ပါရမီရှင်က ငါ့အနားမှာပဲ ရှိနေတာလား
Vol. 19 Ch. 213
လင်းရွှမ်တို့ စင်မြင့်ပေါ်သို့ ပြန်တက်သွားပြီးနောက် ထန်ထျန်းက ထိုနေရာမှ ထွက်သွားရန် ပြင်လိုက်သည်။
လင်းရွှမ်တို့ ကျင်းတိဂိုဏ်း၏ အနိုင်ကျင့်မှုကို ထပ်ခံရလိမ့်မည်ဟု သူ မစိုးရိမ်ပေ။
နှစ်ဖက်စလုံးမှာ ထျန်းဖူနန်းတော်၏ လက်အောက်ခံများ ဖြစ်ကြသည့်အပြင် စင်မြင့်ပတ်ဝန်းကျင်တွင်လည်း အခြားဂိုဏ်းပေါင်းစုံမှ တပည့်များ ရှိနေကြသည်။
အကယ်၍ ကျင်းတိဂိုဏ်းက သွမ့်ဟန်ကို စောင့်ရှောက်ရန် ကျန်ရစ်ခဲ့သော ချင်းယွဲ့ဂိုဏ်းတပည့်များကိုသာ အနိုင်ကျင့်မည်ဆိုပါက လူအများ၏ ကဲ့ရဲ့ရှုံ့ချမှုကို ခံရမည်ဖြစ်ပြီး သိက္ခာကျစရာသာ ဖြစ်လိမ့်မည်။
ထို့ပြင် တစ်ကြိမ် ရှုံးနိမ့်ထားပြီးသူကို ထပ်မံ အနိုင်ယူခြင်းမှာလည်း အဓိပ္ပာယ် မရှိပေ။
ကျင်းတိဂိုဏ်းအနေဖြင့် လက်စားပြန်ချေ ချင်ပါက ထန်ထျန်းကိုသာ လာရှာရမည် ဖြစ်သည်။
"တာအိုမိတ်ဆွေကုန်း... ငါတို့မှာ တခြားကိစ္စလေးတွေ ရှိသေးလို့
အရင်နှုတ်ဆက်ခဲ့ပါတယ်"
ထန်ထျန်းက ကုန်းရွှယ်ဖုန်းကို ပြောလိုက်သည်။
ပိုင်တိဂိုဏ်းမှ ဤပါရမီရှင်အပေါ် သူ၏ အမြင် တော်တော်လေး ကောင်းပါသည်။
"ဟမ်... အခုပဲ ပြန် တော့မလို့လား"
ကုန်းရွှယ်ဖုန်းက အမှတ်မထင် မေးလိုက်သည်။
ထန်ထျန်းက ပြုံးလျက် "ဒီနေ့ မင်းနဲ့ စကားပြောလိုက်ရလို့ ထျန်းဖူနန်းတော်အကြောင်း အများကြီး သိလိုက်ရတယ်။"
" ဒါက ငါ့အတွက် အများကြီး အထောက်အကူ ဖြစ်တယ်"
"နောက်ဆိုရင် မိတ်ဆွေမှာ တစ်ခုခု အကူအညီလိုရင် ငါ့ဆီကို လာခဲ့ပါ။"
" ထျန်းဖူနန်းတော်ကို ရောက်ရင်လည်း ငါတို့ ပြန်ဆုံဖို့ အခွင့်အရေး ရှိဦးမှာပါ"
ကုန်းရွှယ်ဖုန်းက အသာအယာ ပြုံးကာ နှုတ်ဆက်လိုက်သည်။ "ဒါဆိုရင်လည်း နောက်မှ ပြန်ဆုံကြတာပေါ့"
ပြောပြီးနောက် သူက ကုရှောင်းရွှယ်ကိုလည်း သီးသန့် နှုတ်ဆက်လိုက်သည်။
သို့သော် သူ၏ စိတ်ထဲတွင်မူ သူတို့ နှစ်ဦးကြားရှိ ဘဝခရီးလမ်းမှာ ပို၍ ဝေးကွာသွားလိမ့်မည်ဟု ခံစားနေရသည်။
