အခြေအနေကို ပြောင်းပြန်လှန်ခြင်း
Vol. 19 Ch. 212
တိုက်ပွဲကတော့ ဤသို့ဖြင့် ပြီးဆုံးသွားခဲ့လေသည်။
သို့မဟုတ်လျှင်လည်း ဤသည်ကို စစ်မှန်သော တိုက်ပွဲတစ်ခုဟုပင် ခေါ်ဆို၍ မရနိုင်ချေ။
လူတိုင်းနီးပါး သတိမမူမိလိုက်ခင်မှာတင် ဤသို့ တိုက်ရိုက် ပြီးဆုံးသွားရခြင်း ဖြစ်သည်။
ထို ၁၆ နှစ်ခွဲအရွယ် မိန်းကလေးက အဘယ်ကဲ့သို့သော နည်းလမ်းကို အသုံးပြုခဲ့သနည်း။
လူများမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ သူတို့ သိလိုသော အဖြေကို အခြားသူ၏ မျက်လုံးများထဲတွင် ရှာဖွေနေကြသော်လည်း လူတိုင်း၏ မျက်နှာတွင် ကြောင်တောင်တောင် ဖြစ်နေသော အမူအရာများကိုသာ တွေ့ရှိကြရသည်။
အတော်ကြာမှသာ ဆူညံသံများ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
"မဖြစ်နိုင်တာ ငါ ဘာကို မြင်လိုက်ရတာလဲ"
"ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစမ်းပါ၊ မင်း ဘာမှ မမြင်လိုက်ရပါဘူး။ ဘာလို့လဲဆိုတော့ ငါလည်း ဘာမှ မမြင်လိုက်ရလို့ပဲကွ"
"ဒါက တစ်ကွက်တည်းနဲ့ သွမ့်ဟန်နဲ့ တခြား ကျင်းတိဂိုဏ်းက ပါရမီရှင်တွေကို အနိုင်ယူ လိုက်တာလား"
"ဘုရားရေ... ချင်းယွဲ့ဂိုဏ်းမှာ ဒီလိုမျိုး ပါရမီရှင် ရှိနေတာကိုး၊ သူတို့ ထိပ်တန်း ၁၀ ဂိုဏ်းထဲ ပါတာ မဆန်းတော့ပါဘူး"
"တကယ်ကို... ကြောက်စရာကောင်းလိုက်တာ"
လူတိုင်းက အံ့သြတုန်လှုပ်စွာ အော်နေကြသည်။
သူတို့၏ အမြင်တွင် သွမ့်ဟန်၏ စွမ်းအားမှာ လက်အောက်ခံဂိုဏ်းအားလုံးမှ တက်လှမ်းလာသော တပည့်များထဲတွင် အားအကောင်းဆုံး အဆင့်၌ ရှိနေသည်။ ကုရှောင်းရွှယ်က သူနှင့် ယှဉ်ပြိုင်နိုင်လျှင်ပင် နှစ်ဦးသား အကြိတ်အနယ် တိုက်ခိုက်ရမည့် ရလဒ်မျိုး ထွက်လာမည်ဟု ထင်မှတ်ထားကြသည်။
အကယ်၍ အနိုင်ရမည်ဆိုလျှင်ပင် အလွန် ခမ်းနားထည်ဝါသော တိုက်ပွဲမြင်ကွင်းမျိုးကို မြင်တွေ့ရမည်ဟု မျှော်လင့်ထားကြခြင်း ဖြစ်သည်။
သို့သော် မည်သူမျှ မထင်မှတ်ထားဘဲ သူတို့ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကုရှောင်းရွှယ်က သွမ့်ဟန်နှင့် ကျင်းတိဂိုဏ်း ပါရမီရှင်များကို တစ်ကွက်တည်းဖြင့် အလဲသိပ်လိုက်ခြင်း ဖြစ်သည်။
