← Chapters

ထူးကဲဝိညာဉ်

Vol. 4 Ch. 37

ထူးကဲဝိညာဉ်

Vol. 4 Ch. 37

ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ ဂူအတွင်းရှိ သွေးညှီနံ့နှင့် မီးတောက်များမှာ တဖြည်းဖြည်း ကွယ်ပျောက်သွားလေသည်။

ပိုင်ဇယ်လေးသည် သက်ဝင်လှုပ်ရှားစွာ ခုန်ပေါက်လျက် ချူလျန်အနားသို့ ရောက်ရှိလာပြီး၊ သူ၏ ဘေးပတ်လည်တွင် ပတ်ပြေးနေပြန်သည်။ ၎င်းသည် အလွန်တရာ စိတ်လှုပ်ရှားနေပုံရပြီး ယခင်က ခံခဲ့ရသော ရိုက်နှက်မှုဒဏ်ကိုပင် မေ့လျော့နေသည့်အလား ရှိ၏။

ကျန်းရှောင်ပိုင်သည်လည်း ချူလျန်၏ ဘေးသို့ လေပေါ်မှ ဆင်းသက်လာကာ ညင်သာစွာ မေးမြန်းလိုက်သည်။

"နင် ဒဏ်ရာရသွားသေးလား..."

"ကျွန်တော် ဘာမှမဖြစ်ပါဘူး..." ချူလျန် ခေါင်းခါလျက် ပြန်ဖြေလိုက်သည်။

"စီနီယာအစ်မ ကျန်းရော..."

"ငါလည်း ဘာမှမဖြစ်ဘူး..."

ကျန်းရှောင်ပိုင်၏ မျက်နှာထားသည် ယခင်ကဲ့သို့ပင် တည်ငြိမ်နေဆဲ ဖြစ်သည်။ သူမသည် သေရေးရှင်ရေး အကျပ်အတည်းတစ်ခုကို ယခုလေးတင် ကြုံတွေ့ခဲ့ရသည်နှင့်ပင် မတူပေ။

ထိုအခြေအနေကို မြင်လိုက်ရသောအခါ ဧရာမပုတ်သင်ကြီးသည် သူမကို သတ်ဖြတ်နိုင်လောက်အောင် စွမ်းအားမကြီးမားခဲ့ကြောင်း ချူလျန် ယုံကြည်သွားလေသည်။

သာမန်အားဖြင့်ဆိုလျှင် ပဉ္စမအဆင့်ထိပ်ဆုံးရောက်နေသော မိစ္ဆာသားရဲတစ်ကောင်သည် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ရန် အခက်အခဲ ရှိမည်မဟုတ်ပေ။

သို့သော် ဤမိန်းကလေးမှာကား ကျန်း... အဲလေ... သူမ၏ နာမည်ရင်းကို ထုတ်မပြောလိုသော စီနီယာအစ်မ ကျန်းယွဲ့ပိုင် ဖြစ်နေပေသည်။

သူမသည် ရှုတောင်ဂိုဏ်း၏ လက်ရှိမျိုးဆက် တပည့်များကြားတွင် ပြိုင်ဘက်ကင်း ထွန်းတောက်သည့် ပါရမီရှင်တစ်ဦး ဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိချေ။ သူမသည် စစ်မှန်သော ပါရမီရှင်တစ်ဦး ဖြစ်ပေရာ ပါရမီရှင်တို့၏ သဘောသဘာဝကို သာမန်အသိဉာဏ်ဖြင့် တွေးခေါ်၍ မရနိုင်ပေ။

အင်မော်တယ်သိုင်းပညာရပ် အသီးသီးကို ကျွမ်းကျင်ပိုင်နိုင်မှု၊ ထူးကဲသော နတ်ဘုရားသိုင်းကွက်များ၊ ဓားပျံနှင့် မှော်ဝင်ပစ္စည်းများကို အသုံးပြုရာတွင် ကျွမ်းကျင်မှုတို့ဖြင့် သူမသည် ကျင့်ကြံခြင်းအဆင့် ကွာခြားချက်ကို ထိရောက်စွာ ဖာထေးနိုင်စွမ်း ရှိသူဖြစ်သည်။

