အဝင်အခမ်းအနား စတင်ခြင်း
Vol. 19 Ch. 215
အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
နောက်တစ်နေ့ မိုးမလင်းမီမှာပင် ချင်းယွဲ့ဂိုဏ်း တပည့်အားလုံးက ခြံဝင်းအတွင်း၌ အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သည်။
အသက် ၂၅ နှစ်အောက် တပည့်များမှာ ခရီးထွက်ရန် အသင့်ပြင်ထားကြပြီး အခြားသော တက်လှမ်းခွင့်ရသူများမှာမူ အဝင်အခမ်းအနား ပါဝင်မည့် တပည့်များနှင့် အခြားလမ်းကြောင်းတစ်ခုမှတစ်ဆင့် သွား ဆုံကြမည် ဖြစ်သည်။
လီဟုန်နှင့် လန်ယွီ ညီအစ်မတို့မှာလည်း ထိုနည်းတူပင်။
သူတို့က ထန်ထျန်း၏ အစေခံ များအဖြစ် ထျန်းဖူနန်းတော်သို့ ဝင်ရောက်ကြမည် ဖြစ်သည်။
တပည့်များ၏ ရှေ့တွင် အကြီးအကဲရွှမ်က လက်ကို နောက်ပစ်ကာ ရပ်နေပြီး ဂိုဏ်း၏ အထူးချွန်ဆုံး လူငယ်များကို ကြည့်ကာ ကျေနပ်အားရစွာ ပြုံးနေမိသည်။
"ဒီနေ့ပြီးရင် မင်းတို့တွေ ထျန်းဖူနန်းတော်ကို ဝင်ရောက်ပြီး ပိုကြီးမားတဲ့ စင်မြင့်ထက်ကို တက်လှမ်းကြရတော့မယ်။"
" မင်းတို့အားလုံး တာအိုခရီးလမ်း ဖြောင့်ဖြူးပြီး တောက်ပတဲ့ အနာဂတ် ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်"
အပိုအလုပ်များ မရှိဘဲ ထျန်းဖူနန်းတော်သို့ ပိုမိုထူးချွန်သော ပါရမီရှင်များ ပေးပို့ခြင်းက လက်အောက်ခံဂိုဏ်းများ၏ အရေးကြီးဆုံး တာဝန်တစ်ခု ဖြစ်သည်။
မကြာမီ အကြီးအကဲရွှမ်၏ ဦးဆောင်မှုဖြင့် ချင်းယွဲ့ဂိုဏ်းသားများက အလွန်ကျယ်ဝန်းလှသော ဧရာမ သိုင်းပြိုင်ကွင်းကြီးသို့ ရောက်ရှိလာကြသည်။
ထန်ထျန်းသည်လည်း ထိုအထဲတွင် ပါဝင်သော်လည်း ယနေ့ သူ၏ အဆင့်အတန်းမှာ သန့်စင်သော ဂုဏ်ထူးဆောင်တပည့် တစ်ဦးသာ ဖြစ်သည်။
ယနေ့ နံနက်ခင်းတွင် မြူနှင်းများ မရှိသော်လည်း ဤသိုင်းပြိုင်ကွင်းကြီး၏ အကျယ်အဝန်းကို သာမန်မျက်စိဖြင့် အဆုံးထိ မမြင်နိုင်ပေ။
သူတို့ ရောက်ရှိချိန်တွင် အခြားသော လက်အောက်ခံဂိုဏ်းများမှ တပည့်အချို့မှာလည်း ကြိုတင် ရောက်ရှိနေကြပြီ ဖြစ်သည်။
ထို့နောက် အကြီးအကဲရွှမ်နှင့် ချင်းယွဲ့ဂိုဏ်းမှ အခြားအကြီးအကဲများ အားလုံး ထွက်ခွာသွားကြသည်။
