ရွှမ်ပေတံနှင့် မဟူရာရွှေကြယ်မိခင်ချီ ... ။
Vol. 70 Ch. 838
ပေတံတစ်ချောင်းလုံးသည် မီးလောင်ထားသကဲ့သို့ နက်မှောင်နေပြီးနောက် မျက်နှာပြင်တွင်လည်း အပွေးများတက်နေ၏။
ထိုအပွေးများကို မြင်လိုက်ရချိန်တွင် စုရီသည် သူ၏ယခင်ဘဝက စုဆောင်းခဲ့ဖူးသော အမည်မသိ ရှေးဟောင်းပစ္စည်းအချို့ကို သတိရသွားတော့သည်။
ထိုစဉ်က ရှေးဟောင်းပစ္စည်းများသည် ဤပေတံကဲ့သို့ပင် မီးလောင်ကျွမ်းသည့်အလား မည်းနက်နေကာ အပွေးများပါရှိနေသည်။
မည်သို့မျှ အသုံးဝင်ခြင်း မရှိသဖြင့် စုရွှမ်ကြွယ်ဘဏ္ဍာတိုက်ထဲ ပစ်ထည့်ထားခဲ့၏။ ထိုအထဲတွင် အထူးခြားဆုံးမှာ ကိုးထပ်ပါရှိသော ကျောက်သားဘုံကျောင်း တစ်ခုပေပင်။
“ အရင်က အကယ်ဒမီရဲ့ ဆက်ခံသူတွေ အကြီးအကဲတွေကလည်း နည်းမျိုးစုံနဲ့ပေတံရဲ့ လျှို့ဝှက်ချက်ကို ရှာခဲ့ကြပေမဲ့ ဘာမှ မတွေ့ခဲ့ကြပါဘူး။ ”
ရီချန်မင်က နားမလည်ဟန်ဖြင့် မဟူရာကျောက်မြက်အသွင် ပေတံလေးကို ပြန်ကြည့်ကာ၊
“ တကယ်ပဲ ... ဒီနေ့မှာ ဓားပျံဂိုဏ်းသာ လာမတောင်းရင် ဒီလိုပစ္စည်းရှိနေတာကိုတောင် ငါတို့မေ့နေနိုင်ပါလိမ့်မယ်။ ”
စုရီက အတွေးများကို ဖယ်ထုတ်ကာ ပေတံကိုကောက်ယူလျက် သေချာစွာ စစ်ဆေး ကြည့်လေသည်။
“ မင်းရဲ့ဘိုးဘေး ဂျပိုးအိုကြီးရော ဘာပြောသေးလဲ။ ”
ရီချန်မင်က ခေါင်းခါပြသည်။ အချိန်အနည်းငယ် စစ်ဆေးကြည့်သည့်တိုင် ထူးခြားမှုကို စုရီလည်း မတွေ့ချေ။
သို့သော် နှလုံးသားပြခန်းမှ လူများသည် ဤပစ္စည်းကိုမျက်စိကျနေသည်မှာ သာမန်ကိစ္စ မဟုတ်ကြောင်း ပြသနေ၏။
“ မင်းတို့ ဒါကိုချိုးကြည့်ဖူးလား။ ”
“ ဟုတ်ကဲ့ ... ရွှမ်ယုအဆင့် အကြီးအကဲတွေက ဓားနဲ့ခုတ်၊ မိုးကြိုးနဲ့ပစ်ပြီး မီးလောင်စေတာတောင် မထူးခြားပါဘူး။ ”
စုရီက ခေါင်းညိတ်လိုက်သည်။
“ ဒါဆိုရင်တင်ပဲ ဒီပစ္စည်းက တခြားဟာတွေနဲ့ မတူဘူးဆိုတာ သိသာနေပြီ ငါတစ်ချက်လောက် စမ်းကြည့်လို့ရမလား။ ”
“ အကြီးအကဲ ဆန္ဒရှိသလိုလုပ်ပါ ... အကယ်၍သာ ဒီပေတံရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ရင် ဘိုးဘေးလည်း ဝမ်းသာမှာပါ။ ”
စုရီက စကားမဆိုတော့ဘဲ တာအိုဥပဒေသများကို အသက်သွင်းကာ ပေတံထံ ဆက်သွယ်ကြည့်၏။
ဝင်စားခြင်းသံသရာ၊ သွေ့ရော်ခြင်း၊ ဖွံ့ဖြိုးခြင်းနှင့် သေလွန်ခြင်းဥပဒေများထွက်ပေါ် လာသော်လည်း တုန့်ပြန်မှုမပြချေ။
