← Chapters

ကြက်သွေးရောင်ကွပ်မျက်သူ

Vol. 4 Ch. 38

ကြက်သွေးရောင်ကွပ်မျက်သူ

Vol. 4 Ch. 38

"အလိမ်အညာတွေ..."

"ဒီဇာတ်လမ်းတွေက လုပ်ကြံဖန်တီးထားတာ သက်သက်ပဲ...”

ကျန်းရှောင်ပိုင် မျက်မှောင်ကြုတ်လိုက်၏။

သူမ၏ ပုံမှန် နူးညံ့နေကျ မျက်ဝန်းအစုံတွင် စိတ်အနှောင့်အယှက်ဖြစ်ရိပ်များ ယှက်သန်းနေသည်။ ဧရာမပုတ်သင်ကြီး၏ ရုတ်တရက် တိုက်ခိုက်မှုကို ခံခဲ့ရစဉ်ကပင် သူမ ဤမျှ ဒေါသထွက်ခဲ့ပုံ မရပေ။

"ကောင်းကင်မဏ္ဍိုင်မျှော်စင်က တပည့်တွေက ငါ့နားမှာ ကော်နဲ့ကပ်ထားသလို တွယ်ကပ်နေကြတာ... သူတို့က ရှုတောင်ဂိုဏ်းထဲ လာဘ်ထိုးဝင်လာပြီး ဓားလဲလှယ်ရေးခန်းမထဲမှာ သူလျှိုတွေ ထားကြတယ်... ငါ့ရဲ့ တာဝန်ခရီးစဉ်တွေကို စုံစမ်းပြီး နောက်ယောင်ခံလိုက်ကြတာ... ပြီးတော့ ငါ့အကြောင်း သတင်းအမှားတွေ လျှောက်ရေးကြတော့တာပဲ..."

"အဲဒီတုန်းက ငါ ကျန်းနန်မှာ တာဝန်ထမ်းဆောင်နေတာ... 'ကြည်နူးလရိပ်' စားသောက်ဆိုင်က နာမည်ကြီးတော့ သွားစားကြည့်သင့်တယ်လို့ တွေးမိတယ်လေ... ဒါပေမဲ့ လမ်းမှာ ဖုန့်ချောင်ယန်နဲ့ ပက်ပင်းတိုးမိပါလေရော... ဆိုင်တစ်ဆိုင်လုံးကို ငါ ငှားထားပေမယ့် သူက အတင်းလိုက်ဝင်လာတယ်... ဂိုဏ်းရဲ့ သိက္ခာကို ငဲ့ပြီး ငါ သူ့ကို မောင်းမထုတ်ရက်ခဲ့ဘူး... အဲဒါနဲ့ ဆိုင်ရှင်ကို သူ့အတွက် သီးသန့်စားပွဲ စီစဉ်ခိုင်းလိုက်ပြီး ပိုက်ဆံရှင်းပေးလိုက်ရတယ်..."

"ငါ အစာစားနေတုန်း ဘေးကနေ တစ်ယောက်ယောက် လိုက်ကြည့်နေတာလောက် နေရခက်တာ ဘာမှမရှိဘူး... ဟွန့်..."

ကျန်းရှောင်ပိုင်တစ်ယောက် ဒေါသအိုး ပေါက်ကွဲနေလေပြီ။

ချူလျန် ပြုံးလိုက်မိသည်။ သူမ၏ ဒေါသမှာ ကောလာဟလသတင်းများကြောင့် တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ အဓိကအားဖြင့် သူမ၏ အစားအသောက်အရသာ ပျက်စီးသွားရသောကြောင့် ဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။

ချူလျန် စဉ်းစားကြည့်လိုက်သောအခါ သူမ၏စကားကို သဘောတူမိသည်။ နတ်သမီးကျန်းသည် တာဝန်ထမ်းဆောင်နေစဉ် ဒေသတွင်း နာမည်ကျော် စားသောက်ဆိုင်သို့ သွားရောက်ရန် အခွင့်အရေးကို လက်လွတ်မခံခဲ့ခြင်းကို ထောက်ရှုလျှင် သူမသည် အစားအသောက်ခုံမင်သူတစ်ဦး ဖြစ်နိုင်ကြောင်း ညွှန်ပြနေသည်။