စောစောက တိုက်ပွဲတွင် ချူလျန် ဝင်ရောက်မတိုက်ခိုက်မီကပင် ကျန်းရှောင်ပိုင်သည် ကောင်းကင်ဓားတံဆိပ်ကို အသုံးပြု၍ ပုတ်သင်ကြီးအား ပြင်းထန်သော ဒဏ်ရာများ ရရှိစေခဲ့ပြီး ဖြစ်သည်။ အကယ်၍သာ အချိန်အနည်းငယ် ဆွဲထားလိုက်လျှင် ပုတ်သင်ကြီးသည် ဒဏ်ရာများဖြင့် သေဆုံးသွားလိမ့်မည်ဟု သူ ယုံကြည်သည်။

ပုတ်သင်ကြီး၏ နောက်ဆုံးထွက်သက် မတိုင်ခင် အသည်းအသန် တိုက်ခိုက်မှုသည်လည်း အရာထင်မည် မဟုတ်ပေ။ ထိုခဏတာ တိုက်ပွဲအတွင်း ကျန်းရှောင်ပိုင်သည် မည်သည့် မှော်ဝင်ပစ္စည်းကိုမျှ ထုတ်မသုံးခဲ့ရသေးချေ။

ရှုတောင်ဂိုဏ်း၏ အထူးချွန်ဆုံး ပါရမီရှင် တပည့်တစ်ဦးတွင် အသက်ကယ်နိုင်သော ရတနာ တစ်ခု၊ နှစ်ခုလောက် မရှိဘူးဆိုလျှင် မည်သူကမျှ ယုံကြမည် မဟုတ်ပေ။ ထို့ကြောင့် သူမအနေဖြင့် ထိုပစ္စည်းများကို ထုတ်သုံးရန် လိုအပ်သည်ဟု မခံစားမိခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်၏။

နောက်ဆုံးတွင်တော့ လူတိုင်းသည် တန်ဖိုးကြီးမားလှသော အသက်ကယ်ရတနာများကို တန်ဖိုးမရှိသကဲ့သို့ ပေါပေါပဲပဲ ထုတ်သုံးတတ်သည့် ချူလျန်နှင့် တူမည်မဟုတ်ပေ။

ကျန်းရှောင်ပိုင်သည် ပုတ်သင်ကြီး၏ အလောင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချူလျန်ကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ သူမသည် ချူလျန်၏ မမျှော်လင့်ထားသော တိုက်ခိုက်မှုကြောင့် အနည်းငယ် အံ့အားသင့်နေပုံရသည်။

"နင် ဘယ်လို မှော်ဝင်ပစ္စည်းကို သုံးလိုက်တာလဲ... တော်တော်လေး အစွမ်းထက်တာပဲ... ပြီးတော့... အလွန် အေးစက်ပြီး ရက်စက်တဲ့ အရှိန်အဝါမျိုး ထွက်နေတယ်..." သူမ မေးလိုက်သည်။

"အဲဒါ အရိပ်ကွဲမိုးကြိုးဗုံးတွေပါ... အမှောင်ဘုရင်ဂိုဏ်းက ဝိညာဉ်ထိန်းချုပ်သူတစ်ယောက်ဆီကနေ ရထားတာပါ..." ချူလျန်က ရိုးသားစွာ ဖြေလိုက်သည်။

"ဪ... အရိပ်ကွဲမိုးကြိုးဗုံးတွေက ပြုလုပ်ရခက်ခဲပြီး တော်တော် တန်ဖိုးကြီးတယ်လို့ ကြားဖူးတယ်... အဲဒါတွေကို လက်နက်ခန်းမမှာ သွားပြရင် ဓားဒင်္ဂါး အများကြီးနဲ့ လဲလှယ်လို့ရနိုင်တယ်..." ကျန်းရှောင်ပိုင်က ပြောလိုက်သည်။

'သောက်ကျိုးနည်း…တန်ဖိုးမရှိဘူးလို့ ပြောခဲ့တဲ့သူက ဘယ်သူတုန်း...'

ချူလျန် နောင်တရစိတ်ဖြင့် ထွန့်ထွန့်လူးသွားရသည်။

သူ တိနွီဖုန့်ကို မေးမြန်းခဲ့စဉ်က သူမသည် အထင်သေးသော လေသံဖြင့် ပြောဆိုခဲ့ပြီး ထိုဗုံးများကို "ကစားစရာလေးတွေ" ဟု သုံးနှုန်းခဲ့သည်။ ထို့ကြောင့် ထိုအရာများကို သာမန် အသုံးအဆောင် ပစ္စည်းများဟုသာ ချူလျန် ထင်မှတ်ခဲ့မိခြင်း ဖြစ်သည်။

'အခု ပြန်စဉ်းစားကြည့်မှ... ဆရာ့အတွက် 'သေးငယ်တယ်' လို့ သတ်မှတ်တဲ့ အရာတွေက ငါ့အတွက်တော့ အကြီးကြီးတွေပဲ ဖြစ်ရမယ်...'