ထို့ကြောင့် အဆုံးသတ်ဥပဒေကို အသက်သွင်းလိုက်ရာ မှောင်မိုက်သောတာအို စည်းမျဉ်းကြိုးမျှင်များ အသက်ဝင်လာပြီး ပေတံအတွင်း စီးဝင်သွားတော့၏။
“ ဘရူး ... ။ ”
နှစ်ပေါင်းများစွာ အိပ်ပျော်နေသော သားရဲတစ်ကောင်အလား ရွှမ်ပေတံက တုန်ခါမှု ပြသလာလေသည်။
“ အဆင်ပြေပြီ ... ။ ”
စုရီတစ်ယောက် စိတ်လှုပ်ရှားလာ၏။ အဆုံးသတ်ဥပဒေသည် နားလည်ရန်ခက်ခဲပြီး အစွမ်းထက်လှသည်။
သူသည်ပင် ဤနိယာမကိုအပေါ်ယံမျှသာ နားလည်ထားခြင်းဖြစ်သဖြင့် သည်မျှတုန့်ပြန်မှု ပေးလိမ့်မည်ဟု မမျှော်လင့်ထားချေ။
ထိုဥပဒေစွမ်းအားသည် ပင့်ကူမျှင်များအလား ဖြန့်ကြက်လျက် ပေတံ တစ်ခုလုံးကို လွှမ်းခြုံသွားတော့၏။
“ ခရစ် ... ။ ”
ခဏအကြာတွင် ရွှမ်ပေတံပေါ်မှ အပွေးများသည် ဟောင်းနွမ်းနေသော နံရံဆေး အလွှာများသကဲ့သို့ ချက်ချင်း ကွာကျကုန်သည်။
မည်းနက်မွဲပြာနေသော ရွှမ်ပေတံသည် ကြည်လင်တောက်ပသော ကျောက်စိမ်းအဖြစ် ပြောင်းလဲလာတော့၏။
“ ဝုန်း ... ။ ”
ထို့နောက်တွင်ပေတံသည် ရုတ်တရက် ရှေးဟောင်း နတ်တောင်ကြီး တစ်လုံးအလား လေးလံလာသဖြင့် စုရီတစ်ယောက် အားစိုက်လိုက်ရသည်။
ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် ထိုမျှလေးလံသောဖိအားကို မခံနိုင်ဘဲ ပေါက်ကွဲ ထွက်ကုန်တော့၏။ စုရီတစ်ယောက် ကျင့်ကြံမှု ခွန်အားကို အကုန်အစင်အသုံးပြုကာ ပေတံကို ထိန်းချုပ်လိုက်ရသည်။
၎င်းမှ စူးရှသောအလင်းတန်းများ ကောင်းကင်ပေါ်ထိုးတက်သွားပြီး ကြယ်တာရာ များစွာတို့ကို တုန်ခါသွားစေကာ ဖီးနစ်တောင် တစ်ခုလုံး မြူခိုးများဖြင့် ဖုံးလွှမ်းသွား၏။
“ ဒါ ... ဒါဘယ်လိုစွမ်းအားမျိုးလဲ... ကမ္ဘာကြီးတစ်ခုလုံးရဲ့ မူလစွမ်းအားတွေ ဆင်းသက်လာသလိုပါပဲ။ ”
ရီချန်မင်တစ်ယောက် တုန်လှုပ်ခြောက်ခြားလာတော့၏။ စုရီသည်ပင် ကုလားထိုင်ပေါ်မှထရပ်ကာ ပေတံ၏ဖိအားကို ခံယူလိုက်ရသည်။
ကျောက်စိမ်းရောင်အင်္ကျီစများ လေထဲ တဖျတ်ဖျတ်ခတ်လျက် အကယ်၍သာ သူသည် အဆုံးသတ်ဥပဒေဖြင့် ပေတံကိုထိန်းချုပ်ခြင်း မပြုသော် ဖိအားသည် ဖီးနစ်တောင်ကြီးကို ကြေမွှသွားစေမည်။
ကောင်းကင်တခွင် တုန်ခါနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း မှောင်မိုက် အုံ့မှိုင်းသွားတော့၏။ ဤသည်မှာ ရွှမ်ပေတံမှ ထွက်ပေါ်လာသော အငွေ့အသက် အနည်းငယ်မျှသာ ရှိသေးသည်။
