ရှုတောင်၏ ပြဿနာကြီး(၃)ရပ်
Vol. 4 Ch. 33
ရှုတောင်ဂိုဏ်းတွင် လူသိများသော ဆိုရိုးစကားတစ်ခု ရှိ၏။
၎င်းမှာ ရှုတောင်၏ ပြဿနာကြီးသုံးရပ် အကြောင်းပင် ဖြစ်သည်။ ဤပြဿနာသုံးရပ်သည် ဂိုဏ်းသားများ၏ ဘုံဆန္ဒများကို ကိုယ်စားပြုနေပေသည်။
မာကျောက်၊ ဟော့ပေါ့နှင့် တိနွီဖုန့်တို့ပင်…။
အနောက်တောင်ပိုင်း ဒေသများတွင် မာကျောက်ကစားခြင်းသည် ကျော်ကြားသော အပန်းဖြေနည်းလမ်းတစ်ခု ဖြစ်ပြီး၊ ရှုတောင်ဂိုဏ်းသည်လည်း ဤအစဉ်အလာနှင့် ကင်းလွတ်ခြင်း မရှိပေ။
အတိတ်ကာလက ရှုတောင်ဂိုဏ်းသည် မာကျောက်ကစားခြင်းကို နှစ်သက်လွန်းသဖြင့်၊ မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းတို့ကြားတွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ဖူးသည်။
ရှုတောင်ဂိုဏ်း၏ ဩဇာအာဏာ အထွတ်အထိပ်ရောက်နေချိန်၊ အင်မော်တယ်လောကရှိ အခြားဂိုဏ်းများ၏ ရှေ့ဆောင်ဖြစ်နေချိန်တွင်၊ မာကျောက်ကစားခြင်းက ကျင့်ကြံခြင်းကို တိုးတက်စေနိုင်သလောဟု မေးခွန်းထုတ်သူများပင် ရှိခဲ့ဖူးသည်။
အမှန်စင်စစ်အားဖြင့် ၎င်းသည် အဓိပ္ပာယ်မရှိသော ယူဆချက်တစ်ခုသာ ဖြစ်ချေသည်။
ရှုတောင်ဂိုဏ်း၏ ဩဇာအာဏာ ကျဆင်းလာသည်နှင့်အမျှ၊ ဂိုဏ်းခေါင်းဆောင်များသည် ကျင့်ကြံခြင်းကို လျစ်လျူရှုစေတတ်သော အပန်းဖြေမှုများအပေါ် ကန့်သတ်ချက်များ စတင် ထုတ်ပြန်ခဲ့သည်။
သို့ရာတွင် ကန့်သတ်ချက်များ ရှိနေလင့်ကစား၊ လူများသည် မာကျောက်ကို ဆက်လက် စွဲလမ်းနေခဲ့ကြဆဲ ဖြစ်သည်။
ယခုအချိန်အထိ၊ မာကျောက်သည် ရှုတောင်ဂိုဏ်းအတွင်း လူကြိုက်အများဆုံး အပန်းဖြေနည်းလမ်းများထဲမှ တစ်ခုအဖြစ် ဆက်လက် တည်ရှိနေပြီး၊ အလွန်အကျွံ မဖြစ်စေရန် ထိန်းချုပ်ထားရသည့် အခြေအနေတွင် ရှိနေသည်။
ဆယ်စုနှစ်တစ်ခုလျှင် တစ်ကြိမ် ကျင်းပလေ့ရှိသော ရှုတောင်ထိပ်သီးစည်းဝေးပွဲ ကာလအတွင်း၊ တောင်ထွတ်အလိုက် ယှဉ်ပြိုင်မှုများကဲ့သို့သော တရားဝင် အခမ်းအနားများအပြင်၊ ရှုတောင် မာကျောက်ပြိုင်ပွဲ၊ ဓားပျံပြိုင်ပွဲ၊ စိတ်ဝိညာဉ်အိမ်မွေးတိရစ္ဆာန် တိုက်ပွဲ စသည့် ဖျော်ဖြေရေး လှုပ်ရှားမှုများလည်း ပါဝင်လေ့ရှိသည်။
၎င်းတို့အနက် မာကျောက်ပြိုင်ပွဲသည် ဖျော်ဖြေရေး ရှုထောင့်မှ ကြည့်လျှင် အပြင်းထန်ဆုံးအဖြစ် အမြဲတမ်း ရပ်တည်နေလေ့ ရှိသည်။
