← Chapters

လေပေါ်ပျံနေသော လူငယ်နှင့် ခေါက်ဆွဲစုပ်နေသော မိန်းမပျို

Vol. 4 Ch. 35

လေပေါ်ပျံနေသော လူငယ်နှင့် ခေါက်ဆွဲစုပ်နေသော မိန်းမပျို

Vol. 4 Ch. 35

ပွက်… ပွက်…။

ကြေးအိုးငယ်လေးထဲတွင် ဆီနီများ ပွက်ပွက်ဆူကာ တရှဲရှဲမြည်နေပြီး ဂူတစ်ခုလုံးတွင် ဆွဲဆောင်မှုရှိသော မွှေးပျံ့သည့် ရနံ့များဖြင့် ပြည့်နှက်နေလေသည်။

ထိုနေရာတွင် မိန်းမပျိုတစ်ဦး ရှိနေ၏။

သူမသည် ဆံနွယ်ရှည်များကို လျော့တိလျော့ရဲ စည်းနှောင်ထားပြီး အိုးဘေးတွင် ထိုင်ကာ ပန်းကန်လုံးအကြီးကြီးဖြင့် ခေါက်ဆွဲများကို အားရပါးရ စုပ်ယူစားသောက်နေသည်။

သူမ ခေါက်ဆွဲတစ်လုပ်ကို စုပ်ယူလိုက်ချိန်တွင် ငွေရောင်လျှပ်စီးတန်းတစ်ခု ဂူအတွင်းသို့ ဝင်ရောက်လာသဖြင့် သူမ အံ့အားသင့်စွာ မော့ကြည့်လိုက်မိသည်။

အံ့ဩမှင်သက်သွားရ၏။

ဤသည်မှာ ချူလျန် ဝင်ရောက်လာချိန်တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းပင် ဖြစ်ချေသည်။

ရေတံခွန်နောက်ဘက်တွင် ကွယ်ဝှက်တည်ရှိနေသော ထိုဂူသည် သိပ်မကျယ်ဝန်းသော်လည်း အံ့ဩဖွယ်ကောင်းလောက်အောင် ခြောက်သွေ့နေပေသည်။ ဂူနံရံများကို အလင်းထုတ်လွှတ်သော ကျောက်စိမ်းတုံးများဖြင့် တန်ဆာဆင်ထားပြီး လေဝင်လေထွက်ပေါက်များစွာ ရှိနေသောကြောင့် ဂူအတွင်း၌ လင်းလက်ကာ လေကောင်းလေသန့် ရရှိနေသည်။

ဂူအတွင်း၌ ခမ်းနားသော ပရိဘောဂများ မရှိဘဲ ကြေးအိုးတစ်လုံးနှင့် ဝိုင်ခွက်ငယ်လေးများ တင်ထားသည့် စားပွဲတစ်လုံးသာ ရှိသဖြင့် သက်သောင့်သက်သာရှိသော လေထုကို ဖန်တီးပေးထားသည်။ စားပွဲဘေးတွင်မူ နူးညံ့သော ကူရှင်များပါသည့် ကျောက်ဖြူကုတင်တစ်လုံး ရှိနေ၏။

ထိုလှပသော မိန်းမပျိုသည် ခြေထောက်တစ်ဖက်ကို ကြမ်းပြင်ပေါ်ချကာ အခြားတစ်ဖက်ကို ကုတင်ပေါ်တင်၍ ဒူးထောင်ထားသည်။

သူမသည် ဘယ်လက်မောင်းဖြင့် ဒူးကိုပိုက်ကာ ရင်ဘတ်နှင့် ကပ်ထားလေသည်။ ထို့အပြင် ညာလက်ဖြင့် တူကိုကိုင်ထားကာ ခေါက်ဆွဲတစ်လုပ်ကို စုပ်ယူရန် ပြင်လိုက်ဆဲပင်။

ချူလျန် ဂူထဲသို့ ဝင်ရောက်လာသောအခါ သူမမှာ အံ့ဩလွန်းသဖြင့် ရပ်တန့်သွားပြီး ခေါက်ဆွဲမျှင်များသည် လေထဲတွင် တန်းလန်းကျန်ရစ်နေ၏။