သို့သော် သူမ၏ စားသောက်ပုံဟန်ကမူ ကျက်သရေရှိခြင်းနှင့် အလှမ်းဝေးလှသည်။ တစ်စုံတစ်ယောက်က စောင့်ကြည့်နေလျှင် သူမ လိုချင်သလို စားသောက်၍ ရမည်မဟုတ်ပေ။

နားထောင်ပြီးနောက် သူက ဖြည်းညှင်းစွာ မေးလိုက်သည်။ "ဒါပေမဲ့... ဒါက ကျန်းယွဲ့ပိုင်အကြောင်း သတင်းလေ... ခင်ဗျားက ကျန်းရှောင်ပိုင် မဟုတ်ဘူးလား..."

"..." ကျန်းယွဲ့ပိုင် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"နင် ဘာတွေပြောနေလဲ ငါ နားမလည်ဘူး... ကိစ္စမရှိတော့ရင်လည်း ပြန်တော့... ငါ အလုပ်ရှုပ်နေသေးတယ်..."

ချူလျန်သည် သူမထံမှ နတ်ဘုရားစွမ်းရည်များကို သင်ယူရန် လိုအပ်နေသေးသဖြင့် သူမကို ဆက်လက် မစနောက်ရဲတော့ပေ။ သူသည် သူမကို နှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။

သူ ထွက်ခွာလာသောအခါ ပိုင်ဇယ်လေးသည် သူ့ကို မခွဲခွာလိုသည့်ဟန်ဖြင့် ရတနာစေတီတောင်ထွတ် အပြင်ဘက်အထိ လိုက်ပါပို့ဆောင်လေသည်။

ငွေဓားတောင်ထွတ်သို့ ပြန်ရောက်ပြီးနောက် ချူလျန်သည် သစ်သားအိမ်လေးထဲသို့ ဝင်ကာ ယနေ့ မြင်တွေ့ခဲ့ရသော တိုက်ပွဲမြင်ကွင်းကို ပြန်လည်သုံးသပ်လိုက်သည်။

သူ ကြောက်လန့်တုန်လှုပ်မိနေဆဲပင်။

ကျန်းယွဲ့ပိုင်သည် စတုတ္ထအဆင့် ထိပ်ဆုံးသို့ ရောက်ရှိနေပြီး မိစ္ဆာသားရဲက ပဉ္စမအဆင့် ထိပ်ဆုံးတွင် ရှိသည်။ သူတို့နှစ်ဦးသည် အချိန်တိုအတွင်း အပြန်အလှန် တိုက်ခိုက်ခဲ့ကြသော်လည်း မည်သည့်ဘက်က တိုက်ခိုက်မှုမဆို သူ့ကို စက္ကန့်ပိုင်းအတွင်း အဆုံးစီရင်သွားစေနိုင်ပေသည်။

သူ အလွန် အားနည်းနေသေးသည်။

ယနေ့ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကြီးပြီးနောက် ရှုတောင်ပေါ်တွင် နေထိုင်ပြီး အပြင်မထွက်လျှင်ပင် အန္တရာယ်ကင်းမည် မဟုတ်ကြောင်း သူ နားလည်လိုက်သည်။

ရှုတောင်ပေါ်တွင် မိစ္ဆာသားရဲများ၏ တိုက်ခိုက်မှုကို ကြုံတွေ့ရနိုင်ခြေ အလွန်နည်းပါးသော်လည်း လုံးဝမရှိဟု မဆိုနိုင်ပေ။

စစ်မှန်သော လုံခြုံမှုဆိုသည်မှာ စစ်မှန်သော အင်အားကြီးမားသူ ဖြစ်လာမှသာ ရရှိနိုင်မည် ဖြစ်သည်။

သူ၏ ဆရာသခင်သည် ဤယုံကြည်ချက်ကို သက်သေပြနေသူ ဖြစ်သည်။ သူမသည် ရှုတောင်ပေါ်ရှိ မည်သူ့ထက်မဆို ပို၍ ပေါ့ပါးလွတ်လပ်စွာ နေထိုင်သော်လည်း သူမ၏ လုံခြုံရေးအတွက် မည်သည့်အခါမျှ စိတ်ပူစရာ မလိုပေ။