ဟော့ပေါ့နှင့် ပတ်သက်၍မူ၊ ၎င်းသည် အနောက်တောင်ပိုင်း ဒေသများတွင် ရေပန်းစားပြီး၊ ရှုတောင်ဂိုဏ်းသည်လည်း ဤအစားအသောက် ရေစီးကြောင်းနှင့် ကင်းလွတ်ခြင်း မရှိပေ။
သို့သော် ဟော့ပေါ့က အဘယ်ကြောင့် ပြဿနာ ဖြစ်လာရသနည်း။
ဤပြဿနာသည် ဟော့ပေါ့စားသောက်ခြင်း၏ အရာရာကို လွှမ်းခြုံနိုင်သော သဘာဝမှ မြစ်ဖျားခံခြင်း ဖြစ်ပြီး၊ ရှုတောင်ဂိုဏ်းအတွင်းရှိ "မည်သည့်အရာမဆို ဟော့ပေါ့ထဲ ထည့်စားနိုင်သည်" ဟူသော ဆိုရိုးစကားက ၎င်းကို ဖော်ပြနေပေသည်။
အချိန်ကြာလာသည်နှင့်အမျှ၊ ရှုတောင်ရှိ ဟော့ပေါ့သည် ထူးခြားသော လက္ခဏာရပ်နှစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
"ပိုစပ်လေ ပိုကောင်းလေ" နှင့် "ပိုထူးဆန်းလေ ပိုကောင်းလေ" ဟူ၍ ဖြစ်သည်။
ရှုတောင်ဂိုဏ်းမှ တပည့်များသည် ဟော့ပေါ့ ပါဝင်ပစ္စည်းများနှင့် ပတ်သက်လာလျှင် "ဘာပဲဖြစ်ဖြစ် အကုန်ထည့်" ဟူသော စိတ်ဓာတ်ကို လက်ကိုင်ပြုထားကြသည်။
ငှက်များ၊ သားရဲများ၊ မိစ္ဆာများနှင့် မကောင်းဆိုးဝါးများ... ။
အားလုံးသည် ဟော့ပေါ့အိုးထဲသို့ ရောက်ရှိသွားကြစမြဲ ဖြစ်၏။
ရှုတောင်တပည့်များသည် သူတို့၏ ဟော့ပေါ့ အတွေ့အကြုံကို အရသာ ပိုရှိစေရန်၊ ရှားပါးသော မိစ္ဆာသတ္တဝါများကို ဖမ်းဆီးဖို့ ပြင်းထန်စွာ ယှဉ်ပြိုင်ခဲ့ကြဖူးသည့် အချိန်ကာလတစ်ခု ရှိခဲ့ဖူးသည်။
၎င်းသည် "ယနေ့ နဂါးအသည်း၊ မနက်ဖြန် ဖီးနစ်ရိုးတွင်းခြင်ဆီ" ဟူသော အခြေအနေမျိုး ဖြစ်လာပြီး၊ အရာရာသည် ထိန်းချုပ်မရ ဖြစ်လာခဲ့သည်။ အဆင့်မြှင့်တင်မှု တစ်ခုစီတိုင်းနှင့်အတူ မိစ္ဆာသတ္တဝါများ ပိုမိုများပြားစွာ ဟော့ပေါ့အိုးထဲ ရောက်ရှိလာခဲ့ကြသည်။
ထိုနေ့ရက်များတွင် ရှုတောင်ဂိုဏ်းမှ တပည့်များသည် မည်သည့်အရာကိုမဆို စားသုံးကြသည်ဟူသော ဆိုရိုးတစ်ခု ရှိခဲ့သည်။
အခြားဂိုဏ်းများမှ တပည့်များသည် မိစ္ဆာသတ္တဝါများကို တွေ့ကြုံရသောအခါ ရောင်းစားရမလား၊ သတ်ဖြတ်ရမလားဟု စဉ်းစားနေကြချိန်တွင်၊ ရှုတောင်မှ တပည့်များကမူ ၎င်းတို့ကို အစပ်ဆီအနှစ်ဖြင့် ပြုတ်ရမလား၊ ဟင်းရည်ကြည်ဖြင့် ပြုတ်ရမလားဟု စဉ်းစားနေတတ်ကြသည်။
နောက်ဆုံးတွင် ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် ဝင်ရောက်စွက်ဖက်ပြီး၊ ဤကျင့်ဝတ်နှင့် မညီသော အပြုအမူကို ရပ်တန့်ရန် အမိန့်ပြန်တမ်း ထုတ်ပြန်ကာ ထိုအလေ့အထကို အဆုံးသတ်လိုက်ရလေသည်။