ထိုခေါက်ဆွဲမျှင်များသည် အပြင်ဘက်မှ စီးကျနေသော ရေတံခွန်နှင့်ပင် တူနေလေသည်။

သူမ၏ ဆံနွယ်များကို သေသပ်စွာ စည်းနှောင်ထားပြီး ဆံစအချို့မှာ နားရွက်နားတွင် ဝဲကျနေသည်။ သူမ၏ ဘေးတိုက်မျက်နှာထားမှာ ကြည်လင်ပြတ်သားပြီး နူးညံ့သိမ်မွေ့သော အသွင်အပြင်များဖြင့် မင်ခြစ်ပန်းချီကားတစ်ချပ်သဖွယ် ဖြစ်နေကာ အသားအရေမှာ နူးညံ့ပြီး အလင်းရောင်တောက်ပနေသယောင် ရှိသည်။

အစားအစာ၏ အစပ်အရသာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို သူမ၏ ပါးပြင်များမှာ ပန်းရောင်သန်းနေ၏။

ကျော့ရှင်းသော လှုပ်ရှားမှုတိုင်း၌ သူမ၏ သွယ်လျသော ခြေတံရှည်များက အရပ်အမောင်း မြင့်မားကြောင်း ဖော်ပြနေပြီး ခန္ဓာကိုယ်အချိုးအစားမှာ ပြောစရာမလိုအောင် ပြည့်စုံလှပနေသည်။ သူမသည် ပေါ့ပါးသော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ပိုလျှံနေသော အဆီပိုဟူ၍ စိုးစဉ်းမျှ မရှိချေ။

သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်အချိုးအစား ကောက်ကြောင်းများမှာ တောင်တန်းနှင့် မြစ်ချောင်းများ၏ ကွေ့ကောက်သော အလှတရားများကဲ့သို့ ညင်သာစွာ လှုပ်ခတ်နေသည်။

သူမသည် ထူးကဲသော အလှတရားကို ပိုင်ဆိုင်ထားသည့် မိန်းမပျိုတစ်ဦး ဖြစ်ပေသည်။ သူမသည် ပါးစပ်ထဲတွင် ခေါက်ဆွဲများဖြင့် ပေါ့ပေါ့ပါးပါး ထိုင်နေပြီး ငေးငိုင်နေသည့်တိုင် သူမ၏ ရင်သပ်ရှုမောဖွယ် အလှတရားမှာ လျော့ပါးသွားခြင်း အလျဉ်းမရှိပေ။

အရာအားလုံးကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ မိမိသည် ပိုင်ဇယ်အကောင်ပေါက်လေး၏ ကျောပေါ်တွင် ပါလာပြီး လေထဲတွင် ရောက်ရှိနေဆဲဖြစ်ကြောင်း ချူလျန် သတိပြုမိလိုက်သည်။

လေပေါ်တွင် ပျံဝဲနေသော လူငယ်နှင့် ခေါက်ဆွဲစုပ်နေသော မိန်းမပျိုတို့သည် ပထမဆုံးအကြိမ်အဖြစ် အကြည့်ချင်း ဆုံစည်းမိသွားကြလေသည်။

ထို့နောက်...

ဝုန်း…။

ပိုင်ဇယ်လေးသည် စိတ်လှုပ်ရှားနေပုံရပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ ချူလျန်ကို ၎င်း၏ကျောပေါ်တွင် တင်ထားလျက်ပင် မိန်းကလေးထံသို့ လျှောက်သွားကာ သူမ၏ဘေးတွင် ပျော်ရွှင်စွာ ခုန်ပေါက်နေလေတော့သည်။

ထိုအခါမှ မိန်းမပျိုသည် အသိဝင်လာပြီး ပါးစပ်ထဲရှိနေသော ခေါက်ဆွဲများကို အလျင်အမြန် စုပ်ယူစားသောက်လိုက်သည်။

ရှလွတ်…

ခေါက်ဆွဲများကို မျိုချပြီးနောက် သူမသည် လှည့်မကြည့်မီ ပါးစပ်ကို သုတ်လိုက်၏။

ထိုအချိန်အတွင်း ချူလျန်သည် ပိုင်ဇယ်လေး၏ လည်ပင်းကို ပုတ်ကာ ရပ်တန့်ရန် အချက်ပြလိုက်သည်။ ထို့နောက် သူသည် မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်သည်။