ထိုကစားစရာ သေးသေးလေး (၃)ခုသည် ပဉ္စမအဆင့် ထိပ်ဆုံးရောက်နေသော မိစ္ဆာသားရဲတစ်ကောင်ကို ပေါက်ကွဲမှုဖြင့် သတ်ဖြတ်နိုင်ခဲ့သည်။

ချူလျန် ဗုံးမပစ်ခင်ကတည်းက မိစ္ဆာသားရဲသည် ဒဏ်ရာအပြင်းအထန် ရရှိနေပြီးဖြစ်သော်လည်း၊ ချက်ချင်း သေဆုံးသွားခြင်းက ထိုဗုံးများ၏ ကြောက်မက်ဖွယ် စွမ်းပကားကို ပြသနေပေသည်။

ပုတ်သင်ကြီး၏ ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်၊ ခွန်အားနှင့် အမြန်နှုန်းတို့တွင် အားနည်းချက် မရှိကြောင်း ချူလျန် မသိခဲ့ပေ။ ထို့ကြောင့် ၎င်း၏ တစ်ခုတည်းသော အားနည်းချက်မှာ စိတ်စွမ်းအားပိုင်းဆိုင်ရာ ဖြစ်ကြောင်း သူ မသိခဲ့ခြင်းမှာ အဆန်းမဟုတ်။

သို့သော် တိုက်တိုက်ဆိုင်ဆိုင်ပင် အရိပ်ကွဲ မိုးကြိုးဗုံးများသည် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို အထူးပြုလုပ်ဆောင်နိုင်စွမ်း ရှိသည်။ ဤသည်မှာ ချူလျန်အနေဖြင့် ပုတ်သင်ကြီးကို တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့ရသည့် အဓိက အကြောင်းရင်းပင် ဖြစ်၏။

ချူလျန်၏ နောင်တရနေမှုကို ကျန်းရှောင်ပိုင် ရိပ်မိသွားပုံရသည်။ သူမသည် အနည်းငယ် ပြုံးလိုက်ပြီး ကမ်းလှမ်းလိုက်သည်။

"ငါ နင့်ကို ဓားဒင်္ဂါးတချို့ ပြန်ပေးပြီး လျော်ကြေးပေးပါရစေ... နင် ငါ့ကို အများကြီး ကူညီခဲ့တာလေ... နင့်ကို ဘာမှပြန်မရဘဲ ဆုံးရှုံးသွားအောင် ငါ ဒီအတိုင်း ကြည့်မနေနိုင်ပါဘူး..."

"ရပါတယ်..." ချူလျန် ခေါင်းခါလျက် ပြန်ဖြေလိုက်သည်။

"ကျွန်တော်တို့က ရှုတောင်ဂိုဏ်းက ဂိုဏ်းတူတွေပဲလေ... ဒါကြောင့် မလိုပါဘူး..."

ကျန်းရှောင်ပိုင်သည် သူ၏ အားနည်းသော ဟန်ဆောင်မှုကို မြင်သာထင်သာ ရှိနေသဖြင့် တဲ့တိုးပင် ပြောလိုက်သည်။

"ဒါပေမဲ့ ငါ နင့်ကို ကျေးဇူးတင်ကြောင်း ပြသရမယ်လေ..."

"ဒါဆိုရင် ဒီလိုလုပ်ရင်ရော..." ချူလျန် ရုတ်တရက် စကားလမ်းကြောင်း လွှဲလိုက်သည်။

"ကျွန်တော့်ကို ဓားဒင်္ဂါးတွေနဲ့ လျော်ကြေးပေးမယ့်အစား... စီနီယာအစ်မ ကျွန်တော့်ကို နတ်ဘုရားသိုင်းပညာရပ် နည်းနည်းလောက် သင်ပေးလို့ရမလား..."

