အကူအညီ ရောက်ရှိလာခြင်း။
Vol. 70 Ch. 834
အဖိုးကြီးဖန်မေးခွန်းကို ရီချန်မင်က မတုန့်ပြန်ချေ။ တစ်ဖက်လူသည် နတ်ဆိုးကြီး တစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ် လွန်းသည်။
တစ်ရက်အတွင်း ဖီးနစ်တောင်၏ ဝင်္ကပါကိုချိုးဖောက်ဝင်ရောက်လာကာ ဝင်္ကပါ အသစ်ဖြင့် ပြန်လည်ပိတ်ဆို့ထားသည်။
ဆိုလိုသည်မှာ ထိုအဖိုးကြီးသည် အချိန်အနည်းငယ်အတွင်း ဖီးနစ်ဝင်္ကပါကြီးကို ဖျက်ဆီးနိုင်ရုံသာမက ဝင်္ကပါအသစ်တစ်ခုပင် ပြန်လည်တည်ဆောက်နိုင်ခဲ့၏။
ထို့ကြောင့် အကယ်ဒမီ တစ်ခုလုံးကို ပိတ်မိသွားပြီး မည်သူမျှ ထွက်ပြေးနိုင်ခြင်း မရှိခဲ့ချေ။ ပို၍ကြောက်စရာကောင်းသည်မှာ ဤအဖိုးအို၏ခွန်အားဖြစ်သည်။
အလွန် ရက်စက်ကြမ်းကြုတ်သော မဟာတာအို နိယာမများကို ပိုင်ဆိုင်ထားခဲ့ပြီး ရွှမ်ယုဧကရာဇ်များကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိနေ၏။
သူကိုယ်တိုင်အစောပိုင်းက ဦးဆောင် တိုက်ခိုက်ခဲ့သောကြောင့် အကယ်ဒမီဘက်မှ ရွှမ်ယုအဆင့် အကြီးအကဲများအားလုံး လုံးဝ ခုခံနိုင်စွမ်းမရှိခဲ့ကြခြင်းပေပင်။
ထိုသို့အရေးကြီးသော အချိန်တွင် ရီချန်မင်နှင့်အကြီးအကဲအချို့က ဤကွင်းပြင်ရှိ ရှေးဟောင်းဝင်္ကပါကို အသက်သွင်းနိုင်သော ကြောင့်သာ လွတ်မြောက်နေခြင်းဖြစ်၏။
သို့သော် ဤရှေးဟောင်း ပညာရှင်များ တည်ဆောက်ခဲ့သော ထိုဝင်္ကပါကြီးသည်လည်း မခံနိုင်တော့သည့် လက္ခဏာများ ပြနေချေပြီ။
“ မင်းသာ လိမ်မာပါးနပ်ပြီး စကြဝဠာပေတံကိုသာ ပေးအပ်မယ်ဆိုရင် ငါတို့ ချက်ချင်း ထွက်သွားပေးမယ် ... မဟုတ်လို့ ...
... မင်းဆက်ပြီး ငြင်းဆန်နေဦးမယ်ဆိုရင် ကောင်းကင်ဖီးနစ်အကယ်ဒမီဆိုတာ ကမ္ဘာမှာ ရှိနိုင်တော့မယ် မထင်ဘူး။ ”
သူ့စကားဆုံးသည်နှင့် အဖိုးအိုသည် ပျင်းရိလာဟန်ဖြင့် ကျောမီချကာ ဝိုင်အိုးကို ထုတ်ယူသောက်လိုက်သည်။
တစ်ဆက်တည်းမှာပင် မြေပဲတဆုပ်ကို ထုတ်ယူကာ ပါးစပ်ထဲတစ်စေ့ချင်းထည့်ဝါးကာ အရသာခံနေတော့၏။
“ အား ... ။ ”
ရုတ်ချည်း စူးရှလှသော အော်ဟစ်သံ တစ်သံနှင်အတူ အကယ်ဒမီ တပည့်တစ်ဦး၏ ဦးခေါင်းတစ်လုံးမြေပြင်ပေါ်သို့ လိမ့်ကျလာ၏။
ခန္ဓာကိုယ်ကြီးသည် သွေးများ ပန်းထွက်လျက် ရုန်းကန်နေပြီး သူ့ဘေးနားရှိ အခြားတပည့်တစ်ဦးကို မျက်နှာ ပျက်ယွင်းသွားစေသည်။
ဓားပျံဂိုဏ်းသားတစ်ဦးက သူ့ဓားပေါ်မှ သွေးများကိုသုတ်လျက်၊