ယခုထိ မြေပြင်ပေါ်တွင် သတိလစ်လဲကျနေကြသော ထိုသူများကို ကြည့်ခြင်းအားဖြင့် နှစ်ဖက်စလုံး၏ ခွန်အားမှာ အဆင့်တစ်ခုတည်းတွင် မရှိကြောင်း ယုံကြည်ရန် ခိုင်လုံသော အကြောင်းပြချက် ရှိသွားခဲ့ပြီ ဖြစ်သည်။
စင်မြင့်အောက်ရှိ ပိုင်တိဂိုဏ်းမှ ကုန်းရွှယ်ဖုန်းမှာလည်း ဆွံ့အလျက် ရှိနေသည်။
သူက ကုရှောင်းရွှယ်နှင့် တိုက်ခိုက်ဖူးသည်။ ထိုစဉ်က သေးငယ်သော မတော်တဆမှုလေးတစ်ခု ဖြစ်ခဲ့သော်လည်း ရှောင်းရွှယ်၏ စွမ်းအားကို သူ အကြမ်းဖျင်း သိထားသည်။ သူမက ဤကာလအတွင်း တိုးတက်လာသည်ဆိုဦးတော့ သွမ့်ဟန်၏ ပြိုင်ဘက် မဖြစ်သင့်ချေ။
သို့သော် လက်တွေ့တွင်မူ သူမက တစ်ကွက်တည်းဖြင့် သွမ့်ဟန်ကို အပြတ်ရှင်း ခဲ့သည်။
သူ၏ တိုးတက်မှုအမြန်နှုန်း နှင့်ဆိုလျှင် မကြာမီ ဤမိန်းကလေးကို အဝေးကြီးတွင် ထားခဲ့နိုင်မည်ဟု သူ ထင်ခဲ့မိသည်။
အခုကြည့်ရသည်မှာ ထန်ထျန်းက ရှောင်းရွှယ်ကို သူနှင့် မတိုက်ခိုက်စေခြင်းမှာ တကယ်တော့ သူ၏ သိက္ခာကို ထိန်း ပေးခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်...။
ကုန်းရွှယ်ဖုန်းက စကားပင် မပြောနိုင်ဘဲ မှင်တက်နေမိသည်။ နှစ်လအတွင်းမှာတင် ကုရှောင်းရွှယ်က သူ လိုက်မမီနိုင်သော အမြင့်သို့ မည်သို့ ရောက်ရှိသွားသနည်းဆိုသည်ကို သူ စိတ်ကူးပင် မယဉ်နိုင်တော့ပေ။
စိတ်ထဲတွင် ဖြစ်ပေါ်လာသော ကွာဟချက်မှာ ကြီးမားလွန်းလှသည်။ ကုန်းရွှယ်ဖုန်း၏ ဦးနှောက်မှာ ထူပူနေပြီး မည်သို့မျှ စဉ်းစား၍ မရနိုင်တော့ချေ။
အမှန်တကယ်တော့ သူ့ကို ထားပါဦး၊ ချင်းယွဲ့ဂိုဏ်းမှ အခြားတပည့်များပင် ကုရှောင်းရွှယ် ဤမျှအထိ သန်မာနေလိမ့်မည်ဟု မထင်ထားကြပေ။
သူတို့က အခြားသူများထက် ပို၍ သိထားကြသည်။
ဂိုဏ်းပေါင်းစုံတိုက်ပွဲ မတိုင်ခင်က ရှောင်းရွှယ်၏ ကျင့်ကြံမှုမှာ ထူးချွန်သည်ဆိုသော်လည်း လက်ခံနိုင်သော အတိုင်းအတာအတွင်း၌သာ ရှိသေးသည်။
သို့သော် အခု မြင်တွေ့နေရသော အခြေအနေမှာ သူတို့၏ နားလည်နိုင်မှု ထက် ကျော်လွန်နေပြီ ဖြစ်သည်။
အဘယ်ကြောင့်နည်း။
ချင်းယွဲ့ဂိုဏ်း တပည့်အားလုံးမှာ တိုင်ပင်မထားဘဲ ထန်ထျန်းဆီသို့သာ အကြည့်များကို လွှဲလိုက်ကြသည်။
ဂိုဏ်းပေါင်းစုံတိုက်ပွဲ ပြီးကတည်းက ကုရှောင်းရွှယ်မှာ ထန်ထျန်း၏ အနားသို့ ပြန်ရောက်သွားခဲ့ခြင်း မဟုတ်ပါလား။
ဖြစ်နိုင်သည်မှာ...