"အမ်..." ကျန်းရှောင်ပိုင် ကြောင်အသွားသည်။

"နင်က မြေချုံ့သိုင်းတို့ ကောင်းကင်ဓားတံဆိပ်တို့လို ပညာရပ်မျိုးကို ပြောတာလား... အဲဒါတွေက နင့်အတွက် နည်းနည်း မြင့်လွန်းနေမယ် ထင်တယ်..."

ချူလျန်အနေဖြင့် ထိုပညာရပ်များကို သင်ယူနိုင်မည် မဟုတ်ကြောင်း သူမက သွယ်ဝိုက် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"မဟုတ်ပါဘူး... သာမန် ပညာရပ်တချို့ဆိုရင် ရပါပြီ..."

ချူလျန် ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။

"ကျွန်တော့်ဆရာက... ခန္ဓာကိုယ်ကျင့်ကြံသူ ဖြစ်နေလို့ပါ..."

"နင့်ဆရာက တောင်ထွတ်သခင် တိနွီဖုန့်လား... သူမရဲ့ တင့်တယ်လှပတဲ့ အမူအရာကို ငါ လေးစားပါတယ်..." ငွေဓားတောင်ထွတ်၏ သခင်ကို ပြန်လည်အမှတ်ရသွားပြီး ကျန်းရှောင်ပိုင်၏ မျက်နှာပေါ်တွင် စာနာသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

ရှုတောင်ဂိုဏ်းတွင် ချူလျန် မည်သူဆိုသည်အား သိသူ အနည်းငယ်သာ ရှိကောင်းရှိနိုင်သည်။ သို့သော် ဂိုဏ်းသား အများစုသည် တိနွီဖုန့်၌ ကံဆိုးရှာသော တပည့်တစ်ယောက် ရှိကြောင်းကိုတော့ သိထားကြသည်။

"ဟီးဟီး..." ချူလျန်သည် အလိုက်သင့် ဟန်လုပ်ရယ်မောလျက် တုံ့ပြန်လိုက်သည်။

"မနက်ဖြန် နေ့လယ်လောက် ဒီကို လာခဲ့လိုက်... ငါ ဒီမှာ စောင့်နေမယ်... အဲဒီကျရင် နည်းစနစ်တချို့ သင်ပေးမယ်..." ကျန်းရှောင်ပိုင်က ပြန်ပြောလိုက်သည်။

ချူလျန်တစ်ယောက် အတိုင်းထက်အလွန် ပျော်ရွှင်သွားသည်။

သူ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် စီနီယာအစ်မကျန်း... ဒါပေမဲ့ ဒီနေရာက..."

ချူလျန်သည် သူတို့ပတ်ဝန်းကျင်ရှိ ရှုပ်ပွနေသော အခြေအနေကို ကြည့်လိုက်ပြီး အတော်လေး မျက်လုံးပြူးသွားသည်။

'ဒီမှာ ဆက်နေလို့တောင် ရနိုင်ဦးမှာလား...'

"ကိစ္စမရှိပါဘူး..." ကျန်းရှောင်ပိုင်က ပြောလိုက်သည်။

"နင် ပြန်သွားတဲ့အခါ ဒီမှာဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူ့ကိုမှ မပြောဘဲ နေပေးလို့ရမလား..."

"ဒါပေမဲ့ မိစ္ဆာသားရဲ တိုက်ခိုက်မှုက ဂိုဏ်းထဲမှာ ဖြစ်တာလေ... အစီရင်ခံစာ တင်စရာ မလိုဘူးလား..." ချူလျန် နားမလည်နိုင်စွာ မေးလိုက်သည်။

"ငါ့ဘာသာ ဖြေရှင်းလိုက်ပါ့မယ်..." ကျန်းရှောင်ပိုင်က ဖြေသည်။

"ဒီနေ့ကိစ္စက နည်းနည်း ထူးဆန်းနေလို့ပါ..."

"ဟမ်..."

ချူလျန်သည် ကျန်းရှောင်ပိုင်၏ ဆိုလိုရင်းကို နားမလည်သော်လည်း ခေါင်းညိတ်လိုက်သည်။

သူ၏ နားမလည်သော မျက်နှာထားကို မြင်သောအခါ ကျန်းရှောင်ပိုင် တုံ့ဆိုင်းသွားပြီးမှ ရှင်းပြလိုက်သည်။

"နင်က ဒီနေ့ ငါ့ကြောင့် မမျှော်လင့်ဘဲ ကံဆိုးမိုးမှောင်ကျခဲ့ရတာဆိုတော့... ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းကို ငါ ပြောပြသင့်တယ်... ပိုင်ဇယ်က နင့်အနားမှာ ကပ်နေမှတော့ နင်က လူကောင်းတစ်ယောက် ဖြစ်ရမယ်... ဒါဆိုရင် နင့်ကို ပြောပြလိုက်တာက ဘာမှ အန္တရာယ်မရှိနိုင်ပါဘူး..."

