သွေးစွန်းနေသော အကယ်ဒမီ ... ။
Vol. 70 Ch. 833
စုရီ၏ မျက်ခုံးအစုံမှာ အနည်းငယ် မြင့်တက်သွားသည်။ တစ်ဆက်တည်းမှာပင် တစ်ဖက်လူ၏ခါးရှိ လိမ္မော်ရောင်ဓားဆွဲသီးကို သတိထားမိကာ ဓားပျံဂိုဏ်းမှဖြစ်ကြောင်း သိရှိလိုက်၏။
ယင်းကြောင့် မျက်မှောင်ကြုတ်မိသည်။ ဤဂိုဏ်းသည် အရိုင်းမြေကိုးပါး၏ မဟာတာအို ဂိုဏ်းကြီးခြောက်ဂိုဏ်းတွင် တစ်ခုအပါအဝင် ဖြစ်၏။
လက်ရှိအချိန်၌ ထိုမဟာဂိုဏ်းကြီး ခြောက်ဂိုဏ်းစလုံးသည် သူ့တပည့်ကြီးပင်းမို၏ လက်အောက်ခံများပေပင်။
လွန်ခဲ့သော နှစ်ပေါင်းငါးရာက ဖြစ်ရပ်များ ပြန်သတိရလာပြီး ဒေါသအရိပ်အယောင်များစွာ တောက်လောင်လာသည်။
ထိုစဉ်က ပင်းမို၏ ဦးဆောင်မှုဖြင့် ဤဓားပျံဂိုဏ်းသည် ကျူးကျော်ဝင်ရောက်ကာ ရတနာများကို လုယက်ခဲ့ကြသည်။
အသက်ပေါင်း ရှစ်ရာကိုးဆယ့်သုံးချောင်း ကြွေးတင်သည်ဟူသော အကြောင်းပြချက်မျိုး လုပ်ကြံပြောဆိုခဲ့ကြ၏။
လမ်းစဉ်ဆယ်ပါး ဓားသုတ္တန်ကိုပင် သူတို့ဂိုဏ်း၏ မြင့်မြတ်သောအမွေကြီးဖြစ်ကာ စုရွှမ်ကြွယ်မှ ခိုးယူထားသည်ဟု ထုတ်ဖော် လမ်လည်ပြောကြားသည်။
ဤဓားပျံဂိုဏ်းသည် တစ်ချိန်က အမည်မရှိသော အဖွဲ့ငယ်လေးမျှသာ ဖြစ်သည်။ ၎င်းကိုတည်ထောင်သူသည် အမည်ခံတပည့် (၃၆)ဦးထဲမှ တစ်ဦးသာ ဖြစ်၏။
စုရွှမ်ကြွယ်၏ အရှိန်အဝါကြောင့်သာ ထိုဂိုဏ်းသည် တဖြည်းဖြည်းမြင့်တက်လာပြီး မဟာဂိုဏ်းကြီး ခြောက်ဂိုဏ်းစာရင်းဝင်လာခြင်း ပေပင်။
“ မင်းဘာလို့ အဲဒီမှာ ရပ်နေတာလဲ ကြောက်နေတာလား အခုမင်းထွက်သွားရင် ငါ မမြင်သလို ဟန်ဆောင်နေလိုက်မယ်။”
စုရီတစ်ယောက် တိတ်ဆိတ်နေသည်ကို မြင်သောအခါ အနက်ဝတ်ဓားပျံဂိုဏ်းသားသည် လှောင်ပြုံးဖြင့် အော်ငေါက်လိုက်သည်။
ကောင်းကင်ကမ္ဘာဟူသည် အရိုင်းမြေကိုးပါးနှင့် ဝေးလံခေါင်ဖျားသော အရပ်တွင်ရှိ၏။ ထို့ကြောင့် သူတို့ကဲ့သို့သော မဟာဂိုဏ်းကြီး တစ်ဂိုဏ်းရောက်ရှိလာသည်ကို မြင်ချိန်တွင် သာမာန်ကျင့်ကြံသူများသည် မယုံနိုင်သည်မှာ သဘာဝပေပင်။
ထိုစဉ်တစ်ဖက်လူသည် ရုတ်တရက် သတိဝင်လာဟန်ဖြင့် သူ့ထံသို့ လျှောက်လှမ်း လာတော့သည်။
အနက်ရောင်ဝတ် ဓားပျံဂိုဏ်းသားမှာ မျက်ခုံးပင့်လျက် ဓားကိုဆွဲထုတ်ကာ အဝေးမှ ခုတ်ပိုင်းချလိုက်၏။
