မမျှော်လင့်ထားသော ဖြစ်ရပ်
Vol. 19 Ch. 209
စားသောက်ဆိုင်တွင်
ထန်ထျန်းနှင့် ကုန်းရွှယ်ဖုန်းတို့က အတူထိုင်ရင်း အစားအသောက်များကို မြိန်ရှက်စွာ စားသုံးနေကြသလို ထျန်းဖူနန်းတော်နှင့် ပတ်သက်သော အကြောင်းအရာများကိုလည်း စကားစမြည် ပြောဆိုနေကြသည်။
ထန်ထျန်းအနေဖြင့်လည်း ရှေ့ဆက်ရမည့် ခရီးစဉ်နှင့် ပတ်သက်၍ အကြမ်းဖျင်း နားလည်သွားခဲ့ပြီ ဖြစ်သည်။
သူတို့က ရှန့်တုမြို့တွင် တစ်လခန့် ဆက် နေရဦးမည် ဖြစ်သည်။
လက်အောက်ခံဂိုဏ်းအားလုံးမှ တက်လှမ်းလာသူများ စုံလင်စွာ ရောက်ရှိလာမှသာ ထျန်းဖူနန်းတော်သို့ အတူတကွ သွားကြရမည် ဖြစ်သည်။
ထျန်းဖူနန်းတော်သို့ မဝင်ရောက်မီ လူတိုင်းကို သေးငယ်သော စမ်းသပ်မှုတစ်ခု ပြုလုပ်ဦးမည် ဖြစ်သည်။
ထိုစမ်းသပ်မှုကို "အဝင်အခမ်းအနား" ဟု တင်စားခေါ်ဝေါ်ကြသည်။
အကြိမ်တိုင်းတွင် ထိုအခမ်းအနားမှာ ပုံစံချင်း မတူညီသော်လည်း လွယ်ကူသော စမ်းသပ်မှု မဟုတ်ကြောင်းကိုမူ သိထားကြသည်။ ယေဘုယျအားဖြင့် တက်လှမ်းလာသူ အများစုမှာ ထိုအဝင်အခမ်းအနားတွင်ပင် လက်တွေ့လောက၏ ရက်စက်သော ရိုက်ခတ်မှုကို ခံစားကြရလေ့ ရှိသည်။
"လက်အောက်ခံဂိုဏ်းကလာတဲ့ ပါရမီရှင် အားလုံးနီးပါးမှာ ရှိတဲ့ အကြီးမားဆုံး အကျင့်ဆိုးကတော့ ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်ကြီးလွန်းတာပဲ"
"ကောင်းကင်လို အကြီးမြတ် ဆုံး၊ သူက ဒုတိယ အကြီးမြတ် ဆုံးလို့ ထင်နေကြတာ"
"ဒီအဝင်အခမ်းအနားရဲ့ ရည်ရွယ်ချက် တစ်ခုကတော့ အဲ့လူတွေကို လက်တွေ့ဘဝကို သိမြင်အောင် လုပ်ပေးဖို့ပဲ"
ကုန်းရွှယ်ဖုန်းက ပြုံးလျက် ပြောသည်။
အဝင်အခမ်းအနား၏ ဒုတိယမြောက် ရည်ရွယ်ချက်မှာ အသစ်ဝင်လာသော တပည့်များ၏ အရည်အသွေးကို စစ်ဆေးရန် ဖြစ်သည်။
ထူးချွန်စွာ ပြသနိုင်သူများက ကြိုတင် အာရုံစိုက်ခြင်း ခံရမည်ဖြစ်ပြီး နောင်တွင် ပိုမိုကောင်းမွန်သော အခွင့်အရေးများ ရရှိရန် လွယ်ကူပေလိမ့်မည်။
အရည်အချင်း မပြည့်မီသူများမှာမူ ထိုသို့သော ကံကောင်းခြင်းမျိုး မရှိဘဲ သာမန် တရားဝင်တပည့်အဖြစ်သာ နေထိုင်ရမည် ဖြစ်သည်။
"အဝင်အခမ်းအနား ပြီးသွားရင်တော့ ကိုယ့်ဂိုဏ်းအလိုက် သတ်မှတ်ထားတဲ့ နေရာတွေမှာ ခဏ ပြန်နားရမယ်"