"ငါက မွေးရာပါ အထူးခန္ဓာဖွဲ့စည်းပုံ ပါလာခဲ့တယ်... ဒဏ္ဍာရီလာ 'ထူးကဲဝိညာဉ်' လေ... ငါ့ရဲ့ ကျင့်ကြံခြင်း တိုးတက်မှုနှုန်းက ငယ်ငယ်ကတည်းက ထူးခြားကောင်းမွန်ခဲ့တယ်... ဒါပေမဲ့ ပြဿနာတစ်ခု ရှိတယ်..."

"မိစ္ဆာသတ္တဝါတွေက ငါ့ရဲ့ သွေးကို သဘာဝအလျောက် အရမ်း မက်မောကြတယ်... သူတို့ ငါ့ကို စားသုံးလိုက်ရင် စွမ်းအားတွေ အဆမတန် တိုးတက်လာနိုင်တယ်လို့ ထင်ရတာပဲ..."

"နေ့တိုင်းလိုလို ဂိုဏ်းထဲက ဝိညာဉ်သားရဲတွေ၊ စီးတော်ယာဉ် သတ္တဝါတွေနဲ့ အကွာအဝေးတစ်ခုမှာ နေဖို့ ငါ အမြဲ သတိထားရတယ်... ပြီးတော့ မတော်တဆ ထိခိုက်ပြီး သွေးထွက်တာမျိုး မဖြစ်အောင် အချိန်တိုင်း သတိထားနေရတယ်... သွေးနံ့ရရင် မိစ္ဆာသတ္တဝါတွေကို ဆွဲဆောင်မိမှာ စိုးလို့လေ..."

ထိုအကြောင်းကို ကြားသောအခါ ချူလျန် အနည်းငယ် စိတ်ဝင်စားသွားသည်။

'မိစ္ဆာသတ္တဝါတွေကို ဆွဲဆောင်နိုင်တဲ့ ခန္ဓာဖွဲ့စည်းပုံတဲ့လား...'

'မိစ္ဆာတွေက စွမ်းအားရဖို့ ထန်ဘုန်းကြီးရဲ့ အသားကို စားချင်ကြတဲ့ ပုံစံမျိုးနဲ့တောင် ဆင်တူနေသလိုပဲ... ဒါဆိုရင် သူမရဲ့ ခန္ဓာဖွဲ့စည်းပုံက တကယ်ကို အန္တရာယ်များတာပဲ...'

'ဒါပေမဲ့ ငါ့မှာသာ အဲဒီလို ခန္ဓာမျိုး ရှိရင်... ငါ့ခန္ဓာကိုယ်ကို သုံးပြီး မိစ္ဆာတွေကို မျှားခေါ်မယ်... ပြီးရင် သတ်... ပြီးရင် စေတီတော်ဖြူဆီကနေ ဆုလာဘ်တွေ ယူ... ရလာတဲ့ ဆုလာဘ်တွေကို သုံးပြီး ပိုသန်မာအောင် လုပ်... ပြီးရင် ပိုစွမ်းအားကြီးတဲ့ မိစ္ဆာတွေကို ထပ်ပြီး မျှားခေါ်... အဟေးဟေး…'

'တကယ့်ကို ကောင်းမွန်တဲ့ စီးပွားရေး ကွင်းဆက်တစ်ခု ဖြစ်လာမှာပဲ...'

ချူလျန် အတွေးနယ်ချဲ့နေစဉ်တွင် ကျန်းရှောင်ပိုင်က ဆက်ပြောလိုက်သည်။

"ဒါပေမဲ့... ငါက မိန်းကလေးတစ်ယောက် ဖြစ်နေတော့... သွေးထွက်တာကို ရှောင်လွှဲလို့မရတဲ့ အချိန်တွေ ရှိတယ်လေ..."