ပထမ ပြဿနာနှစ်ရပ်သည် အချိန်ကာလ အတော်ကြာ တည်ရှိခဲ့သော်လည်း၊ တတိယမြောက် ပြဿနာဖြစ်သော တိနွီဖုန့်မှာမူ မကြာသေးမီကမှ တိုးလာခြင်း ဖြစ်သည်။
တိနွီဖုန့် ငယ်စဉ်က သူမသည် ရှုတောင်တွင် ဗိုလ်ကျစိုးမိုးသူတစ်ဦး ဖြစ်ခဲ့ပြီး၊ မောက်မာကာ အခြားသူများကို မကြာခဏ အနိုင်ကျင့်လေ့ရှိသည်။
ဝမ်းနည်းစရာ ကောင်းသည်မှာ သူမသည် ထူးချွန်သော တိုက်ခိုက်ရေးသမား တစ်ဦးလည်း ဖြစ်နေပြန်သည်။ ထို့ကြောင့် သူမနှင့် ခေတ်ပြိုင်တပည့် အများအပြားသည် သူမ၏ အနိုင်ကျင့်မှုကို ခံခဲ့ကြရရှာသည်။
နောက်ပိုင်းတွင် သူမသည် တောင်ထွတ်သခင် ရာထူးအတွက် ယှဉ်ပြိုင်သောအခါ၊ သူမ၏ ရွယ်တူတန်းတူများထံမှ မည်သည့် ထောက်ခံမှုကိုမျှ မရရှိခဲ့ပေ။
သို့သော်ငြား သူမသည် တာအိုသိရှိခြင်းအဆင့်သို့ ရောက်ရှိထားသဖြင့်၊ သူတို့သည် သူမကို ဆန့်ကျင်ရန် စွမ်းအားမဲ့နေခဲ့ကြသည်။
ရှုတောင်ဂိုဏ်းရှိ တောင်ထွတ်သခင် (၃၆)ဦးအနက် အများစုသည် ဆဋ္ဌမမြောက်အဆင့်ဖြစ်သော သာလွန်အဆင့်တွင် ရှိကြသည်။ တပည့် (၁၀)ဦးခန့်သာလျှင် တာအိုသိရှိခြင်းအဆင့်သို့ ရောက်ရှိထားကြသည်။
တိုက်ခိုက်ရေး စွမ်းရည်သက်သက်ဖြင့် ယှဉ်လျှင် တိနွီဖုန့်သည် ထိပ်ဆုံး (၁၀)ဦးထဲတွင်မက၊ ထိပ်ဆုံး (၃)ဦး စာရင်းဝင်ပေလိမ့်မည်။
အမှန်စင်စစ်အားဖြင့်၊ မည်သည့် တောင်ထွတ်သခင်ကမျှ တိနွီဖုန့်ကို အနိုင်ယူနိုင်သည်ဟု ထုတ်ဖော်ပြောရဲခြင်း မရှိခဲ့ဖူးချေ။
ကံကောင်းထောက်မစွာဖြင့်၊ တိနွီဖုန့်တစ်ယောက် တောင်ထွတ်သခင်ရာထူးကို ရယူပြီးကတည်းက သူမသည် ပိုမို ထိန်းသိမ်းလာခဲ့သည်။
လွန်ခဲ့သော နှစ်များအတွင်း တိနွီဖုန့် ပြဿနာရှာသည့် သတင်းများ ကြားရခဲလာသဖြင့်၊ လူငယ်တပည့် အချို့ဆိုလျှင် သူမအား အဘယ်ကြောင့် ရှုတောင်ဂိုဏ်း၏ ပြဿနာကြီးသုံးရပ်ထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားသည်ကိုပင် မသိရှိကြတော့ပေ။
...
ယနေ့တွင်မူ၊ ရှုတောင်ဂိုဏ်းမှ လူငယ်တပည့် အချို့သည် မာကျောက်ကစားရင်း၊ ဟော့ပေါ့စားသောက်ကာ တိနွီဖုန့်အကြောင်း စကားစမြည် ပြောဆိုနေကြလေသည်။
"အစ်ကိုကြီး... တကယ်ပဲ သူ့ကို တိုက်ရိုက် ရင်ဆိုင်မလို့လား... မလုပ်ပါနဲ့ဗျာ..."