အချို့သောသူများမှာ ဖြည်းဖြည်းချင်း နားလည်လာကြသည်။ ရှင်းပြ၍ မရနိုင်သော လူတစ်ယောက်၏ အနားတွင် ဤကဲ့သို့ ရှင်းပြ၍ မရသော ကိစ္စများ ဖြစ်ပျက်နေခြင်းမှာ နားလည်ရ မခက်ခဲတော့သလိုပင်။
ပတ်ဝန်းကျင်ရှိ လူများ၏ တုံ့ပြန်မှုကို ကြည့်ကာ ထန်ထျန်းက မတတ်သာဘဲ ခေါင်းခါလိုက်သည်။
"မင်းက ဘာလို့ အမြဲတမ်း ဒီလိုပဲ ဖြစ်နေရတာလဲ၊ တစ်ဖက်လူရဲ့ ခွန်အားက ဘယ်လောက်ပဲ ရှိရှိ စတိုက်တာနဲ့ တိုက်ကွက်အကြီးကြီးကို တန်းသုံးတော့တာပဲလား"
"မင်း မတော်တဆ တစ်ဖက်လူကို သတ်မိသွားမှာ မစိုးရိမ်ဘူးလား"
ထန်ထျန်းက မေးလိုက်သည်။
ရှောင်းရွှယ်က သစ်သီးစားရင်း ဂရုမစိုက်သလို ပြောလိုက်သည်။ "ရပါတယ်၊ ကျွန်မ ထိန်းထားတယ်၊ သူ မသေပါဘူး"
"နောက်ပြီး ကြောင်ကလေး ပြောတာတော့ တိုက်ပွဲဆိုတာ ဒီလိုပဲတဲ့။ စ ဝင်တာနဲ့ အစွမ်းကုန် တိုက်ပြီး တစ်ဖက်လူကို လုံးဝ ပြန်မတိုက်နိုင်အောင် လုပ်ရမယ်တဲ့"
"သူက ပြောသေးတယ်၊ ဝှက်ဖဲ တွေကို ဝှက်ထားတတ်တဲ့သူတွေက လူအ တွေပဲတဲ့။ တစ်ခါတလေ အဲ့ဒီဝှက်ဖဲ တွေကို ထုတ်မပြရသေးခင်မှာတင် အသက်ပျောက်သွားတတ်တယ်တဲ့"
ထန်ထျန်း၏ မျက်နှာမှာ မည်းမှောင်သွားပြီး ကြောင်ကလေးကို ကြည့်လိုက်သည်။
"မင်း သူမကို ဒါမျိုးတွေ သင်ပေးထားတာလား"
ကြောင်ကလေးသည် ချက်ချင်း ခေါင်းကို ကျုံ့လိုက်ပြီး တိုးတိုးလေး ပြောရှာသည်။ "မင်း ဒေါသထွက်မှာတော့ သိပါတယ်၊ ဒါပေမဲ့ အရင် စိတ်လျှော့ပါဦး"
"ငါက သူမကို 'ခြင်္သေ့က ယုန်ကို ဖမ်းရင်တောင် အစွမ်းကုန် ကြိုးစားရတယ်' ဆိုတာကိုပဲ ပြောပြလိုက်တာပါ"
"အင်း... ဟုတ်တယ်"
ထန်ထျန်း: ...