“ စိတ်မကောင်းစရာပဲ နှစ်ပေါင်းသောင်းချီ နေထားပြီးသား မြေခွေးကြီးတွေရဲ့ခေါင်းမာမှုက ဆယ်ကျောက်သက်အရွယ် ကလေးတွေ အသက်ကို သေဆုံးစေတယ်။ ”
“ ဟားဟားဟား ... ။ ”
ဒူးထောက် ဖမ်းဆီးခံထားရသော တပည့်များသည် ထိုစကားကြောင့် မျက်လုံးများ နီမြန်းလာသော်လည်း ဓားပျံဂိုဏ်းသားများသည် ကျေနပ်စွာဖြင့် ရယ်မောလိုက်ကြသည်။
“ ငါ့မြေး ... ။ ”
ရှေးဟောင်းအကာအကွယ်အောက်ရှိ အကြီးအကဲတစ်ဦးက ရင်ကွဲမတတ် အော်ဟစ် လိုက်တော့သည်။ အသတ်ခံလိုက်ရသော ထိုလူငယ်သည် သူ့သားမှမွေးသောမြေးဖြစ်၏။
အဖိုးတစ်ဦးအနေဖြင့် သားနှင့်မြေးကို ကာကွယ်နိုင်ခြင်းမရှိဘဲ တိရစ္ဆာန်များအလား သတ်ဖြတ်ပြနေသည့်မြင်ကွင်းက နာကျင်မှုများ ဝင်ရောက်လာစေသည်။ မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ချေ။
“ ကျောင်းအုပ်ရီ ... ဒီလူယုတ်မာတွေနဲ့ သေတဲ့အထိတိုက်ရအောင်။ ”
အကြီးအကဲတစ်ဦးက နာကျင်စွာဖြင့် အော်ပြောလိုက်သည်။ ရီချန်မင်က ချက်ချင်း တုန့်ပြန်နိုင်ခြင်းမရှိချေ။ အကယ်၍သာ သူတို့၏ ဂိုဏ်းတည်ထောင်သူ ဘိုးဘေးသာ ရှိနေသော် ဤကပ်ဘေးကြီးကို ကျော်လွှားနိုင်မည်။
သူ့ခွန်အားအရ မလုံလောက်ချေ။ ဆိုလိုသည်မှာ ဤဝင်္ကပါအတွင်းမှ ထွက်ခွာ၍ တိုက်ခြင်းသည်အနိုင်ရခြင်းထက် အကယ်ဒမီကို ပျက်သုဉ်းခြင်းများထံသာ ဦးတည်စေမည်။
“ ဟမ့် ... ။ ”
ကျောက်တုံးပေါ်ရှိ အဖိုးအိုက မတ်တတ်ရပ်ပြီးပြုံးလျက်၊
“ သေတဲ့အထိ တိုက်ချင်နေတာလား မင်းတို့မှာ ဒီလိုအခွင့်အရေးရှိတယ်ထင်လား။ ”
-ဟု လှောင်ပြောင်လိုက်၏။
ထို့နောက် သူ့လက်ကိုဝှေ့ယမ်းကာ ကောင်းကင်ထက်သို့ ညွှန်လိုက်၏။ အကယ်ဒမီ အထက်ကောင်းက်ငတွင် ဝင်္ကပါစွမ်းအားများ စုစည်းလာပြီး မြွေနက်ကြီးတစ်ကောင်အဖြစ် ဖွဲ့တည်လာနေ၏။
“ ဝူး ... ။ ”
အဆုံး၌ အနက်ရောင် မိုးကြိုးများကို ထုတ်လွှတ်လျက် တောင်ပေါ်သို့အရှိန်ဖြင့် ပြေးဝင်လာတော့သည်။
“ မကောင်းတော့ဘူး ... ။ ”
လျှပ်စီးမြွေနက်ကြီး၏ တိုက်ခိုက်မှုကို တစ်ချက်ပင် မခံနိုင်ချေ။ အလင်းအကာအကွယ် ဝင်္ကပါကြီးခမျာ တစ်စစီ ပေါက်ကွဲသွား၏။
“ ဘောင်း ... ။”
“ ဝေါ့ ... ။ ”
အကျိုးဆက်အနေဖြင့် ရွှမ်ယုအဆင့် အကြီးအကဲအချို့သည် ရိုက်ထုတ်လိုက်သကဲ့သို့ သွေးများအန်ထွက်ကာ လွင့်စဉ်သွားတော့၏။
“ မြန်မြန်တား ... ။ ”