"အဲ့ဒီနောက်မှာတော့ နဂါးတံခါး စစ်ဆေးမှု လာပြီပေါ့"
"အဲ့ဒီအချိန်ကျရင် ဂိုဏ်းပေါင်းစုံတိုက်ပွဲကနေ တက်လာတဲ့ တပည့်တွေ၊ အထူးလမ်းကြောင်းကနေ ကြိုတင် ရောက်နေတဲ့ တပည့်တွေနဲ့ ထျန်းဖူနန်းတော်ရဲ့ မူလတပည့်တွေ အားလုံး တစ်နေရာတည်းမှာ ဆုံကြပြီး နဂါးတံခါး စစ်ဆေးမှုကို အတူတူ ခံယူကြရမှာ"
"အဲ့ဒီကျမှပဲ ဒီတပည့် သုံးမျိုးကြားက ကွာခြားချက်က ဘယ်လောက်တောင် ကြီးမားသလဲဆိုတာ သိရလိမ့်မယ်"
ကုန်းရွှယ်ဖုန်းက ပြော သည်။
ထန်ထျန်း ခေါင်းညိတ်လိုက်သည်။
တပည့် သုံးမျိုးမှာ အဆင့်အတန်း သုံးမျိုးကို ကိုယ်စားပြုနေခြင်း ဖြစ်သည်။
သူတို့ ရရှိသော အရင်းအမြစ်များ၊ ကျင့်ကြံခြင်း ပတ်ဝန်းကျင် စသည်တို့မှာ အဆင့်ချင်း မတူညီကြပေ။
ပါရမီ၏ လွှမ်းမိုးမှုနှင့် ပေါင်းစပ်လိုက်လျှင် အဆင့်ကွာဟချက် ကြီးမားနေမည်မှာ မျှော်လင့်ထားပြီးသား ကိစ္စပင် ဖြစ်သည်။
သိသာသည်မှာ အဆင့်တိုင်းတွင်လည်း မိမိတို့၏ ခွန်အားဖြင့် အဆင့်ကျော်တက်နိုင်သော ထူးခြားပြောင်မြောက်သည့် လူနည်းစုတော့ ရှိစမြဲ ဖြစ်သည်။
"နဂါးတံခါး စစ်ဆေးမှု ပြီးသွားရင်တော့ ထျန်းဖူနန်းတော်ရဲ့ တရားဝင် တပည့်တစ်ယောက်အဖြစ် သတ်မှတ်ခြင်း ခံရပြီ"
"ဒါပေမဲ့ ထျန်းဖူရဲ့ တရားဝင် တပည့်တွေကြားမှာလည်း ကွာခြားချက် ရှိသေးတယ်"
"နဂါးတံခါး စစ်ဆေးမှုမှာ ပြသခဲ့တဲ့ စွမ်းရည်အပေါ် မူတည်ပြီး ထျန်းဖူနန်းတော် က အသေးစိတ် ပြန်ခွဲလိမ့်မယ်"
"ငါတို့လို ဂိုဏ်းပေါင်းစုံတိုက်ပွဲကနေ လာတဲ့သူတွေ ဆိုတာ တကယ်တော့ အများစုက သာမန်တရားဝင်တပည့် အဆင့်ပဲ ရကြတာ၊ အလွန်ဆုံးတော့ သင့်တော်တဲ့ နေရာတစ်ခု ရတာပေါ့"
"တကယ်ကို ထူးထူးခြားခြား စွမ်းဆောင်နိုင်တဲ့သူမှသာ အရေးပေးခံရပြီး ထျန်းဖူနန်းတော် ရဲ့ 'အဓိက တပည့်' ဖြစ်ခွင့်ရတာ"
ကုန်းရွှယ်ဖုန်းက ပြုံးလျက် ဆက်ပြောသည်။ "ဒီအဓိက တပည့် ဆိုတာကို လျှော့မတွက်နဲ့၊ ထျန်းဖူနန်းတော်မှာ အဓိက တပည့် ဖြစ်လာပြီဆိုရင် သူကိုယ်တိုင်က တပည့် ၉၀ ရာခိုင်နှုန်းကျော်ထက် သာလွန်သွားပြီ၊ အရမ်းကို ရှားပါးတဲ့ တည်ရှိမှုပဲ"
"အဓိက တပည့် တစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ ရရှိတဲ့ အရင်းအမြစ်တွေက အရမ်း မြင့်မားတယ်"