“ မင်း သေချင်နေတာပဲ။ ”
ဓားအလင်းသည် မိုးကြိုးတစ်စင်းကဲ့သို့ တောက်ပသွားပြီး လေထဲလွင့်ပျံသွားတော့၏။ ယင်းသည် သာမန်ဓားချက်သာဖြစ်သော်လည်း ကောင်းကင်ကို ထိုးဖောက်နိုင်လောက်သော ပြင်းထန်မှု ရှိနေသည်။
တစ်ဖက်လူသည် အသက်အရွယ်အရ (၂၀)ပင်ပြည့်ပုံမရသေးချေ။ ကနဦးရွှမ်ကျောက် အဆင့်၌သာရှိသေးသည်။ ထို့ကြောင့် အဆင့်တူ သော်မှ တိုက်ပွဲအတွေ့အကြုံအရ သာလွန်သော သူ့အတွက် စိုးရိမ်မှုမရှိချေ။
“ ဟမ့် ... ။ ”
“ ဘောင်း ... ။ ”
သို့သော် တစ်ဖက်လူသည် ထိတ်လန့်ခြင်းမရှိဘဲ ရှေ့ဆက်တိုးလာသည်။ သူ ပစ်လွှတ်လိုက်သောဓားချီခမျာ ထိုလူငယ်နှင့် သုံးပေအကွာ၌ ဆပ်ပြာပူဖောင်းတစ်လုံးကဲ့သို့ ပေါက်ကွဲ ပျက်ပြယ်သွားချေပြီ။
“ ဒါ ... ။ ”
အနက်ရောင်ဝတ် ဓားပျံဂိုဏ်းသားခမျာ တုန်ယင်သွား၏။ ထိုစဉ် လူငယ်သည် သူ့အနား ရုတ်ချည်းရောက်ရှိလာပြီး ညာလက်ဖြင့် လည်ပင်းကို ဖမ်းဆုပ်လာခဲ့သည်။
“ မလုပ်နဲ့ ... ။ ”
“ ဂျွတ် ... ။ ”
ထိတ်လန့်တကြားအော်ဟစ်သံသည် လည်ပင်းရိုးကျိုးသံနှင့်အတူ ပျောက်ကွယ်သွား တော့၏။ ဦးခေါင်းသည် ပခုံးပေါ်သို့ ပျော့ခွေကျ လာစဉ် စုရီက ထိုသူ၏ဝိညာဉ်ကို ချက်ချင်း ရှာဖွေတော့သည်။
သူတို့ဓားပျံဂိုဏ်းသည် မနေ့ညက ဖီးနစ်တောင်သို့ ရောက်ရှိနေကြခြင်း ဖြစ်ချေ၏။ သူတို့၏ ရည်မှန်းချက်မှာ ဆန်းကြယ်သော ရတနာတစ်ခုကို လုယူရန်ဖြစ်သည်။
အဖွဲ့ကို ဦးဆောင်လာသူသည် ဝမ်ထျန်းယွမ်အမည်ရှိ အကြီးအကဲဖြစ်ပြီး ပင်းမို လက်အောက်မှ အကြီးအကဲဖန်းဆိုသူလည်း လိုက်ပါလာ၏။
“ အစားကြူးသူ ဂျပိုးအိုကြီး ဒီမှာမရှိတာ သေချာနေပြီ။ ”
စုရီက သက်ပြင်းချလိုက်သည်။ ကောင်းကင်ဖီးနစ်အကယ်ဒမီ၏ ကျောင်းအုပ် ထိုအစားကြူးသူဂျပိုးအိုကြီးသည်သာ ရှိနေလျှင် ဓားပျံခန်းမသည် ဤသို့ပိတ်ဆို့ထားရန် မဖြစ်နိုင်ချေ။
စုရီတစ်ယောက် တောင်တက် လမ်းလေးအတိုင်း ဖြည်းညှင်းစွာ တက်လှမ်းလာ ခဲ့သည်။ တောင်ကြောတဝက်ရောက်သောအခါ တစ်ခုခုမှားယွင်းနေသည်ကို ခံစားလိုက်ရ၏။
အကယ်ဒမီတစ်ခုလုံးကို မမြင်ရသည့် စွမ်းအင်အလွှာတစ်ခုဖြင့် ဖုံးအုပ်ထားသကဲ့သို့ အေးစက်သောလေထုကို ခံစားလာရ၏။