သူမကို မြင်တွေ့ရသူများကသာ စိတ်ပူရမည့်သူများ ဖြစ်ကြသည်။

သို့သော် အင်အားကြီးမားလာခြင်းသည် တစ်ညတည်းနှင့် ဖြစ်မလာနိုင်ပေ။ စေတီတော်ဖြူကို ပိုင်ဆိုင်ထားသဖြင့် သူ ကြိုးစားအားထုတ်ပြီး ဇွဲရှိသရွေ့ သူတစ်ပါးနောက် ကောက်ကောက်ပါအောင် လိုက်နိုင်မည်ဟု ယုံကြည်သည်။

သို့သော်လည်း ကြီးမားသော စိန်ခေါ်မှုကြီးတစ်ခုက လက်တစ်ကမ်းတွင် ရောက်ရှိလာချေပြီ။ ယင်းမှာ မကြာမီ ကျင်းပမည့် ရှုတောင်ထိပ်သီးပြိုင်ပွဲပင် ဖြစ်သည်။

ငွေဓားတောင်ထွတ်တွင် ချူလျန်၌ ဂိုဏ်းတူအစ်ကို၊ အစ်မများ မရှိသဖြင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူများ၏ အင်အားကို သူ ကောင်းစွာ နားမလည်ပေ။

ထိုစဉ်က ဖန်တင်းကို တွေ့သောအခါ ဖန်တင်းသည် အလွန်စွမ်းအားကြီးသည်ဟု သူ ထင်မှတ်ခဲ့သည်။

ဝတ်ရုံနက်ဝတ်နှင့် တွေ့သောအခါ မိမိအင်အား နိမ့်ကျမှုကို ပို၍ ခံစားလိုက်ရသည်။

ယနေ့တွင်မူ ကျန်းယွဲ့ပိုင်ကို မြင်တွေ့လိုက်ရပြန်သည်။

အနာဂတ်တွင် သူ ထိုသို့သောလူမျိုးများနှင့် တုပြိုင်ရမည်လော...။

မဖြစ်သင့်ပေ...။

ရှုတောင်ဂိုဏ်း၏ တပည့်ခေါင်းဆောင် ရာထူးအတွက် အပြင်းထန်ဆုံး ပြိုင်ဘက်များမှာ စိမ်းပြာရေတံခွန်တောင်ထွတ်မှ ကျန်းယွဲ့ပိုင်နှင့် ကျောက်စိမ်းဓားတောင်ထွတ်မှ ရွှီဇီယန်တို့သာ ဖြစ်သင့်သည်။

ကျန်းယွဲ့ပိုင်သည် သိုင်းလောကတွင် ပို၍ လူသိများပြီး ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံရသည်။ သူမသည် ကျင့်ကြံခြင်း ပါရမီရှင်တစ်ဦး ဖြစ်ရုံသာမက အလွန်လှပသဖြင့် ပို၍ အာရုံစိုက်ခံရခြင်း ဖြစ်သည်။

သို့သော် ရှုတောင်ဂိုဏ်းအတွင်းတွင်မူ ဤနှစ်ယောက်သည် အမြဲတမ်း တန်းတူရည်တူ ဖြစ်ခဲ့ကြသည်။ သူတို့၏ အင်အားကွာခြားမှု ရှိလျှင်ပင် ကွာဟချက်က သိပ်ကြီးမားမည် မဟုတ်ပေ။

'ဆရာသခင်ရေ... ဆရာက ကျောက်စိမ်းဓားတောင်ထွတ်နဲ့ ပြဿနာရှိရင် ဆရာ့ဘာသာ သွားရှင်းပါလား... ဘာလို့ ကျွန်တော့်ကို တိုက်ပွဲမြေပြင်ထဲ အတင်းဆွဲထည့်ရတာလဲလို့...'

'ဒီ ကလဲ့စားချေတဲ့ သံသရာက ဘယ်တော့မှ ပြီးဆုံးမှာလဲ...'

...