"အဓိက တပည့် အထက်မှာတော့ ပိုပြီး ရှားပါးတဲ့ 'တောင်ထိပ် တပည့်' ဆိုတာ ရှိသေးတယ်"
"တောင်ထိပ် တပည့်တွေရဲ့ အဆင့်အတန်းက ထျန်းဖူနန်းတော် အကြီးအကဲတွေနဲ့ အတူတူပဲ၊ ဘယ်နေရာသွားသွား မောက်မောက်မာမာ နေနိုင်တယ်၊ ဘယ်သူ့ကိုမှ ကြောက်စရာ မလိုဘူး"
"ဒါပေမဲ့ နဂါးတံခါးကတစ်ဆင့် တောင်ထိပ် တပည့် ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ"
"တကယ့် အသက် ၁၅ နှစ်နဲ့ အင်မော်တယ်၊ အသက် ၂၀ နဲ့ မြင့်မြတ် ရွှေအင်မော်တယ်တွေမှပဲ ဒီဂုဏ်ထူးကို ရနိုင်လိမ့်မယ်"
"ငါကတော့ အဲ့ဒီနေရာကို စိတ်တောင် မကူးရဲဘူး"
"ကံကောင်းလို့ အဓိက တပည့် နေရာလေး တစ်နေရာ ရရင်တောင် အိပ်မက်ထဲမှာတင် ပြုံးနေမိမှာ"
ကုန်းရွှယ်ဖုန်းက ပြော သည်။
ထန်ထျန်းက အသာအယာ ပြုံးလိုက်ပြီး "မင်း သေချာပေါက် ဖြစ်နိုင်မှာပါ"
ကုန်းရွှယ်ဖုန်း၏ ပါရမီမှာ အမှန်တကယ်ပင် မဆိုးလှပေ။
ယခု သူက ပေါင်းစည်းခြင်း အထွတ်အထိပ် အဆင့်သာ ရှိသေးသော်လည်း သူ၏ အသက်မှာ ငယ်ရွယ်သေးသည်။
၁၈ နှစ်၊ ၁၉ နှစ်ဝန်းကျင်သာ ရှိသေးခြင်းက နဂါးတံခါး စစ်ဆေးမှုတွင် အမှတ်ကောင်း ရစေမည့် အချက်ပင် ဖြစ်သည်။
သူ့အနေဖြင့်မူ...
ထို "တောင်ထိပ် တပည့်" ဆိုသည့် နေရာကို တက်လှမ်းရန် အရည်အချင်း ပြည့်မီပါ့မလားဟု သူ တွေးနေမိသည်။
"တကယ်တော့ တောင်ထိပ် တပည့် အထက်မှာ ပိုပြီး မြင့်မြတ်တဲ့ နေရာတစ်ခု ရှိသေးတယ်"
ကုန်းရွှယ်ဖုန်းက လျှို့ဝှက်စွာ ပြုံးလိုက်ပြီး အနားသို့ တိုးကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ဒီနေရာကိုတော့ 'မြင့်မြတ် သားတော်' လို့ ခေါ်တယ်"
"ဒီနာမည်ကို ကြားရုံနဲ့တင် ဒီနေရာက ဘယ်လောက် မြင့်မားတဲ့ နေရာမှာ ရှိနေသလဲဆိုတာ ခန့်မှန်းနိုင်မှာပဲ"
"သာမန်လူတွေကတော့ ဒါကို မသိနိုင်ကြဘူး၊ ငါလည်း မတော်တဆ ကြားခဲ့ရတာ။ မြင့်မြတ် သားတော် နေရာဆိုတာ တောင်ထိပ် တပည့်တွေထဲကမှ ထပ်ပြီး တိုက်ခိုက်ရွေးချယ်ထားတာ၊ ဆယ်ယောက်တောင် မပြည့်ဘူး ထင်တယ်"
"သူတို့ကတော့ ငါတို့ စိတ်ကူးကြည့်လို့တောင် မရနိုင်တဲ့ တည်ရှိမှုတွေပေါ့"
ထန်ထျန်းက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