ဤသည်မှာ အထွတ်အထိပ်အဆင့် ကာကွယ်ရေးဝင်္ကပါ၏ စွမ်းအားတစ်ခုပေပင်။ မည်သူမျှ အတွင်းသို့ မဝင်နိုင်ချေ။
“ ရပ်စမ်း ... မင်းဘယ်သူလဲ ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ။ ”
ရုတ်တရက် အေးစက်သောအသံနှင့်အတူ ခရမ်းရောင်ဝတ်ရုံဝတ် ပညာရှင်တစ်ဦးနှင့်အတူ ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူလေးဦး ထွက်ပေါ်လာသည်။
ဤခရမ်းရောင်ဝတ်ရုံနှင့်လူသည် ရွှမ်ကျောက်နှောင်းပိုင်း အရှိန်အဝါထုတ်လွှတ် ထားပြီးနောက် သတ်ဖြတ်လိုသောဆန္ဒများဖြင့် စိုက်ကြည့်လာ၏။
“ သူ့ကို အရင်ဖမ်းလိုက်။ ”
ထိုခရမ်းရောင်ဝတ်လူက စုရီနှင့် စကားပြောရန် အချိန်မဖြုန်းလိုဘဲ အင်္ကျီလက် ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။ သို့သော် သူ မလှုပ်ရှားနိုင်မီ စုရီက လှုပ်ရှားလာ၏။
“ ဘုန်း ... ။ ”
နတ်ဘုရားဆန်သော အလင်းတန်းများ ဖြာထွက်လာပြီး ဝိညာဉ်တော်လှန်ရေးနယ်မြေ ကျင့်ကြံသူလေးဦးခမျာ ဝိညာဉ်ပေါက်ကွဲလျက် သေဆုံးသွားကြသည်။
“ အား ... ။ ”
သူသည်ပင် ဦးခေါင်းခွံကျိုးပဲ့သွားကာ အရိုးများကျိုးကြေလျက် နာကျင်စွာ အော်ဟစ် နေရတော့သည်။
“ မင်း ... မင်းဘယ်သူလဲ။ ”
မျက်နှာပေါ်တွင် ထိတ်လန့်မှုများ အပြည့်ထင်ဟပ်လာပြီး စုရီထံ မယုံကြည်ဟန် မော့ကြည့်လာသည်။ ဆယ်ကျော်သက်တစ်ဦးမှ ဤမျှအထိ သန်မာနေလိမ့်မည်ဟု သူ မမျှော်လင့်ထားချေ။
စုရီက ပြန်မဖြေဘဲ တစ်ဖက်လူဝိညာဉ်ကို ရှာဖွေရန်ကြိုးစားသော်လည်း ပိတ်ဆို့ထားသည့် တံဆိပ်အသက်ဝင်ကာ ပေါက်ကွဲပျက်စီး သွားတော့သည်။
အဆုံးတွင် ဂရုမစိုက်တော့ဘဲ လေထဲ ပျံတက်သွားပြီး ထိုသဏ္ဍာန်မဲ့အကာအကွယ် အလွှာကြီးထံ ငုံ့ကြည့်လိုက်၏။
“ ဒီဝင်္ကပါက တကယ့်အဆင့်မြင့်တယ် ရွှမ်ယုဧကရာဇ်တွေအပေါ်ကိုတောင် အလုပ် လုပ်နိုင်ပါတယ်။ ”
သို့သော် သူ့အတွက်မူ ဤသည်မှာ ပြဿနာမဟုတ်ချေ။ ဝင်္ကပါအားနည်းချက်ထံ တစ်ချက်ကြည့်ပြီး အလင်းတန်းအလား ပြေးဝင်သွားလိုက်၏။
မျက်စိတမှိတ်အတွင်း အကယ်ဒမီ၏ အတွင်းပိုင်းသို့ ရောက်ရှိသွားသည်။ သို့သော် စောင့်ကြိုနေသော ရှေ့မှမြင်ကွင်းများကြောင့် သူ့ကိုမျက်ဝန်းများမှေးစင်းသွားစေ၏။