ရီချန်မင်က အံကြိတ်လျက် ကောင်းကင်ပေါ်ပျံတက်ပြီး မြွေနက်ကြီးကို ရင်ဆိုင်တိုက်ခိုက်လိုက်သည်။
“ ဝုန်း ... ။ ”
သို့သော် စက္ကန့်ပိုင်းအတွင်းမှာပင် ဒဏ်ရာအပြင်းအထန်ရရှိသွားကာ မြေပြင်သို့ ပြန်လည်ကျဆင်းလာခဲ့၏။ ကံကောင်းသည်မှာ မြွေနက်ကြီး လွင့်ပြယ်သွားခြင်းပေပင်။
“ ကျောင်းအုပ်ရီ ... ။ ”
“ ကျောင်းအုပ်ရီကို ကူညီ ... ။ ”
ကျန်အကြီးအကဲများက သူ့ကိုကူညီရန် ချက်ချင်းပျံတက်လာပြီး ထိန်းမတ်ပေးလိုက်၏။ သို့သော် မိုးကြိုးမြွေနက်ကြီးမှာ ဒုတိယအကြိမ် ထပ်မံဖွဲ့စည်းလာနေသည်ကို မြင်ပြီးနောက် လူတိုင်းကူကယ်ရာမဲ့သွားတော့သည်။
“ လူယုတ်မာတွေ ... ။ ”
အဆုံး၌ ရီချန်မင်မှ အံကြိတ်လိုက်ပြီး သူ့အသက်ကိုလောင်ကျွမ်းရန် ပြင်လိုက်သည်။ ဤနည်းဖြင့် သူ့ကိုယ်သူ ဖောက်ခွဲကာ ရန်သူအချို့ကို ခေါ်သွားနိုင်မည်။
“ ဝုန်း ... ။ ”
ထိုစဉ် ရုတ်တရက် ဖီးနစ်တောင်ကို ပိတ်ဆို့ထားသော အကာအကွယ် ဝင်္ကပါကြီးမှာ နတ်တောင်ကြီးတစ်လုံးဖြင့် ရိုက်ခွဲလိုက်သကဲ့သို့ တုန်ခါပြိုကျသွားတော့၏။
“ ခရစ် ... ။ ”
ကြီးမားလှသော မိုးကြိုးမြွေနက်ကြီး သည်လည်း လေထဲအေးခဲလျက် အပိုင်းအစများ အဖြစ်သို့ ပဲ့ကြွေပျက်ပြယ်သွားသည်။
“ ဘာတွေ ဖြစ်နေတာလဲ။ ”
သူ့ကိုယ်သူ ဖောက်ခွဲရန် ပြင်နေသော ရီချန်မင်သည် ရပ်တန့်လျက် ကောင်းကင်ပေါ် မယုံကြည်နိုင်စွာ မော့ကြည့်၏။
လူအိုကြီးဖန်သည်လည်း မျက်နှာ ပျက်သွားပြီး လည်ပြန်လှည့်ကြည့်လိုက်သည်။ မိုးကြိုးမြွေနက် ကောင်းကင်ပိတ်ဆို့ခြင်း ဝင်္ကပါ ခမျာ တစ်စုံတစ်ယောက်မှ ဖျက်ဆီးခြင်း ခံလိုက်ရပြီဖြစ်၏။
လေထုအလယ် ကျောက်စိမ်းရောင် ဝတ်ရုံစများတဖျပ်ဖျပ်လွင့်လျက် လက်နှစ်ဖက် နောက်ပို့ထားသော လူငယ်တစ်ဦးကို မြင်လိုက်ရသည်။
“ ဟမ့် ... ငါ့ရဲ့ဝင်္ကပါကို တကယ်ပဲ ဒီလိုကလေးတစ်ယောက်က ဖျက်ဆီးပစ်လိုက် တာလား။ ”
အဖိုးကြီးဖန်း၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ ရောယှက်လာချေပြီ။ ရွှေပေတံနှင့် ဝမ်ထျန်းယွမ်သည်လည်း အံ့အားသင့်သွားတော့၏။
ဝင်္ကပါကို ဖျက်ဆီးနိုင်သူသည် အစွမ်းထက်သော မြေခွေးအိုးကြီးများအတက်မှ တစ်ယောက်ယောက် ရောက်ရှိလာခြင်း ဖြစ်ရမည်ဟု ထင်နေမိခဲ့ခြင်းပေပင်။