“ ဒါဆို ... ဒီပေတံပေါ်က အပွေးတွေက လျှို့ဝှက်ဆန်းကြယ်တဲ့ ချိပ်ပိတ်စွမ်းအားတွေပဲ အဆုံးသတ်ဥပဒေက တံဆိပ်ကိုဖျက်ဆီးပြီး ပေတံရဲ့ စစ်မှန်တဲ့ မျက်နှာစာကို ဖော်ထုတ်လိုက်တာပဲ။ ”
ဤအခိုက်အတန့်တွင် စုရီသည် အရာအားလုံးကို နားလည်သွားပြီဖြစ်လေသည်။ သူ့ဂိုဏ်းဘဏ္ဍာတိုက်ထဲ ပစ်ထည့်ထားခဲ့သော ထိုရှေးဟောင်း ပစ္စည်းများအတွက်သည်လည်း ဤနည်းဖြင့် စစ်ဆေးကြည့်နိုင်ပေမည်။
၎င်းတို့ပေါ်ရှိ အပွေးများနှင့် မီးလောင်ရာများသည်လည်း ဤပေတံကဲ့သို့ပင် လျှို့ဝှက်ဆန်းပြားသော တံဆိပ်တစ်ခုဖြင့် ဖုံးအုပ်ခံထားရခြင်းဖြစ်ချေမည်။
စုရီတစ်ယောက် အတွေးနက်နေစဉ်မှာပင် ရွှမ်ပေတံထံ၏ တုန်ခါမှုများ ငြိမ်သက်သွားကာ ကောင်းကင်ရှိ ထူးဆန်းသော ဖြစ်စဉ်များ သည်လည်း ပျောက်ကွယ်သွားတော့၏။
စုရီက သူ့အကြည့်ကို ရွှမ်ပေတံထံသို့ ပြန်လည်ပို့ဆောင်လိုက်သည်။ ရွှမ်ပေတံသည် နတ်ကျောက်စိမ်းအလား ကြည်လင်လျက် တောက်ပနေတော့၏။
၎င်း၏ မျက်နှာပြင်ထက်တွင် မြူခိုးများကဲ့သို့သော မီးခိုးရောင်မူလစွမ်းအင် အချို့ ရစ်သိုင်းနေသည်။ ထိုစွမ်းအင်သည် သမုဒ္ဒရာကြီးအလား နက်ရှိုင်းသော ခံစားချက်ပေး၏။
စုရီတစ်ယောက် စိတ်လှုပ်ရှားလာသည်။ ဤသည်မှာ ကမ္ဘာတစ်ခု၏ မူလစွမ်းအားများ ဖြစ်ချေပြီ။ အငွေ့အသက်သည် မရဏကမ္ဘာ၏ မူလစွမ်းအားများထက်ပင် ပိုမိုကျယ်ပြော၏။
ထိုစဉ်က မရဏကမ္ဘာတွင် မူလစွမ်းအင်ရင်းမြစ်ကိုတွေ့ရှိနိုင်ပြီး ဝင်စားခြင်း ဥပဒေအပေါ် နားလည်ခဲ့ခြင်းဖြစ်လေသည်။
“ ဒါ ... ဒါက ဘယ်လိုစွမ်းအားမျိုးလဲ။ ”
ရီချန်မင်ခမျာ တုန်ရီနေသောအသံဖြင့် မေးမြန်းလိုက်သည်။ ဤစွမ်းအားများ အရမ်း ပြင်းထန်ကြောင်းကို သူသိ၏။ သို့သော် အကြောင်းအရင်းကို မသိချေ။
စုရီက ခဏမျှစဉ်းစားလိုက်ပြီးနောက်၊
“ ငါ့ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ဒါဟာရွှမ်ဟွမ်ကြယ်စုရဲ့ မူလစွမ်းအားပဲ ဒါကို မဟူရာရွှေကြယ်မိခင်ချီလို့ ခေါ်နိုင်တယ်။ ”
-ဟု ရှင်းပြလိုက်သည်။
တစ်ဆက်တည်းမှာပင် အခြားသော အကြောင်းအရာများစွာကို ပြန်လည် မြင်ယောင် လာသည်။ ငရဲဘုရင်အဆိုအရ ယခင်အချိန်က ဤကြယ်စုသည် တာအိုဘိုးဘေးနယ်မြေ တစ်ခုဖြစ်သည်။
ထိုမျှ ခမ်းနားလှသော ကြယ်စုကြီး၏ မူလစွမ်းအားမှာ မည်မျှပြင်းထန်နိုင်မည်ကို တွေးကြည့်ရုံဖြင့် သိနိုင်၏။
ကမ္ဘာဦးခေတ်ကာလက ဖြစ်ပွားခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ကပ်ဘေးကြီးကြောင့် သမိုင်းနှင့်အမွေအနှစ်များ ပျက်စီးခဲ့ရ၏။