နောက်လိုက်(က)က အာမေဋိတ်သံဖြင့် တားမြစ်လိုက်သည်။
တိမ်တိုက်စက်ဝန်းတောင်ထွတ်ပေါ်ရှိ သစ်သားအိမ်လေး တစ်လုံးအတွင်း၌၊ ပွက်ပွက်ဆူနေသော အစပ်ဆီဟော့ပေါ့အိုးမှ မွှေးပျံ့သော ရနံ့များ ထွက်ပေါ်နေပြီး၊ အသားလွှာများနှင့် ငါးအသားလုံးများသည် ဟင်းရည်မျက်နှာပြင်ပေါ်တွင် ပေါ်လိုက်မြုပ်လိုက် ဖြစ်နေကြသည်။
နောက်လိုက်(ခ)သည် အမဲကလီစာ တစ်ဇွန်းကို ကျွမ်းကျင်စွာ ခပ်ယူလိုက်ပြီး၊ တူဖြင့် အသားကို ညှပ်ကာ သူ၏ ပန်းကန်လုံးထဲသို့ ထည့်လိုက်သည်။
ရှန်ဇီလျန်သည် မတ်မတ်ထိုင်လိုက်ပြီး၊ မျက်မှောင်ကြုတ်ထားသော သူ၏မျက်နှာပေါ်တွင် ဝမ်းနည်းမှုနှင့် စိုးရိမ်မှုများ ထင်ဟပ်နေသည်။
"ဘာလို့ ငါ မလုပ်နိုင်ရမှာလဲ... မင်း စုံစမ်းပြီးပြီမလား... ချူလျန်က ဝိညာဉ်အသိအမြင်အဆင့် အစောပိုင်းအဆင့်မှာပဲ ရှိသေးတဲ့ အဆင့်နိမ့် ကျင့်ကြံသူတစ်ယောက်... ငါက ဝိညာဉ်အသိအမြင်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ... ပြီးတော့ ရွှေအမြုတေဖွဲ့စည်းဖို့ ပြင်ဆင်နေတဲ့ အဆင့်ပဲ... အဆင့်တက်လှမ်းဖို့ နီးစပ်နေပြီ... တကယ်လို့ ငါသာ သူ့ကို တိုက်ရိုက် ရင်ဆိုင်လိုက်ရင်… သေချာပေါက် အနိုင်ရမှာ မဟုတ်ဘူးလား..."
ရှန်ဇီလျန်သည် ယခင်က ရွှီဇီချင်နှင့် ချူလျန်တို့ လက်နက်ခန်းမတွင် ပုံမှန်မဟုတ်ဘဲ ရင်းနှီးနေကြသည်ကို မြင်တွေ့ခဲ့ရဖူးသည်။
ထူးဆန်းသော ရနံ့တစ်ခု သူတို့နှစ်ဦးစလုံးတွင် စွဲကျန်နေပုံရသဖြင့်၊ သူ၏ သံသယများ ပိုမို ကြီးထွားလာခဲ့ရသည်။
သေချာစွာ စုံစမ်းစစ်ဆေးပြီးနောက်၊ သူတို့နှစ်ဦးသည် မကြာသေးမီက တာဝန်တစ်ခု အတူတူ ထမ်းဆောင်ခဲ့ကြပြီး၊ ခရီးစဉ်အတွင်း ခိုင်မာသော သံယောဇဉ်တစ်ခု ဖြစ်ပေါ်လာခဲ့ကြောင်း သူ သိရှိလိုက်ရသည်။
ရှန်ဇီလျန်သည် အလွန်အမင်း စိတ်တို ဒေါသထွက်သွားသဖြင့်၊ ရွှီဇီချင်နှင့် ဝေးဝေးနေရန် ချူလျန်ထံ သွားရောက်သတိပေးဖို့ စဉ်းစားနေခြင်း ဖြစ်သည်။
"အစ်ကိုကြီး..." နောက်လိုက်(က)က အကြံပြုလိုက်သည်။ "အစ်ကိုကြီး သိထားတာက ချူလျန်ရဲ့ အဆင့်က ဝိညာဉ်အသိအမြင်အဆင့် ဆိုတဲ့ အချက်တစ်ခုတည်းလေ... ဒါပေမဲ့ သူ့ဆရာသခင်က တိနွီဖုန့်ဆိုတာကိုလည်း အစ်ကိုကြီး သိထားသင့်တယ်..."