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ချူလျန် စိတ်ကို ရှင်းလင်းလိုက်သည်။

မည်သို့ပင်ဆိုစေ သူသည် ပျော်ရွှင်မှုကို ပေးစွမ်းနိုင်သော အရာတစ်ခုခုကို လုပ်ဆောင်ရန် လိုအပ်ပေသည်။

ကျန်းယွဲ့ပိုင်လက်ထဲမှ သားကောင်ကို မတော်တဆ လုယူသလိုဖြစ်ပြီး ဧရာမပုတ်သင်ကြီးကို သတ်ဖြတ်နိုင်ခဲ့သဖြင့် ဆုလာဘ်ရယူရန် အခွင့်အရေးတစ်ခု ရရှိခဲ့လေပြီ။

ဆုလာဘ်များ ရယူရသည့် အကြိမ်အရေအတွက် များလာသည်နှင့်အမျှ သူ၏ ပျော်ရွှင်မှုနှင့် ကျေနပ်မှုတို့သည်လည်း တိုးပွားလာခဲ့သည်။

ထို့အပြင်...။

အတိတ်က ဆုလာဘ်ဖွင့်ဖောက်သည့် အတွေ့အကြုံများအရ ရရှိသော ရတနာအမျိုးအစားသည် ရှုံးနိမ့်သွားသော မိစ္ဆာအမျိုးအစားနှင့် ဆက်စပ်နေပြီး ရတနာ၏ တန်ဖိုးသည် မိစ္ဆာ၏ အင်အားနှင့် တိုက်ရိုက်ပတ်သက်နေကြောင်း သူ သိရှိခဲ့ရသည်။

ဆိုလိုသည်မှာ အနိုင်ယူလိုက်သော မိစ္ဆာက ပို၍ စွမ်းအားကြီးလေလေ၊ ရရှိမည့် ရတနာက ပို၍ အစွမ်းထက်လေလေ ဖြစ်သည်။

ဤသည်မှာ ချူလျန်အတွက် ဤမျှအဆင့်မြင့်သော မိစ္ဆာသားရဲတစ်ကောင်ကို ပထမဆုံးအကြိမ် သတ်ဖြတ်ဖူးခြင်း ဖြစ်သည်။

ထို့ကြောင့် သူသည် ဖွင့်ဖောက်ရရှိမည့် ဆုလာဘ်ကို စိတ်အားထက်သန်စွာ မျှော်လင့်နေမိသည်။

ချူလျန်သည် ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်ရင်း ရုတ်တရက် စိုးရိမ်စိတ်အနည်းငယ် ဝင်လာသည်။ နောင်အနာဂတ်တွင် ငွေဓားတောင်ထွတ်၌ ရွှေငါးကြင်းတစ်ကောင်လောက် မွေးထားသင့်သည်ဟု တွေးမိလိုက်သည်။ ဆုလာဘ်မဖွင့်မီ ဆုတောင်းလိုက်ပါက အံ့ဖွယ်အကျိုးသက်ရောက်မှုများ ရှိလာနိုင်သည်။

တရားမှတ်ပြီးနောက် သူသည် စေတီတော်ဖြူထဲသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။

သံတိုင်အကျဉ်းခန်းထဲရှိ ဧရာမပုတ်သင်ကြီး၏ ရွှေရောင်ဝိညာဉ်ပုံရိပ်သည် လေထဲတွင် ဝဲပျံနေပြီး ၎င်း၏ သက်ရှိပုံစံအတိုင်း ကြီးမားခန့်ညားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ချူလျန် အသက်ပြင်းပြင်း ရှူလိုက်ပြီး "သန့်စင်မည်" ခလုတ်ကို နှိပ်လိုက်သည်။

ဝုန်း...

အနီရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။ ဤတစ်ကြိမ်တွင် အနီရောင်အလင်းသည် ပုံမှန်ထက် အနည်းငယ်ပိုကြာပြီး ပျောက်ကွယ်မသွားမီ အသက်ရှူချိန် နှစ်ချက်စာခန့် ကြာမြင့်ခဲ့သည်။

အလင်းရောင် ပြန်လည်ပေါ်လာသောအခါ ၎င်းသည် ချူလျန်၏ ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ချူလျန် လက်လှမ်းလိုက်ပြီး အလင်းတန်းကို ဆုပ်ကိုင်လိုက်သည်။ သူ့လက်ထဲတွင် ရိုးရှင်းသော်လည်း လေးလံသော ဓားရှည်တစ်လက် ပေါ်လာသည်။

ဓားတစ်လက်လား...