စုရီတစ်ယောက် တည်ငြိမ်နေသော သတ်ဖြတ်လိုသော ဆန္ဒများလှိုင်းထန်နေသည်။ ဤနေရာမှ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု မြင်ကွင်းများသည် သူ့ကိုယ်သူ ထိန်းချုပ်ရ ခက်ခဲလာစေ၏။
အစားကြူးသူ ထိုဂျပိုးအိုကြီးသည် တစ်ချိန်က သူ့မိတ်ဆွေတစ်ဦး ဖြစ်ကြောင်းကို ဤကမ္ဘာကြီးတွင် မည်သူ မသိရှိမည်နည်း။ ယခုမူ သစ္စာဖောက်များသည် ဂျပိုးအိုကြီး အသိုက်ကို ဖျက်ဆီးရန်ကြိုးစားနေချေပြီ။
“ မင်းဘယ်သူလဲ ... ငါတို့ဘယ်သူလဲသိလား။ ”
ဓားပျံဂိုဏ်းမှ ဧကရာဇ်တစ်ပါးက ရှေ့လမ်းတက်ကာ ဒေါသတကြီး အော်ငေါက် လိုက်တော့သည်။ စုရီကတုန့်ဆိုင်းခြင်းမရှိဘဲ ထိုသူထံ ဓားအလင်းဖြင့် ပစ်ချလိုက်၏။
“ ရွှပ် ... ။ ”
“ ဖောင်း ... ။ ”
ဓားချီတစ်စင်း လျှပ်စီးအလား ထွက်ပေါ်လာပြီး ထိုဧကရာဇ်၏ နဖူးအလယ်သို့ ထိုးဖောက်ကာ ပေါက်ကွဲသေဆုံးသွားစေ၏။
ဤမျှရက်စက်ပြီး ပြင်းထန်လှသော တိုက်ပွဲဝင်ပုံစံကြောင့် လူတိုင်းစိုးထိတ်လာ တော့သည်။
“ ဝမ်ထျန်းယွမ် ... မင်းသွားပြီး အဲဒီ ကောင်လေးကို အရင်သတ်လိုက်။ ”
အဖိုးကြီးဖန်က အမိန့်ပေးလိုက်သည်။ ဝမ်ထျန်းယွမ်မှ ခေါင်းညိတ်လျက် ချက်ချင်းပင် လေထဲလှမ်းတက်ပြီး ရွှေပေတံနှင့် ခုတ်ပိုင်းချ လိုက်တော့သည်။
“ ဂျိန်း ... ။ ”
“ မိုးကြိုးရွှေဝါး ... ။ ”
ရွှေရောင်မိုးကြိုးများ မြည်ဟည်းလျက် ရွှေနဂါးကြီး ကောင်းကင်မှ ဆင်းသက်လာ၏။ စုရီတစ်ယောက် မျက်ဝန်းများ မှေးစင်းသွား တော့သည်။
ဤရတနာသည် လွန်ခဲ့သော နှစ်ပေါင်းငါးရာက သူပိုင်ဆိုင်သည့် ရတနာများ အနက်မှ တစ်ခုဖြစ်သည်။
ပင်းမိုနှင့် ဤသစ္စာဖောက်များသည် သူ့ရတနာများကို အမှန်ပင် လုယက်ခဲ့ကြခြင်း၏ သက်သေပေပင်။ အဆုံး၌ သတ်ဖြတ်လိုစိတ် ပေါက်ကြားလာပြီး လေထဲဖမ်းဆုပ်လိုက်၏။
“ ဝုန်း ... ။ ”
“ ဘရူး ... ။ ”
ကောင်းကင်ယံရှိ ရွှေရောင်မိုးကြိုးများမှာ ပေါက်ကွဲလျက် ဝမ်ထျန်းယွမ်၏ရွှေပေတံသည် ချက်ချင်းရုန်းထွက်တော့၏။
“ ဘာတွေ ဖြစ်နေတာလဲ။ ”
အဆုံး၌ရွှေပေတံသည် စုရီလက်ထဲသို့ ညင်သာစွာရောက်ရှိသွားသည်။ ဝမ်ထျန်းယွမ် သည်လည်း ထိုရတနာနှင့် အဆက်အသွယ် ပြတ်တောက်သွားပြီး သွေးအန်တော့၏။
“ ဝေါ့ ... ။ ”
ဤသည်မှာ ရွှမ်ယုအဆင့် ဧကရာဇ်တစ်ပါးလက်မှ ရတနာတစ်ပါးအပေါ် တစ်ချက်တည်းဖြင့် ယူငင်ခြင်းမည်၏။ မြေပြင် ကျောက်တုံးပေါ်ရှိ အဖိုးကြီးဖန်အပါအဝင် လူတိုင်းတိတ်ဆိတ်ကုန်တော့သည်။
***