နောက်လိုက်(ခ)မှာမူ အဆီများသော အမဲသား အများအပြားကို ခပ်ယူရင်း၊ နှမ်းဆီဆော့စ်ထဲသို့ ကျွမ်းကျင်စွာ နှစ်ကာ အရသာခံ စားသောက်နေလေသည်။
ရှန်ဇီလျန်က ပြန်လည် ချေပလိုက်သည်။
"သူ့ဆရာသခင်က တိနွီဖုန့်ဖြစ်တော့ ဘာဖြစ်လဲ... ငါ့အဖေကလည်း တောင်ထွတ်သခင်တစ်ပါးပဲ... ငါ့အဖေက သူမကို ကြောက်မယ်လို့ မင်း ထင်နေလား..."
နောက်လိုက်(က) ခေတ္တမျှ တိတ်ဆိတ်သွားသည်။ သို့သော် သူ၏ မျက်လုံးများထဲရှိ အကြည့်က သံသယ ဖြစ်စရာ မလိုအောင် ဖော်ပြနေသည်။
ရှန်ဇီလျန်၏ ဖခင်သည် တိနွီဖုန့်ကို အမှန်တကယ်ပင် ကြောက်ရွံ့ကောင်း ကြောက်ရွံ့ပေလိမ့်မည်။
တောင်ထွတ်သခင် အသီးသီးအနက်၊ ရှန်ဇီလျန်၏ ဖခင်ဖြစ်သူ ရှန်ရှုးဝမ်သည် သူ၏ ကျင့်ကြံခြင်း စွမ်းရည်ကြောင့် ထင်ရှားသူ မဟုတ်ပေ။ သူသည် စာပေသမားဆန်ပြီး နူးညံ့သိမ်မွေ့သူ တစ်ဦးအဖြစ် လူသိများကာ၊ သူ့နှင့် လုံးဝ ဆန့်ကျင်ဘက်နီးပါး ဖြစ်သော တိနွီဖုန့်နှင့် ကွာခြားလှပေသည်။
"တကယ်လို့ တခြား တောင်ထွတ်သခင် တစ်ယောက်ယောက် ဆိုရင်တော့… အစ်ကိုကြီးရဲ့ အဖေကို မျက်နှာထောက်ပြီး အစ်ကိုကြီးကို ပြဿနာ မရှာဘဲ နေကောင်း နေလိမ့်မယ်... ဒါပေမဲ့ တိနွီဖုန့်ကတော့... ဘယ်သူ့ကိုမှ မျက်နှာသာပေးလေ့ မရှိဘူး... တကယ်လို့ အစ်ကိုကြီး သူမကို သွားပြီး ရန်စမိရင်.. ဘာတွေ ဖြစ်လာမလဲ ဘယ်သူမှ မပြောနိုင်ဘူး..."
နောက်လိုက်(က)က စစ်မှန်သော စိုးရိမ်စိတ်ဖြင့် အကြံပြုလိုက်သည်။
နောက်လိုက်(ခ)မှာမူ ပဲပြားနှင့် ငါးပုဏ္ဏား အသားတုံးအချို့ကို ခပ်ယူနေလေသည်။
"ဒါဆို ငါတို့ ဘာလုပ်သင့်တယ်လို့ မင်း အကြံပေးချင်တာလဲ..." ရှန်ဇီလျန် မေးလိုက်သည်။
"အစ်ကိုကြီး... သူ့ဆရာသခင်ကို ကြောက်တာ တစ်ခုတည်းကြောင့် ကျွန်တော်တို့ ထိပ်တိုက်ရင်ဆိုင်ဖို့ ရှောင်ရှားနေတာ မဟုတ်ဘူး... တကယ်လို့ အစ်ကိုကြီးက ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ သူ့ဆီသွား… ဂျူနီယာညီမလေး ဇီချင်နဲ့ ဝေးဝေးနေဖို့ အမိန့်ပေး…
ပြီးတော့ အခြေအနေတွေ တင်းမာလာပြီး ထိုးကြနှက်ကြတွေ ဖြစ်လာရင်... ဘယ်လိုပဲ ကြည့်ကြည့်.. ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေက တရားမျှတမှု ရှိမှာ မဟုတ်ဘူး..." နောက်လိုက်(က)က တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာရင်း ပြောလိုက်သည်။
ထို့နောက် သူ အကြံပြုလိုက်သည်။ "ကျွန်တော့် အမြင်အရတော့... ဒီကိစ္စကို သိုသိုသိပ်သိပ် ကိုင်တွယ်တာ ပိုစိတ်ချရပါတယ်..."