သို့သော် ဤရွှမ်ပေတံသည် ထိုကပ်ဘေးကြီးအတွင်းမှ လွတ်မြောက်နိုင်ခြင်း ဟူသည် သာမန်မဟုတ်ချေ။ ၎င်းပေါ်တွင် ရှိနေသော အပွေးများသို့မဟုတ် ချိပ်ပိတ် စွမ်းအားကြောင့်ပင် ဖြစ်ပေလိမ့်မည်။
တစ်နည်းအားဖြင့် စွမ်းအားအပေါ် ချိပ်ပိတ်ခြင်းဖြင့် ဤပေတံကိုကပ်ဘေးထံမှ ကာကွယ်ပေးခဲ့ခြင်းဖြစ်သည်။
“ မဟူရာရွှေကြယ်စုရဲ့ မိခင်ချီလား ... ။ ”
ရီချန်မင်တစ်ယောက် ငေးမောသွားလေသည်။ သူသည် အကယ်ဒမီ၏ ကျောင်းအုပ်ကြီး ဖြစ်သော်လည်း ဤကဲ့သို့သော လျှို့ဝှက်ချက်မျိုးကို မကြားဖူးခဲ့ချေ။
စုရီက သူ့ကို လှည့်ကြည့်ကာ ရွှမ်ဟွမ်ကြယ်စု၏ အမည်နှင့် ကပ်ဘေးကြီးကို အကျဉ်းချုံး ရှင်းပြလိုက်ပြီး၏။ သို့မှ ရီချန်မင်မှ သက်ပြင်းချလျက်၊
“ အခုမှပဲ နှလုံးသားပြခန်းက အဲဒီအဘိုးကြီးဖန်း ဘာလို့ငါရဲ့အကယ်ဒမီအပေါ် အသေအလဲ တိုက်လိုက်နေရတာလဲဆိုတာ ငါ နားလည်သွားပါပြီ အံ့ဩစရာမရှိတော့ပါဘူး။ ”
-ဟု ညည်းတွားလိုက်၏။
နှလုံးသားပြခန်းဂိုဏ်းဆိုသည်မှာ ကြယ်တာရာအနက်ရှိုင်းဆုံးသော အရပ်ဒေသမှ အင်အားစုတစ်ခုဖြစ်သည်။ ၎င်းတို့သည် ဤကြယ်စုထံ ရောက်ရှိလာခြင်းမှာ ထိုသို့သော ရတနာများကို ရှာဖွေရန်ဖြစ်ချေ၏။
သူ့အတွက် စုရီပြောပြခဲ့သော အချက်အလက်များကြောင့် အသိအမြင်များကို ဗြောင်းဆန်သွားစေသည်။
ကမ္ဘာဦးခေတ်၊ မူလနိယာမများ၏ မြစ်ဖျားခံရာကမ္ဘာ၊ နတ်ဘုရားများ ပျက်စီးခြင်း စသည့် အကြောင်းအရာများသည် မည်သည့် ကျမ်းစာထဲတွင်မှ မရှိခဲ့ချေ။
ကောင်းကင် ဖီးနစ်အကယ်ဒမီကဲ့သို့ စာပေပညာဂိုဏ်းကြီးအတွက်ပင် ဤသည်မှာ တန်ဖိုးဖြတ်မရသော သမိုင်းအချက်အလက် လျှို့ဝှက်ချက်များ ဖြစ်နေချေပြီ။
“ အကြီးအကဲ ... ဒါဆိုရင် ဒီပေတံထဲက စွမ်းအားက ကြယ်စုကြီးတစ်ခုလုံးရဲ့ နိယာမတွေ စတင်ရာ ရင်းမြစ်တစ်ခုပေါ့။ ”
ရီချန်မင်က မေးလိုက်သည်။ စုရီမှ ခေါင်းခါပြ၏။
“ အဲဒီလို ပြောလို့ရပေမဲ့ အလှမ်း ဝေးနေပါသေးတယ် ဒီပေတံထဲက စွမ်းအားက မူလစွမ်းအားကို ကိုယ်စားမပြုသေးပါဘူး အပိုင်းအစလေးတစ်ခုပဲ ရှိသေးတယ် ...
... ရွှမ်ဟွမ်ကြယ်စုရဲ့ စစ်မှန်တဲ့ မိခင်ချီနဲ့ယှဉ်ရင်တော့ ဒါက ပိုးစုန်းကြူးလေးနဲ့ လမင်းကြီးလို ကွာခြားနေတယ်။ ”
... ဒါပေမဲ့ ဒါဟာ မူလစွမ်းအား ဖြစ်တဲ့အတွက် ဒီကြယ်စုမှာရှိတဲ့ ဘယ်လိုတာအို ဥပဒေနိယာမတွေထက်မဆို ပိုမြင့်မြတ်တယ် ... မဟုတ်ရင် ...