ချူလျန် ဝမ်းသာသွားသည်။ ယင်းသည် သူ မျှော်လင့်နေသော အရာပင် ဖြစ်သည်။

ထိုအချိန်တွင် သတင်းစကားတစ်ခု သူ့စိတ်အာရုံထဲ၌ ပေါ်လာသည်။

[ ကြက်သွေးရောင်ကွပ်မျက်သူ - ဤဓားသည် တရားမျှတခြင်း၏ ပြယုဂ်ဖြစ်သည်။ ကြီးမားသော အကုသိုလ်ကျူးလွန်ထားပြီး သွေးညှီနံ့လွှမ်းသော ချီစွမ်းအင်ရှိသည့် ရန်သူနှင့် ရင်ဆိုင်ရသောအခါ ဓား၏စွမ်းအားသည် မြင့်တက်လာမည် ဖြစ်သည်။ သာမန်ရန်သူများနှင့် ရင်ဆိုင်ရပါက သာမန်သံဓားတစ်လက်ကဲ့သို့သာ ရှိနေမည် ဖြစ်သည်။ အကယ်၍ သင့်အခြေအနေ အဆင်မပြေဟု ခံစားရပါက ပစ်မှတ်ကို ပြောင်းလဲကြည့်ပါ။ သင့်ကိုယ်သင် အကောင်းဆုံး အခြေအနေတွင် တွေ့ရှိရပေလိမ့်မည်။ ]

အမ်...

ချူလျန်သည် သူ့လက်ထဲရှိ ရှေးဟောင်းဓားရှည်ကြီးကို ငေးကြည့်ရင်း အတွေးထဲ နစ်မြောသွားသည်။

သူ ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သောအခါ ဓားသွားပေါ်တွင် တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ရသည့်အလား အက်ကွဲရာများနှင့် အစွန်းအထင်းများစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။ ဓားသွားသည် ထက်ရှပုံမရဘဲ ဓားတစ်လက်လုံးကလည်း အလွန်လေးလံနေသည်။

ကြက်သွေးရောင်ကွပ်မျက်သူ...

ဝိညာဉ်ရတနာဓားတစ်လက်ဟု ယူဆရသော်လည်း ၎င်း၏ စွမ်းအားသည် ရက်စက်ကြမ်းကြုတ်သော အမှုများကို ကျူးလွန်ထားပြီး သွေးညှီနံ့ စွဲထင်နေသော ချီစွမ်းအင်ပိုင်ရှင်များနှင့် ရင်ဆိုင်ရမှသာ မြင့်တက်လာမည် ဖြစ်သည်။

ဒီဓားက အပြစ်ကြီးတဲ့ လူဆိုးတွေကို သတ်ဖို့အတွက်ပဲ သီးသန့်သုံးရတာလား...

ချူလျန်သည် သွေးညှီနံ့စွဲထင်နေသော ချီစွမ်းအင်အကြောင်းကို ရေရေရာရာ နားမလည်ပေ။

လောကရှိ သက်ရှိသတ္တဝါတိုင်းတွင် မိစ္ဆာဖြစ်စေ၊ သရဲတစ္ဆေဖြစ်စေ၊ လူသားဖြစ်စေ ချီစွမ်းအင် ရှိကြသည်။ သူတို့၏ နေ့စဉ်ပြုမူလှုပ်ရှားမှုများသည် သူတို့၏ ချီစွမ်းအင်အပေါ် သိသိသာသာ လွှမ်းမိုးမှု ရှိသည်။

လူအစုလိုက်အပြုံလိုက် သတ်ဖြတ်သူများသည် မကြာခဏဆိုသလို နာကြည်းချက်များနှင့် သွေးညှီနံ့လွှမ်းသော ချီစွမ်းအင်များ ဖုံးလွှမ်းနေလေ့ရှိသည်။