သိုင်းပြိုင်ကွင်းထဲတွင် တက်ကြွနေသော လူငယ်များသာ ကျန်ရစ်တော့သည်။
"ဟေး ကြည့်စမ်း... ချင်းယွဲ့ဂိုဏ်းက လူတွေ လာပြီဟ"
သူတို့ ပေါ်လာသည်နှင့် လူအများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။
ရှန့်တု မြို့တွင် နေထိုင်စဉ်အတွင်း ချင်းယွဲ့ဂိုဏ်း၏ နာမည်မှာ အလွန် ကျော်ကြားခဲ့သည် မဟုတ်ပါလား။
"ဟမ်... စီနီယာလီဟုန်နဲ့ အဲ့ဒီ အစွမ်းထက်တဲ့ အမွှာညီအစ်မတွေကို မတွေ့ပါလား။"
" သူတို့တွေ အသက် ၂၅ ကျော်သွားကြပြီလား မသိဘူး"
လူအုပ်ထဲတွင် လီဟုန်နှင့် လန်ယွီတို့ကို မတွေ့သဖြင့် လူတစ်ဦးက သံသယဖြင့် မေးလိုက်သည်။
"သေချာပေါက် ဖြစ်မှာပေါ့ သူတို့က အဲ့လောက် တော်နေတာတောင် အသက်ငယ်သေးရင်တော့ တခြားလူတွေ အသက်ရှင်ဖို့ လမ်းရှိပါဦးမလား"
"ဟင်း... ဒါဆိုရင်တော့ မင်း ခုပဲ ကိုယ့်ကိုကိုယ် သတ်သေလိုက် တော့။ ဟိုမှာကြည့်... အသန်မာဆုံး ကုရှောင်းရွှယ်က ရှိနေတုန်းပဲ။ အနည်းဆုံးတော့ သူမက ငါတို့လိုပဲ ငယ်သေးတယ်ဆိုတာ သက်သေပြနေတာပဲ"
.....
လူငယ်များမှာ အချင်းချင်း တီးတိုးပြောနေကြသည်။ ဂိုဏ်းအကြီးအကဲများ၏ ထိန်းချုပ်မှု မရှိတော့သဖြင့် ဤတက်ကြွနေသော လူငယ်များကြားတွင် ပတ်ဝန်းကျင်မှာ ချက်ချင်းပင် ဆူညံလာတော့သည်။
အချို့ဆိုလျှင် ထိုနေရာ၌ပင် စိန်ခေါ်တိုက်ခိုက်မှုများပင် ဖြစ်ပွားနေသည်။
သို့သော် ထျန်းဖူနန်းတော်က ဤကိစ္စများကို ဂရုမစိုက်ပုံရပြီး မည်မျှပင် ရုန်းရင်းဆန်ခတ် ဖြစ်ပါစေ မည်သူမျှ လာရောက် တားဆီးခြင်း မရှိပေ။
ချင်းယွဲ့ဂိုဏ်းသားများမှာမူ အကြီးအကဲရွှမ် မရှိသော်လည်း ထန်ထျန်း ရှိနေသဖြင့် အေးဆေးပင်။
ထန်ထျန်း၏ ဩဇာမှာ အကြီးအကဲရွှမ်ထက်ပင် တစ်ဆင့် ပိုမြင့်နေသဖြင့် သူ၏ မျက်စိအောက်တွင် မည်သူမျှ ပြဿနာမရှာဝံ့ကြချေ။
အခြားဂိုဏ်းမှ တပည့်များမှာလည်း ချင်းယွဲ့ဂိုဏ်း၏ စည်းလုံးမှုကို မြင်သဖြင့် လာ ရန်စသူ မရှိပေ။
အချိန်ကြာလာသည်နှင့်အမျှ နေမင်းမှာ တဖြည်းဖြည်း ထွက်ပေါ်လာသည်။
ရုတ်တရက်ဆိုသလို အရပ်ရှည်ရှည်နှင့် လူရိပ်တစ်ခုမှာ ကောင်းကင်ထက်၌ လေမှ ပေါ်ထွက်လာခဲ့သည်။
ထန်ထျန်းပင်လျှင် ထိုလူ မည်သို့ ရောက်လာသည်ကို သတိမပြုမိလိုက်ချေ။