ကုန်းရွှယ်ဖုန်းနှင့် စကားပြောဖြစ်ခြင်းကြောင့် ထျန်းဖူနန်းတော်အကြောင်းကို ပိုမို ရှင်းလင်းစွာ သိရှိလာခဲ့သည်။
ကျင့်ကြံခြင်း မြင့်မြတ်နယ်မြေဟု ခေါ်ခြင်းမှာ အမှန်တကယ်ပင် ထိုက်တန်လှပေသည်။
အဓိက တပည့်၊ တောင်ထိပ် တပည့်၊ မြင့်မြတ် သားတော်
တစ်ခုထက်တစ်ခု ပိုမို အစွမ်းထက်ပြီး အဆမတန် ခွန်အားကြီးကြသည်။
ဤအချက်က ထန်ထျန်းကို အနည်းငယ် စိတ်လှုပ်ရှား လာစေသည်။
သူကိုယ်တိုင်က ထိုပါရမီရှင်များ ကြားတွင် မည်သည့် အဆင့်၌ ရှိနေမည်နည်း
"ဒါနဲ့... ဂုဏ်ထူးဆောင် တပည့်တွေက ထျန်းဖူနန်းတော် ကို ရောက်ရင် ခွဲခြားဆက်ဆံခံရတာမျိုး ရှိလား"
"အဲ့ဒီလူတွေထဲမှာကော ထူးချွန်တဲ့သူတွေ ရှိလား"
ထန်ထျန်းက ရုတ်တရက် သတိရကာ မေးလိုက်သည်။
ယခု သူသည်လည်း တရားဝင်အားဖြင့် သာမန် ဂုဏ်ထူးဆောင် တပည့်တစ်ဦးသာ ဖြစ်နေသည် မဟုတ်ပါလား။
ဤမေးခွန်းကို ကြားသောအခါ ကုန်းရွှယ်ဖုန်း၏ မျက်နှာတွင် အထင်အမြင်သေးသော အရိပ်အယောင်များ ပေါ်လာသည်။
"အဲ့ဒီ အသုံးမကျတဲ့လူတွေက လက်အောက်ခံဂိုဏ်းတွေမှာပဲ ဟန်ဆောင်လို့ ရတာ"
"ထျန်းဖူနန်းတော်လို နေရာမျိုးမှာ သူတို့ရဲ့ ဝိညာဉ်ကျောက် တွေက ဘာမှ မဟုတ်တော့ဘူး"
"နောက်ပြီး ထျန်းဖူနန်းတော် က ခွန်အားကိုပဲ အလေးထားတာ၊ ပိုက်ဆံပေးပြီး အခွင့်အရေး ဝယ်လို့ မရဘူး၊ သူတို့ ဘယ်လိုမှ ဟန်ဆောင်လို့ မရတော့ဘူး"
"ဒါပေမဲ့ ခွဲခြားဆက်ဆံတာမျိုးတော့ မရှိပါဘူး၊ ဘာလို့လဲဆိုတော့ အဲ့လို လုပ်နေဖို့ မလိုလို့လေ"
"ထျန်းဖူနန်းတော် ရဲ့ အင်အားစုတွေဆီကလာပြီး ဂိုဏ်းတွေမှာ လေ့ကျင့်နေတဲ့ တပည့်တွေ၊ ဒါမှမဟုတ် ချမ်းသာလွန်းလို့ ကြောက်စရာကောင်းတဲ့ သူတွေကလွဲရင် ကျန်တဲ့ ဂုဏ်ထူးဆောင် တပည့်တွေကတော့ ဘာမှ လုပ်လို့ မရဘူး"
"ချက်ချင်းပဲ မူလအခြေအနေကို ပြန်ရောက်သွားကြတာပဲ"
ကုန်းရွှယ်ဖုန်းက သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာသည့် ပုံစံဖြင့် ပြောလိုက်သည်။
သို့သော် သူ ပြောပြီးသွားသောအခါ အခြားလူများက သူ့ကို ကြည့်နေသည့် အကြည့်များမှာ တစ်မျိုး ဖြစ်နေသည်ကို သတိထားမိလိုက်သည်။
ထန်ထျန်း၏ ပြုံးစိစိ မျက်နှာကို မြင်သောအခါ သူ ချက်ချင်း မှင်တက်သွားသည်။
"အာ..."