... နှလုံးသားပြခန်းက လူတွေက ဟင်းလင်းပြင်တွေကို ဖြတ်ကျော်ပြီး ဒီလောက် အဝေးကြီး လာရှာကြမှာ မဟုတ်ဘူး။ ”
ရီချန်မင်က အတွေးနက်သွားသည်။ စုရီစကားများသည် အမှန်ဖြစ်၏။ ရုတ်တရက် စုရီမှ၊
“ ဒီပေတံကို ငါခဏလောက် လေ့လာကြည့်လို့ရမလား။ ”
-ဟု မေးမြန်းလိုက်၏။ သို့မှသာ ရီချန်မင်တစ်ယောက် သတိပြန်ဝင်လာပြီး၊
“ ဆမ္ဒရှိသလို လုပ်ပါ အကြီးအကဲ။ ”
-ဟု တုန့်ပြန်လိုက်တော့၏။
စုရီသည်သာ အချိန်မီ ရောက်မလာသော် ကောင်းကင်ဖီးနစ်အကယ်ဒမီသည် ယနေ့ပင် ပျောက်ကွယ်သွားမည်ဖြစ်၏။
ထိုမျှကြီးမားသော ကျေးဇူးတရားကို ပေးဆပ်ရန် ဤပေတံသည် ပြောပလောက်ခြင်း မရှိချေ။ စုရီက ခေါင်းညိတ်ပြကာ၊
“ ငါမင်းတို့ဆီမှာ ခဏလောက်နေမယ် ... ဒီရက်တွေထဲ ပေတံကိုလေ့လာပြီး သူတို့တွေ ဘာထပ်လုပ်မလဲ စောင့်ရအောင်။ ”
-ဟု ပြောကြားလိုက်၏။ ရီချန်မင်ခမျာ ဝမ်းသာအားရ ဖြစ်သွားသည်။ စုရီကဲ့သို့သော တစ်စုံတစ်ဦး အကယ်ဒမီတွင် ရှိနေမည်ဆိုလျှင် စိုးရိမ်နေစရာများ မရှိတော့ချေ။
ထိုနေ့မှစ၍ စုရီသည် ကောင်းကင် ဖီးနစ်အကယ်ဒမီတွင် ရွှမ်ပေတံကိုလေ့လာပြီး ပျှော်ရွှင်စွာ အချိန်ကုန်နေတော့သည်။
အရိုင်းမြေကိုးပါးရှိ တာအိုများသည် ပျက်စီးယိုယွင်းနေသော တာအိုများသည်သာ ဖြစ်သောကြောင့် စုရွှမ်ကြွယ်ဘဝတွင် နက်နဲ တာအိုနယ်ပယ်ကို ချိုးဖြတ်နိုင်ခြင်းမရှိခဲ့ချေ။
ယခုမူ ဤရွှမ်ဟွမ်မိခင်ချီကိုသာ သန့်စင်နိုင်ပါက ထိုအရာများအပေါ် စိုးရိမ်စရာ မရှိတော့ကြောင်း သိရှိလိုက်ချေပြီ။
ယင်းသည် မထင်မှတ်ဘဲ ရွှမ်ဟဲအဆင့် ချိုးဖြတ်ရန် အခွင့်အရေးကောင်းကြီးတစ်ခုကို ရှာတွေ့ခဲ့ခြင်းပေပင်။
တစ်ဖက်တွင် သူ့အတွက် အနည်းငယ် နှမြောစေမိသည့် အရာအချို့သည်လည်း ရှိ၏။ ယခင်ဘဝက စုဆောင်းခဲ့သော အလားတူ ရှေးဟောင်း ရတနာများကို ပင်းမိုနှင့် ချင်းတျန်မှ သိမ်းယူထားနိုင်မည်။
သို့သော် အဆုံးသတ်ဥပဒေကို မတတ်ကျွမ်းသူများအတွက် ယင်းရတနာများမှာ ဖုန်တက်နေသော ကျောက်တုံးများနှင့်သာ တူပေနေလိမ့်မည်။
သည့်နောက် စိတ်ကိုတည်ငြိမ်စေကာ ရွှမ်ပေတံနှင့်ဆက်သွယ်ပြီး ရွှမ်ဟွမ်မိခင်ချီကို စတင် သန့်စင်ကြည့်လိုက်တော့၏။
***