ထိုသူမှာ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး လက်ကို နောက်ပစ်ကာ အောက်ရှိ တပည့်ပေါင်း သောင်းချီကို အေးစက်စွာ ငုံ့ကြည့်နေသည်။
ဆန်းကြယ်သော အော်ရာ တစ်ခုမှာ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရစ်ပတ်နေသည်။
"အင်မော်တယ်ဘုရင် အထက် အဆင့် ပဲ"
ထန်ထျန်းက ထိုသူ၏ ခွန်အားကို ချက်ချင်းပင် ခန့်မှန်းလိုက်သည်။
ဤလူမှာ အနည်းဆုံး အင်မော်တယ်ဘုရင် အဆင့် ဖြစ်ရမည်ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် နိယာမ အော်ရာ အချို့ကို အာရုံခံမိနေသည်။
"ထိုင်လိုက်"
ထိုသူက စကားလုံး နှစ်လုံးကို ခပ်ဖြည်းဖြည်း ပြော လိုက်သည်။
ထိုအသံနှင့်အတူ ပြင်းထန်သော ဖိအားတစ်ခုမှာ ကောင်းကင်မှ ရုတ်တရက် ကျဆင်းလာသဖြင့် လူတိုင်းမှာ သူတို့၏ ပုခုံးပေါ်သို့ ခုခံရန် ခက်ခဲသော အင်အားတစ်ခု ကျရောက်လာသလို ခံစားလိုက်ရသည်။
ဒူးများမှာ ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျကုန်ကြသည်။
တပည့်ပေါင်း သောင်းချီထဲတွင် လူရိပ်တစ်ရာခန့်သာ မြေပြင်ပေါ်၌ မလဲဘဲ ရပ်နေနိုင်ဆဲ ဖြစ်သည်။
သို့သော် သူတို့ထဲမှ အများစုမှာ သွားများကို တင်းတင်းစိကာ ချွေးဒလဟော ထွက်နေပြီး အတင်းအကျပ် တောင့်ခံထားရသည့် ပုံစံမျိုး ဖြစ်သည်။
ထန်ထျန်းလည်း ဤအင်အားကို ခံစားလိုက်ရသည်။
ဤသည်မှာ အင်မော်တယ် စွမ်းအားပင်။
အင်အားအများကြီး မဟုတ်သော်လည်း အများစုမှာ နတ်အသွင်ပြောင်းခြင်း နှင့် ပေါင်းစည်းခြင်း အဆင့်များတွင်သာ ရှိသေးသဖြင့် မခံနိုင်ကြခြင်း ဖြစ်သည်။
သူတို့ကို ထားပါ တက်လှမ်းခြင်း အဆင့်သို့ ရောက်ခါနီးဖြစ်သော ကုရှောင်းရွှယ်ပင် အနည်းငယ် ရုန်းကန်နေရသည့် ပုံပေါ်သည်။
"ထန်ထျန်း"
ရှောင်းရွှယ်က ထန်ထျန်းကို လှည့်ကြည့်လိုက်သည်။
ထန်ထျန်းက ခဏ စဉ်းစားပြီးနောက် "မလောနဲ့... ခဏစောင့်ဦး"
ထိုသူမှာ သူ၏ အင်အားကို ထိန်းထားခြင်း ဖြစ်ပြီး ယခုနှစ် တပည့်များ၏ ခွန်အားကို စမ်းသပ်လိုဟန် တူသည်။
ခဏအကြာတွင် တပည့်အချို့မှာ ဖိအားကို ထပ်မံ မတောင့်ခံနိုင်တော့ဘဲ မြေပေါ်သို့ လဲကျသွားကြပြန်သည်။