ကုရှောင်းရွှယ်ကဲ့သို့ ပါရမီရှင်မျိုးက ထျန်းဖူနန်းတော် အဆင့်မြင့်လူကြီးပိုင်းများ၏ အလေးပေးမှုကို ရရှိမည်မှာ သေချာလှသဖြင့် သူတို့နှစ်ဦးကြား ကွာဟချက်မှာ ပိုကြီးမားလာပေလိမ့်မည်။
ကုန်းရွှယ်ဖုန်းနှင့် လမ်းခွဲပြီးနောက် ထန်ထျန်းက ချင်းယွဲ့ဂိုဏ်း နားခိုရာနေရာသို့ ပြန်လာခဲ့သည်။
မကြာမီမှာပင် အကြီးအကဲရွှမ် ပြန်ရောက်လာသည်။
သူက စင်မြင့်ထက်တွင် ဖြစ်ပျက်ခဲ့သည်များကို ကြားသိပြီး ဖြစ်သဖြင့် ရှောင်းရွှယ်၏ စွမ်းအား ရုတ်တရက် တိုးတက်လာမှုအပေါ် အလွန်အံ့အားသင့်နေသည်။
"သခင်လေးထန်က တကယ်ကို အံ့သြစရာတွေ တစ်ခုပြီးတစ်ခု ပေးနိုင်တာပဲ"
အကြီးအကဲရွှမ်က ပြုံးလျက် ပြော သည်။
ရှောင်းရွှယ်၏ ပြောင်းလဲမှုနောက်ကွယ်တွင် ထန်ထျန်း ရှိနေသည်မှာ သိသာလှသည်။
တစ်စုံတစ်ဦးကို ဤမျှအထိ ထူးခြားသွားအောင် ပြုလုပ်ပေးနိုင်ခြင်းမှာ သူကိုယ်တိုင် သန်မာခြင်းထက်ပင် ပို၍ မယုံနိုင်စရာ ကောင်းလှသည်။
အကြီးအကဲရွှမ်၏ ချီးမွမ်းမှုကို ထန်ထျန်းက လက်ကာပြလိုက်ပြီး "ဒီကိစ္စက ကျင်းတိဂိုဏ်းနဲ့ ကျွန်တော် တို့ဂိုဏ်းကြားက ဆက်ဆံရေးကို ထိခိုက်နိုင်မလား"
သူ မေးလိုက်သည်။
အကြီးအကဲရွှမ်က ခေါင်းခါလျက် "မထိခိုက်နိုင်ပါဘူး။ ပုံမှန် စိန်ခေါ်ပွဲမျိုးမှာ ဘာပြဿနာမှ မရှိနိုင်ဘူး။"
" အလွန်ဆုံးရှိရင် သူတို့ဂိုဏ်းက ပိုသန်မာတဲ့ တပည့်တွေကို လွှတ်ပြီး ပြန်လက်စားချေ ခိုင်းရုံပဲ ရှိမယ်"
"ဒါပေမဲ့ ရှောင်းရွှယ်က သွမ့်ဟန်ကို အပြတ်အသတ် နိုင်ခဲ့တာဆိုရင် ကျင်းတိဂိုဏ်းက အတော်ဆုံးဆိုတဲ့သူတွေ လာရင်တောင် နိုင်ဖို့ မသေချာဘူး"
သူက အခြားဂိုဏ်းများမှ အထူးချွန်ဆုံး တပည့်များအကြောင်းကို ကောင်းစွာ သိထားသူ ဖြစ်သည်။
"ဒါပေမဲ့ ထိပ်တန်း ၁၀ ဂိုဏ်းတွေကျတော့ ပြောရခက်တယ်။"
" ပိုင်တိဂိုဏ်းနဲ့ ကျီယန်ဂိုဏ်းက ပထမ အဆင့် တပည့်တွေကို ထားလိုက်ဦး၊ အခု အဆင့် ၁၀ အပြင်ဘက် ရောက်သွားတဲ့ ဟေးကျီဂိုဏ်းရဲ့ အတော်ဆုံးတပည့်ကတောင် ကျင်းတိဂိုဏ်းထက် အများကြီး သာတယ်"
"သူတို့သာ တိုက်ခိုက်လာရင်တော့ တကယ့်ကို ခက်ခဲတဲ့ တိုက်ပွဲ ဖြစ်လာလိမ့်မယ်"
အကြီးအကဲရွှမ်က သတိပေးသည့် သဘောဖြင့် ပြောလိုက်သည်။