ထိုသို့ ပြောလိုက်စဉ် သူမ၏ ပါးပြင်များ ရဲတက်လာသည်။

ချူလျန်မှာမူ မတုန်မလှုပ်ပင် ရှိနေသည်။ ဤခေါင်းစဉ်သည် သူ့ကို နေရထိုင်ရခက်အောင် မလုပ်နိုင်ချေ။ ထိုကိစ္စကို တားမြစ်ထားသည့် အကြောင်းအရာတစ်ခုအဖြစ် သတ်မှတ်ရန် မလိုအပ်ဟု သူ ယူဆသည်။

ရှုတောင်ပေါ်တွင် နေထိုင်ရင်း မိစ္ဆာသတ္တဝါများကို ရှောင်ရှားရန်မှာ တကယ်ပင် ခက်ခဲလှသည်။ ရှုတောင်ဂိုဏ်းသည် ဝိညာဉ်သားရဲများနှင့် စီးတော်ယာဉ် သတ္တဝါ အများအပြားကို မွေးမြူထားသည်။ ကျန်းရှောင်ပိုင် တစ်ယောက်တည်းကြောင့် ထိုသတ္တဝါ အားလုံးကို မောင်းထုတ်ပစ်ရန်မှာ မဖြစ်နိုင်ပေ။

သို့သော် ပုံမှန်အားဖြင့် ယဉ်ပါးသော အိမ်မွေးမိစ္ဆာသားရဲများသည် သူမ၏ သွေးနံ့ကို ရလိုက်သည်နှင့် ရူးသွပ်သွားတတ်ကြသည်။ ဤသည်က သူမအတွက် အခြေအနေကို အလွန် ခက်ခဲစေသည်။

သူ ဂရုမစိုက်သော ပုံစံဖြင့် ရှိနေသည်ကို မြင်မှ ကျန်းရှောင်ပိုင် စကားဆက်လိုက်သည်။

"နောက်ဆုံးတော့ လစဉ်လတိုင်း ငါ ရတနာစေတီတောင်ထွတ်ကို လာပြီး ရက်အနည်းငယ်လောက် ပုန်းအောင်းနေဖို့ ဖြစ်လာတာပဲ... မိစ္ဆာနှိမ်စေတီက ဒီနေရာမှာ ရှိခဲ့ဖူးတာလေ... နှစ်ငါးရာ ကြာတာတောင်မှ ကျန်ရစ်ခဲ့တဲ့ အရှိန်အဝါက မိစ္ဆာသားရဲတွေကို ဒီမြေပေါ် ခြေမချရဲအောင် တားဆီးပေးထားနိုင်တုန်းပဲ... ဒီနေရာရဲ့ မြေက သန့်စင်တယ်..."

"ပြီးတော့ ကျူးကျော်လာတဲ့သူတွေကို ငါ့အချစ်ဆုံး ပိုင်ဇယ်လေးက မောင်းထုတ်ပေးတဲ့အတွက် အကြိမ်တိုင်း ငါ ဒီမှာ ခဏတာ အေးအေးဆေးဆေး နေနိုင်ခဲ့တယ်..."

"ဒီနေ့ သူ နင့်ကို ရုတ်တရက် ခေါ်လာတဲ့ အချိန်အထိပေါ့..."

ချူလျန်သည် သူတို့ပတ်လည်တွင် မနားတမ်း ပတ်ပြေးနေသော ပိုင်ဇယ်လေးကို တစ်ချက်ကြည့်လိုက်ပြီး ဤနတ်သားရဲသည် ဉာဏ်သိပ်ကောင်းပုံမရဟု တွေးလိုက်မိသည်။ ထို့ကြောင့် ၎င်းအနေဖြင့် ထူးဆန်းသော အရာများကို လုပ်ဆောင်ခြင်းမှာ သိပ်တော့ မဆန်းကြယ်လှပေ။

"ပြီးတော့ ဒီပုတ်သင်ကြီး ဒီနေရာမှာ ပေါ်လာတာကလည်း တကယ် ထူးဆန်းတယ်... ဘယ်မိစ္ဆာသတ္တဝါမှ ခြေမချရဲတဲ့ ရတနာစေတီတောင်ထွတ်ပေါ်မှာ ဘာလို့ ရုတ်တရက် ပေါ်လာရတာလဲ... ဒါ့အပြင် ဒီဂူကို ဘယ်လိုလုပ် ဒီလောက်အတိအကျ ရှာတွေ့နိုင်ရတာလဲ..." ကျန်းရှောင်ပိုင်သည် မျက်မှောင်အနည်းငယ် ကြုတ်လျက် ပြောလိုက်သည်။