သူတို့နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်မိကြပြီး အနည်းငယ် အနေရခက်သွားကြသည်။

သို့သော် လူမှုရေးကျင့်ဝတ် နားမလည်သော ပိုင်ဇယ်လေးကမူ သူတို့ဘေးတွင် ပျော်ရွှင်စွာ ဆက်လက် လှည့်ပတ်နေလေသည်။

"တောင်းပန်ပါတယ်..." ချူလျန်က စကားစလိုက်သည်။ "ပိုင်ဇယ်လေးက ရုတ်တရက် ကျွန်တော့်ကို ကျောပေါ်တင်ပြီး ခေါ်လာခဲ့လို့ပါ... ဘာလို့ ဒီအခန်းထဲ ခေါ်လာလဲတော့ မသိဘူး… ဂိုဏ်းတူအစ်မကို အနှောင့်အယှက် ပေးမိသလို ဖြစ်သွားရင် တောင်းပန်ပါတယ်..."

မည်သည့် မိန်းမပျိုကမျှ မိမိ အားရပါးရ ခေါက်ဆွဲစုပ်နေသည့်အချိန်ကို သူများအား ပေးမမြင်လိုကြသဖြင့် ထိုမိန်းကလေး စိတ်အနှောင့်အယှက် ဖြစ်သွားမည်မှာ အသေအချာပင်။

"ရပါတယ်..." မိန်းကလေးမှာလည်း ရုတ်တရက် အံ့အားသင့်နေဆဲ ဖြစ်သည်။ ချူလျန်၏ ယဉ်ကျေးသော အပြုအမူကို မြင်သောအခါ သူမကလည်း ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။

သို့သော် ပိုင်ဇယ်လေးဘက်သို့ လှည့်ကြည့်လိုက်သောအခါ သူမ၏ မျက်နှာတွင် ရှက်ရွံ့ခြင်းနှင့် စိတ်တိုခြင်းတို့ ရောပြွမ်းနေသည်ကို တွေ့လိုက်ရသည်။

မျက်စောင်းထိုးခံလိုက်ရသဖြင့် ပျော်ရွှင်စွာ ခုန်ပေါက်နေသော ပိုင်ဇယ်လေးမှာ ရုတ်တရက် ငြိမ်ကျသွားသည်။ ၎င်း၏ မျက်နှာထားမှာ တောင့်တင်းသွားပြီး ဘာအမှားလုပ်မိလဲဟု စဉ်းစားနေသကဲ့သို့ ဘေးဘီဝဲယာကို ကြည့်လိုက်၏။

ချူလျန်သည် ထိုမိန်းကလေးကို စိုက်ကြည့်ရင်း ရုတ်တရက် မေးလိုက်သည်။ "ဂိုဏ်းတူအစ်မ... အစ်မက ကျန်း..."

ရှုတောင်တစ်ခွင်လုံးတွင် ရင်သပ်ရှုမောဖွယ် အလှတရားဟု ဆိုလိုက်သည်နှင့် ပထမဆုံး ပြေးမြင်မိမည့် နာမည်မှာ ကျော်ကြားလှသော နတ်သမီးကျန်း သို့မဟုတ် ကျန်းယွဲ့ပိုင် ပင် ဖြစ်သည်။

ချူလျန်သည် ယခင်က ကောင်းကင်တက်လှမ်းတောင်ထွတ်တွင် ကျန်းယွဲ့ပိုင်ကို အဝေးမှ လှမ်းမြင်ဖူးခဲ့ရာ ယခု သူ၏ရှေ့မှောက်ရှိ မိန်းကလေးမှာ သူမနှင့် အံ့ဩစရာကောင်းလောက်အောင် တူညီနေပေသည်။

သို့သော် သူမြင်ဖူးခဲ့သော ကျန်းယွဲ့ပိုင်မှာ အေးစက်တည်ငြိမ်ပြီး နတ်ဘုရားမတစ်ပါးကဲ့သို့ အရှိန်အဝါရှိကာ ယခု ပေါ့ပေါ့ပါးပါး ခေါက်ဆွဲစုပ်နေသော မိန်းကလေးနှင့် လွန်စွာ ကွာခြားနေသည်။

နောက်ထပ် အနည်းငယ် ကြည့်ပြီးမှသာ သူ ပြန်အမှတ်ရသွားသည်။

"မဟုတ်ဘူး…" မိန်းကလေးက မျက်ခုံးပင့်ကာ ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် ငြင်းလိုက်သည်။

ချူလျန် မျက်တောင်ခတ်လိုက်မိသည်။

'ငါ နာမည်တောင် မပြောရသေးပါလား...'