ဤနှစ်ယောက် မှာ ရိုးသားသလိုနှင့် တော်တော်လေး လည် ကြသူများ ဖြစ်သည်။
သူတို့နှစ်ယောက်ကို အတူတူ ထားမိခြင်းမှာ သိပ်ပြီး ကောင်းမွန်သော အစီအစဉ် မဟုတ်နိုင်ဟု သူ တွေးလိုက်မိသည်။
တကယ်တော့ ကြောင်ကလေး ပြောတာလည်း မှန်ပါသည်။ ခြင်္သေ့က ယုန်ကို ဖမ်းလျှင်ပင် အစွမ်းကုန် ကြိုးစားခြင်းက မမျှော်လင့်ဘဲ အခြေအနေ ပြောင်းပြန်ဖြစ်သွားခြင်းကို အကြီးအကျယ် တားဆီးပေးနိုင်သည်။
သို့သော်လည်း ပြိုင်ဘက်ကို မကြည့်ဘဲ အမြဲတမ်း အစွမ်းကုန် တိုက်နေ၍တော့ မဖြစ်ချေ။
ဥပမာအားဖြင့် ဤ သွမ့်ဟန်မှာ ထိုမျှအထိ အစွမ်းကုန် တိုက်ရန် မလိုအပ်သေးပေ။
ထို့ပြင် အမြဲတမ်း ဤသို့ လုပ်နေပါက အခြားသူများက မင်း၏ ခွန်အားအစစ်အမှန်ကို အကဲခတ်မိသွားနိုင်ပေသည်။
ဤသည်မှာ ကျင့်ကြံသူတစ်ဦးအတွက် အလွန် အန္တရာယ်များသော အချက်ပင်။
"နောက်ဆိုရင် တစ်ဖက်လူရဲ့ ခွန်အားကို အရင်ကြည့် ကိုယ် အနိုင်ရရုံလောက်ပဲ စွမ်းအားကို သုံး"
"နောက်ပြီး ဒီလိုမျိုး စိန်ခေါ်ပွဲတွေမှာ အနိုင်ရတဲ့ အရှိန်ကို နည်းနည်း လျှော့"
ထန်ထျန်းက ပြောလိုက်သည်။
"ဟုတ်ကဲ့"
ကုရှောင်းရွှယ်က ချက်ချင်း သဘောတူလိုက်သည်။
ထန်ထျန်း၏ မှာကြားချက်ကို သူမက ယခုအခါ အခြေအနေမရွေး လိုက်နာနေပြီ ဖြစ်သည်။
ဤသည်မှာ ကောင်းသလား၊ ဆိုးသလားတော့ မပြောတတ်ပေ။
ထန်ထျန်းက ခေါင်းခါလိုက်ပြီး စင်မြင့်ထက်သို့ ကြည့်လိုက်သည်။
သွမ့်ဟန်တို့မှာ ကုရှောင်းရွှယ်၏ လက်ချက်ဖြင့် တော်တော်လေး ဒဏ်ရာရသွားကြပြီး ယခုထက်ထိ တစ်ယောက်မျှ ပြန်မထနိုင်ကြသေးပေ။
ရှောင်းရွှယ် မတိုက်ခိုက်မီကတည်းက ထန်ထျန်းက လင်းရွှမ်၊ ဟော့ဖုန်းနှင့် အခြား ဒဏ်ရာရထားသော ချင်းယွဲ့ဂိုဏ်း တပည့်များကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးထားပြီး ဖြစ်သည်။
တိုက်ပွဲ ပြီးဆုံးသွားပြီ ဖြစ်သဖြင့် သူက လက်ကို ဝှေ့ယမ်းကာ အသက်စွမ်းအား ဆယ်ဂဏန်းခန့်ကို ထုတ်လွှတ်လိုက်ရာ သူတို့၏ ဒဏ်ရာများမှာ ချက်ချင်းပင် ပြန်လည် ကောင်းမွန်သွားခဲ့သည်။
"ကျေးဇူးတင်ပါတယ် သခင်လေးထန်"
"ကူညီပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် စီနီယာအစ်မ ကု"
လင်းရွှမ်က ထန်ထျန်း၏ ရှေ့သို့ လာကာ ရိုသေစွာ ဦးညွှတ်လိုက်သည်။