"တာအိုမိတ်ဆွေ... မင်းလည်း ချင်းယွဲ့ဂိုဏ်းမှာ ဂုဏ်ထူးဆောင် တပည့် ဖြစ်နေတာ မဟုတ်ဘူးမလား"
ကုန်းရွှယ်ဖုန်းက မေးလိုက်သည်။
ထန်ထျန်းက ပြုံးလျက် "ဂုဏ်ယူပါတယ်၊ မင်း မှန်သွားပြီ"
ကုန်းရွှယ်ဖုန်းမှာ ချက်ချင်းပင် ချွေးပြန်သွားပြီး အလွန် အရှက်ရသွားခဲ့သည်။ ဂုဏ်ထူးဆောင် တပည့်တစ်ယောက်၏ ရှေ့တွင် ထိုအုပ်စုကို နှိမ့်ချပြောဆိုမိခြင်းမှာ အမှန်တကယ်ပင် ကသိကအောက် ဖြစ်စရာပင်။
"အဟမ်း... အဟမ်း"
သူက ချောင်းနှစ်ချက် ဟန့်လိုက်ပြီး "ဒါကလေ... ငါ ခုန ပြောတာတွေက တာအိုမိတ်ဆွေကို မဆိုလိုပါဘူး"
"မင်းက မိန်းကလေးကုရဲ့ စောင့်ရှောက်သူပဲ၊ သူမရဲ့ ပါရမီနဲ့ဆိုရင် မင်းလည်း သေချာပေါက် အခြေအနေ ဆိုးမှာ မဟုတ်ပါဘူး"
"ဒါပေမဲ့... မင်း ကြိုပြီး စိတ်ပြင်ဆင်ထားတာ ပိုကောင်းမယ်၊ ထျန်းဖူနန်းတော် ထဲက လူအချို့က ဂုဏ်ထူးဆောင် တပည့်တွေအပေါ် သိပ်ပြီး သဘောထားမကောင်း ကြဘူး"
ထန်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။
သို့သော် သူကတော့ ထိုအခြေအနေမျိုးကို စိုးရိမ်နေစရာ မလိုဟု ထင်သည်။
သူတို့နှစ်ဦး စကားဆက်ပြောနေကြပြီး ဟင်းလျာများမှာလည်း ဆက်တိုက် ရောက်ရှိနေသည်။ ကုရှောင်းရွှယ်နှင့် ကြောင်ကလေးမှာမူ ပါးစပ် မနားတမ်း စားနေကြရာ ကုန်းရွှယ်ဖုန်းမှာ ကြည့်ရင်း ကြောင်နေမိသည်။
ထန်ထျန်းပင်လျှင် ထိုနှစ်ဦးမှာ သဘာဝအလျောက် တစ်ဦးကိုတစ်ဦး ဆွဲဆောင်မှု ရှိနေကြပြီး မကြာခင်မှာပင် သူငယ်ချင်းကောင်းများ ဖြစ်သွားကြသည်ကို အံ့သြနေမိသည်။
ယခုအခါ ရှောင်းရွှယ်မှာ ကြောင်ကလေး၏ လွှမ်းမိုးမှုကို ခံနေရပြီး ရယ်စရာကောင်းသော ကိစ္စများကို မကြာခဏ လုပ်တတ်လာသည်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားပြီး နေ့ တစ်ဝက်ခန့် ရောက် လာခဲ့သည်။
စားသောက်ပြီး၍ ထန်ထျန်း ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ချင်းယွဲ့ဂိုဏ်း တပည့်အချို့မှာ အလောတကြီး ပြေးဝင်လာကြသည်။
"သခင်လေးထန်... မကောင်းတော့ဘူး"
"ကျွန်တော်တို့ လမ်းပေါ်မှာ ကျင်းတိဂိုဏ်း က လူတွေနဲ့ တိုးပြီး သူတို့က တမင် ပြဿနာလာရှာနေကြတယ်"
"အဲ့ဒီလူတွေထဲမှာ သူတို့ရဲ့ ပထမအဆင့် သန်မာတဲ့သူတွေ ပါလာတယ်"
"အခု စီနီယာအစ်ကိုလင်း တောင် အဖမ်းခံထားရပြီ"
ရှေ့ဆုံးမှ တပည့်ဖြစ်သူက ထိတ်လန့်တကြား ပြောလိုက်လေသည်။