နောက်လိုက်(ခ)သည် အိုးထဲမှ ဟင်းရွက်အကြီးကြီး တစ်ခုကို ခပ်ယူလိုက်ပြန်သည်။
"သိုသိုသိပ်သိပ် လုပ်ရမယ် ဟုတ်လား... ဒါပေမဲ့ ငါ သူ့ကို သတိပေးချင်သေးတယ်... ငါတို့ ဘယ်လိုလုပ်ပြီး သိုသိုသိပ်သိပ် လုပ်နိုင်မှာလဲ..." ရှန်ဇီလျန် စဉ်းစားရင်း မျက်မှောင်ကြုတ်လိုက်သည်။
နောက်လိုက်(က)က အကြံပြုလိုက်သည်။
"လှည့်ကွက်လေး နည်းနည်း သုံးပြီး… သူ့ကို ဒုက္ခရောက်အောင် လုပ်လို့ ရပါတယ်... ပြီးမှ ကျွန်တော်တို့ သူ့ဆီ သတိပေးစာ ပို့လိုက်မယ်...
တကယ်လို့ ဂျူနီယာညီမလေး ဇီချင် အနားကို နောက်တစ်ခါ ထပ်ကပ်ရင်… ဒီထက် ပိုပြီး ဒုက္ခရောက်မယ်လို့ပေါ့...
ဒီနည်းနဲ့ ဆိုရင် ကျွန်တော်တို့ ဘယ်သူ ဆိုတာ ဖုံးကွယ်ထားနိုင်လိမ့်မယ်... သူ့ဆရာသခင်က သူ့ဘက်ကနေ ကာကွယ်ပေးချင်ရင်တောင်… ကျွန်တော်တို့ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး... ဘယ်လို သဘောရလဲ..."
နောက်လိုက်(ခ)သည် ထိုင်ရာမှ ထလိုက်ပြီး၊ အိုးအောက်ခြေတွင် ကျန်ရှိနေသော အသားများကို ခပ်ယူလိုက်သည်။
ရှန်ဇီလျန် တဟဲဟဲ ရယ်မောလိုက်ပြီး မေးလိုက်သည်။
"အလုပ်ဖြစ်မယ့်ပုံပဲ... သူ့ကို ဒုက္ခရောက်အောင် ဘယ်လိုလုပ်ဖို့ မင်း အကြံပြုချင်လဲ..."
နောက်လိုက်(က) ပြုံးလိုက်ပြီး ပြန်ဖြေလေသည်။
"ဒီကိစ္စကို ကျွန်တော် စဉ်းစားပြီးသားပါ အစ်ကိုကြီး... ပိုင်ဇယ်ကို မှတ်မိလား..."
နောက်လိုက်(က)၏ မျက်နှာပေါ်ရှိ ကောက်ကျစ်သော အမူအရာကို မြင်လိုက်ရသောအခါ၊ ရှန်ဇီလျန် ခေတ္တမျှ ကြောင်သွားသည်။ ထို့နောက် သဘောပေါက်သော အပြုံးတစ်ခု သူ၏ မျက်နှာပေါ်တွင် ပေါ်လာပြီး ချီးကျူးလိုက်သည်။
"မင်းက တော်တော် ဉာဏ်ကောင်းတာပဲ..."
စကားအနည်းငယ် အပြန်အလှန် ပြောဆိုပြီးနောက်၊ သူတို့နှစ်ဦး အစီအစဉ် ရေးဆွဲလိုက်ကြသည်။
ရှန်ဇီလျန်၏ စိတ်အခြေအနေ တိုးတက်လာပြီး၊ သူ၏ စားချင်သောက်ချင်စိတ် ပြန်လည် ရောက်ရှိလာသည်။ သူ အစားအသောက်အချို့ ခပ်ယူရန် တူကို လှမ်းလိုက်သည်။
သို့သော် အံ့သြစရာ ကောင်းလောက်အောင်ပင်၊ အိုးမှာ ဗလာ ဖြစ်နေချေပြီ။
"ဟမ်... အစားအသောက်တွေ ဘယ်ရောက်သွားတာလဲ..." သူ မေးလိုက်သည်။
"ဟုတ်သား… အစားအသောက်တွေ ဘယ်ရောက်သွားတာလဲ..." နောက်လိုက်(က)လည်း သတိမထားမိလိုက်ပေ။
"ကျွန်တော်လည်း မသိဘူး..."