သို့သော် ထိုသက်လတ်ပိုင်း အမျိုးသား၏ မျက်ခုံးများမှာ အနည်းငယ် ပြေလျော့သွားသည်ကို ထန်ထျန်း မြင်လိုက်ရသည်။
"ထိုင်လိုက်"
သူက ထပ် ပြောလိုက်ပြန်သည်။
ထို့နောက် ပိုမိုပြင်းထန်သော အင်အားတစ်ခု ကျရောက်လာသည်။ ဤသည်မှာ အင်မော်တယ်များ၏ အဆင့်ထက် ကျော်လွန်သွားပြီဖြစ်သော အစစ်အမှန် အင်မော်တယ် အင်အားပင် ဖြစ်သည်။
ကုရှောင်းရွှယ်လည်း ဆက်မတောင့်ခံနိုင်တော့ဘဲ ဒူးညွှတ်ကာ ထိုင်လိုက်ရတော့သည်။
တောင့်ခံနေဆဲဖြစ်သော အခြားတပည့်များမှာလည်း ထိုနည်းတူပင် တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်ကြသည်။
ဤသည်ကို မြင်သောအခါ ထန်ထျန်းလည်း ဆက်၍ တောင့်မခံတော့ဘဲ တင်ပျဉ်ခွေ ထိုင်လိုက်သည်။
ထိုင်လိုက်သည်နှင့် သူ၏ ကိုယ်ပေါ်ရှိ ဖိအားများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ဘာမှ မရှိခဲ့သလိုမျိုး ဖြစ်သွားသည်။
အင်မော်တယ်ဘုရင် အထက်တွင် ရှိနေသော ဤပုဂ္ဂိုလ်က အင်မော်တယ် စွမ်းအားကို ထိန်းချုပ်ရာတွင် အလွန်ပင် ကျွမ်းကျင်လှသည်မှာ ထင်ရှားသည်။
လူသောင်းချီကို တစ်ပြိုင်နက် ဖိနှိပ်နိုင်ရုံသာမက လူတစ်ဦးချင်းစီ၏ ဟန်ပန်အလိုက် တိကျစွာ ထိန်းချုပ်ပေးသွားခြင်း ဖြစ်သည်။
သို့သော် သူက ဘာကြောင့် လူတိုင်းကို ထိုင်ခိုင်းရသနည်း။
သူ၏ မြင့်မြတ်သော အဆင့်အတန်းကို ထုတ်ဖော်ပြသလို၍လား။
ထန်ထျန်းက တိတ်ဆိတ်စွာ စောင့်ဆိုင်းနေမိသည်။
သို့သော် တစ်ဖက်လူမှာ ထန်ထျန်း ထင်သလောက် ပျင်းစရာကောင်းသူ မဟုတ်ပေ။
လူတိုင်း ငြိမ်သက်စွာ ထိုင်လိုက်ကြပြီးနောက် ထိုသူက ခပ်ဖြည်းဖြည်း ပြောလာသည်။ "မင်းတို့အားလုံး ဒီတစ်ခါ အဝင်စမ်းသပ်မှုရဲ့ စည်းမျဉ်းတွေကို သိပြီးကြပြီလို့ ထင်တယ်။"
" အားလုံး ကောင်းကောင်း စွမ်းဆောင်ကြပါ။ နောက်လာမယ့် ခြေလှမ်းတိုင်းက ထျန်းဖူနန်းတော်မှာရှိမယ့် မင်းတို့ရဲ့ အနာဂတ်နဲ့ သက်ဆိုင်လိမ့်မယ်"
"အင်မော်တယ် လမ်းကြောင်း ကနေတစ်ဆင့် ထျန်းဖူနန်းတော် ကို တက်လှမ်းခွင့်ရတဲ့ တပည့်တွေ မတ်တတ်ရပ်လိုက်"
အင်မော်တယ် လမ်းကြောင်း ဆိုသည်မှာ ထျန်းဖူနန်းတော်က လက်အောက်ခံဂိုဏ်းများအတွက် ပြင်ဆင်ပေးထားသော အထူးလမ်းကြောင်း ဖြစ်သည်။