...

"ဒီလို မဖြစ်သင့်ပါဘူးကွာ…"

"ဘာလို့လဲ…"

"စဉ်းစားလို့ကို မရတော့ဘူး…"

ရှန်ဇီလျန်နှင့် သူ၏နောက်လိုက်များသည် ချုံပုတ်များကြားတွင် စုဝေးနေကြပြီး သုံးဦးစလုံး ဝေခွဲမရ ဖြစ်နေကြသည်။

ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ထိုနေ့က ပိုင်ဇယ်လေး၏ လက်ချက်ဖြင့် ခံစားခဲ့ရသော ပြင်းထန်သည့် နှိပ်စက်မှုများမှာ သူတို့၏ မှတ်ဉာဏ်ထဲတွင် ကွက်ကွက်ကွင်းကွင်း စွဲထင်ကျန်ရစ်နေဆဲ ဖြစ်သည်။

ထိုစဉ်က သူတို့သည် ရတနာစေတီတောင်ထွတ်ပေါ်သို့ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးချိန်တွင် ဘေးဘက်မှ ငွေရောင်လျှပ်စီးတန်းတစ်ခု ပြေးဝင်လာပြီး သူတို့အား တိုက်လှဲကာ မရပ်မနား နင်းချေခဲ့ခြင်း ဖြစ်သည်။

သုံးဦးစလုံး မြေပြင်ပေါ်တွင် ဖင်ဘူးတောင်းထောင် အသနားခံသည်အထိ ဆက်လက် နင်းချေနေခဲ့ပြီးမှ၊ ၎င်း၏ ဦးချိုဖြင့် ကော်ကာ လေပေါ်သို့ ပစ်တင်လိုက်ပြီး ရတနာစေတီတောင်ထွတ် အပြင်ဘက်သို့ လွှင့်ပစ်လိုက်ခြင်း ဖြစ်သည်။

သို့သော် သူတို့တွင် ငြီးတွားစရာ မရှိပေ။

မည်သို့ပင်ဆိုစေကာမူ၊ ၎င်းသည် ရှုတောင်၏ ဒဏ္ဍာရီလာ ဂိုဏ်းစောင့်နတ်သားရဲဖြစ်ပြီး ရှုတောင်စောင့် နတ်ဘုရား၏ မျိုးဆက်သွေး ဖြစ်ပေသည်။ ၎င်းသည် ကြီးပြင်းလာပါက ရှုတောင်ဂိုဏ်း၏ အစောင့်အရှောက် ဖြစ်လာမည့် ကံပါလာသူ ဖြစ်သည်။

'ငါတို့ကို ရိုက်နှက်တာက ကိစ္စမရှိဘူး...'

'ဒါပေမဲ့... ငါတို့ကိုပဲ ရွေးပြီး ကွက်ရိုက်နှက်တာကတော့ လွန်လွန်းတယ်…'

'ငါတို့က ချူလျန်ကို ဒီရောက်အောင် ခေါ်လာပေးဖို့ အများကြီး ကြိုးစားခဲ့ရတာ... အခုကျတော့... မင်းက ဘာမှလည်း သုံးမရတော့ပါလား…'

'မင်းက ဟိုတုန်းက စိတ်ကြီးဝင်နေတဲ့ ဂိုဏ်းစောင့်နတ်သားရဲ ဟုတ်မှ ဟုတ်ပါလေစ…'

ပိုင်ဇယ်လေးက ချူလျန်ထံသို့ ခုန်အုပ်သွားသည်ကို မြင်လိုက်ရသောအခါ သူတို့၏ စိတ်လှုပ်ရှားမှုများ မြင့်တက်လာခဲ့သည်။ သို့သော် ဆက်ဖြစ်လာသည့် အရာများကတော့ လုံးဝ ထင်မှတ်မထားသော အရာများပင် ဖြစ်ချေသည်။