ယင်းသည် သွေးရနံ့များစွာသည် လေထုအတွင်းလှိုင်လှိုင်ထနေသော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု မြင်ကွင်းကြီး တစ်ခုပေပင်။
***
ထူးခြားသော အလင်းဝင်္ကပါကြီး အောက်တွင် ပြင်းထန်လှသည့်တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေပြီး အကယ်ဒမီတပည့်များစွာတို့မှ ကျမ်းစာရွတ်ဆိုသံများသည် ကောင်းကင်နှင့် မြေကြီးကြား ပဲ့တင်ထပ်နေ၏။
ထိုရွတ်ဆိုသံများသည် တာအို၏ မြတ်နိုးဖွယ်ရာတေးသံအလား မွန်မြတ်သော စွမ်းအင်များထုတ်လွှတ်လျက် ဝင်္ကပါအလွှာထံ အားဖြည့်ပေးနေသည်။
၎င်းဝင်္ကပါသည် ပေတစ်ရာခန့် ကျယ်ဝန်းသော တိုက်ပွဲကွင်းပြင်အပေါ်သို့ ဖုံးအုပ်ထားချေ၏။
ကျမ်းရွတ်ဆိုသံများ ပြောင်းလဲချိန်တိုင်း အလင်းအကာအကွယ်ကြီး လှုပ်ရှားသွားကာ ထူးကဲမွန်မြတ်လွန်းသော အက္ခရာများစွာ ပေါ်ထွက်လာတတ်သည်။
ထိုကျမ်းစာ အက္ခရာများသည် ရွှေရောင်အလင်းများဖြာလျက် ထူးခြားသော တန်ခိုးအာနုဘော်များ ထုတ်လွှတ်ချေ၏။
အကယ်ဒမီကျောင်းအုပ် ယွီချန်မင် ဦးဆောင်သောအဖွဲ့သည် ကွင်းပြင်အလယ်တွင် ရပ်တန့်နေပြီး ထိုကျမ်းဂန်အလင်းဝင်္ကပါအပေါ် ထိန်းချုပ်နေရ၏။
“ ဝုန်း ... ။ ”
ထိုစဉ် တောင်တန်းကြီးတစ်ခုမျှ ကြီးမားလှသော ရွှေရောင်မိုးကြိုးကြီးတစ်စင်း အလင်းအကာအကွယ်ပေါ် ပြုတ်ကျလာ၏။
ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံများနှင့်အတူ မီးပွားများ လွင့်စင်ကုန်သည်။
အလင်းအကာအကွယ်သည်လည်း ပြင်းထန်စွာတုန်ခါလျက် အတွင်း၌ရှိနေသော ယွီချန်မင်နှင့်အဖွဲ့ကို ကြီးမားသည့်ဖိအားများ ခံစားလိုက်ရစေသည်။
ထိုအလင်းအကာအကွယ်အပြင်တွင် အနက်ရောင်ဝတ်အမျိုးသားသည် ရွှေရောင် ဝါးပေတံတစ်ချောင်းကို ကိုင်ဆောင်ထား၏။
ထိုရွှေပေတံကို ဝှေ့ယမ်းလိုက်တိုင်း ကောင်းကင်ယံမှ ရွှေရောင်မိုးကြိုးပေါင်းများစွာ ဆင်းသက်လာကာ အဖျက်စွမ်းအားများသည် အတိုင်းအဆမရှိ ပြင်းထန်လေသည်။
၎င်းရွှေပေတံကို မိုးကြိုးရွှေဝါးပေတံဟု ခေါ်ဆို၏။ မူလရင်းမြစ်မှ မွေးဖွားလာခဲ့သော မွေးရာပါ မြင့်မြတ်သောရတနာဖြစ်သည်။