မျက်မှောင်ကြုတ်ထားသော အလှပဂေး၏ မျက်နှာသည် ရေကန်ဖြူကို လွှမ်းခြုံထားသည့် မြူနှင်းတစ်ခုနှင့် တူနေသည်။

ကျန်းရှောင်ပိုင် တွေးနေသည့် ထင်ကြေးကို ချူလျန် ချက်ချင်း သဘောပေါက်လိုက်သည်။

ကျန်းရှောင်ပိုင်တွင် ဒဏ္ဍာရီလာ 'ထူးကဲဝိညာဉ်' ခန္ဓာဖွဲ့စည်းပုံ ရှိသည်ဆိုသော အချက်မှာ လျှို့ဝှက်ချက် ဖြစ်သင့်သော်လည်း သူမသည် ချူလျန်ကို လွယ်ကူစွာပင် ပြောပြခဲ့သည်။

၎င်းကို ကြည့်ခြင်းအားဖြင့် ဤအရာသည် သိပ်ပြီး လုံခြုံသော လျှို့ဝှက်ချက်တစ်ခု မဟုတ်ကြောင်းနှင့် ဂိုဏ်းတွင်း အသိုင်းအဝိုင်းရှိ လူအများအပြား သိရှိထားကြပုံရကြောင်း ညွှန်ပြနေသည်။

မိစ္ဆာသားရဲတစ်ကောင် ရုတ်တရက် ဘွားခနဲ ပေါ်လာပြီး သူမ၏ နေရာကို တိတိကျကျ ရှာဖွေတွေ့ရှိသွားခြင်းမှာ ထူးဆန်းလွန်းလှသည်။ ဂိုဏ်းထဲမှ တစ်စုံတစ်ယောက်၏ လက်ချက် ဖြစ်နိုင်ပုံရသည်။

‘မဟုတ်မှလွဲရော... သူမနဲ့ ရင်းနှီးတဲ့ တစ်စုံတစ်ယောက်ကများ...'

ထိုအရာကို တွေးမိရုံဖြင့် ချူလျန်၏ စိတ်နှလုံး လေးလံသွားရသည်။

ကျန်းရှောင်ပိုင် ခေတ္တရပ်တန့်သွားပြီးနောက် ပြောလိုက်သည်။

"အဲဒါ ငါ့ရဲ့ အခြေအနေပဲ... ဒါကြောင့် ဒီသတင်းအချက်အလက်ကို ဘယ်သူ့ကိုမှ ထုတ်မပြောဖို့ ငါ မေတ္တာရပ်ခံပါရစေ... နောက်ဆက်တွဲ ဘာလုပ်ရမလဲဆိုတာ အသေးစိတ် မစဉ်းစားခင် ဒီကိစ္စကို ငါ့ဆရာဆီ အရင်ဆုံး သတင်းပို့ရဦးမယ်..."

"ကျွန်တော် နားလည်ပါတယ်..." ချူလျန် ခေါင်းညိတ်လျက် ပြန်ဖြေလိုက်သည်။

ထိုခေါင်းစဉ် ဆွေးနွေးပြီးသွားသောအခါ ကျန်းရှောင်ပိုင်က မေးလိုက်သည်။

"ငါ့ကို မေးချင်တာ တခြား ရှိသေးလား..."

"ကျွန်တော် မေးချင်တာက..."

ချူလျန် ရေရွတ်လိုက်ပြီး ခဏတာ စဉ်းစားလိုက်သည်။

ထို့နောက် သူ မော့ကြည့်ပြီး မေးလိုက်သည်။

"ကြယ်ခုနစ်စင်းသတင်းစာမှာ ဖော်ပြထားသလို… စီနီယာအစ်မနဲ့ ကောင်းကင်ဘုရင်ဂိုဏ်းက ဖုန့်ချောင်ယန်တို့ကြားမှာ တစ်ခုခု ရှိနေတယ်ဆို... အဲဒါ အမှန်ပဲလား..."

(စကားချပ် - ယခင် အမှောင်အုပ်စိုးသူဂိုဏ်း ကို အမှောင်ဘုရင်ဂိုဏ်း၊ ဝိညာဉ်ချုပ်သူ ကို ဝိညာဉ်ထိန်းချုပ်သူ လို့ ပြောင်းလဲသုံးပါမယ်။)

All Chapters