူအရာကို ကြည့်ရသည်မှာ သူ၏ "အရှိန်အဝါ" က ကျန်ရှိနေဆဲ ဖြစ်ပုံရသည်။
သာမန်တပည့်များအတွက်မူ "သခင်လေး" ဖြစ်စေ "ဂိုဏ်းချုပ်" ဖြစ်စေ ၎င်းတို့မှာ မော့ကြည့်ရသည့် တည်ရှိမှုများ ဖြစ်သဖြင့် အလိုအလျောက်ပင် ရိုသေလေးစားနေကြခြင်း ဖြစ်ပေသည်။
"ဘာအစီအစဉ်မှ မရှိဘူး။"
" အကြီးအကဲရွှမ် ပြောတဲ့အတိုင်းပဲ လုပ်ကြ။"
" အားလုံး လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်"
ထန်ထျန်းက မတတ်သာဘဲ ပြောလိုက်သည်။
တိကျသော ညွှန်ကြားချက် ရရှိသွားသည့်နောက်တွင် တပည့်များမှာ ဝမ်းသာအားရ အော်ဟစ်ကာ ဘယ်သွားမည်ကို တိုင်ပင်ကြတော့သည်။
ထန်ထျန်းမှာ ခေါင်းခါကာ ထိုဖြူစင်သော တပည့်အုပ်စုကို ထားရစ်ခဲ့ပြီး လီဟုန်တို့ လေးဦးနှင့်အတူ ခြံဝင်းထဲမှ ထွက်လာခဲ့သည်။
ရှန့်တုမြို့အတွင်းတွင် ကျင့်ကြံသူများနှင့် သာမန်သေမျိုး များ ရောနှောနေထိုင်ကြသည်။
သို့သော် သူတို့ တည်းခိုသည့် ဧရိယာမှာမူ အများအားဖြင့် ကျင့်ကြံသူများသာ ရှိသည်။
လမ်းဘေးဝဲယာတွင်လည်း ကျင့်ကြံခြင်းနှင့် ပတ်သက်သော ဆိုင်များသာ ရှိသည်။
လမ်းတစ်လျှောက်တွင် အခြားဂိုဏ်းများမှ လူငယ်တပည့်များစွာကိုလည်း တွေ့ရသဖြင့် အခြားလက်အောက်ခံဂိုဏ်းမှ တပည့်များလည်း အတော်လေး ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
အပြင်တွင် ခဏမျှ ပတ်ကြည့်ပြီးနောက် ထန်ထျန်းက ဇိမ်ခံစားသောက်ဆိုင်ကြီး တစ်ခုသို့ ရောက်လာခဲ့သည်။
နေရာသစ်တစ်ခုသို့ ရောက်လျှင် ဒေသထွက် အစားအစာများကို မမြည်းစမ်းဘဲ မနေနိုင်ပေ။
ကြောင်ကလေးမှာလည်း သူ့ဘေးတွင် စားချင်လှပြီဟု တတွတ်တွတ် ပြောနေခဲ့သည် မဟုတ်ပါလား။
ထူးခြားဆန်းပြားသော ဟင်းလျာများကို အပြည့်မှာယူကာ ပြတင်းပေါက်နံဘေးတွင် ထိုင်ရင်း စားသောက်ဆိုင်အပြင်မှ ဖြတ်သန်းသွားလာနေသူများကို ကြည့်နေရသည်မှာ အတော်လေး ဇိမ်ကျလှသည်။
ထိုစဉ် ဘေးနားမှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ကုရှောင်းရွှယ်လား"
"မင်း နောက်ဆုံးတော့ ရှန့်တုကို ရောက်လာပြီပေါ့"
ထန်ထျန်း လှည့်ကြည့်လိုက်ရာ လူငယ်တစ်ဦးက သူတို့ဘေးတွင် ရပ်နေပြီး ကြောင်ကလေးနှင့်အတူ အစားအစာများကို မြိန်ရှက်စွာ စားနေသော ကုရှောင်းရွှယ်ကို ကြည့်နေသည်။
သူသည်ကား ဂိုဏ်းပေါင်းစုံ တိုက်ပွဲတွင် ကုရှောင်းရွှယ်နှင့် နောက်ဆုံး တိုက်ပွဲဝင်ခဲ့သည့် လူငယ်။
ပိုင်တိဂိုဏ်းမှ ပါရမီရှင် ကုန်းရွှယ်ဖုန်း ပင် ဖြစ်သည်။