သူက ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့သော်လည်း ထန်ထျန်းနှင့် ကုရှောင်းရွှယ်သာ ပေါ်မလာပါက အရှက်တကွဲ ဖြစ်ရမည့်အပြင် ချင်းယွဲ့ဂိုဏ်းပါ သူတို့ကြောင့် အရှက်ရရတော့မည် ဖြစ်သည်။
အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် သူက ချင်းယွဲ့ဂိုဏ်း တပည့်အဖြစ် သူ့ကိုယ်သူ ခေါ် ဝံ့တော့မည် မဟုတ်ပေ။
လင်းရွှမ်တို့၏ မျက်နှာကို ကြည့်ကာ သူတို့ ဘာတွေးနေသည်ကို ထန်ထျန်း ခန့်မှန်းမိသည်။
"တစ်ကြိမ် ရှုံးနိမ့်တာနဲ့တင် မင်းတို့ရဲ့ တာအိုစိတ်ကို မပျက်စီးပါစေနဲ့"
ထန်ထျန်း၏ အသံမှာ အနည်းငယ် လေးနက်သွားပြီး "ဒီနေ့ မနိုင်ရင် မနက်ဖြန် ထပ်တိုက်။ "
"မနက်ဖြန် မနိုင်ရင် သဘက်ခါ ထပ်တိုက်"
"ရလဒ်က ဘယ်လိုပဲ ဖြစ်ဖြစ် ကျင့်ကြံသူတစ်ဦးရဲ့ ဝိညာဉ် ကိုတော့ မဆုံးရှုံးပါစေနဲ့။ "
"မင်းတို့က ဒီနေ့ကစပြီး သူ့ကို ကြောက်သွားကြပြီလား"
လင်းရွှမ်မှာ ထိတ်လန့်သွားပြီးနောက် စင်မြင့်ထက်တွင် သွေးအိုင်ထဲ လဲနေသော သတိလစ်နေသည့် သွမ့်ဟန်ကို ကြည့်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။
"တပည့် နားလည်ပါပြီ"
သူက ထပ်မံ ဦးညွှတ်ကာ ပြော သည်။
ထန်ထျန်းက အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
ဤကဲ့သို့သော စိတ်ဓာတ်တက်ကြွဖွယ် စကားလုံးများမှာ လူငယ်များအတွက် အသင့်တော်ဆုံးပင်။
ထို့နောက် သူက စင်မြင့်ကို ကြည့်ကာ ပြောလိုက်သည်။ "မင်းတို့ ဒီမှာပဲ ခဏ နေခဲ့ဦး။ ကျင်းတိဂိုဏ်းက လူတွေ လာတဲ့အထိ သူတို့ကို စောင့်ကြည့်ပေးထားလိုက်။"
"အခု ငါတို့က အနိုင်ရသူတွေပဲ၊ အနိုင်ရသူမှာ အနိုင်ရသူရဲ့ ဟန်ပန် ရှိရမယ်"
"ငါတို့ ချင်းယွဲ့ဂိုဏ်းက တခြား လက်အောက်ခံဂိုဏ်းတွေအပေါ်မှာ အမြဲတမ်း ရင်းနှီးဖော်ရွေတယ်။"
"ဒါပေမဲ့ ကျင်းတိဂိုဏ်းက လူတွေက မင်းတို့ကို ထပ်ပြီး အခက်တွေ့အောင် လုပ်ရင်တော့ မကြောက်နဲ့"
"သူတို့ ပြဿနာရှာချင်ရင် ငါ့ဆီကိုပဲ လာခဲ့ဖို့ ပြောလိုက်"
ထန်ထျန်းက ပြော သည်။
လင်းရွှမ်က လေးနက်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ဟော့ဖုန်းနှင့်အတူ စင်မြင့်ထက်သို့ ပြန်တက်သွားခဲ့သည်။
ယခုတစ်ကြိမ်တွင်မူ သူတို့၏ အဆင့်အတန်းမှာ အနိုင်ရရှိသူများ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ဤသို့ အခြေအနေ ပြောင်းလဲသွားရသည့် အကြောင်းရင်းမှာ...
ကုရှောင်းရွှယ်နှင့် ထန်ထျန်းတို့ကြောင့်ပင် ဖြစ်လေတော့သည်။