ထိုမှတစ်ဆင့် တက်လှမ်းလာသူများမှာ ပထမအဆင့် ပါရမီရှင်များဟု ခေါ်ဆိုကြသူများပင်။
သူ့စကားအဆုံးတွင် လူရိပ်များ တစ်ဦးပြီးတစ်ဦး ထရပ်လာကြသည်။
ထန်ထျန်း အကြမ်းဖျင်း ကြည့်လိုက်ရာတွင် စောစောက ပထမအကြိမ် ဖိအားအောက်၌ မတ်တတ်ရပ်နိုင်ခဲ့သူ အများစုမှာ ဤအုပ်စုထဲမှ ဖြစ်ကြသည်။
တကယ်ပင် သာမန် မဟုတ် ကြသူများပင်။
ခဏအကြာတွင် တပည့်ရာဂဏန်းခန့် ထရပ်လိုက်ကြသည်။ သူတို့မှာ ယခုနှစ် ထျန်းဖူနန်းတော် သို့ တက်လှမ်းလာသော တပည့်များထဲတွင် အသန်မာဆုံး အုပ်စုဟု ဆိုနိုင်သည်။
ထို့နောက် ထိုအမျိုးသားက လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင်အလင်းတန်းများစွာမှာ အောက်သို့ ပျံဆင်းသွားပြီး ထိုတပည့်များ၏ ဘေးနားတွင် ကျရောက်သွားခဲ့သည်။
မကြာမီ သူတို့၏ ခေါင်းပေါ်တွင် တောက်ပသော ရွှေရောင်ကြယ် ၉ ပွင့်မှာ ပေါ်ထွက်လာတော့သည်။
"ဒါက ရှန့်ထန်း ဆေးလုံး တွေပဲ"
"ဒါတွေကပဲ ဒီတစ်ခါ အဝင်အခမ်းအနားမှာ မင်းတို့ရဲ့ အသက် ၉ ချောင်း ဖြစ်တယ်။ "
"စမ်းသပ်မှုကို အောင်မြင်ပြီးရင်တော့ ဒီဆေးလုံးတွေက မင်းတို့ အပိုင် ဖြစ်သွားလိမ့်မယ်"
ထိုအမျိုးသားက အသာအယာ ပြုံးလျက် "ဒါပေမဲ့ မင်းတို့ ဒါတွေကို ထိန်းသိမ်းထားနိုင်မှ ဆိုတဲ့ အချက်တော့ ရှိတာပေါ့"
ဤစကားအဆုံးတွင် အောက်၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
ရှန့်ထန်း ဆေးလုံး ဆိုသည်မှာ တကယ့်ကို အဆင့်မြင့် အင်မော်တယ် ဆေးလုံးများ မဟုတ်ပါလား။
ရှန့်ထန်း တာအိုကျောက်စိမ်း ထက်ပင် ပို၍ တန်ဖိုးရှိပြီး အတိုင်းအဆမရှိသော နိယာမ အင်အားများ ပါဝင်သည်။
တစ်လုံးတည်း ကျန်ခဲ့လျှင်ပင် နောင်ကျင့်ကြံမှု လမ်းခရီးမှာ အလွန် ချောမွေ့သွားနိုင်ပေသည်။
ထန်ထျန်းပင် အနည်းငယ် အံ့သြသွားသည်။ ဤဆေးလုံးမျိုးမှာ သူ၏ အိတ်ထဲတွင်လည်း ရှိပြီး ရှန့်ထန်းတာအိုကျောက်စိမ်း အခု ၂၀ ဖြင့် ဝယ်ထားရခြင်း ဖြစ်သည်။
ထိုသက်လတ်ပိုင်း အမျိုးသားက အခုလေးတင် ရှန့်ထန်း ဆေးလုံး ထောင်ဂဏန်းမက ပစ်ပေးလိုက်ခြင်း ဖြစ်သည်။
ထျန်းဖူနန်းတော်၏ ရက်ရောမှုမှာ တကယ့်ကို ကြီးမားလှပေသည်။