ပိုင်ဇယ်လေးသည် ချူလျန်ကို ပွတ်သီးပွတ်သပ်လုပ်ကာ လျှာဖြင့် လျက်နေသည်ကို သူတို့ အံ့အားသင့်စွာ ကြည့်နေမိကြသည်။ ချူလျန်ကို လျက်လိုက်သည့် အကြိမ်တိုင်းတွင် ရှန်ဇီလျန်မှာ ပိုင်ဇယ်လေးက သူ့မျက်နှာကို ထပ်မံ နင်းချေနေသကဲ့သို့ ခံစားလိုက်ရသည်။

ထို့အပြင် ထိုအရာဖြင့် မရပ်တန့်သွားပေ...။

ပိုင်ဇယ်လေးသည် ချူလျန်အား သူ့ကျောပေါ်သို့ လိုလိုလားလား တက်စီးခွင့်ပင် ပြုလိုက်လေသည်။

ဒါက ဂိုဏ်းစောင့် နတ်သားရဲလေ…။

ဂိုဏ်းစောင့် နတ်သားရဲတစ်ကောင်က တစ်စုံတစ်ယောက်ကို ပေးစီးသည်ဆိုခြင်းမှာ သာမန် စီးတော်ယာဉ်များနှင့် လုံးဝ ကွာခြားပေသည်။ ကျယ်ကျယ်ပြန့်ပြန့် ပြောရလျှင် ရှုတောင်ဂိုဏ်း၏ ကံတရားကို သယ်ဆောင်ခြင်းဟုပင် ဆိုနိုင်ပေသည်။

ပိုင်ဇယ်အကောင်ပေါက်လေးမို့ ဤမျှအထိ ကောက်ချက်ချရန် ခက်ခဲကောင်း ခက်ခဲနိုင်သော်လည်း...။

မည်သို့ပင်ဆိုစေ ဤအဖြစ်အပျက်ကို လက်ခံနိုင်ရန် ခဲယဉ်းနေဆဲပင်။

"ဟူး..." ရှန်ဇီလျန် သက်ပြင်းချလိုက်ပြီး မေးလိုက်သည်။ "ဘာအကြောင်းရင်းများ ရှိမလဲကွာ…"

နောက်လိုက်(က)သည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "ဆရာသမား... သူ့ရုပ်က ချောနေလို့များလား…"

သေချာ စဉ်းစားကြည့်ပြီးနောက် ဤအချက်ကသာ ဖြစ်နိုင်ချေရှိသော တစ်ခုတည်းသော အကြောင်းပြချက်ဟု သူ တွေးမိလိုက်သည်။

ဖြန်း…။

ရှန်ဇီလျန်သည် ချက်ချင်းပင် လက်မြှောက်လိုက်ပြီး ပါးရိုက်လိုက်လေသည်။ "မင်းက သူ ငါ့ထက် ပိုချောတယ်လို့ ပြောချင်တာလား…"

"မဟုတ်ရပါဘူးဗျာ… ဒီတိုင်း..." နောက်လိုက်(က)သည် ပါးကို အုပ်ကိုင်ရင်း ရှင်းပြလိုက်သည်။ "ဆရာသမားက ပိုင်ဇယ် ကြိုက်တဲ့ပုံစံ မဟုတ်လို့ နေမှာပါ…"

ရှန်ဇီလျန်မှာ သိသိသာသာ စိတ်ဆိုးဒေါသထွက်သွားပြီး နောက်လိုက်(ခ)ဘက်သို့ လှည့်ကာ မေးလိုက်သည်။ "ဒီကိစ္စကို မင်း ဘယ်လိုမြင်လဲ…"

နောက်လိုက်(ခ)က ခေါင်းကုတ်ရင်း ပြန်ဖြေလိုက်သည်။ "ကျွန်တော် ဗိုက်ဆာတယ်ဗျာ…"

"လဒ..." ရှန်ဇီလျန် ခြေထောက်မြှောက်ကာ နောက်လိုက်(ခ)ကို ဘေးသို့ ကန်ထုတ်လိုက်လေသည်။

သူတို့သုံးဦး ထိုရှုပ်ထွေးသော အခြေအနေကို ရင်ဆိုင်နေရစဉ် သူတို့အပေါ်တွင် အရိပ်မည်းကြီးတစ်ခု ကျရောက်လာသည်ကို သတိထားမိလိုက်ကြပြီး၊ ကောင်းကင်မှ ကြီးမားသော တိမ်မည်းကြီးတစ်ခု နိမ့်ဆင်းလာလေသည်။