ဤဝတ်ရုံနက်လူ၏ အမည်မှာ ဝမ်ထျန်းယွမ်ဖြစ်ပြီး ဓားပျံဂိုဏ်း၏အကြီးအကဲ တစ်ဦးဖြစ်ချေ၏။
အလယ်အလတ် ရွှမ်ယုအဆင့် ကျင့်ကြံမှုကိုပိုင်ဆိုင်ထားသည်။ ထိုရွှေပေတံဖြင့် ပေါင်းစပ်လိုက်သောအခါ စွမ်းအားများသည် အကန့်အသတ်မရှိတော့ချေ။
ဝမ်ထျန်းယွမ်၏ အနောက်တွင် လူတစ်စု ရပ်နေကြသည်။ ၎င်းတို့မှာ ဓားပျံဂိုဏ်းသားများ ဖြစ်ချေ၏။
ရွှမ်ကျောက်ဧကရာဇ်သုံးပါး၊ အမည်ခံ ရွှမ်ကျောက်ဧကရာဇ်ငါးပါးနှင့် အဖိုးအိုတစ်ဦးတို့ ဖြစ်သည်။ အဖိုးအိုသည် ပျင်းရိသောအသွင်ဖြင့် ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ထိုင်နေ၏။
ထိုအဖိုးကြီးသည် အသွင်အပြင်အရ တည်ငြိမ်အေးဆေးနေပြီး တိုက်ပွဲကို ဂရုမစိုက် သကဲ့သို့ ခံစားချက်မဲ့စွာကြည့်နေသည်။ သူ့အမည်မှာ အဖိုးကြီးဖန်းဖြစ်၏။
သို့သော် သူ့အနားတွင် အကယ်ဒမီ၏ အဖွဲ့ဝင်အချို့မြေပြင်အနှံ့ ပျံ့ကျဲသေဆုံးနေကာ သွေးရနံ့များဖုံးလွှမ်းနေခဲ့သည်။
သူ့ရှေ့တွင်မူ အကယ်ဒမီမှ ကျင့်ကြံသူ အနည်းငယ်သည် သေခြင်းစောင့်ဆိုင်းနေသော သိုးသူငယ်များကဲ့သို့ ဒူးထောက်ကာ တုန်ယင်နေတော့၏။
ရွှေပေတံနှင့် ကျမ်းစာအလင်းဝင်္ကပါ၏ မပြောင်းလဲသော ထိပ်တိုက်တွေ့ဆုံမှုများထံသို့ မျှော်ကြည့်ပြီး၊
“ တစ်နေ့နဲ့ တစ်ညလုံးလုံး တိုက်ပွဲကြီးဖြစ်ပွားပြီးနောက်မှာ အကယ်ဒမီရဲ့ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲနှစ်ပါး သေဆုံးခဲ့ရတယ် ... ဆရာကိုးယောက်ထဲမှာ ငါးယောက်သေပြီး ... တပည့် သုံးရာကျော်မှာ နှစ်ရာကျော် အသက်ပေးခဲ့ရတယ်။ ”
-ဟု ရေတွက်ပြလိုက်သည်။
သူ့စကားကြောင့် ကျမ်းစာရွတ်ကာ ခုခံနေသော ရီချန်မင်တစ်ယောက် မျက်နှာ မည်းမှောင်သွား၏။
နှလုံးသားအတွင်း နာကျည်းမှုနှင့် ဒေါသများပြည့်နှက်လာသည်။ သို့သော် သူသည် စိတ်ပျံ့လွင့်ခြင်း မပြုဝံ့ချေ။ ဤအကာအကွယ် ဝင်္ကပါသည်သာ ပျက်စီးသွားသော် ကောင်းကင် ဖီးနစ်အကယ်ဒမီဟူသည် လောကကြီးမှ လုံးဝပျောက်ကွယ်သွားပေမည်။
“ ရီချန်မင် ... အခု ငါ့ရှေ့မှာ အကယ်ဒမီရဲ့တပည့် (၃၃)ယောက်ရှိသေးတယ် သူတို့ရဲ့အသက်ကို မင်းဂရုမစိုက်ဘူးဆိုတာ တကယ်သေချာလား။ ”
***