သို့သော် လူဆိုးများကို သုတ်သင်ရှင်းလင်းခြင်းသည် နာကြည်းချက်များကို တိုးပွားစေမည် မဟုတ်ပေ။ ထိုသို့ပြုလုပ်ခြင်းက ဖြောင့်မတ်သော ချီစွမ်းအင်ကို စုဆောင်းမိစေသည်။

ရှုပ်ထွေးသည်ဟု ထင်ရသော်လည်း ၎င်းကို ရိုးရှင်းသော မူဝါဒတစ်ခုဖြင့် နားလည်နိုင်သည်။ လူတစ်ယောက်၏ ချီစွမ်းအင်သည် ထိုသူ၏ စိတ်နေသဘောထားကို ထင်ဟပ်စေသည်။

"ချီစွမ်းအင်ဖတ်ခြင်း နည်းစနစ်" ကို တတ်မြောက်ထားသော ကျင့်ကြံသူများအဖို့ လူတစ်ယောက်၏ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း သို့မဟုတ် ဆိုးသွမ်းခြင်းကို သူတို့၏ ချီစွမ်းအင်အပေါ် အခြေခံ၍ ဆုံးဖြတ်ရန်မှာ လွယ်ကူသော အလုပ်တစ်ခု ဖြစ်သည်။

လူအနည်းငယ်ကို သတ်ဖြတ်ရုံမျှဖြင့် ချီစွမ်းအင်တွင် သွေးညှီနံ့ စွဲထင်လာမည် မဟုတ်ပေ။ အပြစ်မဲ့သူများစွာကို သတ်ဖြတ်မှသာ ဖြစ်ပေါ်လာနိုင်သည်။

ထို့ကြောင့် ဓား၏ ပေါက်ကွဲထွက်သော စွမ်းအားကို ထုတ်သုံးနိုင်မည့် အခြေအနေနှင့် ကိုက်ညီရန်မှာ မလွယ်ကူလှပေ။ ချူလျန် ကြုံတွေ့ခဲ့ဖူးသော ရန်သူများထဲတွင် ဝိညာဉ်ထိန်းချုပ်သူ တစ်ယောက်တည်းသာ ဤလိုအပ်ချက်များနှင့် ကိုက်ညီမည့်သူ ဖြစ်နိုင်သည်။

ဆိုလိုသည်မှာ အချိန်အများစုတွင် ဤဓားသည် သာမန်သံဓားတစ်လက်သာ ဖြစ်နေပေမည်။

ချူလျန်သည် သာမန်မျက်နှာထားဖြင့် စေတီတော်ဖြူထဲမှ ထွက်ခွာလာခဲ့သည်။ တရားမျှတခြင်း ဓားသည် သူ့ကို စိတ်လှုပ်ရှားမှု မပေးနိုင်သော်လည်း သူ လုံးဝ စိတ်ပျက်ခြင်း မရှိပေ။

အစက တန်ဖိုးမရှိဟု သူထင်မှတ်ခဲ့သော အဆောင်လက်ဖွဲ့က သူ့အသက်ကို ကယ်တင်ပေးခဲ့ဖူးသဖြင့် ရတနာများ၏ တန်ဖိုးကို မိမိထင်မြင်ချက်ဖြင့် အလျင်စလို အကဲမဖြတ်မိစေရန် သူ ဆုံးဖြတ်ထားပြီး ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ...

သူ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

"ပြတင်းပေါက်ဘောင်က ငါးကန်ထားဖို့ နေရာကောင်းပဲ..."

(စကားချပ် - Koi Fish ဆိုတာ ကံကောင်းစေတဲ့ငါး လို့ ယုံကြည်ကြတဲ့ ငါးပါ။ လက်ရှိ အလှမွေးငါးတွေက ရွှေငါးနဲ့လည်း ကွဲလွဲပါတယ်။ ဖတ်ဖူးမှတ်ဖူးမိသလောက် နဂါးဂိတ်ကိုဖြတ်တဲ့ ရွှေငါးကြင်း ဆိုတာလေး သတိရမိလို့ ရွှေငါးကြင်းလို့ပဲ သုံးလိုက်ပါတယ်။)

All Chapters