ဟေးကျီဂိုဏ်းမှာ ချင်းယွဲ့ဂိုဏ်းကို ပြဿနာလာရှာရန် အလားအလာ အရှိဆုံးဂိုဏ်း ဖြစ်သည်။
သို့သော် ထန်ထျန်းကတော့ အေးဆေးပင်။
"နိုင်တာ ရှုံးတာက အဓိက မဟုတ်ပါဘူး။ တခြား ပါရမီရှင်တွေနဲ့ တိုက်ခိုက်တာက သူတို့ ရဲ့ တိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေပါတယ်။ "
"တကယ်လို့ ကျွန်တော်တို့ ရှုံးသွားလို့ ဂိုဏ်းရဲ့ သိက္ခာကျသွားတယ်ဆိုပြီး အကြီးအကဲက အပြစ်မတင်ရင် ရပါပြီ"
အကြီးအကဲရွှမ်က ချက်ချင်း ခေါင်းခါလိုက်သည်။ "မင်းတို့သာ မရှိရင် ဒီနေ့ ဂိုဏ်းရဲ့ သိက္ခာက ခြေဖဝါးအောက် ရောက်သွားမှာ။ "
"နောက်ပြီး သိက္ခာဆိုတာက အပေါ်ယံပါပဲ၊ မြို့ ကနေ ထွက်သွားရင် ဘယ်သူမှ ဒါကို မှတ်မိနေမှာ မဟုတ်ဘူး။ "
"ခွန်အားကသာ အခြေခံအကျဆုံး အရာပဲ"
ထန်ထျန်း ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူတို့က ထိုအကြောင်းကို ထပ်မပြောကြတော့ပေ။
သူတို့၏ အနေအထားအရ လူငယ်တပည့်များကြားရှိ ရန်ပွဲလေးများမှာ ကလေးကစားသလိုသာ ဖြစ်သဖြင့် အရေးကြီးသော ကိစ္စမဟုတ်ချေ။
သူတို့ ပို၍ အလေးထားသည်မှာ ထျန်းဖူနန်းတော်သို့ ဝင်ရောက်မည့် ကိစ္စပင်။
"ကျွန်တော် စုံစမ်းကြည့်ပြီးပြီ။ နောက်ထပ် ၂၄ ရက်အကြာမှာ တခြားဂိုဏ်းက တပည့်တွေ အကုန်ရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ ထျန်းဖူနန်းတော်ကို တရားဝင် သွားကြရမယ်"
"အဲ့ဒီနောက်မှာတော့ အမြဲတမ်းရှိနေကျ အဝင်အခမ်းအနား ရှိလိမ့်မယ်။ "
"အဲ့ဒီအခမ်းအနားက တော်တော် အရေးကြီးတယ်၊ တပည့်တစ်ယောက်ချင်းစီရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ထျန်းဖူက အကဲဖြတ်လိမ့်မယ်။ "
"ဒီအကဲဖြတ်ချက်က နောက်ပိုင်း 'နဂါးတံခါး စစ်ဆေးမှု ' အထိ သက်ရောက်မှု ရှိနိုင်တယ်"
ထန်ထျန်း ခေါင်းညိတ်လိုက်သည်။ ထိုအကြောင်းကို သူ သိထားပြီး ဖြစ်သည်။
"ဒါပေမဲ့ ဒီတစ်ခါ အဝင်အခမ်းအနားက အရင်နဲ့ မတူဘူး"
အကြီးအကဲရွှမ်က ဆက်ပြောသည်။ "ထျန်းဖူနန်းတော် ရဲ့ အရှိန်အဝါက ပိုကြီးလာတာနဲ့အမျှ တစ်နှစ်ထက်တစ်နှစ် ပါရမီရှင်တွေက ပိုများလာတယ်။"
" အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ အခမ်းအနားဝင်ခွင့်ကို အသက် ၂၅ နှစ်အောက်လို့ ကန့်သတ်လိုက်တယ်"
"ဆိုလိုတာက မိစ္ဆာ စမ်းသပ်မျှော်စင်ကနေ တက်လာတဲ့ တပည့်တွေနဲ့ ဂုဏ်ထူးဆောင်တပည့် အများစုက ဒီအခမ်းအနားကို ပါဝင်ခွင့် ရမှာ မဟုတ်ဘူး"
ထန်ထျန်း ခဏ မှင်တက်သွားသော်လည်း ချက်ချင်းပင် နားလည်သွားသည်။
မည်သည့်နေရာတွင်မဆို အကောင်းဆုံးကိုသာ ရွေးချယ်တတ်သည်မှာ သဘာဝပင်။
ထျန်းဖူနန်းတော် စတင်တည်ထောင်စက လူအင်အား နည်းသဖြင့် စည်းကမ်းများ လျော့ရဲနိုင်သော်လည်း ယခုအခါ ပါရမီရှင်များ ပေါများနေပြီ ဖြစ်သဖြင့် အသက် ၂၅ နှစ်အောက် လူငယ်ပါရမီရှင်များကိုသာ ပိုမို အလေးပေးလာခြင်း ဖြစ်သည်။
"အင်း... ရပါတယ်"
ထန်ထျန်းက ဂရုမစိုက်သလို ပုခုံးတွန့်ပြလိုက်သည်။
တကယ်တော့ လမ်းခရီးမှာတင် လီဟုန်၊ လန်ယွီ ညီအစ်မတို့နှင့် သူ စကားပြောခဲ့ပြီး ဖြစ်သည်။
သူတို့သုံးဦးမှာ ထျန်းဖူနန်းတော်ထဲတွင် ဝင်ရောက် ရန် စိတ်ဝင်စားမှု မရှိကြပေ။
သူတို့က သူတို့ကိုယ်သူတို့ ထန်ထျန်း၏ လက်အောက်ငယ်သားများအဖြစ်သာ သတ်မှတ်ထားကြပြီး သူနှင့်အတူ ရှိနေရလျှင် လုံလောက်ပြီဟု ခံစားထားကြသည်။
ထို့ကြောင့် သူတို့ကို အဝင်အခမ်းအနား သို့မဟုတ် နဂါးတံခါး စစ်ဆေးမှု များတွင် ဝင်ပြိုင်ခိုင်းရန် အစီအစဉ် မရှိပေ။
သူတို့က ထန်ထျန်း၏ ကိုယ်ရံတော်နှင့် အစေခံများအဖြစ်သာ လိုက်ပါမည် ဖြစ်သည်။
ပိုက်ဆံ အနည်းငယ် ပေးလိုက်ရုံသာ ရှိသည်။
ကုရှောင်းရွှယ်ကမူ သူမ လုပ်ချင်ရာ လုပ်နိုင်ရန် လွတ်လပ်ခွင့် ပေးထားမည် ဖြစ်သည်။
"ဒါဆိုရင် စာရင်းသွင်းတဲ့အခါ သခင်လေးဘက်က ကုရှောင်းရွှယ်၊ လန်ယွီနဲ့ လွီကျူး တို့ပဲပေါ့နော်"
အကြီးအကဲရွှမ်က ပြော သည်။
ထန်ထျန်းက ပြုံး လျက် "အကြီးအကဲရွှမ်... လန်ယွီနဲ့ လွီကျူးက စာရင်းသွင်းစရာ မလိုဘူး။ သူတို့က ကျွန်တော်နဲ့အတူ ထျန်းဖူနန်းတော် ကို လိုက်ရုံပါပဲ။ "
"နောက်ပြီး အကြီးအကဲက လူတစ်ယောက်ကို မေ့နေတာ မဟုတ်လား"
အကြီးအကဲရွှမ် ဇဝေဇဝါ ဖြစ်သွားကာ "လီဟုန်က အသက် ၂၅ ကျော်နေပြီ မဟုတ်လား"