"‌ဟမ်..." ရှန်ဇီလျန် မော့ကြည့်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အကြေးခွံများပါသည့် တိမ်မည်းကြီး ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။

ဧရာမ မိစ္ဆာသားရဲကြီးတစ်ကောင် မြေပြင်ပေါ်သို့ ဆင်းသက်တော့မည့်အလား ထင်မှတ်ရပေသည်။

"ရတနာစေတီတောင်ထွတ်မှာ မိစ္ဆာနှိမ်စေတီရဲ့ လက်ကျန်အရှိန်အဝါတွေ ရှိနေသေးတာ... ဘယ် မိစ္ဆာသားရဲမှ ဒီနေရာကို မလာရဲကြဘူးလေ... ဘာဖြစ်တာလဲ…" ရှန်ဇီလျန် ရေရွတ်လိုက်သည်။

"ဆရာသမား... ကျွန်တော်တို့ အခု ဒါကို တွေးနေရမယ့်အချိန် မဟုတ်ဘူး ထင်တယ်" နောက်လိုက်(က)က ချဉ်းကပ်လာသော တိမ်မည်းကြီးကို စိုက်ကြည့်ရင်း အကြံပြုလိုက်သည်။

"ဒါဆို ဘာလုပ်ကြမလဲ…" ရှန်ဇီလျန် မေးလိုက်သည်။

"ပုန်းကြမယ်လေ… ကျွန်တော်တို့အပေါ် ပိကျလာရင် ဘယ်လိုလုပ်မလဲ…" နောက်လိုက်(က) ပြောလိုက်သည်။

"ဟမ့်… သူ့ကို မေးကြည့်လိုက်လေ... သူလုပ်ရဲလို့လားလို့…" ရှန်ဇီလျန်က နှာခေါင်းရှုံ့လိုက်ပြီး ထပ်ပြောလိုက်သည်။ "ရှုတောင်တစ်ခွင်လုံးမှာ ဘယ်သူ့စီးတော်ယာဉ်ကများ ငါ့ခေါင်းပေါ် ဆင်းရဲမှာလဲ..."

ဝုန်း...။

သစ်ပင်များ လဲပြိုကျသွားပြီး မြေကြီးများ တုန်ခါသွားလေသည်။

၎င်းသည် အလျား ၇ဇန်၊ ၈ဇန်ခန့်နှင့် အမြင့် ၂ဇန်ကျော်ရှိသော ကြီးမားသည့် ပုတ်သင်သဏ္ဌာန် သတ္တဝါကြီး ဖြစ်ပုံရသည်။ ၎င်း၏ နဖူးပေါ်တွင် ထင်ရှားသော ချိုများ၊ ကျောပေါ်တွင် အတောင်ပံရှည်များနှင့် မည်းနက်သော အရောင်ရှိသည့် ထူထဲသော အကြေးခွံများ ပါရှိလေသည်။

၎င်းသည် မြေပြင်ပေါ်သို့ ဝုန်းခနဲ ကျရောက်လာပြီးနောက်၊ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်နှင့် မလိုက်ဖက်စွာပင် ထူးခြားသော လျင်မြန်မှုဖြင့် ရှေ့သို့ ဆက်သွားလိုက်သည်။ မြေပြင်အထက်တွင် လျှောတိုက်သွားသကဲ့သို့ ဖြစ်နေပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေတော့သည်။

ကျန်ရစ်ခဲ့သည်မှာ၊ ၎င်းဆင်းသက်ခဲ့သော နေရာမှ ပြားကပ်သွားသော အရာများနှင့် မြေကြီးထဲသို့ ရိုက်သွင်းခံထားရသကဲ့သို့ ဖြစ်နေသော လူပုံစံ မြေချိုင့်ခွက်များသာ ဖြစ်ချေသည်။

တစ်၊ နှစ်၊ သုံး...။

လူပုံစံ မြေချိုင့်ခွက် သုံးခုတိတိပင် ဖြစ်ပေတော့သည်။

(စကားချပ် - ၁ဇန်သည် ၃.၃၃မီတာ သို့မဟုတ် ၁၀ပေခန့်နှင့် ညီမျှပါသည်)

All Chapters