နောက်လိုက်(ခ)က ဇဝေဇဝါ ဖြစ်နေပုံဖြင့် ခေါင်းခါလိုက်ပြီး မှတ်ချက်ချလိုက်သည်။
"ကျွန်တော်တို့ မစားခင်ကတည်းက အစားအသောက်တွေ ပျောက်သွားသလိုပဲ..."
...
ချူလျန် သူ၏ သစ်သားအိမ်လေးသို့ ပြန်ရောက်လာပြီး တရားမှတ်ကာ စွမ်းအင်လှည့်ပတ်ခြင်းကို အချိန်အတန်ကြာ ပြုလုပ်လိုက်သည်။
ခေါင်းကြီးကြီးအရုပ်ကို ပိုင်ဆိုင်ထားသော်လည်း၊ အားလပ်ချိန်ရတိုင်း သူ၏ ကျင့်ကြံခြင်းကို ဇွဲမလျှော့ဘဲ ဆက်လက် လုပ်ဆောင်နေသည်။
အမှန်စင်စစ်အားဖြင့်၊ စစ်မှန်ပြီး ဝီရိယရှိသော ကျင့်ကြံခြင်းသည် အလွန် အရေးကြီးပေသည်။
လေးနာရီခန့် ကြာပြီးနောက်၊ စာအသစ်များ ရှိမရှိ စစ်ဆေးရန် ဝိညာဉ်ချုပ်သူ တံဆိပ်ပြားကို သူ ထုတ်ယူလိုက်သည်။
'မိစ္ဆာ' ဟု ခေါ်သောပုဂ္ဂိုလ် တိတ်ဆိတ်နေသည့် အခါ၊ ရှုထောင့်ကြား ဝိညာဉ်ဘုံသည်လည်း အလွန်အမင်း တိတ်ဆိတ်သွားပုံ ရသည်။
ဤသည်မှာ ကျိုးကြောင်းဆီလျော်မှု ရှိပေသည်။ ရက်စက်ယုတ်မာသော မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများသည် ပုံမှန်အားဖြင့် အရိပ်ထဲတွင် လှုပ်ရှားကြပြီး သေရေးရှင်ရေး ကိစ္စများကိုသာ အာရုံစိုက်လေ့ ရှိကြသည်။ သူတို့တွင် အပန်းဖြေရန် သို့မဟုတ် ပေါ့ပေါ့ပါးပါး ပြောဆိုဆက်ဆံရန် အချိန်များစွာ ရှိလိမ့်မည် မဟုတ်ပေ။
ထို့နောက် ချူလျန်သည် အပြင်ဘက်ရှိ ကျောက်စားပွဲပေါ်တွင် စာတစ်စောင် ရှိနေသည်ကို သတိပြုမိလိုက်သည်။ သူ ကျင့်ကြံနေစဉ်အတွင်း လာရောက် ပို့ဆောင်ထားခြင်း ဖြစ်ပုံရသည်။
သူ စာကို လှမ်းယူလိုက်သည်။ ဖွင့်ကြည့်လိုက်သောအခါ၊ စာလုံးသေးသေးလေးများဖြင့် ရေးသားထားသော စာကြောင်းနှစ်ကြောင်းကိုသာ တွေ့လိုက်ရသည်။
စီနီယာအစ်ကိုချူ... ကျွန်မ ရှင်ကို ရတနာစေတီတောင်ထွတ်မှာ စောင့်နေမယ်...။
ရွှီဇီချင်
"ဟမ်..."ဤစာကို မြင်လိုက်ရသောအခါ ချူလျန် ရှုပ်ထွေးသွားရသည်။
'ရွှီဇီချင် ဒီစာကို ရေးလိုက်တာလား...' သူ တွေးတောလိုက်သည်။
'တကယ်လို့ ဂျူနီယာညီမလေးရွှီက ဒီစာကို တကယ် ရေးလိုက်တာ ဆိုရင်တော့...'
ချူလျန် စဉ်းစားလိုက်ပြီး ဆက်လက် တွေးလိုက်သည်။
‘လက်ရေးက တော်တော် ဆိုးတာပဲ...'