ထန်ထျန်းက မတတ်သာဘဲ ခေါင်းခါလျက် သူ့ကိုယ်သူ ထိုးလိုက်သည်။ "ကျွန်တော် ရှိသေးတယ်လေ။ "
"ထျန်းဖူနန်းတော် က ဂုဏ်ထူးဆောင်တပည့်တွေ ဝင် တာကို မတားမြစ်ထားဘူး မဟုတ်လား"
အကြီးအကဲရွှမ်က ချက်ချင်း မှင်တက်သွားပြီး နောက်သို့ပင် ခြေလှမ်းအနည်းငယ် ဆုတ်သွားကာ မယုံနိုင်စရာ ဖြစ်နေသော အသံဖြင့် "သခင်လေးထန်... မနောက်ပါနဲ့။ "
"သခင်လေးက အသက် ၂၅ တောင် မပြည့်သေးဘူးလား"
အံ့သြနေသော အကြီးအကဲရွှမ်ကို ကြည့်ကာ ထန်ထျန်းက သူ့နှာခေါင်းကို အသာပွတ်လိုက်သည်။
"အကြီးအကဲက ကျွန်တော့်အချက်အလက်တွေကို သေချာ မကြည့်ရသေးဘူး ထင်တယ်"
သူ၏ တပည့်မှတ်တမ်းမှာ ဂိုဏ်းထဲတွင် ရှိပြီးသားဖြစ်ပြီး အလွန် အသေးစိတ်လှသည်။
တောင်အနောက်ဘက်တွင်သာ အနေများသော အကြီးအကဲရွှမ်က မကြည့်ရသေးခြင်း ဖြစ်နိုင်သည်။
အကြီးအကဲရွှမ်က ခဏ ကြောင်သွားပြီးမှ ကျောက်စိမ်းပြားကို ထုတ်ကာ အမြန် ရှာကြည့်လိုက်သည်။
ခဏအကြာတွင် သူက ထန်ထျန်းကို မယုံနိုင်စရာ မျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။
"သခင်လေးက..."
" အသက် ၁၈ နှစ်တောင် မပြည့်သေးဘူးလား"
သူ၏ မျက်နှာကြွက်သားများပင် တွန့်သွားသည်။ အသက် ၁၇ နှစ်အရွယ် လူငယ်လေးတစ်ဦးက အင်မော်တယ် အဆင့် ထက်သာလွန်သော စွမ်းအားမျိုး ရှိနေပြီး သူတို့အားလုံး ပေါင်းတိုက်လျှင်ပင် မနိုင်သော အတွင်းနတ်ဆိုး ဝင်နေသည့် ချီယွမ်ကို လက်တစ်ဖက်ဖြင့် နှိမ်နင်းနိုင်ခဲ့သည်ကို သူ မယုံနိုင်အောင် ဖြစ်နေရသည်။
ထို့ပြင် သူက ဂိုဏ်း၏ အမြင့်ဆုံး ဂိုဏ်းချုပ် ရာထူးကိုလည်း မဲအပြည့်ဖြင့် ရရှိထားသူ ဖြစ်သည်။
ဤသည်မှာ...
အကြီးအကဲရွှမ် ဘာပြောရမှန်းပင် မသိတော့ပေ။
သူသည် ယခင်က ထျန်းဖူနန်းတော်တွင် ကြောက်စရာကောင်းသော ပါရမီရှင်များ ပေါ်လာတတ်သည်ကို အမြဲ အားကျခဲ့ဖူးသည်။
အခုတော့ ထိုကဲ့သို့သော ပါရမီရှင်မျိုးက သူ့အနားမှာတင် ရှိနေသည် မဟုတ်ပါလား။
"အဝင်အခမ်းအနားကို ကျွန်တော် စိတ်ဝင်စားတယ်။ "
"အဲ့ဒါကြောင့် ကျွန်တော့်အတွက်လည်း စာရင်းသွင်းပေးပါဦး"
ထန်ထျန်းက ပြုံးလျက် ပြောလိုက်လေသည်။